" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သဟာရဆရာတင် ၂

သဟာယဆရာတင် (၂)

သဟာယဆရာတင်နှင့်သူ့တေးများ
သဟာယဆရာတင်
“ဒို့ဗမာပြည်ဝယ် မိဖအပေါင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် …..”
မြန်မာ့ဂီတသမိုင်းတွင် ဓာတ်ပြားခေတ် ခေတ်ဦးပိုင်းမှစ၍ ဓာတ်ပြားခေတ် အထွတ်အထိပ် ရောက်သော ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ပြီးခေတ် အချိန်အတွင်းတွင် ဆရာတင် နာမည်ခံသည့်၊ နန်းတော်ရှေ့ဆရာတင်၊ ဝိုင်အမ်ဘီဆရာတင်၊ ဒဂုန်ဆရာတင်၊ မြန်မာညွန့်ဆရာတင် နှင့် သဟာယဆရာတင် ဂီတစာဆို စာရေးဆရာများ ပေါ်ထွန်းလာခဲ့သည်။

ထို ဆရာတင် နာမည်ခံသော ဂီတစာဆိုများအနက်၊ သဟာယဆရာတင် သည် ဂီတမျိုးရိုးမှ ဆင်းသက်လာသူမဟုတ်ဘဲ၊ သာမန်အရပ်သားဘဝမှ နိုင်ငံကျော်ခဲ့သူဖြစ်သည်။
ပြည်မြို့ ပွဲစားတန်းရပ်နေ ဦးဘိုးလူ၊ ဒေါ်အုံး တို့၏ တတိယမြောက်သား၊ ၁၉၁ဝ ပြည့်နှစ်ဖွား စနေသားဖြစ်၍၊ မောင်တင် ဟု အမည်မှည့်သည်။


ငယ်စဉ်ကျောင်းသားဘဝမှ စ၍ ဂီတ အနုပညာ ဝါသနာ ထုံခဲ့သဖြင့်၊ တပင်တိုင် မင်းသား၊ တခါတရံ မင်းသမီးအဖြစ်နှင့် ပြည်မြို့ တခွင် ပွဲပေါင်းများစွာ ပါဝင် ကပြခဲ့ဖူးသည်။ သဟာယဆရာတင် အလောင်းအလျာ မောင်တင်သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ ကျောင်းတက်နေစဉ်၊
အလံပြဘုရားလမ်း၊ မက်သဒစ်ကျောင်းတွင် ခင်မောင်ရင် (ဗိုလ်အောင်ဒင်) နှင့် ကျောင်းနေဖက် ဖြစ်ခဲ့လေသည်။
ထို ဆိုခဲ့သည့် ဆရာတင် နာမည်ခံ ဂီတစာဆို စာရေးဆရာများ နာမည် ကျော်ကြားခဲ့သော စစ်ကြိုခေတ်က၊ ရန်ကုန်မြို့ ရေကျော်ရပ်တွင် လူငယ်များ မြှင့်တင်ရေး သဟာယအသင်းဟု အသင်းတခု တည်ရှိခဲ့လေသည်။
တနေ့တွင် ကျောင်းကစားခုန်စားပွဲ ကျင်းပရာ သဟာယအသင်းက အနိုင်ရလေသည်။ အောင်ပွဲအနေနှင့် အငြိမ့်ပွဲခံရာတွင် နာမည်ကြီး အငြိမ့်မင်းသမီး ယူနီဗာစီတီမြသန်းကြည် အငြိမ့်ကို ငှားကြသည်။
အသင်း၏ ရည်ရွယ်ချက်များပါဝင်သော သီချင်းတပုဒ်ကို သဟာယအသင်းဝင် မောင်တင်က ရေးစပ်ပြီး မင်းသမီး ယူနီဗာစီတီ မြသန်းကြည်ကို သီချင်းချပေးရလေသည်။ ထိုသီချင်းသည် ပွဲဦးထွက် အောင်မြင်မှု ရရှိခဲ့ရုံမျှ မကပဲ၊ ထို နာမည်ကြီး မင်းသမီး၏ လေးစား ချီးကျူးမှုကိုပါ ရခဲ့လေသည်။


