" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူထုစိန်ဝင်း လောကရဲ့ အမှန်ဆုံးတရား

လောကရဲ့ အမှန်ဆုံးဓမ္မတရား                                                                          လူထုစိန်ဝင်း


ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်းဆိုတာနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများအပြားရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်းဆိုတဲ့စံနှုန်း တူချင်မှတူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်းတူချင်မှ တူမယ်။ တစ်ကျောင်းတစ်ဂါထာ ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။ ဒီလိုကွဲပြားခြားနားတာတွေကို ကြည့်ပြီး စိတ်ပျက်စရာမလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက်အရ ကိုယ့်အတွက်အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုးဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုးတစ်ယောက်အဖြစ် နှစ်ပေါင်း၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

မကြုံဖူးလို့
ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာ အသက်ရှစ်နှစ်သားပဲ ရှိသေးတာဆိုတော့ ကိုလိုနီခေတ်အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေပြောတာလောက်ပဲ ကြားခဲ့ဖူးရတယ်။ ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီကိုတော့ ကောင်းကောင်းသိမီလိုက်တယ်။ အာဏာရပါတီက ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုး၊ ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ်က အာဏာရပါတီရဲ့အမတ်ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကားတာတွေလည်း ကြုံတွေ့ခဲ့ဖူးတယ်။

လိုလေသေးမရှိ
အဲဒီနောက်ခေတ်တွေမှာလည်း တရားဥပဒေစိုးမိုးရေး ချည့်နဲ့အားနည်းခဲ့တာပဲ တွေ့ရကြုံရတယ်။ အုပ်ချုပ်သူလူတန်းစားက သူ့အုပ်ချုပ်ရေးတည်မြဲဖို့ အတွက် တရားဥပဒေကို လိုသလိုအသုံးချသွားကြတယ်။ ဘယ်လိုအစိုးရမျိုးမဆို ရှိနေတဲ့တရားဥပဒေတွေကို လေးစားလိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ်ဆိုရင် ဘာမှကို ပြောစရာမရှိအောင် ကောင်းတဲ့အစိုးရမျိုးဖြစ်မှာသေချာတယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ တရားဥပဒေတွေဟာ အဘက်ဘက်ကလိုလေသေးမရှိအောင် ပြည်စုံတယ်လို့ ပြောနိုင်လောက်ပါတယ်။ အခုခေတ်ပြောဆိုနေကြတဲ့ လူ့အခွင့်အရေးတို့၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ဆိုတာတွေအတွက်လည်း အပြည့်အ၀ အာမခံချက်ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်တွေကို ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ ဥပဒေတွေလည်းရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေးမရှိလို့တောင် ဆိုနိုင်တယ်။

အုပ်စိုးသူများ အကျုံးမ၀င်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ဥပဒေတွေကို လူတွေက လေးစားလိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံအရပြောရမယ်ဆိုရင် ခေတ်တိုင်းခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများလိုက်နာဖို့အတွက်သာဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမ၀င်သလို သဘောထားကြတာပဲ တွေ့ရတယ်။ ဥပဒေကိုသာ အတိအကျ အမှန်အကန်လိုက်နာကြမယ်ဆိုရင် အကျင့်ပျက် ခြစားမှုတွေ အာဏာအလွဲသုံးစားပြုမှုတွေ များများစားစားရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ အကျင့်ပျက်ခြစားမှုတွေ များရတဲ့အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ်အသုံးချနေလို့ ဖြစ်ရတာပါ။

