" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်း ၏ နောက်ဆုံးမိန့် ခွန်း ( ၁၉၄၇ ဇူလိုင် ၁၃ မြို့ တော်ခန်းမ )

အစတုန်းက တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကို ကိုယ့်နယ်ဆိုင်ရာ ကိုယ့်ပရိသတ်ကို တိုင်းပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်နေတယ် ဆိုတာ အစီရင်ခံဖို့ စီစဉ်ခဲ့တယ် အခြား တိုင်းပြည်တွေမှာ လွှတ်တော် အမတ်တွေကို တင်မြှောက်တဲ့ အခါ လွှတ်တော် အမတ်တွေဟာ အစည်းဝေး မရှိတဲ့ အချိန်အခါမှာ ကိုယ့်နယ်ကို ကိုယ်ပြန်ပြီး လွှတ်တော်မှာ ဘာတွေ လုပ်တယ် ဆိုတာကို အခြေအနေ အရပ်ရပ် အစီရင်ခံတဲ့ ထုံးစံ ရှိတယ်။ အဲဒီ ထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲ ဖြစ်စေချင်တဲ့ အတွက် ဖဆပလ အဖွဲ့ချုပ်မှ ရန်ကုန် နယ်အသီးသီးကို လွှတ်တော် အမတ်တွေပြန်ပြီး အစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ ပြောတဲ့အခါ တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေဟာ ကိုယ့်နယ်တိုင်းမှာ ပြန်၍ အစီရင်ခံကြတဲ့ နိုင်ငံရေး ရှင်းလင်းပွဲများ လုပ်ခဲ့ကြတယ်။ ယနေ့လဲ ရန်ကုန် တမြို့လုံး အတွက် ဖြစ်တယ်။

ကျွန်တော်က နဂိုရ်က ပြောခဲ့တဲ့ အတိုင်း ယနေ့ ကျနော့် နိုင်ငံရေး ရှင်းတမ်းဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေမဟုတ်ဘဲ ရန်ကုန်မြို့နယ် တနယ်က တင်မြှောက်လိုက်တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်တယ်ဆိုတာ နယ်သူ နယ်သားတွေ သိရအောင် အစီရင်ခံဖို့ အဓိက ရည်ရွယ်ချက်ထားပြီး ပြောဖို့ဘဲ။ ကနေဒါ တောင်အာဖရိက စတဲ့ နိုင်ငံတွေကတော့ သွေးတူ သားတူ ဖြစ်တယ်ဆိုပြီး အကုန်လုံး မျက်နှာဖြူ လူမျိုးတွေဖြစ်တော့ သူတို့အဖို့မှာ အင်္ဂလိပ် ရှင်ဘုရင်ကို သူတို့ ဘုရင်အဖြစ် ထားကြတယ်။

'ဒိုမီနီယံ' သဘောကတော့ အင်္ဂလိပ် ရှင်ဘုရင်ထားပြီး အင်္ဂလိပ်နှင့် တအိမ်ထောင်တည်း သဘောထားပြီး နေရတဲ့ဟာဘဲ၊ ဥပဒေ သဘောအားဖြင့် မျိုးတူလျှင် သူ့တိုင်းပြည် သူအုပ်ချုပ် သွားတယ်။ အဲသည်လို အုပ်ချုပ်တဲ့ အခါမှာ တိုင်းပြည်မှာ ရှိတဲ့ လွှတ်တော်တွေဟာ အာဏာ ရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ရတဲ့ လက်တွေ့လုပ်တဲ့ နေရာမှာ လုပ်နိုင်တယ်၊ ကျွန်တော် အဆင့်အတန်းမှာ ကျွန်တော်တို့ အာဏာရှိတဲ့ အဆင့်အတန်း မဟုတ်ဘူး။ နိုင်ငံခြား ဆက်သွယ်တဲ့ နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို အခြားနိုင်ငံက မေးတဲ့ အခါမယ် သမ္မတ နိုင်ငံလား၊ လွတ်လပ်သော နိုင်ငံလား၊ ဒိုမီနီယံလား မေးလျှင် ဘယ်လို ဖြေရမလဲ မသိဘူး။ ဘယ်လို ခေါ်ရမလဲ ဆိုတာ ပြန်ဖြေရလျှင် အစိုးရရဲ့ အခြေအနေအရ မရေရာလို့ မဖြေနိုင်ကြောင်း ပြောရမှာဘဲ။ အိန္ဒိယပြည်မှာကတော့ သြဂုတ်လမှာ 'ဒိုမီနီယံ' အစိုးရ ဖြစ်သွားလျှင် သူတို့ အစိုးရ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်အတန်းထက် မြင့်သွားမယ်။

