" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စာရေးဆရာ ပီမိုးနင်း


PMoeHninn
စာရေးဆရာ ပီမိုးနင်း၏အကြောင်းကို ရေးမည်ကြံလျှင်ပင် ကျွန်တော့်စိတ်သည် ရွှံ့ညွန်ထဲမှ ပေါက် လာသော ကြာပင်တွင် ထွားထွားဝေဝေပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင် နားနေလေသည်။
အကြောင်းမူကား ပီမိုးနင်းသည် မထင်ရှားသော တောရွာတစ်ရွာ မထင်ရှားသော အမျိုး၌ မွေးဖွား၍ မြန်မာပြည်ကို လွှမ်းကာကျော်ကြားလျက် ရှိသည်။ သောက်စားမူးရစ်၊ ညစ်ညစ်ပေပေ အမြဲနေရာမှ အမျိုးသားအကျိုးတော်ဆောင်ရွက်သော မူရင်းဓာတ်သည် အစဉ်ပေါ်နေလျက် ရှိသည်။ သိမ်ဖျင်းသေးနုပ်သော အပြစ်ကလေးများကြားမှ ထိုအပြစ်များကို ပြည်ဖုံးကား ချလိုက်သော် မြန်မာပြည် လွတ်လပ်စေလိုသော စေတနာနှင့် နိုင်ငံခြားသားတို့ ချုပ်ချယ်မှုကို မခံနိုင်သော သခင်စိတ် သည် ရွှင်လန်းမွှေးကြိုင်စွာ ပွင့်လျက်ရှိသည်။ ညစ်ညစ်ပတ်ပတ် ရေးလိုက်သောစာများကို အုပ်ကာ တကယ့်စာရေးဆရာ စွမ်းရည်များသည် ပေါ်လွင်လျက် ရှိသည်။ စာပေါ့စာပြောင်များတွင် အမြစ်စိုက် ကာ နက်နဲသော အကြံဉာဏ်များ၊ စူးရှသော လောကအမြင်သည် သန်စွမ်းစွာ ပေါက်ရောက်လျက် ရှိသည်။
သို့ကြောင့်လည်း ပီမိုးနင်းသေသောအခါ၌ ကျွန်တော်သာ အသုဘရှုစကားဆိုရလျှင် "ကျွန်တော်စိတ် သည် ရွှံ့ညွန်ထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေဝေ ပွင့်နေသည့် ကြာပန်းတွင်းသို့ ပြေးဝင်နားနေပါသည်" ဟုပြောရန် ရည်ရွယ်ထားပေသည်။
ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်းလေးကန်လေသည်။ အသားအရေ စိုပြည်ပြီး အတော်ပင် ဝသည်။
သူသည် ကတုံးဘိုကေကလေးနှင့် ဖြစ်လေ၏။ အက်ႌလက္တုိ ေကာ္လန္ကေလးကုိ ဝတ္ထား၍ အေပၚအက်ႌမပါ။ ရခိုင်လုံချည်အနီနှင့် အစိမ်းကွက်ကို ဝတ်ဆင်ထားလေသည်။ လက်တစ်အုပ်ခန့် အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏တုတ်ခိုင်သောခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်ရှိလေ၏။ သည်တုန်းက သူ့ရုပ်ကို ယခုထက်ထိ မမေ့သေး။ ထိုအခါက သူ့ကို ဘယ်ကတရုတ် ကပြားကြီးပါလိမ့်ဟုသာ အံ့သြတွေးတောမိခဲ့၏။
