" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သခင်မြ ၏ ဖြတ်ထိုးဥာဏ်

သခင်မြ၏ ဖြတ်ထိုးဉာဏ်

သခင်မြ၏ ဖြတ်ထိုးဉာဏ်
         
၁၉၄၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့။
          ဤနေ့တွင် ဂျပန်များသည် စင်္ကာပူကိုသိမ်းပိုက်လိုက်လေသည်။ ထိုအခါက အင်္ဂလိပ်၏ ပထမတန်းစစ်ဗိုလ်ကြီးသည် သူ့နောက်က တပ်သားပေါင်း ၇၉၉၉၈ယောက်နှင့်အတူ ဂျပန်တပ်မတော်၏ ဒုတိယတန်းစစ်ဗိုလ်ကြီး ရာမာရှိတာ(မလေးယားကျားကြီး) Yamashita ထံတွင် အလံပေးအပ်ပြီး၊ အညံ့ခံ လက်နက်ချလေသည်။ ထို့ကြောင့်ပင် ဂျပန်စစ်ဗိုလ်ကြီး ယာမာရှိတာသည် ရွှေပြားနှင့် ကြယ်နှစ်ပွင့်ဘ၀မှ ကြယ်တစ်ပွင့်ထပ်တိုး၍ ရာထူးတိုးတက်လာခဲ့လေ၏။
          စင်္ကာပူကို ဂျပန်သိမ်းပိုက်လိုက်သောအခါ တရုပ်အမျိုးသားတော်တော်များများပင် သေကြေခဲ့ရသည်ကို မမေ့နိုင်သေးပေ။ စင်္ကာပူမြို့သည် ထွက်ပေါက်မရှိ။ ထို့ကြောင့် တစ်စည်းတစ်လုံးတည်း ပိတ်၍မိနေသကဲ့သို့ ဖြစ်နေပါသည်။
          စင်္ကာပူကိုသိမ်းပိုက်ထားသော ဂျပန်အစိုးရသည် အရွယ်ကောင်းသော တရုပ်အမျိုးသား များကို မှတ်ပုံတင်မည်ဟုအကြောင်းပြပြီးလျှင် ခေါ်၏။ ပြီးနောက် ရာဘာတောထဲသို့ခေါ်သွားကာ အလွန်ကြီးသော တွင်းကြီးတစ်တွင်းတူး၍ လူ ၃၀၀၀၀ ကျော်ကို ရက်ရက်စက်စက် စက်သေနတ်ဖြင့် ပစ်သတ်ခဲ့လေသည်။ ထိုရက်စက်မှုကြီးကား တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလေ၏။
          ဗမာပြည်ကို ဂျပန်သိမ်းပိုက်ပြီးလေသောအခါ ယခုဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် ရန်နိုင်ဈေး)နေရာတွင် ဂျပန်ဝါဒပြန်ကြားရေးဌာနမှ ဓါတ်ပုံပြပွဲကြီးတစ်ခု ခင်းကျင်းပြသလေသည်။ ပြသထားသော ဓာတ်ပုံများမှာ စင်္ကာပူတွင် ပထမတန်း အင်္ဂလိပ်စစ်ဗိုလ်ကြီးကား ဒုတိယတန်း ဂျပန်စစ်ဗိုလ်ကြီး ရာမာရှိတာအား အလံပေးအပ်ပြီး လက်နက်ချ အညံ့ခံနေသည့်ပုံများဖြစ်လေသည်။ ဂျပန်စစ်ဗိုလ်ကြီး ရာမာရှိတာ(မလေးယားကျားကြီး) ဆိုသူမှာ ကိုယ်လုံးကိုယ်ထည် ၀၀ဖိုင့်ဖိုင့်ကြီးဖြစ်၏။ ကတုံးကလည်း ပြောင်နေအောင်ရိတ်ထားပြီး နှုတ်ခမ်းမွှေးနှင့်ဖြစ်၏။ သူ့ရုပ်အသွင်က အလွန်ရက်စက်မည့်ဟန် ပေါ်လွင်နေပေသည်။
