" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူထုစိန်ဝင်း သားကောင်းမိခင် Public Sein Win

သားကောင်း မိခင်

by အိ မ် on Wednesday, February 8, 2012 at 8:58pm ·
ဗိုလ်ချုပ် ၊ ဇနီး ဒေါ်ခင်ကြညနှင့် သား သမီးများ
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သင်္ကေတအားဖြင့် တခုတည်းလို ဖြစ်ပါ၏။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကို နယ်ချဲ့စနစ်မှ လွတ်မြောက်အောင် ရှေ့ဆောင်ကြိုးပမ်းခဲ့သူ။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ရှေ့ဆောင်ကြိုးပမ်းနေသူ။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး၏ သင်္ကေတ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ၏ သင်္ကေတ။ သင်္ကေတ
နှစ်ခုစလုံးပင် မြန်မာ့နိုင်ငံရေး တိုးတက်ဖွံ့ဖြိုးမှုကို ဖော်ကျူးနေပေသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတို့အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ခွဲမရ ခွါမရ ဒင်္ဂါးပြားတချပ်တည်း၏ ခေါင်းနှင့် ပန်းပမာ ဖြစ်နေသည်။ ဗိုလ်ချုပ် အောင်ဆန်းကို သိသူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို
သိသလိုဒေါ်အောင်ဆန်းစုကြည်ကို သိသူတိုင်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကို သိသည်။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုးသူတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးသလို ဒေါ်အောင်ဆန်း စုကြည်ကို လေးစားမြတ်နိုးသူတိုင်းက
လည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုးကြသည်။

သို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းပြောဆိုသည့်အခါ “ဖခင်၏ ခြေရာကို နင်းသူ” “အဖေတူသမီး” စသည့် အသုံးအနှုန်းတို့ဖြင့် ဂုဏ်ပြုချီးမွမ်းတတ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်သော ဂုဏ်ရည်ဂုဏ်သွေးများသည်
ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက်သွန်သင် လမ်းညွှန်မှုဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်ဖို့ နည်းသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ တွင် ဖခင်ဖြစ်သူ အလုပ်ကြံ ခံရစဉ်က သူ့အသက်မှာ နှစ်နှစ်သာ ရှိပါသေးသည်။ ဖခင်ဖြစ်သူနှင့် ကြာကြာထိတွေ့ခဲ့
ရခြင်းမရှိ။

“ဖေဖေ သေဆုံးသွားတဲ့အချိန်မှာ ကျမ အသက်က သိပ်ငယ်သေးတော့ ဖေဖေ့အကြောင်း ဘာမှ မမှတ်မိဘူး”ဟု သူရေးသည့် Aung San of Burma (1984) စာအုပ်အမှာစာတွင် ဖော်ပြခဲ့သည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား လမ်းညွှန်သွန်
သင်ခဲ့သူသည် မည်သူနည်း။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာ့ပြည်သူလူထု၏ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာအောင် မည်သူက အားပေးလှုံ့ဆော်ခဲ့သနည်း။

မိခင် ဒေါ်ခင်ကြည်မှတပါး တခြားသူမဖြစ်နိုင်ပေ။ ဒေါ်ခင်ကြည်ကား ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လို အမျိုးသားခေါင်းဆောင်အဖြစ် မထင်ရှားခဲ့သော်လည်း သူ့ခေတ်သူ့အခါက မြန်မာနိုင်ငံ၏ သြဇာ
အကြီးဆုံး အမျိုးသမီးတဦး ဖြစ်ခဲ့ပါသည်။

“ဒေါ်ခင်ကြည်ဟာ သူ့ကလေးတွေကို ငယ်ငယ်ကတည်းက သူတို့ဖခင်အကြောင်း သိအောင် ပြောပြထားတယ်” ဟု ဒေါ်သန်းအေးက သူ၏ A Flowering of the Spirit: Memories of Suu and Her Family ဆောင်းပါးတွင် ရေးသားခဲ့ သည်။
ကျော်ကြားသည့် အဆိုတော်လည်း ဖြစ်၊ ကုလသမဂ္ဂတွင် အမှုထမ်းခဲ့ဖူးသူလည်း ဖြစ်သည့်ဒေါ်သန်းအေးသည် ဗိုလ်ချုပ်အောင်ဆန်း မိသားစုနှင့် အလွန်ရင်းနှီးခင်မင်သူဖြစ်သည်။

