" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဆရာမြသန်းတင့် (သို့ ) လူသားပေါင်းကူးတံတားကြီး ကျိုးပြီ Saya Mya Than Tint

မောင်အောင်ပွင့် 
ကိုမြတ်ခိုင်က နာရီကိုကြည့်ပြီး သူ့လက်ကိုင်ဖုန်းနဲ့ တစ်နေရာကို ဆက်တယ်။ နောက်တစ်နေရာ၊ နောက်တစ်နေရာ။ (၉) နာရီ (၁၅) မိနစ်မှာ ဆရာမြသန်းတင့် ဆုံးပြီ။ ဆုံးပြီ။ ဆုံးပြီ။ မဟုတ်ဘူး။ ဆရာ မဆုံးသေးဘူး။ မဆုံးသေးဘူး။ ဆရာ့အလုပ်တွေ ဆက်လက်ရှင်သန်နေတယ်။ ဘယ်မှာဆုံးလို့လဲ။ ဘယ်မှာဆုံးလို့လဲ။ ဘယ်မှာပြီးဆုံးသွားသေးလို့လဲ။ ကျွန်တော့်ဘာသာ အကြောက်အကန် ငြင်းဆန်နေမိပါတယ်။
ဆရာ့သား၊ ဆရာ့သမီးတွေ၊ တူ၊ တူမလေးတွေတော့ ဆရာ့အနားမှာ အသံမထွက်ဘဲ မျက်ရည်တွေ တသွင်သွင် စီးကျလို့။ အိုင်ရင်းတင်လှလည်း ငိုနေတယ်။ ဒီအထူးကုသခန်းထဲမှာ ဆရာ့အပြင် တစ်ခြား လူနာနှစ်ယောက်လည်း ရှိနေတယ်။ သူတို့ကို ငဲ့ညှာရမှာ အလိုလိုသိနေကြတယ်။

ကိုမြတ်ခိုင်ကပဲ ဆရာ့သမီးတွေ၊ သားတွေကို ခဏအပြင် ထွက်ခိုင်းတယ်။ ကိုချစ်ဦးညိုက ဆရာ့ခြေရင်းကနေ ထိုင်ကန်တော့တယ်။ ကိုသွေးသစ်ကတော့ ကျွန်းတုန်းက မသေဘူးတဲ့။ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ခဲ့တဲ့ ဆရာ့မျက်နှာကို စေ့စေ့ကြည့်ရင်း ပြောနေတယ်။ ဆေးရုံဝန်ထမ်းလေးတွေက ဆရာ့လက်တွေကို ပူးပြီး ပလတ်စတစ် အကြည်ပိုက်ကလေးနဲ့ ချည်နေကြပြီ။ ဆရာ့ ခြေဖျားတွေကို အသေအချာထောင်ပြီး ပူးချည်နေကြပြီ။
ဆရာ့ကို ဒီ့အရင်က အခုလို ချည်ကြသေးလား။ ကျွန်တော် အိပ်မက်သလို ဖြစ်နေပြန်တယ်။ မဟုတ်ဘူး။ ဆရာ့လက်တွေ ခြေတွေကို အခုမှ ချည်နှောင်နေကြတာပါ။ ဒီ့အရင်က ဆရာတကယ် ကြိုးချည်ခံရသေးတယ်နော်။ ဟုတ်တယ်။ အဲဒီတုန်းက ဆရာ ဆယ်တန်း မအောင်သေးဘူး။ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတယ်။ ရှင်မတောင် ဓားပြဂိုဏ်းကို ဖက်ဆစ်တော်လှန်ရေးအတွက် သွား အင်အားစုတယ်။ ခင်ဗျားတို့ ကျောချမှ ဓားပြမှန်းသိအောင် လူထုကို မနှိပ်စက်ပါနဲ့။ ခင်ဗျားတို့ လက်တွေ တည့်စမ်းပါ။ ဆရာက စည်းရုံးတယ်။ လူအင်အား (၁၀၀) လောက်ရှိတဲ့ ဓားပြတွေက ဆရာ့ကို ရှင်မတောင်ထိပ်မှာ တစ်ကိုယ်လုံး ကြိုးတွေ ချည်နှောင်ထားလိုက်တယ်။ ဆရာ မလျှော့ဘူး။ ဓမ္မစစ်ကို ပြောပြတယ်။ စည်းရုံးတယ်။ ဆရာ့ကိုယ်က ကြိုးတွေ တစ်ရစ်ချင်း ပြေပြီး ဆရာအောင်ပြီ။ ဆရာ ဒီအကြောင်းတွေ ရေးမပြခဲ့ပါဘူး။ ကျွန်တော် စာဖတ်ပြီး သိခဲ့ရတာမဟုတ်ဘူး။ ဆရာ့အကြောင်း တလွမ်းတဆွေး ပြောပြသူရှိလို့ ကျွန်တော် ဒါတွေ သိရတာ။ ဆရာက ဆရာ့အကြောင်းကို ရေးကြီးခွင်ကျယ်လုပ် ရေးပြတာ တစ်ခါမှ မရှိခဲ့ဖူးဘူးနော်။
စီပြီး ထပ်လိုက်ရင် ကလေးတစ်ရပ်လောက် မြင့်မယ့် စစ်နှင့် ငြိမ်းချမ်းရေးကိုတော့ ဆရာက ဘာသာပြန်ပေးခဲ့တယ်။ လေရူးသုန်သုန် စာအုပ်အထူကြီး၊ ရွှေပြည်တော်မျှော်တိုင်းဝေးတဲ့ အတွဲတွေနဲ့။ ခန်းဆောင်နီအိပ်မက်တဲ့။ ဆရာမက်ပြခဲ့တယ်။
“ကျွန်တော်က မဏ္ဍပ်ထိုး မလှူနိုင်ဘူး။ ကိုယ်ဖတ်ရတဲ့ စာကောင်းစာမွန်မျိုး သူများတွေလည်း ဖတ်စေချင်၊ ရသခံစားစေချင်တယ်။ ဒါကြောင့် ဘာသာပြန်နေတာ၊ ရေးနေတာ” တဲ့။ သြော် ဆရာရယ်၊ ဆရာရင်ကို ဖြန့်ကား၊ တစ်ပြည်လုံး အပြန့်အကျယ် မဏ္ဍပ်ထိုးပြီး စာပေရသ အလှူပွဲကြီး ဆရာသဒ္ဓါရှိတိုင်း လှူဒါန်းခဲ့တာပါလား။ အလှူကြီး ပေးနေတုန်း ဗြုန်းဆို ဆရာက အခုလိုဖြစ်ရတယ်လို့။
ပြီးတော့ ဒီလိုလည်း ဆရာ့အဖြစ်ကို မြင်ယောင်ကြည့်တယ်။
ကျွန်တော်တို့အတွက် အရေးကြီးလှတဲ့ ကမ္ဘာ့ရသပြတင်း၊ အတွေးပြတင်းတွေကို တစ်ချပ်ပြီး တစ်ချပ် မနားတမ်း လိုက်ဖွင့်ပေးနေတဲ့ ဆရာ။ ဟော တစ်ချပ်၊ ဟော တစ်ချပ်။ အလင်းအတွက် ပြတင်းတွေ။ ပင်ပန်းလိုက်တာ ဆရာရယ်။
“စစ်နှင့် ငြိမ်းချမ်းရေး၊ စစ်ဆိုတာ မကောင်းဘူး။ ငြိမ်းချမ်းရေးကောင်းတယ်။ တော်လ်စတွိုင်းပြောချင်တာ ဒါပဲလား” ဆရာကိုယ်တိုင် စာပေဟောပြောပွဲ စင်မြင့်ပေါ်က မေးနေတာပါ။ ပရိသတ်အားလုံး ငြိမ်တိတ်ကုန်တယ်။ မျက်ရည်၊ သွေး၊ အသက်၊ နပိုလီယံ တစ်ယောက်တည်းကြောင့် ဒီလို ပူဆွေးကုန်ကြရမှာလား။
