" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ ဆိုရှယ်လစ် အစိုးရ မဆလ နေ၀င်း general Nay Win

အချိန်ကား ဗိုလ်ချုပ်နေ၀င်း၏ အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော် ကွန်မြူနစ်ချေမှုန်းရေးကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည် အိမ်စောင့်အစိုးရ၏ () ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး ကြီးငယ်များက မြန်မာပြည်၏ နေရာအနှံ့တွင် ရှိနေသည်။

နေရာကား ရှမ်းပြည်နယ် နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့် ပေါင်းလောင်း နန့်ဖာဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက် ထားသည်။ ပေါင်းလောင်းနန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး (PHQ) ရှိနေသောပဲခူးရိုးမနှင့် ဆက်သွယ်ရေး ကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊ အင်တော၊ ကျောက်ကူ၊ မိုးကုတ်၊ မိုးမိတ် ဒေသများမှတဆင့် တရုတ်ပြည်နယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက် တပ်မမင်း ဗိုလ်မှူးကြီး သိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေသည့် နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲဖြစ်နေသည့် အချိန်လည်းဖြစ်သည်။

မွေးပြီတော့။မွေးပြီ။ ယောက်ျားလေး “

ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး မြောက်တက်သွားသလို ခံစားရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။ အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ၀င်ရောက်လာခဲ့သည်။ ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လား မသိ။ မျိုးဆက်သစ်ဆိုသော အသိက ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊ တိုက်ပွဲများ ကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေး မျိုးဆက်။ ပါတီ၏ မျိုးဆက်။

လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့် မနီးမဝေးတွင် ရဲဘော်တချို့နှင့်အတူ လုံခြုံရေး ကင်းစောင့်နေသည့် ခင်ပွန်းသည်ကို သတိရလာသည်။ သူသိလျှင် မည်မျှ ၀မ်းသာမည်မသိ။

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့် တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနား စစ်မျက်နှာတွင် ဆုံတွေ့ခဲ့ကြသည်။ (၁၉၅၀)၊ စက်တင်ဘာ ()ရက်တွင် ဖွဲ့စည်းသော ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး ဒီရေအတက်အကျ တလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင် ဆင်နွှဲခဲ့ကြသည်။ နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်၊ အခြေခံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“

မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ် လုံခြုံရေးကိုက ပိုဦးစားပေးရသည်။ ရန်သူ့ စစ်ကြောင်းရှောင်ရင်း တောထဲတွင် ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ဝင်၍ ကလေးမီးဖွား ရခြင်းဖြစ်သည်။ ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က ရွာပြင်တွင် ကျန်ခဲ့ပြီး၊ သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က ရွာတွင်းဝင်လာခဲ့ကြခြင်းဖြစ်သည်

()
တဲထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို စတင်ကြားရသည်မို့ သူမတို့ နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။ ရွာပြင်မှာ တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲ ရောက်လာသည့် ကလေးငယ်လေး ရှိနေသည်။ ဘာလုပ်ရမည်နည်း။

အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို တွေ့ရသည်။

ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ ရွာထဲမရောက်ခင် အမြန်ပြေးပြီး၊ ------ရွာမှာ စောင့်နေပါတဲ့။ အချိန်မရှိဘူး။ ကျွန်တော်တို့ ရွာထဲက ချက်ချင်းထွက်မှဖြစ်မယ်“

ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊ စောဒက မတက်မိတော့။ သူမ၏ ခင်ပွန်းသည်သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့် တပ်မှူးကောင်းတယောက်။ စစ်မြေပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာအတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။
ချိန်းထားသည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့ ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာမကျန် ရွာဖုန်းဆိုးများကိုပါ ပိုက်စိပ်တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ ပူးပေါင်းရန် လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူမိသားစုထံတွင် သားလေးအားခဏအပ်နှံ၍ ရှေ့ခရီးဆက်ရသည်။

သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။ အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်းရင်း ဂုဏ်ရောင် ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ လက်နက်ချခိုင်းသည့်ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံးအချိန်ထိ လက်နက်ကို စွဲကိုင်ကာ တိုက်ပွဲဝင်သွားခဲ့ကြသည်။ တိုက်ရဲ၊ သေရဲခဲ့ကြသည်။

လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့် ----ရွာသို့ သူမပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော တော်လှန်ရေး သားကောင်း တယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။

မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ရောက်စဉ်မှာပင် အလာကောင်းပေမယ့် အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေ၀င်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်။ မည်သူမျှ ဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော နေရာတွင်ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေ ပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေးအရှိန်ကို ရိုက်ချိုးနိုင်မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို နာကျည်းဖွယ် တွေ့မြင်ရသည်။

ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို စိတ်မချသည်နှင့် သူမကလေးအား စောင့်ရှောက်ထားသော မိသားစုသည် ပင်းတယဒေသသို့ ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။ ကြေးစားတပ်အန္တရာယ်ကိုကြောက်၍ ရွာအမည်အား ပြောမထားခဲ့။ ကလေးအား လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင် သူမထံသို့ ဖြစ်သည့်နည်းဖြင့် ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ ကြားလိုက်ရတော့ သူမရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင် မိတ်ဆွေများ၏ စေတနာကိုလဲ သူမသဘောပေါက်ပါသည်။ သို့ပေမယ့် ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏ မေတ္တာပင် မဟုတ်ပါလား။ နို့အုံတွေ တင်းလာသည့် အခါတိုင်း မိခင်နို့ချို တစက်မှ မစို့လိုက်ရသည့် သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။

()

အချိန်ကား (၁၉၈၂)

နေရာကား ပွေးလှမြို့။

ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု နေထိုင်သည့် မြို့ဖြစ်သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊ ()ရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ (၁၉၇၉) ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော အလယ်ပိုင်းဗဟိုဌာနခွဲ နယ်မြေတွင် ပါဝင်သည်။

ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရေရှည်ပူဆွေးဖို့ သူမမှာ အချိန်မရခဲ့။ နေ၀င်းကြေးစားတပ်၏ စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲခဲ့ရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်သန်းတင်၏ မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠန် စစ်ဆင်ရေးများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရသည်။ ( ၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ၏ လူထု စည်းရုံးရေးများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သည်။ ထိုမှတဖန် (၁၀၈)စစ်ဒေသနှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့် ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင်လည်း ပါတီမှ ပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍ ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍ နာကျင်ခဲ့ရသော ရင်ထဲမှ ဒဏ်ရာများက အကင်းသေစ ပြုနေခဲ့ပါပြီ။ ထိုဒဏ်ရာများကို အသစ်တဖန်တူးဆွစေခဲ့သည်ကား---

ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့် စည်ကားလို့နေသည်။ ငါးရက်တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့် ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။ ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသောသူကို သူမတွေ့လိုက်ရသည်။

ဦးခွန်သိန်း။ ဦးခွန်သိန်း။ ဟုတ်ပါတယ်နော်“

ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။

ကျွန်မမမြကြည်ပါ။ ဟို-ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့ စောင့်ရှောက်ပေးတာ“

ထိုသူကဘေးဘီဝဲယာကိုကြည့်သည်။

ဒီမှာပြောလို့မကောင်းဘူး။ အိမ်ခဏလိုက်ခဲ့ပါလား“

သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့ တကောက်ကောက် လိုက်ဖြစ်သွားသည်။