ပင်ကိုက ဂီတဝါသနာပါသည့်အထဲတွင် ထိုကဲ့သို့ ပွဲဦးထွက် အောင်မြင်မှု ရရှိလိုက်သော မောင်တင်သည် ကျေနပ် နှစ်သိမ့် အားတက်စွာဖြင့် သီချင်းရေးဆရာ လုပ်တော့မည်ဟု ဆုံးဖြတ်ခဲ့လေသည်။ နာမည်ကိုလည်း သဟာယအသင်းကို ဂုဏ်ပြု၍ ‘သဟာယမောင်တင်’ဟု ခံယူခဲ့ရာ နောင်တွင် ‘သဟာယဆရာတင်’ဟု ကျော်ကြားလာခဲ့လေသည်။
ထိုအချိန်က အငြိမ့် မင်းသမီး အဆိုတော်များသာ များပြားခဲ့သောကြောင့် ပထမဦးစွာ အငြိမ့်သီချင်းများကိုသာ အဓိကထားပြီး ရေးခဲ့ရလေသည်။ သဟာယဆရာတင် ရေးခဲ့သော အငြိမ့်သီချင်း အပုဒ်နှစ်ရာကျော်မှာ ယခုအချိန်မဆိုထားနှင့် လွန်ခဲ့သော ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင်ပင် ရှာဖွေ၍ မတွေ့ရတော့ပေ။ သီချင်းနာမည်မျှသာ ကျန်ရစ်တော့သည်။

သဟာယဆရာတင်၏ သီချင်းများသည် သီဆိုရ လွယ်ကူသည်။ ချောမွေ့ပြေပြစ်သည်။ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်းရှိ၍ ယနေ့တိုင် ခေတ်မီဆဲပင်။ အသံ ရှာဖွေထားရာတွင်လည်း ဆန်းသစ်ပေသည်။ မြန်မာသံသက်သက် အပြင် အနောက်တိုင်း သံစဉ်များကို မြန်မာ့ဟန် ဖန်တီးထားပုံမှာ ဆန်းသစ်ရုံမကပဲ၊ နားဝင်ချို၍ ယဉ်ကျေးလှပပေသည်။ သီချင်းစာသားများမှာလည်း ကျစ်လစ်ပီသပေသည်။
သဟာယဆရာတင်သည် သီချင်းအမျိုးစုံအောင် ရေးခဲ့သည်။ သဟာယဆရာတင်၏ သီချင်းများကို အငြိမ့်သီချင်းများ၊ ရုပ်ရှင်နှင့် ပြဇာတ်သီချင်းများ၊ အချစ်သီချင်းများ နှင့် နိုင်ငံရေး အမျိုးဇာတိမာန် တက်စေသော သီချင်းများဟု ပိုင်းခြားနိုင်လေသည်။ ခေတ်၏ လူနေမှုစံနစ်၊ ခေတ်၏ ရေစီးကြောင်းနှင့်အတူ လိုက်ပါလျက် အနုပညာ စွမ်းရည်ကို အချက်ကျကျ သုံးခဲ့သည်။

