" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လယ်မြေပြဿနာ


သက်စမ်းရေ(နေပြည်တော်)
“လက်ညိုးထိုးရောင်းစားတတ်တာ ဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။ အဲ့ဒီဘိန်းစားလက်ထဲကိုတော့ ကျွန်တော် တို့ တိုင်းပြည်ရဲ့ ရတနာတွေ သူလုပ်ချင်တိုင်းလုပ်ဖို့တော့ ဘယ်နည်းနဲ့မှခွင့်မပြုနိုင်ဘူး။ ဟုတ်ရဲ့လား”
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်)“

ဘိုးဘွားပိုင်လယ်ယာမြေတွေကို စီးပွားရေးနည်းအရ ကျူးကျော်သိမ်းပိုက်နေတာ ကျွန်မတို့တောင် သူတွေက ခေါင်းငုံ့ခံနေရမှာလား။ ဟောဒီ စီမံကိန်းကြီးတွေမရှိလည်းနေလို့ရတယ်။ ကျွန်မတို့တောင်သူဆိုတာက လယ်ယာမြေမရှိရင် နေလို့မရဘူး။ အဲ့ဒါကြောင့် စီမံကိန်းလုပ်ငန်းကြီးတွေ ရုတ်သိမ်းပြီး ကျွန်မတို့ ဘိုးဘွားပိုင် လယ်ယာမြေတွေပေါ်ကနေ အမြန်ဆုံးထွက်ခွာသွားဖို့ တောင်သူအားလုံးရဲ့ကိုယ်စား ကျွန်မပြောခြင်ပါတယ်” ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံတောင်သူများအရေး ဦးဆောင်လှုပ်ရှားနေသူ ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာနေ မသွဲ့သွဲ့ဝင်း ဆိုသူက ယင်းကဲသို့ပြောကြားခဲ့သည်။
လက်ပံတောင်းတောင်ကြေးနီတူးဖော်ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းခွင်သည် ချင်းတွင်းမြစ်၏ အနောက် ဘက် နှစ်မိုင်ခန့်အကွာ မုံရွာ - ဂန့်ဂေါ အဝေးပြေးကားလမ်းမကြီး၏ တောင်ဘက်၊ မုံရွာ - ပုသိမ် အဝေးပြေး ကားလမ်းကြီး၏ အရှေ့ဘက် လက်ပံတောင်းတောင်တန်းကြီးအားအမှီပြု့၍ ကြေးနီသတ္ထုများ တူးဖော် ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်းများ စတင်လုပ်ကိုင်နေသော တောင်ဖြိုနေသည့်ဧရာမနေရာကြီးဖြစ်သည်။
“ထုထည်ပမာဏအလွန်ကြီးတဲ့ တောင်လုံးကြီးတွေကို မြေတူးစက်တွေနဲ့ အချိန်ပြည့်တူးဖော်နေသလို ညနေ သုံးနာရီလောက်ဆိုရင် မိုင်းဖောက်ခွဲပြီး တောင်ကြီးတွေကိုဖြိုချနေတာပါ”ဟု အဆိုပါတောင်ခြေရှိ ကံတောကျေးရွာ သားတစ်ဦးက ပြောပြသည်။
ယင်းကဲသို့ တောင်ဖြို၊မိုင်းခွဲ၊မြေသယ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေခြင်းသည် သတ္ထုတွင်း ထူထောင်မှုကာလအဖြစ် ၂၀၁၀ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ သုံးနှစ်တာကာလသတ်မှတ်ပေးထားခြင်းကြောင့်ဖြစ် သည်ဟု ကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။
လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်ငန်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ NORINCO လက်အောက်ခံ WANBAO MINING COPPER – Ltd နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့ အကျိုးတူပူးပေါင်း၍ ၂၀၁၄ခုနှစ်မှစတင်ပြီး အနှစ်(၃၀)စီမံကိန်းကြီးတစ်ရပ်အဖြစ်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြုတ်နှံမှုကော်မရှင် ရုံး၏ ၂၀၁၀၊မေ(၅)ရက်စွဲပါခွင့်ပြုမိန့်အမှတ်၊ ၄၃၀/၂၀၁၀ အရ ယင်းစီမံကိန်းကြီးအား ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း သိရသည်။ “ ဒီစီမံကိန်းကြီးအတွက် လယ်ယာမြေတွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲခဲ့တာ လွန်ခဲ့တဲ့(၁၂)နှစ်တုန်းကဖြစ် တယ်။ အရင်စစ်အစိုးရလက်ထက်ကပေါ့”ဟု အုပ်ချုပ်ရေးမှုးရုံးနှင့်နီးစပ်သူတစ်ဦးကပြောဆိုသည်။
လက်ပံတောင်းတောင်ကြေးနီသတ္ထုတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်လုပ်ကိုင်နိုင်ရန်အ တွက် လိုအပ်သော လယ်ယာမြေသိမ်းဆီးခြင်း၊ လ/န(၃၉)ပုံစံပြောင်းလဲသတ်မှတ်ခြင်းလုပ်ငန်းများကို ယခင်စစ်အ စိုးရလက်ထက်တွင် စိတ်တိုင်းကြ ရေးဆွဲပြဌာန်းခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ၏ ၂၀၀၀ပြည့်နှစ်၊ ဇူလိုင်လ(၆)ရက်၊ နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၅/၄၁ -၅ / ဦး ၆ အရနှင့် ၂၀၀၁ခု နှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅/၄၁ - ၅ (၁၃၀) / ဦး ၆ တို့အရ စီမံကိန်းနယ်မြေ နှင့် ကင်းလွတ်ခြင်းမရှိသော လယ်ယာမြေများ(၇၈၆၇ဒသမ၇၈)ဧကအား အမှတ်(၁)သတ္ထုတွင်းလုပ်ငန်းပိုင်မြေအ ဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“လက်နက်နဲ့ အာဏာရယူခဲ့တဲ့ စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူရေးခဲ့တဲ့ စာရွက်ပေါ်ကသဘော တူညီချက်တွေကို ကျွန်တော်တို့ တိုင်သူပြည်သားများက မျက်စိမှိတ်ပြီး သဘောတူလက်ခံမှာမဟုတ်ဘူးဆိုတာ အားလုံးနဲ့တခါတည်း ရှင်းရှင်းလင်းလင်းပြောထားခဲ့မယ်”ဟုလက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှသဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ နောက်နောင်ကို မတရားမှုတွေလုပ်မယ်ဆိုရင် ဒီလိုအင်အားစုတွေနဲ့တွေ့မယ်ဆိုတာ သူတို့ကောင်း ကောင်းသိသွားမယ်။ တရားမျှတမှုအတွက် ပွင့်လင်းမြင်သာဖို့လိုလိမ့်မယ်။ဒီတိုင်းပြည်မှာ အာဏာရှိတဲ့လူတွေနဲ့ ပေါင်းပြီးတော့ မတရား လုပ်ရင် အောင်မြင်သွားရင်တော့ မြတ်ပြီစားရုံပဲ။ နောက်ဆုံး ၀ိုင်းအော်လို့ ပါသွားတယ်ဆိုရင် တော့ အရင်းလောက်ပဲဆိုတော့ ဟုတ်ပြီပေါ့။ ဒီလူတွေလုပ်ပြီပေါ့။နောက်လည်းလုပ်ဦးမှာပဲ။ မတရားလုပ်တဲ့သူတွေ ပြစ်ဒဏ်ခံရမဲ့ အဆင့်ကိုတော့ စဉ်းကိုးစဉ်းစားရတော့မှာပဲ။ 