ပဲရော့ဦးဆန်နီက ဒါ ဆရာ ပီမိုးနင်းပဲဟု ကျွန်တော်နှင့် သူ့ကို မိတ်ဆက်လိုက်တော့မှ ငယ်ငယ်တုန်းက ခိုးကာ ပုန်းကာ စွဲခဲ့ရသော သဲမြညှာဆရာကြီး ဖြစ်ကြောင်း သိရလေတော့သည်။
ဆရာပီမိုးနင်းကား မျက်နှာကို မမော့ဘဲ မျက်မှန်အောက်မှ မျက်ခွံနှင့် သူငယ်အိမ်ကို မြှင့်ပြီး ကျွန်တော့် အားကြည့်၏။ နောက် ဟဲဟဲဟဲ ဟု ပြုံးရယ်ကာ ကျွန်တော့်အား အသိအမှတ်ပြု၏။ နောက်သူသည် စာကိုပင် ဆက်ရေးနေလေသည်။
ဦးဆန်နီ၏ စားပွဲပေါ်ရှိ ကြေးဆင်းရုပ်များ၏ ဝင်းပြောင်သော အရောင်သည်လည်းကောင်း၊ ကျွန်တော် တို့တတွေ ထိုင်နေကြသော ကုလားထိုင်အရောင်းများသည်လည်ကောင်း၊ အခန်းကျောက်မှန်များ၏ အရောင်သည်လည်းကောင်း ဆရာပီမိုးနင်းကို မဟပ်။ သူသည် အမြင်အားဖြင့် မတောက်ပြောင်ဆုံး သော လူတစ်ယောက် ဖြစ်လေသည်။
ကျွန်တော်သည် ပီမိုးနင်းကို ရင်းနှီးစွာ မဆည်းကပ်ဖူးသော်လည်း မောင်ဂိုမာရီလမ်းတွင် တစ်ခန်း ခြားကပ်နေဖူးသဖြင့် သူ့နေပုံထိုင်ပုံကို အကဲခတ်ခွင့်ရပေသည်။
ဆရာသည် ကျွန်တော်တို့အခန်းရှေ့ အစုံသုပ်ဆိုင်၌ ခဏခဏ ထိုင်စားလေ့ ရှိသည်။ တစ်ခါတစ်ရံ ထမင်းစားချိန်တွင် အစုံသုပ်စား၍ တစ်ခါတစ်ရံ ညဆိုင်သိမ်းခါနီးမှ စားလေ့ရှိသည်။ အိမ်တွင် ချက်ပြုတ်သော ထမင်းဟင်းကို မည်မည်ရရမစားဘဲ တရုတ်ဆိုင်က အစိမ်းကြော်နှင့် ထမင်းများ ဝယ်စားလေ့ ရှိသည်။
တစ်ခါ သူ့အိမ်ခန်းသို့ရောက်သောအခါ ရင်လောက်မြင့်သော စင်ကလေးပေါ်တွင် ထမင်းပန်းကန်ကို ထားကာ မတ်တတ်ရပ်၍ တူကြီးနှင့်ထမင်းစားနေသည်ကို တွေ့ရလေသည်။ ထမင်းကို တစ်လုပ်သွပ် စားလိုက် လမ်းလျှောက်လိုက်၊ လမ်းလျှောက်ရင်း ဝါးမျိုလိုက်ဖြင့် စည်းစိမ်အကြီးဆုံးကို ခံနေလေ သည်။
သူ့အခန်းကား မှောင်နေလေ၏။ ဖုန်အမှိုက်တို့ဖြင့် ညစ်ပေနေ၏။ ဧည့်ခန်းတွင် မိန်းမအင်္ကျီ၊ ယောက်ျား လုံချည်၊ အင်္ကျီများမှာ ပုံလျက်ပုံလျက်ထားရာ ရှုပ်နေလေ၏။ အိမ်ရှေ့မှ ဓာတ်ရထားမောင်း သွားသော အခါငလျင်လှုပ်သကဲ့သို့ အိမ်မှာ တုန်တုန်သွား၏။ ဓာတ်ရထားဆူသံမစဲမီ ဘတ်စ်ကားပြေးသံမှာ ဆင့်တက်လာလေ၏။
