မင်းသန်းထိုက်(ဒေးဒရဲ)
“သမိုင်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ အကြောင်းအရာလည်း မဟုတ်၊ လူတစ်စု၏ အကြောင်းအရာလည်း မဟုတ်ပေ။ သမိုင်းသည် လူသားတစ်ရပ်လုံး၏ အကြောင်းအရာဖြစ်သည်”
အထက်ပါ စကားစုတို့မှာ ဒသမတန်း မြန်မာ့သမိုင်းစာအုပ် အမှာစာမှဖြစ်သည်။ သို့နှင့်တိုင် အချို့သောဖြစ်ရပ်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များက ၀ိဝါဒကွဲလွဲနေဆဲ။
သာဓကအားဖြင့် မှန်နန်းမဟာရာဇ၀င်က ကျန်စစ်သားကို အနော်ရထာ၏သားဟု ဆိုသည်။ သမိုင်းသုတေသီ တင်နိုင်တိုးက ဇာတာတော်ပုံရာဇ၀င်အရ အနော်ရထာသည် ၃၇၆ ခုဖွားဖြစ်၍ ကျန်စစ်သားကို ၃၉၂ ခုဖွား ဖြစ်သဖြင့် ၁၆ နှစ်သာကွာသည်။ အနော်ရထာ ၁၆ နှစ်သားအရွယ်၌ ကျန်စစ်သားကို ဖွားပြီးဖြစ်ရလိမ့်မည်။ သို့သော် အနော်ရထာသည် အသက်(၃၀)အရွယ်ကျမှ မင်းဖြစ်ကာ ဝေသာလီပြည်မှ ဆက်သဘော ပဉ္စကလျာဏီမင်းသမီးနှင့် လက်ဆက်ခြင်းဖြစ်၏။ ထို့ကြောင့် ကျန်စစ်သားသည် အနော်ရထာနှင့် ပဉ္စကလျာဏီတို့မှ မွေးဖွားခြင်းမဟုတ်ဟု စိစစ်ပြထားသည်။
ထို့အတူ ပုဂံပျက်အပြီး ရှမ်းညီနောင်သုံးဦးတို့ တည်ထောင်ခဲ့သော ပြည်ငယ်များကို မှန်နန်းရာဇ၀င်နှင့် ဦးကုလားရာဇ၀င်တို့က မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဟု ဆိုကြသည်။ သို့သော် တက္ကသိုလ်ဝင်တန်း ကဗျာလက်ရွေးစင်၊ မြင်စိုင်းရွှေပြည်ကဗျာ မိတ်ဆက်၌မူ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယဟု ဆိုထားပြန်သည်။ မည်သူမှန်၍ မည်သူမှားလေသနည်း။ အမတ်ကြီးဗညားဒလ စီရင်သော ရာဇဓိရာဇ်အရေးတော်ကျမ်း၌ မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သူကြီး ဂါမဏိတို့ အင်းဝမြို့၌ မြင်းစီးချင်း တိုက်ကြသည်ဟု ဆိုသည်။ သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်းကမူ “သမိန်ဗရမ်းနဲ့ ဂါမဏိ၊ သမိန်ဗရမ်းနဲ့ စလုံကျော်ခေါင်၊ ဇာတ်လမ်းနှစ်ပုဒ်ဟာ တကယ်ဟုတ်ပါ့မလား”ဟု သံသယနှင့် ဆိုထားပေသည်။ (ဒေါက်တာသန်းထွန်း-မြန်မာသမိုင်းအတိုအထွာ-ကံ့ကော်မြိုင်စာပေ-၂၀၁၁)
လွန်ခဲ့သော အနှစ် ၆၀ ကျော် ၇၀ နီးပါးက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များက စာအုပ်တစ်အုပ်နှင့်တစ်အုပ် မတူကွဲပြားနေသည် ဆိုလျှင်တော့ ယခုလို သမိုင်းလက်လှမ်းမီဆဲ ကာလ၌ ဘယ်ဟာအမှန်ဆိုတာ ညှိနှိုင်းစိစစ် အတည်ပြုပေးဖို့ လိုသည်ဟု ကျွန်တော်ထင်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့၊ စာပေချစ်သူများအဖွဲ့က ဦးစီးတည်ထောင်ထားသော အလင်းတံခါး စာဖတ်ခန်းအင်အားစုက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းများ ပါဝင်သော လက်ကမ်းစာစောင်တစ်ခု ထုတ်ဝေခဲ့သည်။ ရည်ရွယ်ချက်ကား တိုင်းပြည်အပေါ် ကျေးဇူးရှိခဲ့သော အာဇာနည်ကြီးများ အကြောင်းကို ယနေ့ခေတ် ကျောင်းသားလူငယ်လေးများ သိရှိကာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေလို၍ ဖြစ်သည်။ သည်လက်ကမ်းစာစောင်ကို ကျွန်တော်ပင်တာဝန်ယူ၍ စီစဉ်ရသည်။ ကျွန်တော်လည်း လက်လှမ်းမီရာ ကျွန်တော့် စာအုပ်စင်ပေါ်မှ စာအုပ်များနှင့်ပင် အလွယ်တကူ ကိုးကား၍ အာဇာနည်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းကို ပြုစုလိုက်သည်။ သည်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိ၌ ဘီအိုင်အေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၁ ဒီဇင်ဘာဟုလည်းကောင်း၊ ဘီဒီအေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၂ သြဂုတ်လဟုလည်းကောင်း ထည့်လိုက်သည်။ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်မှာ “ဖိုးအောင်လေးပြုစုသည့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း” စာပေဗိမာန် ၂၀၀၄ ဖြစ်သည်။
ထိုလက်ကမ်းစာစောင် ထုတ်ဝေပြီး နောက်တစ်နေ့၌ပင် စာပေမိတ်ဆွေတစ်ဦးက ကျွန်တော့်ထံ စာဖြင့်အကြောင်းကြားလာသည်။ ဘီဒီအေဖွဲ့စည်းသည့် ခုနှစ်၊ လတို့ မှားယွင်းနေကြောင်း၊ ဘီဒီအေအဖြစ် ပြောင်းလဲဖွဲ့စည်းသည့်နှစ်မှာ ၁၉၄၃ ခု ဇူလိုင် ၂၇ ရက်ဖြစ်ကြောင်း အောင်သန်း၏ အောင်ဆန်းစာအုပ်မှ ထိုအကြောင်းပါသော စာမျက်နှာကို မိတ္တူဆွဲလျက် သက်သေအဖြစ် ထည့်ပေးလိုက်သည်။ ထိုမိတ်ဆွေ၏ စာကိုဖတ်ပြီး ကျွန်တော် အတော်ပင် ခေါင်းကြီးသွားသည်။ လက်ကမ်းတွေကလည်း ဝေပြီးပြီ။ မှားသွား၍ ကိုယ်သိက္ခာကျမှာထက် ကလေးတွေ အမှတ်မှားသွားမှာ စိုးရိမ်သည်။ ဒါနဲ့ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်ကို ပြန်ယူကြည့်တော့လည်း ကျွန်တော်မမှား။ ဘီဒီအေ စဖွဲ့စည်းသည့်နေ့ကို ၂၆ သြဂုတ် ၁၉၄၂ ဟုပင် ပြထားသည်။ ၂၇ ဇူလိုင် ၁၉၄၂ ကို ဘီအိုင်အေ ဖျက်သိမ်း၍ ဘီဒီအေစစ်ဌာနချုပ် (ဗဟိုစစ်ရုံးချုပ်)ကို ပျဉ်းမနား၌ ဖွင့်လှစ်သော ရက်စွဲအဖြစ် ပြထားသည်။ အောင်သန်း၏ အောင်ဆန်းစာအုပ်ပါ ဘီဒီအေပြောင်းလဲဖွဲ့စည်းသည့် ရက်စွဲနှင့် ရက်၊ လတို့တူပြီး ခုနှစ်မတူ။
ကျွန်တော့်စိတ်ထဲမှာ ဘ၀င်မကျ။ ဘာဖြစ်လို့ ဒီသမိုင်းနီးနီးကလေးက နှစ်မျိုးဖြစ်ရမှာတုံး။ တခြားစာအုပ်တွေမှာရော ဘယ်လိုရေးကြသလဲ။ သိချင်လာသည်။ ဒါနဲ့ စာဖတ်ခန်းရော၊ ကျွန်တော့် စာအုပ်စင်မှာပါရှိသည့် လက်လှမ်းမီရာ သမိုင်းစာအုပ်များကို ရှာဖွေဖတ်ကြည့်တော့မှ ပို၍ပင် ရင်မောရတော့သည်။
“၁၉၄၂ ခု ဇူလိုင်လ ၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်” (ဒသမတန်း မြန်မာ့သမိုင်း ကျောင်းသုံးစာအုပ် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်)
“၁၉၄၂ ဇူလိုင်လတွင် ဂျပန်အာဏာပိုင်တို့က တပ်ဖွဲ့ဝင်ဦးရေ နှစ်သောင်းငါးထောင်ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းလိုက်သည်။ ဤသို့
