" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သခင်အောင်ဖေ ( မိုးကိုဒူးနှင့် တိုက်ရဲလျှင် )

မိုးကို ဒူးနှင့် တိုက်ရဲလျှင်

(က)

လွန်ခဲ့သည့် ၁၂ နှစ်ကျော်ကျော်မှာ သခင်အောင်ဖေ ဦးစီးထုတ်ဝေသည့် ‘မိုး’ ဂျာနယ်များအား ဖတ်မိသည့် အချိန်တိုင်း…. ပထမဦးစွာ အမေလူထုဒေါ်အမာ ရေးသည့် ….“သခင်အောင်ဖေရေ…” ဟူ၍ အစချီထားသည့် ဆောင်းပါးနှင့် ပြီးလျှင်… စာမျက်နှာချင်း ကပ်လျက်တွင်ပင် ပါရှိသည့် …သခင်အောင်ဖေ၏ “ဒီလိုပြောချင်သည်” ဟူသည့် ဆောင်းပါး ၂ ပုဒ်အား လှန်လှော၍ ဖတ်မိသည်ပင်….။ ထိုစဉ်က …‘မိုး’ ဂျာနယ်၏ Editorial သည် နိုင်ငံရေးနှင့် နိုင်ငံရေးသိပ္ပံဆိုင်ရာ အကြောင်းအရာများအား တို့ထိ၍ နိမိတ်ပုံများဖြင့် …ရသမျှ ရေး၏။

ဤသည်များပင်လျှင်….သခင်အောင်ဖေ ဦးစီးထုတ်ဝေခဲ့သည့် ဆယ်စုနှစ်အလွန်မှ ‘မိုး’ ဂျာနယ် ဖြစ်လိမ့်မည်။
ယခုမူ… သခင်အောင်ဖေနှင့် အမေလူထုဒေါ်အမာတို့ နှစ်ဦးစလုံးက… ကွယ်လွန်ခဲ့ကြလေပြီ။

‘သမ္မာဒေဝေါ၊ ပဝဿတု’
‘ဒေဝေါ…မိုးသည်၊ သမ္မာ… ကောင်းစွာ
ပဝဿတု…. ရွာသွန်းပါစေသတည်း’
(ခ)

သခင်အောင်ဖေက… အသက် ၁၆ နှစ်အရွယ်တွင်ပင် တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်ဖြစ်လာ၏။ သခင်အောင်ဖေ သခင်ဖြစ်လာပုံက ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုများမှတဆင့် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်ဖြစ်လာခြင်းမဟုတ်…။ ကျောင်းသားသမဂ္ဂမှ တို့ဗမာအစည်းအရုံး…. စသဖြင့် ကူးပြောင်းခဲ့ခြင်းကား မဟုတ်….။

သခင်အောင်ဖေက … အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်တွင်ပင် ဘိုး၊ဘွားလက်ငုတ်လက်ရင်း မြေယာစီးပွားရေးအား ကိုယ့်ခြေကိုယ့်လက်နှင့် ဦးစီးလုပ်ကိုင်နေရသည့် မြေပိုင်ရှင်တဦး ဖြစ်၍နေပြီ။ လယ်သီးစားချ၏။ သီးစားချ၍ရသည့် သီးစားခစပါးများအား လှေသမ္ဗာန်ကြီးများနှင့် တင်ဆောင်ပြီး ဝါးခယ်မမြို့သို့ တက်ကာ ကြိတ်ခွဲပြီး ရောင်းချ၏။