အဲ့ဒီတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်မတရားလုပ်တဲ့သူတွေခင်ဗျားတို့အရင်းနဲ့အမြတ် ခေတ်တော့ကုန်ပြီ။ မြတ်ခြင်ရင်လဲမြတ်နိုင်တယ်။ ကျုပ်တို့ညံ့ရင် ခင်ဗျားတို့မြတ်မယ်။ ကျုပ်တို့ဘက်ကအင်နဲ့အားနဲ့ ရင်ဆိုင်ရင်တော့ ခင်ဗျားတို့ အသည်းမကွဲဖို့ ပြင်ထားဆိုတဲ့သတိပေးသံတွေ ကျွန် တော်တို့ပြည်သူတွေပေးနိုင်မယ်လို့ ထင်တယ်” ဟု ကိုမင်းကိုနိုင်က လက်ပံတောင်းတောင်အရေးကို ပြည် သူများ၏ကိုယ်စား ယင်းကဲသို့ ကောင်းစွာ သတိပေးခဲ့သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းများနှင့် ဒေသခံတောင်သူများအကြား မပြေလည်မှုတွေ ရှိနေချိန်မှာ တဘက်ကသတိပေးခြင်းတွေပြု့လုပ်နေသလို ကျန်တဘက်ကလည်း ကြေးနီစီမံကိန်းရပ်ဆိုင်းမည်မ ဟုတ်၊ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့် ကပြောကြားသည် ဟုဆိုကာ သတင်းများက ထွက်ပေါ်လာပြန်သည်။
အဆိုပါ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နယ်မြေအတွင်းသို့ ကျရောက်သိမ်းဆီးခြင်းခံရသော လယ်ယာမြေလုပ် ကိုင်သူ ကျေးရွာပေါင်း(၂၆)ရွာမှ ထောင်နဲ့ချီသော ဒေသခံတောင်သူများသည် ယင်းကိစ္စရပ်များအပေါ် တရားမျှတခြင်းမရှိဟုဆိုကာ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ဆိုသလိုပင် ပြု့လုပ်လေ့ရှိ လာရပြန်သည်။
“ ဟောဒီ စီမံကိန်းကြီးလုံးဝအကြွင်းမဲ့ မရပ်မချင်း အချိန်ပြည့်တိုက်ပွဲဝင်သွားဖို့ သံဓိဌာန်ချထားပါတယ်”ဟု ဆည်တည်းကျေးရွာတွင် အခြေစိုက်နေထိုင်ကာ ဒေသခံတောင်သူများအရေး ဦးဆောင်လှုပ်ရှားနေသူ ပြည်သူ့အ ကျိုးဆောင်ကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးသည် ထုထည်ပမာဏအလွန်ကြီးမားစွာရှိပြီး အနီးဝန်းကျင်ရှိ လယ်ယာမြေများသည် စီမံကိန်းနယ်မြေအတွင်းသို့ကျရောက်ပြီး ကျေးရွာများလည်းပြောင်းရွေ့ပေးရမည်ဖြစ်သည် ယင်းကုမ္ပဏီမှစီမံဆောက်လုပ်ပေးသော ရွာသစ်များတွင် ပြောင်းရွေ့နေထိုင်လိုသော သဘောဆန္ဒမရှိကြောင်း ဒေ သခံတောင်သူများက ပြောဆိုသည်။
