" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ် နေ၀င်း ရဲ့ မိန်းမများ မြန်မာ မိန်းကလေးများ Myanmar Girl of General Nay Win

(ယခင်လမှအဆက်...)
ယခုအခါ၌ ဂျွန်ရို့စ်သည် မီးဖိုဆီသို့ လျှောက်သွားပြီး မီးဖိုပေါ် တင်ထားသော အိုးအဖုံးကို လှန်လိုက်သည်။
အိုးထဲတွင် အသားများကို ချက်ထားပါသည်။ အသားတုံး များ၏ ဘေးပတ်လည်တွင် အာလူးများကို တွေ့ရ၏။ “ယုန်က သိပ်ကြီးလှတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာရှိတဲ့ လူတွေ ကောင်းကောင်းစားလို့ ရတာပေါ့။ ဒီအစား အစာကလည်း ဒေသ အစာပါ။ ခပ်ငယ်ငယ် ယုန်တစ်ကောင်ကို ချက်ထားတာလည်း ဖြစ်တယ်။ ယုန်ကို ခွဲလိုက်ပြီး အထဲမှာ အစာသွတ်၊ အစာသွတ်တဲ့ အခါ ကြက်ဥ ၃ လုံးလည်း ပါတယ်။ နောက် ဆီ၊ အမွှေးအကြိုင် စတာတွေ ထည့်ပြီး ပေါင်းလိုက်တာပါ။ ဒီယုန် တစ်ကောင်ကို လူ ၈ ယောက်ကနေ ၁၀ ယောက် ကောင်းကောင်း စားနိုင်တာပေါ့” ကျွန်တော်တို့လည်း ယုန်သားပေါင်း ပန်းကန်ကို အလယ်ထားပြီး စားပွဲကို ၀ိုင်းထိုင်ကာ ၀ိုင်ခွက်များကို မော့လိုက် ကြပါသည်။

ဂျွန်ရို့စ်နှင့် မာရီယို တို့သည် အီတလီ၌ ကွာရှင်းပြတ်စဲ ခဲ့ကြသည်။ သား ၂ ယောက် ဖြစ်သော မိုက်ကယ်နှင့် မောရစ်ကို ဂျွန်ရို့စ်က ထိန်းသိမ်း မွေးမြူခွင့် ရသည်။ သူမ၏ မိခင် မလတ် လေဖြတ်ပြီး အိပ်ရာထဲ လဲနေသည် ကိုလည်း သူမ သိရပါသည်။ ထိုအချိန်၌ မြန်မာ နိုင်ငံကို ဗိုလ်ချုပ်ကြီး နေ၀င်းက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူ ခဲ့သဖြင့် မြန်မာ နိုင်ငံသည် အထီးကျန် ဖြစ်လာရသည်။ ပြည်တွင်းရှိ သူပုန်များ နှင့်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်ဖြစ် နေလေသည်။

“မြန်မာပြည် သွားဖို့အတွက် ကျွန်မဗီဇာ မရဘူး။ ဒါကြောင့် ဗိုလ်နေ၀င်း ဆီကို ကြေးနန်း ရိုက်လိုက်ပါတယ်။ သူ့ကို အရင် ကတည်းက ကျွန်မ သိတာပါ။ သူ့ဇနီး ကစ်တီနဲ့ ကျွန်မက အလွန်ခင်တဲ့ မိတ်ဆွေ တွေပါပဲ။ အရင်တုန်း ကတော့ မကြာခဏ ကျွန်မတို့ တွေ့တတ်ပါတယ်။ သူ့ဆီကို စာရေးတဲ့ အထဲမှာ ကျွန်မ အမေရဲ့ကျန်းမာရေးဟာ ဆိုးနေပါတယ်။ ရောမ သံရုံးက ကျွန်မကို ဗီဇာ ထုတ်မပေးပါ။ ကျေးဇူးပြုပြီး ကူညီပါလို့ ကြေးနန်း ရိုက်လိုက်တာ ပါပဲ။ သံရုံးက ကျွန်မကို ခေါ်တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်မ သူတို့နဲ့ သွားမတွေ့ ပါဘူး။ ဒါနဲ့ သူတို့က လေဆိပ်မှာ ဗီဇာလာပို့ ပါ့မယ်လို့ ကျွန်မဆီ အကြောင်းကြားတယ်။ ဒီအချိန် မှာပဲ ကျွန်မအမေ ဆုံးသွားပြီလို့ ကြေးနန်းရတယ်။ ဒါကြောင့် ကျွန်မ ရန်ကုန်မသွား တော့ပါဘူး။ ဗိုလ်နေ၀င်းဆီ ကျေးဇူးတင်ကြောင်း ကျွန်မ စာရေးလိုက်တယ်။ အမေ့ အတွက်တော့ ကျွန်မ ဘာမှ လုပ်မပေး နိုင်ခဲ့ဘူး။ အမေ့ရဲ့ အရိုးပြာ ကိုတော့ သွားယူမယ်လို့ စဉ်းစား ခဲ့ပါတယ်။

“နောက်တစ်နှစ်လောက် အကြာမှာ ဗိုလ်နေ၀င်း ဥရောပကို ရောက်လာတယ်။ ကျွန်မတို့ တွေ့ဖြစ်တာပေါ့။ သူကူညီ ခဲ့တာကို ကျေးဇူးတင်တဲ့ အကြောင်း ကျွန်မက ပြောတယ်။ အဲဒီတော့မှ ကစ်တီ ဆုံးသွားတဲ့ အကြောင်းကို သိရပါတယ်။ ဒီအချိန်မှာ ကျွန်မတို့ချင်း အဆက်အသွယ် ဖြစ်ကြတာ ပဲပေါ့။ သူက ကျွန်မဒီမှာ ဘာလုပ် နေလဲလို့ မေးတယ်။ ကျွန်မကလည်း ကလေးတွေ အကြောင်း၊ ကျွန်မ ယောက်ျားနဲ့ ကွာရှင်းပြတ်စဲ ခဲ့တဲ့အကြောင်း ပြောပြတယ်။ သူက ကျွန်မကို ရန်ကုန်မှာ ပြန်နေဖို့ ပြောတယ်။ ဘာလုပ်ဖို့လဲ။ ဒီ အဖြစ်ကတော့ ရှေ့တိုး၊ နောက်ဆုတ် အခြေ အနေပါပဲ။ နောက်တစ်ကြိမ် သူ ဥရောပ ရောက်တော့ ကျွန်မကို လက်ထပ်ဖို့ ကမ်းလှမ်းပါတယ်။ ကျွန်မက မြန်မာပြည်ကို မပြန်ချင်ဘူး။ ဒါပေမဲ့ ဒီလို အခြေအနေ ကတော့ ဖြစ်လာခဲ့ တာပါပဲ” ဤသို့ဖြင့် ဂျွန်ရို့စ်သည် ၁၉၇၈ ခုနှစ်က ရန်ကုန်သို့ ပြန်လာပြီးနောက် ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် သူမတို့ လက်ထပ် ဖြစ်ခဲ့လေသည်။ “ဒီအဖြစ်ဟာ အဖြစ်အပျက် အများ ကြီးထဲက ထူးခြားတဲ့ အကြောင်းတော့ မဟုတ်ပါဘူး”
ဂျွန်ရို့စ်က ထိုအကြောင်းကို ပြောနေစဉ်တွင် ကြည်ကြည်နူးနူး မရှိပေ။ စိတ်ပျက် လက်ပျက်ဖြင့် ပြောနေခြင်း ဖြစ်၏။ သူမရှေ့တွင် ဘီယာပုလင်း တစ်လုံးရှိသည်။ ၀ိုင်ကို မသောက်ဘဲ ဘီယာကိုသာ သောက်နေပါသည်။ နောက်ထိုင်ရာမှ ထကာ ပန်းကန်များကို ယူပြီး ရေအင်တုံ ထဲတွင် ဆေးကြောနေ ပါသည်။ ပန်းကန်သံ၊ ခွက်သံများမှာ ဆူညံ နေပါတော့သည်။
၁၉၇၀ ခုနှစ် နှောင်းပိုင်းကာလ များတွင် ဗိုလ်နေ၀င်းနှင့် သူ၏ စစ်အုပ်ချုပ်ရေး အဖွဲ့ကို နိုင်ငံ တကာက ရိုသေ လေးစားမှု မရှိပေ။ ယခင်ကမူ ကွန်မြူနစ် ဆန့်ကျင်ရေး ဗိုလ်ချုပ်ကြီးကို အနောက် အုပ်စုက အသုံးချ ခဲ့ပါသည်။ ယခုသူ၏ အထီးကျန် စီးပွားရေး မူဝါဒ များနှင့် တစ်ဗိုလ်တစ်မင်း အာဏာရှင် စနစ်ကြောင့် အနောက် နိုင်ငံများက ယခင်လို မဆက်ဆံ တော့ပေ။ ၁၉၇၄ ခုနှစ်တွင် ဂေါ့ရှ်ဝှစ် တလန်က သူ့ကို ကန်ဘာရာသို့ တရားဝင် ဖိတ်ကြား ခဲ့ပါသည်။

