" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."
တောင်တွင်းကြီး သမိုင်း
  ဇေယျကျော်ထင်
    မင်းကြီး မဟာဇေယျသူရကိုလည်း ကေတုမတီမည်သော တောင်ငူမြို့မှာ၊ ထီးဖြူ၊ မြှောက်စည်၊ မင်းခမ်းမင်းနားများနှင့် ထီးပြိုင်၊နန်းပြိုင်၊ ဘုရင်ခံအသီးအသီး၊ ခုခံနိုင်လောက်သော လက်နက်ဆင် မြင်းများကို အပ်၍ စံနေကြရသည်။ မဟာသိမ် ဂိုဏ်းဝင်ဖြစ်သော ငှက်ပစ်တောင်ဆရာတော် ဘုရားကြီးသည် တောင်တွင်းကြီးမြို့သို့ ကြွရောက်တော် မူလာသောကြောင့်၊ ကန်တော်ကြီးမြောက်တွင် လေးထပ်ရွှေကျောင်း ဆောက်လုပ် ကိုးကွယ်တော်မူသည်။ ၄င်းကျောင်းတော်နှင့် မနီးမဝေးသောအရပ်တွင် ဓူပါရုံဘုရားကြီးတစ်ဆူ တည်ထား ကိုးကွယ်တော်မူသည်။ ထို့ကြောင့် ထိုမင်းကို ဓူပါရုံ ဘုရားဒါယကာ ဟူ၍လည်း တွင်သည်။
                                                ပေလေးပင်
   ထိုမင်းလက်ထက် တောင်တွင်းကြီးမြို့မှာ ပေလေးပင် ရှင်လေးပါး ပေါ်ထွန်းသည်။ ပေလေးပင် ဟူသည်ကား- ပေလက် မြေက ပေါ်လျှင် ပေရွက် ဖူးတိုင်သည် ကျွဲတစ်ရှဉ်း ရုန်းမျှလျှင် ပါသောဟူ၏။ ဥပမာကား- လုံးပတ် ၃ တောင် ၊ အတိုင်းအရှည် ရှိတန်၏- ဟု ယူရမည်။
                                                ရှင်လေးပါး
   ရှင်လေးပါး ဟူသည်ကား။-
၁- မောင်းတိုင်ရပ်နေ၊ ဦးရွှေလှ -  မယား မပုတို့သား မောင်ညိုသည် ရှင်မဟာသီလ၀ံသ ဟူသောဘွဲ့အမည်နှင့်တစ်ပါး။ ဤစကားသေချာအားကြီးလှ၍ တင်စားပြုလုပ်ရေးမှတ်သည်ဟု ဒွိဟ သံသယ ရှိကြလျှင် သက္ကရာဇ် ၁၁၇၆ခု ဘွားတော်မူ၍ ၁၂၁၄-ခုနှစ်၊ ရတနာပုံ ရွှေပြည်ကြီးကို လက်မွန်အစ ပထမ တည်ထောင်တော်မူသော ပဉ္စမ သံဂါယတနာတင် ဘ၀ရှင်မင်းတရားကြီးဘုရား ရွှေလက်ထက်တော် စာပေပိဋကတ် အရပ်ရပ်ကို သုံးသပ်ကြည့်ရှု မှတ်သားလေ့ရှိသော ပညာရှိ နိုင်ငံခြားဝန်ထောက်တော် မင်းကြီးမဟာသီရိဇေယျသူရ ရေးသော က၀ိလက္ခဏ ဒီပနီကျမ်း ဂဏန်းအခန်းကို စုံစမ်း ကြည့်ရှုတော်မူကြပါကုန်။
၂-၄င်းပြင် ရွှေအိုးရပ်နေ၊ ရှင်ဥတ္တမကျော် ဘွဲ့အမည်ခံသော မောင်လှော်တစ်ပါး။
၃-ရှင်အုန်းညို အမည်ခံသော မောင်အိကြီးတစ်ပါး။
၎-ရှင်ခေမာ အမည်ခံသော မောင်အိကလေးတစ်ပါး။
                                  ဤလေးပါးလျှင်တည်း။
                                                     ဥတ္တမကျော်ကျောင်း
  သီလရွာနယ်တွင် ငါးထပ်ရွှေကျောင်း ဆောက်လုပ်တော်မူ၍၊ ရှင်ဥတ္တမကျော်ကို တင်လှူတော်မူသည်။ ၄င်းကျောင်းတွင် တောလားပိုဒ်စုံ ပုဒ်ရေ ၈၀ ကို စီကုံးရေးဖွဲ့တော်မူသည်။ ထိုဆရာတော် သီတင်းသုံးတော်မူသော ကျောင်းကို ဥတ္တမကျော် ကျောင်း ဟုတွင်သည်။ သီဟိုဠ်ကျွန်းက ပို့ရောက်သော အနန္တဂုတ္တကျမ်းစာကို ရှင်မဟာသီလ၀ံသ မြန်မာအနက် ပြန်ဆိုတော်မူသည်။
            ပါရာယန ၀တ္တု၊
            ဗုဒ္ဓလင်္ကာရကျမ်း၊
            ပါရမီခဏ်း၊
            ဆုတောင်းခဏ်း၊
            တံတားဦးတည်
            တောင်တွင်းလားပျို့
    ခန္ဓာပဉ္စက ပိုဒ်စုံ စသည်များကိုလည်း ရှင်မဟာသီလ၀ံသ ပြုစုရေးဖွဲ့တော်မူသည်။
                                                   ရှမ်း- သိုဟန်ဘွား
    အ၀မြို့မှာလည်း၊ ဒုတိယမင်းခေါင်၊ အနိစ္စရောက်တော်မူ၍၊ သားတော် ရွှေဂူဒါယကာသည် သီရိတြိဘ၀နာ ဒိတျာ နရပတိ ပ၀ရ မဟာ ရာဇာ ဓိပတိ ဟူသော အမည်နှင့် မင်းလုပ်တော်မူ၍၊ နန်းစံ ၂၂-နှစ်ရှိလျှင်
        ဂ ငယ်သုံးခု၊ မြန်မာပြည်တွင် ဥသျှစ်ထု
ဆိုသော၊ သိုက်စာများနှင့်အညီ၊ သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်း ဇလုံသား ရှမ်းသိုဟန်ဘွား တိုက်ခိုက်ဝင်ရောက် မင်းလုပ်တော်မူသည်။ ယင်းသောအခါ ပြည်မြို့၊ တောင်တွင်းကြီးမြို့၊ တောင်ငူမြို့၊ မင်းတို့သည် အသီးအသီး ခြားနားကြကုန်သည်။
                                                          သီဟသူရ
     တောင်တွင်းကြီးမြို့မှာ ဇေယျကျော်ထင်မင်း နန်းစံ ၃၈-နှစ်တွင်၊ အနိစ္စရောက်တော်မူ၍ သားတော်မင်းရွှေတုံးသည် သီဟသူရ ဟူသော အမည်နှင့် မင်းလုပ်တော်မူသည်။
                                                       ရွှေလက်လှဘုရား။
     ရွှေလက်ရဘုရားကို တောင်ငူမြို့မှ ခိုးယူပင့်ဆောင်၍ စေတီလိုဏ်မုခ်နှင့် တည်ထား ကိုးကွယ်သည်။ ထို့ကြောင့် ထိုဘုရားကို အသာတကြည် ပင့်ဆောင်ရသည်မဟုတ် အတင်းအဓမ္မ ခိုးယူ ပင့်ဆောင် ကိုးကွယ်ရခြင်းကြောင့် ရွှေလက်ရဘုရားဟု သမုတ်ခေါ်ဝေါ်သည်။ စကားရွေ့လျော၍ ရွှေလက်လှဟု ယခု ခေါ်ဝေါ်သည်။
                                                     တောင်တွင်း နယ်မြေ အပိုင်းအခြား
    တောင်ငူမြို့နှင့်လည်း နယ်မြေ အပိုင်းအခြားထားတော်မူသည်။ တောင်တွင်းကြီးမြို့နယ်မြေကား-
အရှေ့ကို- ရိုးမတောင်တန်း၊
တောင်ကို- ကျောက်ငနွားငုတ်၊
အနောက်တောင်ကို- ကြေးနီချောင်း၊
အနောက်ကို- ဧရာဝတီ ရေသွား၊
အနောက်မြောက်ကို- ပခန်းငယ်၊
မြောက်ကို- မုံစုတ်ချောင်း၊
အရှေ့မြောက်ကို - ကုန်းတန်း ၀ါးရုံပင်
  ဤသည်လျှင်၊ နယ်မြေ အပိုင်းအခြားတည်း။ ထို့ကြောင့် အမရပူရ ဒုတိယနန်းတည်ဖြစ်တော်မူသော ဘ၀ရှင်မင်းတရားကြီးဘုရား တပယင်းနည်း သ္နေတ် (၁၀၀၀) တစ်ထောင် ဖွဲ့စည်း ထမ်းရွက်ရာ-
၎င်းနိမိတ် သတ်မှတ်သည်ကို အစွဲပြု၍၊ တပ်တော်ရာ ပြည်စိုး-ငရစ်ကို၊ တပ်တော်ရာရွာ သ္နေတ် (၁၀)တစ်ဆယ်နှင့်၊ လယ်သာ သွောံ သ္နေတ်(၅၀) ငါးဆယ်မှာ ၊ရွှေတိုက်စာရင်း ဆက်သွင်း ပါဝင်ထမ်းရွက်ရသည်။ ဘုန်းတော်ဖြစ် သွောံ သ္နေတ် (၅၀) ငါးဆယ်မှာ လည်း လင်းသလူရွာ၊ လက်ခုပ်ပင်ရွာ၊ လက်ပုတုံးကျေးရွာများကို ယင်း ကောက်ကစင်း၊ တောင်တွင်းကြီးမြို့၊ နိမိတ် အပါအ၀င် သမုတ်ပြီးလျှင် သ္နေတ်လေးလက်၊တွဲဘက် ဖွဲ့စည်း၍ ဘုန်းတော်ဖြစ်၊ သွောံသ္နေတ်(၅၀) ငါးဆယ်မှာ ရွှေတိုက်စာရင်း ဖြည့်သွင်းထမ်းရွက်ရသည်။
             '' တောင်တွင်ကြီးမြို့၊သွောံကြီးတို့ ကျမ်းကျိန် ဆိုဝံ့ရဲသမျှ ရှုံး- နိုင်-ခံပါမည်'' တောင်ခွင်မြို့သူကြီး ငပေ လဲဆိုချက်၊ လ္ဘက်စားဖြတ်စာနှင့် နယ်နမိတ် စပ်သူ-
              သတိုးတန်း သွောံကြီး ဦးအေး၊
              နွားလှ သွောံကြီး-ဦးကြွက်၊
              ဆူကောက်ကြီး သွောံကြီး-ဦးရဲထွန်းတို့
              ကျမ်းကျိန်ဆိုမည်၊ ၄င်းသမိုင်း နိမိတ်အတိုင်း
              ဧရာဝတီ မြစ်ကမ်းတစ်လျှောက်၊ ကျမ်းပြလမ်း၊
              ပန်းသုံး စိုက်မှတ်သည်။
    တောင်ခွင်မြို့သူကြီး- မောင်ငယ်၊ အစီရင် ငစံလှတို့၊ ကျမ်းဆို မခံဝံ့သောကြောင့်၊ တောင်ခွင်မြို့စား ဦးသိုက်ကြီး စီရင်ချက်၊ လ္ဘက်စားဖြတ်စာ တင်းလင်းတစ်ပိုင်းနှင့် ယခုတိုင် ဆက်လက်မပြော ရှိနေကြသည်။ ယင်းသို့ဖြစ်၍ သီဟသူရ မည်သော မင်းရွှေတုံးလက်ထက်၊ တောင်တွင်းကြီးမြို့အလွန် ကျယ်ဝန်းသည်- ဟုမှတ်ရမည်။ ထိုမင်းရွှေတုံး နန်းစံ ၂၂ နှစ်တွင် အနိစ္စ ရောက်တော်မူ သည်။                                                           
                                                    သီဟသူ-စောနောင်
    ထိုမင်းမရှိလျှင် သားတော် သီဟသူ -စောနောင်သက္ကရာဇ် ၉၀၃ ခုနှစ်၊ မင်းလုပ်တော်မူသည်။ ယင်းသောအခါ အ၀မြို့မှာလည်း ရှမ်းသိုဟန်ဘွား ၁၅ နှစ်မင်းလုပ်မရှိ၍၊ အုန်းဘောင်-ခုံမှိုင်းကြီး နန်းတက်သည်။
    တောင်ငူမြို့မှာ- ၀ါးနွယ်ကုန်း မြို့သူကြီး သမီးကြီးမြှောက်ရာတွင် ဘွားမြင်သော တပင်ရွှေထီးမင်းလုပ်သည်။ တောင်တွင်းကြီးမြို့မှာ- သီဟသူစောနောင် ၊ စည်းစိမ် ၅ နှစ်တွင်၊ အနိစ္စရောက်တော်မူ သည်။
                                                   စည်သူကျော်မင်း
       ထိုမင်းမရှိလျှင် သားတော် - စည်သူကျော်သည် ရမည်းသင်း သီဟပတေ့သမီး စောပတ္တမြားကို မိဖုရားမြှောက်၍ မင်းလုပ်သည်။ အ၀မြို့မှာ ခုံမှိုင်းကြီး ၆ နှစ်၊ မင်းလုပ်- မရှိ၍ မိုးဗြဲနရပတိမင်းလုပ်စဉ်၊ စလင်း-စည်သူကျော်ထင် တိုက်ဖျက် အောင်မြင်၍ အ၀ရွှေနန်းတော်ကို သိမ်းမြန်း မင်းလုပ်တော်မူသည်။ ယင်းသောအခါ ဟံသာဝတီ ဆင်ဖြူများရှင်ဖြစ်သော ဘုရင့်နောင် -ကျော်ထင်နော်ရထာသည် တပင်ရွှေထီး အစ်မတော် မင်းအကြီးကို မိဖုရားမြှောက်၍ ဘုန်းလက်ရုံးအားတိုက်ခိုက် သိမ်းယူရာ ပြည်မြို့၊ တောင်တွင်းကြီးမြို့၊အ၀မြို့များမှစ၍ ရှမ်းပြည်  ကိုးစော်ဘွားဖြစ်သော စိမ့်တိုင်း၊ ကမ္ဘောဇတိုင်း၊ ဇောတိနဂရတိုင်း၊ ခေမာဝရတိုင်း၊ သိဝိရဠတိုင်း၊ မောရိယတိုင်း၊ ဂါဝီလတိုင်း၊ ဟရိဘုဉ္စတိုင်း၊ မဏိပုရတိုင်း၊ အာသံတိုင်း၊ သီရိခေတ္တရာမတိုင်း၊ ဇေယျဝဎုဏတိုင်း၊ လာလိင်္ဂတိုင်း၊ ရာမညတိုင်း၊ လင်းဇင်းပြည် များနှင့်တကွ ဇမ္ဗူတိုင်းလုံး၊ သိမ်းရုံးအောင်မြင်တော် မူသည်။
     အ၀မြို့မှာ- ညီတော်မင်းရဲကျော်ထင်ကို သမီးတော် နှင့်ထိမ်းမြားလျှင် သတိုးမင်းစောဟူသော အမည်နှင့် ဘုရင်ခံ ထားတော်မူသည်။ ဂါဝီလတိုင်းဖြစ်သော ယိုးဒယားပြည်မှာ သားတော် မင်းသားစစ်ကို နော်ရတာစော ဟူသော အမည်နှင့် ဘုရင်ခံ ထားတော်မူသည်။ ညီတော် သတိုးဓမ္မရာဇာကို သီရိခေတ္တရာမတိုင်းဖြစ်သော ပြည်မြို့မှာ ဘုရင်ခံ ထားတော်မူသည်။ တောင်ငူ ဘုရင်မင်းခေါင်ကို ဇေယျဝဍ္ဎဏတိုင်း ဖြစ်သော ပြည်မြို့မှာ ဘုရင်ခံ ထားတော်မူသည်။ သားတော် ရှင်သစ္စာကို သမီးတော် မင်းဘုန်းမြတ်နှင့် ထိမ်းမြား၍ ညောင်ရမ်းမြို့မှာ ဘုရင်ခံထားတော်မူသည်။ နောက်-သားတော် အနောက်ဘက်လွန် မင်းတရားကို ဘွားတော်မူမှ တောင်တွင်းကြီးမြို့ကို ထပ်မံပေးဖွဲ့တော်မူသည်။ ယင်းသောအခါ တောင်တွင်းကြီး ရမည်းသင်း ယင်းတော် ရနောင်၊ ထရန်ကာ၊ လှိုင်းတက် ၊သာဂရ၊ ပင်း၊ နတ်မောက်မြို့များသည် ညောင်ရမ်း မင်းတ၇ားကြီး၏ အအုပ်အချုပ်ကို ခံကြရသည်။
                                                   မဟာဇေတရာဇ်
     တရံရောအခါ ညောင်ရမ်းမင်းတရားကြီးသည် ခမည်းတော် ကျော်ထင်နော်ရထာ မရှိသည်နောက်၊ အ၀ပြည်ကို တိုက်ခိုက် အောင်မြင်တော်မူ၍ ဇမ္ဗူကျွန်းလုံး၊ သိမ်းရုံးမင်းလုပ်တော်မူလျှင် တောင်တွင်းကြီးမြို့ကို နယ်နိမိတ် ပိုင်းခြား၍ သားတော် အနောက်ဘက်လွန် မင်းတရားက ဘွားမြင်တော်မူသော သားတော် မင်းဇေယျကို မဟာဇေတရာဇ် ဟူသောအမည်နှင့် အစားကံကျွေးခံပေးသနားတော်မူသည်။ နယ်မြေကား..............
အရှေ့ကို.... .ရေဝေတောင်ရိုးမ၊ အခြားတဘက်။ ရမည်းသင်းမြို့မြေနှင့် ကျောခိုင်း။
အရှေ့တောင်အလား- ပန်းတင်ချောင်း ရေဝေ၊ ၎င်းကသည် လဲပွင့်ဖြူချောင်း အခြားတဘက်။ တောင်ငူမြို့ကျေး တပ်တော်ရာ-နယ်မြေနှင့် ကျောခိုင်း။
တောင်အလား- လယ်လျားချောင်း ရေဝေ၊ ခင်တန်း၊ကျောက်ပုံ၊ ကြေးနီချောင်း၊ အခြားတဘက်။ မြေထဲမြို့မြေနှင့် ကျောခိုင်း။
အနောက်တောင်အလား- လယ်လျား ကျောက်မဆင်၊ အခြားတဘက်။ တောင်ခွင်မြို့ကျေး၊ စပ်ကြီးမြေကျောခိုင်း။
အနောက်အလား- ကန်နီ၊ အရူးကုန်း၊ အခြားတဘက်။ တောင်ခွင်မြို့ကျေး- တကောင်းဖိုရွာမြေ၊ ပဌနဂိုမြို့ကျေး၊ လက်ပံကျင်းရွာမြေနှင့် ကျောခိုင်း။
၎င်းကတောင်- ဟန်ကူချောင်း၊ ၎င်းက တူးမြောင်း၊ ယင်းချောင်း၊ အခြားတဘက်။ မြင်ကွန်းမြို့မြေ၊ မကွေးမြို့မြေ၊ နတ်မောက်မြို့မြေများနှင့် ကျောခိုင်း။ နိမိတ် ရှစ်ရပ် သတ်မှတ် ပိုင်းခြား၍ ပေးသနားတော်မူသည်။    
                                                    ဆီးပွင့်ဒိုင်နယ်ကို လှူတော်မူခြင်း
    ညောင်ရမ်းမင်းတရားကြီး အထွတ်အမြတ် မရောက်မီ ဆီးပွင့်ရွာသားတို့ တော်လှန်ဘူးသည်ကို အမျက်ထားတော်မူ၍ အထွတ်အမြတ်သို့ ရောက်လျှင် ဆီးပွင့် ဒိုင်-တနယ်လုံးကို ပုဂံမြို့၊ လောကနန္ဒာဘုရားမှာ ၀တ်မိုး ၀တ်မြေ လှူတော်မူသည်။
          ၎င်းပြင် စစ်သားမြို့နယ်အတွင်း........
          အရှေ့အနောက်-တာ ၃၀ါ၊
          တောင်- မြောက်- တာ ၄၀၀ါ၊
          မင်းကွန်းနယ်တွင်........
          အရှေ့- အနောက်-တာ ၂၀ါ၊
          တောင်-မြောက်-တာ၃၅၀ါ၊ များကိုလည်း လောကနန္ဒာဘုရား ၀တ်မိုးဝတ်မြေ လှူတော်မူသည်။ ယင်းသို့ ဖြစ်သောကြောင့် ၎င်းမြေရေများသည် ညောင်ရမ်းမင်းတရားကြီး လှူတော်မူသော လောကနန္ဒာဘုရား ၀တ်မြေ ၀တ်မိုး ဖြစ်၍ ပုဂံ ရွှေကျောင်းသို့ မြေခွန် မြေဆီ ပေးသွင်းရကြောင်းနှင့်-
ဆီးပွင့်သူကြီး- ငသာ။
စစ်သားသူကြီး- ငထွန်းအောင်၊
မင်းကွန်းသူကြီး-ငထွန်းလှတို့၊ ၁၁၄၅ -ခုနှစ်၊စစ်တမ်းတွင်၊အစစ်ခံ ထင်လျားနှင့် ဖြစ်၍ ၎င်းစကားကို မယုံ မရှိရာ။
           သက္ကရာဇ်  ၉၆၈-ခုနှစ်၊ ညောင်ရမ်းမင်းတရားကြီးနန်းစံ ၈ နှစ်တွင် အနိစ္စရောက်တော်မူ၍ သားတော် အနောက်ဘက်လွန်မင်းတရား နန်းတက်တော်မူလျှင် သားတော် မဟာဇေတရာဇ် ပြည်စိုးအရာ ခန့်ထား၍ မင်းသားကြီးတို့ အစီးအနင်း အဆောင်အယောင်နှင့် နေထိုင်ရသည်။ အနောက်ဘက်လွန်မင်းတရားကြီးကို ကေတုမတီပြည်တွင်သားတော် မင်းရဲဒိဗ္ဗလုပ်ကြံ၍ အနိစ္စရောက်တော်မူသည်။ ထိုကစ၍ ညောင်ရမ်း ၁၀ ဆက်၊ ဟံသာဝတီပါမင်းတိုင်အောင်၊ တောင်တွင်းကြီးမြို့မှာ ထီးနန်းနှင့်စံနေနိုင်ကြသူ မရှိပြီ။ သားစဉ်မြေးဆက်-အ၀မြို့အဆင့်အဆိုကိုသာခံ၍ မြို့ဝန်၊ မြို့သူကြီး  ထိန်းသိမ်း အုပ်ချုပ် နေထိုင်ရသည် ။ ဤသို့ဖြင့် တောင်တွင်းကြီးမြို့မှာ သာဂရမင်းက စ၍ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွှန့်အားဖြင့် ၉ဆက်။ မင်းကြီး မင်းပြောင်ကစ၍ ၃၂ ဆက်။ ၂ ရပ်၊ မင်းပေါင်း ၄၁ ဆက်တို့ ထီးနန်းထူထောင်၍ အုပ်ချုပ်ခဲ့ကြလေသည်။
သီရိဇေယျသူရ
        ရမည်းသင်း သီဟပတေ့ ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်၊ တောင်တွင်းကြီးမြို့တွင် မင်းဆက်ပြတ်ပြီး၊ ယင်းသို့သောအခါ ၀န်တော်ကဲမင်း၏သား သီရိဇေယျသူရသည် မှူးမတ်ဟောင်းတို့ နှင့် တိုင်ပင်ညီညွတ်ကြ၍ သက္ကရာဇ် (၅၉၆) ငါးရာ့ကိုးဆယ့်ခြောက်ခုနှစ် တွင် အသစ်ထပ်မံ တည်ထောင် ပြုစုပြီးလျှင် မင်းပြုတော်မူသည်။ ဘေးတော်၊ ဘိုးတော်၊ ခမည်းတော်တို့ ကိုးကွယ် တည်ထားသော ကျောင်း၊ဘုရား၊စေတီ ပျက်စီး ယိုယွင်း ရှိသည်များကို အသစ်ထပ်မံ ပြင်ဆင် လုပ်ဆောင်တော်မူ၍ စည်းစိမ် ၁၆ နှစ်တွင် ၊အနိစ္စရောက်တော်မူသည်။
                      သင်္ခယာငယ်
    ထိုမင်းမရှိလျှင် သားတော်- သင်္ခယာငယ် သက္ကရာဇ် (၆၁၂) ခုနှစ်တွင်၊ မင်းလုပ်တော် မူသည်။ ပုဂံကျစွာမင်းကြီးနှင့် နန်းပြိုင်။ ထိုမင်းလက်ထက် ဥတ္တရဇီဝမထေရ်သည် သုဝဏ္ဏဘုမ္မိသာသနာပြု သောဏထေရ်၊ ဥတ္တရထေရ် အရှင်မြတ်တို့၏ သာသနာ အဆက်အနွယ်ကို ယူ ဆောင်ခဲ့၍ တောင်တွင်းကြီးမြို့မှာ သာသနာကို လာရောက်ပြုစုသည်။ သီဟိုဠ်သို့ကူး၍လည်း အရှင်မဟိန္ဒ အဆက်အနွယ်ဖြစ်သော မဟာဝိဟာရဂိုဏ်း သံဃာတို့နှင့် ကံကြီး ကံငယ်ကို ရွက်ဆောင်တော် မူသည်။
    ထိုကာလ တောင်တွင်းကြီးမြို့မှာ- ဘုရားသာသနာတော် နေလကဲ့သို့ ထွန်းလင်း သောဟူ၏။ သင်္ခယာငယ်မင်း စည်းစိမ် ၃ နှစ်တွင် အနိစ္စရောက်တော်မူသည်။
                          မင်းစန္ဒာ
    ထိုမင်းမရှိလျှင် …… ညီတော်မင်းစန္ဒာ သက္ကရာဇ်(၆၁၅) ခုနှစ်တွင်၊ နန်းတက်တော်မူသည်။ ထိုမင်းလက်ထက်တွင် ဥယျာဉ်ပြုစု၊ ရွှေကျောင်းကို ဆောက်လုပ်ပြီးလျှင် ဥတ္တရဇီဝမထေရ် မြတ်အား တင်လှူတော်မူသည်။ အချိန် ၁၅၀ ပါရှိသော ခေါင်းလောင်းကြီးကို လည်း သွန်းလုပ် တော်မူသည်။
    မြို့မြောက်မှာ- ဥမင်ကြီးတည်၍ ရေကန်တူးတော်မူသည်။ ထိုကန်တွင် ဖောင်တော် လုပ်၍ ထား၏။ မြို့ အရှေ့ ကန်တော်ကြီးက ရေကို၊ မြို့တွင်းသို့ သွင်းရသည်။ မြို့မြောက်- ကျုံး ၃ တန်၊ မြို့အနောက်-ကျုံး ၂ တန် များကို ထပ်မံခိုင်လုံအောင် တူးလုပ်တော်မူသည်။
    ရတနာ ဗိမာန်ဘုရား၊
    ရတနာပင်စည်ဘုရာ၊
    ရတနာပေါင်းချုပ်ဘုရား၊
    နတ်မှီစည်းခုံဘုရား၊
    ရွှေသလွန်ဘုရား၊
    ရွှေဥမင်ဘုရား
    ရတနာစည်းစိမ်ဘုရား များကိုလည်း တည်ထား ပြုစုတော်မူ၍ စည်းစိမ် တစ်နှစ်နှင့် ၅ လတွင် အနိစ္စရောက်သည်။
                                     ဇေယျသူ
         ထိုမင်းမရှိလျှင်…. သားတော်ဇေယျသူ (၆၁၆)ခုနှစ်၊ နန်းတက်သည်။ ထိုမင်းသည် တိုင်းရေးပြည်မှု၊ သာသနာမှုများကို၊ မကြည့်မရှု၊ လစ်လပ်ချေသည်။ ပုဂံပြည်၊ တရုပ်ပြေးမင်းနှင့် နန်းပြိုင်။ စည်း စိမ် ၅-နှစ်တွင် အနိစ္စရောက်သည်။
    ယင်းသို့လျှင် ဖြစ်သောကြောင့် ထိုမင်း ၃ ဆက်ကို ‘’သီးသုံးခိုင်၊တစ်ခိုင် ရှဉ့်စား’’ ဟူ
၍ သူငယ်တို့ သီချင်းဆိုသည်။ ထို့ကြောင့်၊ သောကြာသား ၃ ဆက်တွင်တစ်ဆက်ဖြစ်သော မင်း ဇေယျသူ လက်ထက်၊ တောင်တွင်းကြီးမြို့၊ ပျက်ပြားလေသည်။
     ပျက်ကြောင်းကား- ပုဂံပြည်စံသော နရသီပတေ့(မင်းခွေးချေး)ကို တရုပ်ဥတည်ဘွားက မြင်းသည် (၆၀၀၀၀၀၀)  ခြောက်သန်း ၊ ခြေသည်(၂၀၀၀၀၀၀၀) နှစ်ကုဋေ မျှလောက်သော စစ်သည်တို့နှင့် စစ်သူကြီး အနန္တ ပစ္စည်း၊ ယန္တပစ္စည်းတို့ကို အတိုက်အခိုက်စေလွတ်ရာ ငဆောင်ချမ်း အရပ်သို့ ရောက်လျှင် ခုခံစေသောတပ်၊ ပျက်ပြားကြောင်းနှင့် ကြားသိတော်မူသော် ပုဂံမြို့တွင်း မြို့ပြင်၌ရှိသော စေတီ (၁၀၀၀၀)တစ်သောင်း၊ မုခ်ပေါင်း(၁၀၀၀)၊ ကုလား ကျောင်း (၃၀၀၀)သုံးထောင် များကို မြို့ရိုးကတုတ် ပြုလုပ်၍ အခိုင်အလုံ နေရာ၊ တရုပ်စစ် သည်တို့ အားကြီးအားများ ဖြစ်၍ မခံမ၇ပ်နိုင်။ မှူးမတ်၊သားမယားပါ ပုသိမ်သို့စုန်ပြေးလေသည်။
    ယင်းသို့ ပြေးသောကြောင့် ထိုမင်းကို တရုပ်ပြေးမင်းဟု တွင်သည်။ တောင်တွင်းကြီး မြို့၌ နေသော မင်း၊မှူးမတ်၊ ဆင်းရဲသားတို့လည်း၊ အညာက-တရုပ်တပ်၊ ပြည်မြို့က ပြည်စား သီဟသူတပ် ၊နှစ်ဘက်ညှပ်ဖြစ်လျှင် မခံနိုင်ဆို၍ မင်းတုန်း၊ ရခိုင်မြို့များသို့ ထွက်ပြေးကြသောကြောင့်  တောင်တွင်းကြီးမြို့ စတုတ္ထအကြိမ် ပျက်စီးရလေသည်။
  ပွင့်လှဦး - သီဟပတေ့
    တရုပ်ပြေးမင်းကိုလည်း သားတော် ပြည်စား သီဟသူ အဆိပ်ခပ်သော ပွဲတော်ကို တည်ကျွေး၍ အနိစ္စရောက်တော်မူသည်။ ယင်းနောက်၊ ပုဂံပြည်မှာ သားတော် ကျော်စွာ မင်းပြုတော် မူသည်။ ယင်းသို့သောအခါ ပုဂံဥမျိုးဖြစ်သော၊ တူတော် ပွင့်လှဦး- မင်းသားကို သမီးတော် စောပုလဲနှင့် ထိမ်းမြားပြီးလျှင် သီဟပတေ့ဟူသော အမည်ကိုသနားတော်မူ၍ တောင်တွင်းကြီး မြို့၊ ပျက်ပြားယိုယွင်း အိမ်ခြေလူနေမရှိ ဖြစ်သည်ကို အဓွန့်ရှည်စွာ သာသနာတော် ပျံ့ပွားအောင် ပြုစုပြီးလျှင် ဘုရင်ခံ ထိန်းအုပ်နေထိုင် ရသည်။ အလုံးအရင်း ဆင်မြင်းအများ မြှောက်စားချီးမြှင့် စေလွှတ်တော်မူသည်။ ဤသို့ဖြင့် သက္ကရာဇ် (၆၄၀) ပြည့်နှစ် တွင် တောင်တွင်းကြီးမြို့ကို မင်းကြီးသီဟပတေ့ ထပ်မံတည် ထောင်ပြုစုတော်မူသည်။ မြို့ပြ ပြည်ရွာ သာသနာလည်း အလွန်စည်ကား ထွန်းလင်းသည်။
                                  ကျောက်ခဲမှ ငွေချက်လုပ်ခြင်း
    တရံရောအခါ အနောက်နိုင်ငံမှ ငဇင်္ဂါ အမည်ရှိသော ကုလားလူမျိုး တစ်ယောက် သည် တောင်တွင်းကြီးမြို့ သို့ ရောက်လှာ၏ ။ ကျောက်ကိုချက် လျှင် ငွေဖြစ်သောဟူ၏။ မင်းကြီး သီဟပတေ့ လည်း  ငွေချက်တတ်သော အတတ်ကို တတ်လျှင် ဆင်းရဲသားတို့မှာ ညှဉ်းပန်းနှိပ်စက်၊ ကြေးငွေတောင်းခံမရှိ၊ သာသနာတော်မှု၊ ပြည်ရေးတိုင်းမှုများကို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ရန်သောအကြောင်း။ ထိုမှတပါး- အခြားသောနိုင်ငံကို အလိုရှိခဲ့မူလည်း မတိုက်မခိုက်၊ ဒါနဥပါယ်ဖြင့် အသာလွယ်ကူ၊ ရယူနိုင်ရန်အကြောင်းဖြစ်သည်။ ယင်းသို့ဖြစ်သောကြာင့် မင်းတို့ ၏ မာယာဖြင့် ချောက်လှန့့် ၊  ချော့မော့ ကာ  တောင်းဆိုသည် ။ မပေး မရသောကြောင့် သမီးတော် စောမွန်စီ နှင့် ထိမ်းမြားပြီးလျှင် တောင်တွင်းကြီးမြို့အရှေ့၊ ခရီး တစ်တိုင်ကွာ တွင် ငွေဖြစ်တတ်သော ကျောက်များကို သယ်ယူပေးအပ် ချက်လုပ်စေသည်။ တစ်ရက်တစ်ရက်တွင် ချက်လုပ်သောငွေကား  ဆင်မ ယာဉ်သာ တဥက္ခောင်းခန့် ရသောဟူ၏။                                                                                   
                                     ရွှေအင်းတောင်စေတီကို ပြင်ဆင်မွမ်းမံခြင်း
    ထိုသီဟပတေ့မင်းကြီးသည် ချက်လုပ်၍ ရသောငွေတော်များကို ဆင်းရဲသားတို့အား ဝေငှပေးကမ်းတော်မူပြီးလျှင် မြို့လုလင်အရှေ့ ၊ စွန်ချောင်းဖျားတွင် ချိန်ဝန် ၁၅၀၀-ရှိ၊ ၂၀၀၀-ရှိ ၃၀၀၀-ရှိသော ကျောက်များကိုတူးဖော် သယ်ယူစေ၍ ဇေယျမင်္ဂလာမြတ်စွာ ဘုရားမှာ ပထမ ဘိနပ်တော်တွင် သရွတ် အင်္ဂတေမံ၍ အောက်ခံအခင်း ပြုတော်မူသည်။ ရှေးမင်းတို့တည်ခဲ့ သော စေတီတော်အမြင့် အတောင် ၃၀ ခန့်ကိုလည်း၊ သံတောင် ၆၆ တောင်မြင့်အောင်-