ထိုအခါက ကျွန်တော်သည် ဆရာပီမိုးနင်း၏ ဝတ္ထုတစ်ခုတွင်ပါသော ဇင်းကျိုက်တောင်အနီးရှိ ဥယျာဉ် အိမ်ကလေးတစ်ခုကို ပြေးမြင်မိလေသည်။ ထိုအိမ်ကလေးသည် ညို့မှိုင်းသော တောင်တန်းကို မျှော်ကြည့်နေသည်။ ဘေးပတ်ဝန်းကျင်မှာ စိမ်းစိုသော တောတစ်ခုရှိသည်။ အိမ်ရှင်မကား အသားဖြူဖြူဝဝ ရုပ်ချော၊ မအံ့ဆိုသူ မိန်းမတစ်ဦး ဖြစ်သည်။ သူကား လင်နှင့် ဖြစ်သည်။ အခြားလူပျို ကလေးတစ်ယောက်နှင့် ချစ်ကြိုက်ကြသည်။ "အင်း ဒီနေရာကနေပြီး ဒီလိုဝတ္ထုတွေးနိုင်တာ အံ့ပါရဲ့" ဟု ထိုစဉ်က ကျွန်တော်ချီးကျူးမိသည်။ "ဝတ္ထုရေးဆရာတွေဟာ ငရဲကနေပြီး နတ်ပြည်အကြောင်း ရေးနိုင်ကြတာပဲထင်ရဲ့" ဟု တွေးနေဆဲ။ သူ့မိန်းမ အပြင်ထွက်လာလေသည်။ သူ့မိန်းမ (ထိုစဉ်က မြဲနေသော မိန်းမ) ကား အသက်လည်း အတော်ကြီးပြီ။ ပိန်လည်း ပိန်လှ၏။ လက်ကလေးများမှာ ကျီးခြေထောက် ကလေးများကဲ့သို့ သဲမြညှာမှ မှတ်မိသော ဥပမာ အရိုးချည်းဖြစ်နေလေသည်။ "အဲငါသိပြီ ဆရာကတော်ကို ကြည့်အားမရတိုင်း မအံ့လိုဇာတ်လိုက်မင်းသမီးတွေကို ရေးထည့်နေ တာ" ဟု ကျွန်တော်လည်း ယူဆမိတော့သည်။
တစ်နေ့သော် ပီမိုးနင်းနှင့် သူ့ဇနီး လန်ချားစီးပြီး ဘုရားသွားတူတူ၊ ကျောင်းသွားတူတူ ဝါဒဖြင့် ပျော်ပါး စွာ ပြန်လာသည်ကို ကျွန်တော်တို့အခန်းရှေ့ ကပြင်လေးမှာ မြင်လိုက်ရလေသည်။ သူတို့ အိမ်ပေါ်တက်သွား၍ မကြာမီ အသက်ငယ်ငယ် ဝဝဖြူဖြူ မိန်းမတစ်ယောက်သည် အောက်ကနေ၍ "ဆရာကျော်-ဆရာကျော်" ဟု ခေါ်လေသည်။ ပီမိုးနင်းကို အများစုက ဆရာကျော်ဟုသာ ခေါ်ကြ သည်။
မကြာမီ ဆရာကြီးသည် ခါးပတ်စိမ်းကြီး ပတ်လျက် ဆင်းလာလေသည်။ ထိုမိန်းမနှင့် ရယ်ကာပြုံးကာ ပြောဆိုပြီး လန်ချားနှင့် ထွက်သွားကြလေသည်။l
ကျွန်တော်သည်လည်း အတွင်းသို့ဝင်ကာ စာဖတ်၍ နေလေသည်။ ထိုအခါက ကျွန်တော်မှာ စာရေး ဆရာအဖြစ်ကို နမောတဿဆို၍ တောင်းခံဆဲဖြစ်လေသည်။ ထိုအခန်း၌ပင် ရေးသောစာတို့မှာ စာရေးဆရာတစ်ယောက်နှင့်တူသည် မတူသည်ကို မသိသော်လည်း နေရထိုင်ရသည်မှာကား စာရေး ဆရာနှင့် တူလေသည်။
များစွာဆင်းရဲ၏။ များစွာအလုပ်လုပ်ရ၏။ များစွာကားပျော်၏။
ည ၉ နာရီလောက်တိုင်သောအခါ တစ်ဘက်ခန်းက ဆူသံပူသံကို ကြားရလေသည်။
