မြို့ပြအနားက ၀ိုးတ၀ါး ဘဝ
ရန်ကုန်မြို့သစ် ရပ်ကွက်က ပြည်သူလူထုရဲ့ 
လက်တွေ့ ဘ၀ကို ထင်ဟပ် ပြသလိုက်တဲ့ ပင်တိုင် ဆောင်းပါးရှင် ညီတိုးငြိမ်းရဲ့
ဆောင်းပါး တစ်ပုဒ်အား ဒီကနေ့ တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို
ဖတ်ရူရင်း ကျွန်တော့် ရင်ထဲမှာတော့ တစုံတခု ခံစား ကျန်ရစ် ခဲ့ရသလို စာဖတ်
ပရိသတ်တွေရဲ့ ရင်တွင်းက ပေါက်ကွဲ ဖေါ်ထုတ်လာမဲ့ ခံစားချက်လေးတွေ ကိုလည်း
မျှဝေ ခဲ့ကြပါဦးလို့……
ဟိုတနေ့က ညီတိုးငြိမ်းတို့ ရပ်ကွက်
တစ်ခုခြားမှာ လူသတ်မှု ဖြစ်သည်။ ဟိုးလေး တကျော်တော့ မဖြစ်။ သိပ်
မထူးဆန်းလို့ နေမည်။ အသတ် ခံရသူမှာ သေလို့ သေသွားမှန်းပင် သိမည် မဟုတ်ဟု
ဆိုနေကြသည်။ အဘယ်ကြောင့်ဆို အိပ်ပျော်လို့ အလွန် ကာင်းနေသည့် အချိန်
လင်းအားကြီး ၃ နာရီခန့်မှာ လူသတ်သမားက ဒါးဖြင့် ထိုးသတ် သွားသောကြောင့်ဟု
လမ်းထိပ် လူစုစု အနား ဖြတ်အသွားမှာ ကြားလိုက် ရသည်။ လူသတ် သမားသည်
သူ့အကြွေးကို မဆပ်သော အသတ်ခံရသူကို ရသည့် နည်းဖြင့် ကလဲ့စားချေ
လိပ်ပြာနှုတ်ကာ တသက်တာ ပြန်မရနိုင်တော့မည့်သူ့အကြွေးအား တောင်းသွားခြင်း
ဖြစ်မည်ဟု ပြောသူက ပြောသည်။ အဘယ်ကြောင့် ဤမျှ အထိ ရက်စက်ကြပါသနည်း။
ကျွန်တော့် အနေဖြင့် ယခုလို လူသတ်မှုတွေ မုဒိမ်းမှုတွေ မကြာခဏ ကြားနေရသည်။
ယခု ရက်ပိုင်းအတွင်းပင် မန္တလေးမြို့မှ ၁၀
နှစ်သမီးကို မုဒိမ်းကျင့်ပြီး သတ်ခဲ့သည့် အမှုကလည်း ဟိုးလေးတကျော်။
မြန်မာတွေ လူတွေ ရက်စက် ယုတ်မာလှသည့် ဤလို ပြစ်မှု ကြီးတွေကို ဘာကြောင့်
ကျူးလွန် လာကြပါသလဲ။ ကျွန်တော်တွေးနေရင်းမှ ရေးခဲ့ရပါပြီ။ ပြီးခဲ့သည့်
ရက်ပိုင်းကလည်း အိမ်အနားက လဘက်ရည်ဆိုင် ပိုင်ရှင်၏သား အသက် ၂၅ ခန့်
လူငယ်လေး သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေသွားသည်။ အရွယ်မရောက် သေးသော
သားကလေးနှင့် ဇနီးတို့ မျက်နှာများ မို့အောင် သည်းထန်စွာ ငိုကြွေး
နေကြသည်ကို ၀မ်းနည်းစဖွယ် တွေ့ခဲ့ရသည်။ စားဝတ်နေရေး မပြေလည်ဘဲ အကြွေးများ
ထူနေသောကြောင့်ဟု ပြောကြသည်။ အလုပ်မရှိ စားစရိတ်ထောင်း၊ နောက်ဆုံး ဘဝ
ထွက်ပေါက်ကို ရှာသွားသည်ဟု ပြောကြ ပြန်သည်။
တရားရုံး သွားကြည့် လိုက်လျင်လည်း
မကြားဝံ့ မနာသာ ရိုင်းစိုင်း ရက်စက် ကြင်နာကင်းသည့် အမှုအခင်းမျိုး