    ပထမစေတီရံ- ၁၇၄။ ဒုတိယ စေတီရံ- ၉၈။
    တတိယ စေတီရံ -၉၁။
    ဘိနပ်တော် အ၀န်း -၉၆ တောင်။
    များနှင့် ထပ်မံ တည်လုပ်တော်မူသည်။
                                         အံ့ဘွယ်သရဲ ကျောက်တုံးကျောက်ပြားများ
    ထုဗျက် တစ်တောင်စီ အရှည် ၁၂ တောင်ရှိသောကျောက်များကိုလည်း မကျိုးမပဲ့စေရ၊ ရင်ပြင်တော်လေးမျက်နှာ လှေခါးတွင် ခင်းထားပြုလုပ်တော်မူသည်။ မုခ်ထောက်လှေခါး၊ ကြေး စည်တိုင်များ ကိုလည်း ရှည်လျားကာလ၊ ကပ်ကမ္ဘာမျှတအောင် ထောက်ဆမြော်ခေါ်၍ သူတော် သူမြတ်နှင့် ကြီးကြပ် ပြုလုပ်တော်မူသည်။  ပထမမြို့တည် မင်းတို့လက်ထက် မြွေစပါးကြီး ရစ်ပတ်တွေ့ရှိသည် ကို အကြောင်း ပြု၍ စေတီတော်မြတ် ကို မြွေစပါးကြီး ပတ်ခွေသော အဟန်၊ သဏ္ဍာန်မခြား ကျောက်သား မြွေစပါးကြီး ထုလုပ် ထားတော်မူသည်။ သီဟပတေ့မင်းကြီး သည် ပီတိငါးပါးတွင် တစ်ကိုယ်လုံး ပျံ့နှံ့ စေတတ်သော ဖရဏာပီတိ ရှိတော်မူလတ်ရကား၊ ကိုယ်တော်မှစ၍ သားတော်၊ သမီးတော်တို့၊ ရွှေကိုယ်လေးငွေကိုယ် လေးမျာကို ရုပ်ရှင်တော်မြတ် သွန်းလုပ်၍ ဌာပနာတော်မူသည်။
    အနောက်ပန်းတွင်းရွာ၊
    အရှေ့ပန်းတွင်းရွာ၊
    ဆီးမီးထွန်းကြီးရွာ၊
    ကျွဲဖြူကန်ရွာ၊
    ခင်တဲရွာ၊
    ကြက်မောက်ရွာ၊
    ငမင်ရွာ၊ ထို ၇ ရွာကိုလည်း ဇေယျမင်္ဂလာ မြတ်စွာဘုရားတွင် ကျောက်တိုင်စိုက်မှတ်၍ ၀တ်မိုး ၀တ်မြေ လှူတော်မူသည်။
    မြေ၀န်းနိမိတ်ကား -
    ဘုရားအရှေ့စောင်းတန်းက မောင်းတိုင်တံခါး၊
    ထိုက - ငွေဖိုရွာ၊
    ထိုက - ကျောက်စရစ်ကန်ငယ်၊
    ထိုက -ကျွန်းရိုး၊
    ထိုက- စောမိနံ့သာဇရပ်၊
    ထိုက- စည်ကြီးဆွဲညောင်ပင်၊
    ထိုက -ကြက်တိုက်ညောင်ပင်၊
    ထိုက -ပန်းဆေးချောင်း၊
    ထိုက -မျောက်ငိုပင်၊
    ထိုက -ကျောက်မြောင်း၊
    ထိုက -ပန်းသူချောင်း၊
    ထိုက -ခင်တဲ၊
    ထိုက- ရတနာဒေ၀ီညီအစ်မကောင်းမှု၊
    ထိုက- ကြေးနီချောင်းရိုး၊
    ထိုက- မြို့ရိုးအနောက်မြောက်ထောင့်၊
    ထိုနိမိတ် အတွင်းမြေများကို ဘုရားဆု ပန်တော်မူပြီးလျှင်၊ ဒဿဘာဂ မြေဆီခွန် နှင့်တကွ လှူတော်မူသည်။ ယင်းသို့ဖြစ်သောကြောင့် အမရပူရ ပထမမြို့တည်၊ ဆဒ္ဒန်မင်းသခင်၊ ဆင်ဖြူ ရှင်များရှင် မင်းတရားကြီး လက်ထက်တော် ၁၁၄၅ ခုနှစ်၊ စစ်တမ်းတွင် မင်းကြီး သီဟပတေ့ လှူမြေဖြစ်၍ မြေဆီမြေခွန် သွင်းရကြောင်းများနှင့်-
      ငမင် မြို့သူကြီး - ငကောင်း
    ကျွဲဖြူကန်သူကြီး - ငမြတ်သာ
    အနောက်ပန်းတွင်းသူကြီး - ငမြတ်ဦး
    ဆီမီးထွန်းသူကြီး - ငမြတ်ဝင်း
    ခင်တဲသူကြီး - ငခွေး တို့၊ အစစ်ခံ ထင်ရှားနှင့် ဖြစ်၍ ၊ဤစကား၌ ယုံမှားမရှိအောင် သာဓက ပြဆိုသော အချက်တည်း။
                အာရုံမြှော်ဘုရား ၂ဆူ
           ထို့အပြင် မြို့မြောက်ဘက် တာငါးရာ ကွာ အရပ်တွင်လည်း သီဟိုဠ်ရောက် ဆရာတော် သီတင်းသုံးသော အရပ်တွင် သမီးတော် မယ်စောလှ၊ မယ်စောမြတို့က အာရုံမြှော် ဘုရား၂ဆူ တည်တော်မူသည်။ ထိုဘုရားကို ညီအစ်မကောင်းမှု- ဟုခေါ်တွင်သည်။ ရတနာဒေ၀ီ ဟူ၍လည်း ခေါ်တွင်ကြသည်။
                                       တောင်တွင်း သီဟပတေ့မင်းကြီးအား ပုဂံသို့ဖမ်းဆီးခေါ်ဆောင်ခြင်း။
           တရံရောအခါ ပုဂံပြည်၊ မင်းကြီးကျော်စွာသည် အာဒိစ္စ၀ံသ၊ အသမ္ဘိန္န၊ သာကိရဥက္ကဌ်၊ အစဉ်မပြတ်၊ မြတ်သောမင်းမျိုးဖြစ်လျက်၊ မြေးတော်စောမွန်စီကို၊ ဒီလီပီဇာ  လူမျိုးခြား၊ ငဇင်္ဂါနှင့် ထိမ်းမြားလက်ထပ်ကြောင်းများကို ကြားသိတော်မူလျှင် အမျက်ချောင်းချောင်း ထွက်လျက် အမိန့်တော်ရှိသည်ကား- တောင်တွင်းစားငယ် သီဟပတေ့သည် ရသေ့တို့မွေးသောဆင်၊ သခင်၏ကျေးဇူးကို အထူးမသိ၊ မိမိစွမ်းပကားနှင့် ၊ ရသေ့အား နင်းသတ် သကဲ့သို့လည်းကောင်း၊ မာတာဟိန္နဿ၊ ပိတာဟိန္နဿ၊ မိဘနှစ်ဦး၊ တစ်ဦး ယုတ်ညံ့၊ မစင်သန့်က၊ အထူးမသိ၊ မိမိစွမ်းပကားနှင့်မစဉ်းမစား၊ မခန့်မငြားဘဲ၊ မတရား မတော် မမှန်သော အကြံအကျင့်ကို မချင့်မမြော် မသူတော်စရိုက်နှင့်သာ နှစ်ခြိုက်လေ့လာကြောင်း၊ ထုံးဟောင်းသာဓက ပြဆိုသည်နှင့်အညီ ၊သင့်အဘမူ- အသည်သား၊ သင့်အမိကား၊ နေနတ်မျိုး၊ လူဆိုး လက္ခဏာ ၊ ဘင်္ဂါ ကုလားတို့နှင့် ပေါင်းနှော၍ ငါသို့သောသူကို ပုန်ကန်မည် အရေးနှင့် သမီးပေး သမက်ဖမ်းပြုသည်။ သို့ဖြစ်၍ သင်းတို့ လင်မယားကို သူတပါး ကွပ်မျက်သည်နှင့် မတူသော ကွပ်မျက်ခြင်းဖြင့် ကွပ်မျက်တော်မူမည်။ မထွက် မလွတ်စေရ ၊ လည်ကြိုးတပ်၍ ဆောင်ယူခဲ့ရမည်- ဟု မိန့်တော်မူပြီးလျှင်- ပုပ္ပါးမြို့စား အမတ်ငသက်ရှည်ကို အမှုထမ်းလူ ၁၀၀ ထပ်၍ ခေါ်ယူစေသည်။ မင်းကြီးသီဟပတေ့လည်း သတ္တိဗလ ၊ ဗျတ္တိဗလ နှစ်ပါးတွင်- သတ္တိဗလဖြစ်သော စစ်ဆင်စစ်တက် လက်ရုံးအရည်သည်၊ အလွန်ကောင်းသော ယောက်ျားမှန်၏။ ထို့ထက် ဗျတ္တိဗလ ဟူသော ဥာဏ်ပညာအကြောင်းမှာ- သာလွန်ထူးကဲသော အကျင့်တရား သိမ်းပကားပြု ညှိနှိုင်း တိုင်ပင် စီရင် ဆုံးဖြတ်လျက် အမှတ်အသား၊ များပြား တတ်မြောက်သူ ဖြစ်သောကြောင့်၊ အလုံးအရင်းဆင်မြင်း ကျေးကျွန်၊ အလွန်ပေါများသောဂုဏ်၊ အလုံးစုံရှိလျက် မခုခံ။ အဘယ်သို့သော အကြောင်းဖြင့် မခုခံလေသနည်း။ ဘုန်းပါရမီအားဖြင့် ဆင်းရဲသားပြည်သူတို့၊ ချမ်းသာအောင်ရှာမှီးလျက် ငွေချိန်ပိဿာ ၅၀ါ၊ တစ်လလျှင် ၁၅၀၀ါ အခါလည် တစ်နှစ်လျှင် ၁၈၀၀၀ါ - ရသော ကျေးဇူး ဥပကာရသည်၊ ဇမ္ဗူဒီပါ၌ ကျော်စောခြင်း ပကာသနသည် ထင်ရှားဖြစ်ပါစေတော့- ဟု သဘောနှလုံးထားလျက် ပုဂံပြည်သို့ လိုက်သည်။
                                         ကန်တရာ
         စခန်းချရပ်တိုင်းသော အရပ်တို့၌ေ၇ကန်တစ်ကန်စီ တူးလုပ်တော်မူ၍ ကန် ၁၀၀ စေ့သော အရပ်သို့ ရောက်လျှင် တရာရွာ သမုတ်၍ ကျေးရွာတည်ထား လှည်းနွား ဆင်မြင်း ထားခဲ့သည်။ ယခုတိုင် ကန်တရာရွာ ဟု ထင်ရှားရှိလေသည်။ ကျောက်ပန်းတောင်းမြို့သို့ ရောက်၍ အမှုထမ်းရဲမက်တို့ ချက်ပြုတ် စားသောက်ရန် အိုးခွက် ငှါးရမ်းလျှင်လည်း-  ဤမင်းသီဟပတေ့ကား ရာဇ၀တ်အပြစ် ကြီးမားစွာနှင့် ခေါ်သူ၊ လူရှင်မဟုတ် လူသေဖြစ်သည်။ ဆို၍ အိုးခွက်ကို မဆိုထားဘိ တည်းခို နေထိုင်ရန်ကိုမျှ ခွင့်မပေးရှိလျှင် - အမျက်ပြင်းစွာ ထွက်၍ မင်းကြီး သီဟပတေ့အမိန့် တော်ရှိသည်ကား- ပုဂံပြည်မှ ပြန်လျှင် ဤမြေ ဤရေ များကို ဘုရားတည်လုပ်၍ ၀တ္တကံမြေ လှူဒါန်းမည်။- ဟုအဓိဌာန် တည်ပြီးလျှင် မြလက်စွပ်ကို မြေတွင် မြှတ်ထားတော်မူခဲ့သည်။
 ပုဂံပြည်သို့ေ၇ာက်လျှင် မှူးမတ်တို့ကို များစွာသော ရွှေငွေတို့ဖြင့် ပေးကမ်းခြင်း ချက်လုပ်၍ရသော၊ ငွေတော်ပိဿာ ( ၅၀၀၀) ငါးထောင်နှင့် ရှေ့တော်သို့ ၀င်ရောက်ဆက်သခြင်း၊ ကုလားလူမျိုးခြား ငဇင်္ဂါကို သဘာဝအမူ၊ ဇာတ်မတူ သော်လည်း၊ ပြည်သူတို့ချမ်းသာက သတ္တ၀ါတစ်ဦး မျက်နှာကို ညှာသင့် မညှာသင့် ထောက်ချင့် စာနာ၍ ငဇင်္ဂါမျိုးခြားနှင့် ထိမ်မြား လက်ထပ်ကြောင်း၊ ထိုအရပ်ရပ်များနှင့် လျှောက်ထားပြောဆိုလျှင်-  အို.. ဘဲ့သား ဟု ချီးမွမ်းတော်မူပြီးမှ၊ ဤသီဟပတေ့ကား- ငါ၏အကျိုးစီးပွား၊ ပြည်သူသတ္တ၀ါတို့ အကျိုးစီးပွားကို လိုလားသူ ဖြစ်ပေသည်။ နောက်သားနောင်လာ ကမ္ဘာစဉ်ဆက် အလက္ကဒူပ ပြောကြစရာ၊ ပညာကို ရှာမှီးသူ ဖြစ်ပေသည်- ဟု မိန့်ဆိုတော်မူပြီးလျှင်- သမီးတော်ကို- သီရိမဟာ ရတနာဒေ၀ီ ၊ သမက်တော်ကို- မဟာသက်တော်ရှည် သီဟပတေ့ဘွဲ့။ အစီးအနင်းများနှင့် ကျောက်ပန်းတောင်းမြို့ ၊ ပုပ္ပါးမြို့ များကို ထပ်မံ ပေးသနားတော် မူလေသည်။ ငွေချက်သော ကျောက်များကို အိမ်ထောင်စုံ (၁၀၀) တစ်ရာ ကိုလည်း ပေးသနားတော်မူသည်။
                                         ကျောက်ပန်းတောင်း- မြစည်းခုံ
        ယင်းသို့လျှင် အရပ်ရပ်များကို ချီးပ မြှောက်စား ပေးသနားတော် မူပြီးမှ အပြန် ကျောက်ပန်းတောင်းမြို့သို့ ရောက်လျှင်- အဓိဌာန် ပြုလုပ်၊ နှံမြုပ်ခဲ့သော မြလက်စွပ်တော်ကို ဖော်ယူဌာပနာ၍ မြစည်းခုံ ဘုရား တည်ထား ကိုးကွယ်တော်မူသည်။
ကျောက်ပန်းတောင်းမြို့ စီရင်စု၊-
၁-ငလတ်ရွာသူကြီး - ငသော်တာ
၂- အင်းဖြိုးသူကြီး - ငမင်း
၃- ကြံစို့ပြည်စိုး - ငအောင်နိုင်
၎- အနောက်ကျင်းသူကြီး- ငကောက်
၅- ရွာလတ်သူကြီး- ငလတ်
၆- ဥသျှစ်မြောင်သူကြီး- ငရဲဘက်
၇- ပိန္နဲပင်သူကြီး- ငစစ်
၈- တငါကန်သူကြီး- ငအောင်ချင်း
၉- မန်ကျည်းရှည်သူကြီး- သား အဘ
၁၀- ကန်ဆည်သူကြီး-
၁၁- ရွာပုသူကြီး-
၁၂- ဆင်တိုင်သူကြီး
၁၃- ညောင်ကန်သူကြီး-
၁၄- ရွာမသူကြီး ညီ-အကို
၁၅- တောင်ခြေသူကြီး
၁၆- ညောင်ပင်သူကြီး၊
၁၇- အင်ပင်သူကြီး- သား -အဘ
၁၈- ကန်သာပုသူကြီး- သား- အဘ
၁၉- ရွာလှသူကြီး
၂၀- တွင်းနီသူကြီး
၂၁- တွင်းဖြူသူကြီး၊
၂၂- လက်ပန်သူကြီး၊
၂၃- ပန်းများသူကြီး၊
၂၄- လင်းနို့ချောင်းသူကြီး၊
၂၅- သရက်ချဉ်သူကြီး- သား-အဘ၊
 တို့ကို သားမယားနှင့် တကွ၊ မြစည်းခုံဘုရားမှာ ပေါင်းတံမျက် သုတ်သင်စေရန် လှူတော်မူသည်။ သက္ကရာဇ် ၆၄၇ ခုနှစ်၊ မြင်းဖေါင်းဝတ်ကျောတွင် ပတ္တမြားစီက တင်လျက်၊ စီးနင်းတော်မူပြီးလျှင် မင်းကြီး မဟာသက်တော်ရှည် သီဟပတေ့လှည့်၍ လှူတော်မူသော ရွာမြေ၊ အပိုင်း အခြားသည်ကား-
၁- ပေါက်သစ်ရွာမြေ၊-
အရှေ့ကိုအလား - အင်ကြင်းတော၊ မကြီးတောင်၊
တောင်ကို- အိုးထိပ်တွင် ညောင်ကန်၊
အနောက်ကို -ရွာလုကန်၊
မြောက်ကို- ကန်သာပုကျင်း၊
ဤသည်လျှင် နိမိတ် အပိုင်းအခြား
 ၂- ဆွဲတင်ရွာမြေ၊
  အရှေ့ကို- မုန်စုတ်ရွာမြေနှင့်
  တောင်ကို-ကွေ့နီချောင်း၊
 အနောက်ကို - မဲထီးမြေနှင့် အစပ်၊
  မြောက်ကို- သက်ငယ်ကျင်း၊
ဤသည်လျှင် နိမိတ်အပိုင်းအခြား၊
  ၃ - သံဖိုရွာမြေ၊-
  အရှေ့ ကို -ဆည်ကျချောင်းရိုး၊
 တောင်ကို -အလယ်ကန်၊စောပလာဇရပ်၊
  အနောက်ကို- ကုန်းခင်ထိ၊
  မြောက်ကို- သလူကန်
 ဤသည်လျှင် နိမိတ်အပိုင်းအခြား။
  ၄ -ကန်ပေါက်တိုရွာမြေ၊
  အရှေ့ကို -ကျောက်တိုင်ကန်၊
  တောင်ကို- ချောင်း
 အနောက်ကို- ရေဝေကုန်းခင် အခြားတဘက်၊
  မြောက်ကို- နတ်အိမ်တောင်ရိုးထိ၊
 ဤကား နိမိတ် အပိုင်းအခြားတည်း။
ထို့အပြင် ၀က်ချက်လူ ယောက်ျားမိန်းမ ၅၆ ကိုလည်း လှူတော်မူသည်။
         ဤသို့လျှင် ငါလှူတော်မူသော ၀တ္တုကံရွာမြေ၊ အရာမ်စောင့်၊ ၀က်ချက်၊ ကျွန်သီးတော်များကို ဖျက်ဆီးသူတို့သည် မဟာအ၀ီစိငရဲ၌ အမြဲခံရသည် ဖြစ်စေသော်......။ ငါသည်လည်း ဤကောင်းမှု အဘို့အားဖြင့် နိဗ္ဗာန်ပါရမီ အကြား၊ ဘုရား တကာတို့ ဖြည့်တော်မူမြဲဖြစ်သော ပါရမီ ၁၀ ပါး၊ အပြား ၃၀ တို့ကို ဖြည့်ကျင့်နိုင်သော ကိုယ်ဖြစ်ရပါလို၏။ ဟု ကျောက်စာမော်ကွန်း စိုက်မှတ် လှူဒါန်းတော်မူပြီးလျှင် တောင်တွင်းကြီးမြို့သို့ ဆုတ်ခွာတော်မူခဲ့သည်။
         နတ်မောက်မြို့တောင် ပေသင်ဖြူးချောင်းသို့ရောက်လျှင်- ထိုချောင်းတောင်ဘက် ကုန်းစက်ရေကျလျှော၍ တောင်တော အခြေအနေ သန့်ပြန့်သည်ကို ရပ်တန့်ကြည့်ရှုတော်မူစဉ်- သမီးတော် ၅ ပါး တောင်းပန်သည် ဖြစ်၍ မုခ် ၅ ပေါက်နှင့် သမီးတော်တို့ ကိုယ်စား၊ ဘု၇ားတစ်ဆူ တည်တော်မူသည်။ ထိုဘုရားကို ငါးမျက်နှာဘုရား ဟုသမုတ် လှူဒါန်းတော်မူပြီးမှ တောင်တွင်းကြီးမြို့သို့ ဆုတ်ခွါပြန်ရောက်တော်မူသည်။
                                     ရွှေေ၇ာင်တော်၌ ပြုပြင်လှူဒါန်းခြင်း
    တရံရောအခါ မင်းကြီး သီဟပတေ့၊ ရွှေေ၇ာင်တော်ဘုရားကို အဖူးအမြှော်ထွက်တော်မူရာ ရောင်ခြည်တော်တို့သည် အထူးအဆန်း ပြည့်လျှမ်း မောက်ဖြိုး တန်ခိုးပြာဋိဟာ ပြသည်ကို ဖူးမြင်ရသဖြင့် အလွန် နှစ်သက် ကြည်ညိုတော်မူသည် ဖြစ်၍ ရွာကြီး ၅ ရွာကို နယ်နိမိတ်ပိုင်းခြား၍ မြေဆီမြေခွန် လှူတော်မူသည်။ လှူတော်မူသောမြေကား.....
၁- ကြက်ဆူတောရွာ
၂- ဆူးပန်းရွာ
၃- အင်းရွာ
၎- သားတိုးတန်းရွာ
၅- အိုးထိန်းတောင်ရွာ
ထိုငါးရွာ၏ ပယ်ဝန်း.....
ရွှေရောင်တော်ဘုရားက၊
အရှေ့ကို မန်ကျည်းဆိုင်းတွ၊
ထိုက မြောက်ကို -ဘွတ်လျှော်အင်း၊
ထိုက မြောက်ကို- ပေမစိ
ထိုက အနောက်ကို - ကျောက်ငါးကြင်းရုပ်၊
ထိုက အနောက်ကို - ဗေဇလီအိုင်ကြီး
ထိုက အနောက်ကို- ဆူးပန်း
ထိုက အနောက်မြောက်ကို- ယင်းချောင်း
ထိုက တောင်- မန်ကျည်းဆိုင်းတွ
နိမိတ်လေးရပ် သတ်ဆိုပြီးလျှင် ကျောက်စာကမ္ဗည်းစိုက်မှတ် လှူဒါန်းတော်မူသည်။
             တရံရောအခါ မင်းကြီးသီဟပတေ့ မိန့်ဆိုတော်မူသည်ကား- ကျောက်ပန်းတောင်းမြို့ နေ၊ မြို့သားတို့သည် ငါသို့သော တိုက်ဆင် ၄၀ ရှင်ကို မလေးမစား ပြုကျင့်ကြသောကြောင့် မြစည်းခုံ ဘုရားမှာ လှူထားခဲ့ကြောင်း၊ ထိုအ၇ာသည် သတ္တ၀ါတို့ ဓလေ့၊ ပျက်စီးရန် အချိန်တွေ့က မေ့မေ့လျော့လျော့ လုံ့လပေါ့သဖြင့် သွမ်းသော့ ညစ်ညမ်း ရုပ်ရည် နွမ်းသဖြင့် ပင်ပန်းဆင်းရဲ ရှိသည်- ဟုမှူးမတ်အစုံတွင် အမိန့်တော်ရှိသည်။
ယင်းသို့သောအခါ ပညာရှိအမတ် နန္ဒကျော်ထင် လျှောက်သည်ကား..
ပုဂံပြည် နရပတိစည်သူမင်းကြီးသည်၊ အမှုထမ်းကောင်းဖြစ်လျက် ငအောင်စွာငယ်ကို ကွပ်မျက်ခြင်း၊ အနော်ရထာမင်းစောသည် ခြေလျင်ကုလားသား ဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ကို ကွပ်မျက်ခြင်း။ နရပတိ အမည်ခံသော မင်းခွေးချေးသည် ပညာရှိ အမှုထမ်းကောင်းဖြစ်လျက် အဘိုးရာဇသင်္ကြန်ကို ဒလအ၇ပ်သို့ ပို့ထားခြင်း၊. များသည် မင်းကို မရိုမသေ ၊ မချေမငံပြုခြင်းကြောင့် မိမိတို့ အပြစ်နှင့် လျော်စွာ ခံရခြင်း ဖြစ်ပါသည်။ မင်းတို့ဟူက လောင်ပူရဲရဲ၊ မီးကျီခဲသို့ ဟူ၍လည်းကောင်း။ ထိုမှတပါး........
ခတ္တိယောစ = မင်းလည်းကောင်း။
ဥရင်္ဂေါစ = အဆိပ်ထန်သော မြွေလည်းကောင်း၊
ပါဝါကံ = မီးလည်းကောင်း၊
သမဏံ = ရဟန်းသံဃာတော် လည်းကောင်း၊ က္ကုမေ စတ္တရော = ဤလေးယောက်သော သူတို့ ကို ပဏ္ဍတော = ပညာရှိသာ အမျိုးကောင်းသားတို့သည်။ ဒဟေ၇ာတိ = ငယ်၏ ဟူ၍၊ နာတိမညေယျ = မထေမဲ့မြင် ၊ မအောက်မေ့ရာ။ ဟူ၍ ကျမ်းလာစကား ၊ ထင်ရှားရှိသည်ကို၊ မမြော်မထောက်၊ထိုသူတို့သည် မတရား မတော်မှန်၊ ဖောက်ပြန်ဆိုးသွမ်း၊ စိုးမှန်းမင်းမှန်းမသိ၊ ကျင့်မိလိုရာ ပြုသောကြောင့် ဘုရား၌ လှူတော်မူသည် အရေးမှာ- အသက်ဘေး ချမ်းသာလျှင်ပင် မိမိတို့ အပြစ်ကို ထောက်စာက၊ ကောင်းရာကောင်းကြောင်း၊ ဖြစ်ပါသေးသည်- ဟုလျှောက်ထားလျှင်......
အားရနှစ်သက်တော် မူသောကြောင့်၊ အမတ်ကြီးနန္ဒကျော်ထင်ကို ပတေ့နန္ဒကျော်ထင် ဟူသော ဘွဲ့မည်နှင့် အနီးအပါး၊ သွားလာေ၇ာက်ပေါက်နိုင်သော ပေါက်အင်း ရွာကို အစား သနားတော်မူသည်။
                                    ပတေ့ဆည်
           ထိုအမတ်ကြီး သည်လည်း မိမိ စားကျေးဖြစ်သော ပေါက်အင်းရွာ အနီး၊ ရေစီးရေ၀င်ကောင်းရာ ပြုစုသော ဆည်ကို ပတေ့ဆည်ဟု ယခုတိုင် ထင်ရှားကျော်စော သည်။
ထိုအမတ်ကြီး-နန္ဒကျော်ထင် ထပ်၍ လျှောက်ပြန်သည်ကား.........
           အရှင်မင်းကြီး ....... .ဝေဒဗ္ဗဇာတ်တွင်၊ ပုဏ္ဏား တစ်ယောက်သည်၊ နက္ခတ်ကို ကြည့်မြှော်လျက် ၊ဝေဒဗ္ဗ မန္တာန်ကို သရဇ္ဈာယ် လျှင် ရွှေငွေတို့ သည် ၊ ကောင်းကင်မှ များစွာ ကျရောက်ကြောင်း ကို ဟောတော်မူသည် ။ ပုဂံပြည်၊ ငသည်လည် ကြောင်မင်း လက်ထက်လည်း၊ အဇ္ဈဂေါဏဆရာ ၊ရွှေ ငွေ ဖြစ်၍ - ဆင်းရဲသားတို့ သုံးစား၍ မကုန်နိုင်အောင်ရှိကြောင်း၊ ရွှေမိုး- ငွေမိုး ရွာကြောင်းများမှာ ကြားဘူးကာမျှ ဖြစ်ပါသည်။ ယခုမှာ တမူကား- ရှင်မင်းကြီး ၏ ရွှေဘုန်းတော်မြတ်ကြောင့် ၊ ကျောက်ခဲကို ကောက်ယူချက် လုပ်ကာမျှဖြင့်၊ တစ်၇က်လျှင် ငွေချိန်ပိဿာ (၅၀)ငါးဆယ်၊ တစ်လလျှင် (၁၅၀၀)ထောင့်ငါးရာ ၊ တစ်နှစ်လျှင် (၁၈၀၀၀) သောင်းရှစ်ထောင်၊ များမြောင်ကြွယ်ဝ၊ လိုမတ ရှိလျက်နှင့် လက်နက်လူသူပေါများ၍ အခြားသောနိုင်ငံရှင်တို့ အန်တုဝံ့တော့မည် မဟုတ်ပါ။ မက္ခရာ၊ မြင်စိုင်းတွင် ထီးပြိုင်နန်းပြိုင်၊ မင်းပြိုင် လုပ်သော ညီနောင်သုံးပါး တို့သည်၊ မင်းရိုးမဟုတ်၊ ယုတ်ညံ့သော ဘိန္နကရာဇ်မျိုး၊ မှူးရိုးမတ်နွယ် ဖြစ်သော သိင်္ခဗိုလ်သား၊ ထောင်ထားရိုင်းပြ၍ အာဒိစ္စနန်းရိုး၊ ဥမျိုးဖြစ်သော ပုဂံမင်းကို ချင်း တို့လည်ဆယ်၍ ဥပါယ်တမျဉ်နှင့် ၊ တိုင်းပြည် ကို နှောင့်ယှက်ဖျက်ဆီး  ကျင့်ကြံ့သူများ ဖြစ်ပါသည်။ ယင်းသို့သောအားဖြင့် ဆင်းရဲသား ကျွန်တော်မျိုး တို့ကို ရွှေငွေ ပေး ကမ်း ဖြန့်ချိခြင်း ၊ ပြည်မင်း ၊ တောင်ငူမင်း ၊ ရခိုင်မင်းတို့ထံလည်း လက်ဆောင်၊တံစိုး၊ ထည်မျိုး၊ အုပ်မျိုး၊ အဘိုး ထိုက် တန်အောင် စီမံ ပေးကမ်းခြင်း ပြုလုပ်၍- သိင်္ခဗိုလ်သား၊ လူရမ်းကားတို့ ကို ၊ ထွားထွားကြေညက်၊ တိုက်ခိုက်ဖျက်ဆီး သိမ်းယူလျှင်... လွယ်ကူ အောင်မြင်အံ့သော အကြောင်းရှိပါသည်။ ပြည်ကြီးသနင်း၊ မင်းတို့ မည်သည်၊ စည်စည် ပင်ပင်၊ တိုင်းခွင်ပြည်သား၊ အစားအစာ ရတနာရွှေငွေ၊ ဆန်ရေ ပြည့်ဖြိုးက ၊ သင့်နိုးရာ နိုင်ငံကို၊ အကြံမချ၊ လုံ့လအားကြိုး၊ စစ်ထိုးခြင်း အမှုကို ၊ ဥပါယ်လေးပါး တစ်ပါးပါးဖြင့် တိုင်းကား ချဲ့ထွင်ရခြင်း ဖြစ်ပါသည်။
                                     လက်ဆောင် ပဏ္ဍာ များဖြင့် သံတမန်စေလွတ်ခြင်း၊
           ဤသို့ အမတ်ကြီးလျှောက်တင်သော စကားကို အားရနှစ်သက်တော် မူသည်ဖြစ်၍ ပြည်မင်း၊ တောင်ငူမင်းတို့ထံ ရွှေ ငွေ လက်ဆောင် အများနှင့် ဗိဿနိုးမြို့စား အမတ်ငရွှေလှ၊ နတ်မောက်မြို့စား ငကျော်မြ တို့ကို စေလွှတ်တော်မူသည်။
                                       မင်းကြီးသီဟပတေ့ အနိစ္စရောက်ခြင်း
          ဆင် မြင်း ရဲမက် အမှုထမ်းတို့ကိုလည်း အားအင် ပြည့်တင်းအောင် ရိက္ခာငွေတော် ထုတ်ပေး ချေးမစဉ်ကိုယ်တော် မကျန်းသည်နှင့် ၊ ကိုယ်စားတော်စား ရတနာပွင့်လှဦး ဘုရားကို အလျင်အမြန် တည်တော်မူ၍ ထီးတော် မတင်မီ သက္ကရာဇ် ၆၆၃-ခု ၊တော်သလင်းလဆန်း ၃ ရက်၊ စနေနေ့ နှစ်ချက်တီး အချိန် စည်းစိမ် ၂၄ နှစ် မင်းကြီးသီဟပတေ့ အနိစ္စရောက်တော်မူသည်။
                                       သင်္ခသူ-စောနောင်
   ထိုမင်းမရှိလျှင်- သားတော် သိင်္ခသူစောနောင် မင်းလုပ်တော်မူသည်။ ယင်းသောအခါ ပင်းယ မင်းဆက်ကုန်ကာ အဝတွင် မင်းလုပ်သော ရတနာပူရ ပဌမမြို့တည် သတိုးမင်းဖျားတည်း။ ထိုသင်္ခသူ စောနောင်မင်းသည် ၊မြို့ရှေ့၊ ကန်တော်ကြီးတောင်ဘက်၊ အင်းပက်လက်ေ၇ကျကို ကြီးကျယ်သော ကန်ဘောင်ကန်ရိုးနှင့် တက်ဆည် တူးလုပ်တော်မူသည်။ ထိုကန်ကို သင်္ခသူကန် ဟု ယခုတိုင် ခေါ်ဝေါ်ကြသည်။
                                       ညံကန်မြို့
     တရံရောအခါ၊ သက္ကရာဇ် ၇၂၆ခုနှစ် ရတနာပူရ၊ အဝမြို့ကို၊ တည်ထောင် မင်းလုပ်တော်မူသော သတိုးမင်းဖျားသည်၊ စစ်ထိုးခြင်းအမှုတွင် အလွန်လေ့လာသူဖြစ်သောကြောင့်၊ တောင်တွင်းစား သင်္ခသူငယ်ကို တိုက်ခိုက် သိမ်းယူရမည်။ စစ်ကိုင်း၊ ရေဝန်းသား၊ မောင်တက်ပြားကို အထူးအရင်း ပေးအပ် ချီလာရာ၊ တောင်တွင်းကြီးမြို့မြောက်၊ ခရီး ၄ တိုင်ကွာအရပ်တွင်၊ မြေမြို့ရိုး၊ ကတုတ်ရင်တား များနှင့် ညံကန်မြို့ သမုတ်ကာ စွဲရပ် နေထိုင် သည်။
                                       သင်္ခသူမင်း- စကုသို့ထွက်ပြေးခြင်း
           တောင်တွင်းကြီးမြို့ကလည်း လေးသမား ၄၀ ကျော်၊ ဆင်မြင်းလက်နက်အများနှင့် ခုခံတိုက်ခိုက်သည်။ လေးသမား ၄၀ကျော်တို့ မခံနိုင် ပျက်ပြားထွက်ပြေးရှိသည်နှင့် သင်္ခသူစောနောင်မင်းလည်း တောင်တွင်းမြို့မှ စကုမြို့သို့ ထွက်ပြေးပြီးလျှင် စကုမြို့သူကြီးသမီး မမင်းလှကို သိမ်းပိုက်၍၊  တောင်တွင်းကြီးမြို့က ပါရင်းအမှုထမ်း၊ စကု၊စလင်း၊ ဘောင်လင်း၊ လယ်ကိုင်း စသောလူတို့နှင့် ခုခံ စည်းကြပ်၍ အရပ်အနေ ပြုလုပ်သည်။
                                        အင်းဝ-သတိုးမင်းဖျား လွန်တော်မူခြင်း
    ယင်းသောအခါ သတိုးမင်းဖျားကိုယ်တိုင် ချီလှာ၍ စလေမြို့အောက်၊ ရှင်ပင်စောကြိုဘုရားဆိပ်သို့ ဆိုက်ရောက်ရှိနေစဉ်၊ ကျောက်ပေါက်ရောဂါနှင့်  သတိုးမင်းဖျား နတ်ရွာလွန်တော်မူသည်။
                                        မင်းကြီးစွာစော်ကဲ
      ထိုမင်းမရှိလျှင် သတိုးမင်းဖျား၏ ယောက်ဖတော် အမြင့်စား တရဖျားကြီးကို မှူးမတ်တို့ ညီညာကြသဖြင့် မင်းကြီးစွာစော်ကဲ ဟူသော အမည်ဖြင့် ရတနာပူရ၊ အ၀ရွှေပြည်တော်ကြီးမှာ မင်းလုပ်တော်မူသည်။
                                        သင်္ခသူစောနောင်ကို -သိမ်းပိုက်ခြင်း
     တရံရောအခါ၊ မင်းကြီးစွာစောကဲ အမိန့်တော်ရှိသည်ကား- တောင်တွင်းစား သိင်္ခသူ စောနောင်ငယ် စကုမြို့က ခြားနားရှိနေသည်ကို မတိုက်မခိုက်ဘဲ ၊ နှလုံးအားဖြင့် သိမ်းပိုက်၍၊ သင့်-မသင့်၊ လျော်-မလျော်၊ တိုင်ပင်တော်မူသည်ကာလ.................
