" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Generator / Dynamo အကြောင်း

Generator ခေါ်လျှပ်စစ်ဓါတ်အားထုတ်စက်

ရေးသားသူ၊ ကိုဇော်အောင်(ဖိုးဇော်)

မိတ်ဆွေတို့ရေ သံလိုက်တွေက သူ့အပေါ် စိတ်ဝင်စားမိတဲ့ ဇော်ကို အမြဲလိုလိုညှို့ငင်နေပြီး (Generator) ဂျင်နရေတာ လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်အားထုတ်စက် တွေဆီ အရောက် ခေါ်သွားတာခဲ့သေး တာဗျ။
အစက ဘာမသိမထားပေမယ့် တွေ့ပါ မြင်ပါ များလာတော့ နည်းနည်းချင်း ပိုသိသိလာလေးတွေ ပြောပြရဦးမယ်။
ပထမဆုံးကြားဖူးတာက (Dynamo) ဒိုင်နမိုတဲ့ စက်ဘီးတွေမှာ တပ်ဆင်ပြီး လျှပ်စစ်ဓါတ်အား ရယူကြတဲ့ စက်ကလေးတွေပေါ့။
အဖေ့မှာ ရာလေး စက်ဘီးကြီးရှိပေမယ့် ဒိုင်နမိုမပါလို့ မီးမထွန်းနိုင်ဘူး၊ သူများစက်ဘီးမှာ ဒိုင်နမို တပ်ထားတာကို သွားသွား ကြည့်ရတယ်။
ပိုင်ရှင်လစ်တုန်း ဒိုင်နမိုရဲ့ ခေါင်းပိုင်းလေးကို လက်နှင့်လှည့်ကြည့်ခဲ့သေးတယ်။ ကိုယ်က တစ်စိတ်စာလောက် လှည့်ပြီး လက်လွှတ်ကြည့်လိုက်တိုင်း ခေါင်းကထားတဲ့နေရာရပ်မနေပဲ သူ့အလိုလို နည်းနည်းခုန်ရွှေ့သွားပြီးမှ ရပ်ရပ်သွားတာတွေ့ရတယ်။
အထဲမှာ အမြဲတမ်းသံလိုက် ရှိနေလို့ဒီလိုဖြစ်ရပုံကို (လက်တွေ့ပစ္စည်းမရှိမီကတည်းက ဗဟုသုတ ရနိုင်သမျှနေရာတွေက စပ်စပ်စုစု လုပ်ထားသူမို့) ဇော် ကြိုသိထားတယ်လေ။ နောက်ပြီးတော့ လျှပ်စစ် ဓါတ်အားကို စွမ်းအင်အသီးသီးမှ အသွင်ပြောင်းကာရယူနိုင်ဖို့ နည်းလမ်းခွဲတွေ အမျိုးမျိုးနဲ့ ထုတ်ယူ ရနိုင်တာတွေလည်း ကြိုသိထားတယ်။ အဲဒီအထဲမှာ ယန္တယားနည်းစဉ်လို့ခေါ်တဲ့ စက်မှုစွမ်းအင်ကိုသုံးပြီး သံလိုက်ဓါတ်အားမှ လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့နည်းကို တော်တော်လေးစိတ်ဝင်စားမိတယ်ပေါ့ဗျာ။
ဇော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာရှင်းပြထားတာက ယန္တယားနည်းစဉ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြစ်ထွန်းရရှိရန် အရေးပါသော အချက်ကြီး ၃ချက် ပြည့်စုံရန်လိုပြီး လျှပ်စစ်ဓါတ်အားထုတ်စက်တို့ တွင် အခြေခံအစိတ်အပိုင်းကြီး ၅ခု ပါဝင်လေ့ရှိတယ်တဲ့။ အရေးပါသောအချက်ကြီး ၃ချက်ကတော့
၁) သံလိုက်နယ်မြေ (Magnetic field)
၂) လျှပ်ကူးနန်းကြိုးခွေ (Conductor)
၃) လှုပ်ရှားမှုအား (Motion) တို့ဖြစ်ပြီး
လျှပ်စစ်ဓါတ်အားထုတ်စက်များရှိ အခြေခံအစိတ်အပိုင်းကြီးများကတော့ (လည်ပတ်သောအပိုင်းမှ လျှပ်စစ်ထုတ်ပေးသော ပုံစံတွင်ဖြစ်ပါသည်)။
၁) ကိုယ်ထည်ပိုင်း (Yoke)
၂) သံလိုက်နယ်မြေဖန်တီးပေးရာအပိုင်း (Magnetic pole shoes)
၃) လျှပ်စစ်ဓါတ်အား ညှို့ဝင်ဖြစ်ပေါ်ရာအပိုင်း (Armature)
၎) လျှပ်စစ်ဓါတ်အားပြောင်းလည်းပေးပို့ သောအပိုင်း (commutator)
၅) ရှေ့နောက် ထိပ်ပိတ်များ(End covers)
ဟူ၍ဖြစ်ပါသည်တဲ့။
အဲဒီ စာအုပ်မှာပဲ အခြေခံကျသော ဒီစီ လျှပ်စစ်ဓါတ်အား ထုတ်စက် တို့၏ (Armature coil နှင့် Field coil) ဆက်သွယ်ပုံ အမျိုးအစားကွဲများ