သူတို့နယ်တွေမှာ ပေါ်လာမဲ့ တိုင်းပြည်ပြု လွှတ်တော်တွေမှာ အချုပ်အချာ အာဏာနှင့် ပြည့်စုံမဲ့ လွှတ်တော်တွေ ဖြစ်တယ်။ အဲဒီ တိုင်းပြည်ပြု လွှတ်တော်က ရေးဆွဲမဲ့ ဥပဒေတွေကို ချက်ခြင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီလို အိန္ဒိယပြည်က တပန်းသာတာ ရှိမယ်။ အဲဒီနေရာမှာ (ဗမာပြည်) တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အာဏာသဘော ဖြစ်တဲ့ အဆင့်အတန်းကိုတော့ ရပါတယ်။

အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်ရေး ကိစ္စနှင့် ပတ်သက်လို့ ဖဆပလ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်နဝါရီလမှာ ကျင်းပတဲ့ ပထမဆုံး ညီလာခံ သဘင်ကြီးက ဗမာပြည်ဟာ လုံးဝ လွတ်လပ်ရေး လိုချင်တယ်။ တခြား ဘယ်လို အဆင့်အတန်းမှ မလိုချင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ သိတဲ့ အတိုင်းဘဲ။ လွန်ခဲ့တဲ့ မေလက ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံ သဘင်မှ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံ ထူထောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တိုင်းပြည်ပြု လွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် တင်သွင်း ဆုံးဖြတ်ခဲ့တဲ့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဖဆပလ အဖွဲ့ချုပ်က အလုပ်လုပ်တာ အင်မတန် ရှင်းတယ်။ အဲဒီလို ဖြစ်တဲ့အတိုင်း လုံးဝ လွတ်လပ်ရေး ရအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း တိုင်းပြည်က သိတဲ့အတိုင်း တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရအောင် လုပ်နေဒါဘဲ။ တနှစ်လဲ မစေ့သေးဘူး။ တနှစ် ဆိုသော်လည်း အလျော့အပေါ့ နည်းနည်းပါးပါး ရှိမယ်။

တိုင်းပြည်ပြု လွှတ်တော်က ဗမာပြည် လုံးဝ လွတ်လပ်ရေး ရအောင် မလုပ်နိုင်လို့ ရှိရင် ကတိဖျက်တယ် ပြောနိုင်တယ်၊ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရအောင် ကြိုးစားနေတယ်။ လုပ်ငန်းကို အောင်မြင်သည် မအောင်မြင်သည်ကို ယခုအခါ မပြောနိုင်သေးဘူး။ လုပ်ငန်း မပြီးသေးဘူး။ ခင်းဗျားတို့ ပြီးတဲ့ တနေ့မှာ အောင်သလား၊ မအောင်သလား တွေ့ရမယ်၊ ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်လဲ ဆိုတာ မြင်လာမယ်၊ ယခုအခါ ကြီးကြီးကျယ်ကျယ် မပြောလိုဘူး ဖဆပလ အဖွဲ့ချုပ်ဟာ သွေဖယ်ပြီး လုပ်တာ မရှိဘူး။ သို့သော်လည်း အဲဒီလို လွတ်လပ်ရေး ရအောင် လုပ်တဲ့ နေရာမှာ အလွယ်ဆုံး အကောင်းဆုံး အအေးဆုံးနည်းနဲ့ ရအောင် ကျွန်တော်တို့ လုပ်နေတယ် ကျွန်တော်တို့မှာ ဘာအပြစ် ပြောစရာ ရှိသလဲ။ ဘယ်သူတွေက ဘာကြောင့် အပြစ်တင်ရသလဲ အဲဒီလို လုပ်တဲ့ နေရာမယ်၊ ဖဆပလ အဖွဲ့ချုပ်က ဒိုမီနီယံဘဲ လက်ခံတော့ မလိုလို ပြောဆို ရေးသား နေကြတယ်၊ ခင်ဗျားတို့ တိုင်းပြည်က ယုံချင် ယုံနိုင်တယ်၊ မယုံချင် နေနိုင်တယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။

ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။ လွန်ခဲ့တဲ့ နှစ်မှစ၍ လွတ်လပ်ရေး စခန်း ဘယ်အထိ တက်လာသလဲ အစရှိ သဖြင့်အချက်အလက်တွေ မြင်ရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ တဆင့် တက်သလား၊ လွတ်လပ်ရေး လုပ်ငန်း တဆင့် တက်လာတာတွေ ရက်များ မကြာမီ မြင်ရမယ်၊ ကျွန်တော် ယခု အစိုးရနဲ့ ဟိုတုန်းက အစိုးရတွေကို ယှဉ်ကြည့်လျှင် မတူဘူး ဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲတယ်၊ အခု အစိုးရ အဖွဲ့ထဲမှာ လာဘ်စားတဲ့လူ မရှိဘူး၊ ယခင် အစိုးရတုန်းက တည့်တည့်လင်းလင်း ပြောရဲတယ် လာဘ်စားတဲ့ လူတွေ ရှိတယ်၊ ဒီလူတွေရဲ့ ပါတီ ပြန်လည် အာဏာရအောင် လုပ်နေတာကို တိုင်းပြည် အတွက် စေတနာ ပါသည် မပါသည် ဖြစ်စေ တိုင်းပြည်ရဲ့ ရန်သူနံပါတ် (၁) ဖြစ်တယ်။ခင်ဗျားတို့ ထောက်ခံရင် ခင်ဗျားတို့ လည်ပင်း ကြိုးကွင်းတပ်ရာ ရောက်မယ်။

ကျွန်တော်တို့ အစိုးရဟာ တိုင်းပြည်လူထု ထောက်ခံလို့ ဖြစ်လာတဲ့ အစိုးရ ဖြစ်တယ်၊ တိုင်းပြည် လူထုက မကြည်ညိုဘူးလို့ သိလာတဲ့ တနေ့မှာ တွယ်ကပ် မနေဘူး ထွက်ပေးမယ်၊ သို့သော် တနှစ်လောက် စောင့်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လို လူစားလဲ ဆိုတာ သိမယ်။ ရာဇဝင်မှာ အဆဲခံမဲ့ လူစား မဟုတ်ဘူး ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိမယ်၊ လွတ်လပ်ရေးရတဲ့ အခါမယ် အခွင့်အရေး ပိုတာ ရှိမယ်၊ တာဝန်တွေ ပိုလာမယ်၊ ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်း အခါမှာ ဗမာပြည် ကာကွယ်ရေး အတွက် အင်္ဂလိပ်ရဲ့ တာဝန်ဘဲ၊ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ဗမာပြည် ကာကွယ်ဖို့ ဗမာတွေရဲ့ အဓိက တာဝန် ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။

တိုင်းပြည် ကာကွယ်ဖို့ ဗမာပြည်မှာ စစ်သားတွေ လိုလာမယ်၊ အဲဒီအခါ ဗမာတိုင်း အရွယ်ရောက်သူတိုင်း ကျန်မာရေးနဲ့ ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်၊ ခင်ဗျားတို့ တိုက်ချင်တိုက် မတိုက်ချင်လဲ တိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန် ကြေမယ်။ လွတ်လက်ရေး ရတဲ့အခါ ယိုးဒယားလို ဖြစ်ချင်သလား၊ တူရကီလို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား၊ ဆိုဗီယက် ရုရှားလို ဖြစ်ချင်သလား။ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည် ထူထောင်ရေး စီမံကိန်းများကို အမျိုးမျိုးသော နည်းများဖြင့် လုပ်မှ ခပ်ရိုင်းရိုင်း ဗမာစကား ပြောရလျှင် အတော်ကို ပြဲအောင် ကျိုးစား လုပ်ကိုင်မှ အနှစ် ၂၀ လောက်ကြာမှ ဗမာပြည် တော်ရုံရောက်မယ် မလုပ်လို့ ရှိရင် ယိုးဒယားတောင် မှီမှာ မဟုတ်ဘူး။