ထိုအချိန်တွင် တရုတ်ပြည်၌ တိန်ရှောင်ပင် အာဏာရ လာခဲ့ပါသည်။ အရှေ့တောင် အာရှနိုင်ငံ များနှင့်လည်း အဆက်အသွယ် ပြန်လည်ပြုလုပ် ခဲ့သည်။ ဗိုလ်နေ၀င်း၏ အယူ သီးမှုနှင့် အုပ်ချုပ်မှု များသည် မြန်မာနိုင်ငံမှ သင်ခန်းစာများ အဖြစ် ရရှိ ခဲ့ကြသည်။ သွေးစွန်းသော သမိုင်းဖြစ်စဉ် များလည်း ဖြစ်ပေါ် လာခဲ့သည်။ သို့သော်သူသည် ဆွဲဆောင်မှု ရှိသော ယောက်ျားတစ်ယောက် ဖြစ်သည်ဟု ပင်မလာ ဂွတ်မန်းက ရေးထားပါသည်။ သူမသည် ဆစ်ဒနီတွင် ပါရဂူဘွဲ့ ရယူထားပြီး မြန်မာ နိုင်ငံဆိုင်ရာ ပညာရှင် တစ်ယောက်လည်း ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ရခိုင်ပြည်နယ် သမိုင်းကို ရေးခဲ့သူလည်း ဖြစ်၏။ ဂျွန်ရို့စ်က ပင်မလာထံ ဗီဇာပို့ပေး ပါသည်။ ဗိုလ်နေ၀င်း ပိတ်ထားသော တံခါးသို့ လာရောက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ ပင်မလာက အုတ်ရိုးကို ကျော်ကြည့်ပြီးနောက် သူမ၏ ဦးတည်ရာ လမ်းကြောင်းမှ ချာခနဲ လှည့်၍ ပြန်လာခဲ့ လေသည်။

သြစတြေးလျ တွင် ဗိုလ်ချုပ်ကြီး နေ၀င်းကို ညစာ စားပွဲဖြင့် ဧည့်ခံ၏။ သူက ဂျာမန်ဝိုင်ကို သဘောကျ၏။ သူသည် ကျန်းမာရေး အတွက် ဂျာမနီနှင့် သြစတြေး လျသို့ သွားရောက်လေ့ ရှိသည်။ ဥရောပရှိ ဆရာဝန်ကြီး များဖြင့် သူ့ကို ဆေးစစ်ပြီး ကုသလေ့ ရှိပါသည်။ သြစတြေးလျ ခေါင်းဆောင်များနှင့် ဆွေးနွေးရာတွင် အဆင်ချောခြင်း မရှိပါ။ သို့သော် သြစတြေးလျ-မြန်မာ ယဉ်ကျေးမှု သဘော တူညီချက် ကိုကား ရရှိခဲ့ကြသည်။ သြစတြေးလျ သံအမတ်ကြီးက “သူက စကော့ ၀ီစကီကို တယ်ကြိုက်တာ ကိုးဗျ။ ကျွန်တော် တစ်သေတ္တာ လက်ဆောင် ပေးခဲ့တယ်”ဟု ပြောပါသည်။

ဂျွန်ရို့စ်နှင့် ဗိုလ်နေ၀င်း လက်ထပ်ခဲ့သည့် အကြောင်းကို ဂွတ်မန်းက-
“ပြည်တွင်းက သူတွေကတော့ ဒါဟာ ကောင်းတယ်လို့ ပြောကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ဂျွန်ရို့စ်က တော်ဝင်မျိုးနွယ် နန်းသွေး ပါလို့ပေါ့။ ဒီလို လက်ထပ်လိုက်တဲ့ အတွက် သူ့အဖို့လည်း တရားဝင် ခေါင်းဆောင် ဖြစ်သွားတာပေါ့”ဟု ပြောပါသည်။ ဂျွန်ရို့စ်ကလည်း ထိုအချက်ကို သဘောတူသည်။