1) Series generator
2) Shunt generator
3) Compound generator
a) Short-shunt
b) Long-shunt
စတဲ့ အခြေခံသဘောများ ကိုသေချာ ရှင်းပြပြီးမှ အေစီ လျှပ်စစ်ဓါတ်အား ထုတ်စက်အကြောင်း၊ သံလိုက် ဓါတ်အား အတွက် သံလိုက်ပြုခွေ (Magnetic field coil) သို့ DC လျှပ်စီးကြောင်း ပေးသွင်းပုံနည်းများကို
၁) ပြင်ပမှသီးခြားပေးသွင်းနည်း (Separated-field excitation method)
၂) ကိုယ်တိုင်ဓါတ်အားပေးသွင်းနည်း (Self-excitation method)
စသည်ဖြင့် (Excitation ပေးသွင်းပုံ/ထိန်းချုပ်ပုံ) အမျိုးမျိုးနှင့်တကွ ဆက်ရှင်းပြပါတယ်။ ပြီးတော့မှ (Alternator/ Generator) ခေါ်အကြီးစား ဓါတ်အား ထုတ်စက်ကြီးများ အကြောင်း ဆက်လက်ရှင်းပြထားတာ တွေ့ရပါတယ်။
လျှပ်ထုတ်စက်များတွင် လည်ပတ်သောအပိုင်းမှ လျှပ်စစ်ဓါတ် ထုတ်ယူသောအမျိုးအစား (revolution armature type) နှင့် တည်ငြိမ်သောအပိုင်းမှ လျှပ်စစ်ဓါတ်အား ထုတ်ယူသော အမျိုးအစား (revolution field type) ဟု အဓိက ခွဲခြား လေ့လာနိုင်ကြောင်းလည်း စာတွေ့ဖြင့်ပဲသိခဲ့ရပါတယ်။ ထုတ်လုပ်မှုပမာဏ (Capacity) ၂၅၀ ကီလိုဝပ် အထက်စက်ကြီးများကို (revolution field type) နည်းလမ်းဖြင့်သာ တည်ဆောက်လေ့ရှိကြပြီး
(revolution field type) စက်တို့တွင် Commutator slip ring type နှင့် Brush less type တို့ ကွာခြား တည်ရှိနိုင်ပုံတို့ကို လည်းထပ်မံ ရှင်းပါသေးတယ်။
နည်းလမ်းကွဲ အားလုံးအတွက် အထွက်လျှပ်စစ်ဗို့အား ချိန်ညှိ ထိန်းချုပ်နိုင်ရန်ကိုလည်း အခြေခံသဘော သိရှိစေပါတယ်။ စာထဲမှာတွေ့ဖူးတာတွေကို စာချည်း သက်သက်ပဲရယ်လို့ စိတ်မပျက်နိုင်အားပဲ အားလုံး နားမလည်နိုင်သည့်တိုင် စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ဖူးတာကြောင့် စာသင်ခန်းများအတွင်းမှ လက်တွေ့ပစ္စည်းကရိယာများနှင့် ထိတွေ့ခွင့်ရလာချိန်မှာ အလွန် ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်စေတာကို ကိုယ်တွေ့တင်ပြလိုက်ပါတယ်။
စာသင်ခန်း / အလုပ်ရုံခန်းများမှ ထပ်ဆင့်သိရှိလာရတဲ့ ပညာဗဟုသုတ များကလည်း နောင်အချိန်မှာ လျှပ်စစ်ဓါတ်အားပေးစက် အမျိုးမျိုး ထိန်းသိမ်းကိုင်တွယ် မောင်းနှင်နိုင်ရန်၊ ပြုပြင်ထိန်းသိမ်းမှု ပေးရန် တို့အတွက်ပါ လုံလောက်သော အတွေ့အကြုံများ ရှိစေပါတယ်။ အချက်အလက်များကို အကြမ်းအားဖြင့် ပြည့်စုံအောင် စုပေါင်း ဖေါ်ပြရတဲ့အတွက် တစ်ပိုင်းစီ အသေးစိတ် မဖေါ်ပြနိုင်ပဲ ရှိနေပါတယ်။
အသေးစိတ် သိလိုသည်များရှိလို့ ဆက်သွယ် မေးမြန်းလာခဲ့ပါက ၀ိုင်းဝန်း ဆွေးနွေး ဖြေကြားကြဦးမှာဖြစ်လို့ ယခုထက်ပိုပြီး စုံလင် တိကျ မှန်ကန်စွာ သိနိုင်ကြဦးမှာဖြစ်ကြောင်း တင်ပြလိုပါတယ်။

2 comments:

  1. ၁ ကီလိုဝပ်ထုတ်ပေးနိုင်တဲ့ ဒိုင်နမိုကို လည်ပတ်ဖို့ လည်ပတ်အား ဘယ်လောက်လိုပါသလဲ။

    ReplyDelete
  2. ဒိုင်နမိုအကြောင်းဆက်တင်ပေးပါဦးဗျာ

    ReplyDelete

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...