" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

၈၈၈၈ ပြည်လမ်း မြန်မာ့အသံ အရှေ့ မြင်ကွင်း 1988 in Myanmar RIOT

19880826_awpic03
 
25
 
1
 
မဲပေးပါ
ကိုလူချော ၊              ၊ဒေါက်တာမောင်မောင် သမ္မတ ဖြစ်လာပြီးနောက် စစ်အုပ်ချုပ်ရေးကိုရုပ်သိမ်းပြီးခါစ
- ၁၉၈၈-ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ - ကျွန်တော် အမှုထမ်းနေတဲ့ ရန်ကုန်တက္ကသိုလ်၊ သိပ္ပံသုတေသန
ဌာနကို သွားခဲ့တယ်။ ထိုနေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အဓိပတိ လမ်းအတိုင်း လျှောက်ခဲ့တာ
ကျောင်းဝင်းထဲမှာ တက္ကသိုလ်ဆရာဆရာမတွေ အတော်များနေတာကို တွေ့မိတယ်။ တခုခု တော့ ထူးပြီလို့ ထင်မိတယ်။ ဌာနကိုရောက်တော့ ဌာနမှုး (ရူပဗေဒ တွဲဖက်ပါမောက္ခ) က ဒီနေ့ မနက် (၁ဝ)
နာရီခွဲတွင် တောင်ငူအဆောင်အရှေ့မှာ  တက္ကသိုလ်ဆရာဆရာမများ စုဝေးကြမယ်၊ ကျွန်တော်တို့ဌာနမှ
ဆရာ ဆရာမတွေလဲ အဲဒီကိုသွားရန် စုနေကြဖို့ မှာတယ်။ ကျွန်တော်တို့ဌာနမှာ ရူပဗေဒ၊ ဓါတုဗေဒ နှင့်
ဘူမိဗေဒ ဌာနမှ ဆရာဆရာမတွေကို တွဲဖက်ထားတာ။ ထိုနောက်တော့ ကျွန်တော်တို့ တောင်ငူဆောင်
အရှေ့က စာသင်ခန်း တီအီး (၁) ကို ရောက်သွားကြတယ်။ တက္ကသိုလ်များမှ ဆရာဆရာမတွေ (၁ဝဝဝ)
ကျော် စုဝေးခဲ့ကြတယ် (သတင်းစာမှာ ရေးထားတဲ့ ကိန်းဂဏန်းအရ)။
သိပ္ပံသုတေသနဌာန မှ ကျွန်တော်တို့အဖွဲ့ စာသင်ခန်း အရှေ့မှ လမ်းပေါ်မှာရပ်နေကြတယ်။ အခမ်းအနား
စတင်တော့ “တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများအဖွဲ့” (All Universities & Colleges
Teacher Association) ကို စတင်ဖွဲ့စည်းကြောင်း ကြေငြာတယ်။ နာယကများအဖြစ် သမိုင်းဌာန ပါမောက
္ခ ဦးထွန်းအောင်ချိန်၊ ရူပဗေဒဌာန ပါမောက္ခ ဒေါက်တာတင်အောင်၊ မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဦးစံတင်၊
ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာဇင်အောင် တို့ကိုတင်မြှောက်ခဲ့ကြတယ်။ အမှုဆောင်အဖွဲ့မှာ ဥက္ကဌ
အဖြစ် ဦးစံတင် (မြန်မာစာ)၊ ဒု-ဥက္ကဌ အဖြစ် ဒေါက်တာဇင်အောင် (ရူပဗေဒ)၊ အတွင်းရေးမှုးအဖြစ် ဦးမြင့်လှိုင်
(သတ္တဗေဒဌာန သရုပ်ပြဆရာ) (ယခု အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ ပါရဂူဘွဲ့ရ ဒေါက်တာမြင့်
လှိုင်) တို့ဖြစ်ကြတယ်။ ထိုစဉ်အခါက ဒေါက်တာဇင်အောင် ဟာ ကျွန်တော့ရဲ့ ဘေးမှာရှိနေပြီး သူ့ကို နာယက
နှင့် ဒု-ဥက္ကဌ အဖြစ်တင်မြောက်သဖြင့် အံသြနေတဲ့ ပုံရှိနေတယ်။
ဒီနောက်တော့  တက္ကသိုလ်များမှ ဆရာဆရာမတွေ မဆလပါတီကို ရှုံ့ချတဲ့ ရဲရဲတောက်မိန့်ခွန်းတွေကို