“လူတွေက ဒီလိုလက်ထပ် လိုက်တာကို မဆန့်ကျင် ကြပါဘူး။ ကျွန်မဟာ နိုင်ငံခြားသွေး တစ်ဝက်ပါတဲ့ ကပြား ဖြစ်တာကို မပြောကြဘဲ ကျွန်မ အမေရဲ့ နန်းသွေးပါတဲ့ အကြောင်းကိုသာ အလေးထား ကြတယ်။ မင်းမျိုးမင်းနွယ် ဆိုတာကို မြန်မာတွေက လေးစားမှုလည်း ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မဟာဆီ၊ မဟာသွေး ပါတာ အလွန် အရေးကြီးတယ်။ တော်ဝင် မျိုးနွယ်ပေါ့။ ကျွန်မဟာ လင်းပင်ရဲ့သွေးပါနေတဲ့ အတွက်ကြောင့် ပါပဲ”

ဂျွန်ရို့စ်၏ စိတ်ထဲတွင် တိုင်းပြည်ကို ကောင်းစေချင်သည်။ တိုင်းပြည်တိုး တက်ဖွံ့ဖြိုး ဖို့ကို လိုလားပြီး  ကျဆင်းမနေ စေချင်ပေ။ အနေအထိုင် ကိုလည်း မြန်မာပြည်တွင် ဂရုစိုက်ပြီး နေ၏။ အပြင်ထွက် လည်ခြင်းကို ရှောင်သည်။ သူသည် အိမ်တွင်သာ အနေများ ပါသည်။ သူမ၏ အမြင်နှင့် သဘောထား များကိုလည်း သူမ ခင်ပွန်းအား အကြံပေး လေသည်။

“ကျွန်မက ဘာလုပ်ပေး နိုင်မလဲ။ တစ်ခုခု လုပ်ပေးဖို့တော့ ရည်ရွယ်ပါတယ်။ အကျိုးရှိမယ့် အလုပ်တစ်ခု လုပ်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ လုပ်စရာ အလုပ်တွေ အများကြီးလည်း တွေ့တယ်။ သူကတော့ သူလုပ်ချင် တာတွေ လုပ်နေတာပေါ့။ ကျွန်မတို့ဟာ ကြိုးကိုင် ခြယ်လှယ်တဲ့ ဟာကို မပြောဖြစ် ပါဘူး။ သိသလောက် ကတော့ မြန်မာ နိုင်ငံလို နိုင်ငံမျိုးမှာ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်နေတယ် ဆိုတာကိုတော့ သိပါတယ်။ လူမျိုးစု အားလုံးကိုလည်း အမိန့်ပေး အုပ်ချုပ်မှု တစ်ခုတည်း အောက်မှာ ထားရှိပြီး ရေမ၀င်အောင် ပိတ်ထားသလို ပိတ်လှောင် ထားတယ်ဆိုတဲ့ အဖြစ်မျိုး ပါပဲ”

“ရှင်တို့ သိတဲ့ အတိုင်းပါပဲ။ သူ ကွယ်လွန်ခဲ့တဲ့ အချိန်မှာ သူ့ဘေးမှာ ဘယ်သူမှ မရှိဘဲ အထီးကျန် ဘ၀နဲ့ ကွယ်လွန် ခဲ့တာပါ”  (၂၀၀၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေ၀င်း ကွယ်လွန်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပွားပြီးနောက် တပ်မတော်က အာဏာသိမ်းကာ သူလည်း အထီးကျန် ဖြစ်ခဲ့ရသည်)။
သူ ကွယ်လွန်စဉ်တွင် သူ့အခြေ အနေမှာ စွန့်ပစ်ခံ ထားရပြီး မည်သူမျှ သူ့ကို အရေးတယူ မလုပ်ခဲ့ပေ။ ထိုအဖြစ်မှာ သာမန် ဗုဒ္ဓ ဘာသာဝင် တစ်ဦး သို့မဟုတ် မြန်မာလူမျိုး တစ်ယောက် ဆက်ဆံ ခံရသော အဖြစ်မျိုး နှင့်ပင် ခြားနားပါသည်။ သူကွယ်လွန်သည့် နေ့မှာပင် ချက်ချင်း သဂြုင်္ိဟ်လိုက်ကြ လေသည်။ ဈာပနတွင် မိတ်ဆွေ တစ်ယောက်မှ မရှိ။ အသုဘ ပို့သူ မရှိဘဲ အလွန်တိတ်ဆိတ် ခြောက်သွေ့လှသည့် ဈာပနပွဲ တစ်ခု ဖြစ်လေသည်။ ဗြိတိသျှ တို့က သူတို့ မလိုလား သူများကို ပြုမူ ခဲ့သလို ယခု သူလည်း ထိုကဲ့သို့ ပြုမူ ခံရခြင်း ဖြစ်ပါသည်။ ကျွန်မ အဘိုး၏ ဈာပန မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ သူ့သင်္ချိုင်း ဂူတွင် သူ့နာမည်ကို ထိုးခွင့်မရှိ။ သူ့ကို လူအများ မေ့ပျောက်သွားအောင် ဗြိတိသျှတို့က အဓမ္မ ပြုလုပ် ခဲ့ပါသည်။

