" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ ၄ General Aung San's Speech

အင်္ဂလိပ်တို့၏ ဓလေ့ထုံးစံနှင့် အင်္ဂလိပ်တို့၏ စိတ်နေစိတ်ထားတို့ကို စွန့်လွှတ်ကြကုန်လော့

စည်းစိမ် လောဘထွက်လိုသောစိတ်၊ မိမိကိုယ်ကို အများနှင့် သီးသန့်ခြားနားလိုသော စိတ်နှင့် အနေအထိုင် နည်းလမ်း စည်းကမ်းများသည် အသင်တို့ကို ပျက်စီးအောင် ပြုခဲ့သည် မဟုတ်ပါလော။ ထိုအချက်တို့ကို အသင်တို့ကိုယ်တိုင် ပြန်လှန်၍ စဉ်းစားအပ်ပေသည်။ ထိုအချက်တို့မှာ လောက၀တ္တရားနှင့် ကိုယ်ကျင့်တရားကိုသာ အရေးတကြီး ဂရုပြုတတ်သော အရှေ့တိုင်းရင်းသားတို့၏ စိတ်နှင့် ဆန့်ကျင်လျက်ရှိသည်။ သူခပ်သိမ်းတို့ စိတ်ရွှင်လန်းမှု၊ အထူးကြီးပွားချမ်းသာမှုတို့ကိုသာ အရေးပေးတတ်သော အရှေ့တိုင်းသားတို့၏ ၀ါဒနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။ အင်္ဂလိပ်တို့၏ စိတ်နေစိတ်ထား၊ နေနည်း ထိုင်နည်းတို့သည် အသင်တို့၌ ကိန်းအောင်းနေသေးသမျှ ကာလပတ်လုံး ဗမာနိုင်ငံ၏ ကြီးပွားတိုးတက်ရေးကို မျှော်မှန်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လိုအပ်သော စိတ်နေစိတ်ထား၊ နေနည်း ထိုင်နည်းတို့ကို မြဲမြံသောသတိဖြင့် ဖယ်ရှားသုတ်သင်ကြလေကုန်။

..................................................

ထကြွလုံ့လရှိသော စိတ်၊ သူရသတ္တိရှိသော စိတ်၊ အလုပ်၌ စိတ်ဝင်စားသော စိတ်၊ အကျိုးဆောင်လိုသော စိတ်တို့ကို ပြုစုပျိုးထောင်၍ အားပေးကြရမည်။

ဗမာတို့သည် ပင်ကိုယ်ကပင် သူရသတ္တိနှင့် ပြည့်စုံသော လူမျိုးဖြစ်သည်။ ထကြွလုံ့လရှိ၍ တိုးတက်ကြီးပွားလိုသော လူမျိုးလည်းဖြစ်သည်။ လူတမျိုးတမျိုး၏ တိုးတက်ခြင်း၊ လျော့ကျခြင်းတို့သည် ထိုလူမျိုး၏ ပစ္စည်းအင်အားအပေါ်မှာသာ တည်ရှိနေသည် မဟုတ်၊ စိတ်ဓာတ် အင်အားအပေါ် တည်ရှိနေသည်။ ဗမာသမိုင်းကို ပြန်လှန်၍ ကြည့်ရှုလျှင် ဗမာတို့၏ စိတ်ဓာတ်အင်အား ကြီးမားကြောင်းကို ထင်ရှားစွာ တွေ့မြင်ရလိမ့်မည်။ အသင်တို့သည် ဗမာတို့သတ္တိကို ပြန်လှန်၍ ခေါ်ပါလော့၊ ပေါ့ပေါ့ဆဆ မနေစေဘဲ၊ ပျင်းရိစွာမနေစေဘဲ အကျိုးဆောင်လိုသော စိတ်ဓာတ်၊ အလုပ်လုပ်လိုသော စိတ်ဓာတ်တို့ကို သွင်းပေးသင့်လေသည်။ ယင်းသို့ စိတ်ဓာတ်သစ်သွင်းပေးနိုင်လျှင် ဗမာနိုင်ငံသည် အမှန်မုချ ကြီးမား တိုးတက်မည်ဖြစ်သည်။

..................................................

