" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မန်လည်ဆရာတော်ကြီး ရဲ့  ပညာအပေါင်း နှလုံးသာချို မောင်သာချို

ပညာပြည့်ဝ၊
နှလုံးလှသော် ကိစ္စကြီးငယ်၊
ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။
မဃဒေ၀ လင်္ကာသစ်ထဲက ကဗျာတစ်ပိုင်းတစ်စကို ကောက်နုတ်ဖော်ပြလိုက်ခြင်းပင် ဖြစ်ပါသည်။ ရေးဖွဲ့သူက မန်လည်ဆရာတော်ဘုရား။ "မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ နကိုသတ်ရုံပဲ" စသည့် ဆရာတော်ကိုယ်တိုင် ဖွဲ့ဆိုခဲ့သော ကဗျာအရ ငယ်နာမည် မောင်မာ ဆိုတာကတော့ ထင်ရှားပါသည်။ ငယ်နာမည်ကို "" သတ်လိုက်ရုံနှင့် မာန်ဖြစ်သွားမည်ဟု ဆိုသည်မဟုတ်ပါလား။ သည်တော့ ငယ်နာမည် မောင်မာ။
အဖ သစ်ကုန်သည် ဦးထင်ညိုနှင့် အမိ ဒေါ်ဖြေတို့က မန်လည်မြို့တွင် မွေးဖွားခဲ့သော ပုဂ္ဂိုလ်လည်းဖြစ်ပါသည်။ ရဟန်းအမည် ရှင်ဇ၀န။ မြန်မာနှစ် ၁၂၀၃ ခု မွေး၊ ၁၂၈၂ ခု ပျံလွန်တော်မူ။ သက်တော် ၇၉ နှစ်၊ ၀ါတော် ၅၆ ၀ါ။ ဆရာတော်က ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးတို့ကို မီလိုက်သူဖြစ်ရာ အင်္ဂလိပ်အစိုးရလက်ထက်၌ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို အဆက်ကပ် ခံတော်မူခဲ့ရသူလည်း ဖြစ်ပါသည်။ မဃဒေ၀လင်္ကာကတော့ ဆရာတော်၏ နာမည်ကျော်လက်ရာ။ အထက်တွင် ကောက်နုတ်ကိုးကား ဖော်ပြထားသည်က ထိုမဃဒေ၀လင်္ကာသစ်ထဲက။

(နှစ်)
ကဗျာစာသားကောက်နုတ်ချက်က ရှင်းပါသည်။ လောကကို အောင်မြင်ထိုးဖောက် ခရီးရောက်အောင် သွားနိုင်မည့် လူတစ်ယောက်တွင် နှစ်ခုလိုအပ်ပါသတဲ့။ တစ်ခုက ပညာ။ တစ်ခုက လှပသည့်နှလုံးသား။ ထိုနှစ်ခုပြည့်စုံလျှင် ကျွမ်းကျင်သော ဆောက်သမားက အကျဉ်း အကျယ်၊ အကြီး အငယ်ကို လိုသလို ထွင်းဖောက်ဖြတ်တောက်ကာ လိုရာပုံကို ရုပ်လုံးဖော်နိုင်သကဲ့သို့ ထိုပညာတတ်၍ စိတ်ထားလှသော လူကလည်း သူ့ဘ၀ရုပ်ပုံလွှာကို သူလိုသလို ထုဆစ်သွန်းဖွဲ့ နိုင်ပါလိမ့်မည်ဟု မန်လည်ဆရာတော်ဘုရားက ရေးဖွဲ့ထားခြင်းပင် ဖြစ်ပါသည်။
လောကုတ္တရာစာပေများနှင့်သာ နီးစပ်သော၊ နည်းပညာမထွန်းကားမီ ကုန်းဘောင်ခေတ်နှောင်းက ဗုဒ္ဓဘာသာ ရန်ဟန်းတစ်ပါးမျှသာဖြစ်သော မန်လည်ဆရာတော်ဘုရားလို ပုဂ္ဂိုလ်မျိုး၌ သည်လို ခေတ်မီအတွေးအမြင် ရှိနေတာက အံ့သြကြည်ညိုဖွယ် ကောင်းလှပါသည်။
လောက၌ ပညာတတ်ပြီး နှလုံးမလှတော့လည်း လိုရာမရောက်၊ စိတ်နေသဘောထား နှလုံးသားက လှပကာ ဘာပညာမှ မတတ်တော့လည်း ခရီးမတွင်။ ပညာ အပေါင်း နှလုံးသား ညီမျှခြင်း ဘ၀အောင်ပွဲ အယူအဆ။