အေဝမ်းရုပ်ရှင်ကုမ္ပဏီနှင့် အဆက်အသွယ် ရခဲ့ပြီးသည့်နောက်၊ ‘ချစ်မဟာ’ နှင့် ‘အမေ့သား’ ဇာတ်ညွှန်းနှစ်ပုဒ်ကို ရေးပြီး ကိုယ်တိုင် ရုပ်ရှင် ဒါရိုက်တာ လုပ်ဖူးသော်လည်း ရုပ်ရှင်သီချင်း အများဆုံး ရေးခဲ့၍ ထိုပညာဖက်တွင် သူမတူအောင် ကျွမ်းကျင်သူဖြစ်သည်။ ဇာတ်လမ်းဇာတ်ကွက် ဝင်ရုံမျှမကပဲ၊ ဇာတ်ကွက်၏ အတိုအရှည်ပေါ်တွင် မူတည်၍ သီချင်းနှင့် စာသားကို အံကျအောင် ရေးသွင်းနိုင်သည်။
စန္ဒယား အေဝမ်းခင်မောင်
အေဝမ်းရုပ်ရှင်ကုမ္ပဏီ နှင့်ပတ်သက်၍ စန္ဒယား ဆရာကြီး အေဝမ်းခင်မောင်နှင့် တွဲဖက်မိကြပြီး အေဝမ်းခင်မောင်၏ မွမ်းမံဖန်တီးသော တီးလုံးတီးကွက် အဖွဲ့အနွဲ့များနှင့်အတူ မြန်မာ့ဂီတသမိုင်းတွင် မှတ်တိုင်များအဖြစ် ကျန်ရစ်ခဲ့သော သဟာယဆရာတင်၏ သီချင်းပေါင်းများစွာသည် ယနေ့တိုင် တေးချစ်သူအပေါင်း၏ နှလုံးသားအိမ်တွင် ကိန်းအောင်းနေဆဲပင်။
www2အောင်ခြင်းရှစ်ပါး ၏ တေးသံရှင် အဆိုတော် ရုပ်ရှင်မင်းသမီး မေရှင်
“အောင်ခြင်းရှစ်ပါး အသံကြားတဲ့အခါ စီးပွားဥစ္စာ အဟုတ်မကျန်အောင်မှာ ကျန်းမာ ချမ်းသာပါလို့ ဘေးဘယာမဝိုင်း …..” ကျွန်တော်တို့ ငယ်စဉ်ကတည်းက နံနက်လင်းလျှင် အဝေးတနေရာ အသံချဲ့စက်မှ ပထမဦးဆုံး ကျက်သရေမင်္ဂလာရှိစွာ ကြားရလေ့ရှိသော ‘အောင်ခြင်းရှစ်ပါး’ သီချင်းဖြစ်ပါသည်။ ကြည်လင်အေးမြလှသော အဆိုတော် ‘မေရှင်’ ၏ အသံဖြင့်၊ ထို ‘အောင်ခြင်းရှစ်ပါး’ သီချင်း အနှစ်သာရကို ယနေ့တိုင် ကြားယောင် ကြည်နူးနေဆဲ ဖြစ်ပါသည်။www3
စန္ဒကိန္နရီ ၏ တေးသံရှင် မိုးဒေဝါ မလှရွှေ
“ဂန္ဓမာ စန္ဒာတောင် စုံမြိုင်တန်းမှာ ဖူးပွင့်ကြတဲ့ ပန်းမာလာ သင်းရနံ့ကဖြာ …..” အစချီသော ‘စန္ဒကိန္နရီ’သီချင်းတွင် ကိန္နရာ ကိန္နရီမောင်မယ်တို့၏ ချစ်ခြင်းမေတ္တာနှင့်၊ ကိန္နရီမယ်၏ စံထားအပ်ဖွယ်ရာ သစ္စာတရားကို ရင်မှာ ခံစားမိကြပေမည်။ အဆိုတော် ‘မိုးဒေဝါ မလှရွှေ’၏ ဂရုဏာသံ၊ သဟာယဆရာတင်၏ စာပေ အရေးအသား အဖွဲ့ အနွဲ့ အလှ အပနှင့်၊ စန္ဒယားဆရာကြီး အေဝမ်းခင်မောင်၏ တီးကွက် အနုအရွ တို့ကြောင့် ဆိုဖွယ်ရာမရှိအောင် ပြေပြစ်လှသဖြင့်၊ မည်သည့်အခါမှ မရိုးနိုင်တော့ပါပေ။
“ရွှေပြောင်ပြောင် တောင်ပေါ်က ဘုရားဆီ မယ်နဲ့မောင် သစ္စာထားကာ ပေါင်းရပါစေကြောင်း ဆုတောင်းမည်…..” ဆိုသော ‘ရွှေပြောင်ပြောင်’သီချင်းသည် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့လှသဖြင့် သီချင်းရေးသူကို မသိကြသည့်တိုင် ထိုသီချင်းပိုဒ်ကလေးကို ကြားဖူးသူ များလှပေမည်။

များပြားလှသော သဟာယဆရာတင်၏ သီချင်းများအနက် ကျွန်တော် မှတ်မိသလောက် ဆိုလျှင် “မောင်နဲ့လည်း ကျောင်းနေစဉ် လွန်စွာပဲ စိတ်ပျော်ရွှင်….” အစချီသော ချစ်ပွဲဝင်၊ ပျို့ဆုတောင်း၊ သုံးရာသီ၊ ကိုယ်ပိုင်မေတ္တာ၊ ချစ်မှာလား၊ ချစ်ရေစင်၊ ဂုဏ်မြင့်သူ တို့ ပါဝင်ပါသည်။
သဟာယဆရာတင်၏ ယုံကြည်ချက်တရပ်မှာ ဂီတသည် အမျိုးသား စိတ်ဓာတ် စစ်ဆင်ရေးတွင် အလွန် အရေးပါ အရာရောက်သော လက်နက်တခု ဖြစ်ကြောင်းပင်။ ‘သခင်ခေတ်’ တွင် သဟာယဆရာတင် ရေးခဲ့သော ရှေးဘုရင်၊ ရွှေနန်းတက်ပွဲ၊ ဖုတ်သွင်းရထား၊  ခေတ်ပြောင်းချိန် အစရှိသော သီချင်းများကို ကြည့်လျှင် ရှေးအတိတ်ဇာတ်လမ်းကို ဂုဏ်ယူ တင်ပြလိုခြင်းနှင့် လွတ်လပ်မှုကို မြတ်နိုးခြင်းသာဖြစ်လျက်၊ သက်ဦးဆံပိုင် ဘုရင်စံနစ်ကို တမ်းတခြင်းမျိုး မဟုတ်ကြောင်းကို တွေ့ရပေမည်။