သား။ သားလေးကောဟင်“

အိမ်သို့ရောက်ရောက်ချင်း အမောတကောမေးမိသည်။ အခုဆိုသားလေးလဲ အသက် နှစ်ဆယ်ကျော် ရှိနေလောက်ပြီ။ အိမ်ထောင်ရက်သားများ ကျနေပြီလား။ ကလေးငယ်လေးသာ ရှိနေရင်တော့ မြေးလေးကိုပါ တွေ့ရချည်ရဲ့ဟုပင် စိတ်ကူးယဉ်လိုက်မိသည်။ တချိန်က အမာခံဖြစ်ခဲ့သူ တယောက် လက်တွင် ကြီးပြင်းလာသော သူမ၏သားထံတွင် တော်လှန်ရေးအသိနှင့် စိတ်ဓာတ်တို့ ရှိနေမည်မလွဲ။ သားကို အခြေစိုက်ဒေသသို့ ခေါ်သွားရမည်။ တော်လှန်ရေး၏ မျိုးဆက်သစ်တယောက်အဖြစ် လမ်းညွှန်ပျိုးထောင်ပေးရမည်။

သူမ၏ လတ်တလောစိတ်ကူးယဉ် အိပ်မက်တို့သည် ခေါင်းကိုတွင်တွင် ငုံ့ထားသော ထိုသူ၏ အပြုအမူတို့ကြောင့် ရုတ်ချည်းပျောက်ကွယ်သွားရသည်။

သားလေး၊ သားလေး ဘာဖြစ်လို့လဲဟင်။ သက်ဆိုးမရှည်ဘူးလား“

ဦးခွန်သိန်းက ခေါင်းကို ရမ်းသည်။

ဦးခွန်သိန်း။ ကျွန်မကို အဖြစ်မှန်ပြောပြပါ။ ဘာတွေပဲဖြစ်ဖြစ် ကျွန်မရင်ဆိုင်နိုင်ပါတယ်။ တော်လှန်ရေးသမားတယောက်ရဲ့ ဘ၀ဟာ ခါးသီးနာကျည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေစမြဲ ဆိုတာကို ကျွန်မနားလည်တယ်“

သက်ဆိုးမရှည်ရင်တောင် ကောင်းဦးမယ်ဗျာ။ အခုတော့---“

ဦးခွန်သိန်း၏ တောက်ခေါက်သံကို ကျယ်လောင်စွာ ကြားရသည်။ ဘာမှန်းမသိ၍ သူမမှာ အသက်ပင် မရှူမိ။

နေဦး။ ကျုပ်ပြမယ်“

ဦးခွန်သိန်းက အိပ်ခန်းထဲသို့ဝင်၍ ပတ်စ်ပို့ဒ်ဓာတ်ပုံလေးတပုံအား ယူလာပြသည်။ ဓာတ်ပုံထဲမှ ကြေးစားစစ်ယူဖောင်း၊ ပခုံးတွင် ကြယ်နှစ်ပွင့်နှင့် လူငယ်သည် ၀င့်ထည်စွာ ပြုံးနေလေသည်။ အရာရာကို ရင်ဆိုင်ရဲသည်ဟု မှတ်ယူထားသော သူမသည် ထိုပုံကို တွေ့လိုက်ရသော အခါတွင်တော့ ရင်ထဲတွင် နင့်ကနဲနေအောင် ခံစားလိုက်ရသည်။ ဖအေတူသား။ သို့ပေမယ့် ဖအေလျှောက်ခဲ့သည့် သစ္စာတရား လမ်းမပေါ်တွင် ရောက်နေသူမဟုတ်ပဲ ဖအေကိုသတ်ခဲ့သည့် ကြေးစားစစ်တပ်၏ အမိုက်မှောင် လမ်းပေါ်တွင် ရောက်နေလေပြီ။

ကျုပ်အပြစ်ပါဗျာ။ ကျုပ်ကို ကြိုက်တဲ့ အပြစ်ပေးပါ“

ဦးခွန်သိန်း၏ ဆို့နင့်နေသော စကားသံကို ကြားရတော့မှ ဓာတ်ပုံကို စိုက်ကြည့်ပြီး အသေကောင် တယောက်လို ငြိမ်နေသော သူမ သတိဝင်လာသည်။