စက်မှုလက်မှုမှစ၍ အခြားသက်ဆိုင်ရာ အတတ်တို့ကို တတ်မြောက်သော ဗမာတို့၏ စွမ်းရည်သတ္တိတို့ကို ကြီးထွားအောင်ပြု၍ နိုင်ငံအင်အားကို ဖြည့်ပါလော့။ တိုးပွားအောင် ပြုပါလော့။

ဗမာနိုင်ငံသည် သဘာဝအလျောက် တည်ရှိနေသော ဥစ္စာရတနာ အပေါင်းတို့နှင့် ပြည့်စုံသည့် နိုင်ငံဖြစ်လေသည်။ ရာသီဥတု အခြေအနေကလည်း ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဖြည့်စွမ်းနိုင်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် အသင်တို့သည် အထွေထွေ ပညာရေးနှင့်တကွ စက်မှုလက်မှုပညာတို့ကို အားပေး အရေးယူသင့်လေသည်။ သို့မှသာ ဗမာအပေါင်းတို့သည် ထိုဥစ္စာရတနာအပေါင်းတို့ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိတို့ တတ်သိသော ပညာတို့ကို စူးဆောက်ပမာ အသုံးချနိုင်မည်ဖြစ်သည်။ တဖန် အလုပ်လုပ်လိုသော စိတ်ဓာတ်ကို သွင်းပေးခဲ့သော် ဗမာဥစ္စာရတနာအပေါင်းတို့သည် တိုးတက်မည်အမှန်ဖြစ်သည်။ ထိုသို့ တိုးတက်လျှင် ဗမာတမျိုးလုံး ချမ်းသာ၍ ဗမာတမျိုးလုံး၏ အင်အားလည်း ကြီးမားလာလိမ့်မည်ဖြစ်သည်။

..................................................

ကျန်းမာရေးနှင့် ညီညွတ်အောင် နေလိုသော စိတ်ဓာတ်နှင့် လူအင်အား တိုးပွားအောင် ဆောင်ရွက်ကြလော့

လူဦးရေ များပြားခြင်းသည် နိုင်ငံနှင့်တကွ လူတမျိုးလုံး၏ ကြီးပွားတိုးတက်ရေးတွင် အခြေခံဖြစ်သည်ကို ပြောပြရန် လိုမည်မထင်ပါ။ သို့ရာတွင် ဗမာနိုင်ငံတွင် ယခုထက်တိုင် ကူးစက်တတ်သော ကပ်ရောဂါ ထူပြောနေသေးသဖြင့် များစွာကုန်သော လူ့တန်ဖိုးတို့သည် ထိုကပ်ရောဂါတို့ကြောင့် အသက် ဆုံးရှုံးကြရလေသည်။ မစွမ်းမသန် ဖြစ်ကြရရှာလေသည်။ ဤအချက်ကား ဗမာနိုင်ငံသစ်တွင် ဘေးဆိုးကြီးတရပ် ဖြစ်လေသည်။ ကျန်းမာရေးနှင့် စပ်ဆိုင်သော ပညာရပ်တို့ကို ဗမာနိုင်ငံ၌ နှစ်သက်ဖွယ်ဖြစ်အောင် အနှံ့အပြား ဖြန့်ချီပေးလိမ့်မည်ဟု ကျွန်ုပ် မျှော်လင့်သည်။ စားသောက်နေထိုင်ပုံတို့ကို ပြုပြင်ပေးလိမ့်မည်ဟုလည်း မျှော်လင့်သည်။ သို့မှသာ ဗမာနိုင်ငံဝယ် လူဦးရေတိုးတက်၍ ဗမာတို့လည်း ကျန်းမာ သန့်ရှင်းသော လူမျိုးဖြစ်လာနိုင်ပေမည်။

ဤနေ့ထူးနေ့မြတ်တွင် ကျွန်ုပ်သည် အထက်ပါ အကြံဉာဏ်များကို ပေးခဲ့ပါ၏။ အဖသည် လူ့လောကသို့ဝင်၍ အလုပ်လုပ်အံ့ဆဲဆဲဖြစ်သော သားချစ်ရတနာကို အကြံဉာဏ်များ ပေးသကဲ့သို့ ဤအကြံဉာဏ်များကို ပေးအပ်ခြင်းဖြစ်ပါသည်။ အသင်တို့သည် ကျွန်ုပ်၏ စေတနာစိတ်ထားကို ယုံကြည်လေးမြတ်၍ ဤစစ်ကြီးကို အောင်မြင်ရေးနှင့် နိုင်ငံကောင်း နိုင်ငံမြတ် ထူထောင်ရေး လမ်းကြောင်းကို လိုက်ပါလျှင် အသင်တို့၏ လိုဘ ဆန္ဒကြီး ပြည့်စုံမည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသည်။

နိဂုံးချုပ်လိုသည်မှာ ဗမာတို့သည် နိပွန်လက်နက် နိုင်ငံတော်ကြီးနှင့်တကွ နိပွန်အရှင်ဧကရာဇ် တပ်မတော်ကြီးတို့နှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသဖြင့် အထူးဝမ်းမြောက်ပါသည်။ နိပွန် လက်နက်နိုင်ငံတော်ကြီးနှင့် နိပွန်အရှင် ဧကရာဇ် တပ်မတော်ကြီး တို့ကလည်း အသင်တို့ကို လုံးဝယုံကြည် ကိုးစားပါသည်။ ထို့ပြင် ဗမာနိုင်ငံသစ်သည် အရှေ့အာရှတိုက်နှင့်အတူ ကြီးပွားရေး နယ်ပယ်ကြီးတွင် အဆက်အသွယ်ကြီးတခု အဖြစ်ဖြင့် ရရှိခဲ့ပြီးဖြစ်သော ဤအဆင့်အတန်းနှင့် လျော်ညီစွာ အလျင်အမြန် ပေါက်မြောက်အောင် ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့အဘို့မှာကား ဗမာနိုင်ငံတော်ကို တတ်အားသရွေ့ အကူအညီပေး၍ ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်း ကြေညာလိုက်ပါသတည်း။

(ဗမာသစ်စာစောင်မှ)

................................................

ဗမာပြည် ကာကွယ်ရေးသည် အရှေ့အာရှ ကာကွယ်ရေးဖြစ်သည်။

အောက်ပါ မိန့်ခွန်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရေဒီယိုမှနေ၍ ကာကွယ်ရေးဝန်ကြီး မေဂျာဂျင်နရယ် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်၏ ကာကွယ်ရေးဟူသော ခေါင်းစဉ်ဖြင့် ပြောကြားသော မိန့်ခွန်းဖြစ်သည်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်ဟာ ဗမာနိုင်ငံလွတ်လပ်ရေးကြေညာတဲ့နေ့ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သတ်လို့ ပြည့်ပြည့်စုံစုံ မပြောရသေးဘူး။ ဒါကြောင့် နှစ်သစ်အစဖြစ်တဲ့ ဒီနေ့မှာ ခင်ဗျားတို့ နားလည်ဖို့လိုမယ်။ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းပြောရမယ်။