          စင်္ကာပူတွင် တရုပ်အမျိုးသားများကို ဂျပန်အစိုးရက ဖက်ဆစ်နည်းဖြင့် ရက်စက်စွာ သတ်ဖြတ်လိုက်သည့်သတင်းဆိုးကြောင့် ဗမာပြည်အနယ်နယ်တွင်ရှိသော တရုပ်အမျိုးသားများသည် သွေးလန့်၍နေကြလေသည်။ ဗမာပြည်ရှိ တရုပ်အမျိုးသားများသည် တရုပ်ပြည်သို့တစ်မျိုး၊ မြစ်ဝကျွန်းပေါ်တိုင်းသို့ တစ်ဖုံ၊ ရှမ်းပြည်သို့တစ်နည်း ထွက်ပြေးတိမ်းရှောင်ကုန်ကြလေပြီ။ တချို့မပြေးနိုင်သော တရုပ်အမျိုးသားများကား ကိုယ့်မိတ်ဆွေဗမာအမျိုးသားများနှင့် ကောင်းတူဆိုးဘက် လုပ်ကိုင်စားသောက်နေထိုင်ကြပြီး ဂျပန်မြင်လျှင် ပုန်းနေကြ၏။ ဤအချိန်ဝယ် ရန်ကုန်မြို့ပေါ်၌ ခြေသလုံးအိမ်တိုင် တရုပ်ဘိန်းစားများသာ ခိုကပ်နေထိုင်ကြလေ၏။
          ရန်ကုန်မြို့ကို ဂျပန်ကသိမ်းပိုက်ပြီး၊ မတ်လ ၇-ရက်နေ့တွင် တရုပ်ပိုင်းဝယ်ရှိသော တရုပ်အမျိုးသားများကို လသာလမ်းနှင့် မဟာဗန္ဒုလလမ်းထောင့်ရှိ တရုပ်ဘုံကျောင်းတွင်စုဝေး ကြရန် ဂျပန်စစ်တပ်က မောင်းခတ်ပြီးခေါ်လေသည်။ တရုပ်အမျိုးသားပေါင်း ၁၀၀-ကျော် ၂၀၀-ခန့် တက်ရောက်စုဝေးကြ၏။ ထိုသူများကား ဘိန်းစားများသာဖြစ်ကြလေသည်။
          ဤတရုပ်ဘိန်းစားများကိုကြည့်၍ ဂျပန်စစ်ဗိုလ်ကြီးကအံ့သြ၍နေပေသည်။ ဂျပန်စစ်ဗိုလ် ကြီးသည် သူ့နံဘေးမှ ထိုင်ဝမ်ကျွန်းမှ တရုပ်စကားပြန်အား ““စင်္ကာပူမှာတုန်းကတော့ တရုပ်တွေ အများကြီး၊ ခု ရန်ကုန်မြို့မှာ တရုပ်အမျိုးသားတွေ ဘယ်ရောက်ကုန်သလဲဟု မေးလေ၏။ ထိုစကားကို တရုပ်စကားပြန်က ““စင်္ကာပူမှာတုန်းက .. တရုပ်တွေကို အကြီးအကျယ်သတ်ပစ် လိုက်တယ်လို့ကြားတာကြောင့် ထွက်ပြေးကုန်ပြီ”” ဟူ၍ ပြန်ပြောလိုက်လေသည်။
          သည်ကဲ့သို့ တရုပ်ဘိန်းစားများနှင့် ဂျပန်စစ်ဗိုလ်ကြီးတွေ့စဉ်ဝယ် ငါးဆယ်ဝင်စီးကရက် ဗူးကို ရှေ့ချပြီး နောက်သို့လှည့်လိုက်စဉ်မှာပင် စီးကရက်တစ်ဗူးလုံး ပြောင်အောင်ပင်နှံလိုက် လေ၏။ သူတို့ကို ကြည့်လိုက်သောအခါ ဘိန်းပြတ်၍ ဘိန်းငိုက်ငိုက်ပြီးနေသူများ၊ ဘိန်းမစား ရသဖြင့် ကိုယ်လက်လေးလံပြီး ထိုင်းမှိုင်းနေသူများ၊ မျက်လုံးစုံမှိတ် ပါးစပ်ရွဲ့ပြီး မှိန်းနေသူများ ကိုသာတွေ့မြင်ရ၍ ဂျပန်စစ်ဗိုလ်ကြီးသည် အတော်ပင်စိတ်ပျက်သွားလေသည်။
          တရုပ်ဘိန်းစားများကလည်း ဂျပန်စစ်ဗိုလ်ကြီးအား.. ““ခင်ဗျားတို့ သတ်ပစ်ရင်လဲသတ်ပစ်၊ ကျွန်တော်တို့အဖို့တော့ အကြောင်းမထူးဘူး။ ဘိန်းမစားရလို့ ပြေးလည်းမပြေးနိုင်တော့ဘူး။ အလုပ်လဲမရှိဘူး”” ဟူ၍ပြောပြလေသည်။
