" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျောင်းသားလှုပ်ရှားမှု ၁၉၅၀ နိုင်ငံရေး Policy in Myanmar Students in 1950

‘၁၉၅ဝ ခုနှစ်များ ကျောင်းသားလှုပ်ရှားမှု’

အောင်ဝေး
မတ် ၇၊ ၂၀၀၉

‘ဒေါင်းပျိုထိုးဆွပ်၊ ဘယ်ညာခွပ်၍၊ လွတ်လပ်ရလေ၊ တို့တတွေသည်၊ အိုးဝေကျေးဇူးပါတကား’ ခွပ်ဒေါင်းသွေးနဲ့ ရင်းပြီးယူရတဲ့ မြန်မာ့လွတ်လပ်ရေးဟာ ရပြီးတာနဲ့ မကြာခင်မှာပဲ ပြည်တွင်းစစ်မီးကြီး ကူးစက် လောင်မြိုက်ခံရပါတော့တယ်။

၁၉၄၈ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှာ ဖဆပလ အဖွဲ့ထဲက အထုတ်ခံလိုက်ရတဲ့ သခင်သန်းထွန်းရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ လက်နက် ကိုင်တော်လှန်ဖို့ တောခိုသွားခဲ့ပါတယ်။

၁၉၄၈ သြဂုတ်လမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့၊ ညီညွတ်ရေးကောင်စီ ဖွဲ့တယ်။ ဒီအထဲမှာ တပ်မတော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်တွေ ပါတယ်။ ညီညွတ်ရေးကောင်စီရဲ့ အတွင်းရေးမှူးက ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ်နေဝင်း ညီးညွတ်ရေးကောင်စီက ဦးနုရဲ့ အိုင်စီအက်စ် ဦးကာဇီ အစရှိတဲ့ ဗျူရိုကရက်တွေ အခြေခံပြီး အစိုးရ ဖွဲ့မယ့် အစီအစဉ်ကို တားဆီးဖို့ပါ။

အကယ်၍ ဦးနုက အသာတကြည် လက်မခံဘူး ဆိုရင် ညီညွတ်ရေးကောင်စီက ပုန်ကန်ပြီး အာဏာသိမ်းဖို့ ကြံစည်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကို တောထဲရောက် သခင်သန်းထွန်းတို့ ဗကပ က လက်မခံတဲ့အတွက် မြန်မာပြည်မှာ အစောဆုံး စစ်တပ် အာဏာသိမ်းမှု ဖြစ်မယ့်ဘေးက ရှောင်လွှဲ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၉ မှာ ဖဆပလ အစိုးရကို ပုန်ကန်တဲ့ ကေအင်ဒီအို ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။

၁၉၅၁ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှာတော့ ABSU ကနဦး ဗကသ ညီလာခံကို ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ All Burma students Union (ABSU) ကို ဖျက်သိမ်းလိုက်ပြီး ABFSU လို့ ခေါ်တဲ့ All Burma federation of Students Union ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (လက်ရှိ ဗကသများ အဖွဲ့ချုပ်) ကို ပြောင်းလဲ ဖွဲ့စည်းလိုက်ကြပါတယ်။

ဒီအချိန်မှာပဲ ရန်ကုန်သက္ကသိုလ် အဝန်းအဝိုင်းမှာ ကျောင်းသားအုပ်စု (၂)ခုကွဲထွက်သွားပါတယ်။ တခုက PSF (Progressive Students Force) တိုးတက်သော ကျောင်းသားများအင်အားစု ဖြစ်ပြီး၊ ကျန်တခုက DSO (Democratic student’s Organization) ဒီမိုကရက်တpfကျောင်းသားများအဖွဲ့ ဆိုပြီး ဖြစ်ကြတယ်။

