" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သုတ ရသ စာပေများ knowledge Letter အကြွေး Bill

တောင်ကြီးမြို့၊ စ၀်စံထွန်း ရပ်ကွက်မှ စန္ဒရား ဆရာ ဦးသီလ၏ သားချင်း မျိုးဆက်ဖြစ်သူ ကလေးငယ်လေး တူရိယာသံ ခေါက်နေသည်ကို ငေးရင်း မိတ္ထီလာ နယ်သား စန္ဒရား ဆရာ၏ ဘ၀ နိဂုံးကို တွေးရင်း ကျွန်တော် ပြန်ထွက်လာခဲ့ ပါတော့သည်။
ဤသည်ကား ၀တ္ထု တစ်အုပ်၏ ဇာတ်သိမ်းခန်း ၀ါကျ ဖြစ်ပါသည်။ နေသည် အရှေ့ အရပ်မှ ထွက်၍ အနောက် အရပ်သို့ ၀င်သကဲ့ သို့ပင် ၀တ္ထုတစ်အုပ် အပြီးသတ် ခဲ့လေပြီ။ သို့ရာတွင် ကျွန်တော့် တာဝန်ကား မပြီးသေး။ ထိုဝတ္ထုထဲမှ ဇာတ်လမ်းဇာတ်ကွက် များသည် ဖြစ်ကြောင်းဖြစ်ရာ အဖြစ်မှန်ပါ ရောယှက် ပါဝင် နေသဖြင့် ထိုထို ကာယကံ ရှင်များထံမှ ဆန္ဒသဘော အမှန်ကို သိရဖို့ လိုနေသည်။ ထိုသူများမှာ ကျွန်တော်နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင် ခဲ့ကြသည့် မိတ်ဆွေရင်းများ ဖြစ်သလို တချို့လည်း ကွယ်လွန် သွားကြပြီ။ မည်သို့ပင် ဖြစ်စေ ကာယကံရှင် များနှင့် သက်ဆိုင်သူတို့ ကျေနပ် ခွင့်ပြုဖို့တော့ လိုသည်။ ထို့ကြောင့်ပင် ကျွန်တော် စာပေတိုက်မှ ခွင့်ယူ၍ ဇာတိတစ်ပိုင်း ဖြစ်နေသည့် မိတ္ထီလာ မြို့နယ်၊ ၀က်ကျောက်ရွာ လေးဆီသို့ ခရီးနှင်ရန် ပြင်ဆင် ရလေပြီ။

မူလ အစီ အစဉ်မှာ နေပြည်တော်၌ တစ်ထောက်နားမည်။ စာအုပ် ဈေးကွက်ကို လေ့လာမည်။ ပြီးခါမှ မိတ္ထီလာသို့ ခရီး ဆက်ဖို့ပင်။ သို့သော် အမေသည် ၀က်ကျောက်ရွာ ဟူသော အသံ ကြားသည်နှင့် ရွှန်းပ ၀င်းလဲ့သော မျက်ဝန်းများဖြင့် ပြူး၍ ကြည့်လာသည်။ သူ့ဇာတိ၊ သူ့မွေးမြေ၊ သူ့ကျေးရွာ လေးဆီသို့ လိုက်ချင်နေရှာ သကိုး။ ကျွန်တော် နှစ်ခွန်းပင် မေးစရာ မလို။ အမေက မှတ်ပုံတင်နှင့် ရထား လက်မှတ်ခ ထုတ်ပေးပါသည်။ လိုက်ချင်လည်း လိုက်ပေါ့။ ကျွန်တော့်အတွက် ဘာမှ အပန်းမကြီး သည်မို့ မနက်စောစော ရထားလက်မှတ် ဖြတ်ရန် ထွက်လာခဲ့သည်။ အမှတ်(၅) အဆန် ရထား လက်မှတ်မှာ ထင်ထားသည် ထက်ပင် လွယ်လင့်တကူ ရခဲ့သည်။ ငွေတစ်ထောင် ထပ်ဆောင်း လိုက်ရသော်ငြား အညာပြန် ခရီးအတွက် ရထားလက်မှတ် လေးကို လက်ဝယ် ရချိန်မှာပင် ကျွန်တော့် နှလုံးသွေးများ နွေးထွေး ခဲ့ပါတော့သည်။

အညာ။
မိတ္ထီလာ အနောက်ဘက်။ ၀က်ကျောက် ကျေးရွာလေး။ ကျွန်တော် လူပျိုပေါက် ဘ၀က ငါးနှစ်နီးပါး ကျင်လည်ခဲ့သော ဒေသ။ မိုးခေါင်ရပ်ဝန်း နယ်ပယ်တွင် ယနေ့တိုင် ရှင်သန် နေဆဲဖြစ်သော ကျေးလက်။ ကဗျာ ဆရာကြီး ထီလာ စစ်သူ၏ ဇာတိရွာ ဖြစ်သော ရွှေစစ်သည် ရွာနှင့် ရွာချင်း ဆက်နေသည့် ရွာကလေး။ ကျွန်တော် ခြေတိုအောင် ဂျင်ခြေလည် ခဲ့ဖူးသည့် အညာဒေသ ဖြစ်တော့သည်။

ရထားလက်မှတ် လက်ဝယ် ရရှိစဉ်က နွေးထွေးခဲ့သော ကျွန်တော့် နှလုံးသွေး များသည် အမေ့အိမ်သို့ ပြန်ရောက်ချိန်တွင် ရပ်တန့်  ပျောက်ကွယ် သကဲ့သို့ ဖြစ်ခဲ့ရပြီး ခရမ်းမြို့ နေအိမ်သို့ ဆိုက်ရောက်ချိန်တွင် ပြောင်းပြန် အေးခဲသလို ဖြစ်ခဲ့ ရလေပြီ။ အမေသည် သူသယ်ဆောင်မည့် ၀န်စည် စလယ် မျိုးစုံအား လေးပေ-နှစ်ပေခွဲ၊ အမြင့် နှစ်ပေခန့် ရှိမည့် သံသေတ္တာ အဟောင်းကြီး ထဲသို့ ထည့်သွင်း နေသကိုး။ ကျွန်တော် မေးကြည့်တော့ ရွာမှ သားချင်း တစ်ဦး၏ သေတ္တာကြီးမို့ ပြန်ပို့ပေး ရမည်တဲ့။ သေတ္တာကြီးမှာ အနှစ် သုံးဆယ်ခန့် သက်တမ်း ရှိနေပြီ။ ကျွန်တော်စိတ် မသက်မသာ ဖြစ်ရ လွန်းသဖြင့် ထိုသံသေတ္တာ ကြီးအား ရန်သူသဖွယ် ကြည့်နေ မိတော့သည်။

