" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒီမိုကရေစီ ဆိုတာ ဘာလဲ What is Democracy ?

                  နိုင်ငံရေးဒဿနအယူအဆများ(၃)
ဒီမိုကရေစီ(Democracy)
            ဒီမိုကရေစီဆိုတာ ခေတ်သစ်ကာလမှာ လူသုံးအများဆုံးဝေါဟာရပဲ ။ ၁၉ရာစုလောက်တုန်းက ဒီမိုကရေစီဝေါဟာ ၇ဟာ ဗရမ်းဗတာနိုင်တဲ့ လူအုပ်စုကနေအုပ်စိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ် ။ နောက်ပိုင်းမှာမှ ဒီမိုကရေစီဆိုတာဖွံ့ဖြိုးတိုး တက် တဲ့ နိုင်ငံတိုင်းရဲ့ အဆုံးသတ်နိုင်ငံရေးပန်းတိုင် တစ်ခုလိုဖြစ်လာတယ်။ နိုင်ငံတော်နဲ့ အုပ်ချုပ်ရေးနယ်ပယ်တွေကနေ ဒီမိုကရေစီကို နစ်မြုပ်လုပ် ကိုင်တော့ပါမယ်လို့ကြွေးကြော်လာကြတယ် ။ ဒီတော့ ဒီမိုကရေစီဆိုတာ ကောင်းတဲ့ အရာတစ်ခုခုနဲ့ ဆက်နေတဲ့ အရာ ၊ ဒီမိုကရေစီဆိုတာ အမြတ်တနိုးရှာဖွေထိန်းသိမ်းသင့်ပြီး သူ့အတွက်ဆိုရင် အမြဲခုခံ ကာကွယ်နေရမယ့်အရာတစ်ခုဖြစ်လာတယ် ။                                                                                                                     ဒီမိုကရေစီကို ချီးမြောက်တဲ့ အမြင်တွေလည်း တော်တော်များများရှိပါတယ်။
ချားလ်စ် ဘူးကော့စကီးက ဆိုရင် “ဒီမိုကရေစီနဲ့အာဏာရှင်ကြားထဲက ကွဲပြားခြားနားချက်က  ဒီမိုကရေစီမှာ ပြည်သူတွေက မဲအရင်ပေးရပြီး နောက်မှ အမိန့််အာဏာကလိုက်လာတယ် ။ အာဏာရှင်စနစ်မှာတော့ မဲပေးခြင်းဖြင့် ပြည်သူတွေဟာ သူတို့ရဲ့ အချိန်ကိုသူတို့ ဖြုန်းတီးနေရတယ်”လို့ဆိုတယ် ။ ဘားနက်ခရစ်က နိုင်ငံရေးဆိုတာ အဓိကအားဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ အစိုးရဖြစ်ပေါ်မှသာ ရှိတယ် ၊ နိုင်ငံရေးဟာ တခြားသော အစိုးရစနစ်တွေမှာ ဖြစ်ပေါ်နေရင်လည်း ပါဝါတိုက်ပွဲအနေနဲ့ သာဖြစ်ပေါ်လေ့ရှိတယ် လို့ ဆိုတယ် ။                                                                                                                      ဒီမိုကရေစီအစိုးရရဲ့ လက္ခဏာတွေအများကြီးရှိပါတယ် ။ ဒါကြောင့် အစိုးရတစ်ရပ်က သူတို့ကိုယ်သူတို့ ဒီမိုက ရေစီအစိုးရလို့ ပြောနေရုံသက်သက်နဲ့ မလုံလောက်ဘူး ။ ကွန်မြူနစ်တွေကတော့သူတို့ကိုယ်သူတို လူထုဒီမိုကရေစီ အစိုးရလို့ ပြောနေတော့ကာ ဒီမိုကရေစီဗန်းပြ အစိုးရပုံသဏ္ဌာန်တွေ အမျိုးမျိုးရှိနေထင်ရှားတယ် ။ ဒါကြောင့် ဒီမိုကရေစီကို တစ်ခါတစ်ရံမှာ လစ်ဘရယ်ဒီမိုကရေစီလို့ ခွဲခြားသုံးနှုန်းကြတယ် ။ လစ်ဘရယ်ဒီမိုကရေစီက အသိပညာ၊ ယဉ်ကျေးမှု ၊ လူမှုရေး ၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံသဏ္ဌာန်ကို ရှေးရှုသွားမယ့် ဒီမိုကရေစီအစိုးရပုံစံတစ်ခုပဲ ။ လစ်ဘရယ်ဒီမိုကရေစီမှာ အဓိကကျတဲ့ အရာတွေက လွတ်လပ်စွာပြောဆိုခွင့် ၊လွတ်လပ်စွာတွေးတောခွင့် ရှိနိုင်မယ့် အခြေအနေတွေကို တည်ဆောက်ပေးရတယ် ။ ဒါကြောင့် တရားဥပဒေစိုးမိုးမှု ၊ တည်ငြိမ်မှု ၊အစီအစဉ် ဆိုတာတွေဟာ လွတ်လပ်မှုတွေအ တွက်အရေးပါတဲ့ အရာတွေဖြစ်တယ် ။
ဒီမိုကရေစီအဓိပ္ပာယ်ဖွင့်ဆိုချက်
            ဒီမိုကရေစီဆိုတဲ့ ဝေါဟာရဟာ ရှေးဂ၇ိဝေါဟာရကနေလာတယ် ။ ဒီမို(demos)ရဲ့ အဓိပ္ပာယ်က လူထုလို့အဓိပ္ပာယ်ရပြီး ခရေစီ(kratein)ကတော့  အုပ်စိုးမှုလို့ အဓိပ္ပာယ်ရတယ် ။ ဒီမိုကရေစီဆိုတာကတော့ ပြည်သူက အုပ်စိုးတယ်ဆိုတဲ့ အနက်ရှိတယ်။ ဒီမိုကရေစီကို အောက်စ်ဖို့ဒ်အဘိဓါန်မှာ လူထုတစ်ရပ်လုံးက အုပ်စိုးတဲ့ အစိုးရစနစ်တစ်ရပ်လို့ အဓိပ္ပာယ်ဖွင့်ပေးထားတယ် ။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးတွေမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီကို ကြည့်ရင် ဒီမိုကရေစီအစိုးရပုံသဏ္ဌာန်အမျိုးမျိုးရှိနေတာကိုတွေ့ရမယ် ။ လူသိအထင်ရှားဆုံး စံပုံစံတွေက လူထုအခြေခံ ဒီမိုကရေစီ ၊ ကိုယ်စားပြုဒီမိုကရေစီ၊ လူထုပါဝင်လုပ်ကိုင်စေတဲ့ ဒီမိုကရေစီဆိုပြီးရှိမယ် ။ တစ်ခုနဲ့တစ်ခု