ဘယ်လိုဖြစ်ရတာလဲရှင်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးပါ“

ဖက်ဆစ်နေ၀င်းတပ်တွေ ရွာထဲဝင်လာတော့ ကျုပ်တို့ ကလေးကို လုံခြုံတဲ့နေရာမှာ ဖွက်ထားခဲ့တယ်။ ဒီကောင်တွေသိပ်ယုတ်မာတယ်။ တရွာလုံးကို ရိုက်နှက်၊ မီးတင်ရှို့ပြီး ပြန်မထွက်ခင်မှာ ကြိမ်းသွားတာက သူပုန့်သွေးကို အရှင်မထားဘူး။ တွေ့တာနဲ့ မီးပုံထဲ ပစ်ချမယ်တဲ့။ ကျုပ်တို့လဲ လန့်ပြီး ပြေးခဲ့ကြတာ။ ကလေးလေးကို မသေစေချင်ဘူးလေ။ ကံဆိုးချင်တော့ ဒီနယ်ရောက်ပြီး မကြာခင်မှာပင် ကျုပ်မိန်းမက ကောက်ခါငင်ခါဆုံးတယ်။ ကျုပ်က ပန်းနာရင်ကြပ်ဖြစ်တယ်။ နောက်ဆုံးပင်းတယဆေးရုံကို ရောက်လာတဲ့ ဆရာလေး ဒေါက်တာခင်မောင်အေးက ကလေးကိုမွေးစားမယ်ဆိုတာနဲ့ ကလေး အနာဂတ်အတွက် သူနဲ့ ထည့်ပေးလိုက်တာ။ သူတောင်ကြီးပြောင်းတော့ တပါတည်း ပါသွားတယ်။ ကျုပ်ပြန်တွေ့ရတဲ့ အခါကျတော့ သူက စစ်ကျောင်းဆင်းပြီးနေပြီ။ ကျုပ်ကို လာကန်တော့သွားတယ်။ ကျုပ်လေ-ကျုပ် အားလုံးကောင်းဖို့ စေတနာနဲ့ လုပ်ခဲ့တာပါ။ အခုတော့ ကျုပ်စေတနာက အဆိပ်ပင်ကို ရေလောင်းလိုက်သလို ဖြစ်သွားပြီ“

ယောက်ျားရင့်မာကြီးတယောက်၏ ယူကြုံးမရ ငိုကြွေးနေသံကို စိတ်မကောင်းစွာ ကြားရသည်။ သူမစိတ်တို့သည်လည်း ချုံးချုံးကျသွားသလို ခံစားလိုက်ရသည်။ တိုင်းပြည်အတွက် အဖိုးတန်သော လူငယ်လေးတွေသည် ကြေးစားစစ်တပ်၏ အစေအပါး၊ လူသတ်သမားများ ဘ၀သို့ သက်ဆင်းနေရသည်ကို တွေးမိတိုင်း နှမျောတသဖြစ်ခဲ့ရသူ၊ သူမသည် ယခုတော့ ၀မ်းနှင့်လွယ်မွေးခဲ့ရသော ကြေးစားစစ်ဗိုလ်လေး၏ မိခင်ဘ၀ရောက်နေရပါပကောလား။

သူ့နာမည်ဘယ်လိုခေါ်လဲ“

စစ်အောင်။ ဗိုလ်စစ်အောင်တဲ့“

ကျွန်မဒီဓာတ်ပုံလေး ယူသွားမယ်နော်။ ခွင့်ပြုပေးပါ“

ယူသွားပါ။ ကျုပ်ဒါပေးပေးလိုက်နိုင်တော့တာကို စိတ်မကောင်းဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ“

ရပါတယ်။ ခေတ်စနစ်ဆိုးရဲ့အောက်မှာ ဒီလိုတွေ ဖြစ်တတ်တာ အများကြီးပါ။ ကျွန်မသွားမယ်“

ခံစားချက်ကို တာဝန်ဆိုသော အသိနှင့် ထိန်းရင်း သူမဆက်လျှောက်ရမည့် လမ်းပေါ်သို့ ပြန်ခဲ့ရလေသည်။

()