ဒေါ်ခင်ကြည်သည်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို နားလည်သဘော ပေါက်အောင် သွန်သင်ညွှန်ပြပေးသူဖြစ်သည်ဟု ရင်းနှီးသူမိတ်ဆွေများက ယုံကြည်ကြသည်။ “သူ့မိခင်ရှေ့မှာဆိုရင် ဒေါ်စုဟာ ဘာမှ
မသိတဲ့ ကလေးလေးလိုပဲ။ နိုင်ငံရေးဖြစ်ဖြစ် ဘာကိစ္စမှာပဲဖြစ်ဖြစ်ပေါ့ ” ဟု ကဗျာဆရာကြီးတင်မိုးက ပြောသည်။

ဒေါ်ခင်ကြည်သည် မြန်မာ့နိုင်ငံရေးအကြောင်း အလွန်သိသူဖြစ်သော်လည်း သူသိကြောင်းကို ပြောခဲလှသည်ဟု ဆရာကြီး တင်မိုးက ပြောသည်။နိုင်ငံရေးအကြောင်းပြောသည့်အခါတွင် သံတမန်တဦး၏ ပြောပုံဆိုပုံအတိုင်း ကျွမ်းကျင်လိမ္မာလှသည်
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးအကြောင်းကို သူ့မိခင်ထံမှ သေချာပေါက် သင်ယူရရှိခဲ့ပါလိမ့်မည်ဟု ဦးတင်မိုးက ပြောသည်။

၁၉၈၀ ခုနှစ်များအတွင်းက ဦးတင်မိုးသည် ဒေါ်ခင်ကြည်၏ နေအိမ်သို့ မကြာခန သွားရောက် လည်ပတ်လေ့ ရှိသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မှ အလည်အပတ် ရောက်နေသည်။ ဒေါ်ခင်ကြည်သည် ခြံဝန်းထဲမှာ စိုက်ရင်းပျိုး
ရင်းဖြစ်စေ၊ မီးဖိုချောင်တွင် ထိုင်ရင်းဖြစ်စေ ဦးတင်မိုးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ကို စကားပြောတတ် သည်ဟု ဆိုသည်။

ဒေါ်ခင်ကြည်ကား ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့လောက် မကျော်ကြားစေကာမူ သူ့နယ်ပယ်နှင့် သူ အောင်မြင်ခဲ့သူကား ဖြစ်ပေသည်။

“သူနာပြုဆရာမ မခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းကို တည်တည်ကြည်ကြည်ဆက်ဆံ၏။ ကြင်ကြင်နာနာ ဆက်ဆံ၏။ ပြုံးရယ်စရာများပြောဆိုခြင်းဖြင့် ဗိုလ်ချုပ်၏ စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေ၏။ အလွန်စိတ်ဓာတ်ပြင်းထန်လှတဲ့
စစ်သေနာပတိသည် ဘယ်လိုမှ ရုန်းမထွက်နိုင်တော့” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ Aung San of Burma စာအုပ်တွင် ရေးသည်။

“ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ခင်ကြည်ကို လက်ထပ်လိုက်သည့်အတွက် သူရသတ္တိနှင့်လည်းကောင်း မေတ္တာကရုဏာနှင့် လည်းကောင်း ပြည့်စုံသည့် ဘ၀အဖော်မွန်တယောက်ကို ရလိုက်သည်သာမက သူတန်ဖိုးထားသည့် ဂုဏ်ရည်ဂုဏ်သွေး
များကို ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဆက်လက်ထိန်းသိမ်းနိုင်မည့် စိတ်ဓာတ်ခိုင်ကြည်သော အမျိုးသမီးကောင်း တစ်ယောက်ကိုပါ ရလိုက်သည်” ဟု ရေးသည်။

ဒေါ်ခင်ကြည်သည် ယင်းဂုဏ်ရည်ဂုဏ်သွေးများကို သမီးဖြစ်သူထံတွင် သွတ်သွင်းပေးခဲ့သည်မှာ ထင်ရှားသည်။ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ကဗျာဆရာကြီးဒဂုန်တာရာက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေးခေါ်ပုံတွင်
အလွန်သိသာထင်ရှားသည့် တူညီမှုတခု ရှိသည်ဟု ဆိုသည်။

“ ကိုအောင်ဆန်းက ဘာပဲပြောပြော သူပြောသမျှထဲမှာ မြန်မာပြည်လွတ်လပ်ရေးရရင် ဆိုတဲ့ စကားက အမြဲပါတယ်။ ဒေါ်စုကလည်း ဘာပဲပြောပြော သူပြောသမျှထဲမှာ မြန်မာပြည် ဒီမိုကရေစီရရင် ဆိုတဲ့စကားက အမြဲပါတယ်” ဟု ဒဂုန်တာရာက
ပြောသည်။ ဒေါ်ခင်ကြည်၏ အထင်ရှားဆုံး အရည်အသွေးနှင့် ပတ်သက်၍ မေးသည့်အခါ ဆရာကြီးက “တည်ကြည်မှုပေါ့ဗျာ” ဟု မဆိုင်းမတွပြောသည်။