အခြေခံကတော့ သိပ်ပြီးကွာလှတယ်မဟုတ်ဘူး ။ ဒါပေမယ့် အစိုးရတော်တော်များများက သူတို့ကိုယ်သူတို့ ဒီမိုကရေစီပါလို့ ဖော်ပြတတ်တာတွေကလည်းရှိသေးတယ်  ။ ဟစ်တလာတောင်မှာ သူ့ရဲ့အစိုးရကို ဂျာမန်ဒီမိုကရေစီလို့ ခေါ်ဝေါ်ခဲ့တယ် ။ သူက သူတို့ရဲ့ ဂျာမန်ဒီမိုကရေစီသာလျင် တကယ့် ဒီမိုကရေစီအစစ်ရယ်လို ဆိုတာ။ အီတလီ ဖက်ဆစ်ဝါဒီ မူဆိုလီနီက လည်း သူ့ကိုယ်သူ “သန့်စင်တဲ့ ဒီမိုကရေစီပုံစံ” လို့ တံဆိပ်ကပ်တယ် ။ ကွန်မြူနစ်တွေကလည်း သူတို့ကိုယ်သူတို့ လူထု ဒီမိုကရေစီလို့ ခေါ်ဝေါ်သုံးစွဲကြတယ် ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အာဏာရှင်တွေကလည်း  သူတို့ကိုယ်သူတို့ ဒီမိုကရက်တစ် ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုကြတာပါပဲ ။ ဒါပေမယ့် လစ်ဘရယ်ဒီမိုကရေစီနဲ့ အထက်ပါ အာဏာရှင်တွေရဲ့ ဒီမိုကရေစီနှစ် ခုကြားထဲက ကွားခြားချက်ကထင်ရှားလွန်းတဲ့ အတွက် အထူးတလည် ရှင်းပြဖို့ မလိုဘူး ။  ဒီမိုကရေစီဆိုတာဘာလဲ ၊ ဘယ်လိုအချင်းအရာတွေပါဝင်သလဲဆိုတာကိုလေ့လာကြည့်လိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ဒီမိုကရေစီမှာ ဟန်ဆောင်ဒီမိုက ရေစီ၊ အတုအယောင်ဒီမိုကရေစီနဲ့ ကွဲပြားခြားနားတဲ့အရာတွေ ပါဝင်ပြီးသားဖြစ်တယ် ။       
အစိုးရစနစ်တစ်ခု
            ဒီမိုကရေစီကို အစိုးရစနစ်တစ်ခုအဖြစ်နဲ့ ကြည့်မြင်သုံးသပ်နိုင်တယ်။  အရစ္စတိုတဲလ်က သူ့ရဲ့ လက်ထပ်မှာ အစိုးရအမျိုးအစားသုံးရပ်ကိုခွဲခြားပြထားတယ် ။ တစ်ခုက ဘုရင်အုပ်ချုပ်ရေးပဲ ။ ဘုရားပေးထားတဲ့ မွေးရာပါ အခွင့်အာဏာကို ဆက်ခံတဲ့ အနေနဲ့ အုပ်ချုပ်တယ် ။ အကျင့်ပျက်ခြစားပိုင်ခွင့်တွေ အုပ်ချုပ်သူတွေမှာ အပြည့်အ၀ရထားတဲ့ အတွက် မင်းဆိုးမင်းညစ်တွေပေါ်ထွက်တယ် ။ ဒုတိယတစ်ခုက ပဒေသရာဇ်အုပ်ချုပ်ရေးပဲ ။ ပညာရေး ကြောင့်ဖြစ်ဖြစ် ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကြောင့်ဖြစ်ဖြစ် ၊ တခြားသောကောင်းမှုတစ်စုံတစ်ရာကြောင့်ဖြစ်ဖြစ်  ဒီလိုအရည်အချင်း ဟာ သာမာန်လူအများစုကို အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာရှိသင့်တယ်လို့ ယူဆပြီးတင်မြောက်ထားတဲ့ အုပ်ချုပ်ရေးပဲ ။ တတိယတစ်ခုက ဒီမိုကရေစီအစိုးရပဲ ။ လူထုတစ်ရပ်လုံးထံမှာ အာဏာကို ပုံစံအမျိုးမျိုးနဲ့ အပ်နှံထားတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်တယ် ။ ပညာမတတ် ဗ၇မ်းဗတာနိုင်တဲ့ လူအုပ်စုက စိုးမိုးသွားရင် အကျင့်ပျက်ခြစားတဲ့ အစိုးရမျိုး ပေါ်ပေါက်လာနိုင်တယ် ။ တစ်ချို့ဒဿနပညာရှင်တွေက ဒီမိုကရေစီကို  လူအုပ်စုကစိုးမိုးခြင်းလို့ ယူကြတယ် ။                  ဒါပေမယ့်အသေအချာ ပြန်စဉ်းစားကြည့်ရင် ဘယ်လိုနိုင်ငံရေးစနစ်မျိုးမဆို လူထုမပါလို့ မဖြစ်ဘူး ။ လူထုကို အတိုင်းအတာတစ်ခုအထိတော့ အခြေခံရတာချည်းပဲ ။ ဟစ်တလာတောင်မှ သူ့ရဲ့ အာဏာရရှိဖို့ သူ့ရဲ့ အပြောစွမ်းရည်ကို အသုံးချပြီး လူထုကို နှိုးဆွရတာမျိုးတွေရှိတယ် ။ အာဏာရှင်တွေကလည်း သူတို့ရဲ့ အုပ်ချုပ်မှုမှာ လူထုကို ဘယ်လို ထိန်း ချုပ်မလဲကိုသာစဉ်းစားပြီးလုပ်နေကြရတာဖြစ်တယ် ။ ယခင်အေသင် တိုက်ရိုက်ဒီမိုကရေစီမှာလည်း နိုင်ငံသားတွေက အစိုးရမှာ တိုက်ရိုက်ပါဝင်လုပ်ဆောင်ဖို့ ကြိုးစားတာကိုတွေ့ရမယ် ။ ဒီမိုကရေစီနဲ့ အဓိကကွာသွားတဲ့ နေရာမှာ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို ဘယ်လိုပေးထားသလဲ ဒါမှမဟုတ် ဘယ်လိုကန့်သတ်ထားသလဲဆိုတာပဲ ။ ယခင်က ဒီမိုကရေစီစနစ်ဆိုတာမှာတောင် မိန်းမတွေ၊ ကျွန်တွေနဲ့ ခွဲခြားဆက်ဆံခံရတဲ့သူတွေကို နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ ပေးမထားတာမျိုးတွေရှိခဲ့ဘူးတာပဲ ။                                                                                                            ဒီမိုကရေစီမှာ နိုင်ငံသားတွေရဲ့ လက်ထဲ အာဏာမရောက်ဘဲနိုင်ငံသားတွေ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် ချို့တဲ့ပြီး အခွင့်ထူးခံလူတစ်စုသာလျင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အတွင်းက အာဏာတွေကို ချုပ်ကိုင်နေတာမျိုးလည်း ရှိတတ်တယ် ။ Oligarchy စနစ်ကို ဒီမိုကရေစီက မျက်စိမှောက်ပြီး လျောက်သွားနိုင်တယ် ။ ပြည်သူလူထုထက် ပရော်ဖက်ရှင်နယ် သမားတွေ ၊ နိုင်ငံရေးသမားတွေက သူတို့ အကျိုးအတွက် လုပ်ကိုင်လာကြတာ ၊အာဏာကို ချုပ်ကိုင်နေကြတာမျိုးပဲ ။ လူထုက အာဏာကို ပြန်ရုပ်သိမ်းနိုင်ခွင့်အခွင့်အရေးလည်းမရတော့ဘူး။ ဒါဆိုရင် ဒီမိုကရေစီလို့ ခေါ်ဖို့ ခဲယဉ်းသွားပြန်ရော။ နောက်ထပ် အစိုးရပုံသဏ္ဌာန်ပေါင်းများစွာရှိသေးတယ် ။ စီးပွားရေးနဲ့ လူမှုရေးအကျိုးအမြတ် တွေကို အကြောင်းပြပြီးသူတို့ရဲ့အာဏာသုံးစွဲမှုကို တိုးတက်လုပ်ကိုင်နေတဲ့ အစိုးရမျိုးပဲ ။ ဒါကိုလည်း ဒီမိုကရေစီကျတယ် လို့ မဆိုနိုင်ဘူး ။ ဒါဖြင့် ဒီမိုကရေစီဖြစ်တယ် ဆိုတာဘာလဲ ။                                                                                         လူထုဟာ အစိုးရပေါ်လစီအပေါ် ထိထိရောက်ရောက်လွှမ်းမိုးထားနိုင်မှသာလျင် ဒီမိုကရေစီကျတယ် ၊ ဒီမိုကရေစီဖြစ်တယ်လို့ ခေါ်နိုင်မယ်။ မဲပေးရုံ ၊ မဲပေးခွင့် အခွင့်အရေးရှိရုံနဲ့ ဒီမိုကရေစီလို့ မခေါ်နိုင်ဘူး ။ ယနေ့ ခေတ်သစ်နိုင်ငံရေးစနစ်အများစုဖြစ်တဲ့ ဆိုရှယ်လစ် ၊ ကွန်မြူနစ်သာမက တစ်ခါတစ်ရံ အာဏာရှင်ပုံစံတွေမှာတောင်  မဲပေးတဲ့ စနစ်ရှိသလို ၊ ဥပဒေပြုစနစ်တွေ၊ လွှတ်တော်တွေလည်းရှိကြတယ် ။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီ ၀ါ လစ်ဘရယ်ဒီမိုကရေစီအတွက် မဲပေးခွင့် ၊ရွေးကောက်ပွဲဆိုတာတွေထက်ကျော်ပြီး တခြားသော အခန်းဂဏ္ဍတွေကို ထည့်ဝင်စဉ်းစားဖို့လိုတယ် ။ ထပ်ပြောရရင် အရေးအကြီးဆုံးက လူထုရဲ့ ထင်မြင်ချက်တွေဟာ အစိုးရရဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းမှာ လွှမ်းမိုးနေဖို့ အရေးကြီးတယ် ။ ဒီလို လွှမ်းမိုးခွင့်ရှိတဲ့ အခြေအနေတစ်ရပ်လည်းရှိနေရမယ် ။ လွတ်လပ်စွာ ပြောဆိုခွင့် ၊ ပုံနှိပ်ထုတ်ဝေခွင့် ၊ လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒပြခွင့်တွေဟာလည်း အရေးကြီးတဲ့ အခြေအနေတစ် ရပ်ပဲ ။အစိုးရရဲ့ ပေါ်လစီအပေါ် လူထုရဲ့ သဘောထားတွေ ထိထိရောက်ရောက်လွှမ်းမိုးဖို့ မရှိမဖြစ်အရေးကြီးတဲ့ အခြေအနေတွေပဲ ။ တကယ်လို့ ဒီအခြေအနေကို ပုံစံတစ်မျိုးမျိုးနဲ့ ကန့်သတ်ထားတာဟာအစိုးရရဲ့ပေါ်လစီ ၊ ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်စဉ်းကို လူထုက မလွှမ်းမိုးနိုင်အောင် ကန့်သတ်ထားတာပဲ ။ ဒါကို ဒီမိုကရေစီလို့ မခေါ်နိုင်ဘူး။                                     ဒီမိုကရေစီနိုင်ငံတော်တွေမှာ အော်လီဂါခီနဲ့ ဘုရင်တွေကို တွေ့နေရတာပါပဲ ။ ဒါပေမယ့် အဲဒါတွေရှိလို့ ဒီမိုကေ၇စီမရှိဘူးလို့ မဆိုနိုင်ဘူး ။ ဒီမိုကရေစီအတွက် အရေးအကြီးဆုံးက အစိုးရပေါ်လစီတွေမှာ လူထုရဲ့ ထိရောက်တဲ့ လွှမ်းမိုးနိုင်စွမ်းလို  ဒီမိုကရက်တစ်တန်ဖိုးစံတွေ သာဖြစ်တယ် ။ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲ ၊ လွှတ်တော် ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာတွေ ရှိနေတာပဲ။ ဒါပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ ဆုံးဖြစ်ချက်ချမှတ် ခြင်းဖြစ်စဉ်မှာလူထုရဲ့ ထင်မြင်ချက်တွေ လွှမ်မိုးနိုင်စွမ်းမှာတော့ အနည်းငယ်သာလျင်ရှိနေတာကို တွေ့ရမယ် ။
ဒီမိုကရေစီပုံစံကွဲနှင့် တန်ဖိုးစံတစ်ချို့