ပြောကြတယ်။ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဦးစံတင်၊ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)၊ ဦးဇင်ဝေ၊
ဒေါ်သန်းသန်း နှင့် အမည်တွေကို မမှတ်မိတော့တဲ့ စီးပွါးရေးတက္ကသိုလ်မှ ဆရာဆရာမများ၏ ပြောဆို
ချက်တွေကတော့ အလွန့်အလွန်ကို နားထောင်ရတာ ကောင်းပြီး ကြက်သီးမွေးညှင်းပါထမိတယ်။
တီးလိုက်ရတဲ့ လက်ခုတ်ဆိုတာ လက်ဝါးနှစ်ဖက်ကို နီရဲသွားတာဘဲ။ ဒေါ်သန်းသန်းရဲ့ ပြောဆိုချက်
ကတော့ အကောင်းဆုံးပါ။ ဒါကြောင့် နဝတ အာဏာသိမ်းပြီးတာနဲ့ ဒေါ်သန်းသန်းလည်း အလုပ်ပြုတ်တာဘဲ။
ဒီနောက်တော့ မဟုတ်မမှန်သောသတင်းတွေကို ထုတ်လွှင့်နေတဲ့ ပြည်လမ်းမှ မြန်မာ့အသံ အရှေ့ကို
သွားအော်ကြမယ် လို့လဲ ကြေငြာလိုက်ရော တက္ကသိုလ်များမှ ဆရာဆရာမတွေ ပျော်လွန်းလို့ အော်
လိုက်ကြတာ၊ ကျောင်းသားတွေလို ပြန်ဖြစ်ကုန်ကြတယ်။ ဆရာဆရာမတွေ အဓိပတိလမ်းတလျောက်
မန္တလေးအဆောင်အရှေ့မှစပြီး တန်းစီကြတာ အပန်းဖြေခန်းမအရှေ့တောင် ရောက်တယ်။ ထိုနေ့က
မိုးဖွဲဖွဲလေးရွာနေတယ်။ ဆရာဆရာမတချို့လဲ ထီးတွေ ယူလာကြတယ်။ တန်းစီစုဝေးနေကြတဲ့ အချိန်မှာ
ကျွန်တော်ရယ် ရူပဗေဒသရုပ်ပြဆရာ (၂) ယောက် (တစ်ယောက် က သူငယ်ချင်း၊ နောက်တစ်ယောက်က
ပင်စင်ယူခါနီး ဆရာ) နှင့် ကျွန်တော်တို့ဌာနကို တွဲဖက်တာဝန်ပေးထားတဲ့ သိပ္ပံစက်ရုံ မှ စက်မှုကျွမ်းကျင်
သူ။ ထို စက်မှုကျွမ်းကျင်သူကား ရူပဗေဒသရုပ်ပြဆရာဟောင်းတဦးဖြစ်ခဲ့ပြီး သိပ္ပံစက်ရုံသို့ ပြောင်းရွေ့သွားတယ်။
မိုးတဖွဲဖွဲရွာနေသဖြင့် စက်မှုကျွမ်းကျင်ဆရာကြီး နှင့် အခြားသောဆရာတွေ ထီးဖွင့် ဆောင်းကြတယ်။
“ထီးတွေပိတ်ပါ” ဆိုပြီး တန်းစီထားတဲ့ အနောက်ဖက်ကဆရာတွေရဲ့ အော်သံကြားရတော့ ထီးဆောင်း
ထားတဲ့ ဆရာတွေလဲ ထီးတွေပိတ်လိုက်ရတယ်။ ထိုဆရာကြီးလဲ မျက်နှာပြုံးတုံးတုံးနဲ့ သူ့ရဲ့ထီးကို ပိတ်
လိုက်ရတယ်။ စက်မှုကျွမ်းကျင် ဆရာကြီးကား သူ၏ ဆံပင်မရှိတော့ သော ခေါင်းပေါ်က မိုးရေတွေကို
လက်ကိုင်ပုဝါ ဖြင့် သုတ်နေတာတွေ့တော့ ကျွန်တော် နှင့် သူငယ်ချင်း ရီမိတယ်။ ပင်စင်ယူခါနီးဆရာက
ထို စက်မှုကျွမ်းကျင်ဆရာ ကို နောက်ပြောင်လိုက်တယ် – ဒီနေ့ ရာဇဝင်ကြွေးဆပ်ပေတော့ တဲ့။ ကျွန်တော်
နှင့် သူငယ်ချင်း ဒုတိယအကြိမ် ရီကြပြန် တယ်။ (ရီရတာ အကြောင်းရင်းရှိပါတယ်၊ တော်လှန်ရေးကောင်စီ
အစိုးရ တက်ခါစက သုတေသနစာတမ်းဖတ်ပွဲ အပြီး ညစာစားပွဲက ဖြစ်ရပ်ကြောင့်ပါ။ ထိုဆရာကြီး ရဲ့ ဂုဏ်
သိက္ခာကို ငဲ့ညှာသောအားဖြင့် ချန်လှပ်ထားပါသည်။)
ထိုနေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ကျောင်းသူကျောင်းသားတွေ အများကြီးပါ။ အရှေ့ဆုံးမှ
“တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများအဖွဲ့” ဟူသော စာတမ်းပါသည့်နဖူးစည်း နှင့်