"မလာခဲ့နဲ့။ ရှင့်မယားငယ်နဲ့ရှင် နေချေ"
"ဟေ့ကောင်မ တိတ်၊ သိပ်စကားမများနဲ့"
"မတော်ဘူး အသေကောင်ကြီးရဲ့။ မတော်ဘူး တဏှာရူးကြီးရဲ့။ မတော်ဘူး၊ သွား၊ မလာခဲ့နဲ့"
ယောက်ျားသံမှာ ဆရာပီမိုးနင်း၏အသံဖြစ်သောကြောင့် ကျွန်တော်သည် ထသွား၏။ သူတို့ဘက်ဆီသို့ လှမ်းကြည့်နေလေ၏။ ဆရာ့အသံကား မူမမှန်၊ မူးသံကြီး ပေါ်လျက်ရှိ၏။
"မယားငယ်၊ စောက်ကမြင်းမတွေနဲ့ သွားနေပါ။ သွား-ဖာတွေနဲ့သာ ရှင်နဲ့ တော်တယ်"
"ကဲဗျာ" ခွပ်ခွပ်နှင့် အသံကြားရ၏။ ဆရာကြီးသည် ဗြုံးဒိုင်းနှင့် ဆောင့်အောင့်ကာ ဆင်းလာလေ၏။ နောက် လန်ချားပေါ်တက်၏။ အိမ်ပေါ်က မိန်းမကား ငိုလျက် ရန်ထောင်လိုက်၏။
"ဂျောင်း-ဂျောင်း" ဟု လန်ချားကုလားကို နှင်ကာ ဆရာသည် ထွက်သွားလေ၏။ သူ့မိန်းမထိပ်တွင် သွေးရွှဲ၍ ကျန်ရစ်ခဲ့လေ၏။
ပီမိုးနင်းသည် ဂျာနယ်တိုက်တစ်တိုက်သို့ သွားပြီးရက်များစွာ နေလေ၏။ ထိုတိုက်တွင်ပင် ဖြစ်သလို နေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအိပ်ကာ စာမှန်မှန်ရေးနေလေသည်။
ဤကဲ့သို့ရှုပ်ထွေးသော အိမ်တွင်းရေးကိုယ်ရေးအဖြစ်မှနေ၍ ဝါ ညွှန့်တွင်းမှနေ၍ ရှင်းပေ့လင်းပေ့ဆို သော စာများကို ရေးထုတ်လျက်နေသည်မှာ ပီမိုးနင်းအတွက် အဆန်းအသစ်မဟုတ်ပေ။
အခြားအခြားဘက်၌ ပီမိုးနင်းကို ချီးမွမ်းချင်သူ ချီးမွမ်း၊ မချီးမွမ်းချင်သူနေ၊ မြန်မာစာကို ရှင်းအောင်ရေး ရာ၌ကား လူတိုင်းချီးမွမ်းရမည်။ နက်နဲသော စိတ်ပညာကို လူအများနားလည်အောင် ပြတ်ပြတ် သားသား ရေးနိုင်သူကား သူတစ်ယောက်လောက်သာရှိသေးသည်။ စီးပွားရေး၊ ပညာရေး၊ တိုင်းပြည်ရေး၊ ဘာကိုပင်ရေးရေး ရှင်းလင်းနားဝင် လွယ်လှပေသည်။ ဝတ္ထုအရေး၌ကား ကွက်ကွက် ကွင်းကွင်း မျက်စိတွင်း ထင်းခနဲထင်းခနဲမြင်လောက်အောင် ရေးသားနိုင်သည်ကိုကား အထူးဆိုဖို့ မလိုချေ။ သူ၏ ရှင်းလင်းပြတ်သားသော စာသည် ချိုသာညီညွတ်သောအသွားဖြင့် လှပကောင်းမွန် သောအဓိပ္ပာယ်များကို အမြဲဆောင်နိုင်လေသည်။
သူသည် သူ့အိမ်တွင် ဘာဖြစ်ဖြစ်၊ သူ့ကိုယ်ရေး ဘယ်လိုနေနေ ဂရုမစိုက်။ စာကိုရေးဖို့သာ သူဂရုစိုက် ၏။