ဗမာပြည် ကာကွယ်ရေးအကြောင်း ပြောတဲ့နေရာမှာ ကျွန်တော်တို့တတွေဟာ လက္ခဏာ ၂ ရပ်ကို သတိပြုကြရမယ်။ အဲဒါက အမည်အားဖြင့် အကျယ်နဲ့ အကျဉ်း၊ ပထမဆုံး ကျွန်တော်တို့ ဗမာပြည် ကာကွယ်ရေးလို့ ပြောတဲ့အခါ တချို့ဗမာတွေက ဒီစကားလုံးကို အင်မတန် ပျော့တယ်လို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒီလို မဟုတ်ပါဘူး။ ဗမာပြည်၏ ကာကွယ်ရေးလို့ ကျွန်တော်တို့ ဘာ့ကြောင့်ပြောသလဲ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံကို မချဲ့ချင်ဘူး။ နယ်မြေတွေကိုလည်း တိုက်ပြီးမယူချင်ဘူး။ ကျွန်တော်တို့နိုင်ငံ နယ်မချဲ့ချင်ဘူး။ ကျွန်တော်ဟာ ဗမာပြည်ကို ကာကွယ်ချင်တယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံ အမြဲတမ်း တောင့်တင်းနိုင်သမျှ တောင့်တင်းအောင်လုပ်မယ်။ ဒါကြောင့် ကျွန်တော် လေကြီးမိုးကြီး စကားမပြောဘဲ ဗမာပြည်ရဲ့ ကာကွယ်ရေးဆိုတဲ့ စကားလုံးလောက်ပဲ ပြောတာဖြစ်တယ်။ ဗမာပြည် စကားပုံတခုမှာ လေကြီးမိုးကြီး ပြောဆိုလုပ်ကိုင်တဲ့ စီမံကိန်းတွေဟာ အဲဒီစီမံကိန်းမပြီးခင်ကဘဲ ပျက်စီး ဆုံးရှုံးရတာပဲဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ စကားပုံရှိပါတယ်။ ခြိမ်းသာခြိမ်းပြီး မရွာတဲ့မိုးလိုပေါ့။ ကာကွယ်ရေးအလုပ်ဟာ ကျွန်တော်တို့ရဲ့တာဝန်ပဲ။ အခု ကျွန်တော်အားလုံးကို အသံလွှင့်ပြောကြားနေတဲ့ ရည်ရွယ်ချက်ဟာ ဒီတာဝန်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာနဲ့ တိုင်းပြည်က အကူအညီပေးဘို့ ပြောနေတာဖြစ်တယ်။

..................................................

အရှေ့အာရှ ကာကွယ်ရေး

ဗမာပြည်ရဲ့ ကာကွယ်ရေးအကြောင်းကို မပြောခင် ဗမာပြည်ကာကွယ်ရေးဟာ အရှေ့အာရှကာကွယ်ရေးနဲ့ ဘယ်လို ဆက်သွယ်နေတယ်ဆိုတာကို ကျွန်တော်တို့ အပြည့်အစုံ နားလည်ကြရမယ်။ ယခုလက်ရှိအချိန်ဟာ အတိတ်ကာလက ရက်တွေနဲ့ မတူဘူး။ နိုင်ငံအားလုံးဟာ ဆက်စပ်နေကြတယ်။ နိုင်ငံတနိုင်ငံဟာ သီးခြားလွတ်ကင်းပြီး မနေနိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ တလမ်း မဟုတ်တလမ်း၊ တခု မဟုတ်တခု ဆက်စပ်နေတယ်။ တနိုင်ငံဟာ ဒီအကြောင်းကို နားမလည်ရင် တခြားနိုင်ငံတွေအရင် ပျက်ဆီးမှာပဲ။

ကျွန်တော်တို့ ဘာ့ကြောင့် ဗြိတိသျှအောက်ကို ကျရောက်ခဲ့ရသလဲ။ ကျွန်တော်တို့ဟာ တကိုယ်ထဲ တဦးထဲနေခဲ့တဲ့ အကြောင်းကြောင့်ပဲ။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေဟာ ဒီအကြောင်းကို တွေးလည်း မတွေးခဲ့ဘူး။ လုပ်လည်း မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံဟာ ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ရတာပဲ။