DSO ကျောင်းသားအဖွဲ့ကို ဖဆပလ ဝန်ကြီး ဦးကျော်ငြိမ်းနဲ့ ဇနီး ဒေါ်နွဲ့နွဲ့ရီတို့က ရပ်ခံပေးထားကြတာဖြစ်လို့ ဒီအဖွဲ့ကို အစိုးရ လက်ကိုင်တုတ်၊ ကျောင်းသား ညီညွတ်ရေး ဖြိုခွဲသူတွေလို့ သတ်မှတ်ကြပါတယ်။

၁၉၅၃ မှာ အောက်တိုဘာ ကျောင်းတလပိတ်ရေး အရေးတော်ပုံ ပေါ်ပေါက်လာပါတယ်။ လွတ်လပ်ရေးရပြီး၊ ဖဆပလ အစိုးရလက်ထက်၊ တက္ကသိုလ်နယ်မြေမှာ စစ်တပ်ရဲ့ သေနတ်သံ ပထမဆုံး ထွက်ပေါ်လာတဲ့ အရေးအခင်းပါပဲ။ ရန်ကုန်နဲ့ မန္တလေးက တိုးတက်ကျောင်းသား ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီး ထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။ ဒီသပိတ်တိုက်ပွဲမှာ DSO ကျောင်းသားတွေ မပါဝင်ခဲ့ကြပါဘူး။

အောက်တိုဘာ အရေးတော်ပုံအပြီးမှာ ဦးသာဘန်း၊ မောင်လင်းယုန် (ရှမ်းပြည်) စတဲ့ တိုင်းရင်းသားလူမျိုးစု ကျောင်းသားခေါင်းဆောင်တွေ ပါဝင်လာတဲ့အတွက် တိုးတက်ကျောင်းသားများအင်အားစု (PFS) ကို ဖျက်သိမ်းပြီး၊ ‘တပ်ဦး’ လို့ခေါ်တဲ့ ရန်ကုန်သက္ကသိုလ်ကျောင်းသား ညီညွတ်ရေးတပ်ဦး (Students United Front) SUF ကို ပြည်မနဲ့ ပြည်နယ် ကိုယ်စားပြုပြီး ဖွဲ့စည်းလိုက်ပါတယ်။

သမဂ္ဂရွေးကောက်ပွဲတွေ အဆက်ဆက် ဒီတပ်ဦးနဲ့ DSO တို့ဟာ အပြိုင်အဆိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၃ နောက်ပိုင်းမှာတော့ ကျောင်းသားထု ထောက်ခံမှု မရတော့လို့ DSO ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့ ရပ်ဆိုင်း ပျောက်ကွယ်သွားခဲ့ပါတယ်။

‘စစ်ကိုမလိုပါ၊ ငြိမ်းချမ်းရေးသာ ပေးကြပါ၊ စစ်ဆိုသည်မှာ အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသာ အပေါင်းလက္ခဏာ’ မြတ်လေးတို့၊ စန္ဒာချစ်ဆွေတို့ရဲ့ ပြည်တွင်းစစ် ဆန့်ကျင်ရေး တေးသံတွေ တက္ကသိုလ်နယ်မြေမှ ပျံ့နှံ့ နေတဲ့အချိန်မှာပဲ တရုတ်ဖြူ ကျူးကျော်မှု အရေးအခင်းကလည်း ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

အဲဒီခေတ် ရန်ကုန်၊ မန္တလေး ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေကို ရေးဖွဲ့ခဲ့တဲ့ မောင်သာရရဲ့ ‘ကျဉ်တုပ်ခံဝံ့ မခံဝံ့’ ၊ သိန်းသန်းထွန်းရဲ့ ‘အချစ်ဦးလေးရဲ့ အချစ်ရူး’၊ နတ်နွယ်ရဲ့ ‘အပြာနဲ့ အဝါ’၊ ကျော်အောင်ရဲ့ ‘သမဂ္ဂအလံတော်အောက်ဝယ်’ ၊ မင်းကျော်ရဲ့ ‘ငါတို့ခေတ်နှင့် အပြိုင်’ ဝတ္ထုကြီးတွေကို ကျနော် အမှတ်ရလာပါတယ်။