ပထမဆုံးတွေ့စဉ်က စာရေးဆရာနာမည်ကြီးများကို အခန်းတွင်းမှ စင်မြင့်ပေါ် ဆွဲတင်ချင်သော ဝါသနာအတိုင်း။
"ဆရာ ကျွန်တော်တို့ ယူနီဘာစီတီကို ဆရားဟောကြွပါ ဆရာ" ဖိတ်ခေါ်လေသည်။
"ဆရာတို့က အရေးသမားသက်သက်၊ အပြောမရဘူး။ ပြောလဲမပြောတတ်ဘူး ကျင့်ရင်လုပ်ရင်တော့ ဖြစ်ရမပေါ့ကွယ်" ဟု သူရေးနေကြ "ဖြစ်ရမယ်" ဟူသော အာဘော်နှင့် မဆန့်ကျင်ဘဲ ဖြေလေရာ-
"ဒါဖြင့် ကျင့်ပြောပါဦး ဆရာ" ဟု တစ်ဖန်ဖိတ်ပြန်သည်။
"အဲဒီဘက်က ဝင်မတွင်ပါရစေနဲ့ တူမောင်ရာ"
ဆရာသည် သူ့အဆင်ခြင်ဖြင့် သူ့ဉာဏ်အလင်းပေါက်သည့်အတိုင်း လမ်းမတည့်ဘဲ ခရီးအမြဲသွား လျက်ရှိလေသည်။ သို့ကြောင့်လည်း လွန်ခဲ့သော အနှစ် ၂ဝ မျှအတွင်း မြန်မာစာတွင် အများဆုံး ရေးသူ သုံးယောက်တွင် (လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မှိုင်း၊ ပီမိုးနင်း) တွင် တစ် ယောက်အပါအဝင် ဖြစ်လေသည်။
ထိုနေ့ကား တိုးတက်ရေးမဂ္ဂဇင်း ဦးစိန်က ရန်ကုန်မြို့ပြင်ဘက် ခြံတစ်ခြံတွင် စာရေးဆရာများကို ထမင်းကျွေးသောနေ့ ဖြစ်လေသည်။
ဆရာဘီ၊ ဘကြီးစိန်စသော ရှေးဆရာကြီးများလည်း ပါသည်။ တက်ထွန်း၊ သိပ္ပံကျော်ထင်စသော ဝတ္ထု ရေးဆရာကလေးများလည်း ရောက်ကြသည်။ ကျွန်တော်သည် ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) နှင့် ပီမိုးနင်းတို့အနီးတွင် ထိုင်လျက် ရှိလေသည်။
ထမင်းစားပြီးကြ၍ သစ်ပင်ရိပ်များတွင် ကုလားထိုင်များနှင့် ဝိုင်းဖွဲ့ကာ ထိုင်နေကြခြင်း ဖြစ်လေသည်။ ငှက်ပျောရွက်ကြီးများကား အသာအယာ တိုက်လျက်ရှိသော လေတွင်လှုပ်နေသည်။ စည်းရိုးမှပေါက် နေသော ဒန့်ဒလွန်ပင်မှ အပွင့်များသည် ကြွေကျလျက် ရှိလေသည်။
ဆရာ ပီမိုးနင်းကား ယခုတစ်ကြိမ် အပေါ်အင်္ကျီနှင့်ဖြစ်၏။ ကတုံးကို ပြောင်အောင် ရိပ်ထားပြီး ပဝါနီကို ရစ်ထားလေသည်။ သူကား ခါတိုင်းထက် ဝ၏။ မျက်နှာမှာလည်း နီနေလေ၏။
ကျွန်တော်တို့သည် စာဖတ်သူမြန်မာပြည်၌ ပေါဖို့ကောင်းအောင်လုပ်ရန်၊ စာအုပ်ကောင်းများ ပေါ်လာရန် စဉ်းစားဆွေးနွေးနေလေသည်။ စဉ်းစားရာမှ ဝတ္ထုအကြောင်းသို့ ရောက်သွားကြသည်။ ထိုလူစုတွင် ရှေးပညာရှိကြီးအချို့က ဝတ္ထုကို ကလေးကလားဟု ထိပါးလိုက်ရာ ကျွန်တော်က ကန့်ကွက်ပြီး ဝတ္ထုဂုဏ်ကို ချီးကျူးလေသည်။ နောက်-