အိန္ဒိယနဲ့ အရှေ့အာရှမှာရှိတဲ့ တခြားနိုင်ငံတွေလည်း ဒီလိုပဲ။ ဒီအချက်ကို ရှင်းလင်းပြတ်သားစွာ သိမြင်နားလည်တဲ့ နိုင်ငံကတော့ နိပွန်နိုင်ငံပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခုရှိနေတဲ့ နိပွန်နိုင်ငံ အခြေအနေကို တွေ့မြင်နိုင်ကြတယ်။ ဗမာပြည်ကာကွယ်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆွေးနွေးတဲ့အခါ ယခုလို အခြေခံမူတွေကိုလဲ စဉ်းစားကြရလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီအချက်တွေရဲ့ ကျယ်ပြန့်တဲ့ သွင်ပြင်လက္ခဏာတွေကို ကြည့်တဲ့အခါ ဗမာပြည်ကာကွယ်ရေးဆိုတာ အရှေ့အာရှကာကွယ်ရေး၊ အရှေ့အာရှကာကွယ်ရေးဆိုတာ ဗမာပြည်ကာကွယ်ရေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင် နားလည်လာကြလိမ့်မယ်။ ဒီမူအတိုင်း ကျွန်တော်တို့ မလိုက်ဘူးဆိုရင်တော့ ကျွန်တော်တို့ဟာ ဗမာပြည်ကို တကယ်တမ်း ကာကွယ်နိုင်မယ် မဟုတ်ဘူး။ ပြီးတော့ မဟာအရှေ့အာရှ အတူကြီးပွားရေးနယ်ကိုလည်း ကျွန်တော်တို့ ထူထောင်နိုင်မယ်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ ဒီအချက်ကို ပြည့်စုံစွာ နားလည်ရမယ်။ ဒီအချက်ကို ကျွန်တော်ဆက်ပြီး ရှင်းပြဦးမယ်။

..................................................

စစ်တပ်များ လိုတယ်

ဗမာပြည်ကို ကာကွယ်ဖို့ ကျွန်တော်တို့ဟာ ဘာလိုသလဲ။ စစ်တပ်တွေ သေချာပေါက်လိုတယ်။ ဒီတပ်တွေထဲမှာ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေ ပါတယ်။ ကျွန်တော်တို့ စစ်တပ်လိုရင် ကျွန်တော်တို့မှာ လူတွေရှိရမယ်။ အဲဒီနောက် ဒီလူတွေကို ကျွေးဘို့၊ ထောက်ပံ့ဘို့၊ သူတို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ခန့်ခွဲပေးအပ်ဖို့ ကျွန်တော်တို့မှာ ငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ရှိရမယ်။ ဒီလိုအရာတွေ ကျွန်တော်တို့မှာ အလုံအလောက် ရှိပြီတဲ့လား။ ယခုခေတ် စစ်ပွဲတွေက ရှေးခေတ်က စစ်နဲ့မတူဘူး။ ရှေးခေတ်ကတော့ လူတထောင်လောက် စစ်မြေပြင်ဆင်းပြီး အမိန့်အတိုင်း တိုက်ရုံပဲ။ ဒီခေတ်ကတော့ ရှေ့တန်းစစ်မျက်နှာလွှတ်ဖို့ ကျွန်တော်တို့ လူတွေ အမြောက်အမြားရှိရမယ်။ လက်နက်ပေါင်း များစွာရှိရမယ်။ ပြည်သူလူထုကလည်း နောက်ပိုင်းကနေပြီး စစ်အသိ၊ စစ်သတိနဲ့ စစ်နိုင်ဘို့ ကိုယ်နဲ့သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရမယ်။ ဒီလိုအခြေအနေကို ကျွန်တော်တို့ ကြိုက်တာ၊ မကြိုက်တာက အကြောင်းမဟုတ်ဘူး။ ဒီအခြေအနေကို ကြည့်ပြီး ကျွန်တော်တို့ တွေးရမယ်၊ လုပ်ရမယ်။ ဒါမှ ကျွန်တော်တို့ အသက်ရှင်နေနိုင်မယ်။ ဒါကို ကျွန်တော်တို့ အမြဲသတိရှိ နေရမယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အခြေခံ အက္ခရာစဉ် စာလုံးတွေကို လေ့ကျက်သင်အံနေတဲ့ ကျောင်းသားဘ၀ ကလေးငယ်တစ်ယောက်နဲ့ တူတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗမာပြည် ကာကွယ်ရေးကို စီစဉ်ရင် ကျွန်တော်တို့ဟာ အက္ခရာစဉ်ကို လေ့ကျက်သလို ရှေ့တည့်တည့်ကိုလည်း ကြည့်ရမယ်။ နယ်စပ်ကို ကျော်လွန်ပြီး တရုတ်၊ အန္ဒိယ၊ ရှိုနန်၊ အန်ဒမန်၊ မလေးရှား၊ ယိုးဒယား၊ အင်ဒိုချိုင်းနား၊ အရှေ့အိန္ဒိယ ကျွန်းစု၊ သီဟိုဠ်၊ အာဖရိကတိုက်ရဲ့အရှေ့ကမ်းရိုးတန်း တလျှောက်ဖြစ်တဲ့ မာဒါးကားစကားကိုလည်း ကြည့်ရမယ်။ အဲဒီအခါ ကျွန်တော်တို့ဟာ အရှေ့အာရှအရိပ်ကို ခိုလှုံခြင်းမပြုဘဲ မစီစဉ်နိုင်ဘူးဆိုတာ တွေ့ရမယ်။ ပြီးတော့ ဗမာပြည်ရဲ့ ကာကွယ်ရေးဟာလည်း လုံလောက်တဲ့ ကာကွယ်ရေးလို့ မခေါ်နိုင်ဘူး။ ဒီနောက် တဖန် အရှေ့အာရှ ကာကွယ်ရေးမှာ ဗမာပြည်ရဲ့ ကာကွယ်ရေး၊ (တရုတ်-ဗမာ လမ်းမကြီး၊ ရှိုနန်ရေတပ် အခြေခံစခန်းနဲ့ ရေနံမြေများ အပါအ၀င်) မပါဘဲ ထွက်နေရင် ဒီအတွက် အရှေ့အာရှနဲ့ နိပွန်မှာ ဘယ်လို ထိခိုက်မယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်နိုင်ကြမယ်။ ဒါကြောင့် ဗမာပြည်ရဲ့ ကာကွယ်ရေးဟာ အရှေ့အာရှ ကာကွယ်ရေး ဖြစ်တယ်လို့ ကျွန်တော်ပြေခြင်းဖြစ်တယ်။