အမေ့ အကြောင်းကို ကျွန်တော်သိသည်။ အသက် က ၇၅ နှစ်၊ ဒူးက သိပ်မကောင်း။ သတိက မကြာခဏ မေ့စပြု နေပြီ။ အထူးသဖြင့် သူ့လက်စွဲ သော့ချောင်း မျိုးစုံကို ဘယ်ဆီဘယ်ဝယ် ထားမိမှန်း မသိသဖြင့် ရှာခဲ့ ရသည်က အကြိမ်ကြိမ်။ သော့ ဖျက်ရပေါင်းလည်း မနည်းတော့။ တစ်ကြိမ် ပြန်တွေ့ချိန်တိုင်း သူ့သော့ ချောင်းများကို မပစ်ရက် သဖြင့် အဟောင်းရော အသစ်ပါ လက်ကိုင် ပ၀ါတွင် တွဲနှောင်၍ ချိတ်ဖြင့် တွယ်ပြီး စုထားတတ် စမြဲ။ ထိုနည်းနှင်နှင် ရွာနှင့် ပတ်သက်လျှင် ဘယ်ပစ္စည်း ကိုမှ လျှော့မည်မဟုတ်။ သံသေတ္တာ တစ်လုံးအပြင် တခြားသော လက်ဆွဲ၊ ခေါင်းခုများက ပါလာ ဦးမည်ကိုး။

ကျွန်တော် ခရမ်းမြို့ နေအိမ်သို့ ရောက်ရှိချိန်တွင် မိတ္ထီလာ ခရီးအတွက် အစ်မဖြစ်သူ မိတ္ထီလာ မြို့မှ မ၀င်းမာနှင့် ဖုန်းပြောဖြစ်သည့် အကြောင်း၊ ကလေးနှစ်ယောက် မခေါ် လာရကောင်း လားဟု မေးမြန်းနေကြောင်း  စကားစမိ လေသည်နှင့်...
“ဟုတ်သားပဲ၊ သားသု ခေါ်သွားပါလား၊ အကြီးမက ကျောင်းမပိတ် သေးဘူး”

ဇနီးအေးက စကား ဆက်လာသည်။
ကျွန်တော်ကလည်း ဘာမှ အရေးမကြီး ဟန်ဖြင့် အငယ်ကောင် သုံးနှစ်သားကို  “မင်းမိတ္ထီလာ လိုက်မလားကွ၊ မြင်းလှည်း စီးရမယ်”ဟု ပြောကြည့်သည်။ သင်းက တုံ့ခနဲ ကျွန်တော့်ကို ကြည့်ပြီ။

သူ့စိတ်ထဲ၌ မြင်းလှည်းကို ဘာထင်သည် မသိ။ အသက် သုံးနှစ် ပြည့်ပြီးချိန် အထိ တိရစ္ဆာန် ရုံသို့ ကျွန်တော် မပို့ဖြစ်သေး။ ခမျာ တောမြို့လေးမှာ မွေးဖွား ကြီးပြင်းလာရ ရှာသည်။ ကျွန်တော်၏ မဟာစာပေ ခရီးရှည် ချီတက် ပွဲအတွက် သင်းတို့ ဘ၀တွေ ပေးဆပ် နေရရှာ သကိုး။ ရန်ကုန်ကို ကျွန်တော် စွန့်ခဲ့သည်မှာ ငါးနှစ် ပြည့်တော့မည်။
“မြင်းလှည်းလေကွာ၊ တက်ကလောက် တက်ကလောက် ဆိုပြီး စီးလို့ရတယ်၊ လိုက်မလား”

ကျွန်တော် ထပ်၍သွေးတိုး စမ်းကြည့်သည်။
“ပြုတ်မကျ ဘူးလား”

“အေး၊ မကျဘူး”

“လိုက်မယ်”

ကျွန်တော့်ရင်သည် ဒိန်းခနဲ ဆတ်တုန်သွားသည်။ အခါတိုင်းဆိုလျှင် ရန်ကုန် အိမ်ကိုပင် သူ့အမေ မပါဘဲ ခေါ်၍မလိုက်။ ယခု ဘာထ ဖြစ်သနည်း။ ကျွန်တော်သည် ကြုံရတော့မည့် ဘေးဒုက္ခကို တွေး၍ ဇနီးအေးကို  ကြည့်မိသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ သားအဖနှစ် ယောက်သွားကြ၊ တို့သား အမိ နေခဲ့မယ်၊ သွားကြ၊ ခေါ်သာသွားတော့”

သူက ပွဲသိမ်း ထိုးချက်ကို နှက်ပြီးသည်နှင့် မီးဖိုချောင် ဆီသို့ ထွက်ခွာသွား လေပြီ။ ကျွန်တော်၏ အညာပြန် ခရီးက ထိုသို့ စခဲ့ ပါသတည်း။ သားသု ဆိုသည့်ကောင်မှာ တစ်ခုခု ကတိ ပေးထားလျှင် လုပ်ပေးမှ ကျေနပ်သည့် ကလေးမျိုး ဖြစ်သလို မလိမ့်တပတ် လုပ်ရ ခက်ခဲသော ကလေးမျိုးလည်း ဖြစ်သည်။ ကျွန်တော်သူ့ကို နည်းမျိုးစုံဖြင့် မိတ္ထီလာကို မလိုက်စေရန် လှည့်ပတ်ပြောမည် ကြံလေတိုင်း ဇနီးအေးက လက်ဦးမှု ယူ၍ သွင်သွင် လိုက်ပါသွား စေရန် တိုက်တွန်း ပြောနေတော့သည်။ နောက်ဆုံး ထိုတိုက်ပွဲကို ကျွန်တော် လက်လျှော့၍ သင်းကို ဆွေပြမျိုးပြ ခေါ်သွား ဖို့သာ ဆုံးဖြတ်ရ တော့သည်။ လမ်းခရီး စဉ်ကို တွက်ကိန်း ချရတော့သည်။

