ဆောင်းပါးရှင် - ဖိုးကျော်
၁၉၈၈ ခုနှစ်မှာ စစ်တပ်ဖြင့် အာဏာသိမ်းပြီး
စစ်အာဏာရှင် စနစ်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံကြီးအား အဓမ္မ
အုပ်ချုပ်ခဲ့တာ ၂၀၁၀ ခုနှစ်ထိ ဆိုရင် ၂၂ နှစ်ပြည့်ဖြစ်ပါတယ်။
နှစ်၂၀ကျော် လုပ်ချင်သလိုလုပ်
ထင်ရာခိုင်းမှုတွေကြောင့် နိုင်ငံရေး စီးပွားရေး လူမှုရေး ကျန်းမာရေး
ပညာရေးအဖက်ဖက်က နိမ့်ကျဆင်းရဲမွဲတေစွာဖြင့် ဒုက္ခအဖုံဖုံခံစားရပြီး
ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံတကာသို့ ထွက်ပြေးသူပြေး အလုပ်သွားလုပ်သော
နိုင်ငံသားများလည်း သိန်းချီသန်းချီရှိနေပါပြီ။
တကယ်တော့ ၁၉၆၂မတ်လ
၂ရက်ဗိုလ်နေ၀င်းစစ်အာဏာသိမ်း၍ စစ်အာဏာရှင် စနစ်ကို မျိုးစေ့ချပေးခဲ့ချိန်မှ
စလျှင် ထိပ်တန်းနိုင်ငံဖြစ်ခဲ့ရာမှ ကမ္ဘာ့အဆင်းရဲဆုံး
စာရင်းဝင်သွားတဲ့အပြင် အရှေ့တောင်အာရှတွင်ပင်လျှင် နိမ့်ကျ ဆင်းရဲသော
နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရပါပြီ။
၂၀၁၀ ရွှေးကောက်ပွဲဖြင့် အဓမ္မအုပ်ချုပ်သော
ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်အဖွဲ့ဟာ (အစိုးရလို့ မသုံးနိုင်ပါ)
ပြည်သူတွေ ရွှေးချယ်သော အစိုးရမဖြစ်သည်မှာ သမိုင်းက ပြောခဲ့ပါပြီ။ ဒီလို
စစ်ဗိုလ်ချုပ်များ ယူနီဖောင်းဝတ်ဘဲ အုပ်ချုပ် အုပ်ချုပ် အရပ်ဝတ်ဘဲ
အုပ်ချုပ် အုပ်ချုပ် စစ်အာဏာရှင် စနစ်ဘဲဖြစ်သလို သန်းပေါင်း ၅၀ ကျော်သော
ရဟန်း ပြည်သူများလည်း ဒုက္ခမျိုးစုံ ကြုံနေဆဲဖြစ်သလို ဒီအာဏာရှင်ကြီးတွေကို
အနစ်နာခံနေကြတဲ့ တပ်မတော်သားများဟာလည်း ပြည်သူတွေနဲ့အတူ ဒုက္ခမျိုးစုံ
ကြုံရတာပါဘဲ။ မိသားစုတွေ အပါအ၀င်ပေါ့။
ရှစ်လေးလုံး အရေးတော်ပုံကြီးမှ တပ်မတော် (လေ) ၅၀၂ မှ စစ်သည်ရဲဘော်များ ဆန္ဒပြနေပုံ
အဲဒါကြောင့် ၁၉၆၂ ဗိုလ်နေ၀င်း
အာဏာသိမ်းချိန်မှစ၍ (၇) ဇူလိုင် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့်
အရေးအခင်း၊ ၁၉၇၅ အလုပ်သမား အရေးအခင်း၊ ၁၉၇၆ မှိုင်း ရာပြည့်အရေးအခင်း၊ ၁၉၈၈
ကျောင်းသား လှုပ်ရှားမှုများနှင့် ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ၂၀၀၇
ရွှေဝါရောင် တော်လှန်ရေးစတဲ့ နိုင်ငံရေး ဆန့်ကျင်မှုများ ABSDF ၊ KNU စတဲ့
လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက နိုင်ငံရေး စစ်ရေး ပုံစံမျိုးစုံဖြင့်
ဆန့်ကျင်ခဲ့သော်လည်း အောင်ပွဲ ပန်းတိုင်သို့ မရောက်ရှိသေးသလို
ဗမာ့တပ်မတော်သားများရဲ့ ပါဝင်မှုများ ရှိခဲ့သော်လည်း ထိရောက်မှု မရှိသေးပေ။
မြန်မာနိုင်ငံ အာဏာရှင် ဆန့်ကျင်ရေး
သမိုင်းမှာ ဗမာ့တပ်မတော်သားများရဲ့ အခန်းကဏ္ဍ ရှိခဲ့ပါတယ်။ ထိရောက်စွာ
မပါဝင်နိုင်ကြသေးသဖြင့် မှေးမှိန်ကွယ်ပျောက်နေပါတယ်။ လက်ရှိ -
တပ်မတော်သားများ အတုယူ ပါဝင်နိုင်ကြရန် နိုးကြားတက်ကြွလာစေရန်