“သူတို့ဆောက်ပေးထားတဲ့ရွာသစ်တွေက ပုံစံခွက်တစ်ခုအဖြစ်နဲ့ပဲရှိနေတာပါ။ ရွာနေလူဦးရေတိုပွားများလာ လို့ ရွာတိုးချဲစရာနေရာ လုံးဝမရှိဘူး။ သားသမီးတွေအိမ်ထောင်ရက်သားကျလို့တောင် နေရာခွဲပေးစရာမရှိတဲ့ရွာပါ။ အဆောက်အဦးတွေကလည်း အပြင်ကလှမ်းကြည့်လိုက်ရင်တော့ နေချင်စရာကောင်းတယ်လို့ထင်ရပါတယ်။ အိမ်ထဲဝင်ကြည့်လိုက်တဲ့အခါကျမှ ခရမ်းချဉ်သီးသေတ္တာထဲရောက်နေရသလိုခံစားရပါတယ်”ဟု ကံတောရွာသစ် တွင်ပြောင်းရွေ့နေထိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက ဖိအားပေးခဲ့သော်လည်း ရွာဟောင်းတွင်လက်ရှိနေထိုင် သူ တစ်ဦးက ပြောသည်။
လယ်ပျောက်၊ရွာပျောက်အဖြစ်များနဲ့ကြုံတွေ့နေရသည့် တောင်သူများ၏ဘ၀ကိုစာနာဖို့ တဖက်တလှမ်းမှ နှစ်သိမ့်ပေးနိုင်ဖို့ အနယ်နယ်အရပ်က လူ့အဖွဲ့စည်များသည် စီမံကိန်းဧရိယာအတွင်းက ကျေးရွာများသို့သွား ရောက်ခဲ့ကြကြောင်းသိရသည်။ “၈၈မျိုးဆက် ကျောင်းသားအဖွဲ့ကကိုမင်းကိုနိုင်တို့အဖွဲ့လည်း၈လပိုင်း၁၀ရက်နေ့ကရောက်လာတယ်။ တောင်သူတွေရဲ့ဘ၀အခြေအနေမှန်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အချိန်မှာ ကိုမင်းကိုနိုင်တစ်ယောက် ၀က်မှေးရွာဟောပြောပွဲမှာ မူးမေ့မတတ်ဖြစ်သွားခဲ့ရပါတယ်” ဟု ၀က်မှေးကျေးရွာသူ မအေးနက်က ပြောပြသည်။
အဆိုပါ ဟောပြောပွဲတွင် ကိုမင်းကိုနိုင်က “ ကျွန်တော်တို့ တိုင်းပြည်မှာက ဖြစ်သင့်ဖြစ်ထိုက်တာက ဒီတိုင်း ပြည်မှာ ကုန်ကြမ်းတစ်ခုထွက်တယ် ဆိုပါတော့။ ကုန်ကြမ်းတစ်ခုကို ကုန်ချောထုတ်လုပ်ပြီးရောင်းရင် ဆိုလိုတာက ၀ါးလုံးတစ်ချောင်းကို ၀ါးလုံးအတိုင်းရောင်းစားတာထက်စာရင် ၀ါးလုံးကို ကုလားတိုင်လုပ်ပြီး ၀ါးထရံလုပ်ပြီးရောင်း တာက ဒီထက်ပိုပြီး ပိုက်ဆံပိုရတယ်။လက်ခလည်းရတယ်။ ပညာခလည်းရတယ်။ 
ဒီထက်ပိုပြီး ကောင်းတဲ့ပညာနဲ့ဆိုရင်ပျော့ဖတ်လုပ်ပြီးစက္ကူချောလုပ်ရောင်းတာက ၀ါးထရံလုပ်ရောင်းတာထက် ပိုက်ဆံပိုရတယ်။စက္ကူချော ထက်ငွေစက္ကူရိုက်နှိပ်ထုတ်ရင် ပိုပြီးတန်ဘိုးတွေမြင့်လာတယ်။ သဘာ၀၀ါးတစ်ပင်ကစပြီး တန်ဘိုးတွေပြောင်လဲလာတယ်။ ဥာဏ်ရှိရင်ရှိသလို၊ ပညာရှိရင်ရှိသလို အမျှော်အမြင်ရှိရင်ရှိသလို တန်ဘိုးတွေပြောင်းလာတယ်။ အဲ့ဒါအလုပ်လုပ်တဲ့သူတွေရဲ့ ဥာဏ်အမျှော်အမြင်ကိစ္စ။ ဒါပေမဲ့ ဘိန်းစားတွေကြတော့ ဘယ်လိုလုပ်လဲဆိုတော့ ဘာအလုပ်မှမလုပ်ဘူး။ မိဘဘိုးဘွားတွေပိုင်တဲ့ အမွေပစ္စည်းတွေကို ဘိန်းနဲ့လဲစားဖို့ အကုန်လုံးထုတ်ရောင်းတယ်။အဲ့ဒါဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။ ကျွန် တော်ပြောတာ ဟုတ်ပါသလား။ ကိုယ့်ဘာသာကိုလည်း သတ္တုစက်ရုံမယ်မယ်ရရဘာမှမလုပ်နိုင်ဘူး။ အဲ့ဒီ သတ္တု ကိုလည်း ကုန်ချောဖြစ်အောင် ဘာမှမတတ်ဘူး။ သူများကိုခေါ်ပြီးတော့ ဒါကြီးယူပြီးတော့ ဒါကြီးရောင်းမယ်ဆို တော့ အဲ့ဒါ ဘိန်းစားကျင့် ဘိန်းစားဥာဏ်ဖြစ်တယ်” ဟု ဘိုးဘွားပိုင်အမွေအနှစ် သယံဇတများနှင့်ပတ်သက်၍ ကို မင်းကိုနိုင်က ပြောခဲ့သည်။
