" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒီပဲယင်း အလွန် မြန်မာ့ နိုင်ငံရေး

ဒီပဲယင်း ဖြစ်ပွားခဲ့တဲ့အချိန်၌ တွေ့ရတဲ့ NLD အဖွဲ့ဝင်များပုံ
အပိုင်း (၁)
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
စာဖတ်ပရိတ်သတ်များခင်ဗျား
“စည်းလုံးခြင်းရဲ့အင်အား”ဝက်ဘ်ဆိုဒ် စတင်တည်ထောင်သူ ကိုဖိုးတရုတ် အား မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ် နိုင်ငံ အခြေစိုက် နယ်ခြားမဲ့ သတင်း ထောက်များအသင်း R.S.F မှ ပေးအပ် ချီးမြှင့်တဲ့ ၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံ အကျိုးပြု သတင်းနဲ့စာပေဆု” ချီးမြှင့်မှုကို ဂုဏ်ပြုသောအားဖြင့် ပြည်ပရောက် တပ်မတော်အရာရှိ ဗိုလ်မှူး အောင်လင်းထွဋ် က “ဒီပဲယင်းကိစ္စအလွန် မြန်မာနိုင်ငံရေး” အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ပေးပို့ချီးမြှင့်လာပါတယ်။ ယနေ့မှာ အထူး အစီအစဉ် တရပ်အနေနဲ့ ဒီဆောင်းပါးအား ဖော်ပြ သွားမှာဖြစ်ပြီး ယခုလိုပေးပို့လာတဲ့ ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူး အောင်လင်းထွဋ် အား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်အဖွဲ့ကိုယ်စား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါတယ်။ နောက်ပိုင်းမှာလည်း ရုရှားရောက် တပ်မတော်အရာရှိ တစ်ဦးရဲ့ ထုတ်ဖော်တင်ပြချက်များကို ဖော်ပြပေးသွားပါမယ်။
မြန်မာနိုင်ငံအတွင်းတွင် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့သော နိုင်ငံရေး လုပ်ကြံမှုကြီးကို ယနေ့ထိတိုင် မြန်မာနိုင်ငံသူနိုင်ငံသားများ အမှတ်တရ ရှိနေကြမည် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့်နေ့ပြီးလျှင် ဒီပဲယင်း လုပ်ကြံမှုကြီးသည် မြန်မာနိုင်ငံ အတွက် ဒုတိယ အမဲစက်တစ်ခု ဖြစ်ပါသည်။ ပို၍ ဆိုးသည့်အချက်မှာ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒီပဲယင်းအရေးအခင်းပြီးသည့်နောက် ခေါင်းရှောင်သည့် အနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား ဒီပဲယင်းပြဿနာကို ပြည်တွင်းပြည်ပက ကျေနပ်သည့်အထိ ဖြေရှင်းရန် လမ်းညွှန်မှု ပေးခဲ့သည်။ ပြည်ပနိုင်ငံများသို့ ဖြေရှင်းရန် တာဝန်ကို နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင် (အကျဉ်းထောင်တွင်း ကွယ်လွန်)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်း တို့အား သီးသန့်တာဝန်ပေး ကာ ASEAN နိုင်ငံများနှင့် အာရှနိုင်ငံများသို့ လှည့်လည်ပြီး Photo Diplomacy အသုံးပြုကာ ထိုနိုင်ငံများက ကျေနပ်သည် အထိ လှည့်လည်ရှင်းပြခဲ့ရသည်။ အနောက်နိုင်ငံများကိုမူ သက်ဆိုင်ရာ သံအမတ်ကြီးများမှတဆင့် ရှင်းလင်းမှုများ လုပ်ခဲ့ကြ ရသည်။ ပြည်တွင်းတွင်လည်း ပြည်သူများ ကျေနပ်စေရန် Road Map (၇) ချက်ကို ချပြပြီး မြန်မာနိုင်ငံ၏ ထွက်ပေါက် နိုင်ငံရေးလမ်းကြောင်းကို ချပြခဲ့သည်။
ဒီပဲယင်းကိစ္စအလွန် ပြည်တွင်း - ပြည်ပက ကျေနပ်မှုရှိစေရန် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ အဓိက ဖြေရှင်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍပင် ဖြစ်ပါသည်။ ထိုစဉ်က ဖြေရှင်းမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်တွဲ လုပ်ဆောင်သွားမည်ဆိုသော အချက်ပင် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦး
အဆိုပါ အချက်ကို ပြည်ပနိုင်ငံများက ထောက်ခံခဲ့ကြသကဲ့သို့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အင်အားစုများကလည်း ကောင်းချီး သြဘာ ပေးခဲ့ကြပါသည်။ အလားတူပင် တပ်မတော် အတွင်းမှ အရာရှိ အကြပ်တပ်သားများ၊ နိုင်ငံတော်ဝန်ထမ်းများ၊ ဘုရားသားတော်များ၊ ကျောင်းသား၊ အလုပ်သမားများ၊ လယ်သမား များ အပါအဝင် ပြည်သူတရပ်လုံးက ဝမ်းသာအားရ ကြည်နူးခဲ့ရပါသည်။ ငါတို့ မြန်မာပြည်ကြီး ဒုက္ခအပေါင်းမှ ကင်းဝေး တော့မည် ဆိုသော မျှော်လင့်ချက်ကြောင့်ပင် ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြီးခင်ညွှန့်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်၊ ဒုတိယ တပ်မတော် ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ် ကျော်ဝင်း၊ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံ ဌာနကြီးမှူး ဗိုလ်မှူးချုပ် သန်းထွန်းတို့အား သီးသန့်တာဝန်ပေး၍ ညှိနှိုင်းစေခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုများကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်အနေဖြင့် တပ်ချုပ် - ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ နေ့စဉ် နံနက် (၉) နာရီ အချိန်တိုင်း ဒီပဲယင်းပြဿနာ ဖြေရှင်းမှုများအဖြစ် တင်ပြ အစီရင်ခံပြီး လုပ်ဆောင်ခဲ့ရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် အဓိက ဖြေရှင်းခဲ့ရသည့် အချက်များမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသားညီလာခံပါ အချက်အလက်အချို့ကို ပြန်လည်ဆွေးနွေးရေးကိစ္စ ဆိုသည့် NLD ၏ အဓိက အချက်များပါဝင်သကဲ့သို့ ဖြစ်ပြီးခဲ့သမျှကို သင်ပုန်းချေရေး၊ တပ်မတော် အား မြန်မာနိုင်ငံရေးတွင် အချိန်ကာလတစ်ခုထိ ပါဝင်ခွင့်ပေးရေး စသည့် တပ်မတော်၏ သဘောထားဆန္ဒများလည်း ပါဝင်ခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD မှ တင်ပြရာတွင် ပြည်သူများက ရွေးကောက် တင်မြှောက်ခဲ့သဖြင့် NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ကို တပ်မတော် အစိုးရ ကလည်း အသိအမှတ်ပြုခဲ့ပြီးဖြစ်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပစ်ပယ်မည်ဆိုလျှင် NLD အနေဖြင့် ပြည်သူလူထုကို စော်ကားရာ သစ္စာဖောက်ရာ ရောက်မည်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်အစိုးရ အနေဖြင့် NLD နှင့် ပြည်သူများအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုစေလိုကြောင်း၊ NLD နှင့် ဆက်စပ် ၍သော်လည်းကောင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်ရင်း ဖမ်းဆီးခံနေရသူများကို အကျဉ်းထောင်အတွင်းမှ ပြန်လွှတ်ပေးစေလိုကြောင်း၊ အမျိုးသားညီလာခံ တွင် အချို့ အချက်များသည် ကျေလည်အောင် ပြန်လည်ဆွေးနွေးရန် လိုအပ်သဖြင့် ဆွေးနွေးခွင့်ပေးစေလိုကြောင်း စသည့် အချက်များ ပါဝင်ခဲ့ပါသည်။ တပ်မတော်ဘက်မှ ပြောကြားသည့် ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် သင်ပုန်းချေမည်ဆိုပါက NLD အနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း၊ တပ်မတော်၏ မြန်မာနိုင်ငံရေးတွင် အချိန် အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးရေးကိစ္စကိုမူ အမျိုးသားညီလာခံတွင် ဆက်လက်ဆွေးနွေးရန် စသည်ဖြင့်လည်း NLD က ပြန်လည်ဆွေးနွေးခဲ့ပါသည်။
NLD ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးခန်းသို့ သွားရောက်သတင်းပို့ရပါသည်။ စေ့စပ် ညှိနှိုင်းရေးအဖွဲ့သည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ရှေ့တွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား NLD ၏ ဆွေးနွေးချက်များ၊ သဘောထားများကို အသေးစိတ် ရှင်းလင်းတင်ပြရပါသည်။ အဆိုပါတင်ပြချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မူအရ သဘောတူကြောင်းနှင့် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ညွှန်ကြားခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မူအရ သဘောတူညီချက်အပေါ် အခြေပြုကာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့သည် NLD နှင့် ဆက်လက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်အရ NLD ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် NLD နှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ဆက်လက် လမ်းညွှန်ပေးရန် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်က တင်ပြခဲ့ရပါသည်။