ပြန်လည်ဖော်ထုတ်ရမယ်ဆိုပါလျှင် ၈.၈.၈၈ ရက် ၈ လေးလုံး အရေးတော်ပုံကြီး
ဆင်နွဲပြီး ဒေါက်တာမောင်မောင် သမ္မတလက်ထက် သြဂုတ်လ နှောင်းပိုင်းမှာ ခလရ (၆)
ကြည်းတပ် တပ်မတော်သားများ လေတပ် (၅၀၁)၊ (၅၀၂) တပ်မတော်သားများနှင့် တပ်မ
၂၂ မှ ဗိုလ်ကြီး စိုင်းဝင်းကျော်နှင့် ရဲဘော်တချို့တို့ ဖြစ်ပါတယ်။
ဗိုလ်ကြီး စိုင်းဝင်းကျော်ဟာ တပ်မတော်သားတွေအားလုံး
အံ့သြချီးကျူးရလောက်အောင် ဇနီးနှင့် သားသမီးကိုတောင် မငဲ့ကွက်ဘဲ
ရာထူးအဆောင်အယောင်နှင့် မိမိရဲ့ ရာထူးကို စွန့်လွတ်ကာ ပြည်သူလူထုနှင့်
ရဲဝံ့စွာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အခါမှာလည်း နယ်စပ်ကို
ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ပြည်တွင်းမှာ ဆက်လက်နေရဲတဲ့ သတ္တိဟာ
သူရဲကောင်းစိတ်ဓါတ်ကို ရပ်တည်ပေးတဲ့အတွက် ဗိုလ်ကြီးစိုင်းဝင်းကျော်ကို
အငြိုးကြီးစွာ သေဒါဏ် ပေးခဲ့ပါတယ်။
မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ စစ်သည်ရဲဘော်များ ဆန္ဒပြနေပုံ
သူရဲ့ မိတ်ဆွေတချို့က သနားဂရုဏာသက်လို့
သနားခံဝင်ပြောခဲ့၍သာ တသက်တကျွန်း ပြစ်ဒါဏ်ပြောင်းလဲ ကျခံစေခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထောင်မှပြန်လွတ်ရာမှ
ရပ်တည်ချက်ပြတ်သားပြီးတော့ န၀တ ကို ဆက်လက်ဆန့်ကျင်ခဲ့ပါတယ်။
ဗိုလ်ကြီးစိုင်းဝင်းကျော်ကို အမေရိကန်နိုင်ငံ NGO အဖွဲ့အစည်း တခုမှ ၂၀၀၇
ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးဆုကို ဂုဏ်ပြုချီးမြင့်ခဲ့ပါတယ်။
နောက်တဦးကတော့ ဗိုလ်ကြီးဝင်းဘို
ဖြစ်ပါတယ်။ သူဟာ ၁၉၉၀ ပြည့် နာမည်ကျော် န၀တ ပတ္တမြား တရားမ၀င်
ရောင်းချရာတွင် ပါဝင်ပက်သက်မှုဖြင့် ထောင်ကျခဲ့ပါတယ်။ ၁၉၉၇ ခုတွင် ပြန်လည်
လွတ်မြောက် ခဲ့ပြီး ဗိုလ်ဝင်းဘိုဟာ ထောင်တွင်း နေထိုင်ခဲ့စဉ် နိုင်ငံရေး
အကျဉ်းသားများ မတရား ဖိနှိပ်ခြင်း ခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသဖြင့်
မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်စဉ်များ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့်
ပြည်သူ အားလုံး စားဝတ်နေရေး ကြပ်တည်းကာ ဆင်းရဲဒုက္ခမျိုးစုံ
ရင်ဆိုင်နေရကြောင်း၊ ဒါကြောင့် တိုင်းပြည်ကောင်းကျိုးကို ရှေးရှုပြီး
ဦးနေ၀င်း ၊ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး
တဦးနှင့် တဦးအာဃာတ မထားဘဲ မေတ္တာတရား လက်ကိုင်ထားကာ ဆွေးနွေးညှိနှိုင်းရေး
၊အကျဉ်းထောင်းအသီးသီးရှိ နိုင်ငံရေး အကျဉ်းသား အားလုံး သက္ကရာဇ် ၂၀၀၀ မှာ
လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးတို့အတွက် - မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်း၊
ရွှေကျင်ဆရာတော်ဘုရား ကြီးအပါအ၀င် သံဃာအပါး (၁၀၀၀) တို့ လက်မှတ် ရေးထိုး