၁၉၃၆ ခုနှစ် နွေဦး…။
စပါးများအား သမ္ဗာန်ကြီးများနှင့် တင်ဆောင်ပြီး ဝါးခယ်မသို့ တက်ခဲ့၏။ ဘိုးဘွားလက်ထပ်ကတည်းမှ ကြိတ်ခွဲရောင်းချနေကြဖြစ်သည့် နိုင်ငံခြားသားပိုင် ပေါက်ကုန်းဆန်စက်သို့ စပါးရောင်းရန် လာခဲ့၏။ ခက်သည်ကား…. ပေါက်ကုန်းဆန်စက်မှပေးသည့် ဈေးက …. ပေါက်ဈေးထက် စပါး ၁ဝဝ လျှင်…. ၃-၄ ကျပ်မျှ လျှော့နည်းနေ၏။ ဈေးနှိမ်သကဲ့သို့ ဖြစ်နေ၏။ ဤတွင် … ဝါးခယ်မမြို့ရှိ အခြားဆန်စက်များအား ရှာပြီး ရောင်းချရန် ရှာဖွေခဲ့ကြ၏။ အဆုံး၌ မြန်မာအမျိုးသားပိုင် ဆန်စက်တခုအား တွေ့ပြီး ကြိုက်ဈေးရ၍ ထိုဆန်စက်တွင်ပင် သခင်အောင်ဖေ သူ၏ စပါးများအား ကြိတ်ခွဲ၍ ရောင်းချလေ၏။

ထိုမှစ၍ ဆန်စက်ပိုင်ရှင် အမျိုးသားကြီးနှင့် သခင်အောင်ဖေ ရင်းနှီးသွား၏။ ဆန်စက်ပိုင်ရှင် အမျိုးသားကလည်း သူ့အား ရင်းရင်းနှီးနှီး၊ ဖော်ဖော်ရွေရွေ ဆက်ဆံသည်။ ဆန်စက်ပိုင်ရှင်က သူ့အား ..‘ငအောင်’ ဟု တရင်းတနှီးခေါ်၏။ ထိုဆန်စက်ပိုင်ရှင် အမျိုးသားက ….အသားဖြူ၏။ အရပ်ပု၏။ ရုပ်ရည်က ပြေပြစ်။ စကားပြောလျှင် ချိုချိုရွှင်ရွှင်….။ ထူထဲသော ပါဝါမျက်မှန်ကြီးအား အမြဲတပ်ဆင်ထား၏။

သူကား…. ဝါးခယ်မ သခင်အုန်းဖေ ဖြစ်၏။ ဝါးခယ်မသခင်အုန်းဖေက …. တို့ဗမာအစည်းအရုံးအား သခင်ဘသောင်းတို့ စတင်တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သည့် သခင်တဦး….။ ထိုမှစ၍ … တလလျှင် … တကြိမ်၊ နှစ်ကြိမ် ဆိုသကဲ့သို့ပင် ဝါးခယ်မ သခင်အုန်းဖေထံသို့ သခင်အောင်ဖေ ရောက်မြဲ…။ ဝင်ထွက်မြဲပင်….။

တနေ့…။
နံနက်စောစောမှာပင်…. ဝါးခယ်မသခင်အုန်းဖေ၏ အိမ်သို့ သခင်အောင်ဖေ ရောက်သွား၏။ သူ့အား ဝါးခယ်မ သခင်အုန်းဖေက ဝါးခယ်မဈေးကြီးသို့ ခေါ်သွားပြီး မုန့်ဟင်းခါး ကျွေး၏။ ပြီးလျှင် …. လက်ဖက်ရည်ဆိုင်သို့ သွားကြပြီး လက်ဖက်ရည် သောက်ကြပြန်၏။ လက်ဖက်ရည်သောက်ရင်း…. ဝါးခယ်မသခင်အုန်းဖေက … လက်ဖက်ရည်ဆိုင် ပိုင်ရှင်အား…. အသင်းဝင်စာအုပ်အား ယူခိုင်းပြီး …. စာအုပ်အတွင်း၌ သူ၏ အမည်စာရင်း သွင်း၏။ အသင်းဝင်ကြေး ငွေတမတ် (နှစ်ဆယ့်ငါးပြား) အား ပေး၏။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ဖြတ်ပိုင်းစာရွက်ကလေး တရွက်အား သခင်အောင်ဖေအား ထုတ်ပေး၏။ သူ… သခင်ဖြစ်သွားပြီ။ သခင်ဖြစ်လာခဲ့ရပုံအား သခင်အောင်ဖေက သူ၏ ‘ကြုံရ၊ဆုံရ ကျွန်တော်ဘဝ’ စာအုပ်တွင် ဤသို့ရေးထား၏။