..................................................

တောင့်တင်းခိုင်မာတဲ့ ဗမာပြည် ဖြစ်ဖို့လိုတယ်

အရှေ့အာရှကာကွယ်ရေးနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ အချက် ၃ ချက် နားလည်ရမယ်။ အဲဒီအချက်တွေက ဘာတွေလဲ။ ပထမအချက်က မဟာအရှေ့အာရှ အတူကြီးပွားရေးနယ်အတွင်းရှိ နိုင်ငံအားလုံး တောင့်တင်းရမယ်။ ဒုတိယအချက်က အရှေ့အာရှထူထောင်ရေးနဲ့ အရှေ့အာရှကာကွယ်ရေးမှာ နိပွန်နိုင်ငံဟာ ခေါင်းဆောင်အနေနဲ့ အရေးကြီးအခန်းကနေ လုပ်ဆောင်နေတယ် ဆိုတာကို ကျွန်တော်တို့ အပြည့်အ၀ နားလည်ရမယ်။ ဒီအချက်ကတော့ အကျယ်ချဲ့ရှင်းပြနေစရာ မလိုဘူး။ အရှေ့အာရှ နင်းချေခံနေရတဲ့အချိန် အရှေ့အာရှဟာ ဥရောပထက် မသာလွန်နိုင်ဘူးလို့ အားလုံးကထင်နေကြတဲ့ အချိန်မှာ နိပွန်နိုင်ငံဟာ ရုရှ-နိပွန် စစ်ပွဲမှာ နိပွန်က အောင်ပွဲဆင်ပြီး ရှေ့တန်းတက်လာတယ်။ အဲဒီအချိန်ကစပြီး အရှေ့အာရှမှာ လျင်မြန်စွာ တိုးတက်လာပြီး ပြည်သူများလည်း နိုးကြားလာတယ်။ အိန္ဒိယနိုင်ငံဟာလည်း ဗမာပြည်လိုပဲ နိုးကြားလာတယ်။ ဒါဟာ ရန်သူများကို မောင်းထုတ်ရာမှာ နိပွန်ဟာ အရှေ့အာရှမှာ ခေါင်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်တချက် မဟုတ်လား။ ဒါ့ကြောင့် နိပွန်ဟာ အနာဂါတ်မှာလည်း ခေါင်းဆောင်ရမယ်။ တဖန် နိပွန်ဟာ အရှေ့အာရှနဲ့ အရှေ့ဘက် တံတိုင်းကြီးဖြစ်တယ်။ အပြောမဟုတ်ဘဲ အင်အားအတောင့်ဆုံး ကာကွယ်ရေးအဆင့်မျိုးဖြစ်ဖို့ အဲဒီလို စစ်ပရိယာယ် သဘောအားဖြင့် တံတိုင်းတစ်ခု ရှိဖို့လိုတယ်။ တတိယအချက်ကတော့ ဗမာပြည်ဟာ ဘာ့ကြောင့် အရှေ့အာရှမှာ အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်ဟာ အနောက်ဘက် တံတိုင်းဖြစ်လို့ဘဲ။ ဗမာပြည်ဟာ စစ်ပရိယာယ်အားဖြင့် အရေးကြီးတဲ့လမ်းတွေ၊ ရေတပ်အခြေခံစခန်းတွေနဲ့ ဆက်သွယ်နေတယ်။ တကယ်လို့ ဗမာပြည်ကျသွားရင် ကျန်တဲ့ အရှေ့အာရှနိုင်ငံတွေ ထိခိုက်ကုန်လိမ့်မယ်။ ဒါကြောင့် တောင့်တင်းတဲ့ ဗမာပြည် ဖြစ်ဘို့လိုတယ်။ ဗမာပြည်ဟာ မကြာခင် ဒီအဆင့်ကို ရောက်အောင်လုပ်ရမယ်။ ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ တခြားနိုင်ငံတွေထက် နှစ်ဆ၊ သုံးဆ ကြိုးစားကြရလိမ့်မယ်။ ကျွန်တော်တို့ ရှူံးရင် ကျွန်တော်တို့ အကုန်လုံး ပျက်သုဉ်းမှာဘဲ။

ဒီခေတ်ကြီးမှာ စစ်ပွဲတွေဟာ ရုတ်တရက် ပေါက်ကွဲလာနိုင်တယ်။ ထုံးစံအတိုင်း စစ်ကြေညာမှုတွေဟာ မရေရာဘူး။ ဒီတော့ လူ၊ လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အခြား စစ်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ အသင့်ရှိကြရမယ်။ ငြိမ်းချမ်းတဲ့ အချိန်မျိုးမှာတောင် ဒါတွေဟာ အသင့်ရှိထားဘို့ လိုတယ်။ စစ်ဖြစ်နေတဲ့ အချိန်မှာဆိုရင် ဘယ်လိုနှုန်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ဖြစ်နိုင်သလောက် ကြိုးပမ်းအားထုတ်ပြီး ဒါတွေလုပ်ကြရမယ်။ ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ကာလမှာတောင် အေးအေးဆေးဆေး ချောင်ချောင်ကလေး မနေနိုင်ဘူး။ ဒါ အမှန်ပဲ။ အချမ်းသာဆုံးဖြစ်တဲ့ အမေရိကန်နဲ့ အကြီးဆုံး အင်ပိုင်ယာရှင်ဖြစ်တဲ့ ဗြိတိန်တို့ဟာ အေးအေးဆေးဆေး လွယ်လွယ်ချောင်ချောင်ကလေး နေခဲ့ကြလို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျဆုံးခဲ့ကြရတယ်။ လက်တွေ့အားဖြင့် စက်မှုလက်မှုလုပ်ငန်းမရှိ၊ လူဦးရေ နည်းနည်းလေးရှိတဲ့ ဗမာနိုင်ငံလို နိုင်ငံငယ်လေးအဖို့ ကျွန်တော်တို့ အစွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ကြရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ကြရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဟာ တနည်းနည်းနဲ့ ကျဆုံးပျက်ဆီးခြင်းနဲ့ ရင်ဆိုင်ကြရမှာပဲ။

..................................................

