" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သခင်အုန်းမြင့်

သခင်အုန်းမြင့်

အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်လွမ်းစာ

သခင်အောင်ဆန်း၊ သခင်အုန်းမြင့် (လက်ျာဒုတိယလူ) အိန္ဒိယသို့သွားရောက်စဉ်။
 
ကနေ့ ၂၀၁၁၊ စက်တင်ဘာလ ၁၇ ရက်၊ စနေနေ့။အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ပြီ။

နှစ်လည်ဆွမ်းကျွေး အလှူဒါနပြုရာ အဘနေအိမ်သို့ မသွားဖြစ် သောကြောင့် အဘအကြောင်းကို မိမိတွေးနေမိသည်။ အဘနှင့် မိမိ ပတ်သက်ခဲ့သည်များကို လွမ်းတနေမိသည်။ အဘအကြောင်း အတ္ထုပ္ပတ္တိအကျဉ်းကို တစ်ဖန် ပြန်လည် ဖတ်ရှုကြည့်သည်။


၁၉၉၆ ခုနှစ်၊ စာပေဂျာနယ်ကို မိမိ နှင့် ခွန်ဂျာမှိုင်းတို့ တာဝန်ယူနေစဉ် ကာလ 'နယ်ချဲ့ဆန့်ကျင်ရေး၊ မျိုးချစ် စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ နှစ် ၁၂၀ ပြည့်အထိမ်းအမှတ် စာပေ ဂျာနယ်'ကို ထုတ်ဝေရန် စီစဉ်နေကြသောအခါ အဘ သခင်အုန်းမြင့်သည် အားတက်သရော အကူအညီပေးခဲ့ ပါသည်။


သခင်အုန်းမြင့်
 
'မှိုင်း ရာပြည့်ကော်မတီဝင်များ'ဖြစ်ခဲ့ဖူးသည့် ရှေ့နေကြီး ဦးထွန်းတင် (ယခုကွယ်လွန်)၊ ဦးစောလွင် (ဗမာ အမျိုးသမီးပုံနှိပ်တိုက်) (ယခုကွယ်လွန်) တို့နှင့်လည်း ဆက်သွယ်ပေးခဲ့ပါသည်။ ဘကြီးမှိုင်းနေထိုင်ခဲ့ရာ စမ်းချောင်းရပ်၊ ချမ်းသာလမ်း၊ အမှတ်-၅ နေအိမ်၌ ဘကြီးမှိုင်း၏မျိုးဆက် ဦးတင်အောင်၊ ဦးသန်းစိုးလှိုင် အပါအ၀င် အနွယ်တော် များနှင့်လည်း မိတ်ဆက်ပေး၍ ၎င်းမိသားစုထံမှ ဘကြီးမှိုင်း၏ ရှားပါး ဓာတ်ပုံများ၊ အချက်အလက်များကို ရယူပေးခဲ့ပါသည်။

တစ်ခါတစ်ရံ ရန်ကင်းမြို့နယ် အမှတ် ၃ (ဘီ)၊ သုခ၀တီလမ်းနေအိမ်သို့ မိမိ ကိုခေါ်၍ ဘကြီးမှိုင်းနှင့် ပတ်သက်သော ပန်းချီပုံ၊ ပို့စကတ်များ၊ သတင်းစာ၊ ဂျာနယ်ဟောင်းများထုတ်ပေးခဲ့ပါသည်။ တစ်ခါတစ်ရံ 'စာပေဂျာနယ်' အလုပ် တိုက်တည်ရှိရာ ကန်တော်ကလေးသို့ ဘဘ ဦးစောလွင်ကို အဖော်ပြု၍ အဘ ရောက်လာပြီး 'ဘကြီးမှိုင်း နှစ် ၁၂၀ ပြည့်' စာပေဂျာနယ် မည်သည့် အခက် အခဲတွေ ရှိသနည်းဟုဂရုတစိုက် မေးလေ့ ရှိပြီး ပါသင့်ပါထိုက်သည့် စာမူ၊ ဓာတ်ပုံ များကို အကြံပြုညွှန်ကြား၊ အလေးထား တိုက်တွန်းတတ်ပါသည်။