လိမ်လည်မှုမျိုးများနှင့်အတူ အပြစ် မရှိသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ
လူငယ် လူရွယ် တို့ကိုလည်း ရောနှော ဖမ်းဆီး စစ်ဆေးနေသည်တို့ကို တွေ့နေရ၏။
အလွန်ပင် စိတ်မကောင်းဖွယ် ဖြစ်ရသည်။
ပြစ်မှု ကျူးလွန်သည်ဟု
ရုံးတင်တရားစွဲခံနေရသော သူတို့အားလုံး အထဲတွင် အချို့သည် ဘာပြစ်မှုမှ
ကျူးလွန်သူများ မဟုတ်။ အများစုသော လူဆင်းရဲ ဥာဏ်နဲ ငမွဲတို့အတွက် ထွက်လမ်း
လွတ်လမ်း တိုးတက်လမ်း အတွက် ကြိုးပမ်းရင်း သူတို့ပါ ယနေ့ခတ်၏ တရားစီရင်ရေး
စနစ်အတွင်း အဖမ်းခံ လာကြရရှာသူများ ဖြစ်သည်။ နိုင်ငံရေး တက်ကြွ
လှုပ်ရှားသူတို့ ဖေါက်ဖျက် ကျူးလွန်သည် ဆိုသော ပြစ်မှုတို့မှာ ဘယ်နိုင်ငံသား
ဘယ်အိမ်နီးချင်း ဘယ်မိတ်ဆွေ ကိုမှ မထိခိုက် …..လိမ်ခြင်း ညာခြင်း အလျင်း
မရှိ။ ခိုးခြင်း ရက်စက်ကောက်ကျစ်ခြင်း။ အောက်တန်းကျခြင်း အလျှင်းမပါ။
သို့ပါသော်လည်း သူတို့သည် ခိုးတတ် ဖွက်တတ်
လူသတ်တတ်သော လူတို့နှင့် တန်းတူ သံတိုင်တွေနောက် သံခြေကျင်းတွေ အခတ်ခံကာ
ပင်ပန်း ဆင်းရဲစွာ နေကြရသည်။ သို့သော်ငြား သူတို့ မျက်နှာသည်ကား
မျှော်လင့်ချက် ရောင်ခြည် တဖျတ်ဖျတ် ။ စိတ်ဓါတ် ကျသည့်ဟန် မတွေ့၊
အားလျော့မည့်ပုံ မပေါ်။ သူတို့သည် တကယ့် မျိုးချစ် ပုဂ္ဂိုလ်များ
ဖြစ်ကြပါပေသည်။
ညီတိုးငြိမ်း ဥာဏ်မှီသလောက် တွေးနေမိသည်။
ဘာကြောင့် ဘာတွေက ဘယ်လိုဖြစ်နေပါသလဲ။ ဘယ်သော အခါမှ မျှတတည်ငြိမ်
ငြိမ်းချမ်းသော တိုးတက်ခြင်းမျိုး ရလာနိုင်မည်လဲ။ ညီညွတ်သော အချိန်
တစ်ခုတွင်တော့ မျှော်လင့်ချက်တို့ ငွေ့ရည်ဖွဲ့ တည်လာမည် ဟု ယုံကြည်ပါသည်။
လူတွေ အထူးသဖြင့် မြန်မာလူမျိုးတွေ
ဆင်းရဲလွန်းလှပါသည်။ နိုင်ငံသား အားလုံးကို မဆိုလို။ ချမ်းသာ ကုံလုံသော
လူတို့ရှိသလို ဆင်းရဲနုံချာသော မြန်မာတို့လည်း အများအပြား ရှိသည်။
ပြည့်စုံပြီးသူ အနည်းငယ်ကို ကြည့်ပြီး ပြည်မြန်မာ တိုးတက်နေပြီဟု ပြောမရပေ။
ဆင်းရဲငတ်မွတ်ပြီး အသိဥာဏ် ခေါင်းပါးသော လူထုကြီးက ပိုမိုများပြား နေသော
လူနေမှုစနစ်အတွင်း ချမ်းသာသော မည်သူမဆိုအတွက် စည်းစိမ်ဥစ္စာ ဓနနှင့်
ပတ်သက်သော လုံခြုံရေး ဟူသည် အမြဲတစေ ခြိမ်းခြောက် ခံနေရမည် ဖြစ်သည်ကို
သူတို့အား သိစေချင်သည်။
မြန်မာပြည် ရန်ကုန်မြို့တွင် နေသော
