" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ပြည်သူ့ အတွက် ဒို့ သတ်မနော် အဲလေ တပ်မတော်

(၁၉၈၈) ခုနှစ် လူထု အုံကြွမှု အရေးအခင်းကြီးမှာ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဘ၀ကို ရောက်ရှိခဲ့ရတဲ့ မြန်မာ့တပ်မတော်အကြောင်းကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ တပ်မတော်သား တစ်ဦးက နောင်လာနောင်သားတွေ သိရှိစေဖို့ အဖြစ်မှန်ကို မချွင်းမချန် ကျွန်တော် ကိုဖိုးတရုတ်ထံ ယခုလို ရေးသားပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ တပ်မ (၂၂) မှ ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ဆရာကံကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပါတယ်။

ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်း လူသတ်ပွဲ အတွေ့အကြုံများ
ဆောင်းပါးရှင် - ဆရာကံ (တပ်မ ၂၂)
(၁၉၈၈) ခုနှစ် သြဂုတ်လက ဘားအံမြို့မှာ လူထုတွေဆန္ဒပြနေပြီး နာရီစင်အနီး ဘုရားကြီးဝင်းထဲမှာ သပိတ်စခန်းဖွင့်ထားပါတယ်။ အဲဒီသပိတ်စခန်းကို (၂) ရက်အကြာနံနက် (၀၃း၀၀) နာရီအချိန်မှာ ကျနော်တို့ တပ်ရင်းက တပ်ခွဲ (၂) ခွဲနဲ့ သွားဝိုင်းရပါတယ်။ ဘုရားကြီးဝင်းအတွင်းက ထောင်နဲ့ချီတဲ့လူထုကို အပြီးအပိုင် မောင်းထုတ်ခိုင်းပြီး၊ မထွက်ပါက ပစ်ခတ်ရန်အတွက် အဲဒီအချိန်က အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်လှက အမိန့် ပေးခဲ့ပါတယ်။ ဘုရားကြီးဝင်းအတွင်းက လူထုအားလုံး ကြောက်လန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြပါတယ်။ ဒီအချိန်မှာ ဘုရားကြီးဝင်းအတွင်းကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်များအားလုံးကို တပ်မမှူးမှ သိမ်းဆည်းခိုင်းပါတယ်။ ဒါတွေကို (တပ်မ) ပိုင် ပစ္စည်းလို့ သတ်မှတ်ပါတယ်။ အဲဒီအချိန်ပိုင်းမှာဘဲ တပ်မ (၂၂) ကို တပ်ရင်း (၅)ရင်းနဲ့ ထုတ်နှုတ်ပြီး ရန်ကုန်ကို ရှေ့တန်းထွက်ရမယ်လို့ အမိန့်ရတဲ့အတွက် တပ်ရင်း(၅)ရင်း ရန်ကုန်မြို့ကိုသွားရပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟာ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စစ်သက် (၁) နှစ်ခွဲရှိတဲ့ လူသစ်ဘဝသာ ရှိပါသေးတယ်။
ရန်ကုန်မြို့ကို ပါသွားတဲ့တပ်ရင်းတွေကတော့ ခမရ (၂၀၄) မြိုင်ကလေး၊ ခမရ (၂၀၅) မြိုင်ကလေး၊ ခမရ (၂၀၇) သိမ်ဇရပ်အနီး၊ ခမရ (၂၀၈)၊ ခမရ (၂၁၀) တို့ ဖြစ်ပြီး တပ်ရင်း (၅) ရင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ရောက်တဲ့အခါ တပ်ရင်းအလိုက် နေရာချထားပေးပါတယ်။ (၁) မြို့တော်ခန်းမ ဆူးလေ ပတ်ဝန်းကျင်မှာ တပ်ရင်းတစ်ရင်း
(၂) အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာ တပ်ရင်းတစ်ရင်း
(၃) အသံလွှင့်ရုံ၊ (၈) မိုင်လမ်းဆုံမှာ တပ်ရင်းတစ်ရင်း
(၄) တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ တပ်ရင်းတစ်ရင်း

(၅) သာကေတမှာ တပ်ရင်းတစ်ရင်း နေရာချသတ်မှတ်ပေးထားပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ကျိုက္ကဆံကွင်းများကိုတော့ စစ်ဒေသမှူး၊ ဗျူဟာမှူးများကို နေရာ ချထားပေးပါတယ်။

အဲဒီတပ်များဟာ မြို့နယ်အလိုက် တာဝန်ယူရပါတယ်။ မိမိတပ်ရင်းတာဝန်ကျတဲ့ မြို့နယ်အလိုက် ကားနဲ့ တနေကုန် လှည့်ပေးရပြီး တပ်ခွဲတစ်ခွဲမှာ စစ်ကားကြီး (၃) စီးတွဲ၊ ကားပေါ်မှာ မိုက်တလုံးစီချိတ်၊ ကားဘေးဘယ်ညာ သံဆူးကြိုးခွေ (၂) ခွေစီချိတ်ဆွဲထားပါတယ်။ ဒီသံဆူးကြိုးခွေဟာ လူထုအုံကြွတဲ့အခါ လူထုအလယ်မှာ ကားမောင်းသွားပြီး သံဆူးကြိုးခွေ ဖြေချဖို့ဖြစ်ပါတယ်။

နောက်ပြီး တပ်ရင်းအလိုက် နေ့၊ ည လူထုနှိမ်နှင်းဖို့၊ ရိုက်နှက်ဖို့၊ ပစ်ခတ်ဖို့ သင်တန်းတက်ရပါတယ်။ အဲဒီ သင်တန်းတက်တဲ့အခါ အဓိက ပစ်ခတ်ရေး၊ ရိုက်နှက်ရေးမှာ တိုင်းရင်းသား လူမျိုးစစ်သည်တွေကို ရွေးချယ်ပြီး၊ ပစ်ခတ် ရိုက်နှက်လို့ သေကြေ ဒါဏ်ရာရသူများကို ဗမာလူမျိုး စစ်သည်တွေက လူနာကောက် ကားပေါ် ပစ်တင်ဆိုပြီး တာဝန်ပေးထားပါတယ်။ အဲ့ဒီ စတင် ပစ်မိန့်ပေးတဲ့ နေ့မှာ မြို့တော်ခန်းမနဲ့ ဆူးလေဘုရား တဝိုက်မှာ လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင် ကားပေါ်ပစ်တင်ကာ တာမွေသင်္ချိုင်းက ပေ (၅၀) ပတ်လည် ဘူဒိုဇာနဲ့ တူးထားတဲ့ ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်းအများကြီး ကျင်းထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ လူထောင်နဲ့ချီ ရှိတယ်လို့ပြောပါတယ်။ အဲဒီနားမှာ တပ်ခွဲတစ်ခွဲ ပတ်လည် စောင့်နေရပါတယ်။

အသံလွှင့်ရုံနားမှာလည်း ပစ်ခတ်လို့ သေကြေဒဏ်ရာရကြတာ အများကြီးပါဘဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာလဲ အဲဒီလိုဘဲ ပစ်ရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ ကျောက်တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ ကုန်းကျော်တံတား၊ သင်္ဃန်းကျွန်း စံပြဈေး အနားတဝိုက်။ အဲဒီနေရာတွေအားလုံး လူထုတွေ သေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ သွားသွန်တဲ့နေရာကတော့ အဲဒီတနေရာဘဲ သိပါတယ်။

အဲဒီ (၈၈) လူထုဆန္ဒပြပြီး ပစ်ခတ်ဖြိုခွင်းတဲ့အချိန်မှာ တပ်မှူးတွေက ဒဏ်ရာရတဲ့လူထုတွေ၊ သေတဲ့ လူထုတွေ ဆီမှာ ပါလာတဲ့ငွေတွေ၊ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေကို သူနဲ့ရင်းတဲ့ရဲဘော်တွေကို အတင်း ဖြုတ်ခိုင်းပါတယ်။ တချို့တပ်မှူးတွေဆို ရွှေတွေ ငွေတွေအများကြီး လူထုထံက လုယက်ဖြုတ်ယူတာ တွေ့မြင်ရပါတယ်။ အရေးအခင်း ကာလမှာ နေ့ ည လမ်းပေါ်မှာ လူ (၅) ယောက်ထက်မစုရ၊ (၅) ယောက် ထက်စုပြီး စကားပြောမိရင် ချက်ချင်းဖမ်း၊ ကားပေါ်ခေါ်တင်၊ ရဲစခန်းပို့၊ အမှုဖွင့်၊ ငွေဒဏ်ရိုက်ပါတယ်။