‘ခေတ်ပြောင်းချိန်’ သီချင်းတွင် ကိုယ်ပိုင်လွတ်လပ်ရေးခေတ်သို့ ရောက်တော့မည် ဟု တိတိကျကျရေးခဲ့သည်။ ထိုစဉ်က အုပ်ချုပ်နေသူ၏ ဥပဒေနှင့် မညှိစွန်းစေရန်အတွက် ‘ခေတ်ပြောင်းချိန်လဲ အမှန်ပင် ရောက်တော့မယ်’ အစား ‘ခေတ်ပြောင်းချိန်လဲ ရည်ရွယ်စောင့်တော့တယ်’ ဟု မူရင်းစာသားကို ပြင်ဆင်ခဲ့ရဖူးလေသည်။
ထို့နောက် ‘ဘီအိုင်အေ’ခေတ်တွင် ‘ဗမာ့သူရဲကောင်း’ သီချင်းကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်အတွက် ဂုဏ်ပြု၍ ရေးခဲ့လေသည်။ ‘ဂျပန်ခေတ်ဦး’ တွင် ရေးသော ဗ၊ လ၊ စ၊ (ဗမာနိုင်ငံလူငယ်များအစည်းအရုံး) သီချင်းတွင် “ရာဇဝင် ထင်ရှားအောင်ကွယ်၊ လူငယ်တွေ ကြိုးစားမောင်မယ်၊ အစည်းအရုံး ဖွဲ့ကာ ထောင်တယ် ….. ဗမာနိုင်ငံခေတ်သစ်ဝယ် အရာရာ တွင်ကျယ် ဒို့လူငယ် နောင်တခေတ်မှာ ခေါင်းဆောင် ဖြစ်နိုင်တယ်” ဟု ပီပီပြင်ပြင် ရေးခဲ့လေသည်။

‘စစ်ပြီးခေတ်’တွင် ဆိုခဲ့သော ပြဇာတ် ရုပ်ရှင်သီချင်း အများဆုံး ရေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်များအတွက် “သူရဲကောင်းပေါင်းရဲ့ ဂုဏ်ရည်ကို ဆောင်တယ် …..” အစချီသော ‘လွမ်းမပြေတဲ့ပန်းခွေ’ သီချင်းနှစ်ပုဒ်မှာ သဟာယဆရာတင်၏ နောက်ဆုံးပိုင်းလက်ရာများ ဖြစ်ခဲ့လေသည်။

သဟာယဆရာတင်သည် သူမျှော်မှန်းခဲ့သော လွတ်လပ်ရေးနေ့ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သွားခဲ့ရသော်လည်း ခေတ်ပြောင်းချိန်ကိုကား ကြာရှည်စွာ ပါဝင် မဆင်နွှဲနိုင်ခဲ့ရှာပေ။ သူချစ်သော ဇနီး၊ သားများ သမီးများနှင့် သူမြတ်နိုးသော ဂီတ အနုပညာ နယ်ပယ်ကိုပါ ကျောခိုင်း၍ အသက် ၃၈နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။

သဟာယဆရာတင်၏ သီချင်းများသည် အမျိုးစုံသလောက် ရသမှာလည်း စုံလင်ပေသည်။ အသက်အရွယ် အမျိုးမျိုး၊ အကြိုက် အမျိုးမျိုးနှင့် လိုက်လျောညီပေသည်။ ထို့ကြောင့် သဟာယဆရာတင်၏ သီချင်းများကို ထိုခေတ်အခါတွင်မကဘဲ၊ ယနေ့ထက်တိုင်အောင် တေးဂီတ ချစ်မြတ်နိုးသူတိုင်း တသိမ့်သိမ့် ခံစားနေကြရပါသည်။ ခံစားရုံမျှနှင့်သာမကပဲ မိမိတို့၏ ဘဝခံယူချက်များ အပေါ်တွင်လည်း အကျိုးသက်ရောက်စေသည် ဟု ထင်မြင်မိပါသည်။