ညီတိုးငြိမ်းသည် ရန်ကုန်မြို့ရှိ လူနေမှု စနစ်ဖြင့်သာ အကျွမ်းဝင်
လေ့လာခွင့်ရ၍ ရန်ကုန်သားတို့ အကြောင်းသာ ကောင်းကောင်း သိသည်။ နီးစပ်ထိတွေ့
ဆက်သွယ် ခွင့်ရသော နယ်မြို့တချို့က အဆွေအမျိုး မိတ်ပေါင်း ရောင်းရင်းတို့
အကြောင်းလောက်သာ သိသည်။ အားလုံးကို တတန်းတစားထဲ ခြုံငုံသုံးသပ်
မရသောကြောင့် မှားတာလည်း ရှိကောင်းရှိမည်။ သို့သော် တိုင်းပြည် အတွက်သာ
ရည်စူးသောကြောင့် ထင်မြင် သုံးသပ်မိသော မိမိ အမှားသည် နောက်မျိုးဆက်သစ်
အတွက် အမှန်ဖြစ်သည် ဟုသာ ခံယူသည်။
ရန်ကုန်ရှိ လူအများစုမှာ စီးပွားရေး
မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေရသည်။ အထူးသဖြင့်
ဝန်ထမ်းများနှင့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အတော် ကျပ်တည်းကြသည်။
ဝင်ငွေနှင့် ထွက်ငွေ မလုံလောက်ပေ။ အများဆုံး ရနိုင်သော နေ့စား အလုပ်သမား
တဦး၏ နေ့စဉ် ၀င်ငွေမှာ အများဆုံး ၄၅၀၀ကျပ် မှ အနည်းဆုံး ၁၅၀၀ကျပ်
အကြားတွင်သာ ရှိသည်၊ အများစုသော အလုပ်သမား ၀န်ထမ်းအားလုံး၏ နေ့စဉ်
ဝင်ငွေကို နိုင်ငံခြားငွေအားဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အမေရိကန်
ဒေါ်လာ ၁.၃ မှ ၃ ဒေါ်လာ ကျော်ကျော် အကြားသာ နေ့စဉ်ဝင်ငွေ ရှိကြသည်။
ထိုအထဲမှ စရိတ်ထောင်းလှသော
ခရီးသွားလာမှုစရိတ်ကို ပြန်နှုတ်လိုက်လျှင် အိမ်အပြန် အိပ်ကပ်ထဲ ပါနိုင်သော
ငွေမှာ ၁၀၀၀ကျပ်ခန့်မှ ၄၀၀၀ ကျပ်ခန့်သာ။ ဒါတောင် ၄၅၀၀ ရသော နေ့စားသမားသည်
ပန်းရံကျွမ်းကျင် ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သည့် ပညာရှင်ဖြစ်မှ ရသည်။
အများစုမှာ အနိမ့်စား အလုပ်သမားများသာ ဖြစ်သည်။ ဒီတော့ ဟိုနှုတ်သည်နှုတ်
စာကလေး အမွှေးနှုတ် လိုက်သောအခါ မဆိုစလောက် ငွေလေးသာ ကျန်သည်။ ဤကြားထဲမှ
မလိမ်မာသူ နောင်ရေး မတွက်သူတို့က အလုပ်ပင်ပန်းသည် ဟူသော ခေါင်းစဉ်ဖြင့်
အပေါစား ချက်အရက် ၂၀၀ ဖိုး ၃၀၀ ဖိုးလောက် ညနေတိုင်း ခွက်ပုန်းဆိုင် ၀င်တွယ်
လိုက်သေးသည်။ ဒါတင်လား မဟုတ်၊ ဆေးလိပ်လေးကလည်း နေ့စဉ် ၂၀၀ ဖိုးလောက်
သောက်သည်။ ကွမ်းလေးကလည်း တနေကုန်ဝါးမည် ဆိုလျှင် ငါးရာ အနည်းဆုံး ကြွသည်။
ဒါလည်း မြန်မာ့လူနေမှု စနစ်အတွင်း ဆင်းရဲသူ အများစုသည် ဆေးလိပ်ကွမ်း
သုံးစွဲသူ အတော်များသည်။