ရထားက မနက် ၅ နာရီ ထွက်မည်မို့ တစ်ရက်ကြို၍ ရန်ကုန်သို့လာ။ အမေ့ အိမ်မှာအိပ်။ မနက် ၄ နာရီထ။ ပုဇွန်တောင်မှ ကားငှားစီး။ ဘူတာကြီး ကိုရောက်။ ရထားပေါ်တက်။ ယင်းအတွေး စဉ်မှာ စက္ကန့်ပိုင်း မျှသာ။ တကယ့် တကယ်မှာ တစ်ညလုံး နီးပါး ကျွန်တော် အိပ်မပျော်။ ၃ နာရီတွင် အိပ်ရာမှ ထဖြစ်သည်။ ရေချိုးသည်။ အမေ့ကို နှိုးသည်။ သားသုကို နှိုးသည်။ ပြင်ကြ ဆင်ကြရင်း ၄ နာရီတွင် သံသေတ္တာ ကြီးကို အပေါ်ထပ်မှ အောက်သို့ချရန် ပြင်သည်။ အိမ်နေ ကလေးမလေး ငုဝါက တစ်ဖက်မှ ကူ၍ မပေးစဉ်...
“အမယ်လေး သေတ္တာကြီး ကလည်း”

သူ့အော်သံ ကြီးကြောင့်  ကျွန်တော် အတော်ပင် စိတ်ထင့် သွားမိသည်။
အယူတော် မင်္ဂလာ အရ ကျွန်တော် စိတ်ထဲ လေးလံ သွားခြင်းပင်။ တကယ်မှာလည်း သေတ္တာကြီးမှာ နှစ်ပေါင်း သုံးဆယ်ကျော်က လက်ရာဖြစ်သည့် နည်းတူ အဆမတန် ထူထဲလေးလံ လှပါသည်။ ကျွန်တော်နှင့် ငုဝါတို့ ခက်ခဲ ပင်ပန်းစွာ လှေကားမှ ချရသည်။ ကားငှား ပြီးချိန်တွင် ကားပေါ် တင်ရသည်။ အမေနှင့် သားသုကို တွဲပေးရသည်။ ကျွန်တော့် လက်စွဲ ကျောပိုးအိတ်၊ ပြီးတော့ သားအဖ နှစ်ယောက်၏ အ၀တ်အစား ထည့်သော ဘီးတပ်ဆွဲ အိတ်ကတစ်လုံး၊ အမေ့လက်ဆွဲ အိတ်က တစ်လုံးအပြင် စားစရာ ခြင်းတောင်းက တစ်ဆွဲ၊ ကဲ-အညာခရီး စရလေပြီ။

ဘူတာကြီးသို့ ရောက်ချိန်တွင် အထမ်းသမား တစ်ယောက်ကို ခေါ်၍ သေသေချာချာ မေးမြန်း ကြည့်မိသည်။
“ညီလေး၊ ဒီသေတ္တာကို  လပ်ဂိတ်တွဲနဲ့ သာစည် ဘူတာထိ သယ်မယ်။ အဲဒါ ကောင်းမလား။ လူစီး တွဲမှာပဲ တန်ဆာ လုပ်သွားရင် ကောင်းမလား၊ သိချင်တယ်ကွာ”

“မလုပ်နဲ့ အစ်ကို၊ သာ စည်မှာက ခဏပဲရပ်မှာ။ အစ်ကို ရွေးရပြုရနဲ့ အဆင် မပြေဘူး။ တွဲပေါ်မှာပဲ တန်ဆာဖြတ်လိုက်၊ ချရင် တော့...”

အထမ်း သမားလေးက ကျွန်တော့်ကို သနား ကရုဏာ မကင်းသော မျက်လုံးများဖြင့် ကြည့်လာသည်။
“အေးကွာ၊ တွဲ ၃ ၊ ခုံက A,B မင်းပဲ လိုက်တင်ပေးကွာ”

“ရတယ်၊ တစ်ထောင်ပဲ ပေးပါ အစ်ကို”
ကျွန်တော်မငြင်း။ မငြင်းသည့် အပြင်...။

ကျွန်တော်တို့ လက်မှတ်သည် အထက်တန်းတွဲ လက်မှတ်ပေမို့ တွဲ ၃ သည် ကျွန်တော် ထင်သလို သုံးတွဲမြောက် တွဲမဟုတ်။ ရှေ့ဆုံးမှ နှစ်တွဲက ရိုးရိုးတွဲ နှစ်တွဲ။ တတိယမြောက် တွဲက အထူးတွဲ ၁။ သူ့နောက်က ရိုးရိုးတွဲ ၃။ နောက်က အထူးတွဲ အိပ်စင်တွဲ။ နောက်က ရိုးရိုးတွဲ ၄။ နောက်က...နောက် က...။

ကျွန်တော်နှင့် အထမ်း သမားတို့ ရှေ့တိုးနောက်ငင် တွဲရှာ နေရတော့သည်။ ဆယ်တွဲမြောက် မှာမှ အထူးတွဲ ၃ ကို တွေ့တော့သည်။ ရထားတွဲ နံပါတ်များက ရှေ့နောက် အစဉ်အတိုင်း မဟုတ်ဘဲကိုး။ ကြားမှာလည်း ရိုးရိုး တွဲတွေက ရှိနေ၏။ အထမ်းသမား ခမျာ အသက်ငင် လုပြီ။ တွဲပေါ်တက်၍ သေတ္တာကြီးများ ချပေးပြီး ချိန်တွင် သူ့မျက်လုံး များကို ကျွန်တော် မကြည့်ဝံ့။ အမေကလည်း တစ်မှောင့်။ သားသုကို တွဲခေါ်ရင်း အထမ်း သမားလေး သံသေတ္တာကြီး ထမ်း၍ ရှေ့တိုးနောက်ငင် ဆွဲနေရှာ သည်ကို သူ့ကို တစ်ပတ်ရိုက်၍ သေတ္တာကြီးကို ခိုးပြေးရန် ဟန်ပြင်နေသည် ထင်ပြီး နောက်မှ တကြော်ကြော်။ ကျွန်တော့်မှာ မောလည်းမော။ စိတ်တွေလည်းပူ။ အမေ့ကို စိတ်တိုသော်ငြား ပြော၍မထွက်။ ထိုင်ခုံ ရှာတွေ့တော့မှ ငွေငါးရာ အပိုဆောင်း၍ ထောင့်ငါးရာ ထုတ်ကာ ပေးလိုက် တော့သည်။