အင်အား ၂၅၀၀၀ ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အား ၃၀၀၀ မျှသာရှိသော ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရတော့သည်” (မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း-တက္ကသိုလ်စိန်တင်-အားမာန်သစ်စာပေ ၂၀၀၈ နိုဝင်ဘာ ပထမအကြိမ်)
“၁၉၄၂ ဇွန် ၂၇၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပျဉ်းမနားမြို့၌ ပြန်လည်ဖွဲ့စည်းသည်” (နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ သန်းဝင်းလှိုင်၊ ကံ့ကော်ဝတ်ရည်စာပေ၊ ၂၀၀၉ မေ ပထမအကြိမ်)
“၁၉၄၂ ခု ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ (BDA)ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army)ကို ပြန်လည်ဖွဲ့စည်းသည်။ (မူရင်းအတိုင်း) (ကိုလိုနီခေတ် မြန်မာစာပေသမိုင်း၊ မောင်ခင်မင်၊ ဓနုဖြူ၊ စိတ်ကူးချိုချို အနုပညာ၊ ၂၀၁၀ မတ် ပထမအကြိမ်)
“လွတ်လပ်ရေးရပြီး လွတ်လပ်ရေးတပ်မတော် ထားရန်မလို၊ ကာကွယ်ရေးတပ်သာ ထားရန်လိုသည်ဟု အကြောင်းပြကာ ၁၉၄၃ ခု ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲ၍ တပ်သားဦးရေကိုလည်း သုံးထောင်ထိ လျှော့ချလိုက်လေသည်” (အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၅ ဇူလိုင် ၁၉)
ကျွန်တော်၏ လက်တစ်ကမ်းတွင်ရှိသော စာအုပ်များကို မွှေနှောက်ကြည့်လိုက်သည်နှင့်ပင် ရက်စွဲများက တစ်အုပ်တစ်မျိုး ဖြစ်နေသည်။ ဘီဒီအေဖွဲ့စည်းသည့် ကိစ္စတစ်ခုတည်း၌ပင် ဤမျှကွဲလွဲနေလျှင် အခြားကိစ္စများ၌လည်း ကွဲလွဲချက်များ ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ နောင်လူငယ် မျိုးဆက်များအတွက် အငြင်းပွားစရာ ဖြစ်လာနိုင်သည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံကိုထား။ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းရက်စွဲများကတော့ ကွဲလွဲမှုမရှိ တူညီသင့်သည်ဟု ထင်သည်။ မကြာမီ ဗိုလ်ချုပ်မှတ်တမ်း ရုပ်ရှင်လည်း ရိုက်ကူးတော့မည် ဖြစ်သည်။ ဘယ်ရက်စွဲကို အမှန်ယူမလဲ စဉ်းစားစရာ ဖြစ်လာခဲ့ပြီ။ အကောက်အယူ မှားခဲ့သော် ဖန်တီးသူတို့ ကြိုးစားဖန်တီးရကျိုးမနပ် ဖြစ်လိမ့်မည်။
သမိုင်းဆိုင်ရာ စာအုပ်စာတမ်းနှင့် ဆောင်းပါးများ ရေးသားသူတို့သည် သမိုင်းထဲတွင် တကယ်ဖြစ်ပျက်ခဲ့သည့် ရက်စွဲများနှင့် မကွဲလွဲအောင် စနစ်တကျ လေ့လာပြီးမှ ရေးသားစေချင်သည်။ သမိုင်းပညာရှင်ကြီးများ စုပေါင်းပြုစုထားသော “မြန်မာ့ရက်စဉ်သမိုင်း” ကဲ့သို့သော စာအုပ်မျိုးလည်း ရှိပြီးဖြစ်ရာ ပြုစုသူ ပညာရှင်တို့၏ ပညာဂုဏ်ကို ထောက်ချင့်၍ ကိုးကားထိုက်သည်ဟု ထင်ပါသည်။ မြန်မာ့သမိုင်းကို လေ့လာဖတ်ရှုကြမည့် အနာဂတ်မျိုးဆက်များအတွက် သမိုင်းထဲက ရက်စွဲတွေ အကွဲကွဲအလွဲလွဲ မဖြစ်စေချင်ပါလေ။ ။

No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com