"ကျွန်တော်သဘောရတာဖြင့် မြတ်စွာဘုရားဟာ ဝတ္ထုရေးဆရာအဖြစ်နဲ့လဲ လောကအကျိုးကို အများကြီး ဆောင်ခဲ့တယ်ထင်တယ်" ဟု ဆက်လိုက်ပြန်၏။
"ဟုတ်တာပေါ့တူမောင်ရာ၊ ငါးရာ့ငါးဆယ်တို့ ဘာတို့ဟာ အကုန်ဝတ္ထုတွေချည်းပေါ့" ဟု ပီမိုးနင်းက ကျွန်တော့်အား ထောက်ခံလေ၏။ ကျွန်တော်အားရှိလာပြီး-
"ဟုတ်တယ်။ ငါ့ရာ့ငါးဆယ်တွေဟာ ဘုရားက ဘုရားအတိတ်ဘဝ အဖြစ်အပျက်တွေလို့ဆိုပြီး ဟောတာ မဟုတ်ပါဘူး။ ဘဝအဆက်ဆက်က ဘုရားအတ္ထုပ္ပတ္တိတွေလဲ ဟုတ်မယ် မထင်ဘူး။ ဝတ္ထု တွေနဲ့ လိုရင်းဆွဲဟောတော်မူခဲ့တာ ထင်ပါရဲ့" ဟု ရဲဝံ့စွာ ပြောလိုက်လေတော့၏။
"ဟုတ်တယ်၊ နောက်မှလူတွေက ဘုရားရဲ့ အတိတ်ဘဝက အတ္ထုပ္ပတ္တိတွေလို့ ပြောကြတာပါ" ဆရာပီမိုးနင်းသည် စိတ်ပါလက်ပါ ပြောလေ၏။
သို့ဖြင့် ဆွေးနွေးငြင်းခုံနေကြရာ ခပ်အေးအေး ဖြစ်သွားလျှင် တစ်ယောက်တမ်း နှစ်ယောက်တမ်းသော စကားပြောနေကြလေ၏။ ထိုအခါ ဆရာလွန်းက ကွမ်းစားရင်း ပီမိုးနင်းကို ကြည့်ပြီး
"ကိုယ့်လူမလဲ အရက်ဆီတွေလား၊ အမွဲဆီတွေလား တက်နေလို့ထင်ပါ့။ ဝလိုက်တာဖီးလို့၊ တစ်နေ့ တခြား ဝနေပါပကော" ဟု ပြောလိုက်၏။ ပီမိုးနင်းသည် အရက်ဆီဟု ဘာမျှမပြောဘဲ အမွဲဆီဟု ပြောသည်ကိုကား ပြန်ချေ၏။
"မွဲတာတော့ မပြောနဲ့ဆရာ။ လူများတွေ ဘယ်လိုလုပ်ချမ်းသာကြပါမလဲဆိုတာ အချိန်ရှိတိုင်း စဉ်းစား၊ စဉ်းစားတိုင်းရေးနေလို့ ကိုယ်တိုင်ချမ်းသာအောင်လုပ်ဖို့ကို စဉ်းစားချိန်လဲ မရှိဘူး။ လုပ်ချိန်လဲ မရှိဘူး" ဟု ပီမိုးနင်းက ဖြေရာ သခင်ကိုယ်တော်မှိုင်းကြီးသည် ကွမ်းသွေးတွေထွေးပြီး တဟားဟား ရယ်နေ လေ၏။ သူ့ကိုယ်သူလည်း တွေးမိဟန်ရှိ၏။
ပီမိုးနင်းသည် သည်ဝါဒကို ဘယ်အခါကမျှမစွန့်ခဲ့။ သူသည် တိုင်းပြည်ကို လိမ်လည်လှည့်ဖျားသောစာ ဘယ်အခါကမျှ မရေးခဲ့။ ဗြိတိသျှအင်ပီရီယာယ်လစ် အစိုးရကို ဘယ်တုန်းအခါကမျှ မချီးကျူးခဲ့။ နိုင်ငံခြားသားများ မြန်မာတစ်မျိုးလုံးကို သွေးစုပ်နေသည်၊ နိုင်ရာစား လုပ်နေသည်ကို ဘယ်အခါကမျှ မထောက်ခံခဲ့။ တစ်လလျှင် အယ်ဒီတာ ဘဝ ၃၅ဝိ-ကျော် ရစဉ်ကလည်း