(သုံး)
ကမ္ဘာကြီးကို လွှမ်းခြုံကြည့်လိုက်တော့ မန်လည်ဆရာတော်ဘုရား၏ ကဗျာစာသားထဲကအတိုင်းပင် ဖြစ်ပါသည်။
ဂျာမနီနိုင်ငံ၊ ဂူတင်ဘာ့ဂ်မြို့သား အယ်လ်ဘတ်အိုင်းစတိုင်း (Albert Einstein) ပညာဉာဏ်ထူးချွန်တာကတော့ လူတိုင်းသိပြီးသားပင် ဖြစ်ပါသည်။ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရ၊ ၂၀ ရာစု၏ စံပြလူသား (Man of the century for 20th century)။ E=mc2 ညီမျှခြင်း၏ ဖခင်။ ဒါက ပညာကိစ္စ။ ထို့ပြင် သူက နှလုံးသားလှလေသတဲ့။ အ၀တ်အစားကို ဘယ်တော့မှ တောက်တောက်ပြောင်ပြောင် ခန့်ခန့်ထည်ထည်နှင့် ကိန်းကြီးခန်းကြီး မ၀တ်။ အရိုးဆုံး၊ အစုတ်ချာဆုံး ၀တ်ဆင်သူ။ အစ္စရေးသမ္မတအဖြစ် ကမ်းလှမ်းလာသည်ကို ငြင်းဆန်သူ။ ဒေါ်လာ ၁၅၀၀ တန် ချက်လက်မှတ်ကို စာအုပ်ညှုပ်ဖို့လောက်သာ တန်ဖိုးထားသူ။ သည်လို စိတ်နေစိတ်ထား နှလုံးသားတွေနဲ့ ပညာမှာ သွားပေါင်းလိုက်တော့ အယ်လ်ဘတ်အိုင်းစတိုင်း ဆိုသည်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်သွားပါတော့သည်။
အိန္ဒိယနိုင်ငံတွင် ၁၁ ဆက်မြောက် သမ္မတအဖြစ် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်သွားခဲ့သော အဗ္ဗဒူလ်ကလမ် (Abdul Kalam) ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာသမား။ ဒုံးပျံအင်ဂျင်နီယာ။ Anna University Chennai တွင် Ph.D သင်တန်းတွေ ပို့ချပေးသူ။ သည်တော့ အဗ္ဗဒူလ်ကလမ်ဆိုတာ ပညာတတ်တစ်ယောက်။ သည့်နောက်မှာကတော့ သူ့စိတ်နေသဘာဝ နှလုံးသားဆိုင်ရာများ။ သူက ၂၀၀၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် သမ္မတအိမ်တော်ကဆင်း။ သူ့ဘ၀တစ်လျှောက်လုံးမှာ ဘာလက်ဆောင်ကိုမှမယူ။ သူ့ကိုယ်ပိုင်ပစ္စည်းက သူ့ကိုယ်ပိုင်ငွေကြေးနှင့် ၀ယ်ထားသည့် စာအုပ်များသာ။ သည်တော့ သည်ပညာတွေ၊ သည်နှလုံးသားတွေနှင့် အဗ္ဗဒူလ်ကလမ် အိန္ဒိယ မိုးကောင်းကင်မှာ ထွန်းတောက်နေတာ ဘာမှမဆန်း။
ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် (Microsoft) ကွန်ပျူတာကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) ကို ကြည့်လျှင်လည်း သည်အတိုင်းပဲ ဖြစ်ပါသည်။ သူက သူပိုင်ငွေ ဒေါ်လာ ၅၈ ဘီလီယံကို ပရဟိတကိစ္စများ ဆောင်ရွက်ရန် ကမ္ဘာကို လှူထားလေသတဲ့။
အင်္ဂလန်နိုင်ငံ၌ ဥပဒေပညာကို သွားသင်ခဲ့သူ မဟတ္တမဂန္ဒီ () ဆိုလျှင်လည်း သည်အတိုင်းပင် ဖြစ်ပါသည်။ သူက ရထားကို စတုတ္ထတန်း မရှိလို့ဟုဆိုကာ တတိယတန်းကနေ စီးလေသတဲ့။ တကယ့်ကို နိဝါတောစသမား။ ရထားပေါ်သို့အတက် ဖိနပ်တစ်ဖက် ကျွတ်ကျလေသောအခါ နောက်တစ်ဖက်ကို ထပ်ချွတ်ပစ်ချခဲ့ပြီး ကောက်ရသောသူ တစ်ရန်လုံးဖြစ်ပြီး စီးလို့ရသွားအောင် လုပ်ပေးခဲ့လေသတဲ့။ သူ့တရားက ခန္တီစတရား။ သူ့လမ်းစဉ်က အကြမ်းမဖက်လမ်းစဉ်။
ထို့အတူပင် သမ္မတ နောက်သက်တမ်းတစ်ဆက်ကို ငြင်း။ နိုင်ငံတော်ကပေးသည့် မာစီးဒီးကားကို ငြင်းသူ ဖိလစ်ပိုင် အမျိုးသမီး သမ္မတ ကိုရာဇန်အကွီနို (Corazan Aquino)၊ တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အကျဉ်းထောင်မှလွှတ်၊ ANC (African National Congress) ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေး၊ မင်ဒဲလား သမ္မတအဖြစ် အရွေးချယ်ခံရသည်ကို ကြည်ဖြူစွာ လက်ခံခဲ့သည့် လူဖြူသမ္မတ ဒီကလပ် () စသည် စသည်ဖြင့် ကမ္ဘာပေါ်မှာ သာဓက ထုတ်ပြစရာ လူပုဂ္ဂိုလ်တွေ အများကြီးမှ အများကြီးပဲ ဖြစ်ပါသည်။
သည်ပုဂ္ဂိုလ်တွေကို လေ့လာကြည့်သောအခါ ပညာဉာဏ်ကြီးခြင်း၌ နှလုံးသားအလှများက ပေါင်းစပ်ထားကြောင်း တွေ့နိုင်ပါလိမ့်မည်။ ထို့ကြောင့်လည်း ကမ္ဘာက လေးစားသောပုံရိပ်အဖြစ် ထုဆစ်နိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

(လေး)
"ပညာပြည့်ဝ၊ နှလုံးလှသော်" တဲ့။
လူဆိုတာ ပညာလည်း တတ်ပါမှ။ နှလုံးသားလည်း လှပါမှ။
သြော်... မန်လည်ဆရာတော်ဘုရား၏ ကမ္ဘာဆန်သည့် အတွေးအမြင်တစ်ရပ်ပဲ မဟုတ်ပါလား။
Look မဂ္ဂဇင်း၊ ဇွန်လ။

[မောင်သာချို၊ မဟာတံတိုင်းပေါ်ကကျော်၍ကြည့်ခြင်း၊ စာမျက်နှာ၊ ၁ မှ ၄]

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...