၁၉၈၈ ခုနှစ်တွင် ကျောင်းသားများက အာဏာရှင်အစိုးရကို ဆန့်ကျင်ဆန္ဒပြရာ ပြည်သူလူထုတရပ်လုံး ပါဝင်လာပြီး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်လာသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မကျန်းမမာဖြစ်နေသော မိခင်ဒေါ်ခင်ကြည်ကို
ပြုစုရန်အတွက် လန်ဒန်မှ ရန်ကုန်သို့ ရောက်လာသည်။ အရေးအခင်းကြီးစတင်ပြီး မကြာမီပင် ဒေါ်အောင်ဆန်းစုကြည်သည် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူ့ကို မိခင်ဖြစ်သူကသာ လိုအပ်သည်မဟုတ် တိုင်းပြည်ကလည်း
လိုအပ်နေသည် ဟူ၍တည်း။

ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင်ကွယ်လွန်သွားသည်။ မကွယ်လွန်မီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သည် မိခင်ဖြစ်သူထံမှ မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ဖို့အတွက် ထောက်ခံမှုကို တောင်းခဲ့မည်မှာ သေချာလှသည်ဟု
ကဗျာဆရာကြီးတင်မိုးက ပြောသည်။ဒေါ်ခင်ကြည်၏ ဈာပနတွင် လူပေါင်း ၂ သိန်းခန့် တက်ရောက်ဂါရဝပြုခဲ့သည်ဟု ခန့်မှန်းကြသည်။

ယခုအချိန်အထိကား ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိ ဟူ၍ တစောင်တဖွဲ့ မရှိသေးပါ။ ထင်ရှားသော စာရေးဆရာ တယောက်က သူ့အတ္ထုပ္ပတ္တိကို ရေးခွင့်တောင်းရာ ရိုးရိုးစင်းစင်း နေထိုင်လေ့ရှိသော ဒေါ်ခင်ကြည်သည် လက်သင့်မခံဘဲ ငြင်းခဲ့သည် ဟု
ကဗျာဆရာကြီးတင်မိုးက ပြောသည်။မည်သို့ဖြစ်စေ ယခုအချိန်သည် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူ့မိခင်အကြောင်းရေးရန် အကောင်းဆုံး အချိန်ဖြစ်ပါ သည်။ သူ့ဘ၀အားပုံဖော်ပေးခဲ့သူအကြောင်း သူသာလျှင် ရေးဖို့ အသင့်ဆုံးဖြစ်မည်။
ဒေါ်အောင်ဆန်းစုကြည်သာ ရေးမည် ဆိုလျှင် ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသော ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ဖြစ်မည်သာမက ကိုလိုနီခေတ်လွန်မြန်မာ့နိုင်ငံရေး အကြောင်းလည်း ဖြစ်ပေလိမ့်မည်။

မြန်မာ့လွတ်လပ်ရေးဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်သည် မျက်မှောက်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ်မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်ကတော် မဟာ သီရိသုဓမ္မ ဘွဲ့ခံ
ဒေါ်ခင်ကြည်ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် မသမာသူလူတစ်ခု၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ဒေါ်ခင်ကြည်သည် ခင်ပွန်းသည်ချမှတ်ခဲ့သော တိုင်း ပြုပြည်ပြု လုပ်ငန်း များ အမျိုးသားရေးရည်မှန်းချက်များကိုဆက်လက်ထိန်းသိမ်း
ဆောင်ရွက်ခဲ့သည်။၎င်း၏ဘ၀တလျှောက်လုံးတွင် တိုင်းပြည်အကျိုးကိုရည်စူး၍ မြင့်မြတ်သော အကျင့်သိက္ခာ၊ ကိုယ်ကျိုးစွန့်လွတ်မှုနှင့် ရိုးသားတည် ကြည်မှန်ကန်မှုတို့ကို အမြဲတစေ ဦးထိပ်ထားအရေးပေးခံခဲ့ရသော ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်း၊
မြောင်းမြမြို့၌ အဖ ပြည်သူ့လုပ်ငန်း ၀န်ထမ်း ဦးမိုးညှင်း(ဦးဗိုလ်ငြိမ်း)(အမည် နှစ်ခု ကွဲလွဲ နေပါသည်) အမိဒေါ်ဖွားစု တို့မှ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်အဂါင်္နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၉) ဦးအနက် သတ္တမမြောက် ဖြစ်သည်။ ဒေါ်ခင်ကြည်သည်
မွေးချင်းမောင်နှမများမှာ ...