            ဒီမိုကရေစီမှာ ပြည်သူလူထုကိုကာကွယ်ပေးတဲ့ ဒီမိုကရေစီ (defensive democracy) ဆိုတာရှိတယ် ။ သဘောက ပြည်သူလူထုကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ နိုင်ငံတော်ထံကနေကာကွယ်ပေးဖို့ ကြိုးစားတဲ့ ဒီမိုကရေစီပဲ ။အကာအကွယ်ဒီမိုကရေစီဆိုတာ နိုင်ငံသားနဲ့ နိုင်ငံတော်တို့ကြားထဲက ပဠိပက္ခကို မြင်တယ် ။ လူထုနဲ့ ပုဂ္ဂလိကနယ်ပယ် ကြားထဲက ကွာခြားချက်တွေကို ရှုမြင်ပြီးအလုပ်လုပ်ရတယ် ။ ဒါဟာ လစ်ဘရယ်ဝါဒရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ အမြစ်တွယ်နေတဲ့ အရာပါပဲ ။                                                                                                                             နိုင်ငံသားတွေက သူတို့ရဲ့ အခွင့်အေ၇းနဲ့ လွတ်လပ်မှုတွေကို နိုင်ငံတော်နဲ့ နိုင်ငံခြားအာဏာတွေကနေ ခြိမ်းခြောက်နေပါပြီလို့ မြင်တဲ့ အခါတိုင်းမှာ အကာအကွယ်ပေးရေးဒီမိုကရေစီမှာ ပါဝင်လာကြတယ် ။ ဒါမှမဟုတ်လည်း လုပ်ယူမယ့် ဒီမိုကရေစီဟာ အကာအကွယ်ပေးရေး ဒီမိုကရေစီဆန်လာတယ် ။ ခြိမ်းခြောက်မှုမရှိတော့ဘူးဆိုရင် နိုင်ငံသားတွေက ဒီမိုကရေစီမှာ မပါဝင်တော့တာမျိုးကိုလည်းတွေ့ရတတ်တယ် ။ နှစ်ဆယ်ရာစုဒီမိုကရေစီသီအိုရီတွေမှာ နိုင်ငံသားအခွင့်အရေးဆိုတာကို လူ့အဖွဲ့အစည်းအတွင်း အပြည့်အ၀ပါဝင်ဆောင်ရွက်ရေးအဖြစ်ပြောင်းလဲချဲ့ထွင်လာတယ် ။  နိုင်ငံတော်ရဲ့ဆောင်ရွက်မှုတွေက ပုဂ္ဂလိကဘ၀ထဲကို ကျူးကျော်လာပြီး ကျန်းမာရေး ၊ ပညာရေး နဲ့ ၀ဲလ်ဖဲစနစ်တွေကို တည်ဆောက်ပေးတယ် ။ ဒါမျိုးကိုလည်း အကာအကွယ်ပေးရေးဒီမိုကရေစီအဖြစ်မြင်ကြည့်လို့ရမယ် ။                                                 ပုဂ္ဂလိကဘ၀ထဲကို ကျုးကျော်ပြီး ကျန်းမာရေး ၊ပညာရေးလို စောင့်ရှောက်မှုတွေပေးရတဲ့ အကြောင်းက နိုင်ငံသားတွေကို ဒီမိုကရေစီဆောင်ရွက်ချက်တွေနဲ့ မြှင့်တင်ပေးဖို့ ၊ ကာကွယ်ပေးဖို့ လိုလာတဲ့ အတွက်ပဲ ။ နိုင်ငံသားတွေက လည်း သူတို့ရဲ့ လိုအပ်ချက်တွေကြောင့် ပါဝင်ဆောင်ရွက်လာရမယ် ။ ဒီလို ပါဝင်ဆောင်ရွက်မှုတွေကို တိုက်ရိုက်ဒီမိုကရေစီအရသော်လည်းကောင်း ၊ ကိုယ်စားပြုဒီမိုကရေစီအရသော်လည်းကောင်း ဆောင်ရွက်နိုင်တယ် ။ ဒါကြောင် အကာအကွယ်ပေးရေး ဒီမိုကရေစီသဘောနဲ့ ဆက်စပ်နေတဲ့ ကိုယ်စားပြုဒီမိုကရေစီကိုလေ့လာကြည့်ရအောင်။                       ကိုယ်စားပြုဒီမိုကရေစီဆိုတာ လစ်ဘရယ်ဒီမိုကရေစီနဲ့ ဆက်နွယ်နေတဲ့ အရာတစ်ခုပဲ ။ ကိုယ်စားပြုဒီမိုကရေစီ ဆိုတာက ပြည်သူ့ကိုယ်စားလှယ်တွေကိုရွေးချယ်ရမှာ နိုင်ငံသားအများစုကို အကျယ်ပြန့်ဆုံးပါဝင်ခွင့်ပြုထားတယ် ။ နိုင်ငံတွေရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက နိုင်ငံသားတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးတယ် ။ ။ ရွေးချယ်ရာမှာ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ၊ညီမျှတဲ့ အခွင့်အရေးမျိုးကို ဖန်တီးပေးရတယ်။  နိုင်ငံသားတိုင်းမှာ မဲပေးခွင့် ရှိရမယ် ။ နိုင်ငံသားရဲ့ လူမျိုး ၊ လိင် ၊ ဘာသာရေး ၊ လူတန်းစား နဲ့ ကျန်အကြောင်းပြချက်တစ်မျိုးမျိုးကြောင့် မဲမပေးရတာမျိုးမရှိရဘူး။ သိမှုဆိုင်ရာ လွတ်လပ်မှု ၊ သတင်းအချက်အလက်လွတ်လပ်မှု ၊ လူထုရေးရာကိစ္စတွေမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်တွေရှိရမယ်။ အရွယ်ရောက်ပြီးသူမှန်သမျှသူတို့ရဲ့ အစိုးရတွေကို ဆန့်ကျင်ပိုင်ခွင့် အခွင့်အရေး ရမယ် ။ လူမှုရေးလှုပ်ရှားမှုတွေအတွက် အစိုးရနဲ့ ကင်းလွတ်တဲ့   အဖွဲ့အစည်းတွေ ဖွဲ့စည်းပိုင်ခွင့်ရှိရမယ် ဆိုတဲ့ အချက်တွေအဓိကအနေနဲ့ ပါဝင်တယ် ။                                                                                                                ကိုယ်စားပြုဒီမိုကရေစီတွေမှာ ဖွဲ့စည်းအုပ်ချုပ်ပုံကနေ နိုင်ငံတော်ကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုပေး သလို ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတာကလည်း အရေးကြီးတယ် ။ ရွေးကောက်ပွဲက လည်း အစိုးရကို အာဏာပေးအပ်ဖို့ရာ အရေးကြီးတဲ့ အရာတစ်ခုပဲ။ လူထုဆီက အာဏာရပြီဆိုတာနဲ့ လူထုကိုယ်စားနိုင်ငံရေးအရ တာဝန်ခံမှု(political accountability)ကိုပါ တစ်ပါတည်းတွဲယူရမှာဖြစ်တယ် ။ လူ့အဖွဲ့အစည်းတိုးတက်ဖို့ နဲ့ နိုင်ငံသား အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဟာ သူတို့ရဲ့ တာဝန်ဖြစ်သွားပြီ ။ နိုင်ငံသားအခွင့်အေ၇းကို မကာကွယ်ပေးနိုင်တဲ့ အစိုးရဟာ တာဝန်ခံမှုမရှိတဲ့ အစိုးရဖြစ်သွားပြီ။                                                                                                              ကိုယ်စားပြုဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ မဲပေးခြင်းကနေသာနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်တယ် ။ အနည်းစုကသာ နိုင်ငံရေးပါတီတွေမှာ ပါဝင်ဆောင်ရွက်ကြတယ် ။ ကိုယ်စားပြုဒီမိုကရေစီမှာ ပါဝင်လှုပ်ရှားနေတဲ့ အမတ်နဲ့ နိုင်ငံေ၇းသမားတွေဟာ ပညာတတ်အခွင့်ထူးခံတွေများတယ်။ ဒါကြောင့်လည်း ဂျိုးဇက်ရွှန်းပီတာက ခေတ်သစ်ဒီမိုကရေစီ ဟာ  ပညာတတ်အခွင့်ထူးခံတွေကြားက အာဏာတိုက်ပွဲပုံစံထက်နည်းနည်းလေးသာလျင်ပိုတယ်လို့ ဆိုတယ် ။ မဲပေးသူ တွေက ရှိနေတဲ့ ပညာတတ်အခွင့်ထူးခံပါတီတွေအတွင်းကနေသာမဲပေးနေရတယ်လို့ ဝေဖန်ခံရတယ် ။  ကိုယ်စားပြုဒီမိုကရေစီစနစ်မှာ လွှတ်တော်အမတ်တွေ သိထားရမှာက ကိုယ်စားလှယ်နဲ့ ကိုယ်စားပြု ဆိုတာကိုကွဲပြားဖို့ပါပဲ  ။ တစ်ချို့အမတ်တွေက သူတို့ကိုယ်သူတို့ ကိုယ်စားလှယ်ပုံစံပြုမှုကြတယ် ။ လွတ်တော်ထဲသွားပြီး သူတို့ရဲ့ အမြင်ပါဝင်တဲ့အရာကိုသာ ထင်ဟပ်ကြတယ် ။ တစ်ချို့ အမတ်တွေက ပြည်သူကို ကိုယ်စားပြုမှုကြတယ် ။ လွတ်တော်ထဲသွားပြီး ပြည်သူရဲ့ ထင်မြင်ချက်တွေကို ထင်ဟပ်ကြတယ် ။                                                                             နောက်ထပ် ဒီမိုကရေစီပုံစံကွဲတစ်ခုကိုတော့ အလွယ်အနေနဲ့ နိုင်ငံသားဒီမိုကရေစီလို့ ခေါ်ဆိုနိုင်တယ် ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း နာမည်ကွဲအမျိုးမျိုးတွေလည်းရှိပါတယ် ။ နိုင်ငံသားဒီမိုကရေစီဆိုတာက နိုင်ငံသားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေမြင့်မားလာအောင် နိုင်ငံရေးမှာ တတ်တတ်ကြွကြွပါဝင်ဆောင်ရွက်ရမယ်ဆို တာပဲ ။ ဒီလိုပါဝင်နိုင်ဖို့အတွက် နိုင်ငံသားရဲ့ ပညာရေးနဲ့ စရိုက်လက္ခဏာဖွံ့ဖြိုးမှုဟာမြင့်မားနေဖို့ အရေးကြီးတယ် ။ နိုင်ငံသား ဒီမိုကရေစီက မဲပေးခြင်းဟာ ဒီမိုကရေစီတာဝန်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ထမ်းဆောင်ခြင်းဆိုတာ ထက် ပိုတယ် ။ ဒါကြောင့် နိုင်ငံရေးစနစ်တွေထဲမှာ တတ်တတ်ကြွကြွပါဝင်ဆောင်ရွက်တယ် ။ တိုက်ရိုက် ဒီမိုကရေစီနဲ့ ဆက်နွယ်နေတဲ့ သဘောတရားတစ်ခုလည်းဖြစ်တယ်။                                                                                                  တိုက်ရိုက်ဒီမိုကရေစီဆိုတာ နိုင်ငံသားတွေက အစိုးရနဲ့ တိုက်ရိုက်ပါဝင်ပတ်သတ်နေတာမျိုးပဲ ။  ဘီစီလေး ငါးရာစုလောက်က လူဦးရေနည်းပါးတဲ့ အချိန်မှာတော့ နိုင်ငံသားတွေ အားလုံးစုဝေးပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်မှာပေါ်ပေါက်လာတယ် ။ ခေတ်သစ်မှာ လူဦးရေနဲ့ ပထ၀ီအနေအထားအရ တိုက်ရိုက်ဒီမိုကေ၇စီဟာ ပုံသဏ္ဌာန် ရွေ့လျားသွားတယ် ။ ကျောင်းအုပ်ချုပ်ရေး ဘုတ်အဖွဲ့တွေ ၊ အလုပ်သမားသမဂ္ဂနဲ့ အသင်းအဖွဲ့တွေဆီရွေ့လျားသွားတယ်။ ဒါကြောင့် တိုက်ရိုက်ဒီမိုကရေစီဟာ တိမ်ကောသွားတာမျိုးမဟုတ်ဘဲ ကိုယ်စားပြု ဒီမိုကရေစီစနစ်နဲ့ တွဲဖက်ပါနေဆဲ အရေးကြီးတဲ့ ပုံသဏ္ဌာန်တစ်ခုပဲ ။ လက်ဝဲသမားတွေက အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်မှာ နိုင်ငံသားတွေ ပိုမိုပါဝင်စေချင်ကြတာမျိုးဟာလည်းတိုက်ရိုက်ဒီမိုကရေစီနဲ့ ဆက်စပ်နေတယ်။ ဒီမိုကရေစီအများစုရဲ့ လွတ်လပ်တဲ့ ပြည်သူ့ဆန္ဒခံယူမှုတွေမှာလည်းတွေ့ရမယ် ။ ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကမ္ဘာကြီးက ပိုကျဉ်းမြောင်း လာတယ် ။ လူတွေက