“ကျနော်သည် သူတို့ပေးသော စာရွက်ကလေးကို ဖတ်ကြည့်သောအခါ … ကျနော့်အမည်သည် ထူးထူးဆန်းဆန်းကြီး ဖြစ်နေ၏။ သေသေချာချာ ထပ်ဖတ်ကြည့်၏။ ကျနော့်နာမည်ပင် ဖြစ်၏။ ကျနော့်နာမည်ပေမယ့် ကြောက်စရာကြီးလိုလို၊ ချစ်စရာကြီးလိုလို ဖြစ်နေသော ‘ သခင်’ ဟူသည့် စာလုံးကြီးမှာ အလွန်ထင်ရှားနေပေသည်။ ခရစ်သက္ကရာဇ်က ၁၉၃၆ ခုနှစ်ဖြစ်ပြီး၊ အစည်းအရုံးဝင် အမှတ်မှာ ၆၄ ဖြစ်သည်”

(ဂ)

တိုင်းပြည်အား မည်သို့ချစ်ရမှန်း မသိပါပဲလျက်…. ဝါးခယ်မ သခင်အုန်းဖေကြောင့် သခင်အောင်ဖေ သခင်ဖြစ်ခဲ့၏။ သခင်…ဖြစ်လျှင် ထောင်ကျခံရဲရမည်။

“သခင်ပေါက်စ…ထောင် ၆ လ” ဟူသည့် သခင်တို့၏ ကြွေးကြော်သံအား သခင်အောင်ဖေ ကြားမိ၏။ သိမိ၏။ သခင်အောင်ဖေက …တောသား…။ ဘုန်းကြီးကျောင်းပညာရေးနှင့် ကြီးပြင်းခဲ့ရ၏။ လူကြား မတိုးရဲ…။ လူထူထူမြင်လျှင် လန့်၏။ စင်ပေါ်တက်၍ တရားဟောရန်မှာမူ … တွေးပင်မတွေးရဲခဲ့…။ မြို့ကြီးသားများကိုလည်း ရွံ့၏။ ရှိန်၏။ ဘောင်းဘီဝတ် နိုင်ငံခြားသားများဆိုလျှင် ….. ကြောက်လန့်၏။ ဤသို့သော သခင်အောင်ဖေ…. သခင်ဖြစ်လာ၏။

သခင်အောင်ဖေအား မကြောက်တရား သင်ကြားပေးရန် ဝါးခယ်မ သခင်အုန်းဖေက …တို့ ဗမာအစည်းအရုံးဌာနချုပ်ရှိ သခင်လှဘော်ထံသို့ လွှတ်သည်။ ထိုစဉ်က …. တို့ဗမာအစည်းအရုံးဌာနချုပ်သည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် ရှိ၏။ သခင်လှဘော်နှင့်အတူ ရက်သတ္တ ၂ ပတ်ခန့် သခင်အောင်ဖေ နေရင်း သခင်တို့၏ မကြောက်တရားဝါဒအား သင်ကြားခဲ့ရ၏။

‘ပေ နှင့် တူ’ သီအိုရီ၊ ‘လက်ငါးချောင်း’ ဝါဒနှင့် မိမိပုဆိုးအား လုယူသွားသူထံမှ ပြန်၍လုယူခြင်းသည် တရားသော နည်းလမ်းဖြစ်သည် စသည့် သဘောတရားများအား သခင်လှဘော်က ပို့ချ၏။