ချမ်းသာသူများကျတော့ နိုက်ကလပ်တက်
ရွှေလည်တွဲကာ အိုမင်းဇရာနှင့် ကညာနုနယ် သွေးဖလှယ်နေကြသည်။ မူးယစ်စိတ်ကြွ
ဆေးလှလှတို့ဖြင့် လူ့စည်းစိမ်ကို ရှတတ ခံစားနေကြသည်။ အဖိုးတန်
သေရည်တို့ဖြင့် ယမကာမင်း ဇရက်မင်း စည်းစိမ် ခံစားနေကြသည်။ ထိုအချိန်တွင်း
တကယ့်ငရဲ အခင်းအကျင်းတို့ မြန်မာနိုင်ငံ နေရာအနှံ့ရှိ အကျဉ်းထောင်များ
အကျဉ်းစခန်းများတွင် လူမသိ သူမသိ ဖြစ်ပေါ်နေသည်။ ငရဲကျသည် ဟူသော
ပင်ပန်းဆင်းရဲမှုတို့ လူ့ပြည်လူ့ရွာ ပြည်မြန်မာမှာ အသေအချာ ရှိနေသည်။
မြေအောက် အ၀ီဇိမှာ မဟုတ်။ ငရဲပြည် ခြောက်ထပ်မှာ လည်းမဟုတ် ။ အင်းစိန်၊
သာယာဝတီ၊ မင်္ဂလာဒုံ၊ မှော်ဘီ စသော အထင်ကရ နေရာများရှိ စစ်ကြောဖမ်းဆီးရေး
နေရာများတွင် ငရဲရှိနေသည်။
ဟော ညီတိုးငြိမ်းတို့ အထူးစိတ်ပါဝင်စားသော
အခြေခံ လူတန်းစား ရပ်ဝန်းတွင်းတွင်မတော့ ဒါတွေ ဖြစ်ပျက်နေကြသည်။
မမျှတမှုတွေ၊ မိုက်မဲမှုတွေ၊ မချင့်မရဲ ဖြစ်စရာတွေ၊ အားမလို အားမရဖြစ်ဖွယ်တွေ
တပုံတပင်ဖြစ်နေကြသည်။ လက်လုပ်လက်စားတို့ ညနေရီတရော အိမ်အပြန်ရောက်
ဖြစ်ပျက်ကြပုံ တို့ကလည်း ဤနိုင်ငံ့ အနာဂတ် ထုဆစ်ရာမှာ မပါမဖြစ်။
ပင်ပန်း ကြမ်းတမ်း ချွေးနှင့် သွေးနှင့်
နေပူပူအောက် နောက်ဆုံး အိမ်မှအိမ်ရှင်မ လက်ထဲရောက်တော့ အသပြာငွေလေး
ထောင်ကျော်ပင် မပြည့်ချင်တော့။ အချို့ဆို တမိသားစုလုံး တနေ့စာအတွက် ရာဂဏန်း
မျှသောငွေသာ အိမ်သို့ပြန်ပါသည်ဟု ဆိုသည်။ ထိုအခါ ဆန်တပြည်
ကျပ်ထောင်ဂဏန်းမျှ ရှိသော အချိန်တွင် ဘယ်လို စားကြမည်နည်း။ သားသမီး ဘုစု
ခရုလေးတွေကိုလည်း ကြည့်လိုက်၊ လူသားဟုပင် ခေါ်သင့် မခေါ်သင့် စဉ်စားရမည်။
အ၀တ် ကိုယ်မကပ်နိုင်သော တုံးလုံးလေးများက ဗွက်တော၊ ရွံ့တော၊ ခွေးချီးတော၊
နွားချီးတောတွင် ၀ဲထူဒက်စွဲ မဲသဲပေရေစွာဖြင့် ကျင့်သားကျ နေသားရနေပြီ။
အရွယ်ရောက်သည့်တိုင် စာသင်ကျောင်း ဆိုတာ
သူတို့ မသိ။ ပညာရေး ဆိုတာ နားမလည်။ မအေ ဖအေတို့ ကိုယ်တိုင်ကလည်း ပညာမတတ်
စာမတတ် သားသမီးတွေကိုလည်း ပညာသင်ပေးနိုင်ဖို့ မပြောနှင့် စားဝတ်နေရေးပင်
မဖူလုံ။ ဤအတောတွင်း ထိုမိသားစုမျိုး များစွာတို့သည် သားရေး၊ သမီးရေး၊
ကျန်းမာရေး၊ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ သာရေး နာရေး အရေးပေါင်း