“ကျေးဇူး တင်လိုက်တာ  ညီလေးရာ”
ကောင်လေးသည် ထောင်ဗူးဝကို နောက်တစ်ခါ ပြန်မကြည့် မိပါမှ ထောင်သို့ ပြန်မရောက် ဟူသော သဘောလိုပင် တစ်စက် ကလေးမျှ လှည့်၍ မကြည့်ဘဲ တွဲပေါ်မှ ကဆုန်ပေါက် ခုန်ချ၍ ထွက်ခွာ သွားလေပြီ။

ကျွန်တော့် ဒုက္ခမှာ မပြီးသေး။
ကျွန်တော် ဆွဲလာသည့်  ဘီးတပ်ဆွဲ အိတ်မှာ တွဲ ၃ လှေ ကားအတက်၌ မသူတော် ခွေးတစ်ကောင်၏ အပယ်တော် ရတနာပုံအား ကျွန်တော့် အလစ်တွင် ၀င်ဆောင့်ခဲ့ချေ သေး၏။ ထိုအိတ်ကို ပင့်မ၍ ပစ္စည်း စင်ပေါ်သို့ တင်လိုက်ချိန် မှာပင် ကျွန်တော့် ဘယ်ဘက်လက်သည် အေးစက် ရပ်တန့်သလို ဖြစ်သွား၏။ မိုင်းနင်းမိပြီ။ ခွေးချေးနံ့သည် ငါလာပြီ ဟေ့ဟု ကျွန်တော့် နှာခေါင်းကို မိတ်ဆက်သည်။ အိတ်ကြီးကို ပြန်ချ။ မှောင်နေသော ဘေစင်တွင် တစောင်းတင်၍ ရေဆေးရသည်။ ဘေစင်မှာ အောက်ရေဆင်း ပိုက်မပါ။ ရေဖွင့် ဆေးသမျှ ကြမ်းပြင်ပေါ်သို့ တဗွမ်းဗွမ်း ကျသည်။ ပြီတော့ ကျွန်တော် ရှိုးထုတ်စီး  လာသည့် အောကတ္တီပါ ဖိနပ် သို့စဉ်၏။

ခွေးချေးကို ဆေးကြောပြီးနောက် ရေအိမ်ခန်း သို့ဝင်၍ ခြေလက်ဆေးရ ပြန်သည်။ ထိုင်ခုံဆီသို့ ကျွန်တော် ပြန်လာချိန်တွင် ထိုင်ခုံ စနစ်မှာ A-1 ထိုင်ခုံက တစ်ခုံတည်း သီးသန့်။ B-1 နှင့် C-1 က တွဲ လျက်တစ်ခြမ်း။ ထို့ကြောင့် C-1 သမား လာလျှင် A-1 နှင့်  လဲကြည့်ဖို့ ကျွန်တော် စဉ်းစား ထားပါသည်။ ကံကောင်း ထောက်မစွာ အသက် ၃၀ ခန့် လူတစ်ဦး C-1 ထိုင်ခုံသို့ မည်သည့် ၀န်စည် စလယ်မှ မပါဘဲ ရောက်လာသဖြင့် ကျွန်တော် အခြေ အနေကို ခေတ္တ စောင့်ကြည့်ပြီး စကားစ လိုက်သည်။

“၀ူး...၊ ၀ူး ၀ါး၊ ၀ါး”
သူက ကွမ်းငုံထားလျက် ကျွန်တော် ပြောသမျှ ကွမ်းကို မထုတ်ဘဲ ခေါင်းချည်း ခါပြနေသည်။ ထူးလှ ပါတကား။ ကျွန်တော် ဆက်မပြော လိုတော့။ သူကပင် သူ့လက်မှတ်ကို ထုတ်ပြလာသည်။ ကျွန်တော် ယူမကြည့်တော့။ မလဲလိုလည်း နေစေတော့။ ခဏနေတော့ သူက အပြင်သို့ ထွက်သွားတော့သည်။

ကျွန်တော်လည်း သံသေတ္တာကြီး ထိုင်ခုံနောက်တွင် နေရာကျ၊ မကျစစ်ဆေး၊ အမေ့ ဆွဲခြင်းကို နေရာချ၊ စင်ပေါ်မှ ဆွဲအိတ်ကို  ကြိုးချည်၊ ရှေ့ဆက်မည့် ခရီးစဉ်ကို တွေးတော နေတော့၏။ ရထားသည် မိတ္ထီလာကို မဖြတ်။ သာစည် ဘူတာမှာ ဆင်း၊ မြင်းလှည်းငှား၊ ကားဂိတ်ကိုသွား၊ မိတ္ထီလာ ကားစီး၊ ဇွဲရုံရှေ့မှာ ကားဂိတ်ဆုံး၊ မြင်းလှည်းထပ်ငှား၊ ဟား... မောပါဘိ။

“ဘယ်ထိုင်ခုံ ထပ်နေတာလဲ ပြောစမ်း”

လေသံ တင်းတင်းနှင့် အတူ အသက် ၅၀ ခန့် ဦးလေးကြီး တစ်ဦး၊ မီးရထား ၀န်ထမ်း တစ်ဦးနှင့် တကွ စောစောက C-1 ထိုင်ခုံမှ ကိုယ်တော်ချောတို့ ရောက်လာပြီး ကျွန်တော့်ကို ကြည့်၍ မေးခွန်းထုတ်သည်။
“ဘာပါလဲ ခင်ဗျာ”

“C-1 ထိုင်ခုံ ထပ်နေတယ်ဆို၊ ပြစမ်းပါဦး ခင်ဗျားလက်မှတ်”

“ဟာဗျာ၊ ဘယ်သူက ထပ်တယ် ပြောလို့လဲ၊ ကျွန်တော်တို့က A-1 နဲ့ B-1 သူ့ကို A-1 မှာ လဲထိုင်ပေး နိုင်မလား၊ တစ်ခုံတည်း သီးသန့် စီးပါလားလို့ မေးတာဗျ”

“ဒုက္ခပဲ။ သူက နားမကောင်း ဘူးဗျ။ တကယ့် ကွာ...”

