ဗိုလ်ချုပ်အောင်ဆန်း အိမ်သို့ (မင်းယုဝေ)
================
ရန်ကုန်မြို့ တာဝါလိန်း အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင် ခဲ့သော အိမ်ကို ယဉ်ကျေးမှုဌာနက ‘ဗိုလ်ချုပ်အောင်ဆန်းပြတိုက်’ အဖြစ် ဖွင့်လှစ်ထားသည်။
ထို့ကြောင့် ရုံးအားရက် တရက်တွင် ကျနော်သည် ဗိုလ်ချုပ်အိမ်သို့ သွားရောက် ကြည့်ရှုမိသည်။
ဗိုလ်ချုပ်အိမ်သည် ကျယ်ဝန်းသော ခြံဥယျာဉ်ထဲရှိ တောင်ကုန်းငယ်ပေါ်တွင်
တည်ရှိသည်။ ခြံဥယျာဉ်သည် သစ်ပင်ပန်းမန်များဖြင့် ဝေေ၀ဆာဆာရှိ၏။ အိမ်မှာလည်း
ခန့်ညားလှပပေ၏။ ဗိုလ်ချုပ်သာ အသက်ထင်ရှားရှိလျှင် သည်ခြံသည်အိမ်ကို
ကြည့်ရသည်မှာ ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာ ကောင်းပေမည်။ ယခုကား လွမ်းစဘွယ်
ကောင်းနေပေတော့သည်။
သည်အိမ်တွင် ဗိုလ်ချုပ်သည် ဇနီး သားသမီးများနှင့် အတူ
၂နှစ်ကျော်နေထိုင်ခဲ့သည်။ ၁၉၄၅ခု မေလမှ ၁၉၄၇ခု ဂျူလှိုင်လ ကွယ်လွန်ချိန်အထိ
နေခဲ့သည်။ အိမ်သည် နှစ်ထပ်အိမ်ဖြစ်သည်။ အောက်ထပ်တွင် ဧည့်ခန်းနှင့်
ထမင်းစားခန်းရှိသည်။ အထက်ထပ်တွင် ကလေးအိပ်ခန်း၊ အထူးစည်းဝေးခန်း၊
စာဖတ်ခန်း၊ အိမ်ခန်း၊ ဘုရားရှိခိုးခန်းတို့ရှိသည် ။ သည်အခန်းတို့ကို ဗိုလ်ချုပ်နေထိုင်စဉ်က အတိုင်းပင် အိမ်ထောင်ပရိဘောဂ ပစ္စည်းပစ္စယအစုံအလင်ဖြင့် လက်ရာခြေရာမပျက် ထားရှိပေသည်။
ရှေးဦးစွာ အောက်ထပ်ရှိ ထမင်းစားခန်းကို ကျနော်ဝင်ကြည့်သည်။ အခန်းအလယ်တွင်
အရှင်ကင်းမဲ့နေသော စားပွဲရှည်တလုံးနှင့် ကုလားထိုင်များကို တွေ့ရသည်။
သည်စားပွဲတွင် တခါက ဗိုလ်ချုပ်သည် ဇနီး သားသမီးစုံစုံလင်လင်ဖြင့်
စားသောက်ခဲ့ပေသည် တကား။
သည်စားပွဲကို တွေ့ရသောအခါ ထမင်းစားပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောစကားကို
ကြားယောင်မိသည်။ ဂျာပန်ခေတ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုရန်
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော်၊ သခင်မြတို့ ဂျပန်ပြည်သို့
သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် သူတို့ကို
ကုန်သည်ကြီးများအသင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းကျွေးမွေးကြသည်။
ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက ‘ကျနော် ထမင်းစားပွဲ၊ ဧည့်ခံပွဲများကို တက်ရန်
ဝါသနာမပါခဲ့ပါဘူး။ အခုမနေသာလို့ တက်ရောက်ပါတယ်။ ကျနော် ဒီထမင်းကို
မစားသင့်ဘူး။ ဒီထမင်းကို စားလောက်အောင် မြန်မာပြည် အတွက်ရော၊
မြန်မာလူမျိုးအတွက်ရော ကျနော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူး’ ဟု ပြောခဲ့သည်။
ထို့ပြင် ကျနော်သည် အစားအသောက်နှင့် ပတ်သက်၍ ရိုးသားလှသော သူ့စိတ်ဓာတ်ကို
ဖော်ပြသည့် စာကလေးတစောင်ကိုလည်း အမှတ်ရမိသည်။ ထိုစာမှာ ဗိုလ်ချုပ်က
ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံ ပေးသောစာဖြစ်သည်။ စားပွဲတွင် ‘ကြည်။ ပဲပြုတ်နှင့်
နံပြားရရင် စားချင်တယ်’ဟု ရေးထားလေသည်။
ထို့နောက် ဧည့်ခန်းကို ကျနော်ဝင်ကြည့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တနိုင်ငံလုံး၊ တမျိုးသားလုံး၏ ခေါင်းဆောင်ကြီးဖြစ်သည့်ပြင်၊ ကမ္ဘာသိခေါင်းဆောင်လည်းဖြစ်သ ည်။ သို့ရာတွင် သူ့အိမ်အိပ်ခန်းကား ၀င့်ကြွားထယ်ဝါခြင်းမရှိ။ သူလိုငါလို လူတန်းစားတဦး၏ ဧည့်ခန်းမျိုးပင်ဖြစ်သည်။
ဧည့်ခန်းတွင် ဗိုလ်ချုပ်၏ ဓာတ်ပုံကြီးများကို ချိတ်ဆွဲထား၏။
ယင်းတို့အထဲတွင် ဂျင်းဖော အ၀တ်အစားဖြင့် ဗိုလ်ချုပ်ပုံသည်၎င်း၊
တိုင်းရင်းသားလူမျိုးများဖြ င့် တွဲရိုက်ထားသော ဗိုလ်ချုပ်ပုံသည်၎င်း အပေါ်လွင်ဆုံးဖြစ်သည်။ သည်ပုံများကို မြင်ရသောအခါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို
ဦးစားပေး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော သူ၏ ကြိုးပမ်းမှုတို့ကို ပြန်လည်
သတိရမိ၏။ ‘မြန်မာက တမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်တို့က
တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြရင်
အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။
လုပ်ကြည်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်’ ဟူ၍ သူပြောခဲ့သည့် စကားတို့ကို
ကြားယောင်မိလေသည်။
အောက်ထပ်ကို ကြည့်ရှုပြီးသော အခါ အထက်ထပ်ကို ကျနော်တက်ကြည့်သည်။ ရှေးဦးစွာ
အထူးအစည်းအဝေးခန်းကို ၀င်ကြည့်သည်။ သည်အခန်းကား ရာဇ၀င်တွင်မည့် အခန်းတည်း။