၁၉၅၆ မှာ ဖဆပလ ရဲ့ အထွေထွေ ရွေးကောက်ပွဲ လုပ်တယ်။ အဲဒီမှာ ဖဆပလ ကို အတိုက်ခံလုပ်မယ့် ‘ပမညတ’ ဆိုတာ ပေါ်ပေါက်လာပါပြီ။ ဒီအချိန်မှာ ကျောင်းသားတွေကလည်း တကသ (၂၅) နှစ်ပြည့် ငွေရတုသဘင်ကျင်းပပြီး၊ ဗကသများအဖွဲ့ချုပ် ABFSU ရဲ့ စတုတ္ထကွန်ဂရက် ကို ခေါ်ယူကျင်းပခဲ့တယ်။

၁၉၅၆ မတ်လထဲမှာ သတ္တမတန်း အစိုးရစစ် စာမေးပွဲ မေးခွန်း ပေါက်ကြားမှုဖြစ်ပြီး ဟယ်ရီတန် အရေးအခင်း ပေါ်ပေါက် ပျံ့နှံ့ သွားပါတယ်။ ဖဆပလ စစ်တပ်က ပစ်ခတ် နှိမ်နင်းလို့ စိန့်ပေါကျောင်းသား ဟယ်ရီတန် ကျဆုံးခဲ့ရတယ်။ ဒီတိုက်ပွဲဟာ လွတ်လပ်ပြီးခေတ် ဖဆပလ လက်အောက်မှာ ကျောင်းသားသွေး ပထမဆုံး မြေကျရတဲ့ တိုက်ပွဲပါပဲ။

၁၉၅၆၊ အောက်တိုဘာ (၁၆)ရက်နေ့မှာတော့ ဖဆပလ အစိုးရက ကျောင်းသားသမဂ္ဂများကို ရက်ပေါင်း(၃ဝ)အတွင်း ဖျက်သိမ်းရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကိုလိုနီခေတ်မှာတောင် ဗြိတိသျှအစိုးရက တရားဝင် ရပ်တည်ခွင့်ပြုခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ဖဆပလ အစိုးရက အခုလို လုပ်တာကို မကျေနပ်တဲ့အတွက် တပြည်လုံးမှာ ကျောင်းသားတွေ ဆန္ဒပြ သပိတ်မှောက်ကြပါတယ်။

၁၉၅၃ အောက်တိုဘာ သပိတ်ပြီးရင် အခု ၅၆ သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေးသပိတ်ဟာ အစိုးရနဲ့ ကျောင်းသားတွေအကြား ဒုတိယအကြိမ် ထိပ်တိုက် ရင်ဆိုင်မှု ပါပဲ။ ဒီတိုက်ပွဲမှာလည်း တပြည်လုံးက ကျောင်းသားခေါင်းဆောင်တွေ အမြောက်အများ ဖမ်းဆီးထောင်ချခံရ၊ ကျောင်းထုတ်ခံကြရပါတယ်။

ဒီလို ဖိနှိပ်ချုပ်ချယ်မှုကြားကပဲ ကျောင်းသားသမဂ္ဂဟာ ၁၉၅၈- ပြည်တွင်းစစ် (၁ဝ) နှစ်ပြည့်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ဗိုလ်မှူးချုပ်ဟောင်း ကျောဇော တို့ ဦးဆောင်တဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်းဂရက် (မြန်မာနိုင်ငံ) နဲ့ အတူ ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး ဆင်နွှဲခဲ့ကြပါတယ်။

ဒီ ၁၉၅၈ မှာပဲ ဗကသ ပဉ္စမ ကွန်ဂရက်က ထုန်ပြန်လိုက်တဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေး ကြွေးကြော်သံတွေဟာ ခွပ်ဒေါင်းအလံတွေနဲ့ အတူ လူထုထဲမှာ လွှင့်ပျံနေခဲ့ပါတော့တယ်။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ ]

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...