အဓိက လုပ်ငန်း

ဒါကြောင့် ဗမာပြည်ရဲ့ အဓိကလုပ်ငန်းဟာ ကာကွယ်ရေး ပထမ၊ ကာကွယ်ရေး ဒုတိယနဲ့ ကာကွယ်ရေး နောက်ဆုံးဖြစ်တယ်။ ကာကွယ်ရေးကို အခြေခံပြီး ကျွန်တော်တို့တတွေ ဗမာနိုင်ငံတော်သစ်ကို တည်ဆောက်ကြရမယ်။ အဲဒီ့နောက် ဗမာပြည်ဟာ တောင့်တင်းခိုင်မာတဲ့ ပထမတန်းစား နိုင်ငံတနိုင်ငံ ဖြစ်လာမယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ ကျွန်တော်တို့ အမြဲတန်း ပျော်ပျော်ရွှင်ရွှင် ခံစားနေနိုင်ကြမယ်။ ဗမာပြည်ကို တည်ဆောက်နေတာ အုန်းပင်၊ ထန်းပင် စိုက်တာနဲ့ တူတယ်လို့ ကျွန်တော်တို့ နားလည်ကြရမယ်။ အုန်းပင်က အချိန်အကြာကြီး ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့နောက်မှ အကျိုးခံစားရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ငှက်ပျော်စိုက်သလို အချိန်တိုတိုလေးနဲ့ အသီးစားရတာ မဟုတ်ဘူး ဆိုတာလည်း ကျွန်တော်တို့ နားလည်ကြရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ကျွန်တော်တို့ သက်တမ်းအတွင်း အကျိုးခံစားရမှာ မဟုတ်ဘူးလို့ ထင်ရင်း လွယ်လွယ်ချောင်ချောင်လေး ဆက်နေကြမယ်ဆိုရင် ကျွန်တော်တို့ ရာဇ၀င်ကျွေးမကြေဘဲ ကျန်ရစ်မှာပဲ။ ဒီအတိုင်းလုပ်ရင်တော့ ဒုစရိုက် ၅ ပါး ကျူးလွန်သူများ ကမ္ဘာတည်သရွေ့ နောက်ဆုံးအချိန်အထိ အကုသိုလ်အပြစ်ဒဏ် ခံစားနေကြရသလို ရာဇ၀င်က ကျွန်တော်တို့ကို ဒဏ်ခတ်မှာပဲ။ ကျွန်တော်တို့ ဘယ်လိုလဲ။ ကျွန်တော်တို့လည်း အဂတိမလိုက်စားတဲ့ ရာဇ၀င်တရားခုံရုံးက ပြည်သူတွေကို ကျဆုံးပျက်ဆီးအောင် လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ အကုသိုလ် အပြစ်ဒဏ်ပေးတာ ခံရမှာပဲ။ ဒီတော့ ရာဇ၀င်မှာ ရဲရင့်တဲ့ ဗမာအမျိုးသားကြီးတွေအဖြစ် မခံယူနိုင်တဲ့ ဒီလိုအောက်တန်းကျတဲ့ လူတွေ အဖြစ်ခံမလား။ ရာဇ၀င်ကို အိုးမဲသုတ်တဲ့ အောက်တန်းကျတဲ့ အညံ့စားလူတွေ အဖြစ်ခံမလား။ ဗမာအမျိုးသားများ ဒါကို စဉ်းစားကြပါ။ ကျွန်တော်တို့ အခုလွတ်လပ်ရေး ရခဲ့ကြပြီ။ ရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တည်တန့်ခိုင်မြဲအောင် လုပ်ခြင်းဖြင့် ပျော်ရွှင်စွာ ခံစားဘို့ ကျွန်တော်တို့ ကြိုးစားကြရပေမယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...