     လက်ရုံးရည် ဟူသော အရာသည် နှလုံးရည်၏ အစေအပါးမျှ ဖြစ်ပါသည်။ နှလုံးရည်နှင့် မပြီးမှ လက်ရုံးရည်ဖြင့် အားထုတ်တော်မူရပါမည်- ဟု၊ မှူးမတ်တို့ တင်လျှောက်သော စကားကို အားရတော်မူသည်ဖြစ်၍ သိင်္ခသူ စောနောင်ကို သိမ်းပိုက်ခေါ်ယူ ဆိုက်ရောက်ရှိလျှင် အဘိုးရာဇာသမီး ၊ စောပုလဲ နှင့်  ထိမ်းမြား ပေးပြီးလျှင်  မင်းသားတို့၏ အစီးအနင်း အဆောင်အရွက်များကို အပ်၍ မြေထူးမြို့၊ တပယင်းမြို့ များကို ပေးသနားတော် မူသည်။ ထိုမင်း၏ အဆက်အနွယ်ကား.........
    သိင်္ခသူစောနောင်၊-
    နှမ- ရှင်ဘို့မယ် (လင်- အ၀ဘုရင် ပထမမင်းခေါင်) ဤကား သားယောက်ျားက ဆက်သော အနွယ်တော်တည်း။
                                      တောင်တွင်းကြီး မင်းဆက်ပြတ်ခြင်း
              ထိုသိင်္ခသူ စောနောင်မင်းနောက် တောင်တွင်းကြီးမြို့မှာ ထီးပြိုင်နန်းပြိုင် မင်းမရှိ။ မင်းကြီးစွာစော်ကဲမှစ၍ ဒုတိယမင်းခေါင်တိုင်၊ မင်း ၁၁ ဆက်၊ နှစ်ပေါင်း ၁၂၀ ကျော် အ၀မင်းတို့ အဆင့်အဆိုကို ခံ၍ မြို့ဝန် ပြ၀န်တို့နှင့်သာ အချုပ်အအုပ်ခန့်ထား နေထိုင်ကြရသည်။
အပိုင်း(၁)                                                                  
       သုံးလူ့အထွဋ် သဗ္ဗညုတမြတ်စွာဘုရား ဖွားမြင်တော်မမြင်မီ (၃၈) တွင် မဇ္ဈိမဒေသ သင်္ကဿနဂိုရ်ပြည်ကို အစိုးရတော်မူသော၊ ဘေရိန္ဒမင်းကြီး၏ သားတော်များဖြစ်ကြသော သာဂရနှင့်သာဂီရ ညီနောင်နှစ်ပါးတို့သည်၊ တက္ကသိုလ်ပြည်မှ သင်ကြားတတ်မြောက်ခဲ့သောပညာဖြင့် တွက်ချက်ကြည့်ရှူရာ၊ ဤသင်္ကဿနဂိုရ်ပြည်၌ ခမည်းတော်မရှိလျှင် မင်းစဉ်မင်းနွယ် သိရ်ငယ်ပပျောက်အံ့သော အကြောင်း ညီနောင်နှစ်ပါးတို့သည်လည်း မဇ္ဈိမဒေသနိမိတ်၏ အရှေ့မှာသာ မင်းအဖြစ်သို့ ရောက်နိုင်အံ့သောအကြောင်းများကိုမြင်၍ ဇမ္ဗူဒီပါမြေအပြင် သင့်ရာကွက်ရပ်၊ လျောက်ပတ်သောဒေသတွင် မြို့ပြပြုစု တည်ထောင်လိုကြောင်း ခွင့်တောင်းလျှောက်တင်သောကာလ.... သားတော်တို့လျှောက်တင်သောစကားကို အားရနှစ်သက်တော်မူသဖြင့် ချစ်ခင်လှသောသားတော်တို့အား အလုံးအရင်း ဆင်မြင်းလက်နက် ရဲမက်ဗိုလ်ပါ၊ ကိရိယာအစုံ ကုန်တံလုံလောက်အောင်အရေး ပေးမချီးမြှင့်တော်မူသည်နှင့်၊ ညီနောင်နှစ်ပါးတို့သည်လည်း ခမည်းတော်မယ်တော်တို့အား ဝပ်တွားရိုကျိုး ရှိခိုးကန်တော့ပြီးလျှင် တည်ထွင်ရာသောအကြောင်း ဗိုလ်ပေါင်းစည်းကြပ် အောင်တပ်ချီတော်မူလေရာ၊ သလ္လာ္လ္လ္လ္လ္လ္လ၀တီမြစ်ကိုအမှီပြု၍ ၊ဥဿာပဲကူးအရပ်တွင်၊  ညီတော်သာဂီရမင်းသည်  ပြည်ရွာထီးနန်း တည်ထောင်နေရစ်သည်။ နောင်တော်သာဂရမင်းလည်း လျောက်ပတ်သော အလုံးအရင်းကို အပ်နှင်းလျက်၊ ဆက်လက်ထွက်ခွါလာရာ သက်ပန်း ပြူရွာအရပ်သို့ရောက်လျှင်၊ ရွာနေရွာသားတို့က တိုင်းပြည်ထီးနန်းကို သိမ်းမြန်းအုပ်ချုပ်နိုင်သော လက္ခဏာ ဘုန်းတန်ခိုးတို့ဖြင့်  တိုးပွါးကြီးကျယ်အံ့သည်ကို မြင်၍၊..... အရှင်မင်းမြတ်- ဤရပ်ဤရွာကို ညှာတာသနားသဖြင့် တရားနှင့်ညီလျော် ကျွန်တော်မျိုးများ ဆင်းရဲသားတို့ကို အုပ်ချုပ်၍ မင်းလုပ်စံနေတော်မူပါမည့်အကြောင်းကို လက်ဆောင်ပဏ္ဍာ များစွာ ဆက်သလျှောက်ထားလျှင်- ထိုဒေသကို ပဌာန-နဂိုရ် တောင်းပန်ရင်းအလိုကြောင့် ထိုသူတို့နေသောအရပ်ကို ပဌာနဂိုရ်မြို့ဟု သမုတ်တော်မူပြီးလျှင်- အမတ်ငကြမ်းတောကို အအုပ်အထိန်းခန့်ထားတော်မူခဲ့သည်။
       ယင်းကမှ ရတနာဆင်ဖြူတော်ကို ခရီးရှေ့ညွှန်ထား၍ ချီသွားတော်မူပြန်ရာ ပန်းသင်းတောအရပ်သို့ရောက်လျှင် ဆင်တော်မသွား တန့်နားရပ်နေသည်နှင့် - ဆင်တော်ရပ်နေသောအရပ်သည် သာမညအားဖြင့် ရပ်နေသည်မဟုတ်၊ တစ်စုံတစ်ရာအကြောင်း၊ နတ်ကောင်းနတ်မြတ်တို့ စေ့စပ်ဆော်နှိုး၊ အကျိုးတော်ဆောင်၊ အောင်မြေကွက်ရပ်၊ နှင်းအပ်ကြသောအရာဟု၊  ကြည်ရွှင်စွာသောရွှေနှလုံးတော်မြတ်၊ ပြဌာန်းတော်မူပြီးလျှင်၊ မှူးတော်မတ်တော်တို့ကို ကြည့်ရှုစေရာ၊ တောတောင်မြေရေ၊ အခြေအမြစ်၊ ၀ါးသစ်ကြိမ်နွယ်၊ လယ်ပယ်ယာပယ်၊ တံဇယ်၊မုရင်း၊ လုပ်ခင်းဆောင်တာ၊  ရေလာရေစီးတို့ဖြင့် ကောင်းမြတ်ကြောင်း။ ထိုမှတပါးလည်း စတုရန်းတာ (၇၀၀)ကျော်အတွင်း၊ ပန်းသင်းပင်တို့သာပြွမ်းကြောင်း။ ကြိမ်နွယ်စသောသစ်ပင်တို့သည် လက်ျာရစ်နှင်နှင်သာ ပေါက်ရောက်တွေ့မြင်ကြောင်းများနှင့် တင်လျှောက်လျှင်…… အားရနှစ်သက်တော်မူသောကြောင့်မြို့ရွာထီင်္းနန်း တည်ဆောက်ရန်အခမ်းအနားများကို ပန်းသုံးမှတ်တိုင်စိုက်ပြစေလျှင်- စိုက်ပြသော ပန်းသုံးမှတ်တိုင်အတွင်းမှ ကြီးမားရှည်လျားသော၊မြွေတစ်ခုသည် တောင်အရပ်သို့ထွက်သွားသည်ကို တွေ့မြင်၍၊ ထိုမြွေသွားခြင်းသည် အချည်းအနှီးသောသွားခြင်းမဟုတ်။ မြို့နန်းတည်မည်ဟု ရွယ်ရည်စိုက်မှတ်သော  ဤပန်းသုံးပနှက်ရာအရပ်သည် ထူးမြတ်သောအောင်မြေဇာတိ၊ ဘူမိသေဋ္ဌဖြစ်တန်ရာ၏ဟူ၍ူ ပညာရှိမှူးမတ်တို့ကို လိုက်ကြည့်စေရာ- တာ(၁၀၀၀) တစ်ထောင်ခန့်သို့ရောက်လျှင် ကြာအင်းတစ်ခုကို လက်ျာရစ်သုံးပတ်လှည့်ပြီးမှ ထိုကြာအင်းအတွင်းဆင်း၍ အတောင်သုံးဆယ်ခန့်မြင့်သော ကိုယ်ကိုဖော်ပြလျက် တောင်မြောက် လေးမျက်နှာ ကြည့်ပြီးလျှင် အစာကိုအန်၍ ထိုမြွေပျောက်သွားလေ၏။ ယင်းသို့သောအကြောင်းများကို၊ တင်လျှောက်သည့်ကာလ၊ ပန်းသင်းတောအရပ်မှ ချီတက်တော်မူ၍၊ ထိုကြာအင်းအရပ်၌ တိုင်းပြည်ထီးနန်း ပြုစုတည်ထောင်၍ သင့်မသင့် လျော်မလျော်များကို၊ သမ္မာဒေ၀စသောနတ်တို့အား တင်ကြားပသအိပ်မက်ယူကြရာ… မင်းကြီးသာဂရမြင်မက်တော်မူသည်ကား- ငရန့်တစ်ခု၊ ဗုဇွန်လုံးတစ်ခုတို့သည် မဟာသမုဒ္ဒ္ဒ္ဒရာမှတက်လှာ၍၊ ဤအရပ်ဒေသသို့ရောက်လျှင် နောက်သို့ပြန်သော-ဟူ၏။-  ထိုသို့မြင်မက်တော်မူသတည်း။ ထိုနေ့ညသည်လည်း လဆန်း(၇)ရက်ဖြစ်လျက်၊ လသည် ပန္နက်ရာသီဖြစ်သော၊ ဆယ့်ငါးရက်နေ့ကဲ့သို့ ပြည့်ပြည့်ဝန်းဝန်း၊ ရှုမြင်ကြရ၏။ ယင်းသို့သောအကြောင်းများကို၊ မှူးမတ်ပညာရှိတို့အားမေးတော်မူရာ-  အမတ်ကျော်လျောက်ထားသည်ကား--
       အရှင်မင်းမြတ်လဆန်း(၇)ရက်နေ့၊လပြည့်ဝန်းသည်ကား၊-  ပြည်တော်ကိုပုဏ္ဏ၀တီဟု သမုတ်တော်မူသင့်သော အကြောင်းဖြစ်ပါသည်။ မြွေအစာကိုအန်သည်မှာ ၀မ်းပြည့်၍ အန်ထုတ်သောအခြင်းအရာ ဖြစ်သောကြောင့် ၊ပြည်တော်တွင်၊ အရပ်လေးမျက်နှာမှ၊ လာရောက်နေထိုင်သောသူတို့သည် ရေစာစပါး၊ လွန်ပေါများ၍ သုံးစားမကုန်၊ လုံလုံလောက်လောက်၊ ကြွယ်ပင်ပေါက်သကဲ့သို့၊ ဖြစ်အံ့သောအကြောင်းရှိပါသည်။ ယင်းသို့သောအကြောင်းဖြင့် ၊ ဇေယျဝဍ္ဎဏတိုင်းဟု သမုတ်တော်မူရပါမည်။
       အမတ်ကျော်လျှောက်သောစကားကို အားရနှစ်သက်တော်မူသည်ဖြစ်၍၊ အထက်ပန်းသုံးစိုက်မှတ်သော အရပ်တွင် ကျေးရွာတည်ထောင်ပြုစုစေပြီးလျှင်၊ ပန်းတွင်းရွာသမုတ်၍ ရေမြေနှင့်တကွ အစားအသနားတော်ခံစေသည်။ တိုင်းတော်ပြည်တော်ကိုလည်း "ပုဏ္ဏ၀တီပြည်၊ ဇေယျဝဍ္ဎဏတိုင်း"ဟု သမုတ်တော်မူပြီးလျှင်၊ မဟာသက္ကရာဇ်  ၈၄၀၈* တွင် ငွေပန္နက်ချမှတ်ပြီး မြို့တော်၊ ထီးနန်းများကိုပြုစုတော်မူသည်။ ထိုသာဂရမင်းကြီးသည် မင်းကျင့်တရား ၁၀ပါး၊ အပရိဟာနိယတရား ၇ပါး၊ နာယကဂုဏ် ၆ပါး များနှင့်အညီ ပြည်သူဆင်းရဲသားတို့အား ရေချမ်းအိုးကို ပိုက်ရဘိသကဲ့သို့ အေးမြချမ်းသာအောင် ဆုံးမသြ၀ါဒပေး၍ မင်းလုပ်တော်မူသည်။ ထိုအခါ ဧရာဝတီမြစ်၏ အရှေ့ဘက်တလျှောက်တွင် ထိုကဲ့သို့ မြို့ရွာထီးနန်း မရှိကြသေး။ ကမ်းယံ၊ကချင်၊ ကရင်၊ပြူ၊ဓနု၊ ရှမ်း၊ကဒူး၊ သက်လူမျိုးတို့ ဘာသာဓလေ့၊ ကိုယ့်ရွာကိုယ်မင်းဆိုသကဲ့သို့၊ အသီးအသီး အုပ်ချုပ်နေထိုင်ကြလေသတည်း။
ထိုသာဂရမင်း ၏အဆက်အနွယ်တော်ကား……….
၁- သာဂရမင်း။
၂ - ၎င်းသားတော်-သာရနုမင်း။**
၃-- ၎င်းသားတော် -သာရထွဋ်မင်း။
၎-- ၎င်းသားတော် -ပိတ်ပြောင်မင်း။
၅--၎င်းသားတော်ပိတ်ရောင်မင်း။   ဟူ၍ မင်းအဆက်ဆက် အုပ်ချုပ်လာခဲ့ရာ၊
       ပိတ်ေ၇ာင်မင်းလက်ထက်၌ မဇ္ဈိမဒေသ၊ သင်္ကဿနဂိုရ်ပြည်တွင်၊ မင်းမရှိသည်နှင့်၊ ကဿပမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေရှင်တော်ဓာတ်ကို၊ သိကြားမင်းဆောင်ယူလာပြီးလျှင်၊ " မဟလ"က ပုဏ္ဏားအယောင်ဆောင်ကာ၊ ပိတ်ရောင်မင်းအား၊ ပို့ရောက်လှာသည်။္ဏ္ဏ ထိုဥဏ္ဏ္ဏလုံမွေရှင်တော်ကို စေတီတည်ထားကိုးကွယ်တော်မူအံ့ဟု၊ ၀မ်းမြောက်ပီတိ၊ အလွန်ရှိတော်မူသည်ဖြစ်၍၊ ရွှေနန်းတော်မြောက်ဘက်တွင် စေတီတည်တော်မူသည်။ ထိုသို့စေတီတည်ဆဲ၊ ပစ္စယံသုံးဆင့်မြောက်၊ သုံးရက်ခန့်ရောက်လျှင် ၊ကျောက်ပေါက်ရောဂါ၊ သည်းထန်စွာဖြစ်ပြီး၊ မင်းကြီးပိတ်ရောင်မင်း နတ်ရွာစံတော်မူသည်။
ထိုမင်းမ၇ှိလျှင် သားတော်သံတော်မင်း၊ မင်းပြုတော်မူသည်။ ထိုမင်းလည်း ခမည်းတော်တည်ထားသောစေတီတော်ကို ဆက်လက်လုပ်ဆောင်ရာ သံတောင်အမြင့် (၃၀) ခန့်တည်ပြီးလျှင်၊ ဥဏ္ဏလုံမွေရှင်တော်ကို၊ ဌာပနာမည်ပြုရာ၊ မွေတော်ရှင်သည်  ခုနစ်ကြိမ်မြောက်၊ကောင်းကင်သို့ပျံတက်ပြီးမှ ရွှေပန်းဆိုင်းသဏ္ဏာန်၊ ထက်ဝယ်ဖွဲ့ခွေကောင်းကင်၌စံနေသည်ကို၊ သံတောင်မင်းမှစ၍၊ မှူးမတ်ပြည်သူတို့သည်၊ ရွှေပေါက်ပေါက်ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်၊ ပူဇော်ကန်တော့ပြီးမှ၊ ဌာပနာတိုက်သို့ကိန်းဝပ်တော်မူသည်။ ရတနာသုံးပါး၌၊ အလွန်တရာကြည်ညိုလေးမြတ်သော၊ သံတောင်မင်းသည် ကျောက်စာ၊ကမ္ဗ္ဗည်းများကို အသေအချာ ရေးသားမှတ်သား၍၊ ကျင့်အပ်သောတရား၊ မမှားစေရ။ ဆုံးမထိုက်သူ၊ ဒါဏ်ပေးထိုက်သူတို့ကို သေပြစ်သေဒါဏ်မရောက်စေဘဲ၊ သာယာသဖြင့် ၊ ဆုံးမဟောကြား၍၊ တရားနှင့်အညီ မင်းပြုတော်မူသည်။
ထိုမင်းမရှိလျှင် သားတော်-ဒုတ္တ္တသူမင်း။
ထိုမင်းသားတော်- သတိုးပြောင်၊
       ထိုသတိုးပြောင်မင်းသည်၊ တိုင်းရေးပြည်မှု၌ ကြည့်ရှုစောင်မနည်းသဖြင့် ၊ အကျင့်ဆိုးသွမ်းသော မှူးမတ်တို့နှင့် သေစာသောက်စား၊ ပျော်ပါးကျူးလွန်သောကြောင့် ပျူ၊ သက်၊ ကဒူးလူမျိုးတို့၊ တိုက်ဖျက်၍၊ အသက်ကုန်ခြင်းသို့ရောက်လေသည်။ ထိုသတိုးပြောင်နောက်၊ မင်းဆက်မရှိ၊ ထီးနန်းပျောက်ကွယ်၍ နှစ်ပေါင်း(၁၃၀၀)ကျော်  တောမြက်စည်ကား၊ ပပြား၊ချုံနွယ်၊ သက်ငယ်သမန်းတို့ဖြင့်  မောက်လျှမ်း ပေါများလျက်၊  တောသား၊တောင်သူ၊မိလက္ခူ ချင်း၊ကရင်တို့သာ၊ လယ်ယာလုပ်စား၍၊ ရှည်လျားကာလ၊ နေထိုင်ကြလေသည်။
  ဂေါတမမြတ်စွာဘုရား၊ ပရိနိဗ္ဗာန်စံလွန်တော်မူသည်နောက်၊ သာသနာတော်သက္ကရာဇ်  (၅၉)ခုတွင်၊
သံသယမည်သော သင်းတွဲပြည်ကြီးမှ၊ မဟာသမ္ဘဝ၊ စူဠသမ္ဘဝ၊ ဇစ္စန္ဓဘွား၊ မင်းနှစ်ပါးတို့
ကိုဖောင်နှင့်မျှောလိုက်ရာ-  စစ်ကိုင်း အရပ်ကရွှေ နံကိုင် အမည်ရှိသော ဘီလူးမသည်
 ညီနောင်နှစ်ပါးတို့၏ စားမြိန်စားပွဲတော်ကို ခိုးယူ စားသောက်သည်ကို၊ ဖမ်းကိုင်မိသည် ကာလ၊
သာယာသောစိတ် ရှိသည်ဖြစ်၍၊ ပဋိသန္ဓေတည်ခြင်း အကြောင်းရှစ်ပါးတွင်- ဆံထုံးကို ကိုင်ခြင်း၊
လက်ကို ကိုင်ခြင်း ဖြစ်သော အင်္ဂပဉ္ဓင်္ဂ ပဋိသန္ဓေသည် ထိုဘီလူးမဝမ်းတွင် ကပ်ငြိလေသည်။
ဤကဲ့သို့လျှင် ကပ်ငြိသော ပဋိသန္ဓေကို ဆောင်လျက် မင်းနှစ်ပါးတို့ စက္ခုအိနြေ္ဒကို ပုံသေအောင်
 ကုမပြီးနောက်၊ အစဉ်အတိုင်း ထွက်လှာခဲ့ရာ ယခု တောင်တွင်းကြီးမြို့ အနောက်၊ ၅ တိုင်ခန့်ကွာ
 တောအရပ်သို့ရောက်လျှင် ရင့်သော ပဋိသန္ဓေကို ကမ္မဇလ  လှုပ်ရှားသည်ဖြစ်၍၊ သမီးငယ်တစ်ယောက်
 ဘွားလေ၏။
          ထိုတောအရပ်တွင်လည်း တစ်ဦးသော ရသေ့သည်ပျော်မွေ့ရာကမ္မ္ဓဋ္ဌာန်းဖြင့် စီးဖြန်း သီတင်းသုံး
လျက် ရှိလေ၏။ ထိုရသေ့လည်း နေ့ဆွမ်း အလို့ငှာ ချိုချဉ်သစ်သီး၊ ရှာမှီးသွားလာစဉ်၊ ဘီလူးမ သားဘွားခိုက်နှင့်  တွေ့မြင်ပြီး ၊ အခြားသူတို့ သမီးသားကို စားအံ့သောငှါ၊ ခိုးယူလာခဲ့သော
အမှတ် ထင်သဖြင့် မန္တာန် မန္တရားနှင့် ချောက်လွှင့်လိုက်ရာ သမီးငယ်ကို ပစ်ခွါထွက်ပြေးလေ၏။
          ဘီလူးမထွက်ပြေးလျှင် ကျန်ရှိရစ်သော သမီးငယ် ကိုကောက်ယူပြီးမှ ဤသို့အကြံဖြစ်သတည်း။
ဧရာဝတီမြစ်၏ အနီး ကြက်တင်းတောင်အရပ်တွင် နေထိုင်သော ငါ၏   အဆွေ ရသေ့တစ်ဦးမှာ- သမင်မ မွေးဘွား၍ပစ်သွားသဖြင့် ကောက်ယူရသော မိန်းမငယ်တစ်ယောက်ကို
အဓိဋ္ဌာန်ပြုသော လက်ညှိုးနို့ရည်ဖြင့်  တိုက်ကျွေးပြုစု ၍ ဗေဒါရီဟူသော အမည်ဖြင့် ကြီးမြင့်ကြောင်းကို
ကြားသိရသည်။ ငါတုံတမူလည်း ဤ ရသေ့ကဲ့သို့ ပြုရလျှင် ထိုသတ္တဝါ သေဘေးမှ ရှင်းကွာ ၍ ၊  ချမ်းသာခွင့်ရောက်တော့မည်တကား၊ သဘောထား၍၊ အဓိဋ္ဌာန်ပြုလျှင်- လက်ညှိုးမှယိုထွက်သော နို့ရည်ဖြင့်
တိုက်ကျွေး၍ ကြီးမြင့်သည်ကာလ၊ ရသေ့နှင့်မာတုကာမ၊ အတူတကွ၊ နေ့ညနေထိုင်ခြင်းငှါ၊ မရာမလျောက်ပတ်။
မအပ် မလျော်၊ မသူတော်တို့ အာစာရ ဖြစ်သည်၊ သဘောထားပြီးလျှင်- မီးမဖုတ်သေးသော အိုးငယ်ကို အပ် ၍ ရေခပ်ရေယူခိုင်းလေ၏။
          ထိုရသေ့အပ်သော အိုးငယ်သည် ရေထည့်လျှင်ပင်ကွဲပျက်ခြင်းသို့ ရောက်သဖြင့်  ဤသို့
ကွဲပျက်ဖန်များသည်နှင့်  သည်တော သည်တောင် အရပ်တွင် စောင့်နေသောနတ်များမှ နှောင့် ယှက်၍
 ငါ့အိုးကွဲပျက် ရသည်-ဟု၊ ဆိုငိုမြည်တမ်းရာ ထိုတောအရပ်တွင် အမြဲနေလေ့ ရှိသော ဗိဿနိုးနတ်မင်းကြီး
ကြားသိလေလျှင် ထိုမိန်းမငယ်၏ ပါရမီဘုန်းကို နှလုံးသွင်းထိုက်သော အရာဖြစ်သည် တကြောင်း၊ နောက်နှောင်းသော ဘဝက မောင်နှမရင်း ဖြစ်ခဲ့ဘူးသည် တစ်ကြောင်းများကြောင့်၊ ထိုမိန်းမငယ်၏ ၊ကုသိုလ် ပုည၊
သီလ ပါရမီ ၊ကူညီထိုက်သောအခွင့်ရှိက၊ ချီးပင့်ပြသ၊ ကူမထောက်ပံ့ရမည်၊ ရည်ရွယ်သောအကြံနှင့်၊ သိကြားမင်းထံ သွားရောက် လျှောက်ထား လျှင် သိကြားမင်းလည်း္ဒ ဤ သို့အမိန့်ရှိလေသတည်း။-
          ကဿပမြတ်စွာဘုရား သာသနာတော်တွင်း ၌ ထိုမိန်းမငယ်သည် တစ်ဦးသော အမျိုးသမီးဖြစ် ၍
လလက်ျာတ်ာရံ အရှင်မြတ် အိုက်စပ် ပူလောင်သော နွေအခါ ပေရွက် ယပ်တောင် လှူဒါန်းခဲ့ဘူးသော
အကျိုးဆက်သည် ထိုမိန်းမငယ် ဖြစ်လေတိုင်းသောအရပ် ၌ မစိုက် မပျိုးဘဲ၊ သက်သက်သော ပေပင်တို့ဖြင့် ပေါက်ရောက် ခြံရံလျက်၊ ကနက် ထီးနန်းနှင့်၊ မင်းခမ်း ကျင်းပ ၍ ၊ဘဝထိုထို၊ အလိုအတိုင်း၊ ပြည်ပစုံအံ့သည်။
အိုးထိန်းတောင်
          ဤသို့လျှင် ပန်ထွာ ဆုတောင်းခဲ့သော ကုသိုလ်သည် အကျိုးပေးချိန် စေ့ရောက်တော့သသည် -
ဟူသော အမိန့်ကိုနာခံရ ၍ ၊ဗိဿနိုးနတ်မင်းက မဖုတ်သေးသော အိုးပင် ဖြစ်ငြားသော်လည်း မကွဲမပျက်စေခြင်းငှါ တောင်ငယ်ပမာဏရှိသော အိုးတစ်သိန်းကို ဖန်ဆင်းထားလေ၏။ ထိုအရပ်ကို
အိုးသိန်းတောင်တွင်သည်။ ယခု- အိုးထိန်းတောင်တွင်သည်။
ဗိဿနိုး
          ထိုအရပ်ဒေသတွင်လည်း စတုရန်းအားဖြင့် တာလေးထောင် (၄၀ဝ၀) ပမာဏ ကျယ်ဝန်းသော မြို့ထီးနန်း ကို တန်ဆောင်း ပြအိုး၊ မြို့ရိုး ကျုံးမြောင်း များနှင့်တကွ ဗိဿနိုး နတ်မင်းက ဖန်ဆင်း တည်ထောင် ၍ ပေးသည်။
ရွှေရောင်တော်ဘုရား
          မြို့ဦးဘုရား၊ တည်ထားကိုးကွယ်စေရန် အဇာတသတ်မင်း လက်ထက် သိုဝှက်သိမ်းဆည်း ၍ထားသော ဓာတ်တော်များကိုလည်း ယန္တယားစက်အတွင်းမှ ဆောင်ယူပေးအပ်သဖြင့် ဘုရားလောင်း
 ကြက်ဖြူမင်း နေလေ့ရှိသော အရပ်တွင် သံတောင် (၅၀) ခန့် အတိုင်း အရှည်ရှိသော စေတီကို ဗိဿနိုးနတ်မင်းညွန်ပြတည်ထားလျှင် နီလ-ပီတ စသော ရောင်ခြည်တော်ခြောက်ပါးတို့သည် ပြိုးပြိုးပြက်ပြက် ၊
တခဲနက် ထွန်းလင်းတောက်ပသည်ကို ဖူးမြင်ရသော အရောင်တော်တို့ကြောင့် ရွှေရောင်တော်ဘုရားဟု
 ကျောက်စာကမ္ဗည်း ထိုးမှတ်သည်။
ပန်ထွာပြည်-ဗိသာနိုးမြို့
       ထိုမှတပါးလည်း စည်ကိုတီးလျှင် ရန်သူတပါးတို့မဝင်ရောက်နိုင် ၊ချောင်းရေကြီးစွာ၊ ဆီးကာစေတတ်သော အတုလစည်တော်ကိုလည်း သိကြားမင်းကပေးအပ်သည်။ စည်တီးလျှင်ရေကြီးစွာစီးကျသော ချောင်းကို ရန်ပယ်ချောင်း ဟု သမုတ်ခေါ်ဆိုသည်။
ဖေါင်တော်ပေါက်
       ဗိဿနိုးမြို့အနောက်၊ မင်းသမီး ပျော်ပါးစေရန် ဖန်ဆင်းပေးသော အင်းသို့ သွားလိုလျှင် ဖေါင်နှင့် သွားလာနိုင်အောင် မြောင်းတူးဖောက် ၍ ပေးသည်။ ထိုမြောင်းကို ဖေါင်တော်ပေါက်ဟု သမုတ်သည်။
ဂူအင်းထောင့်
          ထိုမင်းသမီး၏ မယ်တော် ဘီလူးမ ရံခါလာရောက်နေထိုင်စေရန် တစ်ခုသော အင်း၏ အထောင့် ၌  ဂူတည်၍ ထားရှိသည်။ ယခု ထိုအရပ်ကို ဂူအင်းထောင့် ဟု သမုတ်ခေါ်ဝေါ်သည်။
အင်ကြင်းကုန်း
          ကျေးဇူးကြီးမားသော ဗိဿနိုးနတ်မင်းနေထိုင်စေရန်မြို့၏ အရှေ့တောင်အရပ်တွင် အင်ကြင်းဥ ယျာဉ်ပြုလုပ်ကိုးကွယ်သည်၊ ထိုအရပ်ကို ယခု အင်ကြင်းကုန်းဟု ခေါ်ဝေါ်သမုတ်သည်။