ဦးလေးကြီးက ညည်းတွားရင်း သူ့လူကို သူ့နည်း သူ့ဟန်ဖြင့် ပြောဆိုရှင်းပြ ပါတော့သည်။ ကိုယ်တော်ချောက ခေါင်းကုတ်နေသည်။ ပြီးတော့မှ လဲပေး ပါတယ်ဗျာတဲ့။ ကျွန်တော်လည်း ၀မ်းသာ အားရဖြင့် စင်ပေါ်မှ အိတ်ကိုကြိုးဖြေ။ တစ်ဖက်စင်သို့ ရွှေ့။ အမေနှင့် သားသုကို ရွှေ့။ ပြီးမှ သက်ပြင်း ဟူးခနဲ ချတော့သည်။ ကိုယ်တော်ချောက ဆေးလိပ်ကမ်း ပေးလာသဖြင့် တစ်လိပ်ယူ၍ ပါးစောင်မှာ ခဲရင်း ရွှေညာဆီသို့ သီချင်း အလိုက်ကို ပြန်တွေးတော ရလေပြီ။

နောင်လာ လတံ္တ့သော အနာဂတ်တွင် အဘယ်သို့ သော ပုဂ္ဂိုလ် ဖြစ်မည်ဟု မခန့် မှန်းနိုင်သော မောင်သားသု၏ အံ့အားသင့် စဖွယ် မေးခွန်း တစ်ခုကြောင့် ငိုက်မျဉ်းနေသော အိပ်ချင် စိတ်ကလေး လန့်၍ ပြေးလေပြီ။
“ဖေကြီး၊ ဘုရားက ဘာနဲ့ လုပ်ထားတာလဲ ဟင်”

သူ့မေးခွန်း ဖြစ်ပေါ်ပုံမှာ  ဤသို့တည်း။ ရထားလမ်း ဘေးဝဲယာ တစ်လျှောက် တွေ့ မြင် ဖူးမြော်ရသည့် စေတီ ပုထိုးနှင့် ရုပ်ပွားတော်တို့ကို ပြ၍ ကျွန်တော်က “လက်အုပ်ချီနော် သား၊ ကုသိုလ်ရတယ်”ဟု ပြောမိ ခဲ့သကိုး။
“ဘာမေးတာလဲ”

“ဘုရားက ဘာနဲ့ လုပ်ထားတာ လဲလို့”

မိတ်ဆွေတို့ ဘယ်သို့ ဖြေမည်နည်း။
ကျွန်တော် စဉ်းစားရ လေပြီ။ တော်တော်ကြီး စဉ်းစား ပြီးခါမှ-
“တန်ခိုးနဲ့ လုပ်ထားတာကွ”

သူက ကျွန်တော့် အဖြေကို သံယောင်လိုက်ချေ သေး၏။ သို့ရာတွင် ရုပ်ရှင်ဇာတ် ကားများ၊ မျောက်ဝူခုံး ကားများ မကြာမကြာ ကျွန်တော်နှင့် ကြည့်ဖူးသည်မို့ ပါဝါတို့၊ တန်ခိုးတို့ သူသိ နေသဖြင့် ဘာမှ ဆက်မမေးချေ။ ကံကောင်းသည်မှာ အမေက သားသုကို သူ့ထိုင်ခုံသို့ လွှဲတင်၍ ဆက်လက်ထိန်းသိမ်း ပေးသောကြောင့်ပင်။ ပို၍ ကံကောင်းသည်မှာ လက်မှတ်စစ် ရောက်လာချိန်တွင် ထိုင်ခုံနောက်တွင် ချထားသည့် သံသေတ္တာ ကြီးအား တန်ဆာဆောင်ဖို့ တစ်ခွန်းမှ မပြော။ သားသု အသက် အရွယ်ကို မေး၍ ၃ နှစ် ပြည့်လျှင် နောင်တွင် ကလေး လက်မှတ် ဖြတ်ပါရန် တိုက်တွန်းသွားခြင်း မျှပင်။
ရထားသည် ဘူတာစဉ် များကို ဖြတ်သန်း လာခဲ့သည်။ နေမင်းသည် တရွေ့ရွေ့ အရှေ့မှ အနောက် ခရီးနှင်ဆဲ။ ရထားသည် တောင်မှမြောက်သို့ ဆန်နေဆဲ။

နေပြည်တော် ဘူတာသို့ ဆိုက်ရောက်ချိန်တွင် ၀တ္ထုစာ အုပ်လက်ဆောင်ပေးပါမည်ဟု ညီမဖြစ်သူ ပင်မြင့်စံ(ရွှေဘို) အား ကတိပေးထားသဖြင့် မူလပြောထားသည့် တွဲ ၃ ဆိုသော သုံးတွဲမြောက်တွဲရှိ ရာသို့ ကူးခဲ့ရသည်။ သူတို့ လည်း သုံးတွဲမြောက်တွဲကို  တွဲ ၃ အဖြစ် ထင်မှတ်မည် မှာ မလွဲ။ ရထားဆိုက်ချိန်မှာ  သူတို့ သုံးတွဲမြောက်နေရာ၌  ရပ်နေကြသည်။ ရထားမှာ ဆယ်မိနစ်ခန့် ရပ်နားပေးပါ သည်။

ရထား ထွက်လာချိန်တွင် ရှေ့တွင် ရပ်နားမည့် သာစည်ဘူတာ အတွက် ကျွန်တော်ပြင်ဆင် ရတော့မည်။ တွဲထိန်း ကောင်လေးကို မေးမြန်း ကြည့်ချိန်တွင် အမြန် ရထားသည် နောက်တိုး ဘူတာများ အဖြစ် ရေတာရှည်နှင့် တပ်ကုန်းတွင် ရပ်နားကြောင်း၊ ၀န်ထမ်းများ အတွက်ဖြစ်ကြောင်း ရှင်းပြပါသည်။ တပ်ကုန်းဘူတာ ပြီးလျှင် သာစည်ဘူတာ ရောက်မှ ရပ်ပါမည်တဲ့။

ကျွန်တော့်အတွေ့ အကြုံအရ သာစည် ဘူတာသည် အတက်အဆင်း များလှသည်မို့ ကြိုတင်၍ စနစ်တကျ အကွက် ချနိုင်မှ ဖြစ်တော့မည်။ သံသေတ္တာ ကြီးကို ပြတင်းပေါက်ပေါ် မှေးတင်။ အမေနှင့် သားသုကို အရင်ဆင်းခိုင်း။ ၀န်ပေါ့များကို ချပေး။ ပြီးမှ ကျွန်တော်ဆင်း။ သံသေတ္တာ ကြီးကိုအောက်မှ ဆွဲပွေ့ချ၊ သို့မဟုတ်...
ကျွန်တော် အရင်ဆင်း။ သားသုကို ပြတင်း ပေါက်မှချ၊ ၀န်ပေါ့များကို ချပြီးမှ အမေ့ကို ဆင်းခိုင်း၊ သံသေတ္တာ ကြီးကို ပြတင်းပေါက်မှ ဆွဲချ၊ သို့မဟုတ်...