          ဂျပန်ခေတ်တွင် တရုပ်ဘိန်းစားများပြဿနာကို တစ်မျိုးဖြေရှင်းပေးရ၏။ ဖြေရှင်းရပုံကား စာရေးတတ်သောဘိန်းစားများကို ဂျပန်အစိုးရက အလုပ်ပေးခြင်းပင်ဖြစ်ပါသည်။ ပေးသောအလုပ်မှာ ရန်ကုန်မြို့ပေါ်ရှိလမ်းမကြီးများပေါ်ဝယ် ဘိန်းစားတစ်ယောက် ဂျပန်စစ်သား တစ်ယောက် တွဲဖက်၍ ရန်ကုန်မြို့ပေါ်ဝယ်ရှိသောလူများကို မှတ်ပုံတင်ကပ်ရေးပေးရသော အလုပ်ပင်ဖြစ်သည်။ ဤသို့ရေးပေးခ တစ်စောင်လျှင် ၂၅-ဆင့် ရလေသည်။ ထို့ကြောင့် သည်ဂျပန်ခေတ်ဝယ် အတော်လေးပွသော ဘိန်းစားများရှိလေသည်။
          ထိုသို့ တရုပ်ဘိန်းစားများကို ဂျပန်အစိုးရက အသုံးပြုအလုပ်ပေးထားပြီး မသတ်သည့် သတင်းမှာ ဗမာပြည်အနှံ့အပြားသို့ရောက်ရှိနေသော တရုပ်အမျိုးသားများ၏နားသို့ ပေါက်သွား၏။ ထို့ကြောင့် တောနယ်များသို့ရောက်ရှိနေသော တရုပ်အမျိုးသားများသည် တစ်စတစ်စနှင့် ရန်ကုန်မြို့ပေါ်သို့ ရောက်၍လာတော့သည်။ ဤအခါမှစ၍ ရန်ကုန်မြို့တွင် တရုပ်အမျိုးသား တော်တော်များများ နေထိုင်ရဲသောဘ၀သို့ ရောက်ရှိလာ၏။
          ကျွန်ုပ်မှတ်သားမိသမျှ ရန်ကုန်မြို့ပေါ်တွင် တရုပ်အမျိုးသား ၂၀၀-ခန့်ကို ဂျပန်က တစ်ကြိမ်ထဲ ဖမ်းဆီးလိုက်၏။ ပြီးလျှင် ဂျပန်ကိုဆန့်ကျင်သော တရုပ်အမျိုးသား ၅-ယောက် ကိုသာ သတ်ဖြတ်လိုက်လေ၏။
          ဂျပန်ကိုဆန့်ကျင်သော တရုပ်-အမျိုးသား ၅-ယောက်ကို သတ်ပြီးနောက် ရန်ကုန်မြို့၌ အတော်လေး အေးအေးဆေးဆေးဖြစ်နေပါသည်။ ရန်ကုန်မြို့ကြီးသည်လည်း အတော်ကလေး လူစည်ကားစပြုလာပါ၏။
          သည့်နောက် ၂-လ၊ ၃လကြာ၍လာပြန်သောအခါ၊ ဂျပန်က တစ်ကြိမ်ထပ်၍ဖမ်းပါ တော့သည်။ ဤတစ်ကြိမ်တွင် တရုပ်အမျိုးသားများသာမဟုတ် ဗမာနှင့်အိန္ဒိယအမျိုးသား အများအပြားပါဝင်လေသည်။ ဖမ်းဆီးထားသောသူအတော်များများသည် ဂျပန်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
          ဤသို့ဂျပန်၏ရက်စက်မှုသည် ရန်ကုန်တစ်မြို့တည်းသာမဟုတ်၊ ဗမာပြည် အနယ်နယ် အရပ်ရပ်၌ဖြစ်လေသည်။ ဤအခါကျလေမှ မင်းသားခေါင်းဆောင်းထားသော ဖက်ဆစ်ဘီလူး၏ အစွယ်ကား ဖွေးဖွေးပေါ်လေတော့၏။ နေရာတကာတွင် ဂျပန်ဖက်ဆစ်၏ နှိပ်စက်ခြင်းဒဏ်ကို လှလှကြီးခံစားနေရချိန် ဖြစ်ပါ၏။
          ဟုတ်၏၊ မဟုတ်၏ဟူ၍ အတိအကျတော့မသိ။ ယခုတော်လှန်ရေးအစိုးရ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးစောမြင့်၏အစ်ကို ဦးသိန်းတန်အား မန္တလေးအရေးပိုင် ဦး(  ) နှင့် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ် (  ) တို့က ဂျပန်ကင်ပေတိုင်စစ်ဗိုလ်ကြီး ရှိမာဒါကို သွား၍သတင်းပေးသည်ဟု ကျွန်ုပ်ကြားမိလေသည်။ ဤသတင်းအရ ဂျပန်တို့သည် ဦးသိန်းတန်ကို  အမျိုးမျိုးအဖုံဖုံ ညှင်းပန်းနှိပ်စက်ပြီးလျှင် စစ်ကိုင်းတံတားပေါ်၌ပင်လျှင် ကွပ်မျက်ခြင်းကို ခံလိုက်ရလေသည်။
          ထိုမျှသာမက နောက်တစ်ခုလည်းရှိသေးသည်။
          မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်ကင်ပေတိုင်အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ““ဗမာ့တပ်မတော် စစ်လက်နက်ဌာန  စစ်ဝတ်စစ်စား ဌာနမှူးဗိုလ်ဗတင်(ယခုလက်ရှိဗိုလ်လက်ျာနှင့်တွဲဖက်၍ ပင်လယ်ငါးဖမ်းကုမ္ပဏီတွင် လုပ်နေသူ)က ခိုးခိုင်းတယ်””ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။
          ထို့ကြောင့်လည်း ဗမာ့ကာကွယ်ရေးတပ်မတော်ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။
          မန္တလေးမြို့သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ““ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေ၀င်းကလား၊ ဗိုလ်လက်ျာကလား””ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။
          ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်လက်ျာ ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေ ပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင် တော့မည်။
          အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ““ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်လက်ျာတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ်””ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။
          ဤသို့ဗိုလ်ဗတင်ကို ဂျပန်များကမတရားနှိပ်စက်နေသည့်သတင်းများကို အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သော သခင်မြကသိရှိသွားလေသည်။ ထိုနောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက်ခြင်းဒဏ်ကို မရှုမလှ ခံနေရသော ဗိုလ်ဗတင်ကို ဂျပန်က သတ်တော့မည်ဟူသော သတင်းဆိုးကြီးက ထွက်ပေါ်လာ တော့သည်။