၁၉၈၈ ခုနှစ် ၁၂ လပိုင်းလောက်မှာ ကျနော့်တို့တပ်မ ကကျန်တဲ့ (၅) ရင်းပေါင်းပြီး ပထမ (၅) ရင်းကို သွားချိန်းပေးရပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ နည်းနည်းတော့ ငြိမ်သွားပါပြီ။ အဲဒီအချိန် ရောက်တော့ ရန်ကုန်မှာရှိတဲ့လူထုတွေ (၂၂) ဆိုတဲ့ဘက်တံဆိပ်ကိုတွေ့ရင် အလိုလိုနေရင်းနဲ့ ကြောက်နေကြပါတယ်၊ နောက်ပြီး တော့ မုန်းလဲမုန်းကြပါတယ်။

ကျနော်တို့တပ်တွေကို ဆန္ဒပြတဲ့အချိန်က ဘယ်နားမှာ အများဆုံးဖြစ်သလဲ၊ ဘယ်ရပ်ကွက်မှာ အများ ဆုံးဖြစ်သလဲ၊ ဘယ်နားမှာ လူဆိုးတွေများသလဲ၊ အရက်သမားများသလဲ။ အဲဒါကို စစ်ကားကြီးနဲ့ တလမ်းဝင် တလမ်းထွက် လိုက်ပတ်ခိုင်းပါတယ်။ သွားတဲ့အချိန်မှာ ရဲဘော်ကိုယ်စီ ဒိုင်းတစ်ခုစီ၊ နံပါတ်ဒုတ်တစ်ချောင်းစီ ပေးထားပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန် လမ်းပေါ်မှာမူးနေတဲ့လူတွေ တွေ့ရင်၊ ကားနားဖြတ်လာတဲ့ လူတွေတွေ့ရင် ဆင်းရိုက်ခိုင်းပြီး မေးမြန်းမှုမရှိ ကားပေါ်ခေါ်တင် ကြိုးနဲ့တုပ် စစ်ဆေးမှုမရှိ ရဲစခန်းအချုပ်ထဲ သွားထည့်ပါတယ်။ တချို့ အရပ်သားတွေဆိုရင် ဘာမသိ ညာမသိ အဖမ်းဆီးခံရ၊ အရိုက်နှက်ခံရ၊ အချုပ်ခံရပါ တယ်။ တချို့ဆို ကြည့်လို့မရရင် ဘာအပြစ်မှမရှိဘဲ အရိုက်နှက်ခံ အထိုးကြိတ်ခံရတယ်။