ရထားသည် ကျွန်တော် တွေးတောနေဆဲ တရွေ့ရွေ့ ဆက်လာခဲ့သည်။ ရမည်းသင်းနှင့် ပျော်ဘွယ်ဘူတာ များကို ကျော်လာခဲ့ပြီ။ ကျွန်တော် ပထမ အတွေးကို အကောင်အထည် ဖော်ကြည့်သည်။ သံသေတ္တာ  ကြီးကို ထိုင်ခုံနောက်မှ ထုတ်၊ ခုံတန်း ပေါ်သို့ ပင့်မ၍ ပြတင်းပေါက်နှင့် ချိန်ပြီးမှေးတင်။ ထိုအပေါ်မှ ဘီးတပ် ဆွဲအိတ်ကို တင်ကြည့်သည်။ မရ။ ပြတင်းပေါက် အပြည့် ပိတ်ဆို့သွား၏။ မဟုတ်သေး။ ကျွန်တော် တွေးရ ပြန်လေပြီ။ အကြံအစည် သစ်ကိုကြံသည်။ ကျွန်တော်တို့ ထိုင်ခုံက တံခါးပေါက်နှင့် နီးသည်မို့ သံသေတ္တာ ကြီးကို တံခါး ပေါက်မှချ၊ ဘီးတပ်ဆွဲအိတ် ကိုဆွဲ၊ ကျောပိုးအိတ်ကို လွယ်၍ ဆင်းလျှင်ကော။ ထိုအကြံ မဆိုး။ ရထားသည် သာစည် ဘူတာသို့ အောင်သံ ပေးနေပြီ။ ရှမ်းမ-ညောင်ရမ်း-နွားထိုး ဘူတာ ငယ်များကို ကျော်လာခဲ့ပြီ။

ကျွန်တော် သံသေတ္တာ ကြီးကို ထိုင်ခုံပေါ်မှ ပြန်ချ၊ တရွတ်တိုက် ဆွဲ၍ တံခါးဝ ဆီသို့ပို့သည်။ သေတ္တာကြီးက အပြားလိုက် ဆိုလျှင် တံခါးဘောင်နှင့် မလွတ်။ ထို့ကြောင့် ဒေါင်လိုက် လှည့်ရ၏။ ပြီးမှ အပေါ်က ဘီးတပ်ဆွဲ အိတ်ကိုတင်။ ကျောပိုးအိတ်ကို သိုင်း၍၊ တံခါးလက်ကိုင် သံတန်းကို ဆွဲ၍ ထိပ်ဆုံးမှ ကျွန်တော် ဖြစ်လေပြီ။ ချွေးဒီးဒီး ကျနေပြီ။ တွဲပေါ်မှ ခရီးသည် တချို့လည်း သာစည် ဘူတာမှာ ဆင်းရန် ပြင်ဆင်ပြီး တံခါးဝ ဆီသို့ ထွက်လာကြပြီ။ အမေ နှင့်သားသုကို နောက်မှ ဆင်းစေမည်။ ၀န်ပေါ့များကို ပြတင်းပေါက်မှ ချမည်။ ကိုင်း- သာစည်ဘူတာ ဆီသို့ တရွေ့ရွေ့ ချဉ်းကပ် လာခဲ့ပြီ။

“သား လုပ်ဦး၊ လုပ်ဦး၊ သားသု အီးအီး ပါမလို့”

“ဟာ အောင့်ထားကွာ၊ ဟေ့ကောင်၊ ဘူတာ ၀င်နေပြီ”

ပုဂ္ဂိုလ်လေးသည် ကျွန်တော့်စကားကို ကောင်းစွာ နားထောင်ရှာသည်။ ငုတ်တုတ်ထိုင်ချ လိုက်လေပြီ။ တံခါးဝမှာ လူတွေတန်းစီ နေတော့၏။ ကျွန်တော် သံသေတ္တာ ကြီးကို ကျော်ခွ၍ သင်းကိုဆွဲကာ အိမ်သာဆီသို့ ပို့ရလေပြီ။ အမေကတော့ ပစ္စည်းစောင့်။

သင်းက တစ်နေကုန် စားသောက်ခဲ့သည့် ပြောင်းဖူး၊ စမူဆာ၊ ထမင်းနှင့် လက်ဖက်သုပ်၊ စာကလေးကြော်၊ အအေး၊ နေကြာစေ့ တို့အား မလွယ်ပေါက်မှ အားရပါးရ စွန့်ပစ်လေပြီ။ ကျွန်တော်သင်းကို ခွ၍ မြန်မြန်ကိစ္စ ပြီးစေရန် ရေဆေး ပေးခါမှ သင်းက စွန့်ပစ် ပစ္စည်းများကို ရေဓာတ်ဖြင့် ခြေနှပ်ပေးသည် ထင်၍ မရပ်မနား စွန့်နေတော့၏။ ရထားမှာ သာစည် ဘူတာသို့ ဖြည်းညင်းစွာ ၀င်လာ ခဲ့လေပြီ။

သင်းကိစ္စ ပြီးပြီးချင်း အမေ့ လက်ထဲကိုအပ်၊ တံခါးဝ လက်ကိုင်တန်း ဆီသို့ ပြန်ကျော်ခွ၍ တိုးရပြန်သည်။ အပေါက်ဝမှ လူများက ဖယ်ပေးပါသည်။ မဖယ်၍လည်း မဖြစ်။ ကျွန်တော် ချထားသည့် သံသေတ္တာ ကြီးနှင့် ဘီးတပ် ဆွဲအိတ်တို့က အပေါက်ကို ပိတ်ထားနှင့် သည်ကိုး။ ဘူတာတွင် ရထား ရပ်လေပြီ။ ဆွဲအိတ်ကို  ဆွဲ၍ဆင်း၊ သံသေတ္တာ ကြီးကို ပွေ့၍ချ။ သားသုကို ပြတင်းပေါက်မှ ချီ။ ၀န်ပေါ့ များကိုယူ။ ပြီးမှ အမေ့ကို ဆင်းစေသည်။ ကံကောင်းစွာပင် တွဲ ၃ ဆီသို့ တက်လူ မများချေ။

“ကျွန်မ ကယ်လီသယ် ပါရစေရှင်”

ကျွန်တော်တို့ အနားသို့ ခပ်ရွယ်ရွယ် အမျိုးသမီး တစ်ဦး ရောက်လာသည်။
“နိုင်ပါ့မလား၊ သေတ္တာက အလေးကြီးနော်”