၁။ ဦဘလွင်
၂။ ဒေါ်ခင်သောင်း
၃။ ဦးမောင် (ငယ်စဉ်ကကွယ်လွန်)
၎။ ဦးဘကျော်
 ၅။ ဒေါ်ခင်ကြီး (ဗကပဥက္ကဌ သခင်သန်းထွန်း၏ဇနီး)
 ၆။ ဒေါ်ခင်တင့် (ဦးသိန်းလှဇနီး)
 ၇။ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်ကတော်)
 ၈။ ဦးသိန်း (လူပျိုကြီး)
 ၉။ ဒေါ်မမကြီး (ခေါ်) ဒေါ်အမာ (ကောက်ပဲသီးနှံမင်းကြီး ဦးတင်အောင် (ခေါ်) ဦးဂျော်နီ၏ ဇနီး) တို့ဖြစ်ပါသည်။

၁၉၁၂ ခုနှစ်တွင် အဖ ဦးဗိုလ်ငြိမ်း ၊ အမိ ဒေါ်ဖွားစု တို့မှ မွေးဖွားခဲ့သည်။ ဧရာဝတီတိုင်း ၊ မြောင်းမြမြို့ဇာတိဖြစ်သည်။ ဒေါ်ခင်ကြည်သည် ABM High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်) မိန်းကလေး အထက်တန်းကျောင်း တွင် ဆယ်တန်း
အောင်ခဲ့သည်။ထို့နောက်မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းဆရာဖြစ် လက်မှတ်ရသည်။မြောင်းမြအမျိုးသားအထက်တန်းကျောင်း၌ (ယခု နေရှင်နယ် အ.လ. က) စေတနာ့ဝန်ထမ်းဆရာမ အဖြစ် နှစ်အတန်ကြာ
အောင်လုပ်ခဲ့သည်။  ထို့နောက် ၀ါသနာအရ မိမိ ဗီဇပါရမီနှင့် ကိုက်ညီမည့်သူနာပြုဆရာမအလုပ်ကို လုပ်ကိုင်ရန်အတွက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ (ယခုဗဟိုအမျိုးသမှးဆေးရုံ) ၌ သားဖွား ဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုဆရာသင်တန်းများ
တက်ရောက်ခဲ့သည်။ စစ်မဖြစ်မီရန်ကုန်ဆေးရုံကြီး၌ သူနာပြုအဖြစ် နှစ် အနည်းငယ်ကြာထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများ ကာလကတ္တားသို့ပို့ ဆောင်ရေးတွင် သူနာပြုအဖြစ်စေတနာ့ဝန်
ထမ်းဆောင်ရွက်ခဲ့သည်။ ယင်းနောက် အိန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သဘောင်္ နှင့်ပြန်လာသည်။၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ဒေါက်တာဘသန်း (ဗိုလ်ချုပ်ကြီးနေ၀င်း၏ယောက္ခမ) ဦးဆောင် ၍
ဆေးရုံဖွင့် လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်ကြီးမှာ စစ်မဖြစ်မီ သူနာပြု ၂၄၆သင်တန်းဆင်းဖြစ်သည်။ ရန်ကုန်ဆေးရုံကြီးကို ဂျပန်တပ်များတပ်စွဲထားရာ ဘီဒီအေ
ဆေးရုံသည် ဒေါက်တာဘမော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေး ရုံကြီးဖြစ်လာသည်။ဒေါက်တာဘသန်း၏ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွေ (ရဲဘော်သုံး ကျိပ် ဗိုလ်လကျာင်္၏ညီ၊ ၁၉၃၈ကျောင်းသားခေါင်းဆောင် အာဏာရှင်ကိုလှရွှေ)
ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့် ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြုကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ ၏ဇနီး) တို့နှင့်အတူ သူနာပြုချုပ်အဖြစ် တာဝန်ထမ်းဆောင်လျှက်အမှုထမ်းစဉ်က ကိုယ်ရေးကိုယ်တာ မငဲ့ကွက်ပဲ
ဆေးဝါး မပြည့်စုံသည့်ကြားမှပင် လူနာများကို မငြိုမငြင် အနစ်နာခံ ပြုစုပေးခဲ့သူ တစ်ယောက်ဖြစ်သည်။ ထိုစဉ် ဂျပန်ခေတ်က ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ရဲဘော်များ ၊စစ်ခေါင်းဆောင်များ ၊ နိုင်ငံရေးခေါင်းဆောင်များကိုဆေးကုသပေးရာမှာလည်း
တစိတ်တပိုင်း တာဝန်ယူခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယ ကမ္ဘာ စစ်အတွင်း ဆေးရုံတက်ရောက် ကုသရင်းအကြီးတန်းသူနာပြုဆရာမလေး ဒေါ်ခင်ကြည်နှင့်ဆုံတွေ့ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာပင် မေတ္တာမျှခဲ့ကြသည်။ ဗိုလ်ချုပ် သည်တည်
ကြည်ဖြောင့်မတ်ပြီးရိုးသားပွင့်လင်းသော ဆရာမလေး ဒေါ်ခင်ကြည် ကို ပိုးပန်း ခဲ့ပုံများ မှာ ဗိုလ်ချုပ်၏ရဲဘော်ရဲဘက်များပြောမဆုံးအောင် ဖြစ်ခဲ့ရပါသည်။ "ဆရာမလေးမခင်ကြည် ဆေးတိုက်မှ သောက်မယ် " ဆိုသည့် ဗိုလ်ချုပ်က ထိုစဉ် ခေတ်စား
နေသည့် ငွေသော်တာရောင်ခြည် သီချင်း(မြို့မငြိမ်း ရေး)ဖြင့် ပိုးပန်းခဲ့သည် ဟု ဆိုစမှတ်ရှိခဲ့သည်။ ထို့နောက် ၁၉၄၂ စက်တင်ဘာ ၆ တနင်္ဂနွေနေ့တွင် ဂျပန်ခေတ် ပြည်သူ့ဆေးရုံကြီးအရှေ့ဘက် အစွန်းဆုံးခန်းမဆောင်တွင် လက်ထပ်ထိမ်း မြားခဲ့သည်။
လက်ထပ်ပြီးနောက်ပိုင်း သား (၂) ယောက် သမီး (၂) ယောက် ထွန်းကားခဲ့သည်။ သားကြီးမှာ အောင်ဆန်းဦး ၊ သမီးမှာ အောင်ဆန်းစုကြည်ဖြစ်ပြီး သားငယ် အောင်ဆန်းလင်းနှင့် အထွေးဆုံးသမီးကလေးကို ၁၉၄၆ စက်တင်ဘာလ ၂၂ တွင်ထွန်းကား
ခဲ့သော်လည်း အဖတ်မတင်ဘဲ ၅ ရက်အကြာတွင် တိမ်းပါးသွားခဲ့ရသည်။ သားလတ် အောင်ဆန်းလင်းမှာလည်း ရန်ကုန်ဗဟန်းမြို့နယ် တာဝါလိန်းလမ်း အမှတ် (၂၅) နေအိမ် (ယခုဗိုလ်ချုပ်ပြတိုက်) ရှိ ရေကန်တွင် ၁၉၅၃ ဇန်န၀ါရီ ၁၆ တွင် ရေနစ်
သေဆုံးသွားခဲ့ရသည်။