ပန်ထွာပြည်သို့ စစ်ချီခြင်း
          တရံရောအခါ သာသနာတော် တစ်ရာ့တစ်(၁၀၁)ခုတွင် မင်းအဖြစ်သို့ရောက်၍မြို့ကျုံးထီးနန်းများကို
 တပြိုင်နက် တည်ထားတော်မူသော သရေခတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ပဉ္ဓင်းညို ပဉ္ဓင်းဖြူဟူသော အမတ်(၂)ယောက်ကို အကြီးအမှူးထားလျက် အရပ်ရပ်သော မြို့ကျေးရွာများမှာ ဒသဘာဂဖြစ်သောဆယ်ဘို့တစ်ဘို့ အခွန်တော်များကို အတောင်းအခံ စေလွှတ်မြဲဖြစ် ၍  ထိုအမတ်နှစ်ဦးတို့ ပန်ထွာပြည်သို့ သွားရောက်တောင်းဆိုလျှင်...... ပန်ထွာပြည်မှူးမတ်တို့လည်း နိုင်ငံခြားနား ၊ ကွဲပြားကိုယ်စီ၊ ရှိလေပြီးသည်  အမှုကို အစု အခွံ၊ ဗုဇွန်တစ်လက်မမျှ၊ တို့က ပေးခွင့်၊ မသေင့်မလျော် ၊စော်ကားကျူးလွန်၊ အခွန်တောင်းမှူးမတ်တို့ကို၊ သတ်ဖြတ်ပြုလုပ်မည်ရှိသည်တွင်.......... မင်းသမီးဘခင်ဖြစ်သော ရသေ့က ဓလေ့ထုံးစံ၊ အခွန်တောင်းသံတမန်တို့ကို၊ ရာဇဒါဏ်မပေးသင့်ကြောင်း။  မကောင်းပြုက၊ မကောင်းသူ့တွက်တာဟု ဆရာရသေ့ မိန့်ဆိုလျှင်..  မစီရင်မရိုက်ခတ်၊ အခွန်တောင်း အမတ်တို့ကို၊  တစ်နပ်မျှ ထမင်းမကျွေး၊ ထွက်ပြေး ပြန်သွားစေသည်။ ယင်းသို့သော အကြောင်းအရာများကို ဒွတ္တဘောင်မင်းကြီးထံ ပြန်ရောက် လျှောက်ထားကြားသိတော်မူလျှင် အမျက်ချောင်းချောင်းထွက် ၍ ကိုယ်တော်တိုင် ချီတက်လာသည်။
ပန်ထွာပြည်ကြီး ပျက်စီးခြင်း
          ထိုအခါ သိကြားမင်းပေးသော အတုလစည်တော်ကိုတီးလျှင် လှိုင်း တံပိုး ထလျက် ရေအယာဉ် ပြင်းစွာလာသည် နှင့်
 မြို့ရင်းသို့ မချဉ်း မကပ်နိုင်၊  သစ် ဝါးဖောင် အစရှိသည်တို့ဖြင့်   ပြုလုပ်ကူးကြ ငြားသော်လည်း ရေစီးရေလာ ပြင်းပြလှသောကြောင့် အောက်ခြေသို့သာ
 မျှောသွားပျက်စီးခြင်း ဖြစ်ကုန်ကြသည်။ ထိုအကြောင်းကို မှူးမတ်ပညာရှိတို့နှင့် တိုင်ပင်ညီညွတ်ကြပြီး ပရိယာယ်ခြောက်ပါးတွင်  ကျွမ်းကျင်သောယောကျာ်းတစ်ယောက်ကို နနွင်းဆိုးသင်္ကန်းဝတ်စေလျက် ပန်ထွာပြည်တွင်းသို့ဝင်ရောက်
ဖျက်ဆီးစေ၏။ အကြောင်းသည်ကား- ထိုရှင်ယောင်သည် သူခိုးအတတ်တွင်တတ်စွမ်းသူ (၂) ယောက်တန်၊(၃)ယောက်တန်လူကိုခေါ်သွားပြီးလျှင် ပန်ထွာမင်းသမီး၏ အဘဖြစ်သော မြို့ဦးရသေ့ထံ
 ဆည်းကပ်နေထိုင် ဝတ်ကြီးဝတ်ငယ်တို့ကို  ပြုလုပ်၊ အ ယုံသွင်းကာ သုံးလကျော် လေးလခန့်ရှိလျှင်
ခိုးယူတတ်သူတို့ကို မြို့တွင်း ၌ ရှိသော ကျွဲ၊ နွား၊ ရွှေငွေ အစရှိသည်တို့အား ခိုးယူစေပြီးလျှင် သင့်ရာ ကွက်ရပ်များတွင်ထောင့်ချည်ဝှက်ထား ကြလေသည်။ ယင်းသို့ပြုဖန်များသဖြင့် ဆရာရသေ့ကျောင်း၌  မှီတင်းနေထိုင်သော ထိုရှင်ယောင်အားမေးလျှင်...  ရှင်ယောင်လည်းထောင့်ချည် ဝှက်ထားသောနေရာအရပ်များကို သေချာအောင် ဟောပြောရယူကြသဖြင့် ထိုရှင်ယောင်အား ယုံကြည်လေးမြတ်၊ မပြတ်ကိုးကွယ်ကြ ကုန်သည်။ တရံရောအခါ ထိုရှင်ယောင်သည် ဆရာရသေ့ နှင့် အတူ မင်းသမီးနန်း သို့ဆွမ်းစားဝင်ရာ  ဝတ်ကြီး ဝတ်ငယ် ပြုလုပ် အယုံသွင်း၍၊ မဟာအတုလမည်သော   ဤရန်ပယ်စည်ကြီးသည် အင်းအိုင်မန္တာန်ကောင်းစွာနှံ ၍၊
 ထပ်မံပြုလုပ်ရလျှင် ယခုအခါထက် များစွာ တန်ခိုးကြီးခြင်း၊ ရန်သူ မင်းတို့ကို နှိမ်နင်းနိုင်သောလက်နက်မိုးတို့ကို
ရွာစေခြင်း၊ တိုင်းတော်ပြည်တော်တွင် ရေစာ စပါး ပေါများ ကြွယ်ဝအောင် မိုး-၃ ချက်တို့ဖြင့် ညီညွတ် ဖြောင့်မတ်စွာ
ရွာစေခြင်း စသော အကျိုးထူးတို့သည် ထင်ရှား ဖြစ်လတ္တံ့သည် တမုံ့-ဟု ပြောဆိုသော စကားကို ယုံမှား ၍
 ပြင်ဆင်ပါ- အခွင့်ပေးလျှင်..... .ရှေးရှေးက ပုညကံ၊ ကုန်ချိန်တန်သဖြင့် အတုလစည်တော်ကို သင့်လျော်သော
သားရေတွင်၊ အထွေထွေပယောဂ၊ ရှုံ့ချ စီရင်၊ ပြင်ဆင် ကျက်လွှမ်း ပြီးလျှင်၊ သင်္ကန်း ဝတ်သော ရှင်ပျက်
 ပြေးထွက်လေသတည်း။ အတုလစည်တော်လည်း၊ တီး ၍ မမြည်၊ မကြည်မလင်သော အသံ၊ တရံတဆစ်မျှ ၊နာခံဘွယ် မရှိ၊ ဖြစ်လေ၏။ ဝန်းရစ် ယှက်ကာသော ရန်ပယ်ချောင်းသည် ဆောင်းနှောင်း နွေစ၊ တပေါင်းလကဲ့သို့၊  ထောင်းထောင်းမြူမုံနှင့်၊ ရေဟုန်မကျ၊ ယင်းသို့သောကာလတွင်၊ သရေခေတ္တရာပြည့်ရှင်ဒွတ္တဘောင်မင်းကြီး၏ စစ်ဘုရင်တို့သည်၊ ထွက်ဝင်လွယ်ကူ၊ သိမ်းယူ ဖျက်ဆီးကြ သဖြင့် ၊မြို့ဝန်းကျင်ပတ်လည် ၊ပေပင်ပေါက်ကာတည်သော ၊ရွှေပြည်ပန်ထွာသည်၊ ထိုအခါ ပျက်စီးခြင်းသို့ရောက်လေသောနှစ် သက္ကရာဇ်ကား တစ်ရာ့သုံးခုနှစ်ပင် ဖြစ်သတည်း။ ထိုအခါ ဒွတ္တဘောင်မင်းကြီးကား.. .ရွှေနန်းစည်းစိမ် ၃-နှစ်မျှ ရှိသေးသည်။
နားဋောင်းကျ
          ယင်းသို့လျှင်- တိုင်းပြည်ပျက်စီးကာ မင်းသမီးထွက်ပြေးသောကာလ၊ ပတ္တမြားနားဋောင်း၊ မြေသို့လျောင်း သော
အရပ်ကို နားဋောင်းကျတွင်သည်။ ထိုကျသောနားဋောင်းကို ရှာ၍တဖန်ရသောကြောင့် နားဋောင်းရဟူ ၍လည်း ခေါ်ဝေါ်ရေးသားလေ့ ပြုကြသည်။
မအူအောင်း
          ထိုမင်းသမီး၏ အထိန်းတော်မိအူး ပုန်းအောင်း နေသောအရပ်ကို မိအူးအောင်းဟု သမုတ်သည်၊ ယခုကာလရှည်လျားစကား  လျောသဖြင့် မအူအောင်းဟု ခေါ်ဝေါ်သည်။
ကိုးပင်
          ထိုမှတစ်ပါး စီ ၍ ပေါက်သော ပေကိုးပင်သည် ဒွတ္တဘောင်မင်း တပ်ချီမလာမီ နရတိ ဖြစ်သော
 အနောက်တောင်အရပ်သို့ တပြိုင်နက်တည်း ကိုင်းသည်၊  ထိုအကြောင်းကို ပေကိုင်းရာ အရပ်က
စစ်မက်ကြီးစွာရောက်  လှာတတ်သည်-ဟု ဆရာရသေ့ ဟောပြောဘူးသည်၊ ထိုအရပ်ကို ကိုးပင်စည် -ဟု ခေါ်ဝေါ်သမုတ်သည်။ နောက် ရတနာပုရ၊ တတိယ နန်းတည်ဖြစ်သောဆင်ဖြူ၇ှင်ဘုရား သား တော်
စဉ့်ကူးမင်းလက်ထက်၊ ၁၁၃၈-ခုနှစ်တွင်မှ ထိုရွာသားတို့ လှေတော်အစုဖွဲ့ ၍ ထမ်းပြန်သည်နှင့်  ၉ပင်-ရွှေလှေဟု
တွင်သည်။ ၎င်းရွှေလှေပင် မင်းတိုင်း ၁၂ မှုတွင် တစ်မှုပိုပွား ၍ များပြား ရှုပ်ယှက်သည်-ဟု သတိရကြသဖြင့်၊
 ရွှေလှေကိုအန္တတွင် ၊မီးချ ၍ ကျွမ်းလောင်၊ တက်တက်ကုန် ပြောင်သောကြောင့် ရွှေလှေ အမည်ပျောက်ကာ
ကိုးပင် ဟုတွင်မြဲ တွင်သည်။
ပေတောငါးရွာ
          ဤကိုးပင်သောပေပင်သာလျှင်မဟုတ်သေး ၊ရှေးရှေးသောဘဝ၊ ကဿပမြတ်စွာဘုရား သာသနာတွင်၊ လကျာ်ရံအရှင်တစ်ဦးကို လှူဒါန်းဘူးသောပေရွက်ယပ်ငယ်တစ်ခု၏အဘို့၊ လူတို့မစိုက် မပျိုး 
၊တောစိုးသစ်ပင်များကဲ့သို့၊ အလိုအလျောက်၊ ငါးဌာနအရပ်တွင် ၊ပေပင်အများပေါက်ရောက်လေသည်။
ငါးဌာနဟူသည်ကား…..
၁- ဝက်ချင်းကန်၊
၂- စမုံ၊
၃- နာဋောင်းရ၊
၎- သားတိုးတန်း၊
၅- အင်းရွာ၊
ဟူ ၍ ယခုတိုင်ပေတော ၅- ရွာဟု၊ ထင်ရှားရှိလေသည်။ ယင်းသို့သော အကြောင်းကို ပိဋကတ်တော်ရေးရန်
 ပေရွက် အလိုရှိသောကြောင့် မြို့ရုံးက ဆင့်တောင်းလျှင် ခုတ်ယူ ပေးပို့ရကြောင်းနှင့်  ၁၁၄၅ -ခု၊စစ်တမ်း  တွင်
ထိုငါးရွာ သူကြီးတို့ အသီးသီးအစစ်ခံ ထင်ရှားနှင့် ဖြစ်သည်။
ပန်ထွာပြည်၏ ဝိသေသ အထူး
ပန်ထွာပြည်၏ ဝိသေသ အထူးသော်ကား- အချင်းတာ ၁၀ဝ၀ ခန့် ကျယ်ဝန်းသော မြို့၏ အတွင်း အင်ကြင်းပင်
မရှိဘဲလျက် အင်ကြင်းအသီးအပွင့်တို့ကို ဗိဿနိုးနတ်မင်းသည် ဤသို့ လျှင်အဓိဋ္ဌာန် ပြုဘူးသ တည်း။
ငါ၏ နေရာဖြစ်သော အင်ကြင်း ဥယျာဉ်တော်မှ အင်ကြင်း အသီးအပွင့်တို့သည် လူမကြည်း မဆောင်ဘဲ
ဗိဿနိုး မြို့အတွင်း မင်းသမီးရှိရာ ရောက်စေသတည်း္လ
ဟုပြုဘူးသော အဓိဋ္ဌာန်ကို မလွန်ဆန်မူ ၍ ယခုတိုင်မပျက် အင်ကြင်းခက် အင်ကြင်းသီးတို့သည် ပန်ထွာမြို့တွင်း ၌ တွေ့မြင်ကြရသည်။
 ပန်ထွာမင်းသမီးအား- မိဖုရားမြှောက်ခြင်း
          ဤ သို့လျှင် ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာမင်းသမီးနှင့်တကွသော မှူးမတ် ပြည်သူတို့ကို
 သိမ်းယူခေါ်သွား ကာ သရေခေတ္တရာပြည်သို့ရောက်လျှင် အပြင်အလျာလက္မ္ခ ဏာကောင်းမြတ်သူ ဖြစ်သည်နှင့် မိဖုရားအရာ မြှောက်လေသည်။ မင်းသမီးနှင့် အတူပါသော မှူးမတ်တို့ကိုလည်း သက်သာရာ အခွင့်ပေးကာ
စာကျေးမြို့ရွာ၊ ပညာ သတ္တိ၊ရှိသည်အလျောက် ချီးမြှောက်သူကောင်းပြုတော်မူသည်။ ပန်ထွာမင်းသမီးသည်
မိဖုရားအရာ၊ ပါသည့်မှူးမတ်တို့နှင့်တကွ၊ သူကောင်းပြုခံရသော်လည်း၊ ဒွတ္တဘောင်မင်းကြီးအားနှစ်မြို့
ချစ်ခင်ခြင်းသည်မရှိ။ မည်သို့သောအကြောင်းဖြင့်  နှစ်မြို့ ချစ်ခင်ခြင်း မရှိလေသနည်း……..
 ပွေးဖို-ပွေးမ
          လွန်လေပြီးသော ဘဝ၊ အတိတ်သော ကာလတွင်၊ထို မင်းမိဖု၇ားတို့သည် ပွေးဖို ပွေးမ ဖြစ်ကြသောအခါ
 ပွေးဖိုသည်၊ အလိုရှိရာ အခြား ပွေးမနှင့်သာ ပျော်ပါး ၍ ၊ အစားအသောက်၊ သစ်ခေါက် သစ်ဥနုနုထွားထွားရပါငြားလည်း
သနား ကရုဏာ ရှင်းရှင်းကွာလျက် မေတ္တာကြီးမား သော ပွေးမကိုသာဝေငှစားသောက်ခြင်း။ တစ်ခုသောအကြောင်းနှင့် ။ မရှောင်သာ မလွဲသာတွေ့ကြိမ်သောအခါလည်း မညှာ မတွယ်၊ သင်းမျှနှုယ်ဟု ၊တွင်းငယ် ကယ်ပေါက်က၊
တလျှောက်တည်း ထွက်ပြေကာ သေဘေးရောက်လှု၊ ထိုသို့သော အမှုသည် ယခုဘဝ၊ ပစွက္ခမှ၊  ဒေါသမုန်းပွဲ၊ ရန်စခဲလျှင် အခဲမကြေ ၊သို့ဖြစ်လေသော ကြောင့် ၊သေသည်၏ ဘဝ၊ နောက်ကာလ တွင် ရှည်သမျှကမ္ဘာ၊ ဖြစ်လေရာတွင် အကြင်နာ
နည်းပါး ခိုက်ပွားရန်လို၊ ထို ပွေးဖိုနှင့် ရှေးကုသိုလ်ကံ  မဆက်ဆံရအာင်၊ အကြံ ကြီးမား ရှိစဉ်ခိုက်။ သုံးတိုက်လုံးမှန်ကူ၊ သယမ္ဘူထွဋ်ထား၊ ဝိသုဒ္ဓိနတ်ဖျားသည်၊ မပြတ်သောဒေသစာဖြင့် ဝေနေယျာအများကို တရားရေအေး
တိုက်ကျွေးတော်မူသည်။ ညီတော်အာနန္ဒာကို နောက်ရံအရာထားလျက် ပတ္တမြားတံဆိပ် ဖိုးဦးခေါ်တောင်တော်ထိပ်သို့
နှိပ်တော် မူစဉ်အခါ ၊အကြင်နာ နည်းပါးသော လင်မယား ပွေးဖို -မတို့သည် ၊ဒါနကို ရှေ့မြော်၍ ပူဇော်စရာမြေမှုံ့ ဖြင့် စုံ့စုံ့တက်အောင် တစ်တောင့်တစ်ထွာမျှ ပူဇော်ကြသည်ကို . ဘဂဝါပရမေ ငါးမာ၇်ချွေလည်း ထိုမြေမှုံ့ဖြင့်  ကြဲဖြန့်ဒါနပြု ကုန်ကြသောပွေးဖိုမနှစ်ခု၏ ၊ကောင်းမှုကုသိုလ်၊ အလိုလိုပြည့်စုံအံ့သည် ကိုမြင်တော်မူ ၍ သိတ-ဟသိတ စသော
 ပြုံးရယ်ခြင်း ၆ပါးတို့တွင် ဘုရား၏ ပြုံးခြင်းဖြင့် နှလုံးသွင်းတော်မူလျက် ၊ပြုံးတော်မူသည်ကို ညီတော်အာနန္ဒာ မေးလျှောက်သောကာလ........
ငါ၏ သာသနာတော်၊ တစ်ရာကျော်လျှင် ၊တေဇော်ကြီးမား ၊ပွေးမောင်မယ် လင်မယားတို့သည် တိုင်းခြား ပြည်သီး ၊ တထီးတစ်နန်းစီ၊ ဆုတောင်းရင်း ပါရမီနှင့် ၊အညီ ထပ်တူ မင်းမူမည့် အဖြစ်ကို ဓမ္မရာဇ် ရှင်စော၊ မိန့်တော်မူလေသည်။
ပန်ထွာမိဖုရား၏ ပရိယာယ်
          ယင်းသို့သော နိမိတ် ဗျာဒိတ်တော်အရ၊ ဆင်းရူပနှင့်၊ မဒု-စရဏ လကွ့ဏာ ၊ပြည့်စုံပါသော ပန်ထွာမင်းသမီးသည်၊ မင်းကြီးဒွတ္တဘောင် ၊ရွှေနန်းကြီး သုံးဆောင်နှင့် ၊ထုံးနှောင် မေတ္တာ၊ ချစ်ခင်ပါ သော်လည်း အတီတာဘဝ လွန်ခဲ့သော ကာလက၊ ဒေါသမုန်းစိတ်သည်၊ ခဲအန်ကြိတ် ရင်မှာတည် ၍၊ မကြည်နိုင် မပြေနိုင်၊ အူလှိုင် ပြင်းပြ၊ လတ်တလော ထင်သော်ကြောင့်၊ တိုင်းပြည်က ပါသော မှုးမတ် တို့နှင့်တိုင်ပင်ရာ...... မှူးမတ်တို့ လျှောက်သည်ကား... အရှင်မိဖုရား ထိုသို့သော အ၇ာ ၌ ၊ ရွံရှာ စက် ဆုတ်ဖွယ် ရှိသော အဝတ်ကို ဒွတ္တဘောင်မင်းမြတ်အား ဆက်ကပ် ၍ ပြုရလျှင် ၊နုလှသောမှည့်ရှင်တော် သည် ၊မပေါ် ကွယ်ခြင်းသို့ဖြစ်ပါသည်။ မှည့်ရှင်ကွယ်က ဘုန်းတန်းကျ ၍၊ ခေတ္တရာ
 ရွှေပြည်ပျက်အံ့  သည်အကြောင်း။..
၎င်းမှူးမတ်တို့ လျှောက်တင်ချက်ကို၊ မပျက်စေရ ၊သုသာန်ဝက ၊တစ ပုဆိုး၊ စက်ဆုတ်ဖွယ် အမျိုးမျိုးကို၊ ထိုက်တန်အောင် ဝါဖန် ဝါကြိတ် ပြုသကဲ့သို့ ၊နုလှစွာ ညက်စေပြီးလျှင် ပိတ်ဖြူ မျက်နှာသုတ်၊ ယက်လုပ် ၍ ထားသတည်း။
မိဖုရားသည်လည်း မာယာ ကာယ၊ ဝဥွှနဥာဏ်တွင်၊ အလွန်လိမ်မာသော မင်းမိန်းမဖြစ်၍ သီလာဟူသော နံ့သာမှုံ့တို့ကို၊ မင်းကြီးအား မပြတ် ဆက်ကပ်ခြင်းကို ပြုလေ့၇ှိ၏။ သီလာ ဟူသော နံ့သာကား။ ပူတာ တံတင်းတို့ကို ဖွင့်လျှင် ပြည်သူတို့
 နှာဝတွင် ထားဘိသကဲ့သို့ အလွန်မွှေးကြှိုင်စွာ ရှိ၏။ ဒွတ္တဘောင်မင်းကြီးသည်လည်း ထိုနံ့သာတို့ကို လိမ်းစမှတ် ပြုဘိ၏။
ဒွတ္တဘောင်မင်း ပျက်စီးခြင်း
          တရံရောအခါ ထိုနံ့သာနှင့် ထုံသော မျက်သုတ်တော်ပုဝါကို ဆက်လေလျှင် မင်းကြီးသည် သဘောအားဖြင့်  မြတ်နိုးရိုသေသည် အမှတ်နှင့် မျက်နှာတော်သုတ်မိ၏။ ယင်းသို့သုတ်မိလျှင်- မျက်လုံးတော်နှစ်ဖက်ကြား
တွင် ရှိသော မှည့်၇ှင်တော်သည် ပျောက်ကွယ်ခဲ့လေ၏။ မှည့်ရှင်တော်၊ကွယ်လျှင် ဂဠုံမင်း က ပေးသောသံလေး သံမြှား သိကြားမင်းက ပေးသော အရိန္ဒ မာလှံပျံ၊ သီလဝံသ ထား၊ နတ်စစ်သည်များသည် ကွယ်ပျောက်ခဲ့သည်။ ခြေရင်းအလုပ် အကျွေးဖြစ် သော နဂါးမင်းသမီးဘေစန္ဒီလည်း နဂါးပြည်သို့ ပြန်ခဲ့၏။ ယင်းသို့ဘုန်းတန်ခိုးညံ့ပြီးမှ- ပုသိမ်မြို့မှ တစ် နှစ်လျှင် ငွေစင်တစ်သောင်း၊ ဆက်သမြဲ  အခွန်တော်သည် မဆက်သဘဲ နေလေ၏ ။ခေါင်းလောင်းစည် ကြီးများသည်လည်း ရေမှာ ကျနစ်လေ၏။ အခွန်တောင်းဖြစ်သော ပဥွင်းဖြူ ပဥွင်းညိုတို့သည်လည်း တိမ်းရှောင်ထွက်သွားကြလေ၏။
ပန်ထွာမိဖုရားကွယ်လွန်ခြင်း
          ဤသို့လျှင် ငါတို့ပြည့်ရှင်မင်းအား မကောင်းကြံသူဖြစ်သည်ဟု၊ မှူးမတ် ပြည်သူတို့က ပို့ဆက် သော
သစ်ကျားသီးနှင့် ဝက်မြေဥကို စားမိချေသောကြောင့် ပန်ထွာမိဖုရား ကွယ်လွန်လေသည်။ ထိုမိဖု ရား သစ်ဥ သစ်သီး
တို့ကို စံမက်နှစ်သက်ခြင်းသည် ပွေးဖြစ်ခဲ့ဘူးသော ရသတဏှာ ဝါသနာအထုံကြောင့်၊ စုံစုံမက်မက်၊ နှစ်သက် လှသော
အမှုဖြင့် သစ်ဥသစ်သီးတို့ကိုမငြီးမငွေ့၊ သုံးဆောင်လေ့ဖြစ်သတည်း။ ဤသို့လျှင်ပန်ထွာမင်းသမီး သစ်သီးသစ်ဥကို စားသောကြောင့်  မှောက်မှား ကွယ်လွန်ရကြောင်း နှင့် မယ်တော်ဘီလူးမ ကြားသိလေလျှင် အလျင်တဆော လာရောက်ပြှီးမှ မင်းသမီးအလောင်းကို လူအပေါင်း မသိရအောင် ကြည်းဆောင် ခိုးယူကာ ဗိသာနိုးမြို့ နန်းတော်တွင် ဖုတ်ကြည်းသင်္ဂြုဟ်ခြင်း ကိုပြုပြီးနောက် တစ်ရက်လောက်မကြာ ချစ်ခင်လှသော မေတ္တာရင်ကွဲနာနှင့်၊ ခန္ဓာပျက်စီးခြင်းသို့ရောက် လေ၏။ မင်းသမီး ဘီလူးမတို့ သေကွယ်ကြလျင် ပြည်သူတို့ မင်းသံချ မေးသောကာလ မိသား နှစ်ဦးတို့၊အထူးအမြတ် ၊မြို့စောင့်နတ်ဖြစ်ကြောင်းနှင့် ပြန်ပြောသောအရ ယခုတိုင် ဗိဿနိုး မြို့မအတွင်း
မယ်တော်နတ်ကွန်းမှာ -ဆောက်ရိုး၊စကြော အရှေကထားကာ သားခုနှစ်ကောင်၊ ငါးခုနှစ်ကောင်များကို စားမြိန်စားထုပ်နှင့် တင်ကြားပသရသည်။
မင်းသမီးနတ်ကွန်းမှာ အနောက်က နှစ်ထပ်လည်ပေါ်ဆောက်လုပ်ကာ သက်သတ်မပါ။ သစ်သီးခုနစ်မည် သစ်ဥ ခုနစ် မည် ပန်းခုနစ်မည်များနှင့်  တင်ကြားပသရသည်။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်တော်မူသည်နောက်သုံးလမြောက်တွင် အဇာတသတ်မင်းနှင့့််ကဿပရဟန္တာအ၇ှင်မြတ်တို့ အဋ္ဌ်ဇယအစ်၊ သက္ကရာဇ်(၁၄၈) ခုကိုနှစ်ခုအကြွင်းထားလျက်ဖြိုတော်မူသည်။ ယင်း သည့်နောက် နှစ်ပေါင်း ၆၂၂ ခုရှိသောအခါ သရေခေတ္တရာပြည်တွင် ငတပါးမင်း၏ အဆကပဉ္ဓ  ကိန်းဖြင့် အကြွင်းနှစ်ခုထားကာဖြိုတော်မူသည်။  ယင်းသက္ကရာဇ် နှစ်ပေါင်း ၁၉၁ ခုတွင်မှ မင်းပြောင် မင်းရောင် မင်းနောင် မင်းနဂါးညီနောင် လေးပါးတို့ ကာလိင်္ကရာဇ်ပြည်ကလာ၍ တောင်တွင်း ကြီးမြို့ကို ထပ်မံအသစ်တည်ထောင်သည်။
         ဤစကား ၌ ... .တောင်တွင်းကြီးသို့ ပထမတည်ရင်း သာဂရမင်းမှစ၍ (၉) ဆက်သောမင်းတို့ တည်ထောင်စံနေကြသည်။ ။နှစ်ပေါင်းလေးရာကျော်ရှိမှ ဗိဿနိုးမြို့ကို ပန်ထွာမိဖုရား တည်ထားစံနေသည်။ ထိုဗိဿနိုးမြို့ ပျက်ပြားသည်နောက် နှစ်ပေါင်း (၁၂၇၁)နှစ် ရှိမှ၊ မင်းပြောင်လာရောက် တည်ထောင်သည်။ ဤသည်လျှင် သတိထား မှတ်သားရန် စကားချပ်တည်း။
                       ကာလိင်္ကရာဇ်မင်း
        မြတ်စွာဘုရားသာသနာတော် ၁၃၇၃ သက္ကရာဇ် ၁၉၁ ခုတွင် မဇ္ဈိမဒေသဖြစ်သော ကာလိင်္ကရာဇ်ပြည်မင်းကြီး၏ မိဖုရားခေါင်းကြီး တွင် မင်းပြောင်၊ မင်းရောင်၊ မင်းနောင်၊ မင်းနဂါးဟူ၍ သာ့းတော်လေးပါး ၊မယ်စောအမည်ရှိသော သမီးတော် တစ်ပါး ပေါင်းငါးပါးကို ဘွားမြင်ပြီးနောက် မယ်တော် မိဖုရားကြီး နတ်ရွာလွန်လျှင်- ပဥွ့ကလျာ အမည်နှင့် ဣနြေ္ဒမူလ သင့်တင့်လျောက်ပတ်သော ကိုယ်လုပ် တော် တစ်ယောက်ကို မိဖုရားမြှောက်ရာတွင် စန္ဒအမည်ရှိသော သတို့သားကိုဖွားမြင်လေ၏။
တရံရောအခါ ပြည့်ရှင်မင်းအား တူတော်ဖြစ်သောသေနက စစ်သူကြီးသည် အဆိပ်ခတ်သော ပျားမုန့်ကိုပို့ဆက်လှာ၏။ မင်းကြီး လည်း ကောင်းနိုးထင်ကာ ပွဲတော်တည်မည်ရှိရာ- ပဥွ့ကလျာ မည် သော မိဖုရားသည် ဤသို့ လျှောက်၏။ အရှင်မင်းကြီး မင်းတို့မည်သည် ကြဉ်ရှောင်ရာသော အကြောင်း ငါးပါးရှိပါသည်။ ငါးပါးဟူသည်ကား....