များစွာကို ရင်ဆိုင် ဖြတ်သန်းရင်း အရေးအရာ ပေါ်တိုင်း ယူမိသည့် အကြွေးမှ
အတိုးတို့က တဖြေးဖြေး ဖိစီးလာသည်။
အငှားအရမ်း အချေးအပေါင်တို့ဖြင့်
အရေးပေါင်းများစွာကို ဖြတ်သန်းကျော်လွှားဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ
မလောက်ငှ နိုင်တော့သောအခါ ဖြတ်လမ်း နည်းများ စဉ်းစားလာတော့သည်။
လူအတော်များများ တိုးတိုးတဖုံ ဗြောင်တနည်း ပြောနေ ထိုးနေသော လောင်းကစား
လုပ်မည်၊ ချဲထိုးမည်၊ တချီကောင်း ပေါက်ခဲ့သော် အကြွေးများ ပြေအောင် ဆပ်မည်။
နှစ်လုံးထီ ထိုးမည်၊ အရင်းနည်းနည်းဖြင့် ဒက်ထိ ၀င်ခဲ့သော် တပတ်စာလောက်
မီးဖိုချောင် စရိတ်ကာမိမည်။ သို့နှင့် အများပြောသည့် ဟော့သည်ဆိုသော
ဂဏန်းများ၊ ကွက်တိ ၀င်မည်ဆိုသည့် ဒဲ့ အလုံးများ၊ တွတ်ပတ်ရမည့်
အလုံးများနှင့် လုံးလည်ချာလည် လိုက်နေကြတော့သည်။
အဲဒီတော့ ကုန်သည်၊ ထပ်ကုန်သည်၊
ရှိတာလေးတွေ ရောင်းချပေါင်နှံ၊ နေ့ပြန် အတိုးလည်းယူ။ လပေးလည်းပါ။
ရွှေပေါင်လည်းကုန်၊ အိမ်ဂရန်လည်း မရှိတော့ပြီ၊ ပရိဘောဂလည်း မချန်နိုင်၊
အ၀တ်အထည်လည်း တရုတ်အပေါင်ဆိုင် ပို့ရပြီး ဒန်အိုးကိုပင်
အပေါင်ဆိုင်ပို့ထားလို့ နေ့ခင်း ထမင်းချက်စရာ အိုးပင် မရှိ။
နေ့ပြန်တိုးနှင့် ညနေ အလုပ်မှ အပြန် ဒန်အိုးရွေးပြီးမှ ထမင်းဟင်း
ချက်စားကြရသည် အထိ ဆင်းရဲတွင်းနက် အကြွေးထူသူတို့ မြို့သစ် ရပ်ကွက်ထဲမှာ
တကယ်ပင် ရှိနေသည်။ ဒါလည်း ဒီလိုလူတွေရဲ့ စိတ်ကူးထဲမှာ ဂဏန်းတွေ သင်္ချာတွေ၊
အတိတ်စိမ်းတွေ၊ အိမ်မက် ကောက်နှုတ်ချက်တွေသာ လွှမ်းနေပေလိမ့်မည်။ ညနေ
အချိန်ကျသည်နှင့် တွေ့ရာလူကို ဘာဂဏန်း ထွက်သလဲ မေးနေသည်ကိုသာ တွေ့ရမည်။
ချဲမပေါက်လျှင် စိတ်ညစ်၍ အရက်သောက်သည်ကို မြင်ရပြီး ချဲပေါက်လျှင်လည်း
ပျော်လွန်း၍ ပိုသောက်သည်ကို တွေ့ရမည်။
ဆေးရုံ၊ သုသာန်၊ နာရေး ကြည့်လိုက်
သူတို့လို အလွှာ သူတို့လို ညစ်လည်းသောက် ပျော်လည်းသောက်သည့် ကိုကြီးကျော်
ဂိုဏ်းသားတွေ မရဏလမ်း အတော် ဖြောင့်စည် နေသည်ကိုလည်း တွေ့ရပေမည်။ လူဆင်းရဲ
ချဲသမား သူတို့ကို တချက်လောက် စောင်းမြောင်း ကြည့် ကြည့်လိုက်… အလုပ်အကိုင်
အခွင့်အလမ်း၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး တွေးတော မေးပြော
နေသည်ကို အလျှင်း မြင်ရမည် မဟုတ်။ သူတို့သည် ဆင်းရဲလို့ ဥာဏ်မွဲ …..