ဒေါ်ခင်ကြည်သည် ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း ၃၅ နာရီတွင် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ဖော်ကိုင်ဖက် အခြား ၀န်ကြီးများနှင့်အတူ ကျဆုံးခဲ့ပြီးနောက် သံယောဇဉ်ရှိခဲ့သော သူနာပြု လုပ်ငန်းနှင့်ကင်းကွာခဲ့ပါသည်။ ထို့နောက်
နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာပြီးပြည်သူ့ရဲဘော်ဌာနချုပ်တွင် ပြည်သူ့ရဲမေဌာနမှူးကြီး ဖြစ်လာခဲ့သည်။ခင်ပွန်းဖြစ်သူချမှတ်ခဲ့သော တို်င်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ သည်။ ဖဆပလ၏တာဝန်ပေးချက်အရ
ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးအမတ်ဖြစ်ရွေးချယ်တင် မြှောက်ခြင်းခံခဲ့ရသည်။၁၉၄၇ သြဂုတ်၂ တွင် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်သည် အဓိဋ္ဌန်ပြုချက်နဲ့အတူ လူထုပန်ကြားလွှာကိုထုတ်ပြန်၍ လွတ်လပ်
ရေးကြိုးပမ်းမှု သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်၏ပန်ကြားလွှာတွင် .

“ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူ ကွယ်လွန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး
သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင် သွေးကလေးတွေကို အဖေသား ပီပီခြေရာနင်းနိုင်အောင် ပျိုးထောင်ပေးတော့မယ်လို့ဆုံးဖြတ်ပါတယ်။ လူထုကို ကျမပြောလိုတာကတော့မိမိတို့အား ကိုးယုံကြည်လေးစားသောခေါင်းဆောင်ကြီးကို ရက်စက်စွာ
လုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကိုရှောင်ကျဉ်၍ သူချမှတ်ခဲ့သောလမ်းစဉ်အတိုင်း တသဝေမတိမ်းလိုက်နာကျင့်ဆောင်ကြပါ။ သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။
သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါ”ဟု တိုင်းပြည်ကို တိုက်တွန်းခဲ့လေသည်။