လူကြီးဆိုတဲ့လူဟာ ရဲ၊ ရဝတတွေနဲ့ ညှိနှိုင်းပြီး ဘာမှမဖြစ်တဲ့ လူထုတွေကို ဖမ်းဆီး အမှုဖွင့်၊ လူထုထံက ဘယ်လောက်ကုန်ကျတယ်ဆိုပြီးညှိ ငွေတောင်းတယ်၊ ပြီးတော့ မျှဝေယူတယ်။ ဒါကို ကျနော်တို့ အောက်ခြေ အားလုံးသိတယ်၊ ပြောပိုင်ခွင့်မရှိ၊ မပြောရဲပါဘူး။ နောက်ပြီး ညတိုင်း ညတိုင်း ကျနော်တို့အောက်ခြေ အိပ်ရေး ပျက်ရပါတယ်၊ ရပ်ကွက်အလိုက် တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်း စစ်ခိုင်းပါတယ်။
တပ်ခွဲမှူးလုပ်တဲ့လူဟာ ရဝတရုံးမှာ သောက်စား၊ ပျော်ပါးပြီး အောက်က ငယ်သားတွေကို ဒီည လူဘယ်နှစ်ယောက် ဖမ်းလာခဲ့ဆိုရင် ရအောင် ဖမ်းလာရတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ မပြည့်မချင်း မိုးလင်း အောင် ဧည့်စာရင်း စစ်ရတယ်။ ဧည့်စာရင်းစစ်တာက နာမည်ခံပါဘဲ၊ အပြစ်မရှိတဲ့လူထုတွေကို လိုက်ဖမ်း ဒဏ်ငွေတောင်းပြီး ပြန်လွှတ်တာဘဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဝတ က သူကြည့်မရတဲ့လူတွေ၊ စားနိုင်သောက် နိုင်တဲ့လူတွေကို မှတ်ထားပြီး တပ်ခွဲမှူးလုပ်တဲ့သူကိုပြော၊ ဒါကို ကျွန်တော်တို့ အောက်ခြေကို သွားဖမ်းခိုင်း၊ အမှုဖွင့်၊ ဒဏ်ငွေ တောင်းပြီး ပြန်လွှတ်၊ ဒီလိုဘဲ လုပ်နေတာပါဘဲ။ တပ်ရင်းမှူးလုပ်တဲ့လူက ဒီတစ်လအတွင်းမှာ တပ်ခွဲမှူးတွေ ငွေဘယ် လောက်ရှာပေးရမယ်၊ ဘယ်လောက်အပ်ရမယ်ဆိုတာလည်း သတ်မှတ်ထားပါတယ်။
ကျနော့်တို့တပ်ရင်းတွေ ရန်ကုန်ရောက်တော့ ဆန္ဒပြရင် ဖြိုခွင်းဖို့ဆိုပြီး ဖြိုခွင်းရေးသင်တန်း တက်ရပါ တယ်။ ပထမအကြိမ် တပ်ရင်းက တပ်ခွဲလိုက် ထုတ်နုတ်အင်အား ထုတ်နုတ်ပြီး အင်းစိန် အာအိုင်တီ ကျောင်းဝင်းမှာ (၇) ရက်တိတိတက်ရပါတယ်။ အဲဒီသင်တန်းမှာ ပစ်ခတ်တဲ့ (၁၀) ယောက်အဖွဲ့ (၃) ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် (၂) လံကွာ တန်းစီရပ်ပြီး ကားပေါ်မှာ စက်လတ်တစ်လက်စီ တင်ထားပါတယ်။ ပစ်တဲ့နေရာမှာ ပထမတန်း ကျည်တစ်ဘောက်စီ မတ်တပ်ရပ် ပစ်ပြီးတာနဲ့ ဒုတိယတန်း ရှေ့ကိုပြေးတက်ပြီး နေရာယူ ဒူးထောက် ပစ်ခိုင်းပါတယ်။ တတိယတန်း မှောက်ပစ်အဖွဲ့လဲ အဲလိုပါဘဲ။ ပြီးတာနဲ့ ကားပေါ်ရှိ စက်လတ် အဖွဲ့ပစ်ဖို့ဖြစ်ပါတယ်။
အဲဒီနောက်မှာ ပစ်ခတ်လို့ဒဏ်ရာရ၊ သေကြေတဲ့လူထုမှန်သမျှအတွက် မြေကြီးသယ်တဲ့ကားကြီး (၅) စီးရပ်ထားပြီး သေကြေ၊ ဒဏ်ရာရသူမှန်သမျှ ကားပေါ်ပစ်တင်ရန် ကားတစီးမှာ ရဲဘော်(၁၀)ယောက်စီ အသင့် တင်ထားပါတယ်။
ပထမအကြိမ် အဲဒီသင်တန်း အာအိုင်တီကျောင်းဝင်းမှာတက်ပြီး ဒုတိယအကြိမ် သုဝဏ္ဏကွင်းမှာ အဲဒီလိုဘဲ ပြန်တက်ရပါတယ်။ နောက်ပြီး တပ်ရင်းတိုင်း တပ်ခွဲတိုင်းမှာ အနီးကပ်တိုက်ခိုက်ဖို့ တိုင်ကွမ်ဒို၊ ကရာတေး၊ ကရာတေးဒို၊ ဂျူဒို ဆိုတဲ့ အနီးကပ် တိုက်ခိုက်ရေးသင်တန်း တက်ခိုင်းပါသေးတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ဘယ်ဘဲသွားသွား သေနတ် အီကွစ်မင့် အပြည့်အစုံ၊ ဒိုင်းတစ်ခု၊ နံပါတ်တုတ်၊ ဖိုင်ဘာဦးထုပ်၊ လှံစွပ် နေ့စဉ် အသင့်ပြင်ခိုင်းထားပါတယ်။
အဲဒီအချိန် ရဲဘော်တစ်ဦးစီ တပ်ဆင်မှုမှာ ကျည်ဆံ (၂၅၀) တောင့်၊ ဘောက် (၅) ဘောက်၊ လှံစွပ်တစ်ချောင်း၊ လက်ပစ်ဗုံးတစ်လုံးစီနဲ့ နိုင်လွန်ကြိုးခွေ တစ်ချောင်းစီတို့ ကိုယ်စီ တပ်ဆင်ပေးထားပါတယ်။ ဧည့်စာရင်းစစ်တာ အကြောင်းပြ၊ အချိန်မတော် အိမ်ပေါ်တက်၊ အိပ်နေတဲ့ မိသားစုခြင်ထောင်ကို အတင်းဆွဲလှန်၊ တချို့မိသားစု တွေဆို ဖင်ပေါ်ခေါင်းပေါ်၊ တချို့တပ်မှူးတွေဆို သက်သက်မဲ့ ဧည့်စာရင်းအကြောင်းပြပြီး လူထုတွေကို ဒုက္ခပေး ခဲ့ကြပါတယ်။