ဥာဏ်မွဲလို့ အတွေးခေါင်…. အတွေးခေါင်လို့ ဆင်းရဲ ဤသည်ကို သူတို့ မသိ။
သူတို့ သိသည်မှာ လတ်တလော ဒုက္ခကို ဖြေရှင်းမည့် ကာလတို ဖေါက်ထွက်နိုင်ရေး
ဖြတ်လမ်းနည်း တွေသာ။
ဆင်းရဲလေ ချဲထိုးဖို့ စိတ်ဇောသန်လေ ကံထ
ကံမပြီး တချီလောက် ပေါက်လိုက်လျှင် အသက်ရှုချောင်မည်။ တခါလောက်လည်း
ပေါက်ဖူးပြီ၊ လုံးကနဲ ရလိုက်သော ငွေတချို့ကို ဟုန်းကနဲသုံး၊
အကြွေးတချို့ဆပ်။ ကျပ်နေသော ရင် အခိုက်တန့် ချောင်သွားသော ဖီလင်ကို
အလွန်ပျော်သည်။ ချဲပေါက်သောနေ့ တွတ်ရသော နေ့ သူတို့ တအိမ်လုံး ပျော်သည်။
သီချင်းသံ တညံညံ၊ လေချွန်သံ တရွီရွီ၊ ညနေတိုင်း သောက်နေကျ သူတို့
အိမ်ထောင်ဦးစီး အမူးလွန်ပြီး သူ့အဖေါ်တွေက တွဲခေါ်လာပို့ ရပြီ ဆိုလျှင်
သူတို့ အိမ် ချဲပေါက်ရင် ပေါက် ၊မဟုတ်ရင် ဂွင်ကောင်းကောင်း တစ်ခု သူတို့
ရလိုက်ပြီ ဆိုတာ ပတ်ဝန်းကျင်က ရိပ်မိပြီ။
သူတို့ ချဲထိုးသည်။ ထပ်ထိုးသည်။
နှစ်လုံးကိုပါ အရန် ထိုးသည်၊ အောင်ဘာလေထီလည်း ပါသည်။ ထီမှန်သမျှ ကံစမ်းသည်။
သူတို့ ကိုးကွယ်သော အဘ ထွက်ရပ်ပေါက် ဆိုသူနှင့် ဗေဒင်ဆရာက
ငွေအလုံးအရင်းနှင့် မကြာမှီ ၀င်မည်ဟု ပြောသည်။ ထို့ကြောင့် ထီကိုလည်း
ထိုးသည်။
သူတို့ အကြွေးတွေ ထပ်တင်သည်။ ငွေမျော
ငွေလိုက်၊ အကြွေးတွေ လည်ဇလုပ် ရောက်လာတော့သည်။ ပေါင်နှံစရာလည်း
မရှိတော့ပြီ။ ရောင်းချစရာလည်း မရှိတော့ပြီ။ အလုပ်ကနေ ဖြောင်စရာ ဘတ်စရာ
ဘုန်းစရာလည်း မလွယ်တော့ပြီ။ အရင်ကဆို လက်သမားလုပ်သော သူတို့ အဖေ အလုပ်က
သံတွေ ခိုးလာသည်။ သစ်တွေ ထမ်းလာသည်။ ရရာ လစ်ရာ အလုပ်ခွင်မှ အသုံးဝင်သော
ပစ္စည်းတို့ဖြင့် စစ်ကူယူ ၀မ်းစားဖြည့်ခဲ့သော်လည်း ယခု အလုပ်ကလည်း မလစ်တော့။
ခိုးခွင့် ဖြောင်ခွင့် ဘတ်ခွင့် မရတော့။ အလုပ်ရှင်က နပ်လာပြီ။
စောင့်ကြည့်လာပြီ၊ အခန့်မသင့်လျှင်ပင် ပြုတ်တော့မည့် တကဲကဲ။
ဤလိုမျိုး မွန်းကျပ်ဖိစီး သိပ်သည်းခြင်း
ပြင်းသည့် မိသားစု ပုံစံတို့သည် မြန်မာပြည် နေရာအနှံ့အပြားတွင် သူ့ပုံ