ဒေါ်ခင်ကြည်သည် ၁၉၄၇ - ၅၃ တွင် မိခင်နဲ့ကလေးစောင့်ရှောက်ရေး ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ယူ ဆောင်ရွက်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ
လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊ မိခင်နဲ့ ကလေးစောင့်ရှောက် ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့်ပြည် ရေးပြည်ရာအဖွဲ့ ဥက္ကဌ၊ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီးအသင်းများကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘော
တရား တိုး တက်ပြန်ပွားရေးအသင်းဥက္ကဌ၊  မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ သူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက်ဒုဥက္ကဌအဖြစ်
ရွေးချယ်တင်မြောက်ခံရသည်။ဒေါ်ခင်ကြည်သည်မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေရန် ရှေးဦးစွာစည်းရုံးခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒေါ်ခင်ကြည်သည် ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစဉ် ၁၉၄၉ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ တွင် ကိုလံဘိုကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေဆိုင်ရာညီလာခံများကို မြန်မာကိုယ
်စာလှယ်အဖွဲ့ကိုဦးဆောင်၍ တက်ရောက်ခဲ့သည်။ ကိုလန်ဘိုညီလာခံတွင် ညီလာခံသဘာပတိအဖြစ်ရွေးချယ်တာဝန်ပေး အပ်ခံရသည်။ ၁၉၅၀၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ် များတွင် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကို မြန်မာကိုယ်စားလှည်အဖွဲ့ကို
ဦးဆောင်ကာတက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗိယက်နမ်နိင်ငံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။

၁၉၅၉ - ၆၀ နှစ်များတွင် ဦးနုဦးဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အတွက် စည်းရုံးရေးတာဝန်များကို ဖိဖိစီးစီး တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။ သို့အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလ တဖြစ်လည်း ပြည်ထောင်စုပါတီသည်
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည်။ ထူးခြားသည်မှာ ဒေါ်ခင်ကြည်သည် ပထစပါတီအား မဲဆွယ်စည်းရုံးပေးခဲ့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးမခံခဲ့ချေ။

ဦးနုဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်
ပေးအပ်ခြင်းခံခဲ့ရသည်။ မြန်မာအမျိုးသမီး လောကတွင် ပထမဆုံးနှင့် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီး အဖြစ် မော်ကွန်းတင်ခံရသည်။ ထိုကဲ့သို့ ကြီးမားသည့် တာဝန်ကို ထမ်းဆောင်နေရသော်လည်း သမီးဖြစ်သူကို
လျစ်လျူရှုမထား။ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်၏ စီစဉ်မှုဖြင့် ပညာကို ကြိုးကြိုးစားစား သင်ယူလေ့လာသည်။ မြင်းစီးလေ့ကျင့်သည်။ စန္ဒရားတီး သင်သည်။ ပန်းအလှပြင်သည့် အတတ်ကို သင်သည်။အိန္ဒိယနိင်ငံ၊ နယူးဒေလီမြို့တွင် ရုံးထိုင်၍
သံအမတ်ကြီးအဖြစ် ၇ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားယူပြီးနောက် ရန်ကန်မြို့ တက္ကသိုလ်ရိပ်သာလိမ်းအမှတ် (၅၄-၅၆) နေအိမ်၌ ရိုးရိုးကုတ် ကုတ် နေထိုင်ခဲ့သည်။ မိခင်နှင့် ကလေး စောင့်ရှောင့်ရေးအဖွဲ့ ညွှန်ကြားရေးဝန်ကြီးလုပ် သက်၊ သံ အမတ်ပင်စင်များကိုမယူပဲ အာဇာနည်ခေါင်း
ဆောင်ကြီးများ၏ ဇနီးထောက်ပံ့ငွေ(၁၀၀၀ိ/) ကိုသာ ခံစားခဲ့သည်။(ယင်း အာဇာနည်ကြေးများမှာ ယခုအချိန်အထိ ပြောင်းလဲမှု မရှိ ၊ပြောင်းလဲအောင်လဲ မည်သူမှ ဆောင်ရွက်ခြင်းမရှိ ချေ။) မိန်းကလေးအဖော် နှစ်ဦးသုံးဦးနှင့် နေထိုင်ကာ ပန်းစိုက်
အလွန်ဝါသနာပါသဖြင့် ခြံထဲတွင် ပန်းအမျိုးမျိုးစိုက် ကာ ပန်းများကို လည်း အလှတကြည့်ကြည့်နှင့် နေတတ်ပါသည်။ဇူလိုင် ၁၉ ရက် အနီးဝန်းကျင်တွင် ဒေါ်ခင်ကြည်၏ အရင်း နှီးဆုံး မိသားစုမိတ်ဆွေများကို တစ်ရက်စီခွဲ၍ မိသားစုလိုက် ထမင်း
ဖိတ်ကျွေးတတ်ပါသည်။တစ်ခါ တစ်ရံ သြဂုတ်လအထိ မပြတ်ဆက် တိုက် ထမင်းကျွေးရသည့်အခါများ ရှိတတ်ပါသည်။  ဒေါ်ခင်ကြည်၏အိမ်တွင် နိုင်ငံရေး သမားဟောင်းကြီးများ၊ သံတမန် ဟောင်းများ၊ တပ်မတော်မှ ပင်စင် ယူ သွားသူများ၊ တောပြန်
များ၊ လူစုံ ဝင်ထွက်သွားလာရာ သတင်းစုံ ရတတ်ပါသည်။ အထူးသဖြင့် မဆလခေတ် အစိုးရ၏ မတော် မတည့် ပြုမူ ချက်များအားလုံးကို ဒေါ်ခင်ကြည်၏ရှေ့တွင် လူများက လာ၍ရင်ဖွင့် ပြောဆိုတတ်ရာ ဒေါ်ခင်ကြည်၏အိမ်သွားလည်လျှင် သတင်းစုံ
ကြားရတတ်ပါသည်။ တစ်ခါတော့ ဒေါ်ခင်ကြည်အိမ် သူခိုးခိုးခံရသည်။ ဒေါ်ခင်ကြည်အိမ်တွင် အပြင်လူဆို၍ ဥယျာဉ် စောင့်(မာလီ)တစ်ဦးသာ ရှိသည်။ သူခိုးက အိမ်အပေါ်ထပ်ကို ဝရန်တာမှ ခို၍တက်ပြီး အိပ်ခန်းဗီရိုလေး ထဲတွင် ထည့်ထားသည့်
အမှတ်တရ ပစ္စည်းလေးများကိုသာ ယူသွားပါသည်။ ထိုပစ္စည်းလေးများမှာ ဒေါ်ခင်ကြည် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်နှင့် နောက်ပိုင်း ကာလများတွင် နိုင်ငံခြား သံတမန်များက အမှတ်တရပေး သည့် လက်ဆောင်ပစ္စည်းများ သာ
ဖြစ်ပါသည်။ အဖိုးတန်ပစ္စည်း မပါပါ။ ဥယျာဉ်စောင့်က လက် ထောက်ချပုံ ရပါသည်။ ဒေါ်ခင်ကြည် ကိုယ်တိုင်ကလည်း ဤကဲ့သို့ပင် ထင်ခဲ့ပါသည်။  ဒေါ်ခင်ကြည်သည် မျိုးချစ်စိတ်ရှိမှု၊ တည်တည်ကြည်ကြည်နှင့် ဣနြေ္ဒ သိက္ခာရှိစွာနေရင်း ဒေါ်ခင်ကြည်
အား လာရောက်ကြည့် ရှုကြသည့် ဗိုလ်ချုပ်၏ တပည့်သားမြေးအားလုံးအပေါ် စိတ် ကောင်း၊ စေတနာကောင်း ပြည့်ဝ စွာနှင့် ပေးတန်ပေး၊ ကျွေးတန်ကျွေး၊ အကြံပေးစရာပေးနှင့် နာယကဂုဏ်   ပြည့်ဝစွာ နေထိုင်နေမှု၊ လာရောက် သမျှ လူအားလုံးက
လည်း ဒေါ်ခင်ကြည် အား လေးစားကြည်ညိုမှု များ ကိုမြင်တွေ့ရပါသည်။ ဒေါ်ခင်ကြည်၏ အိမ်ဝင်းထဲတွင် တစ်ထပ်အိမ်ကလေးဆောက်၍ မှီခို နေထိုင်သော ဒေါ်ခင်ကြည်၏အစ်မ ဒေါ်ခင်ကြီး(သခင်သန်းထွန်း၏ဇနီး) ၏ အိမ်ဖြစ်ပါသည်။
ဒေါ်ခင်ကြီးမှာ သိပ်ကျန်းမာရေး မကောင်းလှဘဲ သားသမီးလေးများနှင့် ထိုအိမ်ဝင်း အတွင်းမှာပင် နေခဲ့ပါသည်။ ဒေါ်ခင်ကြည်၏ ကျန်ညီမများလည်း ထို ဝိုင်းထဲတွင်ပင် သီးခြားအိမ်ကလေး များဆောက် ၍ နေကြပါသည်။ဒေါ်ခင်ကြည်အိမ်သည် 
ဘေးမဲ့တောကဲ့သို့ဖြစ်နေပြီး လွတ် လွတ်လပ်လပ် ပြောဆို နိုင်သကဲ့သို့ ဖြစ်နေပါသည်။

ဂဠုန်ဦးစောသည် ကြိုးမိန့်ကျပြီးနောက် ကျဆုးံခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေး ပေးရန် ၎င်းပိုင် လက်ဝတ်ရတနာများ ကိုရောင်းချ၍ ရရှိငွေကို အညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူ ဒေါ်သန်း ခင်အား ထောင်းတွင်းမှမှာကြားခဲ့သည်။
ဒေါ်သန်းခင်သည် ခင်ပွန်းဖြစ်သူ ဦးစော၏ဆန္ဒအတိုင်း ပုဂ္ဂိုလ်ရှစ်ဦးအားလိုက်လံပေးပြီးနောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်း ပြောပြီး အသက်လျော်ကြေးပေးရသော အခါ ဒေါ်ခင်ကြည်က ...