“ရပါတယ်။ ဟိုအိတ်ပါ သယ်ပေးမယ်။ ပေးချင် သလောက်ပဲ ပေးပါ”

ကျွန်တော် မခိုင်းဝံ့သေး။
“သေတ္တာပဲ မကြည့်ပါဦး၊ အိတ်က ဘီးပါတယ်။ ကျွန်တော် ဆွဲခဲ့မယ်”

“ဟုတ်ကဲ့ရှင့်၊ ပင့်ပေးဦးနော်”

“လုပ်လေ၊၊ မိတ္ထီလာ ကားဂိတ် သွားမယ့်မြင်း လှည်းဂိတ်ကို ပို့ပေး၊ ငါးရာ ယူလိုက်နော်”

ကျွန်တော် ပြောပြီးသည်နှင့် သေတ္တာကို ပင့်တင်ပေးရန် တစ်ဖက်မှ ဆွဲမပေးသည်။ အမျိုး သမီးက တစ်ဖက်မှ ပင့်သည်။ သေတ္တာမှာ ကောင်းစွာမကြွ။ သူက အားတင်း၍ ဆွဲပင့်သဖြင့် ခါးလယ်ဆီသို့ ကြွတက်လာ၏။ ရာမ မင်းသားသည် လေးတော်တင် ခန်း၌ အားစိုက် သကဲ့သို့ ခမျာ သူ့အစာကို မလွတ်တမ်း ပင့်မရှာသည်။ နောက်တော့ ခါးဆီမှ တစ်ဆင့် ခေါင်းပေါ်သို့ ကြွတက်လာ၏။ လက်မှတ်ပေါက်သို့ လျှောက်လေပြီ။ ဓာတ်တိုင် နှစ်တိုင်ကျော်ကျော် လျှောက်ရသည်။ အမေနှင့် သားသုလည်း နောက်က သုတ်ခြေတင်၍ လိုက်ရတော့သည်။  လက်မှတ်ဂိတ်ကို ဖြတ်ပြီးချိန်တွင် ခမျာခြေလှမ်း ယိမ်းနဲ့စ ပြုလာ၏။ သို့သော် သူ့အစာကို မစွန့်။ ထိုကာလ အတွင်းသူသည် အားနွဲ့သော မိန်းမသား မဟုတ်။ အမျိုးသမီး ဦးစားပေးရေး ၀ါဒလည်း မလို။ သူ့ဝမ်းစာ သူရှာသလို ကျွန်တော်သည်လည်း အမေ၊ သားသု ၀န်ထုပ်ဝန်ပိုး အ၀၀ဖြင့် ခရီးဆုံး ရောက်ဖို့သာ အဓိက ပေကိုး။

မြင်းလှည်းသည် ဘူတာနှင့် မလှမ်း မကမ်း၌ လူစောင့်ခေါ် နေပါသည်။ အမျိုး သမီးဆီမှ သံသေတ္တာ ကြီးသည် မြင်းလှည်းဆရာ လက်ထဲသို့ ရောက်သည်။ သာစည်-မိတ္ထီလာ ကားများက ဘူတာတွင် ရပ်ခွင့်မရှိ။ မြို့လယ် လမ်းမကြီးတွင် ဂိတ်ထိုး ရပ်နားသည်မို့ တစ်ဆင့် ခရီး ဆက်ကြရသည်။

ကားဂိတ်တွင် မီးရထားဆင်း ခရီးသည် တစ်စု ရောက်နှင့်နေသည်။ မြင်းလှည်းမှာ လမ်းမကြီးတွင် ရပ်ခွင့်မရ ကြုံရပြန်သည်။ တန်ဆောင်တိုင် အခါ သမယမို့ ကထိန်လှည့်လာ ကြသည့်အတွက် ၀ီစီသံ တရွှီးရွှီးဖြင့် လမ်းရှင်းစနစ် ဆောင်ရွက် နေကြသည်။ မြင်းလှည်းက ၀င်းခြံဝ တစ်ခုရှေ့၌ ရပ်ပေးပါသည်။

ပစ္စည်းများ ချနေခိုက် မိတ္ထီလာ ကားတစ်စီး ထိုးဆိုက်လာ၏။ ကားခေါင်းခန်း ရဖို့ အလောတကြီး ပြေးသွား ရပြန်သည်။ ကျွန်တော်တို့ သားအမိ တစ်သိုက်နှင့် ပစ္စည်းခတို့ ပေါင်းလိုက်လျှင် ၄၅၀၀ကျပ်ဖြင့် ဈေးတည့်သည်။ သံသေတ္တာ ကြီးကို ဟိုင်းလတ်ကား ခေါင်မိုးဆီသို့ ပင့်ရမရ ပြန်သည်။

အချိန်မှာ ည ၇ နာရီ ထိုးလေပြီ။ ကျွန်တော့် တာဝန်မှာ မပြီးသေး။ ကားသမားကို အရိပ်အခြည် ကြည့်၍ သာကြောင်းမာကြောင်း၊ လုပ်ငန်းအကြောင်း မေးမြန်းပြောဆို ကြည့်ပြီးကာမှ-
“ကားဆရာရေ... ခင်ဗျာတို့ ကားက ဇွဲရုံရှေ့မှာ ဂိတ်ဆုံးတာ မို့လား”

“ဟုတ်တယ်ဗျ”

“အေးဗျာ၊ ပစ္စည်းတွေနဲ့ မြင်းလှည်း တစ်ခါ ငှားရဦးမယ်”

“ခင်ဗျားက ဘယ်ဆက် သွားရမှာတုံး”

“ဈေးမြောက်ဘက်၊ ၀ါးတန်းက မ၀င်းမာတို့ အိမ်ကိုသွားမှာ၊ ကမ္ဘောဇ ဘဏ်နဲ့ ကပ်ရက်လေ”

“ဟာဗျာ ဒုက္ခ မရှာပါနဲ့၊ ကျုပ် ထောင့်ငါးရာပဲ ပေး၊ လိုက်ပို့မယ်”

“တစ်ထောင်ယူဗျာ၊ ကျေးဇူး တင်ပါတယ် ကားဆရာရယ်”