နိုင်ငံတော်အလံအဟောင်းကိုင်သော ဆရာငယ်များ၊ ၄င်းတို့အနောက်မှ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ
ဆရာဆရာမများ တန်းစီပြီး အဓိပတိလမ်းမှ တဆင့် တက္ကသိုလ်ရိပ်သာလမ်းကို ထွက်ခဲ့ကြတယ်။ ဒီနောက်
ဘယ်ဖက်ကိုကွေ့ပြီး ပြည်လမ်းမအတိုင်း ထွက်လာကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းတစ်လျောက် နှင့် ပြည်လမ်း
လမ်းစုံမှာရော တက္ကသိုလ်ကျောင်းသူကျောင်းသားများအပြင် အရပ်သားတွေလည်း အများကြီးကို မြင်ခဲ့ရတယ်။
သူတို့တတွေရဲ့မျက်နှာမှာ အလွန့်အလွန်ကို အံ့သြောနေတဲ့ အရိပ်သဏ္ဍန်တွေကို ဖေါ်ပြနေတယ်။ ဟုတ်တာပေါ့၊
သူတို့တတွေ ကျောင်းနံရံတွေမှာ စာရွက်တွေကပ်တော့ ဆရာတွေ လိုက်ခွာတယ်။ သူတို့တတွေ ဟောပြော
တာတွေကို လိုက်ပိတ်ပင်တယ်။ ဟော ….. ဒီနေ့မှာတော့ တက္ကသိုလ် ဆရာဆရာမများတန်းစီ လက်သီးလ
က်မောင်းတွေတန်းပြီး ထွက်လာကြတော့ ထိုကျောင်းသူကျောင်းသားတွေ ဘယ်လို နားလည်နိုင်ကြတော့အံ့နည်း။
တစ်ချိန်သောအခါက ဒီဆရာဆရာမတွေဟာလည်း တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေပါ။
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ ဒီဆရာဆရာမတွေရဲ့ ရင်သွေးတွေမဟုတ်ပေလား။
လက်သည်းကိုဆိတ်တော့ လက်ထိပ်နာရပြီပေါ့လေ။ ဒါကြောင့် ဒီအချိန်မှမထွက်ကြရင် ဘယ်အချိန်မှ
ထွက်ရမည်နည်း။ ရာဇ၀င်တွေ ရိုင်းကုန်ကြပေတော့မည်။
မှတ်ချက် … ထိုအချိန်အထိ အခြားသော ၀န်ထမ်းများ၏ (မည်သည့် မည်သည့်) သမဂ္ဂ၊ အသင်း အဖွဲ့တွေမှ
မဖွဲ့ရသေးပါ။ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများအဖွဲ့ သာလျင် ပထမဆုံး  စတင်ဖွဲ့စည်းခဲ့သော
အစိုးရလခစား ၀န်ထမ်းများ၏ အဖွဲ့အစည်းတစ်ခု ဖြစ်ခဲ့သည်။

ဒီလိုနဲ့ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများအဖွဲ့ အတန်းကြီးဟာ ပြည်လမ်းမပေါ်ကိုရောက်ခဲ့တယ်။
ဆရာဆရာမတွေလည်း မဆလပါတီကို ရှုတ်ချတဲ့ကြွေးကြော်သံတွေကို လက်သီးလက်မောင်းတန်းရင်း အသံကုန်
အော်ခဲ့ကြတယ်။ ပြည်လမ်းတစ်လျှောက် သွားလာနေတဲ့ အင်းစိန်၊ မင်္ဂလာဒုံသွား ဘတ်စ်ကားများမှ ခရီးသည်များ၊
ကိုယ်ပိုင်ကားများမှ ခရီးသွားတွေ အားလုံး လက်ခုတ်တီးပြီးတော့ကို အားပေးခဲ့ကြပါတယ်။ တက္ကသိုလ်နှင့်ကောလိပ်
ပေါင်းစုံမှ ဆရာဆရာမများ အဖွဲ့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အဦးအရှေ့ကိုလည်း ရောက်ရော
ကျနော်တို့တတွေ အော်ခဲ့ကြတာ လက်ကုန်ပဲ။ ကျနော်မှတ်မိနေတာကတော့ အသက်ကြီးကြီး ပင်စင်သွားခါနီး
ဆရာတွေ အသားကုန်  ကိုအော်ခဲ့ကြတယ်။ (ထိုနေ့ မြင်ကွင်း ကတော့ ကျနော့် တစ်သက် ဘယ်တော့မှ မေ့မရနိုင်ပါ)