ပိုပညာတတ်လာတယ်၊ သတင်းအချက်အလက်တွေပိုချည်းကပ်နိုင်စွမ်းရှိလာတယ် ၊ ပိုပြီး ချမ်းသာကြွယ်ဝလာခဲ့ကြတဲ့ အခါမှာ နိုင်ငံရေးစနစ်မှာ  ကိုယ်စားပြုဒီမိုကရေစီစနစ်ထက် ပိုပြီး တိုက်ရိုက်ကျကျ ပါဝင်နိုင်မယ့် အခြေအနေတွေကို တောင်းဆိုလာကြတယ် ။ ကိုယ်စားပြု ဒီမိုကရေစီစနစ်ကိုတောင် ဒီမိုကရက်တစ်သဘော လျော့နည်းနေတဲ့ အရာအဖြစ်မြင်လာကြတာတော့ အမှန်ပဲ ။                                                                  နောက်ထပ်တစ်ခုကဒီမိုကရေစီကို လူအများစုကအုပ်စိုးတာ ၊ လူအများစုရဲ့ သဘောတူညီချက်ရရင် ဆုံးဖြတ်ချက်ချမှတ်နိုင်ပြီလို့ ယူလို့မရနိုင်ဘူး ။ တနည်းအားဖြင် အရပ်စကားနဲ့ပြောရရင်အများသဘောတူ ဒီမိုကရေစီဖြစ်တယ်လို့ ထပ်တူစွဲလို့ မရဘူး။  လူအများစုအုပ်စိုးမှုဟာ တစ်သီးပုဂ္ဂလူသားနဲ့ လူနည်းစုအုပ်စုတွေရဲ့ အခွင့်အရေးကို အန္တာရယ် အကြီးအကျယ်ပေးတတ်တဲ့ အပိုင်းတွေလည်း ရှိပါသေးတယ် ။  ဒီတော့မေးရမှာက လူနည်းစုရဲ့ အလိုကို လိုက်ရမှာလား ၊ လူနည်းစုရဲ့ အခွင့်အရေးကိုကြည့်ရင် လူနည်းစုအုပ်စိုးမှု ၊ လူနည်းစုအာဏာရှင်စနစ်လို ပြန်ဖြစ်မသွားနိုင်ဘူးလားဆိုတဲ့ မေးခွန်းပဲ ။ ဒီမိုကရေစီဟာ လူအများစုအုပ်စိုးတာသက်သက်မဟုတ်ဘူးဆိုတာမှာ အဓိက ပြဿနာက လူနည်းစုကို လုံးဝ အလျော့ပေးရမယ်ဆိုတာထက် လူအများစုအာဏာရှင်မဖြစ်အောင် ကိုင်တွယ်ရမယ့် ကိစ္စပဲ။ ဒီတော့ ဒီမိုကရေစီရဲ့ အရေးကြီးတဲ့ နောက်ထပ်မှတ်ကျောက်စံတစ်ခုက လူနည်းစုအုပ်စုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသလဲဆိုတာကိုကြည့်ပြီးဆုံးဖြတ်ချက်ချမှတ်နိုင်တယ် ။                                                                                         ဒီမိုကရေစီရဲ့အရေးကြီးတဲ့ နောက်ထပ်တန်ဖိုးစံတစ်ခုက  ညီမျှတဲ့ နိုင်ငံသားအခွင့်အရေးတွေရရှိဖို့ပဲ ။ နိုင်ငံသား တွေမှာ ညီမျှတဲ့ မဲဆန္ဒနယ်အတွင်းမှာ တူညီတဲ့ တန်ဖိုးစံတွေနဲ့ အတူ မဲတစ်မဲဆီပေးနိုင်ခွင့်ရှိရမယ်။ နိုင်ငံသားတွေမှာ သူတို့ရဲ့ ရုံးတွေကို ဖွင်လှစ်လုပ်ဆောင်ခွင့်မှာ တူညီတဲ့ အခွင့်အရေးရှိရမယ် ။ဒီအခွင့်အရေးတွေကို ဥစ္စာဓနပိုင်ဆိုင်မှုအရ သော်လည်းကောင်း ၊ ပညာရေးနဲ့ လူမှုရေးအဆင့်အတန်းအရသော်လည်းကောင်း အကြောင်းပြပြီး ဥပဒေအရကန့်သတ် တာမျိုးမလုပ်ရဘူး ။ နောက်ပိုင်းမှာ အမျိုးသမီးတွေ ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ ဂေးနဲ့ လတ်စဘီယံတွေကို အင်စတီးကျူးရှင်းက ပေးနိုင်တဲ့ တစ်သီးပုဂ္ဂလရပိုင်ခွင့်တွေ ပေးနိုင်ရမယ်လို့ တောင်းဆိုလာတယ်။             လစ်ဘရယ်ဒီမိုကရေစီအတွက် နောက်ထပ်အရေးပါတဲ့ အရာတစ်ခုက တရားဥပဒေစိုးမိုးမှုပဲ ။ တရားဥပဒေ စိုးမိုးမှုဟာ လစ်ဘရယ်ဒီမိုကရေစီအတွက်သာမကဘူး ၊  အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင်းကူပြောင်းရေးကာလမှာ အစစ်အမှန်ပြောင်းလဲချင်သူတိုင်းအတွက် အရေးအကြီးဆုံးလက်ကိုင်ထားရမယ့် တန်ဖိုးတစ်ရပ်ပဲ ။
ဒီမိုကရေစီကို ဆန့်ကျင်သောအမြင်များ
            တစ်ကမ္ဘာလုံးက ဒီမိုကရေစီစနစ်ကို သွားနေပါလျက် ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တဲ့ အမြင်တွေ ဖော်ပြလိုက်ရတဲ့ အကြောင်းတွေရှိပါတယ် ။ ဘယ်စနစ်မှ ပြီးပြည့်စုံတဲ့ စနစ်မရှိဘူးဆိုတဲ့ အချက်ကတော့ အဓိက အချက်ဖြစ်ပါလိမ့်မယ် ။ နောက်တစ်ချက်က ဒီမိုကရေစီရဲ့အားနည်းချက်တွေကို ရှောင်နိုင်ဖို့ပါပဲ ။ ဒီမိုကရေစီစနစ်ကို ယနေ့ခေတ် ဒဿနပညာရှင်များက လက်ခံပေမယ့် သူ့ရဲ့ အားနည်းချက်တွေကို ဖော်ပြနေဆဲပါပဲ ။ ဒီမိုကရေစီစနစ်ဆိုတာ သူ့ရဲ့ စနစ်တစ်ခုလုံးကို အကြွင်းမဲ့ တစ်ခုလုံးသဘောခြုံငုံရှင်းပြနိုင်တဲ့ အပိတ်စနစ်တစ်ခုမဟုတ်ပါဘူး ။ ဒီမိုကရေစီစနစ်ဟာ အမြဲတန်းပြုပြင်ပြောင်းလဲပြီး ပြင်ဆင်နေရမယ့် အပွင့်သဘောရှိပါတယ် ။ ဒါကြောင့် ဒဿနပညာရှင် ဒဲရီဒါက ဒီမိုကရေစီလို့ မခေါ်ပါဘူး ။ ဆက်လက်လုပ်ကိုင်နေရမယ့် ဒီမိုကေ၇စီ( democracy -to –become)လို့ ခေါ်ဝေါ်ပါတယ် ။                 ဒီမိုကရေစီကိုဝေဖန်ကြသူတွေက ရှေးဂရိခေတ်ကတည်းကစပါတယ် ။ပလေးတိုးနဲ့ အရစ္စတိုတဲလ်တို့ရဲ့ ဒီမိုကရေစီဝေဖန်ချက်ဆိုရင် သူ့ရဲ့ အဆက်အစပ်နဲ့ ညှိနှိုင်းပြီးနားလည်းပေးရတာတွေရှိပါမယ် ။ဒါပေမယ့် ခြုံပြီးဖော်ပြရရင်-