ဗိုလ်ချုပ်သည် လုပ်ဖော်ကိုင်ဖက်များနှင့်အ တူ
သည်အခန်းတွင်း၌ ခေါင်းချင်းဆိုင်လျက် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ရန်
လျှို့ဝှက်သောကိစ္စများကို တိုင်ပင်ခဲ့သည်။ အရေးကြီးသော
ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
သည် အစည်းအဝေးခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ကလေးများအိပ်ခန်းပင်၊ ထိုအခန်း အလယ်တွင် ကလေးကုတင်သုံးလုံးစီးတန်းထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်၏သားနှစ်ယောက်နှင့်
သမီးငယ်တို့ အိပ်စက်ကြသော ကုတင်များဖြစ်သည်။ သားသမီးသုံးဦးအနက် ယခုအခါ
နှစ်ဦးသာ ကျန်တော့သည်။ ဒုတိယသား အောင်ဆန်းလင်းသည် ၁၉၅၃ခုတွင်
အိမ်ရှေ့ရှိရေကန်ငယ်၌ ရေနစ် ကွယ်လွန်ခဲ့ရှာလေပြီ။
ကလေးငယ်များ၏ ကုတင်ကလေးများကို ကြည့်ကာ ကျနော်သည် ဗိုလ်ချုပ်၏
ဘ၀ကိုတွေးတောမိသည်။ သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာ လုံးပန်းနေရသဖြင့်
မိသားစုအရေးကို မကြည့်နိုင်ရှာခဲ့ပေ။ မကွယ်လွန်မီ သုံးလခန့်က အပါးတော်မြဲ
ဗိုလ်ထွန်းလှအား ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မယ်၊
ခပ်အေးအေး စာကလေးရေးစားရင်း ငါ့အိမ်ထောင် နောင်ရေးအတွက်
ဂရုစိုက်စီစဉ်ရအုံးမယ်’ ဟု ပြောပြခဲ့လေသည်။ သို့သော် သူကား သူ့အိမ်ထောင်
နောင်ရေးအတွက် မဆောင်ရွက်နိုင်မီ ကွယ်လွန်ခဲ့ရှာသည်တကား။
ထို့နောက် ကျနော်သည် ကလေးအိမ်ခန်းမှ ထွက်ခွာလျက် ဗိုလ်ချုပ်နှင့် ဇနီးဒေါ်ခင်ကြည့်တို့၏ အိမ်ခန်းသို့ ၀င်ကြည့်ခဲ့သည်။
နိုင်ငံအထွတ်အထိပ်ခေါင်းဆော င်ကြီး၏
အိပ်ခန်းဆိုသော်လည်း ပိုး ဖဲ၊ ကတ္တီပါ အဖိုးတန်းများဖြင့် တခမ်းတနား
ခင်းကျင်းထားသည်မဟုတ်။ ရိုးရိုးနေ၊ ရိုးရိုးထိုင်၊ ရိုးရိုးစားသော
သာမန်ဇနီးမောင်နှံနှစ်ဦး၏ အခန်းမျိုးသာဖြစ်သည်။ အရှင်မဲ့နေသော
နှစ်ယောက်အိပ်ကုတင်တလုံးနှင့်
အ၀တ်ဘီဒို နှစ်လုံးသည် ငြိမ်ဆိတ်လျက်ရှိသည်။ ဘီဒိုနှစ်လုံးထဲ၌ ဗိုလ်ချုပ်၏
အ၀တ်အစားအနည်း ငယ်ကိုသာ တွေ့ရသည်။ စင်စစ် ထို့ထက်ပို၍လည်း
အ၀တ်အစားမရှိရှာပေ။ ထိုအိပ်ခန်းအထက်ထပ် အထပ်ခိုးတွင် ဘုရားစင်ထားသည်ကို
တွေ့ရသည်။ ဗိုလ်ချုပ်သည် ဘာသာရေးကို ပစ်ပယ်သူမဟုတ်၊
ဗုဒ္ဓဘာသာဝင်တဦးဖြစ်ကြောင်း ဖော်ပြသကဲ့သို့ ရှိနေသည်။
အိပ်ခန်းနှင့် ကပ်လျက်ရှိသော အခန်းကား ဗိုလ်ချုပ်၏ စာကြည့်ခန်းတည်း။
စာအုပ်ဘီဒိုများထဲတွင် စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ
စသည်ဖြင့် စာအုပ်မျိုးစုံကိုတွေ့ရသည်။ ဗိုလ်ချုပ်ကား
စာအလွန်ဖတ်သူဖြစ်သည်။ ဆောင်းပါး ၀တ္တု ကျမ်းအမျိုးမျိုးအပြင် ကဗျာများကိုပါ
အထူးလေ့လာဖတ်ရှု သူဖြစ်သည်။ ဖတ်ရှုသော ကဗျာများအနက်အင်္ဂလိပ်ကဗျာဆရာ ဟင်နလေ၏
ကဗျာတပုဒ်ကို သူအလွန်စွဲမက်သည်။ ထိုကဗျာကို မကြာခဏဖတ်ရွတ်သည်။ ကျနော်သည်
သူ့စာအုပ်များကိုကြည့်ရာမှ နှစ်သစ်သည့် ထိုကဗျာပါ အောက်ပါစာပိုဒ်ကလေးကို
အထူးသတိရနေမိသည်။
‘ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ သို့သော ညွတ်ကား မညွတ်’
ထို့ပြင် ကျနော်သည် စာဖတ်ခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ အမြင်ကို
ဆင်ခြင်မိပြန်သည်။ ဗိုလ်ချုပ်က သူ့ဆောင်းပါးတစောင်တွင် ‘ယခု
ကမ္ဘာပေါ်မှာရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောက၏ အကြောင်းကို
အမျိုးမျိုးမှတ်သားချက်များ သာ
ဖြစ်ပေသည်။ ထိုမှတ်သားချက်များကို ရေးသူများ၏ အာဘော်၊ ၎င်းတို့ရေးရာ ဒေသ၊
ရေးသည့် အချိန်ကာလစသည်ကို ကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင်
သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်’ ဟူ၍ ရေးသားခဲ့ဘူးလေသည်။
စာအုပ်ဘီဒိုများအနီးတွင် ဗိုလ်ချုပ်၏ စာရေးစားပွဲလည်း ရှိသည်။
ဗိုလ်ချုပ်သည် စာဖတ်ဝါသနာ ပါသည့် နည်းတူ စာရေးလည်း အလွန်ဝါသနာပါသည်။
စာရေးရာ၌ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ
ထိမိပိုင်နိုင်စွာ ရေးသားနိုင်သည်။ မြန်မာပိုင် အင်္ဂလိပ်သတင်းစာ
‘နယူးဘားမား’ တွင် အချိန်ပိုင်း အယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်စဉ်က
ရေးခဲ့သော ခေါင်းကြီးများမှာ ထင်ရှားသည်။ ဒဂုန်မဂ္ဂဇင်း၌ ရေးခဲ့သော
ဆောင်းပါးများမှာလည်း အထူးထင်ရှားလှသည်။
ဤသို့လျှင် ကျနော်သည် ဗိုလ်ချုပ်အိမ်ရှိ အခန်းစုံကို တခန်းဝင်
တခန်းထွက်ကြည့်ရင်း ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုးတွေးတော
အောက်မေ့မိသည်။ နေစောင်းလာသော အခါ ကျနော်သည် ဗိုလ်ချုပ်အိမ်မှ
ဆင်းသက်ထွက်ခွာလာခဲ့သည်။ သို့ထွက်ခွာလာစဉ် ဗိုလ်ချုပ်၏ စေတနာကို
မြတ်နိုးမိသည်။ ဗိုလ်ချုပ်၏ ကြိုးပမ်းမှုကို ချီးကျူးမိသည်။ ရိုးသားလှသော
ဗိုလ်ချုပ်၏ အနေအထိုင် အမူအရာကို လေးစားမိသည်။ ဗိုလ်ချုပ်၏ စိတ်ဓာတ်ကို
အားကျမိသည်။ ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ ကောင်းလေစွ။
မင်းယုဝေ (အလယ်တန်း စကားပြေလက်ရွေးစင်မှ…)
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
==================
‘ဗမာအက၊
ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။
အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊
ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။
ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ်
စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို
ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို
ဆက်စပ် တွေးတောနေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသမိုင်း
==================
စာရေးဆရာကြီး ဒဂုန်တာရာက
သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း
(သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။
ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး
အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ
နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ
နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊
သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ
ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’
ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း
ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။
ထို့အပြင် အလင်္ကာကျော်စွာ
မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း
နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ
လှေစီးနေစဉ် ‘လှေကလေးကို လှော်မည်
… ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏
သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည်
တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ
အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။
ဗိုလ်ချုပ်အောင်ဆန်းသမိုင်း
ဒုတိယကမ္ဘာစစ်ပြီးခေတ်
============
============
ဗြိတိသျှများ
ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက်
ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ်
အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ
ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက်
တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင်
ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ
မျိုးချစ်ဗမာ့တပ်မတော်သားများအား
ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။
စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ်
ဗိုလ်ချုပ်အောင်ဆန်း၏အုပ်ချုပ်မှုအောက်တွင်
အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ
စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက
မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။ ဗိုလ်ချုပ်အောင်ဆန်းအား
ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း
အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ်
ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော
အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက်
ခန့်အပ်ခြင်းခံရသည်။ စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ
ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက်
ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့်
မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့်
ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’
ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။ ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့်
အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့
အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို
အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ
တို့ကို ထုတ်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ်
လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ
ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည်
လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း
သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ
ရယူပေးခဲ့သူ ဖြစ်လာတော့သည်။ နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ်
သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို
လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန်
အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို
အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည်
အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း
ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အချို့က သူ့အား
ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့်
ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု
နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည်
ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး
ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့်
အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်
ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ
ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် သက်သေအဖြစ်
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည်
တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆
နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ
`ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။
လွတ်လပ်ရေး မရမီ
လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး
ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။ လုပ်ကြံမှုမှာ သူ၏
ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏
တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ်
တာဝန်ထမ်းဆောင်နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သ ဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသမိုင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ
===================
ဗိုလ်ချုပ်အောင်ဆန်းသမိုင်း
===================
ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး
၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော
ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က
အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏
အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း
ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊
ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင်
တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ
အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း
လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊
မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ
ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏
စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ
လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည်
ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ
ဝိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက်
လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍
ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့်
တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို
လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို
တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသမိုင်း
ဗိုလ်ချုပ်၏ ဈာပန အခမ်းအနားမြင်ကွင်းမှတ်တမ်း ဓါတ်ပုံ
မိမိတိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ကြသော အာဇာနည်များအား လေးစားဂုဏ်ပြုပါသည်။။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com