    ၁-အခြားသူတို့ဆက်သသော အ၀တ်အစားကိုမစူးစမ်း မူ၍ မ၀တ်မစားရသည် တပါး။
    ၂-အ၀တ်ပုဆိုးတင်သောကြိုး ၊ကြိမ်တန်းအောက်သို့ မလျှိုမ၀င်ရသည်တပါး။
    ၃-ရာသီပန်း ပန်သော ကိုယ်လုပ်မောင်းမတို့နှင့် မွေ့လျော်ခြင်းကိုမပြုရသည်တပါး။
    ၄-အရက်သေစာ မကျူးရသည် တပါး။
    ၅-ချမ်းသာခွင့်ရောက်အောင်၊ မစချီးပင့်ပေးသောသူ၊ ရန်ကိုတားမြစ်နိုင်သောသူ၊ အသက်ဘေး ကိုကယ်ဆယ်ဘူးသော သူတို့ကို အသက်မသေစေရသည်တပါး။
       ဤသည်လျှင် မင်းတို့ရှောင်ကြဉ်ရာသော တရားငါးပါး ဖြစ်ပါသည်။. ယင်းသို့ဖြစ်၍ ယခုဆက်ကပ်သော  စားတော်တွင် အခွင့်ပေးတော်မူပါလျှင် အနည်းငယ်မျှသော စားတော်ကို ကျွန်တော်မ စားပါ ရစေဦးဟု၊ တင်လျှောက်လေလျှင်... မိဖုရားကို မစားစေဘဲ ၊ကြောင်-ခွေး အစရှိသည်တို့ကို ကျွေးရာ၊ စာ့းသောခဏတွင် လတ်တလောသေလေ၏။  သေနကစစ်သူကြီး ကိုလည်း နန်းကြမ်းပြင်တွင် ကွပ်မျက်တော်မူလေသည် ။ပြည့်ရှင်မင်းသည် အသက်၏ချမ်းသာခြင်းကို အကြိမ်ကြိမ်အောက်မေ့တော်မူပြီးမှ မိဖုရား၏ကျေးဇူးသည်မိမိ၏ အသက် ကိုသေစေ၍ ငါ၏အသက်ကို ရှင်အောင် အကျိုးဆောင်သူဖြစ်ပေသည် ဟု ကျေးဇူးကြီးမားလှသော မိဖုရားအား ကြိုက်နှစ်သက်သောဆုကို ယူလော့ဟု ခွင့်ပေးတော်မူ၏။ မိဖုရားလည်း အခြားသောဆုကို အလိုမရှိပါ သားတော်ငစန္ဒကို သူကောင်းပြုတော်မူပါဟု လျှောက်ထားလျှင်-သားကြီးများပင်ရှိငြားတုံ့သော်လည်း အသက် ချမ်းသာအောင် ကယ်ဆယ် သတိပေးသူဖြစ်သောကြောင့် သားတော်ငစန္ဒကို နန်း လျာဆု ပေးတော်မူ၏။ ခွင့်ပေးတော် မူပြီးနောက် -  အထက် သားတော်လေးပါးကို့ခေါ်၍ အမောင်တို့၊...  ညီတော် ငစန္ဒ ကို သင်းအမိကျေးဇူး၊ အထူးကြီးမားသည်ဖြစ် ၍ နန်းဆုပေးရန်  ရှိလေပြီ။ သားတော်တို့ ဤတိုင်း ဤ ပြည်တွင် နေလျှင်  ရန်စစ် များစွာဖြစ်မည်။  ဘေးတော်ဖြစ်သော ဥက္တာမုခမင်းတို့ကဲ့သို့  အလိုရှိရာ လက်နက်ဆင်မြင်းသင်းပင်း  ကျေးကျွန်တို့ကို ယူဆောင်ကာ တောတောင်သန့်ရှင်း၊ ခင်းကျင်းသာယာ စည်မျက်နှာကဲ့သို့ညီညာသော အ၇ပ်သို့ သွားပြီးလျှင် ခမည်းတော် စံနေသော တိုင်းပြည်နှင့် အတူ  မြို့ရွာ ထီးနန်း၊ တည်ထောင်ပြုစုစံနေကြလေလော- ဟု အမိန့်တော်၇ှိလျှင် သမီးတော် မယ်စော လည်း  မောင်တော်များနှင့် အတူ ရေပူရေချမ်း ၊ကမ်းလှမ်းလိုက်ပါ လို့ကြောင်း အခွင့်တောင်းသည်ကို ခွင့်ပေ့းတော်မူလေ၏။
      သားတော်တို့သည်လည်း  ရွှေနန်းရာဇပလင် ၊ဦးကင်တော်ဦးတွင်၊ ခမည်းတော်ဘုရား၊ ကိုးကွယ်၍ ထားသော သရီရဓာတ်တော် တနာဋိက နှင့် ရတနာပြောင်မွန် ဆင်တော်ကို တင်လျှောက်တောင်းယူ  ပြီးလျှင် ခမည်းတော်အား ရိုသေလေးမြတ်စွာ ကန်တော့ကြပြီးမှ မောင်နှမငါးယောက် မှူးမတ် ဗိုလ်ပါ နှစ်သောင်း (၂၀၀၀၀) တို့နှင့် ဆင်တော်တွင်သရီရ ဓာတ်တော်များကို န၀ရတ်ကိုးပါးဖြင့် ပြွမ်းသော ရွှေပန်းတောင်းတွင် ထည့်ကာ ခရီးရှေ့ညွှန် ထားပြီး လျှင် ဆင်တော်နောက်မှ အစဉ်အတိုင်း လိုက်လာခဲ့ကြရာ ဇမ္ဘူဒီပါကျွှန်းအ၀င် ဒွါရာဝတီမြို့၏ အနီးတပ်တော်ဆိုက်ရောက် စွဲရပ်၊ ချနေတော်မူပြီးလျှင် ထိုပြည် ၌ စန္ဒသူရိယမင်း သွန်းလုပ် ကိုးကွယ်တော်မူသော မဟာမုနိရုပ်ရှင်တော်မြတ်ကို ၀တ်တက်၊ နေ့ဆက် လှူဒါန်းတော် မူသည်။
                       ဒွါရာဝတီရခိုင်မင်း
      ဒွါရာဝတီမင်းလည်း မှူးမတ်တော် မတ်တော်တို့ကို ထောက်လှမ်း ကြည့်ရှုစေရာ မင်းသားတို့၏  မူလ ဘူတမဇ္ဈိမဒေသ၊ သာကိရမင်းမျိုး၊ ဘုန်းတန်ခိုး ကြက်သရေ၊ အခြေ အမြစ် ရှိသည်၏ အဖြစ်ကို မှူးမတ်တို့ တင်လျှောက်ကြားသိ ၊ နှစ်သက်ခြင်း ရှိတော်မူကာ၊ သမီးတော်နုမာလာကို ထိမ်းမြားတော်မူ သည်။ ဒွါရာဝတီပြည် သင့်ရာ ရပ်ကွက်တွင် လည်း  မြို့နန်း တည်ထောင် စံနေရမည်ပြောဆိုရာ ၊ တစ်တိုင်း  တစ်ပြည်တည်းတွင်နှစ်ထီးနှစ်နန်း မပြုလုပ်လိုပါ။ အရှေ့တောင်ရိုး အခြားတဘက် သင့်ရာကွက်ရပ်တွင်  မြို့နန်း ပြုစုနေထိုင်ရလျှင် ဒွါရာဝတီပြည်ကို အခြား၇န်သူများ ၀ံ့တော်မည်မဟုတ် ဖြစ်ပါသာကြောင့် ဖိုးခေါင်တောင်ရိုး  အရှေ့ရောက်အောင် သွားလိုကြောင်းနှင့် ခွင့်တောင်းပြောဆိုသောကာလ_ ကိုးကွယ် ပူဇော်ရန်  ဓာတ်တော် ဆူရေတစ်ရာ့နှစ်ဆယ် ၁၂၀ ကို ထပ်မံပေးအပ်တော်မူလိုက်သည်။
      မင်းသားတို့လည်း ဒွါရာဝတီမင်းအား များစွာသောလက်ဆောင် လက်နက်တို့ကို ဆက်ပေးလျှင်- တိုင်း ရေးပြည်မှု ၊ပြုစုတည်ထောင်ရန် များသေးသည် တမုံ့- ဟုမသိမ်းမယူဘဲ ပညာရှိ အမတ်ကြီး ၀ိဒူရကျော်ခေါင်နှင့် အမှုထမ်းလူနှစ်ထောင် (၂၀၀၀) ထပ်မံ ပေးအပ်တော်မူလိုက်သည်။
                           ဧရာဝတီ မြစ်စဉ်တလျှောက်
        ယင်းသို့လျှင် ဒွါရာဝတီပြည်မှ အစဉ်အတိုင်း ချီလာခဲ့ ၍ တောင်ခွင်ကျွန်းအောက် ထန်းတပင်ဆိပ်သို့ ဆိုက်ရောက်တော် မူလျှင် တပင်တိုင် တဲနန်း လေးဆောင်ဆောက်လုပ် စံနေတော်မူသည်။ ထိုအညာ မြစ်စဉ်တလျောက်ဖြစ်သော ပဌနဂိုရ်၊မကွေး ၊ ၀က်မစွတ်၊ ရေနံချောင်း၊စကု၊ စလင်း ၊ဘောင်လင်း၊ လယ်ကိုင်းမြို့ရွာသားတို့သည် ပျပ်ဝပ်ကြိုးနွံသဖြင့်  လက်ဆောင် လက်နက် များကို လည်း လာ ရောက်ဆက်သကြကုန်သည်။
      ထိုသူတို့အားလည်း ဘွဲ့၊အမည်၊ အရည်၊ရွှေ၊ ငွေ၊အ၀တ်၊ အစား၊ အစီး၊ အနင်း၊ အဆောင်၊ အ၇ွက်များ ကို ရည်သွား၇ှိသည် အလျောက် ချီးမြှောက် သူကောင်းပြုတော်မူသည်။ ညီတော် မင်းနောင်၊ မင်းနဂါးတို့ကို လည်း နန်းမြို့ တည်ရန် မြေခံကောင်းမြတ်ရာ ၊ သြဘာအတိတ်၊ နိမိတ်မင်္ဂလာ၊ မဟာဘူမိနက်သန်မှန်သော အကွက်အရပ် လျောက်ပတ် တင့်တယ်၊ နယ်ပယ် ချဉ်းနင်း၊ကြည့်ရှုရမည် အကြောင်း။ ၎င်းဒေသအရပ် ၊ကောင်းမြတ်သောအခွင့်၊ တော်သင့် တွေ့ရှိလျှင်... တန်ဆောင်း ပြအိုး၊ မြို့ရိုး၊ ကျုံး မြောင်း၊ ကောင်းမွန်ခိုင်လုံအောင် ၊တည်ထောင်ဆောက်လုပ်ကာ ရွှေပြည်တော်ကပါသော သရီရ မွေတော် ဓာတ်တော်များကိုဌာပနာကာ ၊ကြီးစွာသောစေတီ၊ တည်လုပ်စီရင်ပြီးလျှင် ပုံစံ အသေအချာများနှင့် နောင်တာ် သို့ လျှောက်ထားရမည်။ မှာထား အမိန့်တော်ရှိ ၍ ညီတော်မြတ်နှစ်ပါးတို့ ဗိုလ်နှစ်ထောင် (၂၀၀၀) ၊ ဆင်တစ်ရာ (၁၀၀)  မြင်းငါးရာ (၅၀၀) များနှင့် ထွက်သွားရှာဖွေကြရာ ကျွဲနဖား အရပ်သို့ရောက်လေ၏။ ထိုအရပ်တွင် မြို့ရွာ တည် ခင်းချင်းနင်း ကြည့်ရှုလျှင် တောတောင်မကောင်း ၊ချောင်းမြောင်း ကမ်းပါး ကုန်းကျင်းများသည်ကို ၊ အားရနှစ် သက်တော် မမူသောကြောင့်  ငါးရက်ဆိုင်းငံ့ စံနေတော်မူသည်။ ထိုအရပ်ကို တပ်တော်ရာ-ဟု သမုတ်ကာ ကျေး ရွာ တည်ထားပြုစုတော် မူသည်။
                                     ဒလန့်ချွန်
       ထိုကချီလျှင်...တလိုင်းလူမျိုးတို့ လက်ဆောင်ပဏ္ဍာများစွာ ဆက်သပြီးလျှင် တံဆိပ်လက်မှတ်မျာကိုယူ ၍ ကျွန်ခံကြ ကုန်သည်၊ ထိုအရပ်ကို တလိုင်းကျွန်ခံဟု သမုတ်တော်မူသည်၊ ယခု စကားရွေ့လျောကာ ဒလန့်ချွန်ဟု တွင်သည်။
                                    ထန်းတောကြီး
      ထိုအရပ်တွင်-တောင် ကမ်း ကြီးမား၊ သစ် ၀ါး ကြိမ်နွယ် ထူပေါသည်နှင့် ၊ထောက်လှမ်း ဆင်ခြင်တော်မူ သည်မှာ-
ဤအရပ်မှ ရှေ့သို့ ချီတက်လျှင် ယခု ချရပ်သောနေရာထက် သာလွန်၍ တောတောင်ကမ်းပါး ပေါ များကြီးမြင့်ရာသည်။ အမှုထမ်း ဆင်းရဲသားတို့သည်လည်းနာဖျားရောဂါ များစွာ ဖြစ်အံ့သည်။ အနောက် မြောက်အရပ်သို့တက်ချီရမှ သင့်လျော်မည်ဟု တိုင်ပင် ညီညွတ်ကြသည် နှင့် ၊ ငါးရက် ဆိုင်းရပ်တော်မူသည်။
                                  ဆတ်သွား
       ယင်းကမှ ချီတက်လာရာ ဆတ်တစ်ခုသည် ၊ရေညွှန်များစွာ လူးလျက် သွားသည်ကို လိုက်လာ၍ စွဲရပ်နေထုင်သည်၊ ထိုအရပ်ကို ဆတ်သွား-တပ်ကြီး ဟုသမုတ်သည်။ ယခု စကားရွေ့လျော ၍ ဆတ်သွားကြီးဟု တွင်သည်။
                                   တောစိမ်း-ထန်းပင်တဲ
       ယင်းသောအခါ၊ ကြီးစွာသော မျောက်တစ်ခုသည်၊ သစ်ပင်မှ ဆင်းသက်လှာ ၍ မြောက်အရပ်သို့ ညျွှန်ပြသည်၊ ထိုလက်ညှိုး ညွှန်ပြသော အရပ်ကို ကြည့်ရှုရာ အခက်အရွက်တို့ဖြင့် စိမ်းညို နုပျိုသောတောကို မြင်သည်။ ထိုတောသို့ ရောက်အောင် ချီတော်မူပြီးမှ တပ်တော်ချရပ်နေ ထိုင်သည်။ ထိုအရပ်ကို တောစိမ်း တပ်-မင်းတဲ ဟုတွင်သည်။ ယခု ရွေ့လျော ၍ တောစိမ်း-ထန်းပင်တဲဟု တွင်သည်။
ပျူလူမျိုးတို့ ငါးလုပ် ၍နေသော အင်းကိုလည်းပျူအင်းဟု သမုတ်တော်မူ၍ ကျေးရွာတည် ထားပြုတော်မူသည်။
                                 ပန်းတော
      ၎င်းက ချီလာရာ တစ်ခုသောရွာက သူအိုတစ်ယောက်သည် ’’ကောင်းကြွယ်ချမ်းသာ မြင့်မြတ်ပါစေသတည်း’’ ဟု ကောင်းချီး ထောပနာ လျက် ပိတောက်ပန်းများစွာ ဆက်သသည်။ ထိုအ၇ပ်ကို ပန်းတော်ဆက်ဟု သမုတ်သည်။ ယခုပန်းတောဟု တွင်သည်။
                               ရွှေမောဓောစေတီ
      ၎င်းကချီလာရာ ရှမ်းလူမျိုးတို့ အိုးဖုတ်လုပ်သော ရွာကို တွေ့ ၍ မည်သည့်ရွာ ခေါ်သနည်း-ဟုမေးရာ၊ ရှမ်းတို့ဘာသာ အိုးကို မောခေါ်သည်။ ထိုသို့သောအကြောင်းဖြင့် မောတောရွာဖြစ်ကြောင်း နှင့် လျှောက်ထားလျှင် ထိုရွာတွင်ဆိုင်းငံ့စံနေတော်မူ ၍ ဘုရားတစ်ဆူတည်တော်မူသည်၊ ထိုဘုရားကို ရွှေမောတောဟု သမုတ်တော်မူသည်။
                              ရွှေအင်းတောင်
                     တတိယအကြိမ် ပြင်ဆင်မွမ်းမံတည်လုပ်ခြင်း။
     ယင်းက ရပ်နားနေထိုင်ကာ မြေနေရေနေ အခြေအမြစ်ကောင်းသည်နှင့် ရတနာပြောင်မွန် ဆင်တော် ကို ရှေ့ညွှန် ထားလျက် မြို့ရွာချဉ်းနင်းစေရာ တာ (၃၀၀) ကျော်ခန့်ရှိလျှင် ရတနာပြောင်မွန်ဆင်တော်သည် မသွားဘဲ အရှည်လေးမြတ် ဝပ်၍နေလျှင် ဆင်ကဲမှူးမတ်တို့သည် ဆင်တော်မောပန်း စခန်းချ ရပ်ဝပ်နေကြောင်းနှင့် လျှောက်ထားသောကာလ ထိုအကြောင်း ကိုမေးတော်မူရာ အမတ်ကြီး ပဏ္ဍိစ္စ လျှောက်သည်ကား-
ဆင်တော်ဝပ်သောအကြောင်းမှာ ပန်းညောင်းကုန်ခန်း ညှိုးနွမ်းပြင်းပျ၍ ဝပ်ရသည်မဟုတ်ပါ။ ဆင်ကဲပြုလုပ်သူတို့မသိ၊ သတိချွတ်ယွင်း၍ လျှောက်ဆိုခြင်းဖြစ်ပါသည်။ အကြောင်းသောတမူကား- မဟာသုဒဿစကြာမင်းသည် စကြာရတနာ ကိုရှေ့ညွှန်ထားပြီးလျှင် ကောင်းကင်ခရီး ဆင်ပျံစီးလျက် လေးကျွန်းလုံးကို လှည့်လည်တော်မူသည့်ကာလ၊ မြတ်စွာဘုရားတို့၏ မာရ်ငါးပါးကိုအောင်မြင်ရာဖြစ်သော ဝဇိရာသန၊ အပရာဇိတ၊ မဟာဗောဓိမြေသို့ရောက်လျှင် စကြာမင်းစီးသောဆင်တော်သည် ဦးကင်းကွဲအံ့ပသော ဝရဇိန်ချွန်းသွားဖြင့် ပေါက်လင့်ကစား မသွားမကျော်နိုင်ပါ။ ယခု ရတနာပြောင်မွန်ဆင်တော်သည်လည်း မကျော်မသွား တန့်နားဝပ်နေသောအရပ်သည် မြတ်စွာဘုရားတို့၏ သရီရဓာတ် မွေတော်မြတ်ဖြင့် ကိန်းဝပ်တော်မူရာ မဟာဘုမ္မိ သီရိသေဌ ဘူမဂ္ဂအစစ် ဖြစ်တန်ရာပါသည်ဟု လျှောက်ထားလျှင်-
                                 စေတီဟောင်းငုတ္တို
       အမတ်ကြီးလျှောက်ထားချက်စကားကို အားရဝမ်းမြောက်တော်မူသည်ဖြစ်၍ တောမြက်ခြုံ ပိတ်ပေါင်းများကို ခုတ်ထွင်ကြည့်ရှုရာ တစ်ခုသောအင်း၏အလယ် တစ်ပယ်ခန့်ရှိသောတောင်ငယ်တစ်ခုတွင် ရတနာဆယ်ပါးတို့ဖြင့် စီချယ် လျက် ဖောင်းရစ်အထက် သုံးတောင်ခန့်မျှပေါ်သော စေတီတော်မြတ်ကိုတွေ့ရှိသည်။ ထိုမှတပါး- အနီးအစပ် အရပ်ဒေသများတွင် အိုးခြမ်းကွဲ၊ ဖွဲဟောင်း၊ မီးသွေး၊ အုတ်ဆွေး၊ ပြာဟောင်း နွားခေါင်း နွားရိုးများစွာ တွေ့ရှိရသည်။ ယင်းသို့ တွေ့ရှိရသောကြောင့် ထိုအရပ်တွင် မည်သည့်မင်း မည်သည့်ကာလ မြို့ပြတည်ထောင်နေထိုင်ဘူးသည်၊ မည်သူ တည်ထား ကိုးကွယ်သော စေတီတော်ဖြစ်မည် များကို အနီးအပါးကျေးရွာများရှိ သက်ကြီးသူအိုတို့အား မေးစစ်ရာ မည်သို့မျှ မပြောတတ်ပါ ။ တောအရပ်တွင် ယာခုတ်သောကာလ စာကမ္ဗည်း နှင့်၊  ကျောက်တိုင်တစ်ခု တွေ့မြင်ဖူးပါသည်ဟု လျှောက်ထားလျှင်-
၎င်းသူအိုတို့ လျှောက်ထားချက်အရ ကြည့်ရှုလိုက်ရှာစေရာ မြေပေါ် တစ်တောင်ခန့်ရှိသော ကျောက်တိုင်ကိုတွေ့၍ တူးဖော်ကြရာ တစ်ဆယ့်ငါးတောင်ရှိမှ ကျောက်တိုင်အဆုံးပေါ်သည်။ ၎င်းကျောက်တိုင်တွင် စာအက္ခရာသေချာအောင် မပါမရှိ ။ ကျောက်တိုင်အောက်ခြေထိပ်မှာသာ
   က နှင့် ပ ဆင့်၍ တချက်
   ဒ နှင့် ဆ ဆင့်၍တချက်
   သြ နှင့် ပ ဆင့်၍ တချက် အက္ခရာ ခြောက်လုံးတွေ့ရှိ သည်။ ၎င်းအဆုံးတွင်လည်း… ဥဏှိ  ဟူ၍ ရေးသားထားသည်။ ထို့အပြင် စာကမ္ဗည်းမရှိ။ တွေ့ဟန်ကား.....
          က္ပ ဒ္ဆ သြံ ဥဏှိ ဿ
ကဿပဘုရား ဥဏ္ဏလုံ မွေရှင်တော် ဤသို့လျှင်တည်း။
     ထိုအကြောင်းကို မေးတော်မူရာ အမတ်ကြီး ပဏ္ဍိစ္စ္စ လျှောက်သည်ကား
ဥဏှဿ သဒ္ဒါ-သင်္ကျစ် ဟော ဖြစ်ပါသည်။ အက္ခရာခြောက်လုံးကို အဓိပ္ပါယတ္ထ ကောက်ယူ ရာမှာ- ကဿပ ဟူသော အဓိပ္ပါယ်ပေါ်ခြင်းကြောင့် ထိုစေတီတော်သည် ဤဘဒ္ဒကမ္ဘာထက်၌ ပွင့်လေကုန်ပြီးသော  ဘုရားလေးဆူတွင် ကဿပမြတ်စွာဘုရား ၏ သင်္ကျစ်တော်ဓာတ်ကို ရှေးဘေးလောင်းတော် ဘိုးလောင်းတော်ဖြစ်သော ပြည်တည်မြို့တည် မင်းကောင်း မင်းမြတ်တို့  မပြတ်ကိုးကွယ်တည်ထားသော စေတီတော်မြတ်ဖြစ်ပါကြောင်းနှင့်လျှောက်ထားလျှင် မင်းညီနောင်နှစ်ပါးတို့သည် ၊ အလွန်ဝမ်းမြောက်ကြည်ညိုတော်မူသည်ဖြစ်၍ ရွှေပေါက်ပေါက် ၊ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်  ပူဇော် ကန်တော့ခြင်း ။ ပါ သောမှူးမတ်၊ တပ်တော် အမှုထမ်းတို့သည်လည်း ချသော မျက်လွှာ ဦးက္ခောင်းရှိလျက်၊ လက်ယှက်၍ ရှိခိုးကာ များစွာ ပြုကြကုန်သတည်း။ ထိုအခါ ပါသော မှူးမတ်ကျေးကျွန်တို့ကို အလျင်တဆော သယ်ယူစေ၍ သုံးထောင် ခန့် ပေါ်ရှိသော စေတီတော်ကို လွှမ်းခြုံပြီးလျှင် အတောင်သုံးဆယ် (၃၀) မျှရှိသော စေတီတော်ကို တမုဟုတ်ခန့်နှင့် အပြီး တည်တော်မူ ၍ ရွှေပြည်တော်က ပါသော တနာဠိကဓာတ်တော်များကို ဌာပနာတော်မူသည်။
ယခု ရွှေအင်းတောင်စေတီ ရင်ပြင်တော်ရှိ ကျောက်စာ
                                                လေးကျွန်းမြေ
         ထိုအရပ်ခြောက်ထောင်ခန့်မျှ လုံးပတ်ပြည့်ဖြိုးသောကိုယ်သဏ္ဍာန်ရှိသော လူကြီးလေးယောက်တို့ သည် လေးကျွန်းက သုဝဏ္ဏဘုမ္မိမြေကို ဘုရားသရွတ်လုပ်ရန် သွားရောက် သယ်ယူပေးအပ်ပါရစေ၊ ဆို ၍ ထိုသူလေးဦးတို့သယ်ယူ ပို့ရောက်သည်ကား
          မြေသည်လည်း ဘောဂ၀တီပြည်၌ ရှိသော အရုဏ၀တီမြေနှင့် အလားတူ၏။ အရုဏ၀တီမြေ ဟူတုံသည် လည်း  ရွှေအဆင်းနှင့် တူသလျှင်ကတည်း။
          ထိုသူလေးဦးတို့  စေတီတော်အနီးအပါး သယ်ယူပုံထားသော  မြေကို လေးကျွန်းမြေဟု ခေါ် ဝေါ်သည်။ အလိုတော် အတိုင်း ပြည့်စုံအောင် နတ်တို့ ကူညီမစသောကြောင့် ထိုမြေပုံထားသော ကုန်းကို ရွှေပြည့်စုံကုန်းဟူ၍ ခေါ်သည်။ ယခု စကားရွေ့လျော၍ ရွှေပြည့်စင်ကုန်းဟု တွင်သည်။
                                               စတုမဟာရာဇ် နတ်မင်းကြီးလေးပါး
         ထိုသို့ကူညီ၍ လေးကျွန်းမြေကို သယ်ယူပို့ဆောင်သော နတ်တို့သည် အခြားသူ လူစင်စစ်မဟုတ်  ကဿပမြတ်စွာဘုရား၏  သင်္ကျစ်တော်ဓာတ်၊ ဂေါတမမြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာ၍  တည်ထားပြုလုပ်သော စေတီထူး စေတီမြတ်ဖြစ်သောကြောင့်  စတုမဟာရာဇ် နတ်မင်းကြီ်း လေးပါး အမှန်ဖြစ်သတည်း ဟု ရွှေနှလုံးတော်မြတ် ရည်ရွယ်တော်မူပြီးလျှင် ကပ်ကမ္ဘာမြင့်ရှည် တည် စေခြင်းငှာ သပိတ်မှောက် အထက် ၊စေတီတော်လေးမျက်နှာတွင်--
 ၁။ အရှေ့ မျက်နှာ၌-ဓတရ ဋ္ဌ နတ်မင်းသဏ္ဍာန်၊
၂။ တောင်မျက်နှာ၌- ၀ိရူဠက နတ်မင်းသဏ္ဍာန်၊
၃။ အနောက်မျက်နှာ၌-၀ိရူပက္ခ နတ်မင်းသဏ္ဍာန်၊
၎။ မြောက်မျက်နှာ၌ -ကုဝေရ နတ်မင်းသဏ္ဍာန်၊
          ဤနတ်မင်းကြီး လေးပါးတို့သည်  မြေမှ ယူဇနာ(၄၂၀၀၀) လေးသောင်းနှစ်ထောင်မြင့်သော  စတုမဟာရာဇ်နတ် တိုင်း၌ အသီးအသီး စောင့်ရှောက်နေထိုင်ဘိသကဲ့သို့  ပုံသဏ္ဍာန် မခြား၊ စေတီတော်မြတ်၏ ထက်ဝက်နှင့်ညီမျှသောအရပ်တွင် ထုလုပ် တည်ထားသည်။
                                 မြို့တော်ပန္နက် တည်လုပ်ခြင်း
          မြို့တော်ပန္နက်တည်လုပ်ရာသော အခမ်းအနား ၊ဒေသရပ်ကွက်များကို စီမံခင်းကျင်းရမည်၊ အမိန့်တော်ရှိ၍  အမတ်ကြီး ပဏ္ဏိစ္စ စီမံခင်းကျင်းသည်ကား-
          ရှေးရှေးသောမင်းတို့ တည်ထားရင်းနိမိတ်၊ အတိတ် ထင်မြင်အောင် ၊စီရင် ဆောင်ရွက် တော် မူကြသော ၊ ထုံးညီစံကျ အတိုင်း၊ ကျွဲနွားဆိတ် ၀က်တို့ကို အဓိဋ္ဌာန် ရည်ပြီးလျှင် အသီး အသီး ဘေးမဲ့လွှတ်ရာ စေတီတော်မြတ်ကို သုံးပတ်၊ လက်ျာရစ် လှည့်ပြီးလျှင် စေတီတော် မနီးမဝေးလွန်းသော အရပ်၌ တညီတညွတ်၊ တောင်သို့ တူရူ၊ မျက်နှာမူလျက်၊ ၀ပ်နေကြကုန်သည် ကို မြင်လျှင်..... စေတီတော်၏ ဤအရပ်တွင် နန်းမြို့တည်ရာ မင်္ဂလာအောင်ချက်၊ နက်သန်ဘူမိ၊ သီရိသေဋ္ဌ၊ဘူမဂ္ဂ ဖြစ်သည်။ 
သုဝဏ္ဏသာမဇာတ်၌ မိဂသမ္မတာ မြစ်ဆိပ်တွင်သုဝဏ္ဏသျှံမင်းအား ပီဠိယက္ခမင်း ပစ်ခွင်းသော မြားဒဏ်ရာဖြင့် သည်းထန်စွာ ပင်ပန်းခြင်းရှိသော အခါ အမှတ်မဲ့ လဲတော်မမူမီ၊ မယ်တော် ခမည်းတော်တို့ ရှိရာအရပ်ကို စဉ်းစား ဆင်ခြင်တော် မူပြီးမှ ၊ဦးခေါင်း လဲလျောင်းတော်မူပါသည်။ တကြောင်းလည်း မြတ်စွာဘုရားတို့၏ သဏ္ဍာန် ရွှေ -ငွေ-မြေ-အုတ် -ကျောက် သစ်သား အစရှိ သည်တို့ဖြင့် ထုလုပ် ကိုးကွယ်ကြသည်မှာ…
၁။အရှေ့သို့ ဦးခေါင်းတော်မူလျှင် -ရှင်ပင်သာလျောင်း။
၂။အနောက်သို့ မူလျှင်- ရှင်ပင်ပေါင်းလဲ၊
၃။တောင်သို့ မူလျှင်- နေရဗန်၊
၎။မြောက်သို့မူလျှင်-ပရိနိဗ္ဗာန်၊ ဟူ၍ လေးမျက်နှာလုံးပင် မင်္ဂလာ ဦးခေါင်းမူသင့်ကြောင်း စာဟောင်း စာတမ်း ရှိပါသည်။ ယင်းသို့ဖြစ်သောကြောင့်- အသျှင်သခင်များသည်လည်း ဇာတိတော် ချက်ကြွေ၊ အောင်မြေ ပလ္လင် ၊ဗောဓိပင်ရောက်ရာ၊ အပ္ပရာဇိတ၊ ၀ဇီရာသန၊ မဟာမဇ္ဈိမ၊ဌာနအရင်းဖြစ်ပါသည် တ ကြောင်း။ ခမည်းတော်စစ်၊ မယ်တော်ချစ်တို့သည် လည်း အနောက်အရပ် ၊ တိုင်းပြည် ထီးနန်း၊ စံမြန်းစိုး မိုးတော်မူလျက်၊ ဖြစ်ပါသည်။ မိခင် ဘခင်တို့အား ရိုသေလေးမြတ် ၊လောကနတ်တစ်ဆူ ပြုသောသူတို့သည် မီးမှာပစ်လည်း မခြစ်ပါ၊ ရေမှာပစ်လည်း မနစ်ပါ။ ပညာရှိ သူတော်ကောင်းတို့ မိန့်ဆိုဟောင်းစကား၊ ထင်ရှားဖြစ်သည် နှင့်အညီ ၊ခမည်းတော်မြတ် ၊ မယ်တော်နတ်တို့ရှိရာ မဇ္ဈိမဒေသ၊ ပစ္ဆိမာအရပ် သို့ လျောက်ပတ်သော အထူး၊ မြို့ဦးသမုတ်၍ ပြုလုပ် တည်ထောင်ရလျှင် ၊နောင်အဓွန့်တည်၊ ဘုန်းတော် စည်၍ ၊ သက်ရှည် ရာကျော်၊ ရှိတော်မူမည် အကြောင်း၊ သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့်၊ အဓွန့်ရှည် စွာ၊ သာသနာတော်ဖြန့်မိုး ၍ ၊ သူခိုးဒါးပြ၊ တန္တ မုဒိမ်း၊စစ်မက် ငြိမ်းလျက်၊ ခပ်သိမ်းပြည်သူ ၊ကြည်ဖြူ ချမ်း မြေ့ ရှိကြမည် အကြောင်း များနှင့်  တင်လျှောက်လျှင် အားရနှစ်သက်တော်မူသည်ဖြစ်၍ ပုပ္ပါးစော၇ဟန်းဖြိုပြီးနောက် သက္က၇ာဇ် ၁၉၂ -ခု၊ ကဆုန်လဆန်း ၇ရက်၊ စနေနေ့၊ နေတစ်ချက်တီးအချိန်တွင်-
 တောင်မြောက် အချင်းတာ ၃၀၊ အရှေ့အနောက်တာ ၅၀၊ အတွင်းမြို့တော်သမုတ်သည်။
ပြင်မြို့မှာ-အရှေ့မျက်နှာ တာ၂၅၀၊
             တောင်မျက်နှာ တာ၃၅၀၊
             အနောက်မျက်နှာ တာ၂၅၀၊
             မြောက်မျက်နှာ တာ ၃၅၀၊
          အနောက်မျက်နှာအရပ်ကို မြို့ဦးသမုတ်၍ အတွင်းမြို့ ၊အပြင်မြို့၊ ကျုံး၊ ကန်များကို တစ်နေ့ ချင်းပြီးအောင် တည်တော်မူသည် ။ မြို့အုတ်ရိုးအထု လေးတောင်၊ အတွင်း ဆင်ခြေဖုံးမြေအထု သံတောင်(၂၀) နှစ်ဆယ်၊ အမြင့် (၈)တောင် ၊သက္ကရာဇ် ၁၉၂ခု၊ ကဆုန်လဆန်း ၁၄ရက် တနင်းလာနေ့၊ နေ ၂ ချက်တီးကျော် ၊၃မောင်းခန့်အချိန်၊ နန်းတော်ရာ ရွှေပန္နက် သည်း ချရိုက်သည်။
                                                ရတနာတင်းတိမ် -တောင်တွင်းကြီး
          ထိုအခါ ကဒူး လူမျိုးတစ်ယောက်သည် တင်းတိမ်ကို ခေါင်းမြီးခြုံပြီးလျှင် သေရည်ဗူးကို လွယ် လျက် ၊နွားနက်တစ်ခုကို စီး၍ နန်းတော်ရာ ရွှေပန္နက်အနီးသို့ရောက်လှာသောကြောင့်၊  တြင်းသံ န၀င်း သံစောင့်သူတို့က ဖမ်းဆီးရာ ထိုယောက်ျား သည် ကြောက်လန့်တကြား ဖြစ်သဖြင့် သေရည်ဗူးကို ပစ်ချလိုက်သည်ကာလ၊ ရွှေပန္နက်ပေါ်သို့ ကျသဖြင့် နန်းတော်ရာမြေကို အရက်ရည် ဖြန်းဘိသကဲ့သို့  သေရည်ဗူးကွဲလေ၏။
          ထိုမှတပါးလည်း ရွှေပန္နက်သည်း ချစဉ်၊ တောင်အရပ်မှ ကြယ်တံခွန် ထွက်သည်။ ဥက္ကာကျသည် ၊ လုံးပတ် လေးထွာခန့် ပမာဏရှိသော မြွေစပါးကြီးတစ်ခု သည်၊ တမုဟုတ်ခြင်း ပေါ်လာ၍ ရွှေပန္နက်သည်းကိုပတ်ခွေပြီးလျှင် သျှူးလျှူးဟူသော အသံ ကို မြည်လျက်တောင်အရပ်သို့ ထွက်သွားလေသည်။
     ဤသို့လျှင် အရပ်ရပ်ဖြစ်ထွန်းသော တိတ်၊ နိမိတ် တြင်းသံ န၀င်းသံများနှင့် မြို့၊ကျုံး ဘုရားများးကို တည်ထားပြီးစီးကြောင်း ၊ ပြည်မည် ၊မြို့မည်၊ ဘုရားမည်များကို ဘွဲ့နာမံတော် မခြည်ရသေးကြောင်း။ မြို့နေပုံစံ၊ သဏ္ဏာန်၊ တာကွာများ နှင့် နောင်တော် မင်းနှစ်ပါး ထံ အမတ်ကျော်ကို စေလွတ်တင်လျှောက်စေသည် ။နောင်တော် မင်းနှစ်ပါးလည်း ထင်ရှား အတိတ်၊ နိမိတ်ဖြစ်ဟန် အရေးများကို မေးတော်မူသည်ဖြစ်၍ ၊ရခိုင်အမတ်ကြီး ၀ိဒူရ ကျော်ခေါင် လျှောက်သည်ကား….
