" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူထုစိန်ဝင်း လူမျိုးသုံးမျိုး Public Sein Win

လူသုံးမျိုး                                                              လူထုစိန်ဝင်း

"မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ " နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့လူစားများရဲ့ ပါးစပ်ကအမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာမကွဲတာမရှိတဲ့
သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်းကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ၊ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ် ဆိုတာတွေ့ရလိမ့်မယ်။

သက်သက်ရမယ်ရှာတာ
တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာမရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အ မြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်းရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်းမဟုတ်ဘူး။

စစ်မဖြစ်ဘူးတဲ့ နိုင်ငံမရှိ
မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီးကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတာ ဖြစ်တယ်။

လူလားမမြောက်သေးလို့
ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း၊ မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေးမရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ  လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်တယ်။

ထင်းစည်းဥပမာ
တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေးဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာလွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။

ဘုံအကျိုးစီးပွားအတွက်
လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်းခံစား ရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။

ဒီမိုကရေစီကျင့်စဉ်
ဘုံအကျိုးစီးပွားချင်း တူရင်တွဲလုပ်တယ်။ မတူရင်တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။  ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းကသွားသလို၊ သူလည်းသူကြိုက်တဲ့ လမ်းကသွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်းသူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။

လူသုံးမျိုး
ဒီလိုပြောတဲ့အတွက် အားလုံးဟာမိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာသောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ်မပေါင်းသင်းချင်ရင်တောင်၊ ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူးထင်ပါတယ်။

အမှားကိုမြင်လို့ပြုပြင်ရင်
တချို့ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့လူဆိုးပဲ၊ ဒါပေမဲ့ မတရားနိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်းမလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကားမပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆက်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။

ငတေမာပြီးရော
တချို့ကျတော့ သောက်စားမူးယစ်မှုမရှိဘူး၊ လောင်းကစားမလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမဲ့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့ စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေလုပ်တတ်တယ်။

မောရုံသာအဖတ်တင်
ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ဘယ်အခါမှ အပေါင်းအသင်းမလုပ်အပ်သူတွေညဖစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသားသတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...