လက်ထပ်ပြီး ၅ လ အကြာတွင် သူတို့ အိမ်ထောင်ရေးမှာ ပြိုကွဲ သွားလေသည်။ ဂျွန်ရို့စ်က သဘောထား မတိုက်ဆိုင်ဘဲ အိမ်ထောင်ပြိုကွဲ သွားခြင်းကို မလိုလားပါ။ သူတို့အိမ်ထောင် ပြိုကွဲခြင်းနှင့် ပတ်သက်၍ ဂွတ်မန်းက- “တစ်နေ့ ဗိုလ်ချုပ်ကြီး နေ၀င်းသည် စစ်ကာလ တုန်းက သူ၏ဂျပန် ဆရာများနှင့် တွေ့ဆုံခဲ့သည်။ ထိုဂျပန် များမှာ ယခုအခါ ကုမ္ပဏီ တစ်ခုထောင်၍ ကုန်သွယ်ရေးများ ပြုလုပ် နေပါသည်။ ဂျွန်ရို့စ်ကလည်း တစ်နေ့တခြား ဆိုးရွားနေသော မြန်မာ နိုင်ငံ၏ စီးပွား ရေးအခြေ အနေကို သိနေသည်။ ထိုတွေ့ဆုံ ပွဲတွင် ဂျွန်ရို့စ်က ခေတ်စားနေသော ဟာသ တစ်ခုကို အကြောင်းပြု၍ ရယ်မောလိုက်သည်။ ထိုအခါ ဗိုလ်နေ၀င်းက ဂျွန်ရို့စ်ကို အနောက်တိုင်း သူလျှိုဟု သံသယ ၀င်သွား ပါသည်ဟု ရေးသား ထားဖူးပါသည်”ဟု ဖော်ပြထား၏။

သို့သော် ဂွတ်မန်းသည် ထိုသို့ ဗိုလ်နေ၀င်း၏ သံသယကို အထောက် အထားပြပြီး မရေးခဲ့ပေ။ သူမက ဆက်ရေး ထားသည်မှာ ဧည့်သည်များ ပြန်သွားသော အခါ ဗိုလ်နေ၀င်းက ဂျွန်ရို့စ်ကို ဆေးလိပ်ခွက်ဖြင့် ပစ်ပေါက်လိုက်သည်။ ထိုသို့ ပစ်ပေါက် လိုက်သည်နှင့် ပတ်သက်၍ ဂျွန်ရို့စ်က- “ဒီလို ဒေါသနဲ့ တုံ့ပြန်တဲ့ အပြု အမူတွေဟာ အရင်ကလည်း ရှိနေခဲ့ဖူး ပါတယ်။ ဒေါသတကြီးနဲ့ ဒီလို လုပ်တာကို ဘာကြောင့်လဲလို့ ကျွန်မ သဘော မပေါက်ဘူး။ ဘာကြောင့် ဒီလိုပြုမှုရ သလဲဆိုတာ သူ့ကို မေးချင်ပါတယ်။ အခုဆိုရင် ကိုယ်ထိလက်ရောက် ရန်ပြုတာမျိုး အထိ သူလုပ်လာတယ်။ ဒါဟာ ရိုးရိုးသားသား မဟုတ်ဘူး။ ကောင်းပြီ၊ သူက အခုလို သွေးထွက် သံယိုဖြစ်အောင် ဆေးလိပ်ခွက်နဲ့ ပေါက်တဲ့ အခြေအနေ မျိုးရောက်လာပြီ။ အဲဒီ အချိန်မှာ အိမ်ဖော်တွေလည်း ရှိတယ်။ ဒီအဖြစ်ကို သူတို့ မြင်ရတာပေါ့။ ဒီကနေ့ အထိ ဒီအကြောင်းကို သူတို့ ပြောနေ ကြတုန်းပဲ။ အဲဒီ ဆေးလိပ်ပြာ ခွက်ဟာ ကျွန်မ နဖူးကို မမှန်ပါဘူး။ ကျွန်မ အသက်ရှင် နေတုန်းပါပဲ။ ဒီလို ပစ်လိုက်တာက ဆေးလိပ်ပြာခွက် မဟုတ်ဘူး။ ဖန်ခွက်ထဲက ရေတစ်စက်ပဲ။ ကောက်ရိုး တစ်ချောင်းပဲ”ဟု ၀ုဒ်မန်းကို ပြောပြပါသည်။