     အရှင်မင်းမြတ် - ညီတော်နှစ်ပါးတို့ကို အရေးပေးတော်မူ၍ တည်ထောင်စေသော အချက်တွင် နွားနက် စီးသော သူ၌ အရက်ဗူး ကွဲပျက်၍ ပန္နက်၏ အပေါ်သို့ကျရောက်သည်အလိုမှာ- တိုင်းတော် ပြည်တော်၌ နေကုန်သော သူ တို့သည် ရေစာပေါများ ၍ သောက်စား ယစ်ဝ ပျော်မြူးအံ့သော အကြောင်း ဖြစ်ပါသည်။
          တင်းတိမ်ကို ခြုံလျက်လာရောက်သည် အလိုမှာ တင်းတိမ်၏ သဘောသည် နေပူတံလျှပ်၊ မိုးစွတ်နှင်း ပက် ရှိသောအခါ၊ ကာသော် လည်းကောင်း ၊မိုးသော် လည်းကောင်း ၊ခြုံသော်လည်းကောင်း လုံခြုံခြင်းကို ရပါသည်။ ယင်းသို့သာလျှင်မဟုတ်သေး- တင်းတိမ်ဟူသော အမည်သညာ၊ အက္ခရာခေါ်ဝေါ်သော အလို့၊ပြည် တော်၌၊ နေသော သူတို့သည် လယ်ယာလုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ မင်းမှီစိုးကပ် ပြုခြင်း စသော ဥစ္စာ ရှာမှီးခြင်း အရပ်ရပ်တွင် သိန်း၊ သန်း၊ ကုဋေ ပေါများ ကြွယ်ဝ ၊ လောက်ငကုံတွင်အောင်၊ မရှာမမှီး၊ သာမည်စိုးစဉ်းရှိလျှင် တင်းတိမ် လွယ်ရာသောအကြောင်းဖြစ်ပါသည်။
         ထိုသို့သော နိမိတ်၊ အတိတ် လက္ခဏာ၊ မြတ်မွန်ရာသည်ကို အကြောင်းပြုသဖြင့်၊ ရွှေပြည်တော်ကို ရတနာတင်းတိမ်ဟု၊  သမုတ်တော်မူရလျှင်၊ နေပူတံလျှပ်၊ မိုးစွတ်နှင်းပက်နှင့်တူသော ရန်သူတပါးတို့ကိုနိုင်ရာ။ ကောင်းစွာ လုံခြုံအံ့သော အကြောင်း ဖြစ်ပါသည်။
          ရွှေဘုံ ရွှေနန်း တည်တော်မူသော အရပ်ဒေသ ပုံစံတွင်လည်း-
အရှ့ကား- မင်းဝံ ရိုးမတောင်။
တောင်ကား- တောင်ညို-မင်းပြင်တောင်၊
အနောက်ကား-ခိုတောင်၊
မြောက်ကား- ပုပ္ပါးတောင်ခြေ၊
          ဤသို့လျှင် ရာဇဂြိုဟ်ပြည်ကြီး ကဲ့သို့ ၊ညို့ညို့မှိုင်းမှိုင်း တံတိုင်းသဖွယ် တောင်ပတ်လည်ရစ်သွယ် လျက်၊ လယ်ပယ် ချိုင့်ဝှမ်း ၊ ပူချမ်းမျှတ ၊မိုးကျရေလာ။ ဆင်စာ မြင်းစာ ပေါများရာခပင်း၊ တွင်း၏သဏ္ဏာန်၊ ရှိလေ သည့် အဟန်ကြောင့်  မြို့တော် ကို တောင်တွင်းကြီး ဟု သမုတ်တော်မူရလျှင် ပြည်သူချမ်းသာ၍ သာသနာစည် ပင်၊ လူရှင်ပျော်ပါး အစားအသောက် တောင်ကဲ့သို့မောက်အံ့သော၊ အကြောင်း ဖြစ်ပါသည်။
          ရွှေပန္နက်သည်းကို စပါးကြီး ပတ်ခွေသည်အလိုမှာ- စပါးကြီးမြွေတို့သဘောသည်၊ အခြားသောမြွေတို့ ကဲ့သို့ အစာအဟာရတို့ကို၊ လှည့်ပတ်သွားလာ၊ ရှာစားသောအလေ့မရှိပါ။ မိမိချက်ကြိုး ငြိလျှင် ၊အနီးအပါး၌ရှိ သော သမင် ဒရယ်၊ ယုန်ငယ်ကျွဲနွား အစရှိသောသတ္တ၀ါတို့သည် အခြားတပါးသို့ ထွက်သွားခြင်းငှာမစွမ်းနိုင်ပါ။  စွမ်းရောက် သရွေ့ပင် ပြေး သွားငြားသော်လည်း ၊ စပါးကြီးမြွေရှိရာ၊ အဖန်တလဲလဲ ရောက်လှာရဘိသကဲ့သို့  အစာအဟာရတို့ကို လှည့်ပတ်သွားလာ ရှာစားခြင်း အလေ့မရှိ။
          ယခု တည်ထောင်တော်မူသော ရွှေပြည်တော် သည်လည်း အ၀တ်အစား စပါးဆန်ရေ ရွှေငွေ ဥစ္စာ၊ ရတနာတို့ဖြင့်၊ လွယ်လင့်တကူ ၊ ရှာယူပေါများခြင်း ရှိမည်ဖြစ်သောကြောင့် ဆင်းရဲသား ကျွန်တော် မျိုးတို့ ကြက်ပျံမကျ ၊ပြည့်ဝ ချမ်းသာ၍  အိမ်ခြေလူနေအများ၊ တိုးပွားကြီးကျယ်ရန်ရှိပါသည်။ ဤပြည်မြို့မှ -အခြား သောတိုင်းပြည်မြို့များသို့ ထွက်သွား ပြောင်းရွှေ့ ရှိသော သူတို့သည်လည်း အရှည်လေးမြင့်၊ နွှဲဖင့်၍ မနေနိုင်ပါ။ စပါးကြီးမြွေချက်ကြိုးကို တိုးမိသော သတ္တ၀ါကဲ့သို့ ၊ ပြည်တော် တိုင်းတော်သို့သာ ၊ အလျင်တဆော ပြန်ရောက် နေထိုင်ရသောအကြောင်းဖြစ်ပါသည်။
          ထိုစပါးကြီးမြွေ သျှူးသျှူး ဟူသောအသံကို မြည်လျက်၊ ထွက်သွားလေသည့်အလို့မှာ-  သီဟိုဋ်ကျွန်း သားတို့ဘာသာ သျှူးသျှူးဟူသော စကားကို မဂဓရဇတိုင်းသားတို့ဘာသာ သုသုဟူသော အက္ခရာကိုရပါသည်။ ထိုသုသု ဟူသော စကား ကို မြန်မာဘာသာပြန်ဆိုလျှင် ကောင်း၏၊ ကောင်း၏ ဟုဆိုသော ကောင်းချီးပေး ခြင်းအနက်ကို ရသည် ဖြစ်သောကြောင့် တိုင်းပြည် ထီးနန်း ၊ တည်ထောင်သည်ကို သမာဒေ၀စသော နတ်ကာင်း နတ်မြတ် တို့ ကောင်းချီး  ပေး ခြင်းဖြစ်ပါသည်။
          ထိုစပါးကြီးမြွေ တောင်အရပ်သို့ ထွက်သွားသည် အလိုမှာ- ဒက္ခဏ ဒိသာ တောင်မျက်နှာကို အယူ တော် မရှိသင့်   ။ မြေကြီး မောက်မိုသောတောင် ကို ယူရပါမည်။ မြန်မာဘာသာ တောင်ကို ရှန်းကဒူး လူမျိုးတို့ ဘာသာ၊  လွယ် ဟူ၍ခေါ်ပါသည်။ တိုင်းတော်ပြည်တော်ကို ရန်သူတပါး၊င့်ယှက်ငြားသော်လည်း၊ လွယ်လင့် တကူ၊ အောင်မြင်တော်မူအံ့သော အကြောင်းဖြစ်ပါသည်။ ဤသို့လျှင်အရပ်ရပ်သို့ ကျန်းဂန်၊ ထုံးစံပဝေဏီနည်း မှီစံကျ၊ စကားများနှင့် လျှောက်ထားလျှင်၊  အလွန်အား ရ နှစ်သက်တော်မူသည်ဖြစ်၍-
          ပြည်တော်ကို- ရတနာတင်းတိမ်၊
          မြို့တော်ကို- တောင်တွင်းကြီးမြို့၊
`        သမုတ်၍၊ ကမ္ဗည်းမော်ကွန်းတိုင် စိုက်မှတ်ရမည်အကြောင်းများနှင့်  ညီတော်နှစ်ပါးထံ မိန့်တော်ပြန်ဆို သည်။  ထိုမှတပါး အမတ်ကြီး ၀ိဒူရ ကျော်ခေါင် ထပ်မံလျှောက်ဆိုပြန်သည်ကား…. ဘုန်းတော် အလွန်ကြီးလှ သော အရှင်မင်းမြတ်၊ - သုံးလူ့အထွဋ်၊ သဗ္ဗညု မြတ်စွာဘုရားသည်၊ ၁၆၀ါမြောက်၊ အာဠ၀ီဘီလူးကို ထူးမြတ်သောတရားဖြင့် ဟောကြားဆုံးမတော်မူ စဉ်- ဘီလူးစာ ပို့ရောက်သော အာဠာဝကရွာစားမင်း၏သားကို ဘုရားမြတ်စွာ တောင်းယူ၍အတူ နောက်ပါခေါ် ပြီးလျှင်၊ လွန်လေပြီးသောဘ၀၊ ခိုမင်းအစစ် ဖြစ်တော်မူဘူးသော၊ ခိုတောင်သို့ ဝေဏေယျသတ္တ၀ါကို  ဒေသနာ ရေအေး ၊ တိုက်ကျွေးတော် မူမည်၊ ဒေသစာရီ၊ ကြွချီဆိုက်ရောက်သည့် ကာလ၊ မျောက်ညီနောင် လေး ခုတို့သည်၊ သဒ္ဒါတရား လွန်ကြီးမား၍၊ ဘုရားမြတ်စွာ ကို ၊ သရက်သီးလေးလုံး ကပ်လှူကြပြီးလျှင်၊ ထိုသရက်စေ့ ကိုလည်း ၊ မြေတွင် တပေါင်းတည်း  မြှပ်နှံလေသည် ။
          ထိုအကြောင်းကို ဘုရားရွှေဥာဏ်တော်ဖြင့် မြင်တော်မူ၍ ဤသရက်သီး လေးလုံး ကပ်လှူသော မျောက်ညီလေးခု တို့သည် နောင်လာလတ္တံ့သောအဓွန့်ကာလ၌ ဤခိုတောင်မှ၊ အရှေ့တူရူအရပ်တွင် မင်းမြတ် ညီနောင် လေးဦးဖြစ်၍ တိုင်းပြည်ထီးနန်းတည်ထောင်ပြုစုမည်။ သရက်လေးစေ့ကို တပေါင်းတည်း မြှပ်နှံသောအ လိုမှာ-   ထိုပြည်မှ ဆင်းသက်လှာသော ချောင်းမြောင်းတို့သည်  တပေါင်းတည်းတစည်းတည်း ဖြစ်၍ ဤခိုတောင်ကို ထွင်းဖောက် ပြီးလျှင်  ဧရာဝတီမြစ်သို့ပတ်ရစ် ဆင်းသွားအံ့သော အကြောင်း ဖြစ်သည်။
          လေးခုသော သရက်စေ့လည်း တပေါင်းတည်းသော သရက်လေးပင် အထင်အ၇ှား ပေါက်၍ မျောက်အ ပေါင်းအား စားသောက် မှီခိုစရာများစွာ ဖြစ်အံ့သည်ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူဘူးသည်နှင့် အညီ  ထို သို့သော  ချောင်းငယ် မြောင်းငယ် တို့မှ စီးသော ရေသည်၊ တရော တယှက်တည်းပေါင်း၍ ခိုတောင်ဟူသော တောင်ကို ထွင်းဖောက်၍သွားကြောင်း။ တရောတယှက်တည်းသော သရက်ကြီးလေးပင်တို့သည် အထင်အရှား ပေါက်ရောက်ရှိသည် အလိုကို ထောက်သော် ဗျာဒိတ်စကား မိန့်ကြားတော်မူသော မျောက်ညီလေးဦးတို့သည် အသျှင်မင်းမြတ်တို့ပင် ဖြစ် တော့သည် ။"  ဟု လျှောက်ထားလျှင်- မိဖုရား နုမလ္လာကို ခေါ်တော်မူ၍ အမိန့်တော်ရှိသည်ကား ခမည်းတော်ဒွါရာဝတီမင်းက  ထည့်အပ်တော်မူလိုက်သော ဤ အမတ်ကြီး ၀ိဒူရကျော်ခေါင် သည် မင်းရေး မင်းရာ၌သာ လိမ္မာ ပြွမ်းတီးသူမဟုတ် လောကုတ္တရာ တရား၌လည်း ငါ့အား ညွှန်ပြ၊ အတိတ်က စကားကို လည်း မှတ်သားလောက်အောင်၊ တဘောင် သိုက်ထွက်နှင့် စဉ်ဆက် ဟောပြောနိုင်သူ ဖြစ်ပေသည်ဟု  အမှတ်ထား၍  ကြီးကျယ်သော နေရာထူးကို ပေးသနား တော်မူသည်။ ဒွါရာဝတီ စံနေရာအရပ်ကိုလည်း ဦးသုံးကြိမ်ချ၍ ကန်တော့ပြီးလျှင် မိဖု၇ား နုမလ္လာကို ရွှေချိန် ပိဿာ တစ်ရာကောင်းချီးပေးတော်မူသည်။
                      သတိုးတန်း
          ထိုကချီလာရာ သားတိုးသမားဖြစ်သော မုဆိုးတို့ အမဲဟင်းလျာ ဆက်၍ ရဲဘက်တော်အများ စားသုံးရုံ မက ၊လောက်င ပိုမိုရှိသောကြောင့် အသီးအသီး တန်းကြီးတန်းငယ်တို့နှင့်  အံ့သြဘွယ်လှန်းထားကြသည်ကို မြင်လျှင် ကြည်ရွှင်နှစ်သက်တော် မူသော စခန်းဖြစ်၍ သားတိုးတန်းသမုတ်တော်မူပြီးလျှင် အမတ်ငစံလှကို ကျေးရွာပြုစု တည်ထားပေးအပ်တော် မူခဲ့သည်။
         ထိုကချီလာရာ မင်္ဂလာတဲနန်းတစ်ဆောင်သို့ရောက်တော်မူပြန်လျှင် သဘင်ကြီးစွာခံ၍ သုံးရက်စံနေတော် မူသည်၊  ထိုအရပ်တွင် ကြည်လင်နှစ်သက် မခွါရက်အောင်၊ သုံးရက်လုံးလုံး စံနေသော ကုန်းဖြစ်၍ ညီနောင် ကုန်းဟု သမုတ်တော်မူသည်။
                     မင်းကြည့်ယောင်
          ထိုအရပ်က ကြည့်မျှော်တော်မူလျှင် စိမ်းညိုသာယာ၊ ရေလာ ရေဆင်း ၀ိုက်ကွင်းနယ်ပယ်၊ အံ့ဘွယ် ထူးဆန်း  တောပန်း တောင်ပန်း ၊ ပြိုးတပြွမ်း ရှိသည်ကို မြင်တော်မူ၍  ‘’ညီတော်တို့ တည်သော တိုင်းပြည်သည်၊ ဤ အရပ် ထက်ပင် သာလွန်သလော‘’ ဟုပြောဆိုယောင်ယမ်းရှိသောအရပ်ကို မင်းကြည့်ယောင် သမုတ်၍ အမတ် ကျော် ကို ကျေးရွာ တည်ထားပေးအပ်တော် မူခဲ့သည်။
                                         ဆီးချိုစရပ်
       ဤသို့လျှင် ညီနောင်နှစ်ပါးတို့၊ ထိုအရပ်က ချီလာရာ ညီတော်အငယ်ဖြစ်သော မင်းနောင် မင်းနဂါးတို့သည်  လက်ဆောင် ပဏ္ဍာ အများနှင့် နောင်တော် မင်းနှစ်ပါးကို ဆီး၍ကြိုတော်မူကြသည်။ ထိုကြိုသောအရပ်တွင် ဇရပ် ကြီးမားစွာ  ဆောက်လုပ် ထားသည်။ ထိုဇရပ်ကို ဆီးကြိုစရပ် ဟု သမုတ်တော်မူသည်။ စကားရွေ့လျော၍ ကဏ္ဏဇ ဒုတိယ အက္ခရာ ‘’ခ’’ကို ‘’ယ’’ပင့်၍ ဆီးချို ဟုရေးမှတ် ခေါ်ဝေါ်ကြသည်။
                                      ရွှေအိုးရတံခါး
             ယင်းကချီလာ၍ ရွှေမြို့တော်သို့ ဆိုက်ရောက်သော ကာလ လက်ျာရစ်လည့်၍  ကြည့်ရှုတော်မူပြီး လျှင်  မြောက်တံခါးက ၀င်တော်မူရာ ရွှေနီအချိန်  ငါးပိဿနှင့်  ရွှေအိုးတစ်လုံး ရတော်မူသည် ယင်းသည့်တံခါး ကို ရွှေအိုးရတံခါး ဟုသမုတ်တော်မူသည်။ ယင်းကမှ စေတီတော်မြတ်ကို အဖူးအမြော်ပူဇော်ကန်တော့ ၀င်တော်မူပြီးလျှင် ရွှေနန်းတော်သို့ ဆိုက် ရောက်တော်မူသောကာလ၊ ညီတော်နှစ်ပါးကို  အားရနှစ်သက်တော်မူလှသောကြောင့် ဘွဲ့အမည်၊ အခမ်းအနား  အစီးအနင်း၊ စားကျေးမြို့ရွာများကို အထူးသဖြင့် ကြီးကျယ်စွာ ပေးသနားတော်မူသည်။ အမတ်ကြီးပဏ္ဏိစ္စ၊ ၀ိဒူရ ကျော်ခေါင်ကိုလည်း -မဟာဝိဒူရကျော်ခေါင် အသီးအသီးမှူးမတ် ကျေးကျွန်များကိုလည်း ရည်သွားရှိသည်အ လျောက်  ချီးမြောက်သူကောင်းပြုတော်မူသည်။
                                      ရွှေအင်းတောင်
           ထိုမှတပါးလည်း စေတီတော်ကို ဘွဲ့နာမည်ချည်ရန် အမိန့်တော်ရှိ၍ အမတ်ကြီးနှစ်ဦးတို့ညှိနှိုင်း  တိုင် ပင် စီရင် ပြုလုပ်ကြသည် ကား..... .. ယခု တည်ထားတော်မူသော စေတီသည် အင်း၏ အလယ် တောင်ငယ်တစ် ခုပေါ်တွင် တည်တော်မူသည်တရပ် … ထိုစေတီတော်မြောက် မနီးမဝေးလွန်းသော အရပ်တွင် ထင်ရှားသော အင်းကြီးတစ်ခုရှိသည်။  ထိုအင်း၏ တောင်တည့်မတ်ရာတွင် တည်ထားတော်မူသော စေတီဖြစ်သည်တရပ်၊ စေတီတော်မြတ်ကို တွေ့ရှိရင်း ဌာန သည်လည်း ရွှေကြာအင်း၏ အလယ် တောင်ငယ်တစ်ခုအပေါ် တွင် အကျော်အစော လတ်တလော တွေ့ရှိ တည်ထားတော်မူသည် တရပ်၊ ဤသို့သော အကြောင်းနှစ်ရပ်၊ တ ပေါင်းတည်း ထပ်မိကြသည် ဖြစ်၍ " ရွှေအင်းတောင် မြတ်စွာဘုရား" ဟု  သမုတ်တော်မူသည်။
`                                              အတွင်းစည်းခုံတော်
          ထိုမှတပါးလည်း ညချမ်းသောအခါ မင်း၊ မှူးမတ်ပရိသတ်တို့ အရပ်ရပ်ပြုလုပ်ဆောင်ရွက်ရန် များကို တိုင်ပင်စည်းဝေး ရှိနေစဉ်၊ ဓာတ်တော်များကို ဌာပနာတိုက် မသွင်းမီ ဆင်တော်က ယူဆောင် ၍ တန်ဆောင်းပြသာဒ်ထွင် ထား သောအရပ်၌ ဓာတ်တော် ၇ ဆူသည် ရောင်ခြည်တော် ၆ ပါးတို့ တွင် ပြိုးပြိုးပြက်သော အရောင်တော်ကို ထင်ရှားစေလျက်  တက်တုံ သက်တုံ ရှိသည်ကို ဖူးမြော်ကြရ သဖြင့် အဓိဌာန်ပြုလုပ် ပင့်ယူပြီးလျှင် ထိုဒေသအရပ်တွင် စည်းခုံတစ်ဆူ တည်တော်မူ၍ ဌာပနာရ သည်။ ယင်းစည်းခုံတော်သည်၊ နန်းမြို့အတွင်း ကျရောက်သည် ဖြစ်၍ အတွင်းစည်းခုံတော်ဟု က မ္ဗည်းမော်ကွန်း စိုက်မှတ် သမုတ်တော်မူသည်။
 မြို့တံခါးကြီး ၁၀-ဌာန
          ထိုမှတပါးလည်း-
မြို့တော်အရှေ့မျက်နှာ-
၁။ မြောက်တံခါးကို-မောင်းတိုင်တံခါး၊
၂။ ၎င်းတောင်တံခါးကို-စွယ်ကြိုတံခါး၊
၎င်းပြင်တောင်မျက်နှာ-
၁။အရှေ့တံခါးးကို-တိမ်တောင်တံခါး၊
၂။ ၎င်းအနောက်တံခါးကို-ဆင်ဝှေ့တံခါး၊
၃။ ၎င်းအနောက်တံခါးကို-ပေါက်နက်တံခါး၊
အနောက်မျက်နှာ-
၁။တောင်တံခါးကို-ကူကြီးတံခါး၊
၂။ ၎င်းမြောက်ဘက်တံခါး-လွန်လှည့်တံခါး၊
မြောက်မျက်နှာ-
၁။အနောက်တံခါးကို-ပြည့်ရှင်မင်းဝင်ရာေ၇ွှအိုးရသောကြောင့်-ရွှေအိုးရတံခါး၊
၂။၎င်းအရှေ့ မသာတံခါးကို-မင်းကန်တံခါး
၃။၎င်းအရှေ့တံခါးကို-အသည်တံခါး၊ ဟူ၍အသီး အသီး မော်ကွန်း ကမ္ဗည်းစိုက်မှတ်တော်မူသည်။
                ဘိသိက်ခံ၍ မြို့နန်းသိမ်းခြင်း
 ၎င်းနေ့  မိဖုရားကြီးနုမလ္လာနှင့်  မုဒ္ဓါဘိသေက ဘိသိက်ကို ခံတော်မူ၍  ရေသဘင်ကစားလောက် အောင် မြို့အရှေ့မြောက်တွင် ကြီးကျယ်လှသော ကန်တော်ကိုတူးလုပ် တက်ဆည်တော်မူသည်၊ ထိုကန်တော်အတါင်း ဥတိန္နနတ်စင်ကိုလည်း တပင်တိုင် လည်ပေါ်ဆောက်၍ တင်ကြား ပသတော်မူသည်။
      မြို့အရှေ့ မြောက်မျက်နှာတွင် ဆင်ကျုံးကို အုဌ်နရပတေ အသေအချာများနှင့် တူးလုပ်တော်မူ သည်။
ညီတော်မင်းနောင်ကိုလည်း အိမ်ရှေ့မင်းတို့ အစီး အနင်း အဆောင်အရွက်များနှင့် နန်းတော် အနောက်မြောက်ဖျားတွင် အိမ်တော်ဆောက်လုပ်ပေးအပ်တော်မူသည်။
       မြို့မြောက်မျက်နှာ-ကျုံး  ၂-တန်၊
      မြို့အနောက်မျက်နှာ-ကျုံး ၂-တန်။
               ကန်တူးညီနောင်
မြို့အရှေ့-ကျွဲဖြူကန်၊ အင်ပင်ကန်၊ ကန်လှ။
မြို့တောင်-အရိုင်ကန်၊ အင်ကြင်းတိုင်ကန်၊ ကြာခတ်ကန်။
ကန်ကြီးတွင်-
မြို့အနောက်-၀က်ချဉ်းကန်၊ ဆီးဖြူကန်။
မြို့မြောက်-ခင်တဲကန်၊ ဥာဏ်ကန်၊ ကြာနီကန်။
မြို့အရှေ့တောင်-ကုလားကန်။ သည်ကန်များကိုလည်း  ကျွဲနွား တိရစ္ဆာန်တို့မှီတင်းလောက်အောင် ဆည်ဖို့ လုပ်ဆောင်တော်မူသည်။ ယင်းသို့သော အကြောင်းဖြင့် ထိုမင်းညီနောင်လေးပါးကို ကန်တူး ညီနောင်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။
                အရံမြို့များ
၁-လုင်မြို့-နေလုင်အမတ်ကို မြို့မြောက်၊ ငါးတိုင်ကွာအရပ်တွင် ခံမြို့တည်လုပ်စေ၍ ဗိုလ်၅၀၀ နှင့်နေ ထိုင်စေသည်။ ထိုမြို့ကို လုင်မြို့ဟု သမုတ်တော်မူသည်။
၂-စစ်တားမြို့- မြို့တောင်ခရီးငါးတိုင်ကွာတွင် အမတ်ငမည်းထွေးကို ခံမြို့တည်လုပ်စေ၍ ဗိုလ် ၅၀၀ နှင့်နေထိုင်စေသည်၊ ထိုမြို့ကို စစ်တားမြို့ဟု သမုတ်တော်မူသည်။
၃-ငမင်မြို့- မြို့အရှေ့ ငါးတိုင်ကွာတွင် အမတ် ငသော်တာကို ဗိုလ် ၅၀၀ နှင့် ခံမြို့တည်ထားနေထိုင်စေ သည်။ ထိုမြို့ကို ရွှေသမင်မြို့ဟု သမုတ်တော်မူသည်။
၎-ဒုဋ္ဌပုရမြို့-မြို့အနောက် ငါးတိုင်ကွာတွင် ဗိဿနိုးမြို့ဟောင်းကို ဒုဋ္ဌပုရမြို့ သမုတ်၍ အမတ် ငဝေကို ဗိုလ် ၅၀၀ နှင့် နေထိုင်စေသည်။
၅-နတ်မောက်မြို့- နတ်မောက်မြို့မှာ ဘထွေးတော်နန္ဒကျော်ထင်ကို အစားကံကျွေးခံ ပေးသနားတော် မူသည်။
၆-ပဌနဂိုရ်မြို့- ပဌနဂိုရ်မြို့မှာ အမတ် ငစောကို အစားကံ ကျွေးခံ ပေးသနားတော်မူသည်။
၇- တောင်ခွင်မြို့ -တောင်ခွင်မြို့မှာ ညီတော်မင်းနောင်ကို အစားကံကျွေးခံ ပေးသနားတော်မူသည်။
                ရွှေရောင်တော်ဘုရား
          တရံရောအခါ ရွှေအင်းတောင် မြတ်စွာဘုရားမှ ရောင်ခြည်တော်တို့သည် လျှပ်စစ်နွယ်ကဲ့သို့ သော အရောင် ကို ထင်စေလျက် ဒေသစာရီ ကြွတော်မူခြင်း၊ အနောက်မြောက် အရပ်မှ  ရောင်ခြည် တော် တို့ သည်  ရွှေအင်းတောင်မြတ်စွာဘုရား သို့ဒေသစာရီ ကြွရောက် ကိန်းဝပ်တော်မူခြင်း။
          ဤသို့လျှင် အထူးတဆန်း၊ အံ့မခန်းမျှ ကူးသန်းများပြားခြင်း ရှိသည်ကို  မှူးမတ်အပေါင်း ခြံရံ လျက် မင်းကြီးမင်းပြောင် ထွက်တော်မူ၍  ကြည့်ရှုရှာဖွေရာ ဗဿနိုးမြို့အရှေ့တွင် ဥာဏ်တော်အ တောင်  ၂၀ ခန့် မျှ ပေါ် ရှိသော စေတီတော် တစ်ဆူ တွေ့ ရှိသည်ကို  ခြုံမြက်ပိတ်ပေါင်း သုဓ်သင်စေပြီး လျှင် ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်  ပူဇော်ကန်တော့စဉ် ဓာတ်တော် မွေတော်အပေါင်းသည်  ပြိုးပြိုးပြက် တခဲနက်သော အရောင်ကို ထွန်းလင်းစေလျက် တက်တုံ သက်တုံ မီးကျီးပုံကဲ့သို့ အစုံသော ပြာဋိဟာကို ဗိုလ်ပါ မှူးမတ်နှင့်တကွ ဖူးမြင်ကြရလျှင် အလွန်နှစ်သက် ကြည်ညိုဘွယ် ရှိလှသောကြောင့် မင်းကြီးနှင့် မိဖုရားမှူးမတ်တို့သည် အုဌ် န၇ပတေများကို ကိုယ်စီဝေငှ တာခံကြပြီးလျှင် သုဘောဂစေတီတော်ကဲ့သို့ ထပ်မံတည်ထား ကိုးကွယ်တော်မူသည်။
               ရွှေရောင်တော်ကျောက်စာ
          အနီးအပါး ၇ှာဖွေကြရာလည်း ကျောက်စာမော်ကွန်းတွေ့ရှိသည်။ ကျောက်စာကား-
     "မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူပြီးနောက် သာသနာသက္ကရာင် ၁၀၁ ခုတွင်၊ မဟာ သမ္ဘ၀ဘီလူးမရင်နှစ်၊ သမီးချစ်  လှ ကလျာ ၊ မိဖုရား မယ်ပန်ထွာသည်၊ ၀ဇိရာဝုဓ် ၊ရာဇု တ္တမ၊၀တိံ သဦးကိုင်၊ ကသစ်ပိုင်က၊ သုံးဆိုင်လုံနတ်၊ မွေတော်ဓာတ်တော်ကို၊ ကပ်က မ္ဘာမြင့်ရှည်၊ ထွန်းလင်းတည်အောင်၊ သာကြည်ပေးမ၊ ကိုယ်တော်တိုင် ညွှန်ပြသော၊ ဘုရားအလောင်း၊ ကြက်ဖြူကောင်းပျော်ရာ၊ စေတီတော်ဌာပနာ၍၊ ရတနာဆယ်ပါး၊ မွမ်းမံထားသည် ဘုရား……ရွှေရောင်တော်။ "
ဟုကျောက်စာ ကမ္ဗည်းတွေ့ရှိသည်။ ယင်းသောအခါ မင်းမှူးမတ်တို့သည် သဒ္ဒါတရား ပွားများဆကဲ၊ မရောင့်ရဲနိုင်သည် ဖြစ်၍ ၁၅ ရက်ပတ်လုံး၊ ပွဲလမ်းကျင်းပ၊ လှူဒါန်းပူဇော် ကြပြီးမှ နေပြည်တော် တောင်တွင်းကြီးမြို့သို့ ပြန်လည်တော်မူသည်။
                ရခိုင်ဘုရားကြီး
           တရံရောအခါ၊ မဟာနုမလ္လာ ရတနာဒေ၀ီအမည်ရှိသော မိဖုရားခေါင်ကြီးသည်၊ မင်္ဂလာမြို့ဦး မြို့ထိပ်တွင် ဓည၀တီပါ အမှုထမ်းတို့နှင့်၊ ရွှင်လန်းကြည်ဖြူ ကူညီလုပ်ဆောင်စေပြီးလျှင်၊  ကိုယ်စား တော်စား၊ ရုပ်ပွားစေတီတော်တစ်ဆူ၊ တည်ထား ကိုးကွယ်ရပါမည် အကြောင်းနှင့် တင်လျှောက်လျှင်..