“ရှင့်ယောက်ျား ကျမယောက်ျားကိုလုပ်ကြံလို့ ကျမမုဆိုးမဘ၀ရောက်ခဲ့ရပါပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကိုမယူပါရစေနဲ့။ ဦးစောအတွက် သာဘ၀ကူးကောင်းအောင် ကုသိုလ်ဒါနတစ်ခုခုပြုလုပ်ပေး
ပါ” ဟုပြောကြားခဲ့ကြောင်း သိရပေသည်။

ဤသို့ ဒေါ်ခင်ကြည်သည် နေအိမ်ခြံအတွင်း ပန်းမာလ်ပင်များစိုက်ပျိုးပြုပြင်လျက် ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇ ဇန်န ၀ါရီလ ၁၀ တွင်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမိုက်ကယ်အဲ့ရစ်(Dr. Michael Aris) တို့မှ
ှဖွားမြင်သော မြေးနှစ်ယောက်ဖြစ် သည့် မြင့်ဆန်းအောင် (Alezander)၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓသာသနာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၍အကျဉ်းချုံးပြုလုပ်ခဲ့သည်။ ကမ္ဘာ့သာသနာပြု အဂ္ဂမဟာပဏ္ဍိတအရှင်သေဋိလက အင်္ဂလိပ်
ဘာသာဖြင့် တရားဟောကြားပြီး သာမဏေနှစ်ပါးကို တာဝါလိန်းလမ်း(ဗိုလ်ချုပ်ပြတိုက်လမ်း)ရွေကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့သည်။ ထိုနှစ် ဧပြီလတွင် နိုင်ငံတော်၏ထောက်ပံ့မှုဖြင့် အင်္ဂလန်ပြည်တွင် မျက်စိခွဲစိတ်ကုသခဲ့သည်။

လန်ဒန်မြို့တွင်၂လကြာကုသခဲ့ပြီးနောက် ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ယင်းနောက် ၁၀ အကြာ ၁၉၈၈မတ်လအကုန်ပိုင်းတွင် ပြင်းထန်သောလေဖြတ်ရောဂါဖြစ်ပွား ခဲ့သောကြောင့် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်
သည် မိခင်ကြီး အားပြုစုရန် မြန်မာနိုင်ငံသို့လာရောက်နေထိုင်ခဲ့သည်။

ထို့နောက် ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နံနက် ၇ နာရီ ၁၇ မိနစ်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူဒေါ်အောင် ဆန်းစုကြည်၏လက်ပေါ်၌ပင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

ဒေါ်ခင်ကြည်သည် ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ပြုစွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှု   ဖြောင့်မတ်သေချာမှု စည်းစနစ်ကောင်းမှု ကိုယ်ကျင့်တရားကောင်းမှု အခွင့်အရေးကို မမက်မော မသာယာ မှု များကပင် ထူးခြားလှသဖြင့်  ၁၉၅၀ ပြည့်နှစ်တွင်
အမေရိကန်ပြည် ထောင်စုမှပေး အပ်ချီးမြှင့်သောမြန်မာမိခင်ဘွဲ့တံဆိပ် ၊ ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရကချီးမြှင့်သော မဟာသိရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ် တွင် ယူကိုဇလာဗီးယား နိုင်ငံမှချီးမြင့်သော မာရှယ်တီးတိုးယူဂိုဆလပ်ကြယ် (ဒုတိယဆင့်)
နှင့်ထိုင်းနိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်အော်ဒါ ဘွဲ့ (၀ါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်အပ် နှင်းခြင်းခံခဲ့ရသည်။

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီလ၂ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ကြွင်း ကျန် သော ရုပ်ကလာပ် ကို ရွှေတိဂုံဘုရားလမ်းရှိ ငြိမ်းချမ်းရေနှင့် မျိုးချစ်စာဆိုဆရာကြီးသခင်ကိုယ်တောင်မှိုင်း
ဂူဗိမာန်နှင့် သီပေါမင်း၏မိဘုရား ခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်တို့အကြားမြေကွက်လပ်၌ ဂူဗိမာန်တည်ဆောက်သဂြိုဟ်ခဲ့လေသည်။



No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...