သူ့ဟန် သူ့ဓလေ့များဖြင့် သိပ်သည်းကျစ်ညစ် ဖြစ်နေပေလိမ့်မည်။ သေချာသည်မှာ
ထိုကဲ့သို့ ပုံစံမျိုး ဘ၀လူနေမှု စရိုက်မျိုးသည် ပညာနည်းသော ပညာမဲ့သော
အတွေးအခေါ် အားနည်းသော အခြေခံလူတန်းစား အလွှာထု ကြီးကြီးထဲတွင် မရိုးနိုင်သော
ဘ၀ပုံပြင်တို့ ဖြစ်နေခြင်းပင်။ ဤသို့ဖြင့် လူသတ်ခြင်း၊ ဒါးမြတိုက်ခြင်း။
လိမ်လည်ခြင်း၊ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်း၊ လူသားမဆန်သော အပြုအမူတို့
ပြုလုပ်လာခြင်း၊ ကလိမ်ကကျစ်လုပ်ခြင်း၊ ကတိမတည်ခြင်း၊ မလှိမ့်တပတ်လုပ်ခြင်း၊
အောက်တန်းကျခြင်း၊ ပြောရက်စရာမရှိအောင် အဆင့်အတန်း နိမ့်ခြင်း စသော
စာတင်ပေမမှတ်အပ်သည့် လူနေမှု ဘ၀ ဖြစ်စဉ်တို့ မြန်မာပြည်တွင်း
ဖြစ်ပေါ်လာတော့သည်။
ဒါတောင်မှ ရန်ကုန်၊ မဟာရန်ကုန်မြို့နှင့်
နယ်နမိတ်အတွင်း ဖြစ်ပျက်နေသော အကြောင်းအရာများ ဖြစ်သည်။ နယ်မြို့များနှင့်
ဓါးရေးထက်သူ ဘုရင်လုပ်စတမ်း လက်နက်ရှိသူကို ဦးခိုက် ရစတမ်း ဖြစ်နေသည့်
နယ်စပ်မြို့များ၏ အခြေအနေ မပါသေး။ ညီတိုးငြိမ်း ရောက်လေရာရာတွင် လူထုနှင့်
ပတ်သက်ပြီး အမြဲတမ်း စနည်းနာနေလေ့ရှိ၍ နယ်မြို့လူထုများ အကြောင်း
သုံးသပ်တင်ပြနိုင်အောင် ကြိုးစားပါဦးမည်။ သူတို့ကို ဘယ်သူတွေက
ဦးဆောင်ပြီး လမ်းကောင်းရောက်အောင် ကယ်တင်မှာပါလိမ့်။ ဘယ်သူတွေက သူတို့ကို
လမ်းမှားရောက်အောင် ဆွဲချ ခေါ်ဆောင်သွားပါလိမ့်။ တိုင်းပြည်ကြီး
တိုးတက်နေပါပြီ ဆိုသော လူတို့ ဖြေကြစေချင်ပါသည်။ ယနေ့ အုပ်ချုပ်ရေး အစိုးရ၏
ဘက်တော်သားတို့ ဖြေကြ စေချင်သည်။
လောလောဆယ် မီးပျက်သွား၍ စာကို
ဆက်ရေးချင်သော်လည်း မရပ်ချင်ဘဲ ရပ်ရပေတော့မည်။ အပြင်ဘက်တွင် လေပြင်းတို့
တိုက်နေသည်၊ မိုးစက်တို့ လွင့်လာသည်။ မကြာမီ မိုးသည်းသည်း ရွာတော့မည်။
လမ်းတို့လည်း ရေလျှံဦးတော့မည်။ အိမ်ရှေ့မြောင်းမှ ရေထုကို
လှမ်းကြည့်မိသည်။ နှုတ်ခမ်းစပ်ထိ ရေတင်နေပြီးပြီ။ မိုးသည်းသည်းရွာလျင်ပင်
လျှံရန်အသင့် ဖြစ်နေပြီတည်း။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com