          ငွေစင်ပိဿာ (၁၀၀၀)၊ ထုတ်ပေးသနားတော်မူ၍  ဓည၀တီနိုင်ငံတော် ပါရင်းဖြစ်သော အမှု ထမ်းလူ(၁၀၀၀)တို့ကို အ၀တ်အစား၊ စပါးဆန်ရေ၊ ရွှေ ငွေ ဟူသမျှ မတောင့်မတ၊ မကြောင့်မကြ ရအောင် ဝေငှ ပေးကမ်း၊ အားရ နှစ်သက် မတွက်မချက် မငဲ့ကွက်ဘဲ အလက္ကဒူပ၊ ၀ိဒူရအမတ်ကို ကြီး ကြပ် လုပ်ဆောင်စေရာ….
     ဘိနပ်ဝန်း  သံတေင်(၅၀၀) ငါးရာ ဥာဏ်တော်အမြင် သံတောင်(၁၃၆) တစ်ရာသုံးဆယ့်ခြောက်တောင်ရှိသော စည်းခုံတော်ကို တစ်လ ခြင်းနှင့် ပြီးစီး တည်လုပ်တော်မူသည်။ ဌာပနာတိုက်မှာ ပြည့်ရှင်မင်း ကိုယ်လေးရွှေ မိဖု၇ားကြီး ကိုယ်လေးရွှေများကို ပဌမ မဟာဗောဓိမှစ၍ ရာဇာယတန လင်းလွန်းပင်ရင်း၌ သီတင်းသုံးတော်မူ သော အဟန် သဏ္ဏာန်ပြီသအောင် ရုပ်ရှင်တော် သွန်းလုပ်၍
          ပထမ ပစ္စယာ-ခြင်္သေ့ရုပ် (၁၀၀)
          ဒုတိယ ပစ္စယာ-ပန်းသွတ် ညောင်ရေအိုး(၁၀၀)
          တတိယ ပစ္စယာ-စေတီတော် (၇၀)
မုခ်ထောက်လှေကား နရား မကာရ်း၊ လက်ယမ်း နတ်ပွေ့ ၊ခြင်္သေ့ကွန့်မြူး၊ ဘီလူးဂုမ္ဘဏ်၊ဂဠုံပျံ နဂါး လှည့် ၊ ရှုကြည့်ငဲ့စောင်း၊ ယူဇနာ(၁၀၀၀၀)တစ်သောင်း၇ှိသော အယုဇ္ဇပုရ၊ ပဗ္ဗတုတ္ထ ရွှေတောင်ကြီး ကျသကဲ့သို့ ၊လှပတင်းတယ် ၊ချယ်လှယ်မွမ်းမံ၊ အရံစောင်းတန်းများနှင့် တည်လုပ်တော်မူသည်။
          ထီးတော်အ၀န်း ၃၆ တောင်  အ၇ပ် သံတောင် ၂၂ တောင်ကို ခမည်းတော် မယ်တော်တို့က သုံးစားရန် ပေးသနားတော် မူလိုက်သော ရွှေချိန်ပိဿာ ၅၀ ကို သံပြားတွင်ရွှေပါးကပ်၍ တင်လှူတော်မူသည်။
          ယင်းသို့လျှင် စည်းခုံတော်ကြီး အပြီး မြောက်သည် ဖြစ်၍ ‘’တန်တော့’’ဟု ဆင့်ဆိုပြီးနောက်မှ လာရောက်တိုက်ပို့သော အုဌ် ကို အပိုမဖြစ်စေ၇၊ အုဌ် ချ၇င်း နေရာတွင် စေတီတော်တစ်ဆူ ထပ်မံ တည်လုပ်ပြန်သည်။ ထိုစေတီကို "တန်တော့ရှင်ပင် " ဟု သမုတ်တော်မူသည်။
          ၎င်းစည်းခုံတော်အနီး ရဟန်းသံဃာတော်တို့ ဥပုသ်ပ၀ါရဏာ ကံကြီး ကံငယ် ဆောင်ရွက်ရန် သုံးထပ်လည်ပေါ်သိမ် ကို သမုတ်၍ ရွှေအပြည့်ထည့်တော်မူသည်။ ခြေတော်ရာ တစ်ဆူလည်း ထုလုပ်ကိုးကွယ်တော်မူသည်။  စည်းခုံတော်ကြီး ကို အောင်မြင်ဇေယျ ဟု ကမ္ဗည်းမော်ကွန်း စိုက်မှတ်တော်မူသည်။ ၎င်းဘုရားကို ရခိုင်သားတို့ အားထုတ် လုပ်ဆောင်သော ဘုရားဖြစ်၍ ရခိုင်ဘုရားကြီး ဟူ၍ လည်းခေါ်ဝေါ်ကြသည်။
               တောင်တွင်းဓမ္မသတ်
          ထိုမှတပါး တိုင်းပြည် နိုင်ငံ၌ရှိသော ၇ှမ်း၊ကဒူ၊ကချင်၊ က၇င် ၊ပြူ ၊ချင်းတို့ မှုခင်းရှိလျှင် ယုတ် မြတ်လေး ပေါ့ကိုမသိ ဆိုမိ ဆိုရာ ဘာသာဓလေ့ ၊ကြုံတွေ့သမျှ ထုံးတမ်းနှင့် နတ်ပန်း ချိုးခြင်း၊ သေ အိုးခွဲခြင်း၊ နွား ကျွဲတို့ ဥက္ခောင်း ကို  တောင်းလောင်းဖြတ်ခြင်း စသော အကြောင်းမျိုးတို့သည် ၊ အကျိုးမရှိ ၊မသိသော အမူအ၇ာ ဖြစ်၍ အကုသလ၊ အဓမ္မ အမှုတို့ကို နိုင်နင်းအောင်မြင်တော်မူပြီးလျှင်၊ တစ်ဦးနှင့် တစ်ဦး၊ ကျူးကျော်ပုတ်ခတ်ရှိက သေဒဏ်-လျော်ဒဏ်၊ တရားခံ စ၇ိတ်ပေး၊ငွေယူ -ဖြောင့်ကွယ်သူတို့မှာလည်း  ပစ္စည်းဂုဏ်အင်၊ အ၀င်အကျန်၊ လိုရန် ပိုကျူး၊ရှိသည်များကို အရင်းဖြစ် သင့် ၊ အပွားဖြစ်သင့်၊ ၂ ဆင့်ပေးထိုက်၊ လတိုးလိုက်စသည်ဖြင့် စီရင်ရန် ရဟန်းပညာရှိ၊ လူပညာရှိတို့ နှင့် ၊ညှိနှိုင်းတိုင်ပင်၍၊ ဓမ္မသတ် ကျမ်း ပြုစုတော်မူသည်။ ထိုကျမ်းကို တောင်တွင်းဓမ္မသတ် ဟု ယခုတိုင် ထင်ရှားသုံးစွဲလေ့ ပြုကြကုန်သည်။
                 စစ်တလင်း
          တရံရောအခါ တောင်တွင်းကြီးမြို့ အနောက်တွင် ဘုရား တည်လုပ်ခြင်းသည် ရခိုင်ပြည် ပျက် စီးအောင်နံနှိမ့်၍ တည်သော ယတြာဘုရားဖြစ်သည်ဟု ရခိုင်မင်းအား ကုန်းစကားဖြင့် ချောစားပြုလုပ် ကြသောကြော့င်၊ ၎င်းဘုရားကို ဖြိုဖျက်စေရန်၊ အမတ် ငရွှေရကို၊ ရခိုင်မှုထမ်းလူ(၁၀၀၀၀)တစ်သောင်း နှင့်  စေလွှတ်လိုက်ရာ တောင်တွင်းကြီးမြို့အနောက်၊ ခရီး ၈ တိုင်ကွာခန့်တွင် ကြီးစွာသော စစ်တလင်း ကြီး ခင်းကျင်းနေထိုင်ရန်တောခြုံခုတ်ထွင် သုတ်သင်ရှင်းလင်း၍  မှီတင်းစွဲရပ်နေထိုင်သည်။ ထိုအရပ်ကို ယခု စစ်တလင်း ဟုတွင်သည်။
                ရခိုင်တပ်ကို တိုက်ခိုက်ရန် စိုင်းပြင်းခြင်း
     ယင်းသို့လျှင် ရခိုင်အမတ်ဖြစ်သော စစ်ကဲ-ငရွှေရ စစ်သည်(၁၀၀၀၀)တစ်သောင်းနှင့်  ချီလှာ ဆိုက်ရောက်ကြောင်း မင်းကြီး မင်းပြောင် ကြားသိတော်မူလျှင်၊ နဂါးမျက်စောင်းကဲ့သို့၊ တဘက်သားဝံ့ ခြင်းငှာ မထိုက်သော ၊ကြီးစွာသော အမျက် ထွက်တော်မူ၍ အလျင်တဆော တိုက်ခိုက်သိမ်းယူတော်မူ မည် ရှိသည်တွင်.  အမတ်ကြီး မဟာပဏ္ဏိစ္စ လျှောက်သည်ကား..
          ‘’အရှင်မင်းမြတ်.. စစ်ကဲ- ငရွှေရသည်၊ ရခိုင် မှူးရိုး မတ်ရိုး မဟုတ်ပါ။ သင်း၏ဘေးဘိုး အက္က ပတ်၊ အမိမျိုးကား- ကုလားပသီ ၊ ဗျတ္တိအရာ၌လည်း ဆရာကောင်းတို့နည်းကို မရ၊ ၀ိလုပ္ပန္န၊ အဓမ္မအရာ သူခိုး ဒါးပြ တို့နှင့်  ပေါင်းသင်း ဆက်ဆံသူဖြစ်၍  ကိုက်တတ်သော ခွေး၏ ပမာ၊ စစ်အင်္ဂါလေးပါးကို နား လည်ကျွမ်းကျင်သူ မဟုတ်ပါ ။ ဇာတိဝံသ၊ သာကိယအစစ်၊ ဧကရာဇ်မင်းမြတ်နှင့်လည်း အဘက်မတန် သမင်ယုန်ငယ်၊ ပြက်ရယ်ပြုသော အလေ့ ကို ခြသေ့င်္မင်းအကြံဖြင့်၊ မှောက်လှန် ဖျက်ဆီးဘိသကဲ့သို့ ယခု စစ်ကဲ-ငရွှေရမျှသော တပ်ကို ပြည့်ရှင်မင်းတို့၊ အရေးမယူသင့်ပါ။ ’’ ကျွန်တော် မှူးမတ်တိုကတာ ၀န် ဖြစ်ပါတော့သည်။’’ဟု လျှောက်ထားလျှင်….. အမတ်ကြီးပဏ္ဏိစ္စ လျှောက်ပြန်သည်ကား……
          ‘’အရှင်မင်းမြတ်..ရန်သူတပါးကို နှိမ်နင်းခြင်း၌၊ ဓနဥပါယ်၊ ဒါနဥပါယ် ၊ သာမဥပါယ် ၊ဘေဒဥပါယ် ဟူ၍ ၊လေးပါး ရှိပါသည် ။ ထိုလေးပါးတို့တွင် ဒါနဥပါယ်ဖြစ်သော ပေးကမ်းခြင်းကို မပြုလိုလျှင် ရန်သူ ဖြစ်သော မင်း၊မှုးမတ်၊ ဗိုလ်ပါ၊ ရဲမက်တို့ အချင်းချင်း၊ သဘောနေ သဘောထား ကွဲပြားပျက်စီးအောင်၊ ဘေဒဥပါယ် ဖြင့်ပြုရပါသည်။် ယင်းသို့သောအကြောင်းဖြင့် မပြုလိုလျှင် ဒဏ်ပေးခြင်း အစရှိသော တိုက်ခိုက်ရန် အရေးနှင့် အလှေးရန်သူကို ဆံမြူ မမှတ် ၊ သတ်ဖြတ် သေစေခြင်း အမှုကို  ပြုလုပ်ရပါသည်။ ယင်းသို့သော အကြောင်းဖြင့် မပြုလုပ်လိုလျှင် သာယာ ချေငံသော စကား ကို ပြော ဆို ကြေ အေးစေခြင်း စသော သာမ ဥပါယ်ဖြင့်  ပြုလုပ်ရပါသည်။ ထိုသို့လျှင် မင်းတို့ ကျင့်ဘွယ် ဥပါယ်လေးပါး၏ အကြောင်း " ဟု လျှောက်ထားလျှင်……
          ‘’စစ်ကဲ-ငရွှေရ မျှသော သူကို ဒဏ္ဏ ဥပါယ်ဖြင့်  အောင်မြင်ပြီးစီးအောင် ဖမ်းဆီး သတ်ညှဉ်းခြင်း အမှုကို ပြုလုပ်ရမည်’’ဟု အမိန့်တော်ရှိ၍- အမတ်ကျော်ကို အကြီးပြုလုပ် ချီတက် သိမ်းယူစေရန် တပ်တော် ခင်းကျင်း စီတန်း ရှိနေစဉ်-
ရွှေအင်းတောင်မြတ်စွာဘုရားတွင် ဇေယျမင်္ဂလာ ဟူသော နာမံကမ္ဗည်း၊ မော်ကွန်း ဆက်ကပ်ခြင်း အောင်လံတော် မှာလဲ ဇေယျမင်္ဂလာ  ဟူသော အက္ခရာကို ရေး၍ မြို့ဦးအရပ်မှာ စိုက်ထူခြင်းတို့ကိုပြု လုပ်စေသည်။
                ရခိုင်တပ် ထိတ်လန့်ပျက်စီးခြင်း
ထိုသို့လျှင် မြတ်စွာဘုရား၌ နာမံတော် မှည့်ခြင်း အောင်လံဦး၌ ရေးမှတ်ခြင်းပြုလုပ်သော ခဏ တွင် ရခိုင်ပြည်ကို ဇိနပေါကံ္ကတိုင်းသားတို့ တိုက်ခိုက်ဖျက်စီးကြောင်းနှင့် ကြားသိရသည်တရပ်။ ရခိုင် တပ် အလုံးကို သုံ့လူဖြစ်အောင်  တောင်တွင်းကြီး မြို့ က အထပ်ထပ်ဝန်းရံ ဖမ်းဆီးအံ့ သကဲ့သို့ ထင်မြင်ထိတ်လန်ကခြင်း ဖြစ်ကြသဖြင့်  ရခိုင်တပ်သား သည် တစ်ဦးကို တစ်ဦး ကူးလူး၍ မဆင့်မဆိုနိုင်၊ ကိုင်မိကိုင်ရာအ၀တ်အစား၊  လက်နက်များကို အင်အားအလျောက် ၊ဆောင်ယူထွက်ပြေး ကြသည်ကား -  ကြားမြင်သော သူအပေါင်းတို့သည် မြေပြိုအံ့သကဲ့သို့ ထင်၏။-  ဟူသောစကားကို ထင်၇ှားပြောဆိုလေ့ရှိကြသည်။
                                       နှမတော် မယ်စောအရေး ဆွေးနွေးခြင်း
       တရံရောအခါ မင်းကြီး မင်းပြောင်သည် နှမတော် မယ်စောလည်း အချိန်အရွယ် ရောက်သည် နှင့်- ‘’သားမိန်းမအား၊မြင့်ရှည်ထားက၊ မောင်ဘွားမိဘ အရှက်၇၏’’ ဆိုသောစကားကဲ့သို့ လည်း ကောင်း။  ‘’စကြ၀တေး မန္ဓာတ်မင်းဖြစ်လင့်ကစား အခြားသူတို့နှင့် အလိုတူခဲ့လျှင် မိဘမောင်ဘွား လင်သား စသော သူတို့ကို မိမိ လက်အောက် စေခိုင်းသော ကျွန်ကဲ့သို့ မှတ်ထင်ခြင်း ။ အသန္တ မန္တဇာတ်တွင်လည်း ဇမ္ဗူဒီပါကျွန်းအလုံးကို သိမ်းကြုံးပြသ ၊ နေ့ညသင်ကြား၍ နေ သော တက္ကသိုလ်ဆရာ၊ ဒိသာပါမောက္ခ အမှုးကို တစ်ဦးသောလုလင်ငယ်နှင့် ချစ်ဘွယ် စကား၊ ရသော အားဖြင့် ကြီးမားသက်ရွယ် စက္ခုဝယ် အလင်းမရ အိုမင်းလှသော အမိသည်၊ သိသိကျေပျောက်၊ ပုဆိန် နှင့်ပေါက်သော သာဓက။ အန္ဓဘူတဇာတ်တွင်- ပုရောဟိတ်လုလင်သည် ကြန်အင်စုံ မိန်းမကို သန္ဓေက မွေးမြူ၍ ကလေးမူ ယွင်းပျောက် ဆောက်နှင်းလောက်အောင် ၊တစ်ယောက်ထီးတည်း၊ တံတိုင်းဆီးသော သမီးလုလင်း၊ ပုရောဟိတ် သက်လုံး ကြင်သည် ၊ ခင်မင်လောက်သူ၊ သရောက်လူနှင့်၊ အတူနှစ် ကို ၊အလိုတူပေါင်းဘက်၍ ပျက်စီးရသည်။ အကြောင်းများ ကို အောက်မေ့မြော်ခေါ်တော်မူပြီး လျှင် ညီတော် အငယ်မင်းနဂါး နှင့် ထိမ်းမြားလိုသော အကြံတော်ရှိသည်။ ယင်းသိုက အကြံတော်ရှိသော်လည်း မှူးမတ်တို့အား ၇ှက်နိုးတော်မူသည်ဖြစ်၍ မဆိုနိုင် မဆိုအား ရှိသည်နှင့်၊ မင်းတို့ ဥပါယ်ဖြင့် နှမတော် မယ်စောကို ခမည်းတော်ရှိရာ မဇ္ဈိမဒေသ၊ ကာလိင်္ဂရွှေပြည်သို့ ပြန်လည်ပို့ဆက်လို ကြောင်းကို တိုင်ပင်တော်မူသည်။ ယင်းသို့တိုင်ပင်တော်မူရာ မဟာပဏ္ဍိစ္စ၊ မဟာဝိဒူရကျော်ခေါင် အမတ်ကြီး ၂-ယောက် တို့ လျှောက်ဆို သည်ကား-
    အရှင်မင်းမြတ်……. .ရေမြေသနင်း၊ မင်းတို့ကျင့်ထုံး၊ သုံးပါးသောသတ္တိရှိပါသည်။  သတ္တိသုံးပါး-ဟူသည်ကား….
    ဘုန်းလက်ရုံးတော်ကို ထင်ပေါ်ကျော်စော လောကဓာတ်မြေ၊ ပတ်ပတ်မွှေအောင်၊ ကျက်သရေတော်ကို ထွန်းလင်းစေခြင်းသည် ပဘာဝသတ္တိ၊၊ ရှိရသမျှသော တာဝန်၊ ယုတ်လွန်နောင်တ၊ မရှိ၇အောင် လုံ့လတော်မူခြင်းသည် ဥဿဟသတ္တိ။ မိမိသဘော၊ အာရုံပင် စောသော်လည်း၊ အတ္တ-နော မတိ၊ မရှိစေလို ‘’ထိုထိုမှူးမတ်တို့နှင့် မပြတ် တိုင်ပင်တော်မူခြင်းသည် -မန္တသတ္တိ’’ ၊ ယင်းသုံးပါးသော သတ္တိတို့တွင် မန္တသတ္တိဖြင့်နှိုင်းညှိတိုင်ပင်တော်မူသော အရေးသည် ဘေးလောင်းတော်ဖြစ်သော ပါရမီဒဗ္ဗ၊ သမ္ဘာရ အဆောက်အဦ၊ ထီးဖြူဆောင်းမင်းတို့၏ တိုင်ပင်ခြင်းဖြစ်ပါသည်။ ယင်းသို့ဖြစ်၍ ရေမြေ အတန်တန်ရှိသော လမ်းခရီးမှာ မှူးမတ်၊ အမှုထမ်းတို့ မနွမ်းမနယ်၊ အန္တရာယ်မငြိ ဘေးမရှိဘဲလျက်၊ မဇ္ဈိမဒေသ၊ ကာလိင်္ဂရွှေပြည်က၊ စစ်သည်များစွာနှင့် ရတနာတင်းတိမ် ရွှေပြည်တော်သို့၊ သုံးဆယ့်နှစ်(၃၂) စခန်းသောကွန်းထောက်နှင့် ဆိုက် ရောက်တော်မူလျှင်၊ အဆူ ဆူသောမြတ်စွာဘုရားတို့ထံ ပန်ဆင်တော်မူခဲ့သော ပါရမီအ လျောက်၊ ပဋိရူပ၊ဒေသအချက်၊ စက်လေးပါး ညီညွတ်သော တိုင်းကြီးပြည်ကြီးကို၊ ထီနန်းတည် ထောင် စံနေရခြင်းဖြစ်ပါသည်။ ထိုသို့ ရေအတန်တန် ၊မြေအတန်တန်၊ ခြားနား၍ ရှိသော မဇ္ဈိမဒေသေ၊ ကာလိင်္ဂရွှေ ပြည်တော်ကြီးသို့ နှမတော်မယ်စောကို ပြန်ပို့ရမည့်အရေးမှာ ဘေးအန္တရာယ်၊မတွယ်မငြိ၊ အလိုတော် ရှိတိုင်း ၊ မဆိုင်းမတွ၊ ရောက်စေကာမူ- ခမည်းတော်မင်းတရားကြီးလည်း အိုမင်းမစွမ်း၊ ကုသိုလ်တော် စဲခန်း၍ ၊ ရွှေနန်းတော်ရွှေဘုန်း ညှိုးခဲ့သည်ရှိသော် မောင်တော်လေးပါးကဲ့သို့ ပိုက်ဖြားယုယ၊ စောင်မအုပ်ချုပ်နိုင်သူ မရှိပါ ။  နောင်လာနောင်ဂတ် ကောင်းမြတ်နိုင်ရာ သော အကြောင်းမဟုတ်၊ ဖြစ်ပါသောကြောင့်၊ ပြန်ပို့တော်မူခြင်းငှါ မသင့်ပါ ။ နှမတော် မယ်စောသည်လည်း သာကိရဥက္က|် မြတ်သောမင်းမျိုးဖြစ်သည်နှင့်အညီ၊ စံမှီဦးသစ်၊  မ္ဗူရာဇ် ရွှေကို ပင်သပြေ ညွန့်ဖျားမှ ၊ ဖြစ်ပွါးသော နီဖလံနှင့် မီးပြန်၍နှောကြသည်လျှင်၊ အရည်မခြား ရွှေနှစ်ပါးသည်၊ တသားတည်းထင်သကဲ့သို့ အရှင်မင်းမြတ်၏ ညီတော်သုံးပါးတွင်၊ တပါးပါးနှင့် စုလျားရစ်နှောင်ရလျှင်၊ ရွှေနှင့်ရွှေရည်၊ ဂဟေမစပ်၊ အနေမြတ်၍   သေ၀ပ်တင့်တယ်ရာသော အကြောင်းဖြစ်ပါသည်။  ယင်းမှတပါးလည်း ဘိုးတော်ဇာလီမင်းကြီးသည် တမိ တဘ၊ ခတ္တိယအစစ် စံတူဖြစ်သော၊နှမတော် ကဏှာမင်းသမီးနှင့် ရွှေထီးဥကင် ဖွင့်ပါသည်။ ဥက္ကာရာဇ်၊ ထွတ်သင်္ကျစ်တို့ သည် ၊နွယ်စစ်မခြား ၊မောင်ဘွားနှမ၊ စုံဖက်တော် မူကြ၍ ကပိလရွှေပြည်တွင် ၊ အရှည်လေးမြင့်၊ ရွှေဥကင်ဖွင့်ပါသည်။ သီဟသီဝလိ မင်းသမီးနှင့် ၊မောင်ကြီးအရင်း ၊ သီဟဗာဟုမင်း တို့လည်း၊ ထွန်းဝင်း တောက်ပ၊ ဘုန်းပြိုင်တော်မူကြ၍၊ သီဟဿ၇ ရွှေပြည်၊ ထောင်တည်ပြုစုခြင်း ဖြစ်ပါသည်။ အလောင်းတော် ရာမ၊ ပဏ္ဍိတနှင့် ၊နှမရင်းသီတာ၊ မင်းနှစ်ဖြာတို့လည်း၊ မဟာဇေယျတု ၊ရေခရုသွန်းလောင်း၍ ရှစ်သောင်းမက မြို့ပြထီးနန်းကို မင်းခန်း ကျင်းပတော်မူပါကြောင်း။ ထိုသို့လျှင်-မောင်ရင်းနှမ၊ ခတ္တိယမျိုးဘော်၊ ဆက်ဆံတော်မူသည်အကြောင်းမှာ- တပါး သူတို့နှင့် အဘက်မတန်၊ မဆက်ဆံ မရှည်ထိုက်သော အရာ ဖြစ်၍ မောင်နှမ၊စုံဖက်ကြသော ဥပဒေ၊ ပဝေဏီ ထုံးများကို ၊ထောက်ထားမြော်ခေါ်တော်မူ၍၊ ညီတော်သုံးပါး၊ တပါးပါးနှင့်၊ ပတ္တ မြားလျှံညီ၊ တမုတ်ကြိုးသီရလျှင်၊ ပါရမီရှေးရိုး၊ ဘုန်းတော်တိုး၍ အကျိုးများပြားရန်အကြောင်း၊ မင်းကောင်းမင်းမြတ်တို့၏ တံထွာ၊ ဘေးကာရန်ဆီး၊ တထီးတနန်း ပေးကမ်းသင့်လျော်ကြောင်းများနှင့် လျှောက်ထားလျှင်……………….