အချိန်ကား (၁၉၈၃)ခု။

နေရာကား နန့်လန်နယ်။

အလုပ်ကိစ္စတခုဖြင့် နန့်လန်နယ်အတွင်းမှ ရွာငယ်တခုသို့ ရောက်ရှိနေသည်။ နန့်လန်မြို့ အခြေစိုက်စစ်တပ်၏ စစ်ကြောင်းများ နယ်မြေတွင်းရှိနေပေမယ့် အနီးအနားမှ ရွာတရွာတွင် မိမိတို့ တပ်စုတစုရှိနေသည်မို့ စိတ်ချလက်ချပင် တယောက်တည်းထွက်လာဖြစ်ခဲ့သည်။ ပြန်ခါနီး ရွာလူကြီး မိသားစုမှ ထမင်းစားအတင်းခေါ်နေသဖြင့် ခေတ္တ၀င်ထိုင်ဖြစ်သည်။ ပြောက်ကျားစစ်ဒေသ၊လှုပ်ရှား နယ်မြေတွင် လူထုများနှင့် ရင်းနှီးခင်မင်မှုသည် တော်လှန်ရေးအတွက် အရေးပါလှသည်။

အချိန်အားဖြင့် သိပ်မကြာလိုက်။ အိမ်ဝိုင်းထဲမှ မသင်္ကာဖွယ်ရာ အသံတချို့ကြားရသည်မို့ ပါလာသည့်သေနတ်ကို ဆွဲထုတ်ရသည်။ အခြေအနေကို လေ့လာကြည့်တော့ ရန်သူများ ၀ိုင်းထားသည်ကို တွေ့ရသည်။ ခုခံပြီး ခုန်ချထွက်ပြေးလျှင်တော့ လွတ်ချင်လွတ်နိုင်မည်။ သေနတ်သံကြားသည်နှင့် ----ရွာအနီး တောင်ယာတဲများတွင် အခြေစိုက်ထားသော တပ်စုက ချက်ချင်းလိုက်လာလိမ့်မည်။

ထိုရည်ရွယ်ချက်ဖြင့် သေနတ်ကို မောင်းတင်စဉ်ခဏ။

အလို---ဘာသံပါလိမ့်။ ငိုသံ။ ကလေးငယ်တယောက်၏ ငိုရှိုက်သံ။ ရွာလူကြီး ဇနီးက ကလေးငယ်၏ ပါးစပ်ကို အတင်းပိတ်ထားသည်မို့ ၀ူးဝူးဝါးဝါး ဖြစ်နေသည်။သူမ သေနတ်ပြောင်းက အောက်သို့ ငိုက်သွားသည်။ ကြေးစားစစ်တပ်သည် လူစိတ်ကင်းမဲ့နေသော တပ်ဖြစ်သည်။ အိမ်ပေါ်တွင် ကလေးငယ်တယောက်ရှိနေသည်ကို ဂရုစိုက်မည်မဟုတ်။ သူမစပစ်သည်နှင့် ကျည်ဆံများက တဲထဲသို့ တရဟော ၀င်လာလိမ့်မည်။ သူမလွတ်အောင် ရှောင်နိုင်ပေမယ့် သနားစဖွယ် ကလေးငယ်နှင့် မိသားစုတခု အသက်ဆုံးရလိမ့်မည်။ ထိုရွာလူကြီး မိသားစုသည် တော်လှန်ရေးကာလ တလျှောက်တွင် သူမတို့အား ကူညီအားပေးခဲ့သည့် သူရဲကောင်း ပြည်သူများဖြစ်သည်။

သေနတ်တချက်မှ မဖောက်ပဲ အသာတကြည်ပင် သူမအဖမ်းခံလိုက်ပါသည်။ ရွာတွင်းတွင် စစ်တပ် သတင်းပေးတယောက်ယောက်ရှိနိုင်သည်ဆိုသော အချက်ကို သူမပေါ့လျော့စွာ သတိမပြုခဲ့မိခြင်း သာဖြစ်သည်။