လမ်းမပေါ်က တက္ကသိုလ် ဆရာဆရာမများရဲ့ ကြွေးကြော်သံတွေကို ကြားရတော့ မြန်မာ့အသံအဆောက်အဦးအတွင်းမှ မြန်မာ့အသံဝန်ထမ်းတွေရဲ့ အော်သံတွေလည်း အပြင်ဖက် ပြည်
လမ်းဖက်ကို လျှံထွက်လာခဲ့တယ်။
တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများ မြန်မာ့အသံအဆောက်အဦး အရှေ့ကိုကျော်ပြီး ဟံသာဝတီအ၀ိုင်း
ကို ရောက်လာခဲ့ကြတယ်။ ထိုအချိန်က ဟံသာဝတီအ၀ိုင်းဘေးက စာပေဗိမာန် ပုံနှိပ်တိုက်မှာလည်းကောင်း၊ ၀င်ဒါမီယာ
ဝန်ကြီးများရပ်ကွက် အ၀င်ပေါက်မှာလည်းကောင်း စစ်သားများ ရှိနေပါတယ်။ တက္ကသိုလ်ဆရာဆရာမများကလည်း
တပ်မတော်သားများ ကျန်းမာပါစေလို့တောင် အော်ခဲ့ပါတယ်။ ထိုစစ်သားများရဲ့မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ပါ၊ သူတို့
တတွေကတောင် လက်ပြန်ပြလိုက်သေးတယ်။ ဆရာဆရာများအဖွဲ့ ဟံသာဝတီအ၀ိုင်းကိုပတ်ပြီး ပြည်လမ်းအတိုင်း
ပြန်လာခဲ့ပါတယ်။ ကျနော်က ထိုအဖွဲ့ရဲ့ အရှေ့နဲနဲ ရောက်နေလို့ထင်တယ်၊ ပြန်လှည့်လာတော့ ဆရာဆရာတွေ
တစ်ချို့ မြန်မာ့အသံအဆောက်အဦး အရှေ့ မှာပဲရှိနေသေးတယ်။ ဒီလောက်ထိအောင်များပါတယ်။
ပြည်လမ်း နှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံသို့ ရောက်ခါနီး လိုင်းပေါက်လောက်မှစလို့ တက္ကသိုလ် ကျောင်းသူ
ကျောင်းသားတွေ ပြည်လမ်းမပေါ်မှာစောင့်နေပြီး သူတို့တတွေ တစ်ယောက်လက် တစ်ယောက်ချိတ်ဆက်ကာ
ပြန်လာတဲ့ တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများကို ဘေးတစ်ဖက်တစ်ချက်မှ ၀န်းရံပေးခဲ့ကြတယ်။
(၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ မေတ္တာပို့သကြွချီသော ရဟန်းသံဃာတော်များရဲ့ တစ်ဖက်တစ်ချက်မှ
ကျောင်းသူကျောင်းသားများ၊ လူပုဂ္ဂိုလ်များ တစ်ယောက်လက် တစ်ယောက်ချိတ်ဆက်ကာ ၀ိုင်းရံကာဆီးခဲ့တဲ့
မြင်ကွင်း တွေကို မြင်ရတော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ့အသံအဆောက်အဦး အရှေ့ကို
တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများ သွားအော်ခဲ့တာကို ပြန်လည်အမှတ်ရစေခဲ့တယ်။)
တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ဗိုလ်အောင်ကျော်ကျောက်တိုင်၌ ခေတ်အဆက်ဆက်မှာ အာဏာရှင်တို့၏လက်ချက်ကြောင့် အသက်
ပေးသွားခဲ့ရကုန် သော တက္ကသိုလ်ကျောင်းသူကျောင်းသားများကို  လွမ်းသူ့ပန်းခွေချပြီး ၀မ်းနည်းခြင်းအထိမ်း
အမှတ် ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်တော့ လူစုခွဲပြီး “တက္ကသိုလ်နှင့်ကောလိပ်ပေါင်းစုံမှ ဆရာဆရာမများအဖွဲ့” ဖွဲ့စည်းခြင်း အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...