  • ကွန်ဆာဗေးတစ်ရှုထောင့်။ ဒီမိုကရေစီအစိုးရဟာ အထူးပြုအီလစ်တွေကိုသာလျင်လိုအပ်နေတယ်လို့ မြင်တယ် ။ဒါဆိုရင် တစ်ဖက်ကနေ အစိုးရက ဘာလို့များ လူထုဟာမဲပေးကြပါ ၊ လူထုရဲ့ထင်မြင်ချက်တွေကိုပဲ အလိုရှိသ ယောင်ဟန်ဆောင်နေရသလဲ ။ အထူးပြုပညာရပ်တွေကိုလေ့လာတဲ့ သူတွေဟာ နိုင်ငံရေးကို နားမလည်ဘူး။ အထူးသဖြင့် နိုင်ငံရေးအရဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်သလဲဆိုတာမှာ နားမလည်ကြတာဟာ အဓိက ပြဿနာပဲ ။ တစ်ဖက်မှာလည်း နိုင်ငံရေးသမားနဲ့ပညာရှင်အီလစ်တွေဟာ သူတို့လုပ်ချင်ရာအကောင်အထည် ဖော်နိုင်ဖို့ ဒီမိုကရက်တစ်စည်းမျဉ်းတွေကနေထိန်းချုပ်ထားတာ ၊ လူထုရဲ့ မယုံကြည်မှုကိုရမှာ ကြောက်နေကြရတာတွေကို မကြာခဏညဉ်းငြူကြနေကြတဲ့ ပဠိပက္ခကိုတွေ့ရမယ် ။
  • လစ်ဘရယ်တွေရဲ့ပူပန်မှု။ ဒီမိုကရေစီမှာ ပါဝင်နေတဲ့ လူထုရဲ့ လူအများစုဟာ အစိုးရပေါ်မှာ အကျိုးသက်ရောက် မှုရှိအောင် မစွမ်းဆောင်နိုင်ကြဘူး ။ သဘောကတော့ ပညာမတတ်သူတွေများလာရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တဲ လူထုရဲ့ ထင်မြင်ချက်က အစိုးရပေါ်လစီပေါ်ထင်ဟပ်အောင်လုပ်ဖို့ မတတ်နိုင်တော့တဲ့အချက်ဟာ လစ်ဘရယ်တွေက ဒီမိုကရေစီအပေါ် စိုးရိမ်ရတဲ့ အချက်ဖြစ်လာစေတယ် ။
  • မာ့က်စ်ဝါဒရှုထောင့်အမြင်။  ဒီမိုကရေစီစနစ်ဟာအရင်းရှင်စနစ်ရဲ့ အမြတ်ထုတ်မှုကိုတွေကို တွန်းလှန်ဖို့ မလုပ်ပေးနိုင်ဘူး ။ ဒါကြောင့်လူမှုရေးနဲ့ စီးပွားရေမညီမျှမှုတွေဖြစ်လာပြီး ဒီမိုကရေစီစနစ်ကိုအောက်ခြေကနေ လှိုက်စားလိမ့်မယ် ။စီးပွားရေးဆိုင်ရာ ညီမျှမှုတွေအမှန်တကယ်မရှိရင် နိုင်ငံရေးအခွင့်အရေးညီမျှမှုဆိုတာလည်း အဓိပ္ပာယ်မဲ့ဖြစ်နေလိမ့်မယ် ။
  • က္ကတ္ထိယ၀ါဒမှ ဝေဖန်ချက်။ဒီမိုကရေစီစနစ်ဟာ လူ့အဖွဲ့အစည်းအတွင်းလိင်ကွဲပြားမှုတွေကို ထင်ဟပ်တယ် ။ ဒီမိုကရေစီစနစ်ထဲမှာ မိန်းမတွေဟာ အိမ်မှုကိစ္စတာဝန်တွေကို ပိုပြီးထမ်းဆောင်လာစေတယ်။ ယောက်ျားအဓိက လူ့အဖွဲ့အစည်းထဲမှာ ဒုတိယတန်းစား အခန်းဂဏ္ဍကနေသာ ပါဝင်ပတ်သတ်ရတယ် ။ လစ်ဘရယ်ဒီမိုကရေစီ ဟာ လိင်အရကွဲပြားမှုအပေါ်အခြေခံထားတယ် ။ မိန်းမတွေရဲ့ အခန်းဂဏ္ဍကို ဖိနှိပ်ထားတဲ့ ဘယ်လိုလူ့အဖွဲ့အစည်းမျိုး မှ ဒီမိုကရေစီလူ့အဖွဲ့အစည်းမဖြစ်နိုင်ဘူး လို့မြင်ကြတယ် ။ က္ကတ္ထိယ၀ါဒအမြင်က ဒီမိုကရေစီသဘာဝရဲ့ ချို့ယွင်းချက်တယ်ကိုမြင်တယ်ဆိုတာထက် ဒီမိုကရေစီလူ့အဖွဲ့အစည်းပိုမိုဖြစ်လာဖို့ မိန်းမတွေရဲ့ အခန်းဂဏ္ဍကို ပိုမိုမြင့်တင်ပေးရမယ်လို့ မြင်တာဖြစ်တယ် ။
ဒီမိုကရေစီကိုထောက်ခံသောအမြင်များ
      ဒီမိုကရက်တစ်မှန်ရင်ဝေဖန်ချက်တွေကိုသာနားစွင့်နေလေ့ရှိတယ် ။ ဒါကြောင့် ဘယ်လို ဒီမိုကရက်တစ်တွေကမှ ဝေဖန်သူတွေကို တုံ့ပြန်တဲ့ အနေနဲ့ သူတို့ ဒီမိုကရေစီကို ထောက်ခံရတဲ့ အကြောင်းကတော့ဘာပါလို့ ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို လူသိရှင်ကြားထုတ်ဖော်ပြတာမျိုးမလုပ်ခဲ့ကြဘူး။ ဒါပေမယ့် ဒီမိုကရက်တစ်တွေရဲ့ ဒီမိုကရေစီအပေါ် အမြင်ကို ခြုံကြည့်ရင်သူတို့ရဲ့ ထောက်ခံပုံတွေကိုတွေ့နိုင်တယ်။