အဖမ်းခံခြင်းသာဖြစ်သည်။ လက်နက်ချခြင်းမဟုတ်။ ဒါကို သူတို့သိအောင် သူမပြောရသည်။ ရွာသားများရှေ့တွင် လူမဆန်အောင် ၀ိုင်းဝန်းရိုက်နှက် ကန်ကျောက်ခြင်းကို ခံရသည်။ အသားနာသည်ထက် ရင်ထဲတွင် ပိုနာရသည်က သူမအား ဖမ်းဆီးနှိပ်စက်ကာ ခွဲရုံးအခြေစိုက်နေရာကို မေးနေသော စစ်ကြောင်းမှ အရာရှိသည် လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်ကျောက်က သူမမွေးဖွားထားခဲ့သော သူမ၏ သားရတနာ ဖြစ်နေခဲ့ခြင်းပင်။

ဗိုလ်ကြီး။ ကွန်မြူနစ်တွေ အလုံးအရင်းနဲ့ ဒီဘက်ကို ဆင်းလာတယ် သတင်းရတယ်“

ရွာထဲမှာ ကြာလို့မဖြစ်ဘူး။ ဒါသူတို့နယ်မြေ။ နန့်လန်တပ်ကို ချက်ချင်းသတင်းပို့။ စစ်ကူတောင်း။ ဆုတ်ဖို့ပြင်တော့“

သူ့ကို ဘယ်လိုလုပ်မလဲ“

ကွန်မြူနစ်မ။ ခေါင်းသိပ်မာတယ်။ ရှင်းပစ်လိုက်။ နေဦး။ ငါပစ်မယ်“

သွေးအိုင်များကြားတွင် လဲနေသော သူမရှိသမျှအားကို စုစည်း၍ ခေါင်းထောင်ရသည်။ သားလေးမည်မျှ ရက်စက် ယုတ်မာနေသည်ပဲဖြစ်ဖြစ်၊ အမေသတ်သော သားအဖြစ် ဘ၀သံသရာအဆက်ဆက် ငရဲခံရမည်ကို သူမမလိုလား။

သားမပစ်နဲ့။ မှားမယ်၊ ပပစ်နဲ့“

သားလေး၏ ပြောင်းဝကို ရှောင်ရင်း အနီးမှ စစ်သည်တယောက်၏ ပြောင်းဝသို့ ပြေးအ၀င်။ ထိုစစ်သည်ကလဲ အလန့်တကြား သေနတ်မောင်းခလုတ်ကို ဆွဲအဖြုတ်။

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ သူမခွေကျသွားသည်။ အမှောင်အတိ ဖုံးသွားသည်က သူမနောက်ဆုံး အသိ။

နောက်ဆက်တွဲ။

အကယ်၍များ သူ့ကိုသားဟုခေါ်ကာ နီးရာသေနတ်ပြောင်းဝသို့ တိုးဝင်အသေခံသွားသော၊ သူ့အခေါ် ကွန်မြူနစ်မတယောက်၏ အတွင်းခံ အင်္ကျီထဲမှ ဓာတ်ပုံတပုံကိုသာ ဗိုလ်စစ်အောင် တွေ့မြင်ခဲ့မည် ဆိုပါက----------

ခင်မမမျိုး (၂၆၊ ၁၊ ၂၀၀၈)

(မှတ်ချက်။ သမိုင်းနောက်ခံအချက်အလက်များအား ရဲဘော်ခင်ညို၏ “၄၉-တော်လှန်ရေး မျိုးဆက်တဦး၏ ဘ၀ဒိုင်ယာရီ “နှင့် ဗိုလ်သန်းတင်၏ “စစ်ဆင်ရေးပြီး စစ်ဆင်ရေး“ စာအုပ်များအား ရည်ညွန်းကိုးကားပါသည်။ မွေးရပ်ဌာနေ၊ ရှမ်းမောမြေမှ၊ ယမ်းငွေ့ကျည်ဆံ၊ သေနတ်သံများကြားတွင် သူရဲကောင်းပီသစွာ ကျဆုံးသွားကြသော တော်လှန်ရေးသမားများအားလုံးအား ဂုဏ်ယူစွာ ဦးညွှတ်ပါ၏)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...