       အမတ်ကြီး ၂-ဦးတို့ ၊လျှောက်သော စကားသည် ၊ပြည့်ရှင်မင်းနှလုံးကို ယူကြုံပြီးမှ၊ ဂေါသီတစန္ဒကူးတွင် အထူးနှစ်ထားဘိသကဲ့သို့၊ အလွဧးမြ၊ အားရနှစ်သက်တော်မူသည်ဖြစ်၍ ညီတော်အငယ်-မင်းနဂါးနှင့် ဘုန်းပြိုင်စေပြီးလျှင်၊ အမှုထမ်းဆင်မြင်းအပြည့်အစုံနှင့် ၀ါးနွယ်ကုန်းမြို့ကို အစားကံကျွေးခံ၊ ပေးသနားတော်မူသည်။ ထိုရောအခါ -ပေါကံ္ကပြည်တွင်၊ သက္ကရာဇ် ၁၉၁ ခုနှစ်၊ နန်းတက်တော်မူသော ခဲလူးမင်း။ ဓည၀တီပြည်လောင်းကြက်မြို့မှာ- မိဖုရားဘွားမင်းစိုးကို နန်းမြှောက်၍ မင်းတက်ခါး နန်းစံသည်။ ပြည်မြို့မှာ- မင်းကြီးထွေးနန်းစံသည်။ ကေတုမတီ တောင်ငူမြို့မှာ- မင်းဖောင်းကား နန်းစံသည်။ ထိုမင်းတို့သည် တောင်တွင်းကြီးမြို့ မင်းပြောင်နှင့်နန်းပြိုင်ဖြစ်သည်။
                 မင်းပြောင်- နတ်ရွာစံခြင်း
    ထိုမင်းကြီး မင်းပြောင်သည် ညီတော် ၊နှမတော် ၊မှူးတော်၊ မတ်တော်၊ ဆွေတော် ၊မျိုး တော်တို့ အကျိုးစီးပွား၊ သာသနာတော်၏ အကျိုးစီးပွား၊ ရဟန်း ရှင်လူပြည်သူသတ္တ၀ါတို့၏ အကျိုးစီးပွားများကို တရားသဖြင့် ရွက်ဆောင်တော်မူ၍ သက္ကရာဇ် ၂၁၅ခု၊ တပေါင်းလဆန်း ၃ရက် ၊ စနေနေ့ ည ၂- ချက်တီးအချိန်၊ နန်းစံ -၂၄နှစ်တွင်၊ နတ်ရွာစံလွန်တော်မူသည်။
              မင်းရောင်
        ထိုမင်းမရှိလျှင် ညီတော် မင်းရောင် မင်းပြုတော်မူသည်။ ထိုမင်းကောင်းမှု’’ဂူကြီး၊ဂူဖြူ  ဂူနီ၊ ဂူတုပ်’’ ထိုဂူလေးလုံးကို တည်တော်မူပြီးမှ စည်းစိမ် ၅ နှစ်တွင်အနိစ္စေ၇ာက်တော်မူသည်။
              မင်းနောင်
        ထိုမင်းမရှိလျှင် ညီတော် မင်းနောင် မင်းပြုတော်မူသည်။ ထိုမင်းကောင်းမှု ရွှေညောင်အုပ်ဘုရား ၊ရွှေဘုံသာဘုရား ၂ ဆူကို တည်ထားကိုးကွယ်တော်မူသည်။ နန်းစံ ၅ နှစ်တွင် နတ်ရွာစံ သည်။
              မင်းနဂါး
         ထိုမင်းမရှိလျှင် ၀ါးနွယ်ကုန်းမြို့တွင် ရှိနေသော ညီတော် မင်းနဂါးကို မှူးမတ်တို့သွား ရောက်ပင့်ခေါ်ရာ၊ တိုင်းရေးပြည်မှုကို ကြောင့်ကြမကင်း ရှိတော်မူသည်နှင့်  နှမတော်မယ်စောကို ထားခဲ့ပြီးလျှင် ဆင်မြင်းလက်နက်အစုံနှင့် လိုက်လာ၍ သက္ကရာဇ် ၂၂၅ခု၊ တော်သလင်းလဆန်း ၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ ရွှေနန်းတက်တော်မူသည်။ ထို့နောက် ငမင်မြို့စားအမတ် ငသော်တာ သမီး ရှင်မြတ်လှကို မိဖုရား မြှောက်တော်မူသည်။
             ရှင်မြတ်လှ
        ရှင်မြတ်လှ အကြောင်းကား -ငယ်စဉ်အခါ၊ မိမိဆံထုံးမှ၊ ကျွတ်၍ကျသော ဆံစုကို၊ စွန်ရဲ တခု ချီယူပြီးလျှင်၊ ရွှေအင်းတောင် ဘုရားအရှေ့၊ တာ ၅၀ ကွာတွင် ပစ်ချ တွေ့ရှိသည်။ ထိုအ ကြောင်းကို  သိကျွမ်းလိမ္မာသူတို့ကို မေးရာ- '’ထိုစံစုကျသောအရပ်တွင် ကောင်းကြွယ်ချမ်းသာ ၍ကောင်းမှု ကုသိုလ် အထူးပြုလုပ် ကြီးပွားအံ့သည် ‘’ ဟုပြောဟောကြ၏။ ထိုရှင်မြတ်လှသည်  ဥပထမ္ဘကံ ထောက်ပံ့ရန် အချိန်စေ့ရောက်သည်ဖြစ်၍ ရွှေအင်းတောင်မြတ်စွာဘုရားကို အဖူးအမြှော်ရောက်လှာရာ မင်းကြီးမင်းနဂါး မြို့လှည့်တော်မူခိုက် ကြိမ်ကြိုက်တွေ့မြင်တော်မူသောကြောင့်၊ အိမ်ထောင်မဲ့ဖြစ်ကြောင်းကို  လျှောက်ထားကြားသိတော်မူလျှင် ရွှေဝေါတော်နှင့် တင်ဆောင်ခေါ်ယူ၍ မိဖုရားအရာ မြှောက်တော်မူသည်။
           ဆံချဘုရား
      မိဖုရားဖြစ်လျှင် ဆံစုကို စွန်ချီ၍၊ ပစ်ချတွေ့ရှိသောအရပ်တွင် စေတီတစ်ဆူ တည်ထားကိုး ကွယ်သည်။ ထိုစေတီကို ဆံချဘုရား ဟုသမုတ်သည်။   
      ထို့နောက်၊ ထိုဘုရားတွင် ဆွမ်း-ရေချမ်း- ပန်း သစ်သီးတို့ကို အကြီးအကျယ် တင်လှူပြီးလျှင် ဤပစ္စုပ္ပန်ဘ၀ကို အရင်းထား၍၊ နိဗ္ဗာန်မ၇မီသောဘ၀တိုင်အောင် ကျင်လည်လေရာ သံသရာအဆက်ဆက်တို့၌  နှစ်ခြိုက်သောသူနှင့်  အတူပေါင်းဘက်ရသမျှ ကာလပတ်လုံး သူတပါးလက်အောက် မနိမ့်မကျ မယားအကြီးသာလျှင် ဖြစ်ရခြင်း၊ ဤကဲ့သို့သော ကုသိုလ်စေတီကို တည်ထားကိုးကွယ်ရခြင်း စသော ဆုမြတ်ကို မပြတ်တောင်းလေ့ရှိသတည်း။ ထိုဆုတောင်းသော အလျောက် တောင်းသောဆု အတိုင်း ပြည့်စုံသောကြောင့်၊ ဆုတောင်းပြည့်ဘုရားဟု ထပ်မံသမုတ်တော်မူသည်။
          အိုးမှောက်
      မင်းကြီးမင်းနဂါးလည်း ရှင်မြတ်လှ၏ အပြင်အလျာ၊ လက္ခဏာ ကြန်အင်၊သဏ္ဍာန်ရုပ်ရေ ပြစ်ပြေချောမွေ့၊ တနေ့တခြား မေတ္တာတော်တိုးပွားသဖြင့်၊ မယားဟောင်းဖြစ်သောနှမတော် မယ်စောကို၊ သဘောမှတ်မဲ့၊ သတိတော်လွတ်ခဲ့သဖြင့်၊ လေးတွဲ့ဖင့်လျား၊ သွား၍မခေါ်ရှိစေကာမူ၊ လူသူကိုမျှ မစေလွှတ်၊ ယွင်းချွက်နှောင့်နှေး၊ အရေးမယူ ရှိတော်မူသော အကြောင်းအ၇ာများကို မယ်စော ကြားသိတော်မူလျှင်…..  ဤအရပ်ဒေသတွင် ဇာတိဂုဏ်၊ ပုညဂုဏ်၊ မဟတ္တဂုဏ် လုံးစုံတူမျှသူမရှိ။ တမိတဘ၊ အသမ္ဘိန္န၊ ခတ္တိယရင်နှစ်၊ သာကိရမျိုးစစ် ဖြစ်တော်မူသော နှမတော်နှင့် ဆက် ဆံထိုက်သည်ဟု မောင်တော်သုံးပါး၊ စုလျား၇စ်နှောင်၍ အခေါင်အဖျား၊ ထိမ်းမြားလက်ထပ်တော်မူသည်ကို မထောက်၊ အထွတ်အမြတရောက်လျှင်ပင် ငမင်မြို့စားသမီးကို မိဖု၇ားခေါင်ကြီးမြှောက်စား၍ ထားရာဘိသလော၊ ဒေါသမူဇောကို၊ သဘောအာရုံစိုက်လျက် နောက်လိုက်နောက်ပါ၊ အနည်းငယ်နှင့် ညချမ်းအခါ၊ ၀ါးနွယ်ကုန်းကျေးရွာက၊ ထွက်လှာတော်မူခဲ့၍၊ တစ်ခုသောတောင်ကြားသို့ရောက်လျှင်၊ သောက်တော်ရေအိုးသည်၊ အလျောက်ဘာသာ လေမလာလူမကိုင်ဘဲ၊ ယိမ်းယိုင် လဲမှောက်လေသည်။ ထိုအရပ်ကို ယခုတိုင် အိုးမှောက် ဟုခေါ် ဝေါ်သမုတ်သည်။
            မယ်စောကြော
      ယင်းသို့သော နိမိတ်၊ မကောင်းဟိတ် အရိပ်အမြွက်ပြပါလျက်လည်း၊ ငဲ့ကွက်မရှိ၊ သတိမမူ ကျွတ်ကျွတ်ဆူသော၊ နေပူပြင်းရှိန်ကို၊ အချိန်မရွေးလာပြန်ရာ တစ်ခုသောတောအုပ်သို့ ရောက်လျှင် မယ်စောကို ကျားကိုက်ချီယူသွားလေသည်။ ထိုအရပ်ကို မယ်စောကြောဟု ယခုတိုင် ခေါ်ဝေါ်သမုတ်သည်။
             မယ်စောကိုးပိုင်း - ကျားကိုးပိုင်း
        ထိုအကြောင်းများကို နယ်ရှင်လူကြီးတို့လျှောက်ထား၍ မင်းကြီးမင်းနဂါး ကြားသိတော်မူလျှင် မှူးမတ်ခြွေရံတို့ကိုမခေါ်၊ သင့်လျော်ရာ ကျေးကျွန်နှင့်သွား၍ အနီးအပါးရှိနေသော မုဆိုးတို့ကို ဆင့်ဆိုဖမ်းယူစေ၇ာ ကျားအရှင်ကို ဖမ်းယူဆက်သရလေ၏။ မင်းကြီးမင်းနဂါးလည်း ယူကြုံးမရ၊ လွန်မောသော ဒေါသကို မသိမ်းနိုင်သောကြောင့် လက်သုံးတော်ဓါးနှင့် ကိုယ်တိုင်ထ၍ ခုတ်သည်။ ကျား ကိုးပိုင်း ပြတ်သည် ဟူ၏။ မယ်စောအလောင်းကို ကောင်းမွန်စွာသဂြိုဟ်ရန် လိုက်ရှာရာ အရိုးအသား လက်ခြေများကို ကိုးဌာန အ၇ပ်မှ ရှာဖွေ၍ ရသောကြောင့် ထိုဌာနအရပ်ကို မယ်စောကိုးပိုင်း၊ ကျားကိုးပိုင်း ဟု ယခုတိုင် ခေါ်ဝေါ်သမုတ်ကြသည်။
             ညောင်မော်
        ထိုအရပ်က ပြည့်ရှင်မင်း ပြန်လှာရာ နှမတော် မယ်စောကို လွမ်းဆွတ်တရူ၊ ညောင်းမောတော်မူ၍ ခိုဝင်နားနေသည့် ထိုအရပ်ကို ညောင်းမောဟု တွင်သည်။ စကားရွေ့ယုတ်၊ ရှေ့ဆီးဝိသဇ္ဇနီ တိမ်မြုပ်သဖြင့် ယခု ညောင်မော်ဟု ခေါ်ဝေါ်သမုတ်လေသည်။
             ဆင်ချည်တိုင်
       မှူးမတ်တို့ အကြိုတော်လာရောက်၍ ရတနာပြောင်မွန် ဆင်တော်ချည်ထားသောအ၇ပ်ကို ယခုတိုင် ဆင်ချည်တိုင် ဟု သမုတ်သည်။
             တောင်လျောင်း
       ထိုအရပ်က မှူးမတ်တို့နှင့်  တွေ့ကြိမ်ဆုတ်ခွါတော်မူခဲ့၍ တစ်ခုသောအရပ်သို့ ရောက်လျှင် မယ်စောကိုယ်စား တောင်သို့ ဦးခေါင်းလျောင်းတော်မူလျက် တည်ထားသည်ကို အကြောင်းပြု၍ ယခုတိုင် တောင်လျောင်းဟု ခေါ်ဝေါ်သမုတ်သည်။
              ကြံစို့ရွာ
     ထိုမှတဖန် ထွက်လှာပြန်ရာ ကြံ့ထိုးသော လူ၂၀ (နှစ်ဆယ်တို့) ကြံ့သွေး ကြံ့ခွါများကို ဆက်သ၍ ကျေးရွာပြုစု နေထိုင်လိုကြောင်းနှင့်၊ လျှောက်ထားချက်အရ ကျေးရွာတည်ထား ပေးအပ်တော်မူသည်။ ထိုအရပ်ကို ကြံ့ထိုးရွာဟု တွင်သည်။ စကားရွေ့လျောသဖြင့် ကြံစို့ရွာဟု ခေါ်ဝေါ်သမုတ်ကြသည်။
             ရွာမနား
     မင်းကြီးမင်းနဂါးသည် ထိုအရပ်မှတဖန် ချီတော်မူ၍ လာရာ၊ တစ်ခုသောအရပ်သို့ ရောက် လျှင် တောင်နေတောင်ဝှမ်း၊ မအံ့မခန်းမျှ၊ ထူးဆန်းတင့်တယ်၊ သက်ငယ်ဝါးရုံ၊ ရဂုံအလျောက်၊ ပေါက်ရောက်ညို့မှိုင်း၊ သစ်ပင်တိုင်းလည်း၊ ဆိုင်းဆိုင်းမြမြ၊ တချို့ကပွင့်၊ တချို့ဆင့်လျက်၊ နိမ့် မြင့်မတူ၊ မြေငူမြေစ၊ မဇ္ဈိမဒေသနှင့် တမျှ တူညီသောအရပ်ဖြစ်သည်ဟု ရက်ပေါင်း ၃၀ ကျော် ရပ်နားစံနေတော်မူသည်။ ထိုအရပ်ကို ရပ်အနား ဟု ခေါ်ဝေါ်သမုတ်သည်။ ယခု စကားရွေ့လျောသဖြင့် ရပ်မနား။ ထိုစကားကိုတဖန်၊ ရွေ့လျောပြန်သဖြင့် ရွာမနား ဟုခေါ်ဝေါ်သည်။
                 မင်းနဂါး နတ်ရွာစံခြင်း
     ထိုမင်းကြီး မင်းနဂါးသည်၊ ကုသိုလ်ကောင်းမှုတို့ကို ဇောတိ-ဇောတ ပုဂ္ဂိုလ်ဖြစ်အောင်မပြု၊ မျိုးစပါးကို ထောင်းဖွပ်၍စားသောယောက်ျားကဲ့သို့ ပထမဘ၀က ပြုခဲ့ဘူးသော ကောင်းမှု၏ အရှိန်အစော်ကိုသာ ခံစားစံစား၍ ရွှေန်းစည်းစိမ် ၅-လနှင့် အနိစ္စရောက်တော်မူသည်။
      ထို့ကြောင့် အမျိုးကောင်းသား၊ ယောက်ျားမြတ်တို့သည်လည်း ထိုမင်းကဲ့သို့ မဖြစ်စေရ၊ မျိုးဟောင်းထက်ကား မျိုးသစ်ပွားလျက်၊ တရားတော်လမ်းနှင့်အညီ၊ သီလ၊ဒါနတို့ကို ကြိုးစား အားထုတ်ကုန်ရာသည်။
             စောမည်း
      ထိုမင်းမရှိလျှင် မင်းနောင်၏ သားတော်- စောမည်း သက္ကရာဇ် ၂၂၅-ခု၊ ပြာသိုလဆန်း ၆ ရက်၊ စနေနေ့ နန်းတက်တော်မူသည်။ ပုဂံပြည်- သိန်းခိုမင်း၊ ပြည်မြို့- နရပတိမင်းတို့နှင့် နန်းပြိုင်။ ထိုမင်းလက်ထက် ဘကြီးတော် မင်းပြောင် စီမံခန့်ထားရင်းအတိုင်း ငမင်၊စစ်တား၊ဗိဿ နိုး၊မြို့လုလင်မြို့များမှာ၊ အစောင့်အနေ၊ အသီးသီးများနှင့် ခန့်ထားစောင့်နေစေသည်။
            ရတနာဗိမာန်ကြီး
     မြို့တောင် ဗိမာန်ကြီးဘုရားကို နန္ဒမူလိုဏ်၏ သဏ္ဍာန် ကြောင်လိန်၊ နတ်ပေါက်များနှင့် တည်ထားပြုစုတော်မူသည်။ ထိုမင်း စည်းစိမ် ၄၅ နှစ်တွင် အနိစ္စ ရောက်တော်မူသည်။
             မင်းရဲငယ်
     ထိုမင်းမရှိလျှင် သားတော်-မင်းရဲငယ် သက္ကရာဇ်၂၇၀ ပြည့်နှစ်တွင် မင်းလုပ်တော်မူသည်။ ပုဂံပြည်- တောင်သူကြီးမင်း ပြည်မြို့ သတိုးသီဟသူမင်းနှင့် နန်းပြိုင်။ ထိုမင်းသည် ကုသိုလ် ကောင်းမှုများကို အထူးမပြု၊ ဘိုးတော် ခမည်းတော်တို့၊ တည်တော်မူခဲ့ရင်းအတိုင်း စည်းစိမ်ကိုသာ ခံစား၍ နန်းစံ ၃ နှစ်တွင် အနိစ္စရောက်တော်မူသည်။
             မင်းကလေး
    ထိုမင်းမရှိလျှင် သားတော်မင်းကလေး နန်းတက်၍ စည်းစိမ် တစ်နှစ်တွင် မိဖုရား ရှင်စောလှ ဆေးခတ်သော စားတော်ကို စားမိသဖြင့် အနိစ္စရောက်တော်မူသည်။
            သီဟပတေ့ငယ်
    ထိုမင်းမရှိလျှင် သားတော် သီဟပတေ့ငယ်- သက္ကရာဇ် ၂၇၄ ခုနှစ်၊ မင်းလုပ်တော်မူသည်။ ထိုမင်း လက်ထက် အတွင်းစည်းခုံဘုရားကို ထပ်မံပြင်ဆင်ပြုလုပ်တော်မူသည်။ စည်းစိမ် ၁၆နှစ်တွင် အနိစ္စရောက်တော်မူသည်။ ထိုမင်းမရှိလျှင် သားတော်- ဒလကျောင်းဒါယကာ၊ သက္ကရာဇ် ၂၉၀ ပြည့်နှစ်တွင် မင်းပြုတော်မူသည်။ ပုဂံပြည်-ကျောင်းဖြူမင်းနှင့် နန်းပြိုင်။  ဒလကျောင်းဒါယကာ တွင်ကြောင်းကား- သထုံပြည်၊ သောဏထေရ်၏ ဂိုဏ်းနေ၊ အဆက် အနွယ်ဖြစ်သောရဟန္တာ ဒွေး၊ အရှင်သီလမထေရ်သည် ကံကြီးကံငယ် ရွက်ဆောင်နိုင်လောက်အောင်၊ တပည့်သံဃာ ၅ ပါးနှင့် ကြွရောက်တော်မူလာသည်ကို မြို့တော်တွင် ကျောင်းရံ ၂၀ နှင့်  ဇေတ၀န် လေးထပ်ကျောင်း ဆောက်လုပ် ကိုးကွယ်တော်မူသည်။ ၀တ္တကမြေကိုလည်း နယ်နိမိတ် ပိုင်းခြား၍ ကျေးရွာတည်ထား လှူတော်မူသည်။ ထိုရွာကို သီလရွာဟုသမုတ်တော်မူ သည်။ ထိုရဟန္တာ အရှင်သီလမထေရ်သည် ဒလက ကြွလာတော်မူရင်း ဖြစ်ဖြစ်၍ ထိုကျောင်းလည်း ဒလကျောင်း ဟုတွင်သည်။
              သက်တော်ရဘုရားဒါယကာ
      ထိုမင်းမရှိလျှင် သားတော်- သက်တော်ရဘုရားဒါယကာ မင်းပြုတော်မူသည်။ မြို့တော်အ တွင်း သက်တော်ရဘုရား၊ သက်တော်ရှည်ဘုရား၊ ၂ ဆူကို တည်ထားကိုးကွယ်တော်မူသည်။ ထိုဘုရားနှစ်ဆိုကို တည်တော်မူသောအကြောင်းမှာကား…  ထိုမင်းငယ်ရွယ်စဉ်အခါ၊ မမာမကျန်း ရှိတော်မူလျှင် ခမည်းတော် မယ်တော်တို့သည် သက်တော်ချမ်းသာ၍ ကျန်းမာသုခရှိလေအောင် ရည်ဆောင်ယတြာပြု၍ သားတော်ကိုယ်လေး ရွှေ ငွေ ချိန်စက်ပြီးလျှင် ထိုရွှေငွေများ နှင့် သက်တော်ရှည် သက်တော်ရဟု၊ နာမံ ကမ္ဗည်း၊ စိုက်မှတ်တည်ထားကိုးကွယ်တော်မူသည်။
              ဥပါခက်နှင့် ငရဲနွဲ့နတ်
     တရံရောအခါ ထိုမင်း၏ ကိုယ်လုပ်တော်တစ်ယောက်သည် အပြင်အလျာ ချောမောပြေပြစ် သည်ဖြစ်၍ မာန်တက်ခြင်း ငါးပါးတွင် အဆင်း၏ မာန်တက်ခြင်းဖြစ်သော၊ ရူပ ဥဏှပြင်းထန်လှ သောကြောင့် ပြည့်ရှင်မင်း၌ မခိုင်းမနှိုင်း ပြုသည်ကို မင်း၏မာနဖြင့် ဆင်နှင့် နင်းသတ် ကွပ်ညှပ် စီရင်မည် ရှိသည်တွင်……….
      ကိုယ်လုပ်မိဖုရား၏ မောင်ဖြစ်သော အမတ်ငရဲနွှဲ့သည် နှမတွင်ချစ်စိတ်၊ ယိုဖိတ်အားကြီးသည်နှင့်  ပြည့်ရှင်မင်းအား ရှိခိုးတင်လျှောက်၊ ခွင့်မရလျှင်၊ နှမနှင့်အတူကွပ်ရာပါလေ၏။
      နှမကား……..ဥပါခက်။
      မောင်ကား…….ငမင်ရိုးမတောင်တွင် ငရဲနွဲ့မည်သော နတ်ဖြစ်လေ၏။
      တရံရောအခါ ထိုမင်း တောကစားသွားရာ… ဥပါခက်နှင့် တွေ့၍၊ ဥပါခက်မလည်း၊ မင်းနှင့် မွေးဘွား၊ သားသမီး ၂ ယောက်၊ ကျန်ရှိသည်ကို ချစ်ခင်စုံမက်၊ တသက်သက်နှင့်၊ ယိုထွက်မျက်ရည်၊ တလည်လည်ကို မဆည်နိုင် မဖြေနိုင်၊ လွမ်းဆွတ်ကာ မှိုင်လွန်းလို့၊ အနိုင်စိတ်တင်း၊ မိန်းမယောင်ဖန်ဆင်းလျက်၊ မင်းနှင့်သံဝါသ၊ သဘောတူ စုံမက်ကြ၍၊ ကာလရှည်လျား၊ မင်းမြတ်ဖျားလည်း၊ သနားမေတ္တာ၊ ရှိဘူးသည့်ဝါသနာကြောင့်၊ မခွါနိုင် မခွါအား၊ ထိုတောကြားတွင် မြောက်သားတော် ဘီလူးမနှင့် ၂-လလုံးလုံး ကြာတော်မူသည်။ မှူးမတ်ပြည်သူတို့လည်း၊ မင်း၏ဖြစ်ဟန်၊ တိုင်းပြည်သို့ မပြန်ဘဲ တောင်ယံတောခြေတွင်၊  တောဧကရာဇ် တောဖြစ်ပီပီ၊ တောကိုမှီ၍၊ တောဆီတောဥနှင့်၊ ယခုပျော်ပါး၍ ရှိချေသည်။ မည်ကဲ့သို့ ကြောင်းကို ကောင်းကောင်း မသိရ။ ဤဒေသတွင် ပါလရုက္ခာ၊ ဘုမ္မာယက္ခ စသော နတ်တို့ကို တင်ကြားပသ၊ မင်းသံချ၍ မေးသည်တွင်-  မောင်ဖြစ်သောနတ်စိမ်း ငရဲနွဲ့သည်၊ ကိုယ်လုပ်တော်ဘ၀၊ ဆင်နင်းစက၊ တောဝပျော်မြူး၊ ဘီလူးဥပါခက်၊ ဖြစ်ပျက်သမျှ အလုံး စုံကို အကုန်ပြန်ပြောကြားသိရလျှင်……
           ငရဲနွဲ့နတ်
      ငရဲနွဲ့နတ်ကို ငမင်တောင်၌ နတ်ကွန်းဆောက်လုပ်ပေးအပ်၍ ၀ါခေါင်လတိုင်ရောက်လျှင်၊ မင်းမိဖုရား၊ သားသမီးတော်၊ မှူးမတ်ပြည်သူတို့အစုံ၊ တနှစ်တကြိမ်၊ သွားရောက်တိုင်ကြား ပသ ပူဇော်ရမည်။ မီးကျည်မီးပန်းတို့နှင့် တိုင်တန်းပသလျှင်လည်း၊ မိုးလေဖြောင့်မှန်၍ ချောင်းကန် ပြည့်လျှံအောင် ရွှင်လန်းမစ ကြည့်ရှုရမည်အကြောင်း။
           ဘီလူးမကန်ဘောင်
     ဥပါခက်မ အားလည်း- ခွင့်တောင်းပြောဆို ကြေအေးရှိပြီးနောက် မောင်ဖြစ်သူ ငရဲနွဲ့နတ်ကဲ့သို့ နှစ်စဉ်မပြတ်၊ တင်ကြားပသမည်။ ကြီးကျယ်သော ရေကန်ဘောင်တစ်ခု တူးလုပ်တက် ဆည်ပေးပါ တောင်းပန်ကြလျှင် သားတော် သမီးတော် တို့လက်ထက် ပြည်သူဆင်းရဲသားတို့ လုပ်စား မှီတင်းလောက်အောင်၊ တောင်မြောက်ခရီးတာ ၄၀၀၀၀ ရှည်လျားသော ရေကန် ဘောင်ကြီးကို တစ်ညဉ့်တွင်းနှင့် ဆည်ဖို့တူးလုပ်၍ ပြီးစီးသည်။ ထိုကန်ရိုးကို ဘီလူးမကန်ရိုးဟု ယခုတိုင် ခေါ်ဝေါ်ကြသည်။ ပြည့်ရှင်မင်းမှစ၍ ပြည်သူမှူးမတ်တို့သည်လည်း တစ်နှစ်တစ်ကြိမ် ဘီလူးမကန်ရိုးသို့ ရောက်လျှင် အမွှေးအထုံ နံ့သာရည် ပန်းရည်စသည်တို့ဖြင့် တင်ကြားပသ ရသည်။ ထိုကသွားမှ ငမင်တောင်ရိုး၊ ငရဲနွဲ့နတ်ကြီးကို မီးကျည်၊ မီးပန်းတို့ဖြင့် တင်ကြားပသရ သည်။
        သက်တော်ရ- ဘုရားဒါယကာ အနိစ္စရောက်ခြင်း
    ထိုမင်းသည်လည်း ဥပါခက်မကို ချစ်ခင်ရင်းစိတ်၊ ယိုဖိတ်သော စေတနာသည်၊ ထပ်ကာထပ်ကာ ပွားသဖြင့် မှောက်မှား သတ်ဖြတ်မိသော အကြောင်းကို၊ ရှေးနှောင်းပြန်လှန်၊ အတန်တန် အောက်မေ့၍၊ တမြေ့မြေ့သော ဒုက္ခ ဖိစီးလှသဖြင့် နန်းစည်းစိမ် ၆၀ နှစ်တွင် အနိစ္စရောက်တော်မူလေသည်။
ထိုမင်းကား ပုဂံပြည်၊ကျီစိုးမင်း၊ စုက္ကတေးမင်း၊ နော်ရထာမင်းတို့နှင့်နန်း ပြိုင်။
                    ဆင်ဖြူရှင်မင်း
    ထိုမင်းမရှိလျှင် ဘီလူးမဖြစ်သော ကိုယ်လုပ်တော်က ဘွားမြင်သော သားတော် ဆင်ဖြူရှင်မင်း နန်းတက်တော်မူသည်။
                    တရုကောဘုရား
    တရံရောအခါ မြို့ဦးစည်းခုံတော်ကြီးကို ဖူးမြော်စည်းဝေး နေထိုင်စဉ် ၀တ်ဖြူစင်ကြယ်နှင့် သူတော်တစ်ဦး၊ မင်းရှေ့တွင် ရပ်ပြီးလျှင် " တရုကော မ-မလံ " ဟုဆိုလျက်၊ ထွက်သွားလေ၏။ ထူသူတော်သွားသော အရပ်သို့ လိုက်ကြည့်စေရာ- တစ်ခုသော သစ်ပင်အောက်တွင် ပျောက်သွားလေ၏။ ယင်းသို့လျှင် ပျောက်သွားသော သစ်ပင်အောက်၌လည်း  နှစ်မိုက်ခန့် ရှိသော ညောင်ပင်ငယ် တခုကိုမှီလျက် ပတ္တမြားသုံးရစ် စီရင်သော လက်ခြောက်သစ်ခန့် ရွှေသားရုပ်ရှင် တစ်ဆူတွေ့ရှိရသည်။ ထိုမင်းလည်းကြက်သီး ဖြန်းဖြန်းထလျက် မှူးမတ်တို့ကို မေးတော်မူရာ………    ‘’ဘုန်းကြီးသော အရှင်၏ ကုသိုလ်တော်သည်၊ နှိုးဆော် ချီးမြောက်ချိန် ရောက်သည်ဖြစ်သောကြောင့် ထောက်ပံ့ကူညီထိုက်သော စတုလောကပါလ နတ်ကောင်းနတ်မြတ်တို့ ညွှန်ပြခြင်း ဖြစ်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော်-
    တရုကောမ-မလံ ဟူသောအပုဒ်၌…….  တရုကောမံ+အလံ ဟု ပုဒ်ဖြတ်ရပါသည်။
    တရု = လုင်ပျိုဖြစ်သော ပြည့်ရှင်မင်း၊
    ကော = သင်မှတပါး အခြားသောသူသည်၊
    မံ = ငါဘုရားကို၊
    အလံ = ကိုးကွယ်ထိုက်ပါအံ့နည်း။
    ဤသို့အနက် မြန်မာပြန်ဆိုချက်များနှင့် အမတ်ကြီးလျှောက်ထားလျှင်……  အားရနှစ်သက်တော်မူသည်ဖြစ်၍ မဟာဗောဓိ ပင်နှင့် ရုပ်ရှင်တော်တွေ့သောအရပ်တွင် ကမ္ဘာမြင့်ရှည်တည်ပါစေသော်ဟု- အဓိဌာန်ပြုပြီးလျှင် ဗောဓိရုပ်ရှင်တော်များကို ဌာပနာ၍ စေတီတစ်ဆူ တည်တော်မူသည်။ ထိုစေတီတော်ကို သူတော်ပေးရင်း အမည်အတိုင်း တရုကောဘုရားဟု သမုတ်တော်မူသည်။ ယခုစကားရွေ့လျောသဖြင့် တရုပ်ကော ဟုတွင်သည်။
                    ကျော်စွာမင်း
    ထိုမင်းမရှိလျှင် သားတော် ကျော်စွာမင်း သက္ကရာဇ် ၅၃၀ ပြည့်တွင်၊ နန်း တက်တော်မူသည်။ ပုဂံပြည် မင်းရှင်စော၊ ကုလားကျမင်းတို့နှင့် နန်းပြိုင်။ စည်းစိမ် ၅-လတွင် ကျောက်ပေါက်ရောဂါနှင့် အနိစ္စရောက်တော်မူသည်။
                မင်းခေါင်မင်းငယ်
              ထိုမင်းမရှိလျှင် သားတော် မင်းခေါင်ငယ် သက္ကရာဇ် ၅၃၆ ခုနှစ်တွင်၊ သက်တော် နှစ်ဆယ်အရွယ်တွင် နန်းတက်တော်မူသည်။ တရံရောအခါ၊ ပုဂံပြည် နရပတိစည်သူမင်းက တောင်တွင်းကြီးမြို့ကို တိုက်ခိုက် သိမ်းယူမည်ဟု ဗိုလ်(၂၀၀၀၀) နှစ်သောင်းနှင့် ချီလှာကြောင်းကို ကြားသိတော်မူ၍ မှူးမတ်တို့နှင့်တိုင်ပင်ရာ-     ‘’လုလင်မြို့တွင် ကောက်နယ်တလင်းခန့်အောင်မြေကွက်ရပ်ရှိကြောင်းကို ကြားဘူးပါသည်။ ထိုမြို့ အောင်မြေရှိရာ အရပ်က စံတော်မူ၍ ခံရမှ၊ ပုဂံပြည်က ရန်ကို ခုခံ အောင်မြင်ရာပါသည်’’ ဟုလျှောက်ထားလျှင်-  မင်းခေါင်ငယ်သည် လူ ၂၀၀၀၀နှင့် လုလင်မြို့ကို မြေရိုးကတုတ်၊ ထပ်မံတည်လုပ်စေ၍ ဘူမိဇေယျာအရပ်က စံနေခုခံသည်။
                ကသစ်မြို့
    နရပတိစည်သူမင်းလည်း- မင်းခေါင်၊ လုလင်မြို့က ထွက်၍ ဆီးကြိုခုခံလျက် ရှိကြောင်းနှင့် ကြားသိလျှင် ပုလင်းချောင်း မြောက်ဘက်တွင် ဆင်မြင်း ရေမြက် ကောင်းရာ ယင်းချောင်းကို အမှီပြု၍ တစ်မျက်နှာလျှင် တာ ၁၀၀ ခန့်ရှိသော မြေမြို့ငယ် တည်လုပ်နေထိုင်သည်။ တခါးကြီး လေးမျက်နှာမှာ…………
    အရှေ့မျက်နှာ- ကုလားရှင်တံခါး။
    တောင်မျက်နှာ- ဆင်လူးတံခါး။
    အနောက်မျက်နှာ- လိမ်မွတံခါး။ (လိမ်ပွတ်)
    မြောက်မျက်နှာ- ဆုရတံခါး။
    မြို့အမည်ကို ကသစ်မြို့ သမုတ်၍၊ စွဲရပ်နေထိုင်သည်။
                    အောင်စေချောင်း
    ယင်းသို့ စွဲရပ်နေထိုင်ရှိလျှင် မင်းခေါင်ငယ်လည်း အမည်ကောင်းယောကျာ်း ငအောင်စေ ကိုအမှုထမ်းလူ(၁၀၀၀) တစ်ထောင်နှင့် ပုလင်းချောင်းတောင် ဘက်တွင် မင်္ဂလာတပ်ဦး ပြုလုပ်ခန့်ထား နေထိုင်စေသည်။ ထိုတပ်၏အနီး စီးရောက်လှာသော ချောင်းကို အောင်စေချောင်း ဟုတွင်သည်။
                    ပုဂံမြှော်ရွာ- ကန်တော်ရွာ
    နရပတိစည်သူမင်းလည်း တစ်ဦးကိုတစ်ဦး၊ တိုက်ရေးခိုက်ရေး အခွင့်မရ၊ တစ်လကျော် ရှိသည်နှင့်၊ မိမိစွဲရပ်သောတပ်က၊ အရှေ့ကို တာ(၅၀၀) ငါးရာ ကျော်ခန့်၊ ထွက်တော်မူ၍ တောကစားရာ- ရေလာချောင်းကျ စိမ်းမြသော တောတောင်များကို မြင်တော်မူလျှင် ပုဂံပြည်ကို လွမ်းဆွတ်တော်မူ၍ ရှုမြှော်စဉ်းစား၊ ရဲမက်သား အမှုထမ်းတို့နှင့် ရေကန်တစ်ခု၊ တူးလုပ်တော်မူသည်။ ထိုအရပ်တွင်၊ ကျေးရွာတည်ထား နေထိုင်ကြသဖြင့် ပုဂံမျှော်ရွာ (ကန်တော်ရွာ) ဟု ယခုတိုင် ခေါ်ဝေါ်သမုတ်သည်။
    ထိုနရပတိစည်သူမင်းလည်း ကဆုန်နယုန် မိုးလေကျ၍ ပြင်းပြသောရွှံ့နွံ၊ အလွန်ကြီးမား တပ်သားအမှုထမ်းတို့၊ ပင်ပန်းနွမ်းရိရှိသည်ကို မြင်တော်မူသဖြင့် ပုဂံပြည်သို့ အလျင်အမြန် ဆုတ်ခွါ တော်မူသည်။
                    မင်းခေါင်အနိစ္စရောက်ခြင်း
    သက္ကရာဇ် (၅၅၂) ငါးရာ့ ငါးဆယ့်နှစ်ခုနှစ် နန်းစည်းစိမ်  ၁၆ နှစ်တွင် ဘုရင်မင်းခေါင်ငယ် အနိစ္စရောက်လေသည်။
                    ဒုတိယဆင်ဖြူရှင်ငယ်
    မင်းခေါင် အနိစ္စရောက်သော် သားတော် ဆင်ဖြူရှင်ငယ်မင်းပြုရာ စည်းစိမ် ၅-နှစ်တွင် အနိစ္စရောတော်မူသည်။
                    စည်သူမင်း
    ထိုမင်းမရှိလျှင် သားတော် စည်သူမင်း (၅၅၇) ငါးရာငါးဆယ့်ခုနှစ်၊ နန်း တက်တော်မူသည်။ ပုဂံပြည်၊ ဇေယျသိင်္ခမင်းနှင့် နန်းပြိုင်။ စည်းစိမ် ၉-နှစ်တွင် အနိစ္စရောက်တော်မူသည်။
    ထိုမင်းမရှိလျှင် သားတော် ၀န်တော်ကဲ ကသက္ကရာဇ် (၅၆၆)ခုနှစ် နန်းတက်သည်။ ထိုဝန်တော်ကဲမင်း သည် ပြည်ထဲရေး၌ နှလုံးပိုက် နည်းပါးသဖြင့် ဆင်းရဲသား ပြည်သူတို့ အိုးပူတွင် ထည့်ထားသော နှမ်းပေါက်ပေါက် နှင့်အတူ ရေ ဆူရိပ်မမြင်၊ ပူပင်များပြား၍ ပြည်မြို့၊ တောင်ငူမြို့၊ ပုဂံမြို့များသို့ထွက်သွား ခိုမှီးကြကုန်သည်။ ထိုအကြောင်းများကို ပုဂံပြည် ဇေယျသိင်္ခမင်း ကြားသိတော်မူလျှင် အမတ် မုနိကျော်ထင်ကို ဗိုလ် နှစ်သောင်းနှင့် ချီတက်သိမ်းယူစေရာ သားမယား နှင့်တကွသော ၀န်တော်ကဲမင်းကို ချ၍ စည်းစိမ် ၂ နှစ်တွင် အနိစ္စရောက်တော်မူသည်။
                    ရမည်းသင်း သီဟပတေ့
    ထိုတွင်မှ ရမည်းသင်းစား သီဟပတေ့ ကို ၀န်ခန့်ချထားသည်။ ၃ နှစ်ရှိ လျှင် သီဟပတေ့ကွယ်လွန်ခဲ့၏။ ယင်းနောက်တောင်တွင်းကြီးမြို့ မှာ အအုပ်အထိန်းမရှိ၊ နှစ်ပေါင်း ၂၀ ကျော်၊ လူနေ လူနေ အိမ်ခြေ နည်းလျော့ ပျက်ပြား သဖြင့် တောအတိ ဖြစ်၍နေသည်။
ဤသည်ကား တတိယအကြိမ် တောင်တွင်းကြီးမင်းဆက် တဖန် ပြတ်ခြင်းတည်း။
2 comments:
  1. အရမ်းကောင်းပါတယ်။ဒီလိုလေးတင်ထားတော့တောင်တွင်းကြီးမြို့ရဲ့ သမိုင်းကိုသိလိုက်ရတာ အရမ်းကိုပျော်ပါတယ် ။တောင်တွင်းသူတစ်ယောက်ဖြစ်ရတာကိုယ့်ကိုကိုယ်လဲဂုဏ်ယူမိပါတယ် အခုလိုလေးတင်ပေးထားတာကျေးဇူးတင်ပါတယ်
    ReplyDelete
  2. Thanks so much for sharing your knowledge to us.
    ReplyDelete
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com
Related Posts Plugin for WordPress, Blogger...