ထားသောစာအား ကမ္ဘာအေး တိပိဋက ဆရာတော် ဦးသုမင်္ဂလထံသို့ ပေးအပ်ခဲ့ပြီး
ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ ၃ ဦးထံသို့ ပေးပို့ရန် အကူအညီ
တောင်းခံခဲ့ပါတယ်။ ဆရာတော်ကျောင်းမှ ပြန်အထွက်တွင်
ဖမ်းဆီးခံခဲ့ရပြီးထောင်ဒါဏ် ၂၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။
ဗိုလ်ကြီးဝင်းဘို အင်းစိန်ထောင်သို့
ရောက်ခဲ့ပြီး ၂၀၀၀ ပြည် ဇူလိုင် (၆) ရက်နေ့တွင် မော်လမြိုင်ထောင်သို့
ပြောင်းရွှေ့ ခံခဲ့ရပါတယ်။ ၁၅.၈.၂၀၀၀ ရက်နေ့တွင် ညနေပိုင်း ထောင်ပိတ်ချိန်
လူစစ်တန်းစီသည့်အခါ ဗိုလ်ကြီးဝင်းဘိုဟာ တပ်ကြပ်ကြီးချစ်ကျော်နှင့်
တန်းစီတိုင်ခြင်းနှင့် ပတ်သက်လို့ အချေအတင်စကားများခဲ့ကြပါတယ်။
၁၈.၈.၂၀၀၀ ရက်နေ့တွင် တန်းစီးအကျဉ်းသား
မောင်အေးဆိုသူက အကျဉ်းသားသစ်တဦးအား အကြပ်ကိုင်၍ လိင်တူ ဆက်ဆံခဲ့ပါတယ်။
၂၀.၈.၂၀၀၀ ရက်နေ့တွင် အဲ့ဒီဖြစ်ရပ်ကို ဗိုလ်ကြီးဝင်းဘိုက ထောင်ပိုင်ကြီး
ဦးဌေးဝင်းထံ တိုင်ကြား ကန့်ကွက်ခဲ့ပါတယ်။
အဲ့ဒီအကြောင်းများကြောင့်
ထောင်ဝန်ထမ်းများက ဗိုလ်ကြီးဝင်းဘိုအား အငြိုးထားခဲ့ပါတယ်။ အမှုထမ်းတချို့က
နိုင်ငံရေး အကျဉ်းသားများဖြစ်တဲ့ ဗိုလ်ကြီးဝင်းဘို ၊ကိုမိုးကျော်သူ
၊သူပုန်ကြီး (ခ) ဇော်မင်းမင်းလတ်တို့ (၃) ဦးဟာ လွန်ခဲ့သော ၁၅ ရက်နေ့က
ထောင်ဖောက် ထွက်ပြေးသွားသောသူများနှင့် အဆက်အသွယ်ရှိကြောင်း ထောင်တွင်း
ဆူပူမှု ဖြစ်ရန်လည်း ကြံစည်နေကြောင်း ထောင်ပိုင်ကြီးသို့
လုပ်ကြံတင်ပြခဲ့ပါတယ်။
၂၆.၈.၂၀၀၀ ရက်နေ့ ညနေ ၆ နာရီတွင်
ထောင်ဝန်ထမ်းများက တိုက် ၄ ရှိ ၄င်းတို့ ၃ ဦးအား နောက်ပြန် လက်ထိပ်ခတ်၍
ခေါ်ထုတ်သွားပြီ ပြစ်ဒါဏ် တိုက်တွင် သီးခြားခွဲထားလိုက်ပါတယ်။ ၀န်ထမ်း ၂၂
ဦးတို့က ၄င်းတို့အား မှောက်ခုံ အိပ်ခိုင်းကာ လုံကျီအင်္ကျီများဆွဲချွတ်ပြီး
ကျင်လုံးခန့်ရှိ ပျဉ်းကတိုး နံပါတ်တုတ်များဖြင့် ပြင်းထန်စွာ
ရိုက်နှက်ကြပါတယ်။ ဝန်ထမ်းများက ၄င်းတို့ အငြိုးထားသော ဗိုလ်ကြီးဝင်းဘိုအား
ပိုမိုရိုက်နှက်ခဲ့ကြတယ်။ အဲ့ဒီဒါဏ်ရာဖြင့် နံရိုးများ ကျိုးကြေကာ ည ၁၁
နာရီခန့်တွင် ဗိုလ်ကြီဝင်းဘိုဟာ ကျဆုံးကွယ်လွန်ခဲ့ရရှာပါတယ်။
ဤသို့ဖြင့် ဗမာ့တပ်မတော်သား
ဗိုလ်ကြီးဟောင်း ၀င်းဘိုဟာ အသက် ၃၉ နှစ်ဖြင့် မြန်မာနိုင်ငံ
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းရင်း
ကျဆုံးကွယ်လွန်ခဲ့ရရှာပါတော့တယ်။
ထောင်တွင်းရှိ
နိုင်ငံရေးအကျဉ်းသားများနှင့် ပြင်ပရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများက
မြန်မာနိုင်ငံရေး အကျဉ်းသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြပါတယ်။
ဖိုးကျော် (ABSDF- နှင့် မြန်မာ နိုင်ငံရေး အကျဉ်းသားဟောင်း)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com