နောက်တစ်နေ့တွင် ဂျွန်ရို့စ်သည် မြန်မာ နိုင်ငံမှ ထွက်ခွာသွား လေသည်။ ဗိုလ်ချုပ်ကြီး နေ၀င်း၏ သမီးကြီး ဖြစ်သူ စန္ဒာက သူမကို လိုက်ပို့၏။ (စန္ဒာမှာ ယခု အခါ၌ အကျယ်ချုပ် အဖမ်းခံ ထားရပါသည်။) ထိုအချိန်က မြန်မာ နိုင်ငံတွင် တစ်စီးတည်းသာ ရှိသော နိုင်ငံတကာ လေကြောင်းလိုင်း အတွက် ထားရှိသည့် ခရီးသည်တင် လေယာဉ်ပေါ်သို့ အစောင့် တစ်ယောက်က တင်ပေး၏။ သူတို့ အိမ်ထောင်ရေးမှာ ပြိုကွဲသွား လေသည်။ ထိုသတင်းကို မပြန့်အောင်ကား ထိန်းကြပါသည်။ ထိုသို့ ထွက်ခွာလာသည့် အတွက် သူမအဖို့ ကံကောင်းသည်ဟု ထင်မှတ်ထား ပါသည်။

“ကျွန်မ မြန်မာပြည်က ထွက်လာတာဟာ ဆုံးရှုံးမှု တစ်ခုလို့ ခံစား ရပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်သူ တွေနဲ့ မတွေ့ရဘဲ ကင်းကွာ သွားလို့ပါ။ မြန်မာပြည် ရောက်တုန်းက ပြည်သူတွေက ကျွန်မကို ယုံကြည်ကြတယ်။ အခုလို ထွက်လာတဲ့ အတွက် ကျွန်မ အနေနဲ့ ဘာမှလုပ်လို့ မရတော့ ဘူးပေါ့။ လူထုနဲ့ အဆက်အသွယ် ပြတ်သွားသလို မြန်မာပြည်ကို အုပ်ချုပ်ထားတဲ့ လူတွေနဲ့လည်း အဆက်အသွယ် ပြတ်သွား တာပါပဲ။ အုပ်ချုပ်တဲ့ သူတွေထဲမှာ ကျွန်မကို ယုံကြည်တဲ့ သူတွေ၊ ခင်မင်တဲ့ သူတွေ ရှိပါတယ်” ဟု သူမက ပြောပြသည်။ ထိုသို့ အိမ်ထောင်ပျက်ပြီး ထွက်လာချိန်မှ စ၍ သူမသည် မြန်မာ ပြည်သူများ၊ သူမ၏ မိတ်ဆွေ အပေါင်းအသင်း များနှင့် အဆက်အသွယ် မရှိတော့ပေ။ နောက် အီတလီသို့ ရောက်လာပါသည်။