အခြား လွတ်လပ်သော တိုင်းပြည်များ ခြေတလှမ်း လှမ်းလျှင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံရမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ ဒီလူလာလဲ မျက်နှာချို သွေးရ၊ ဖာသယ်နိုင်ငံ ဖြစ်မှာဘဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် လုံ့လ ဝီရိယဖြင့် ကြိုးစား အားထုတ် လုပ်ကိုင်ဖို့ လိုတယ်၊ ဗမာရဲ့ စိတ်ဓာတ်ဟာ ကျွန်တိုင်းပြည် ဖြစ်သည့်အတိုင်း ပုသိမ်ဘက် လှေပြိုင်ပွဲ တပွဲမှာ မြင်ရသလို လှေတစင်းကို အနည်းငယ် နိုင်လိုက်၍ ပန်းသို့ မဝင်ရသေးခင် လှေတက်ကို မြှောက်သလို ဗမာ့ စိတ်ဓာတ်ဟာ အောင်မြင်ခြင်းသို့ မရောက်ခင် စိတ်ဓာတ် လျှော့ပေါ့တတ်မှု ရှိတယ်။ ဒီလို စိတ်မျိုး မထားဘဲ ရှုံးရှုံးနိုင်နိုင် မလျော့တမ်းလုပ်ဖို့ တည့်တည့်လင်းလင်း သတိပေးခဲ့မယ်။

ဗမာပြည်မှာ လူအမျိုးမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ပိုင်း ဖြစ်သော လက်ဝဲသမား အချင်းချင်း မကွဲဖို့ သတိပေးလိုတယ်။ နိုင်ငံရေးသမား ချေထိုးမှုကို ယောင်မှားသွားလို့ ရှိရင် ခင်ဗျားတို့ လွတ်လပ်ရေး မရဘဲ အိန္ဒိယပြည်လို အင်္ဂလိပ် ပေးသမျှ မယူဘဲ မနေနိုင် ဖြစ်လိမ့်မယ်၊ ပြန်လည် ထူထောင်ရေးနှင့် ပက်သက်၍ ဗမာပြည်ဟာ မိအေး နှစ်ခါနာ ဆိုသလို စစ်ဒဏ် နှစ်ကြိမ်ခံခဲ့ရသည့် အတွက် ကူးသန်း ရောင်းဝယ်မှုများ ပျက်စီးခဲ့တယ်၊ ဗမာပြည်မှာ စားကုန် သောက်ကုန် အသုံးစရိတ် ကြီးမြင့်ခြင်းဟာ ခင်ဗျားတို့ ဘုံးပေါလအော သုံးမှုကြောင့် ဖြစ်တယ်။ ခြိုးခြံ သင့်တာ ခြိုးခြံ ကိုယ့်အိမ် စိုက်စားသင့်တာ မစားဘဲ နိုင်ငံခြား သွင်းကုန်ပေါ်မှာ မှီစားသည့် အတွက် ဈေးကြီးတယ်၊ ပုဂ္ဂိုလ် တဦးတယောက် ဖောက်ပြန်တာလဲ ရှိမယ်၊ အဖွဲ့ အနေနှင့် ဘယ်တော့မှ မလုပ်ဘူး၊ ဖဆပလ အဖွဲ့ချုပ်မှ စေတနာကောင်းဖြင့် လွတ်လပ်ရေး ရုပ်လုံးဖော်ရာမှာ အကောင်းဆုံးနည်း အအေးဆုံးနည်းနှင့် လုပ်နေတယ် နောက်ဆုံး အေးအေးဆေးဆေး နည်းနှင့် မရလျှင် ရတဲ့နည်း လုပ်မယ်လို့ ပြောခဲ့ပြီ လွတ်လပ်ရေး လိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်း ညီညွတ်မှုတွေကို ထိမ်းသိမ်းထားပါ၊ ထူထောင်မှုကို လုပ်ကြပါ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာ ကိစ္စအတွက် အလုပ်လုပ်တဲ့ နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ စောက်ကျင့်တွေ ပြင်ဖို့ လိုနေပြီလို့ ကျွန်တော် ပြောခဲ့မယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။

( ပါလီမန် ဒီမိုကရေစီ ပါတီ၊ က နေ ရှာဖွေထုတ်ပြန်တင်ပြတာကို ပြန်လည် ကူးရေးတာပါ။ နောက်ပြီးတော့ ဗိုလ်ချုပ်ရဲ့ စကားမိန့် ခွန်းက ခုခေတ်နဲ့ ကိုက်ညီမှု ရှိနေသေးပါတယ်။ )

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...