အမျိုးသားဘက်မှ ရေးခဲ့ သည်။ တစ်လသုံလေးဆယ်ဝင်တုန်းကလည်း တိုင်းပြည်ဘက်က ပါခဲ့သည်။ ဗန္ဓုလတုန်းကလည်း တိုင်းပြည်အကျိုးကိုသာ ရေးခဲ့သည်။ မြန်မာ့အလင်း လေဗွေကြီးအဖြစ်ဖြင့် ရေးစဉ်လည်း တိုင်းပြည် ဘက်ကသာ ရေးမြဲရေးသည်။ သူ့နေရာတွေ အများကြီးပြောင်း၏။ သူ့နာမည်တွေ အမျိုးမျိုးလဲ၏။ သူ့နေရေးထိုင်ရေး အကြပ် အချောင် အဆင့်ဆင့် ကူး၏။ သူ့စိတ်သူ့အာဘော်၊ သူ့ဝါဒကား မပြောင်း။
ပီမိုးနင်းသည်ကား တကယ့်လူရိုးကြီးဖြစ်၏။ သူတော်ကောင်းကြီး ဖြစ်တော့၏။
သူသောက်သည်။ သူသောက်သဖြင့် သူ့ဝါဒမပျက်။ သူမယုတ်။ သူသောက် သူပျော်။ သူ ထင်သလို နေသဖြင့် သူ့မှာ အကျိုးယုတ်ချင်ယုတ်မည်။ သူ့မှာ အကုသိုလ်တွေ ပွားချင် ပွားမည်။ သို့သော် အများအကျိုး တိုင်းပြည်အကျိုးကိုသာ ရှေးရှုသူမှန်သမျှသည် ကိုယ်ရေးကိုယ်တာကို ဂရုမစိုက်အား၊ တာဝန်မထားနိုင်။
သို့ကြောင့် ကျွန်တော်ဆိုပြန်သည်။ ပီမိုးနင်းကား တကယ့် သူတော်ကောင်းကြီးပင်။
ဆရာပီမိုးနင်းသည် မဖုံးမကွယ် သူပျော်သလိုနေပြီး ပင်ရင်းရည်ရွယ်ချက်ကြီးကိုသာ ဖြည့်ဆည်းနေ သည်ကို ထောက်သဖြင့်လည်းကောင်း၊ သူ့အရေးအသားများကို ကြည့်သဖြင့်လည်းကောင်း ပုလင်းကို ထောင်၍ မိန်းမတွေကြားထဲ ပျော်နေပါးနေသော်လည်း လူရိုးဖြစ်နိုင်သေးသည်ကို သူ ယုံကြည်ဟန် ရှိလေသည်။
တစ်ခါသော် ကျွန်တော်နှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေ တစ်ဦးက ကျွန်တော့်အား သွေးကြီးသည်၊ မာနကြီးသည်ဟု အပြစ်တင်လေရာ ထိုမိတ်ဆွေ၏ထင်မြင်ချက်ကို ကျွန်တော် လေးစားသည်ဖြစ်ရာ ကျွန်တော့်ကိုယ်ကျွန်တော် ရှင်းတမ်းရေး၍ ပီမိုးနင်းထံ ဆုံးဖြတ်ချက်တောင်းလေသည်။ ဆရာက ပထမနှစ်စောင် မြန်မာလိုရေး၍ ကျန်တစ်စောင်ကို အင်္ဂလိပ်လို ရေးလေသည်။
"So long as one's conscience is clear there is nothing to worry about" "ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့" ဟု သဘောထားပြီး ဘာမှ ဂရုမစိုက်ဘဲနေပါ ဟု စာအစအဆုံးတွင် အကြံပေးလေ သည်။ သူ့အကြံအတိုင်း သူလည်း လိုက်နာဟန်ရှိလေသည်။
