သစ္စာ
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပျောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။
မင်းကိုနိုင်
မက်စရာအိပ်မက်လည်းမရှိဘူး
ကန္တာရမှာ စက်ပျက်ကြာခဲ့ယာဉ်တစ်စင်းလို
ရှုခင်းသာမှာ လီဗာတစ်ဆုံးနင်းရတယ်
နောက်ကျနေပြီ အသိကညှင်း
ဘိန်းစားဘိန်းပြတ်သလို
ကဗျာငတ်ခဲ့ပါတယ်
စာငတ်ခဲ့ပါတယ်
အမြတ်တနိုးနဲ့
မစားရက် မသောက်ရက်ခဲ့သမျှ
လက်တကမ်းဖွင့်ပြ တစ်ချက်နမ်းခွင့်မရ
ဒဏ်ချိုချို ဘဝတိုတို သွားရည်ယို ငေးကောင်းတုန်း
ပဉ္စလက်ဆရာလက်ကြားက ဖော့တုံးလို
ဖျောက်ပြမှာကို သိနေလည်း
ကြည့်နေရတာပါပဲ (မသက်မသာကြည့်နေရတာပါပဲ)။
ဟော-ယကွင်းဆွဲကြီး ချမ်းကနဲခုတ်လိုက်ပေါ့
မျက်လှည့်ပွဲ ပြီးတော့မယ်
ပြန်စရာကလည်း အိမ်မရှိဘူး
မက်စရာအိပ်မက်လည်းမရှိဘူး
အိတ်ထဲလက်နှိုက်တော့
မနေ့ည နောက်ဆုံးရထားလက်မှတ်
အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။
မင်းကိုနိုင်
(စစ်တွေထောင်တွင်းစပ် ကဗျာ)
ကြယ်ကြွေသတို့သား
သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။
မင်းကိုနိုင်
(၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)
"... ... ... ... "
တိုက်ပိတ်လို့ 
ဝစီပိတ်ခဲ့ရ
အဲဒီနှုတ်ခမ်းနဲ့ ဖွဲ့ကြည့်တဲ့ဂီတ
အံ မ ကျ ဘူး ...
ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင်ကသိုဏ်းရှုခဲ့ရ
အဲဒီ့ မျက်လုံးတွေနဲ့ 
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံ မ ကျ ဘူး ...
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကို ပြန်ပြုံးပြနေရတာကိုက
အံ မ ကျ ဘူး ...
မင်းကိုနိုင်
(Q မှတဆင့်)
ကံခေသူ
မြတ်နိုးသမျှ ဆုံးရှုံးသူဟာ ကံဆိုးသမား (- ဆိုရင်)
ကျနော် အချစ်ရေးမှာ ကံခေသူ
ဆုံးရှုံးမှ တန်ဖိုးသိသူဟာ လူမိုက် (- ဆိုရင်)
မိသားစုဘဝမှာ ကျနော် မလိမ္မာခဲ့
လူမိုက်ဟာ ကံကောင်းနေမှန်း မသိလို့ မခံစားပေမဲ့
လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။
လူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။
လူလိမ္မာကံကောင်း ဇာတ်ပေါင်းခန်းတော့ မျှော်ရီရီ။
မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ ပေးပို့သူ နိုင်နိုင် (ALD)
မရှိခဏ
မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဖူး
လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဖူး
ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဖူး
နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဖူး
လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဖူး
မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ်ကဗျာ
ဘောလုံးသမား သူငယ်ချင်းများ
ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။
ဂိုးအသွင်းမခံရဖို့
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့အတူ
အပြေးပဲ ကျင့်ခဲ့ကြပေါ့။
လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...
တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ လျှက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့
လောင်းကြေးတွေပါ။
"တစ်သက် ထာဝရ သတိရနေမယ်"
အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
"ရွှေခွက်" လို့ လာရေးတဲ့ အက္ခရာတွေပါ။
တွေ့ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။
ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်
ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။
မင်းကိုနိုင်
မျှော်လင့်ခြင်း
ဆန္ဒနဲ့ဘဝ
တထပ်ထဲကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို စောင့်မျှော်နေတာပါ။
ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။
ဓာတ်စာအမျိုးမျိုးကို
အိပ်ရာထဲက ပူစာနေတဲ့
လူမမာနဲ့တူနေပြီမှန်းလဲ သိပါရဲ့။
အမေခွံ့ကျွေးသမျှ
(တကျိကျိအော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘဝက
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။
လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမဲ့ မနက်တွေမှာ
နင်က အိပ်မောကျခါစ။
"နှင်း" သီချင်းထဲကလိုပေါ့
"ခုတော့ပင်လယ်ပဲရှိတယ်" ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။
တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်။
မျောက်ကလေးတွေ သန်းရှာနေတဲ့ အရုပ်လဲပါ။
မင်းကိုနိုင်
(စစ်တွေထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ရေးဖွဲ့သည်။)
ရှစ်လေးလုံး
တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတဝိုက်
ဒေါင်းအလံပြန်စိုက်မယ်။
မင်းကိုနိုင်
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com