  • ဒီမိုကရက်တွေက အစိုးရထဲမှာ အီလစ်တွေပါဝင်မှုကို လုံးဝဖျက်သိမ်းသင့်တယ်ဆိုတာကိုတော့ လက်မခံဘူး ။ ဒါပေမယ့် ပါဝင်မှုကို အကြွင်းမဲ့ အာဏာပေးတာမျိုးမလုပ်ရဘူး ၊  စစ်ဆေးပြီး ဟန်ချက်ညီတည့်မတ်ပေးရမယ်လို့ ယူတယ် ။ တကယ်လို့ အီလစ်တွေဟာ ဒီမိုကရက်တစ်ထိန်းချုပ်မှုတွေကနေကင်းလွတ်မယ် ။  ပြည်သူအပေါ်တာ ၀န်ခံမှုလည်းမရှိဘူး ဆိုရင် သူတို့အကျိုးအမြတ်အတွက်သူတို့ ရှာဖွေနေတဲ့ အထူးသီးသန့်လူတန်းစားတစ်ရပ် ဖြစ်လာလိမ့်မယ် ။ အီလစ်တွေရဲ့သဘောမှာလည်း ကိုယ့်အတွက်ကိုယ်လုပ်တာ ၊ လူ့အဖွဲ့အစည်းကို အသုံးပြုပြီး ကိုယ့်ရဲ့အကျိုးအမြတ်အတွက် ဆောင်ရွက်တာ စတဲ့ညဉ်တွေရှိတယ် ။ တကယ်လို့သာ သူတို့က အစိုးရအဖွဲ့အ တွင်း ဒီလို အကျင့်ပျက်ချစားမှုတွေရှိနေမယ်ဆိုရင် သူတို့ဟာဘယ်လောက်ပဲ ပညာတတ် ၊ ဘယ်လောက်ပဲတော်တော် ဆိုးရွားတဲ့ လူတွေသာလျင်ဖြစ်တယ် ။ ဒီမိုကရေစီစနစ်ကလူထုကို သူတို့ဟာ အကျင့်ပျက်ခြစားသူတွေလို့ မြင်လာအောင်လုပ်ပေးလိမ့်မယ်။ ဒီမိုကရေစီနည်းမကျတဲ့ အီလစ်တွေဟာ လူထုနဲ့ တဖြည်းဖြည်းဝေးကွာသွားမှာဖြစ်တယ်။ လူထုရဲ့ စိတ်ခံစားချက်နဲ့ လိုအင်ကိုမသိတော့သလို လူထုရဲ့ ကောင်ကျိုးချမ်းသာကိုလည်း စိတ်ဝင်စားမှာ မဟုတ်တော့ကာ လူထုကလည်းအလေးထားမှာ မဟုတ်တော့ဘူး ။ သူတို့က လူထုကို သူတို့ရဲ့ အမိန့်နာခံစေချင်ရင် အတင်းအဓမ္မဖိနှိပ်မှပဲ ရတော့မယ် ။ ခိုင်မာတဲ့ ဒီမိုကရက်စီစနစ်က အစိုးရကို လူ့အဖွဲ့အစည်းရဲ့ ရှုပ်ထွေးတဲ့ အချင်းအရာတွေကို ကောင်းကောင်းနားလည်ပြီး ဆုံးဖြတ်ချတ်ချမှတ်လာအောင်လုပ်မှာ ဖြစ်တော့ကာ ကိုယ်ကျိုးကြည့်တဲ့ အီလစ်တွေဟာ အစိုးရအဖွဲ့ထဲကနေပါ ထွက်ပြေးကြရလိမ့်မယ် ။
  •  ဒီမိုကရေစီက လူ့အဖွဲ့အစည်းကို သိပ်သည်းကျစ်လစ်လာအောင်လုပ်ပေးလိမ့်မယ် ။အကြောင်းကတော့ ဒီမိုကရေစီအစိုးရတွေဟာ အင်းအားသုံးခြင်းထက် လူထုရဲ့ ထောက်ခံမှုနဲ့ လုပ်ရတာကို ပိုသဘောကျနှစ်ခြိုက်တဲ့ အတွက်ပဲ ။ ဒီမိုကရေစီက အစိုးရရဲ့ တရားဝင်မှု ၊ လူမှုရေး၊နိုင်ငံရေးတည်ငြိမ်မှုတွေကို ပေးတယ် ။ ဒီမိုကရေစီက နိုင်ငံသားတွေ လူ့အဖွဲ့အစည်းအပေါ်ယုံကြည်သက်ဝင်လာအောင်လုပ်လိမ့်မယ် ။ ပိုမိုကြီးမားတဲ့ လွတ်လပ်မှု တွေအတွက် လူ့အဖွဲ့အစည်းကို ဟန်ချက်ညီဖြစ်ပေါ်လာအောင်လုပ်ပေးလိမ့်မယ် ။ ဒီမိုကရေစီက လစ်ဘရယ်အရင်းရှင်းစနစ် ၊ လူမှုရေးဝဲလ်ဖဲတွေနဲ့ ဆက်နွယ်နေတယ် ။ တစ်ချို့ဒီမိုကရက်တွေက ဈေးကွက်အရင်ရှင်လူ့အဖွဲ့အစည်းက တသီးပုဂ္ဂလပြိုင်ဆိုင်မှုတွေကြောင့် လူ့အဖွဲ့အစည်းပိုစည်ပင်လာလိမ့်မယ် လို့ယူတယ် ။ ဒီမိုကရေစီက လူမှုကောင်ကျိုးစနစ်တွေကနေပြီးတစ်သီးပုဂ္ဂလလွတ်လပ်မှုနဲ့ လူထုပညာရေး စနစ်ကို အာမခံပေးတယ်။
  • ဒီမိုကရေစီက နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုက်တက်မှုကို တွန်းအားပေးတယ် ။ ဒီမိုကရက်တစ်နိုင်ငံရေးစနစ်က သူ့ရဲ့ နိုင်ငံသားတွေကို ခေတ်ပြိုင်ကာလပြဿနာရပ်တွေနဲ့ ပတ်သတ်တဲ့ အသိပညာရှိဖို့ လိုအပ်တယ်။အသိပညာနဲ့ ပြည့်စုံတဲ့ သတင်းအချက်အလက်ရှိတဲ့ နိုင်ငံသားတွေကို နိုင်ငံရေးစနစ်ထဲ ပါဝင်ဆောင်ရွက်စေတယ် ။ နိုင်ငံသားတွေရဲ့ တာဝန်ယူမှုတိုးပွားလာခြင်းက အီလစ်တွေရဲ့ ကိုယ်ကျိုးရှာမှုအန္တာရယ်ကိုလည်း လျော့ချရာ ရောက်တယ် ။
  • ဒီမိုကရေစီက နိုင်ငံရေးနဲ့ ပတ်သတ်လို့ နိုင်ငံသားကို ဂုဏ်သိက္ခာမြင့်မားစေတယ် ။ သဘောကတော့ ဒီမိုကရေစီက ဆင်းရဲသူ၊ ချမ်းသာသူ  ၊ ပညာတတ်သူ၊ ပညာမဲ့သူတွေအားလုံးနိုင်ငံရေးနဲ့ မကင်းလွတ်စေတဲ့ အတွက် ဒီသဘောက ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ဖြစ်ထွန်းစေတာဖြစ်တယ်။
  • ဒီမိုကရေစီဟာ လူမှုပြောင်းလဲရေးအတွက် အင်ဂျင်တစ်လုံးဖြစ်တယ် ။ ဆန္ဒပြဖော်ထုတ်မှု ၊သပိတ်တွေ ၊ကန့်ကွက်ဆန္ဒပြမှုတွေဟာ နိုင်ငံရေးအရဆောင်ရွက်ရမယ့် ပြောင်းလဲမှုတွေကိုထုတ်ပေးတယ် ။ တစ်ဖက်မှာ လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက တိုင်းပြည်ရဲ့မူလအခြေအနေနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းပေးတော့ကာ ဒီမိုကရေစီဟာ လူမှုပြောင်းလဲရေးအတွက် တည်တည်ငြိမ်ငြိမ်ဖော်ဆောင်ပေးမယ့် အင်ဂျင်တစ်လုံးလဲဖြစ်တယ်။                      
                                                                                                                              မင်းခက်ရဲ

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...