မီဒီယာဆိုတာ အစိုးရမိတ်ဆွေ
အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ တရားဥပဒေစိုးမိုးရေးခိုင်မာဖို့အတွက် အကောင်းဆုံးအာမခံချက်ကတော့ သတင်းမီဒီယာတွေလွတ်လပ်ခွင့်ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာဆိုတာ အစိုးရအတွက် အထူးအားထားရတဲ့ မိတ်ဆွေဖြစ်တယ်။ ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ်ဖော်ပြနေတာကြောင့် အစိုးရများအတွက် အများကြီး အထောက်အကူရစေတယ်။ ရှေးခေတ်ရှေးအခါက မင်းကောင်းမင်းမြတ်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာထွက်လေ့ရှိကြတယ်။ ၀န်ကြီး၊ ၀န်ကလေးတွေရဲ့ လျှောက်တင်မှုတွေနဲ့တင် ရောင့်ရဲ့နေလေ့မရှိကြဘူး။ မှူးကြီးမတ်ကြီးတွေ၊ ၀န်ကြီးဝန်ကလေးတွေဆိုတာက ဘုရင်အကြိုက်ကိုသာ လိုက်ပြီး သံတော်ဦးတင်လေ့ရှိကြတာမဟုတ်လား။

သနပ်ခါးလိမ်း၊ ပန်းပန်
အခုခေတ်တော့ သတင်းမီဒီဟာတွေက တိုင်းသူပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက်မှန်တွေကို အမြဲတမ်းရှာဖွေစူးစမ်းဖော်ပြနေတာဖြစ်လေတော့ အစိုးရများအနေနဲ့ ရုပ်ဖျက်စနည်းနာဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာတွေထက် စိတ်ချရပါတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာဆိုတာက သနပ်ခါးလိမ်းပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝဖြစ်တယ်။ သတင်းမီဒီယာကတော့ သနပ်ခါးလိမ်းထားတဲ့ သတင်းဖော်ပြလို့လည်း မျက်နှာကောင်းရစရာ အကြောင်းမရှိတော့ စိတ်မချစရာမရှိဘူး။

မီဒီယာကို ကူညီသင့်
အဲဒါကြောင့် သတင်းမီဒီယာဆိုတာ အစိုးရများအတွက် မိတ်ကောင်းဆွေကောင်းလို့ဆိုခဲ့တာဖြစ်တယ်။ ဒီအချက်ကို အစိုးရများ သဘောပေါက်နားလည်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးတိုးတက်အောင် ကူညီသင့်ပါတယ်။ သတင်းမီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်းတစ်ခုရဲ့  သင်္ကေတဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်းမီဒီယာကောင်းရှိနိုင်သလို သတင်းမီဒီယာကောင်းရှိမှလည်း အစိုးရကောင်းရှိနိုင်တယ်။ သတင်းမီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်အောင်လည်း ကူညီဆောင်ရွက်ပေးနိုင်တယ်။

အမှန်ဆုံးဓမ္မတရား
တိုင်းပြည်တစ်ပြည့်ကို ဘယ်စနစ်နဲ့ အုပ်ချုပ်အုပ်ချုပ် တရားဥပဒေစိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာခဲ့ပြီဖြစ်တာတောင် ငြိမ်းချမ်းမှုမရှိဘဲ ဆင်းရဲမှုချောက်ကမ်းပါးကြီးထဲက မတက်နိုင်အောင်ဖြစ်နေရတာဟာ အမှန်စင်စစ်တော့ တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ။ ကမ္ဘာပေါ်က ဆိုရှယ်လစ်နိုင်ငံတွေနဲ့ ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲသွားခဲ့ကြရတာလည်း မတ်(စ်)၀ါဒက မကောင်းလို့မဟုတ်ဘဲ အာဏာရှင်စနစ်ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ်ပြု ခဲ့ကြလို့ပဲဖြစ်တယ်။ တကယ်တော့ အာဏာရှင်စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒဟာလည်း အာဏာရှင်စနစ်မဟုတ်ပါဘူး။ တရားဥပဒေကို နင်းချေပစ်ပြီး ငါ တကောကောတဲ့ အာဏာရှင်တွေကြောင့် မတ်(စ်)၀ါဒ နာမည်ပျက်ရတာဖြစ်တယ်။ တရားဥပဒေကို နင်းချေပစ်ရင် ဘယ်လိုအစိုးရမျိုးမဆို ကျဆုံးရမှာပဲဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရားဖြစ်တယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...