သူက သဘော တူစွာဖြင့် နှုတ်ဆိတ်နေ၏။ ကျွန်တော့်တာဝန် ပြီးလေပြီမို့ သက်ပြင်းမောကြီး ဟည်းနေအောင် ချမိတော့သည်။ နဂိုတုန်းက ဒီသံ သေတ္တာကြီး သယ်လာရပါ့ မလားဟု အမေ့ကိုရော၊ ရွာမှ သေတ္တာပိုင်ရှင် ကိုရော ဒေါသူပုန် ထမိသေးသည်။ သို့ရာတွင် အရှည်သဖြင့် စဉ်းစား ကြည့်မိရာမှ အကြွေးကို သတိ ၀င်လာတော့၏။

မိဘသည် ကြွေးဟောင်းပေကိုး။
အမေတစ်ယောက် သူ့အတွက် ပါလာသည်က အ၀တ်အစား သုံးလေးစုံ မျှသာ။ ကျန်သည့်ဝန်စည် စလယ်များမှာ သူ့ဆွေမျိုး သားချင်းများ အတွက် အစီ အစဉ်ဖြင့် သံသေတ္တာ တစ်လုံး ပြည့်တော့သည်။ ထို့ပြင် လက်ဆွဲခြင်းက တစ်ခြင်း၊ ဆွဲအိတ်က တစ်လုံး။ ကျွန်တော်ဘာမှ မပြောလိုတော့။ ကျွန်တော် ပြုသမျှသည် ကြွေးဟောင်းဆပ်ခွင့် မြူမှုန်မျှ ဖြစ်စေတော့။

ဟိုကောင် သားသု။
သင်းကတော့ ကြွေးသစ်စင်စစ်။ မေးလိုက် မြန်းလိုက်သည်မှာ ဗြောင်းဆန် နေသလို မသိရ မချင်း တရစပ် မေးမြန်းတတ်သည့် ဗီဇနှင့်ကောင်။ အစားဆို ဘာမှမငြင်း။ ရေပြောင်းမြေပြောင်း ခရီးတွင် ရထားစီး နေသည်မို့ အမေ့ကိုပင် တစ်ချက် မမေးဘဲ ပျော်မြူး နေသည်ကိုး။ သူ့ကို ပြုစု လိုက်လျော ရသမျှ ကြွေးသစ်ချ နေခြင်းပင် ဖြစ်စေတော့။

မ၀င်းမာတို့ အိမ်ရှေ့သို့ ကားထိုးဆိုက် ချိန်တွင် အစ်မကြီး စန်းက အပေါ်ထပ်မှ အော်၍ နှုတ်ဆက်သည်။ မ၀င်းမာ ပြေးဆင်းလာပြီး နောက်ကျ နေသောကြောင့် စိတ်ပူနေကြောင်း၊ ရန်ကုန်သို့ ဖုန်းဆက်မေးနေ ဖြစ်ကြောင်းပြောရင်း သံသေတ္တာကြီး ကားပေါ်မှ ချသည်ကို ၀ိုင်းကူပေးသည်။
“ဒါကြီးက ဘာကြီးတုံး။ ဘယ်မလဲ မင်းလှူမယ့် စာအုပ်တွေ”

ဘုရားရေ...
ရန်ကုန်မှ အဒေါ် တစ်ဦးက ကွယ်လွန်သူ ခင်ပွန်းသည်၏ စာအုပ် စင်ပေါ်မှ စာအုပ်မျိုးစုံ အပြင် ကျောင်းသုံး ဖတ်စာအုပ် မျိုးစုံ လှူဒါန်း ပေးပါရန် ကျွန်တော့်ကို တာဝန် ပေးထားသည်။ ကျောင်းသုံး စာအုပ်မျိုးစုံ ၁၇၀ ပါသည်။ ကျွန်တော်ဘယ်မှာ သယ်နိုင်မည်နည်း။ ဖြစ်ရပ် အစုံကို ပြောပြ လေသောအခါ အစ်မကြီးစန်း တို့က သံသေတ္တာ ပိုင်ရှင်ကို မေတ္တာပို့ ကြတော့သည်။ အမေကတော့ အပြုံးမပျက်။ သူ့အား ညနေ ၅ နာရီကပင် လာစောင့်နေသည် ဆိုသောရွာမှ ဆိုင်ကယ် ကယ်ရီသမား ကိုဖိုးဇော် ရောက်နေကြောင်း ကြားရသဖြင့် ထပင်ကချင် နေသည့်ပုံ။ အမေရွာကို ရောက်ချင်နေသည့် ဆန္ဒကို မည်သူမျှ တား၍မရ။ ညနက် နေပြီမို့ မ၀င်းမာက ဆိုင်ကယ် သမားကို ပြန်လွှတ်လိုက်၍ တော်တော့သည်။
အမေနှင့် ကျွန်တော်ရွာသို့ ခရီး ဆက်ကြမည့် အစီ အစဉ်က မတူကြ။ ရွာမှာ သန်ဘက်ခါ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့တွင် ဆွမ်းလောင်းပွဲ ရှိသည်။ အမေ မနက်ဆိုလျှင် သွားနှင့်မည်။ ကျွန်တော်နှင့် သားသုတို့ မိတ္ထီလာတွင် တစ်ရက် နေဦးမည်။

ကျွန်တော့်လုံးချင်း ၀တ္ထု ကိစ္စကို အေးအေးဆေးဆေး စဉ်းစားရပြီ။ ၀တ္ထုထဲမှ ကာယကံရှင် တချို့မှာ ယခင်က တောင်ကြီးမြို့မှာ နေခဲ့ဖူးပြီး ယခု မိတ္ထီလာတွင် ပြန်ရောက် နေကြသည်။ သူတို့နှင့် တွေ့ရဦးမည်။ ပြီးတော့ ကျွန်တော် တွဲဖက်ကျောင်း တက်ခဲ့စဉ်က ဆရာရင်း ဖြစ်ခဲ့သူ ဦးစိုးသန်း။ ကျောင်းနေဖက် သူငယ်ချင်း ဖိုးကျော်တို့ မိသားစု။ ဆရာမ မတင့်စန်းတို့ မိသားစု တစ်သိုက်နှင့်  စကားတွေ ဖောင်ဖွဲ့ ရဦးမည်။ ဈေးထဲမှ စာပေ မိတ်ဆွေများနှင့် တွေ့ရဦးမည်။ ထိုအတွေး များကြောင့် မေတ္တာ များစွာဖြင့် ဖွဲ့နှောင် ထားသော ဇာတိသွေးဖြင့် နွေးထွေးစွာ ကျွန်တော်အိပ်ပျော် သွားတော့သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...