တချို့ရဲဘော်တွေ တပ်မှူးတွေဆို အဲသလိုအိမ်တွေပေါ်မှာ လှပပြီးမျက်နှာသစ်တဲ့ ပစ္စည်းတွေဘာတွေတွေ့ရင် အိမ်ရှင် မသိအောင် ခိုးယူသွားသေးတယ်။ ဒါကို ကျနော်တို့က တိုင်းရင်းသားရဲဘော်တွေဆိုတော့ ဘာကိုမှ ပြန်မပြောရဲဘဲ နည်းနည်းပြောသံထွက်ခဲ့ရင်လည်း ပါးရိုက်ခံရပါတယ်။ အဲဒီအချိန်မှာဆို လူကြီးတွေ အဆင့်လိုက် စီးပွားဖြစ်ပြီး လူထုအပေါ်အမြတ်ထုတ်၊ အောက်ခြေအဆင့် ဘာမသိတဲ့ရဲဘော်တွေကို အမိန့်ပေး ခိုင်းနေတာကိုယ်တွေ့ဖြစ်ပါတယ်။ ဒါကို လူထုအများစုက နားလည်ကြပါတယ်။ အောက်ခြေကို လူထုတွေက သနားကြပါတယ်။ ကျနော့်ဆို တချို့လူထုတွေနဲ့ မိဘရင်းလို ရင်းနှီးခဲ့ပါတယ်။ ဒီလိုအလုပ်မျိုး မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုတာ အားလုံး ရှင်းပြလို့ လူထုများလည်း သဘောပေါက်ကြပါတယ်။အဲဒီတုန်းကဆိုရင် အထက်လူကြီးတွေ ခိုင်းတိုင်း၊ ပြောတိုင်း လုပ်နေရတာကို မလုပ်နိုင်ဘူး ငြင်းဆန်ခဲ့ရင် ရိုက်နှက်ပြီး ထောင်ထဲ ချက်ချင်း ထည့်ခံရပါတယ်၊ ဒါမှမဟုတ် တောထဲရှေ့တန်း အပို့ခံရပါတယ်။ သာကေတ ကျောက်တိုင်ကနေ ကုန်းကျော်တံတားဘက်အတက်မှာ ဘုန်းကြီး (၂) ပါးနဲ့ အဲဒီနောက်မှာ လူထု (၁၀) ယောက်လောက် အေးအေးဆေးဆေး လာနေတဲ့ဟာကို တပ်မ (၂၂ ) ကဘဲ ပစ်သတ်ခဲ့ပါတယ်။

အရေးအခင်းကာလမှာ လူထုကိုပစ်တာကို စစ်မြေပြင်မှာ တိုက်တာထက် သူတို့ပျော်ကြပါတယ်။ ဒါကြောင့်မို့လို့ တချို့တပ်မှူးတွေ ရဲဘော်တွေဆို လူထုကိုကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီအချိန်ကဆို လူထုအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်။ ဒီအပြုအမူဟာ ရန်ကုန်မြို့် အရေးအခင်းကာလ တာဝန်ကျနေတဲ့ တပ်ရင်းတိုင်းလိုလိုပါဘဲ။ တချို့ တပ်မှူးတပ်သားတွေဟာ လူထုအပေါ် အနိုင်ကျင့်၊ အမြတ်စားဆိုတဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံတာလည်း အများကြီးရှိပါတယ်။ တချို့ တပ်မှူးငယ်တွေဆို မကောင်းတဲ့ လုပ်ရပ်တွေကို တားမြစ်လို့ ပါးရိုက်ခံရပြီး အရေးယူခံရတာရှိသေးတယ်။
(၈၈) ခုနှစ်ကုန်တဲ့အချိန်ထိ အင်းစိန် အာအိုင်တီကျောင်း အုတ်နံရံမှာ ကျည်ဆံထိထားတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သွေးကွက်တွေ ခြောက်ကုန်ပြီး ရေနဲ့မဆေးထားပါ။ အရေးအခင်းကာလမှာ စစ်အာဏာရှင်တွေဟာ တကယ်သေသူတွေရော မသေမရှင်လူတွေကိုပါ ကျင်းထဲကို ကားနဲ့သွန်ချတာ သောင်းဂဏန်းလောက် ရှိပါတယ်ဆိုတဲ့ အကြောင်း ကိုယ်တွေ့အဖြစ်မှန်ကို ရေးသားပေးပို့လိုက်ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...