အဆုံးတွင် "An honest man must not pretend to be a rogue or thief. He must proclaim to the world that he is honest and them become an example for others" ရိုးသားသူ တစ်ယောက်သည် လူယုတ်မာလိုလည်ကောင်း၊ သူခိုးလို လည်းကောင်း အယောင်မဆောင်ရာ။ သူရိုးကြောင်း ကမ္ဘာကိုကြေညာပြီး အများ၏စံတစ်ခု ဖြစ်ပါစေဟု ဆိုလေသည်။
ပီမိုးနင်း၏ အကယ်ရိုးသားမှုသည် နားမလည်သူတို့ အစွဲကြီးလှသော တစ်ကိုယ်ရေနှင့်သာ သက်ဆိုင် သည့်အပြစ်ငယ်ကလေးများတွင် နစ်မြုပ်နေသဖြင့် ကျွန်တော် ယခုဖော်ပေသည်။ ဆရာပီမိုးနင်းက ထင်ထင်ရှားရှား ဖွင့်မပြောသဖြင့် ကျွန်တော်က ဆရာပီမိုးနင်းသည် စံယူလောက်သော လူရိုးကြီးဖြစ် သည်ကို ကြွေးကြော်ပြီးသည်၏ အဆုံး၌လည်း ကျွန်တော့်စိတ်သည် ရွှံ့ညွှန်ထဲမှ ပေါက်လာသော ကြာပင်တွင် ထွားထွားဝေဝေ ပွင့်နေသည့် ကြာပွင့်တွင်းသို့ ပြေးဝင်နားနေလျက်ပင် ရှိလေသတည်း။
(ဤဝတ္ထုနှင့် ပတ်သက်၍ ကိုသိန်းဖေ၏အမှာစာတွင် "ယခုတလော သပိတ်မှောက်ကျောင်းသား ဝတ္ထုရှည်ကြီး ရေးနေသဖြင့် အခြားဝတ္ထုပိုများ ရေးရန်စိတ်မပါ။ ထို့ကြောင့် ဝတ္ထုအဖေဖြစ်သော ပီမိုးနင်းအကြောင်းကိုသာ ရေးလိုက်ရသည်"ဟု ပါရှိလေသည်။        ။ စာတည်း။)
ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်အထိမ်းအမှတ် (၁၉၂ဝ-၇ဝ) စာစောင်။
ဤစာကို မောင်သိန်းဖေ ကလောင်အမည်ဖြင့်ရေးသည်။
စာရေးသူအကြောင်း
အဖဦးဘ၊ အမိဒေါ်မြင့်တို့မှ ၁၉၁၄၊ ဇူလိုင် ၁ဝ ရက်တွင် ဘုတလင်မြို့၌ မွေးဖွားခဲ့သည်။ 'စနေငဘေ'၊ 'သိန်းနေနွယ်'၊ 'သိန်းဖေ'၊ 'မောင်သိန်းဖေ'၊ 'ဘီအေ'၊ 'တကောင်ကြွက်'၊ ဟူသော ကလောင်အမည်များ ဖြင့် စာပေရေးသားလေ၏။ ၁၉၄၉ 'လမ်းစပေါ်ပြီ' ဝတ္ထုမှစ၍ သိန်းဖေမြင့် ကလောင်အမည်ကို ယူခဲ့သည်။ 'အရှေ့က နေဝန်းထွက်သည့်ပမာ' ဝတ္ထုဖြင့် ၁၉၅၈ စာပေဗိမာန်ဆု၊ 'ဝိသေသတိုင်း သမိုင်းအစ' စာအုပ်ဖြင့် ၁၉၆၇ အမျိုးသားစာပေဆု ရရှိခဲ့၏။ အတ္ထုပတ္တိစာပေ၊ ခရီးသွားစာပေ၊ နိုင်ငံရေးနှင့်ဘဝအတွေ့အကြုံများ ရေးသားခဲ့သည်။ ၁၉၇၈၊ ဇန်နဝါရီ ၁၅ တွင် ကွယ်လွန်၏။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...