ဂျွန်ရို့စ်သည် သူမ မိသားစု အကြောင်းကို အက်ဆေးတစ်ပုဒ် ရေးခဲ့ဖူးသည်။ ထိုသို့ ရေးရာတွင် မိသားစုနှင့် သူမကြီးပြင်း လာပုံကိုသာ ရေးသားပြီး သူမခင်ပွန်း အာဏာရှင် အကြောင်း မရေးပါဟု ဆိုပါသည်။ “တစ်ခုခုကို ပြောချင်တယ်။ စာအုပ်တစ်အုပ် အဖြစ် ရေးမယ် ဆိုရင်တော့ ရေးတဲ့သူဟာ မြန်မာ့ သမိုင်းကို နားလည်တဲ့သူ၊ ကောင်းကောင်းသိတဲ့ သူဖြစ်ဖို့ လိုတယ်။ ယဉ်ကျေးမှု ကိုလည်း သိဖို့လိုတယ်။ ပညာ၊ ဗဟုသုတ ကောင်းကောင်း ရှိမှပဲ မြန်မာနိုင်ငံ အကြောင်းကို ရေးလို့ ရမှာပေါ့။ စစ် အာဏာရှင် စနစ် တည်ဆောက်ခဲ့ပုံ အကြောင်းကိုလည်း သမိုင်းအထောက် အထားတွေနဲ့ ရေးနိုင်ရမယ်။ မြန်မာပြည်မှာ ဒီလိုရေးမယ် ဆိုရင်တော့ ရေးတဲ့သူဟာ မလွယ်လှ ပါဘူး”ဟု သူမက ပြောလေသည်။

ဂွတ်မန်းက ပြောသည်မှာ ဂျွန်ရို့စ် စာအုပ်တစ်အုပ် အမှန်တကယ် ရေးခဲ့ကြောင်း သံတမန် များကပြောသည် ဟုဆိုပါသည်။ ထိုစာအုပ်၏ ခေါင်းစဉ် မှာ “နေ၀င်းနှင့် ရက်ပေါင်း ၁၀၀” 100 Days with Newin ဖြစ်သည်။ သို့သော် ထိုစာအုပ်ကို ပုံနှိပ် ထုတ်ဝေမှု မရှိအောင် သူမကို စည်းရုံး ဖျောင်းဖျ ခဲ့သည်ဟု သံတမန် များက ပြောကြောင်း ဂွတ်မန်းက ပြောပြလေသည်။ ယခု ဖလောရင့်တွင် နေရသည်မှာ သက်သောင့် သက်သာရှိ၏။ ချမ်းချမ်းသာသာ မရှိသော်လည်း အနေ အထိုင်မှာ လွတ်လွတ်လပ်လပ် ရှိပါသည်။ သူမက မြန်မာနှင့် အီတလီ အစားအစာ ချက်ပြုတ်နည်း သင်တန်းကို ဖွင့်ထားလေသည်။ အပေါ်ထပ်တွင် သူမ၏ အခန်း ရှိလေသည်။ ယခုအခါ၌ ဂျွန်ရို့စ်သည် အေးဆေး တည်ငြိမ် ဣေÿ ရစွာဖြင့် နေထိုင်လျက် ရှိပါသည်။ ကမ္ဘာလှည့် ခရီးသည် လုပ်ငန်း အတွက်လည်း သူမ၏ သင်တန်းက အကူအညီ ပေးသောကြောင့် လူသိ များပါသည်။ ထို့ပြင် ပရဟိတ လုပ်ငန်းအပြင် ရန်ကုန် အခြေခံသော ဆရာဝန်များ ကလည်း ဂျွန်ရို့စ်နှင့် အဆက် အသွယ်ရှိ၏။ နာဂစ်လေမုန်တိုင်း တိုက်ခတ်စဉ်က မြန်မာ နိုင်ငံမှ ဒုက္ခ သည်များကို အီတလီမှ အလှူငွေများ ကောက်ခံပြီး အကူအညီ ပေးခဲ့လေသည်။

ဂျွန်ရို့စ်၏ သားငယ်ဖြစ်သူ မောရစ်မှာ လွန်ခဲ့သောနှစ် အနည်းငယ် ကပင် မော်တော်ကား အတိုက် ခံရ၍ သေဆုံးခဲ့သည်။ သားအလတ် အဲလက်စ်မှာ ယခုအခါ အသက် ၂၅ နှစ်ရှိပြီး သူမနှင့် နေပါသည်။ သားအကြီး မိုက်ကယ်မှာလည်း အမေနှင့်ပင် အတူ နေလေသည်။ လွန်ခဲ့သော ၂ နှစ် က ဂျွန်ရို့စ်နှင့် အဲလက်စ်တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး အဘိုးဖြစ်သူ လင်းပင် မင်းသား၏ ဂူရှိရာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ သွားရောက် ဂါရ၀ ပြုခဲ့လေသည်။ မနက်စောစော ၅ နာရီတွင် အဘိုးအတွက် ဆွမ်းကပ်သည့် အနေဖြင့် ဆရာတော် ၁၀ ပါးနှင့် ဘုန်းတော်ကြီး ၁၂၀ ကို အရုဏ်ဆွမ်း ကပ်ခဲ့လေသည်။