မှတ်မိပါသေးသည်။ ကျွန်တော့်အမေက “ကြူကြူသင်း ရွှေနှင်းဆီရယ် ဆင်းရနံ့က မွှေးတယ် …..” ဟု ‘ချစ်ရေစင်’ သီချင်းကို ညည်းနေချိန်တွင် ကျွန်တော့်အဖေက အမှတ်မထင်နှင့် “မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့လား ရွှေစံပယ်ဖြူ ပန်ချင်သူကများ ….” ဟု ညည်းပြန်သည်။ အမေက “ငါ့သားအဖေက အခု ဂီတနဲ့ဝေးနေတယ်လို့ ထင်ရပေမဲ့ တချိန်တုန်းက တယောအထိုးကောင်း ကွဲ့၊ အဲဒီ ‘ဂုဏ်မြင့်သူ’ သီချင်းကို ကျကျနန ဆိုနိုင် တီးနိုင်တယ်” ဟုပြောဖူးသည်။ ထိုသဟာယဆရာတင်၏ သီချင်းများသည် အဖေတို့ အမေတို့၏ မေတ္တာဇာတ်လမ်းတွင် အောင်သွယ်သီချင်းများ ဖြစ်ခဲ့ကြပေမည်။

ကျွန်တော့်အမေက မကြာမကြာ ပြောခဲ့ဖူးသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်များ ကျဆုံးကြသည့်အခါ သဟာယဆရာတင်၏ “ဒို့ဗမာပြည်ဝယ် မိဖအပေါင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် …..” ဆိုသော ‘ဗမာ့သူရဲကောင်း’ သီချင်းကို သတိရပြီး တီးတိုး ဆိုမိရင်း မျက်ရည် ကျခဲ့ရသည့်အကြောင်း ဖြစ်ပါသည်။ ကျွန်တော် သိတတ်သည့်အရွယ်က စ၍ ထိုသီချင်းကို အမေ မကြာခဏ ဆိုလေ့ရှိကြောင်း မှတ်မိနေပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သူရဲကောင်း အာဇာနည်များအား လေးစား ဂုဏ်ယူစွာဖြင့် ‘ဂီတသူရဲကောင်း’ သဟာယဆရာတင် ရေးသည့် ‘ဗမာ့သူရဲကောင်း’ သီချင်းသည် ကျွန်တော့်နှလုံးသားမှာ စွဲမြဲခဲ့ပါတော့သည်။

“ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့အာဇာနည်တွေရယ်”
“ရာဇဝင် ထုပ္ပတ္တိလဲရှိရမယ် မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်”
ကျွန်တော့် မိဘများက ကျွန်တော့်ကို သဟာယဆရာတင်လို ဂီတစာဆိုမျိုး၊ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းချစ်ပြည်ချစ် အာဇာနည် သူရဲကောင်းမျိုး ဖြစ်လာရန် မျှော်မှန်းကောင်း မျှော်မှန်းခဲ့ကြပေမည်။
ကျွန်တော်ကား ဂီတစာဆိုလည်း ဖြစ်မလာပါ။ အာဇာနည်သူရဲကောင်း အဖြစ်နှင့် အလှမ်း ဝေးကွာခဲ့သော်လည်း မြန်မာ့ဂီတနှင့် အမိ မြန်မာပြည်ကို ချစ်မြတ်နိုးသူတဦး ဖြစ်လာခဲ့ပါ၏။ မိဘနှစ်ပါးနှင့် သဟာယဆရာတင်ကို အထူး ကျေးဇူးတင်ရပါသည်။     ။

သဟာယဆရာတင် (နန်းညွန့်ဆွေ)
မိုးဒေဝါ နှင့် မလှရွှေ (နန်းညွန့်ဆွေ)
ခေတ်ဟောင်းသီချင်းပေါင်းချုပ် (သန်းလှိုင်)
ခေတ်ဟောင်းတေးပေါင်းချုပ် ( ထုတ်ဝေသူ ဒဂုန်မင်းဆွေ)
စာအုပ် များကိုကျေးဇူးအထူးတင်စွာဖြင့် ကိုးကားပါသည်။
ရန်ဝင်း (တောင်တံခါး)
မေ ၆၊ ၂၀၀၉

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...