အပိုင်း (၂)
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီး ဟောင်း သူရတင်ဦးနှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ဦးစွာပထမ လွှတ်ပေးပြီး ကျန်နိုင်ငံရေး အကျဉ်းသား များကို ဆက်လက်လွှတ်ပေးနိုင်ရေး စီစစ်ရန်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စအပေါ် တနည်းနည်းဖြင့် အသိအမှတ်ပြုနိုင်ရေးကို NLD နှင့် ဆက်လက်ဆွေးနွေးသွားရန်၊ အမျိုးသား ညီလာခံတွင် အခြေခံမူ (၁၀၄) ချက်ထဲမှ အချို့သော အချက်များကို ပြန်လည်ဆွေးနွေးခွင့်ပြုမည်ဟု ထိုစဉ်က လမ်းညွှန်ချက် ပေးခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်ကို ဗိုလ်မှူးကြီးတင်လှိုင်၊ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်မှူးချုပ်သန်းထွန်း ထို (၃) ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို ပြန်လည်အသိပေး အကြောင်းပြန် ကြားခဲ့ပါသည်။
ထိုစဉ်က ဗိုလ်ချုပ်ကြီးခင်ညွှန့်သည် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များအား ဝမ်းသာအားရဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး (၉၅%) တော့ သေချာနေပြီဟု မှတ်ချက်ပြုခဲ့ပါသည်။ အဆိုပါ စေ့စပ်ညှိနိုင်းရေး အဖွဲ့ဝင်များအားလည်း အမှားအယွင်းများ မဖြစ်စေရန် စကား အသုံးအနှုန်းမှအစ အစစအရာရာ သတိထားပြီး ပြောကြားရန် မှာကြားမှုများရှိခဲ့ပါသည်။ ထိုမှာကြားမှု အပေါ် NLD ခေါင်းဆောင်လူကြီးများလည်း ဝမ်းသာမှုများဖြစ်ခဲ့ရသည်ကို သိရှိ ခဲ့ရပါသည်။
သို့သော်လည်း အမျိုးသားညီလာခံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကိုခေါ်ယူပြီး ယခင် လမ်းညွန်ချက်များ အပေါ် ပြန်လည်ပြင်ဆင်ရန် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး ၏ ပြင်ဆင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို လွှတ်မပေးနိုင်သေးကြောင်း၊ NLD က ဦးစွာ အမျိုးသားညီလာခံ ပြန်တက်ပေးရန်နှင့် အမျိုးသားညီလာခံတွင် NLD ၏ ဆွေးနွေးချက်အပေါ် မူတည်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တဆင့် ပြောကြားထားသည့် NLD ၏ တောင်းဆိုမှု များကို ပြန်လည် စဉ်စားပေးမည်ဟုသော ပြင်ဆင်ချက်ပင်ဖြစ်ပါသည်။

ဗိုလ်မှူး အောင်လင်းထွဋ်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထိုပြင်ဆင်ညွှန်ကြားချက်သည် မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံ၏ မျှော်လင့်ချက်ကို နင်းချေဖျက်ဆီးခဲ့ပါသည်။ ထိုစဉ်က တပ်မတော်ထိပ်ပိုင်း ဗိုလ်ချုပ်များပင်လျှင် များစွာ မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချုပ်မှူးကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာရှိ/အကြပ်တပ်သားများပင်လျှင် တိုးတိုးတိတ်တိတ် ဝေဖန်သံများ ရှိခဲ့ကြပါသည်။ တစုံတစ်ခုတော့ မှားယွင်းနေသည်၊ ဘေးပရောဂ တစ်ခုခု ဝင်သွားလို့လား၊ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မူမမှန်ဖြစ်သွားတာလားကိုတော့ ကာယကံရှင် (ဗိုလ်ချုပ်မှူးကြီး) ကိုယ်တိုင် သာ အသိဆုံး ဖြစ်ပါတော့သည်။ အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြင်ဆင်ညွှန်ကြားချက်ကို ဗိုလ်မှူးကြီး တင်လှိုင်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့မှ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်ပြောကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်မှ “ရှင်တို့ စစ်သားတွေ ယောင်္ကျားတွေဖြစ်နေပြီး ဂတိသစ္စာ မတည်တဲ့သူတွေ” ဟု မှတ်ချက်ပြုမှုကို ခံခဲ့ရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး၏ လုပ်ရပ်ကြောင့် တပ်မတော်ဆိုသည့် ဂုဏ်သိက္ခာသည် တစ်ပြားသားမျှမကျန်အောင် ဖြစ်ခဲ့ရပါသည်။