“လက်ညိုးထိုးရောင်းစားတတ်တာဘိန်းစားတွေရဲ့အလုပ်ဖြစ်တယ်။ အဲ့ဒီဘိန်းစားလက်ထဲကိုတော့ ကျွန်တော် တို့ တိုင်းပြည်ရဲ့ ရတနာတွေ သူလုပ်ချင်တိုင်းလုပ်ဖို့တော့ ဘယ်နည်းနဲ့မှခွင့်မပြု့နိုင်ဘူး။ ဟုတ်ရဲ့လား” ဆိုကာ ကိုမင်းကိုနိုင်က ဆက်လက်၍ ပြောသည်။
စီမံကိန်းလုပ်ငန်းကြီးများနှင့်ပတ်သက်၍ ဥာဏ်အမျှော်အမြင်ကြီးတဲ့ ပညာတတ်တွေရေးဆွဲတဲ့ စီမံကိန်း မျိုးတွေဖြစ်သင့်ကြောင်း၊ ယင်းစီမံကိန်းလုပ်ငန်းများကြောင့် ဒေသခံတွေပြည်သူတွေ ဘယ်လောက်ထိခိုက်နစ်နာ သွားသလဲဆိုတာ တည့်သွင်းရေးဆွဲရမှာဖြစ်ကြောင်း၊ အဆိုပါ ဒေသခံပြည်သူတွေ ထမင်းတလုတ်အတွက် ဘယ်လိုအသက်မွေးနေကြတယ်ဆိုတာအခြေအနေမှန်ကို ကောင်စွာသိရှိရန်လိုအပ်ကြောင်း၊ မိမိတို့လက်ထက် တွင်သယံဇတ ပမာဏဘယ်လောက်ထုတ်ယူသုံးစွဲမလည်းဆိုတာ အကန့်အသတ်ထားရှိရန်လိုအပ်ကြောင်း၊ ယင်း ကဲသို့စဉ်းစားရာတွင် နောင်လာမည့် မမွေးသေးသည့် မြေးမြစ်စတဲ့ မျိုးဆက်များအတွက်ပါထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊စသည်ဖြင့် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
စီးပွားရေးအကျိုးအမြတ်အတွက် မိမိတို့တိုင်းပြည်အတွင်း စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးလုပ်ကိုင် ကြသောကုမ္ပဏီကြီးများသည် ဒေသခံတို့၏ အမျိုးဘာသာ သာဿနာများကိုလေးစားသမှုရှိကာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လိုက်လျောညီထွေးစွာနေထိုင်ရပ်တည်ရန် အထူးလိုအပ်လျက်ရှိမည်ဟု ယူဆမိရသည်။ စီးပွားရေးတွက်ခြေကိုက်လျင်ပြီရောဟု ဘယ်အရာမှပြုလုပ်ရန်မသင့်ပေ။
“ဒီလ ၈ ရက်နေ့ကအဲ့ဒီလက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်နယ်မြေထဲက တောင်ကြား ကျောင်းဟောင်းနေရာမှာရှိတဲ့ လယ်တီဆရာတော်ဘုရားကြီး အဓိဌာန်ပြု့တရားကျင့်ရာဖြစ်တဲ့နေရာတွေကို ကုမ္ပဏီက ဖြိုချဖျက်စီးပစ်လိုက်တယ်”ဟု ၀က်မှေးကျေးရွာသား ဦးအောင်ဇော်ဦး ဆိုသူက ပြောပြသည်။
နိုင်ငံတော်လိုအပ်ချက်တစ်ရပ်အရ မဟာဗျူဟာမြောက် ဒြပ်သတ္ထုလိုအပ်ချက်အရ ကုမ္ပဏီများအခြေစိုက်၍ တူးဖော်ရန်လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ ယင်းလိုအပ်ချက်အား ဖော်ဆောင်ရာတွင် ဒေသန္တရ အထိအခိုက် ပျက်စီးဆုံးရှုံးမှုနည်းသမျှနည်းအောင် လုပ်ဆောင်ပါမှ တရားမျှတမှုရှိပေလိမ့်မည်။ဒေသန္တရလည်းလှစေ သတ္ထု လည်းရစေဆိုပါက ပို၍အဆင်ပြေစေနိုင်သည်။