အဘ သခင်အုန်းမြင့်သည် ၁၉၃၉ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံး ဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင် သခင်တစ်ဦးဖြစ်ခဲ့သူ၊ ဘကြီးမှိုင်း အပေါ် အလွန်လေးစား ကြည်ညိုလွန်းသူ အမာခံတစ်ဦးပီပီ ဘကြီးမှိုင်း နှစ် ၁၂၀ ပြည့်စာပေဂျာနယ် အထူးထုတ်အပေါ် ကြီးစွာသော အထောက်အကူပြုသူ ကျေးဇူးရှင်ဖြစ်ပါသည်။ အဘ သခင်အုန်းမြင့်ကို မိမိ ချစ်ခင် လေးစားပါသည်။


သခင်အုန်းမြင့်ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဆွမ်းကျွေး တရား နာပွဲကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သခင်အုန်းမြင့်မိသားစုနဲ့အတူ တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
 
အဘနှင့် မိမိသည် စာပေအခမ်းအနားအချို့၊ စာပေသမား များ၏ သာရေး၊ နာရေးအချို့တွင် ကြုံဆုံတတ်ပါသည်။ အထူးသဖြင့် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အမရပူရ တောင်လေးလုံး ဦးပညာကျောင်း၌ ကျင်းပမြဲဖြစ်သည့် 'အမေ လူထု ဒေါ်အမာ၏ မွေးနေ့ပွဲ'သို့အသွား ရန်ကုန်-မန်း အမြန်ရထားတွဲပေါ်၌ အဘနှင့် မိမိ အမြဲဆုံပါသည်။

အဘနှင့် အတူ ဘဘ လေထီး ဦးအုန်းမောင် (ယခုကွယ်လွန်)၊ ဘဘ သခင်သိန်းဖေ (၀ါးခယ်မ)၊ ဦးမောင်မောင်ခင်၊ ဦးစိုးမြင့် နှင့် ဖျာပုံနီလုံဦး၊ ကိုထက်မြက်၊ ဒေါက်တာတင်စံဦးတို့ ရှိနေပါသည်။ အဘတို့ဝိုင်းသည် စားသောက်ဖွယ် စုံလင်လျက် စည်ကားနေသည်။ အဘသည် ပျော်ရွှင်စရာစကားများကိုသာ ပြောတတ်သည်။ အဘ၏ မျက်နှာ သွင်ပြင်မူရာမှာ လန်းဆန်း ရွှင်ပြုံးနေ လေ့ရှိသည်။

အမေ လူထုဒေါ်အမာ မွေးနေ့ပွဲ အခမ်းအနားအပြီး တောင်သမံအင်းစောင်း မယ်ဇယ်ပင်တန်းရိပ် အကြော် ဆိုင်တစ်ဆိုင်၌ အဘတို့ အုပ်စု ၀ိုင်းဖွဲ့လေ့ ရှိပြီး လူငယ်စာပေသမားများကို အကြော်များခေါ်ကျွေးလေ့ရှိသည်။ အဘသည် အသက် ၈၀ ၀န်းကျင် အရွယ်နှင့် မလိုက်အောင် သွက်လက် ဖျတ်လတ်လွန်းလှသည်။ ဝေါ့ကင်းရှူး၊ ဂျင်းဘောင်းဘီပြာ၊ ရှပ်အင်္ကျီရှည် လက်ခေါက်ဝတ်လျက် လျှာထိုးဦးထုပ် ဆောင်းကာ ချည်လွယ်အိတ်ကို စလွယ် သိုင်းလွယ်ပြီး နေပူမိုးရွာမရှာင် ထီး တစ်ချောင်းနှင့် သွားလာလှုပ်ရှားဟန် များသည် လူရွယ်၊ လူလတ်တစ်ဦး အလား ထင်မှတ်မှား ရသည်။
အဘ၌ ၀င့်ကြွားခြင်း၊ မောက်မာ ခြင်း၊ ဟိတ်ဟန်တို့မရှိ။ ဘ၀ကို ရိုးသား ဖြောင့်မတ်စွာ အေးဆေးငြိမ်သက် ညင်သာစွာ နေထိုင်ပြုမူ တတ်သူ ဖြစ်သကဲ့သို့ အဘသခင်အုန်းမြင့်၏ ဘ၀ဖြတ်သန်းမှု အစဉ်အလာသည် ကား မြန်မာနိုင်ငံသမိုင်းထဲ၌ ပီပြင်စွာ ရုပ်လုံးကြွ လျက်ရှိသည်ကား အမှန် ဖြစ်သည်။