          ဖြတ်ထိုးဉာဏ်လွန်စွာကောင်းသော သခင်မြသည် ဗိုလ်ဗတင်ကို ဂျပန်ဖမ်းဆီးထားသည့် ပြဿနာနှင့်ပတ်သက်၍ အကြံတစ်ခုရရှိလေသည်။ ထိုစဉ်က ရန်ကုန်မြို့ဝယ်အလွန်သြဇာတိက္ကမ ရှိသော ကင်ပေတိုင် အကြီးဆုံးဗိုလ်ချုပ်ကြီးမှာ မာဇူအိုကာဆိုသူဖြစ်၏။ သူသည်ရွှေပြားနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်၏။ သူစီးလေသောကားမှာ ၇-ယောက်စီး ဒေါ့ကားဖြစ်ပြီး အလံရောင်မှာ အ၀ါဖြစ်၏။ သူ၏၀ါသနာမှာ ညနေတိုင်းလိုလို ဗဟန်း(ယခုအိုရိယင့်ကလပ်)ကန်တော်ကြီး နားတွင် ငါးမျှားချိတ်နှင့် လိပ်များကိုမျှားလေ့ရှိသည်။
          ဤဂျပန်ဗိုလ်ချုပ်ကြီး မာဇူအိုကာသည် ဂျပန်ပြည်၌ဇနီးတစ်ယောက်ရှိလေသည်။ ဇနီးအငယ်မှာ အလွန်ချော၍ သူအလွန်ချစ်မြတ်နိုးခြင်းကို ခံရသူဖြစ်သည်။ ထိုဇနီးငယ်ထံမှ ဂျပန်ပြည်တွင် သားယောက်ျားလေးတစ်ယောက်ဖွားမြင်ကြောင်း သူ့ထံသို့ စာတစ်စောင်လာ၏။ သည်သတင်းကောင်းကို သိပြီးဖြစ်နေသော ဂျပန်ကင်ပေတိုင်ဗိုလ်ချုပ်ကြီးသည် အလွန်ဝမ်းသာပြီး ပီတိသောမနဿဖြစ်နေချိန်ဖြစ်လေသည်။ ဤအကြောင်းကို သခင်မြကကောင်းစွာသိနှင့်ထားပြီး ဖြစ်လေသည်။
          ထို့ကြောင့် တစ်နေ့သောအခါ သခင်မြသည် သခင်နု(၀န်ကြီးချုပ်ဟောင်းဦးနု)၊ သခင် သန်းထွန်း(ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် တောခိုနေသူ)တို့နှင့်အတူ ကင်ပေတိုင် ဗိုလ်ချုပ်ကြီး မာဇူအိုကာ၏အိမ်သို့ သွားရောက်ကြလေသည်။ ရောက်လျှင်ရောက်ချင်း သခင်မြက ၀မ်းသာကြည်နူးသောဟန်ဖြင့်-
          ““ဗိုလ်ချုပ်ကြီး ခင်ဗျားသတင်းကို ကျုပ်တို့ကြားရတာဝမ်းသာပါတယ်။ ဒါကြောင့် ကျုပ်တို့ကို ထမင်းကျွေးရမယ်နော်””
          အမှတ်မထင်ပြောလိုက်သော သခင်မြ၏စကားဆန်းကြောင့် မာဇူအိုကာသည် အံ့သြသွား၏။ ပြီးနောက်မှ သတိရ၍ ““ဘာများဝမ်းသာစရာကြားထားလို့လဲ””
          ““တစ်ခြားတော့မဟုတ်ပါဘူးလေ၊ ဂျပန်ပြည်မှာရှိတဲ့ဇနီးငယ်ဟာ သားယောက်ျားလေး တစ်ယောက်ဖွားမြင်တယ်မဟုတ်လား””
          ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကာ ““သြော် .. ဟုတ်တယ် ဟုတ်တယ်””ဟူ၍ ပြန်ပြောလိုက်လေသည်။
          ဤစကားတစ်ခွန်းကြောင့်ပင် မာဇူအိုကာ၏မျက်နှာသည် သိသိသာသာကြီး ကြည်လင် သွားလေသည်။ လူတစ်ယောက်စိတ်ရွှင်လန်းနေချိန်တွင် ကိုယ်၏ပြောစကားသည် အောင်မြင်သည် ဟူသော သဘောတရားကို သခင်မြက ကောင်းကောင်းကြီးသိထားနှင့်၏။ ထို့ကြောင့်ပင် စိတ်ရွှင်လန်းမြူးထူးနေသော မာဇူအိုကာအား သခင်မြကဆက်၍ပြောလေသည်။
          ““ကျွန်တော်တို့ဗမာမှာ ထုံးစံရှိတယ်၊ ကိုယ့်မှာသားယောက်ျားလေးမွေးရင် တတ်နိုင်သမျှ သူတစ်ပါးရဲ့အသက်ကို ဘေးမဲ့လွှတ်ရတယ်...””