“စီးပွားလုပ်ငန်းအရမလွဲမရှောင်သာလို့ ရွေ့ပြောင်းပေးပါဆိုရင် ကျွန်မတို့စဉ်းစားကောင်းစဉ်းစားပေးနိုင်ပါ တယ်။ အခုဟာက စီးပွားရေးနည်လမ်းမဆန်ဘူး။ ရွာကိုသိမ်းပိုက်သလိုမျိုးသိမ်းပိုက်လိုက်တယ်။ ဘုန်းကြီး ကျောင်းနဲ့ စာသင်ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်”ဟု မကြာသေးမီကာလက ဖမ်းဆီးထိန်းသိမ်းခြင်းခံရာမှ ပြန်လည်လွတ်မြောက်လာသူ မအေးနက် ကပြောပြသည်။
ယင်းစီမံကိန်းလုပ်ငန်းကြီးများသည် ကုမ္ပဏီ၏အကျိုးစီးပွားတစ်ခုတည်းကို ရှေ့တန်းတင်လုပ်ဆောင်နေ သည်ဟု ဒေသခံတောင်သူများ၏ အမြင်တစ်ရပ်မှာ နှစ်ဦးနှစ်ဘက်အကြား အဆင်မပြေမှုများကို ပို၍ကြီးထွားဖွယ် ရာဖြစ်လာခဲ့ကြောင်း လေ့လာစောင့်ကြည့်နေသူ ပညာရှင်အချို့ကယူဆကြပြန်သည်။
မည်သို့ပင်ဆိုစေကာမူ သာဝတ္ထိပြည်နယ်တောတနေရာမှာ လက်ညိုပေါင်းများစွာကိုဖြတ်တောက်ပြီး ပန်း ကုံသဖွယ်ဆင်ယဉ်ထားတဲ့ အင်္ဂုလိဆိုသည့် လူဆိုးလူမိုက်ကြီးရှိခဲ့ဘူးသည်။ ၎င်းလိုလားနေသည့်လက် ညိုများ အားရမည်ဆိုလျင် ၎င်း၏မိခင်အားဖြစ်ပါစေ၊ဘုရားရှင်အားဖြစ်ပါစေ၊ မည်သူမည်ဝါအားဖြစ်ပါစေ သတ် မည်၊ဖြတ် မည် ဟုဆိုသော စိတ်သဘောအား အပြည့်ဆောင်နေသည်ကို ဒေသနာများအရ မှတ်သားခဲ့ရသည်။ ယင်းအ ခြေအနေအားခေတ်စကားအရပြောရလျင် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့်သဘောဖြစ် ပေမည်။ ထိုနည်းတူစွာ နိုင်ငံအသီးသီးတွင် နယ်ခြားဖြတ်ကျော်ရင်းနှီးမြုတ်နှံမှု စီးပွားရေးလုပ်ငန်းစီးမံကိန်းကြီးများ ဒူးနဲ့ဒေး တည်ရှိနေသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းကြီးများသည် ဒေသခံတောင်သူများ၏ ထုံးဓလေ့များကိုလေးစားလိုက်နာပြီး အပြန်အလှန်ပွင့်လင်မှု၊နားလည်အသိအမှတ်ပြု့မှုများရှိခဲ့မည်ဆိုပါက ဘိုးဘွားပိုင်လယ်ယာမြေပြဿနာ ကိစ္စရပ် များပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ အောင်ခြင်းရှစ်ပါးတွင် တစ်ပါးအပါအ၀င်းဖြစ်သော အင်္ဂုလိကဲသို့ မိမိလိုလား လျက်ရှိသော လက်ညိုတစ်ခုတည်းကိုသာရလျင်ပြီးရောဆိုသည့် အတ္တစိတ်များရှေ့ဆောင်ကာ ကုမ္ပဏီစီမံကိန်း လုပ်ငန်းများအား ဖော်ဆောင်လုပ်ကိုင်မည်ဆိုလျင် ယင်းစီမံကိန်းကြီးများသည် အင်္ဂုလိ စီမံကိန်းကြီးများဖြစ်သည် ဟု ခေါ်ဆိုရပေတော့မည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...