(ဃ)
၁၉၃၈ ခုနှစ်….။
၁၃ဝဝ ပြည့်အရေးတော်ပုံကာလ…။
နိုင်ငံအနှံ့ သခင်အများအပြား ဖမ်းဆီးခြင်း ခံရ၏။ သခင်အောင်ဖေတို့၏ မြောင်းမြခရိုင် (စီရင်စု) အတွင်းရှိ သခင်ခေါင်းဆောင်အားလုံး လိုလိုသည်လည်း ဖမ်းဆီးခြင်း ခံနေကြရသည်။ အချုပ်အတွင်းမှ သခင်ခေါင်းဆောင်အချို့အား အာမခံနှင့် ထုတ်ရန် သခင်အောင်ဖေတို့ စီစဉ်ကြ၏။ အာမခံက …. ၁ဝဝဝ တန်၊ ၂ဝဝဝ တန်၊ ၅ဝဝဝ တန် အာမခံဖြင့် အာမခံကြရမည်ဖြစ်သည်။ ဤအတွက် …. မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရှိသည့် သခင်များက အာမခံကြရမည်ဖြစ်သည်။ ဓနိတောကြီးများ၊ လယ်မြေ၊ ခြံမြေများ ရှိကြသည့် သခင်အောင်ဖေ၊ သခင်အုန်းမြ၊ သခင်ကြွယ်တို့ ၃ ဦးမှ မြောင်းမြခရိုင် (စီရင်စု) အရေးပိုင်ရုံး၌ တက်၍ အာမခံကြမည်။

ဤတွင် …. သခင်ကြီးများက သခင်အောင်ဖေတို့ ၃ ဦးအား မှာ၏။ ရုံးတော်က … “သခင်အမည်မတပ်ဘဲ ခေါ်လျှင် မထူးရ”၊ ထူးလျှင်လည်း …. အားမာန်အပြည့်နှင့် ထူးရမည်။ ရုံးတော်က မေးလျှင် …. “လိုရင်းဖြေ” ဟု မေးလျှင် …ပြန်ဖြေ၊ ဟူ၍မှာ၏။ ပြီးလျှင် … ရုံးတော်သို့ ခုံဖိနပ်စီး၍ တက်ရမည်။

ထိုခေတ်က … အရေးပိုင်ရုံးပေါ်သို့ မျက်နှာဖြူအရာရှိကြီးများမှလွဲ၍ မည်သည့်လူမျိုးမျှ ဖိနပ်စီး၍ တတ်ရောက်ခြင်း မပြုရ…။ အမိန့်ထုတ်ထားခြင်း မရှိသော်လည်း ဤသို့ပင် ကျင့်သုံးနေကြ၏။ ရိုကျိုးနေကြ၏။ ဘုရားကုန်းတော်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးကြသကဲ့သို့….။

သခင်အောင်ဖေတို့ ၃ ဦး အရေးပိုင်ရုံးတွင် သခင်ခေါင်းဆောင်များအား အာမခံမည့်သတင်းက …. မြောင်းမြမြို့အတွင်း …..

“မနက်ဖြန်မနက် ၁ဝ နာရီမှာ သခင်တွေ အရေးပိုင်ရုံးကို ဝိုင်းကြမည်” ဟူ၍ ပြန့်၍သွား၏။ နောက်တနေ့… နံနက် ၁ဝ နာရီတွင် အရေးပိုင်ရုံးတဝိုက်၌ မြောင်းမြမြို့သူ၊ မြို့သားပရိသတ်တို့ကား … စည်းကား၍ နေသည်။

သခင်အောင်ဖေတို့က …. ခုံဖိနပ်သံ တဒိုင်းဒိုင်းနှင့် အရေးပိုင်ရုံးပေါ်သို့ တက်သွားကြ၏။

ပရိသတ်တို့က …. သဘောကျနှစ်ခြိုက်ကြ၏။ သို့သော်…. လက်ခုပ်လက်ဝါးတီး၍မူ သြဘာမပြုရဲ…။ မျက်နှာဖြူတို့အား ကြောက်ရွံ့နေမှုက လူထုကြီးအတွင်း၌ နက်နက်ရှိုင်းရှိုင်းနှင့် စွဲနစ်၍နေဆဲ…။

ထိုခေတ် ထိုအခြေအနေ၌ သခင်အောင်ဖေတို့၏ ခုံဖိနပ်စီး၍ အရေးပိုင်ရုံးအတွင်း အာမခံသည့် လုပ်ရပ်က …. “မိုးကို ဒူးနှင့် တိုက်ကြခြင်း” ဖြစ်၏။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...