အဘကို ၁၉၁၈၊ ဧပြီ၊ ၂၈ ရက်တွင် လက်ပံတန်းမြို့၌ မွေးဖွား။ ၁၉၃၄ တွင် ဆယ်တန်းအောင်၊ ဆေးတက္ကသိုလ်သို့ တက်ဖို့စာရင်း ပေးသွင်းပြီးခါမှ မတက် ဖြစ်တော့ဘဲ ရန်ကုန်သတင်းစာလောက ထဲသို့ ခြေစုံပစ်ဝင်ခဲ့သူ။

 မြန်မာ့အလင်းသတင်းစာတွင် ဆယ့် နှစ်ရာသီပြုံး၊ မြင့်အုန်း ကလောင် အမည်များနှင့် အခန်းဆက်ဝတ္ထုရှည်၊ ဆောင်းပါးများရေးသားခဲ့ပြီး ရေကျော် ရပ်၊ နှင်းပန်းလမ်းတွင် ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်နှင့်အတူ နေထိုင်ခဲ့သည်။

၁၉၃၇၊ ဧပြီ၊ မန္တလေး၌ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန်ဖရင့်နှင့် ၁၉၃၈၊ ဧပြီ ပုသိမ်မြို့၌ ကျင်းပသော တတိယ အကြိမ် ကျောင်းသားများကွန်ဖရင့်သို့ တက်ရောက်ခဲ့။

၁၉၃၈၊ ဇွန်လတွင် တိုးတက်ရေး သတင်းစာအယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့။

သခင်အမည် စတင်ခံယူပြီး ဦးချစ် မောင်နှင့်အတူ 'ဂျာနယ်ကျော်'ကို ထုတ်ဝေခဲ့။ ၁၉၃၉၊ ဒို့ဗမာအစည်း အရုံး ဌာနချုပ် ဗဟိုအလုပ်အမှုဆောင် အဖြစ် ရွေးချယ်ခံရ။

 ၁၉၄၀၊ မတ်လတွင် အိန္ဒိယပြည်လုံး ဆိုင်ရာ အမျိုးသား ကွန်ဂရက်ကြီး၏ ဖိတ်ကြားချက်အရ ရမ်းဂါးကွန်ဖရင့်သို့ ဒို့ဗမာအစည်းအရုံးကိုယ်စားလှယ် အဖြစ် သခင်အောင်ဆန်၊ သခင်သန်း ထွန်းတို့နှင့်အတူ တက်ရောက်ခဲ့။

 ၁၉၄၂ မှ ၄၅ ခုနှစ်အထိ ဖက်ဆစ် ဆန့်ကျင်ရေး တော်လှန်ရေးလုပ်ငန်း များ၌ ပါဝင်ဆောင်ရွက်ခဲ့။

၁၉၅၁ မှ ၆၄ ခုနှစ်အထိ ကျော်လင်း စာပေတိုက်ကို ထူထောင်ခဲ့ပြီး နိုင်ငံရေး စာအုပ်များ ထုတ်ဝေခဲ့။

၁၉၅၈၊ အိမ်စောင့်အစိုးရ လက်ထက် နိုင်ငံရေးပုဒ်မ (၅) ဖြင့် ကိုကိုးကျွန်းသို့ အပို့ခံရ။

၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၇ ရက် သောကြာနေ့တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့။

 အဘ သခင်အုန်းမြင့်သည် သာမန် လူတစ်ဦးတစ်ယောက် ထမ်းဆောင်ရန် မဖြစ်နိုင်သည့် သမိုင်း၏တာဝန်များကို အကျေအပွန် ထမ်းရွက်ခဲ့သူဖြစ်သည်။အဘ၏ သမိုင်းကြောင်ဆောင်ရွက် ချက်များအား တင်စားဂုဏ်ပြုရန် မိမိ၌ စွမ်းရည်မရှိ၊ ဉာဏ်ထောက်မမီ။ သို့ကြောင့် 'ဆရာဗန်းမော် တင်အောင်' မကွယ်လွန်မီ (၂၀၊၁၀၊ ၇၈) နေ့၌ သားဖြစ်သူအား ပြောကြားခဲ့ သည့်စကားများထဲမှ အောက်ဖော်ပြပါ စာတစ်ပုဒ်ကို ကောက်နုတ်၍ အဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း တစ်နှစ် ပြည့်အထိမ်းအမှတ်အဖြစ် ဤစာစုဖြင့် ဦးညွှတ်ကန်တော့လိုက်ပါသည်။

"လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်း တာဝန်ကို သူ ဘယ်လောက်သယ်ပိုး ထမ်းရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ။"

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...