အဲလက်စ်မှာ မြန်မာပြည်သို့ တစ်ခါမှ မရောက်ဖူးပေ။ အီတလီတွင် တစ်လျှောက်လုံး နေခဲ့သည့် အတွက် အီတလီ လူမျိုး လုံးလုံးလျားလျား ဖြစ်နေသည်။ ယခု တစ်ကြိမ်သာ ရောက်ဖူးခြင်း ဖြစ်၏။ “ဒီကို လာလည်ရတဲ့ အတွက် ကျွန်တော် ဘယ်လိုမှ မခံစား ရဘူး။ အမေရဲ့ အိမ်က ဖလောရင့်မှာ ရှိတာ မဟုတ်လား။ အဲဒီမှာက မိတ်ဆွေ အပေါင်း အသင်းတွေ ၀ိုင်းဝိုင်းလည် နေတာ။ ဒီမှာက ကျွန်တော်တို့ ၂ ယောက်ပဲ ရှိတယ်လေ”ဟု အဲလက်စ်က သူ့အမေကို ပြောပြသည်။ ဂျွန်ရို့စ်သည် ယခုအထိ ဗုဒ္ဓ ဘာသာဝင် တစ်ဦးအဖြစ် ရှိနေပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ အတိုင်း နေထိုင်လေသည်။

“ကျွန်မ တခြားရက်တွေမှာ ပျော်ပွဲ ရွှင်ပွဲ တွေလည်း သွားတတ်ပါတယ်။ ယခု အချိန်ထိ ကျွန်မ စာကောင်းကောင်း ဖတ်လို့ရတယ်။ မျက်စိလည်း ကောင်းတယ်။ လမ်းလည်းကောင်းကောင်း သွားနိုင်တယ်။ သေနတ်ပစ်ရင် ပစ်မှတ်ကိုလည်း မှန်အောင် ပစ်နိုင်ပါတယ်”
ဟု ကျွန်တော်တို့ကို သူမက ပြောပြ၏။ သူမ တည်ခင်းသော မုန့်များကို ကျွန်တော်တို့ အားပါးတရ စားသုံးကြသည်။ မုန့်မှာ အနံ့၊ အရသာ ကောင်း၍ အလွန် စားကောင်း လှပါသည်။ ထိုကဲ့သို့ ဂျွန်ရို့စ်၏ အိမ်တွင် စကား ပြောနေရင်း နေ့လယ်ခင်းသို့ ရောက်ရှိလာသည်။ ကျွန်တော်တို့က ဂျွန်ရို့စ်ကို ကြည့်ရင်း မြန်မာနှင့် သြစတြေးလျ ၂ နိုင်ငံ ကြားမှ ဆက်သွယ်ရေးကို စဉ်းစား နေမိသည်။ သူမသည် ကမ္ဘာ ၂ ခုကြားမှ တော်ဝင် မင်းသမီး တစ်ဦးလည်း ဖြစ်သည်။ အရှေ့နှင့် အနောက် ပေါင်းကူး ပေးထားသူလည်း ဖြစ်ပါသည်။ အချိန်ရောက်၍ ကျွန်တော် တို့ ပြန်တော့မည့် အချိန်တွင် ဂျွန်ရို့စ်က ကျွန်တော်တို့ကို လက်ပြ နှုတ်ဆက်လေ သည်။ ကျွန်တော်တို့ ရောက်လာတုန်းက အပြုံးဖြင့် နှုတ်ဆက်သလို ယခု ပြန်ခါ နီးတွင်လည်း အပြုံးဖြင့် နှုတ်ဆက်လေ တော့သည်။

2 comments:

  1. appreciate.....thanks!

    ReplyDelete
  2. ဖတ်ရတာဗဟုသုတရတော့ရတော့ကျေးဇူး

    ReplyDelete

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...