          ““ဘယ်လိုများလဲ””
          ““ဆိုလိုတာကတော့ ကိုယ့်မှာသားယောက်ျားလေးဖွားတဲ့အခါမှာ သေမဲ့လူရဲ့အသက်လွှတ် ပေးရင် ကိုယ့်သားယောက်ျားလေးဟာလဲ အဘိုးတန်တဲ့ယောက်ျားကောင်းတစ်ယောက် ဖြစ်လာနိုင် တဲ့သဘောပေါ့..၊ ခုပြောလိုတာက တစ်ခြားတော့မဟုတ်ဘူး..၊ မန္တလေးကင်ပေတိုင်အဖွဲ့က ဖမ်းထားတဲ့ ကျွန်တော့်မိတ်ဆွေ ဗိုလ်ဗတင်ကိစ္စဘဲ၊ ဗိုလ်ဗတင်ဟာ လူရိုးလူအေးတစ်ယောက် ဖြစ်ကြောင်းကို ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်။ သူ့မှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်လို့ သူ့မှာသာအပြစ်ရှိရိုးမှန်ရင် ကျွန်တော်ဟာဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ကြီးကိုလာပြောဝံ့ပါ့မလဲ””                ““ခင်ဗျားပြောတာအမှန်ပဲနော်”” 
      ““ဟုတ်ပါတယ်......မယုံရင် ဗိုလ်ဗတင်အကြောင်းကိုဗိုလ်ချုပ်ကြီးကိုယ်တိုင်စုံစမ်းကြည့်ပါ””
          ကင်ပေတိုင်ဗိုလ်ချုပ်ကြီးမာဇူအိုကာသည် ထိုင်ရာမှထ၍ မန္တလေးမြို့ကင်ပေတိုင် ရှိမာဒါ ထံသို့ ၀ါယာလက်ဖြင့် ဗိုလ်ဗတင်ကိုအမြန်ဆုံးလွှတ်ရန်အကြောင်းကြားလိုက်ပါ၏။ နောက်တစ်နေ့ တွင် ဗိုလ်ဗတင်သည် ရန်ကုန်မြို့သို့ရောက်လာတော့သည်။
          ကံကောင်းထောက်မသောဗိုလ်ဗတင်သည် သခင်မြ၏ကျေးဇူးကြောင့် အသက်နှင့်ခန္ဓာ အိုးစားမကွဲပဲ ၄၄-ရက်သာ အချုပ်ခံ အညှင်းခံရပြီး လွတ်မြောက်လာခဲ့ပါသည်။ သည့်နောက်တွင် ဗိုလ်ဗတင်သည် ဗမာတပ်မတော်၌ သူ့ရှိရင်းစွဲအလုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်နေ၏။ ဗိုလ်ဗတင်လွတ်လာကြောင်းကို ဗိုလ်အောင်ဆန်းအစရှိသော ဗမာ့တပ်မတော်ခေါင်းဆောင်များက သိ၍ များစွာပင်ဝမ်းသာနေကြသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...