ထိုစဉ်အချိန်အခါ ၂၀၀၄ ခုနှစ်မှစ၍ ယနေ့အထိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံသည် အဝေးကြီးဝေးခဲ့ရပါသည်။ စေ့စပ်ညှိနှိုင်းရေးကို ဦးစားပေးခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် တစ်ဖွဲ့လုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ချက်ကြောင့် ဘဝနိဂုံးချုပ်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ပြောင်းလဲသွားရခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်မှူးကြီး၏ အခါတော်ပေးဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဝံကြီး ဦး..အောင်..တောင်း (ဦးအောင်သောင်း) တို့ကြောင့် ဖြစ်သည်ကို စစ်တပ်ထိပ်ပိုင်း အနီးကပ်ရှိသူများထံမှ တဆင့် ကြားသိရပါသည်။
ယခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရက်စွဲပါ “ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ၊ ရေးသားသူ - ရန်ငြိမ်းအောင် (လူငယ်တွင်)” အောက်ပါစာပိုဒ်လေး ပါဝင်ပါသည်- “သို့သော် ဘဘဦးတင်ဦးကပင် ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတစ်ခုသည် ရှိနေကြောင်းကို ယခုလ (၂၀) ရက်နေ့တွင် ဖော်ထုတ်သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများ နှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင် ပြန်လည်ကျေးဇူးတင်စကားပြောရာ၌ ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဘက်သဘောတူပြီးပြီ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တစ်ရက် အလိုကျမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။ ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတစ်ခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေငြာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စား၊ တွေ့ဆုံဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခိကို မည်သို့ ဖြေရှင်းမည်နည်း?”
ကျွန်တော့်အနေဖြင့် စာဖတ်ပရိတ်သတ်များကို ဖေါ်ထုတ်ရှင်းလင်းလိုသည်မှာ တပ်မတော် အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်၊ ညှိနှိုင်းခဲ့သည်။ ပြည်သူထဲက ပြည်သူ့တပ်မတော်ဖြစ်ချင်သည်။ “ပြည်သူသည်သာ အမိ၊ ပြည်သူသည်သာ အဖ” ဖြစ်သည်ဟု ခံယူထားသည်။ လက်ရှိအချိန်တွင် ဖြစ်နေသော ပြဿနာသည် အာဏာယစ်မူးနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကြောင့် ဖြစ်ပေါ်နေရခြင်းသာ ဖြစ်သည်ဆိုသောအချက်ပင် ဖြစ်ပါသည်။ ကျွန်တော် ဖေါ်ထုတ်ရှင်းလင်းလိုသောအချက်ကို ဦးတင်ဦး၏ပြောစကားများက ပိုမိုပေါ်လွင်လေးနက် အတည်ပြုပေးလိုက်သလိုဖြစ်ခဲ့ပါသည်။ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာလျှင် လက်ရှိ အာဏာရှင်စနစ်သည် ချုပ်ငြိမ်းပါမည်။ အာဏာရှင်စနစ်ကို ဖယ်ရှားရန်မှာ ပြည်ပရှိ မျိုးချစ်များထက် ပြည်တွင်းရှိ တပ်မတော်သားများက ပိုမိုစွမ်းဆောင် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျွန်တော်၏ ထိုသုံးသပ်ချက်ကို တပ်မတော်သား များအနေဖြင့် အလေးအနက်ထား စဉ်းစားပေးစေလိုကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...