လောကလူသားတွေ အထက်ကို တက်လှမ်းဖို့ အနှိမ့်ချဆုံးလမ်းဟာ စာပေပဲ မဟုတ်လား။ ဒီလမ်းမှာ ဆရာတို့၊ ကျွန်တော်တို့ အတူရှိခဲ့ကြတယ်။ ဘဝကံကြမ္မာတွေ တူခဲ့ကြတယ်။ ဒီလိုတူခဲ့လျက်သားနဲ့ ကျွန်တော်တို့ အများဆိုင် စာပေကလပ်တစ်ခုမှာ ကျွန်တော်တို့အတူ တွေ့ဆုံခွင့် မရခဲ့ကြဘူး။ “လေထန်ကုန်း” နဲ့ တင်းတိမ်နေကြရတယ်။ “ပေါင်းစည်းရင်း ကွဲလွဲခွင့်ရှိပါစေ၊ ကွဲလွဲရင်း ပေါင်းစည်းနိုင်ကြပါစေ။ “တစ်ညနေခင်းမက၊ တစ်ညလုံးမက၊ နေ့ပေါင်းများစွာ ဆရာတို့ ဆွေးနွေးပြောပြတာတွေ ကြားချင်ပါတယ်။
ကျွန်တော်တို့ ဆရာတို့ အနိစ္စသဘောကို မလွန်ဆန်နိုင်ဘူး။ ကျွန်တော်တို့ ဆရာတို့ရဲ့ အလုပ်တွေက အသက်ဝင်ရှင်သန်နေဆဲပဲ။ ကျွန်တော်တို့ ပျော်ရွှင်ဖို့အတွက် ဒီလောကမှာ နေထိုင်ခဲ့ကြတယ်။ ဒီအတွက် ကြေကွဲဝမ်းနည်းမှုတွေ မနည်းမနော ပေးဆပ်ခဲ့ကြရတယ်။ ပျော်ရွှင်မှု ဘယ်မလဲ။ ဆရာက ဆရာ့အမည်နာမနဲ့ ပူဆွေးမှုကို ဆရာ့မိသားစုအတွက်၊ စာဖတ်သူအတွက်၊ ကျွန်တော်တို့အတွက် တွဲထားချင်မှာ မဟုတ်တာ ကျွန်တော်သိတယ်။
အခုအပြင်ဘက် ထွက်ကြည့်ရင် ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေပါလိမ့်မယ် ဆရာ။ ဆရာ ထ မကြည့်တော့ဘူးလား။ ဆေးရုံက ဆင်းပြီး ဆရာ့အိမ်ကြီးပေါ်က ပြတင်းပေါက်နေ ကြယ်တွေကို မကြည့်ငေးလိုတော့ဘူးလား။ ဒီတစ်ခါ တိုးသက်ဝင်လာမယ့် ညဦးလေပြည်ဟာ ဘလော့ရဲ့ ဝင်းပတဲ့လေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒီလေမျိုးနဲ့ လင်းလက်တဲ့ နေရောင်ခြည်အတွက် ကျွန်တော်တို့ အဆမတန် ပေးဆပ်ခဲ့ရ၊ အဆမတန် စောင့်စည်းခဲ့ကြရ။
ကျွန်တော်တစ်ယောက်တည်း ဆန္ဒသဘောအရဆိုရင် ဒီလို မဟုတ်သေးဘူး။ ဆရာက တစ်ယောက်တည်း သဘောထက် အများဆန္ဒကို လိုက်လျောချင်မှာပဲ။ အားလုံးက ဆရာ့ကို ဂုဏ်ပြုဦးညွှတ်ချင်ကြမှာပါ ဆရာ။ ဆရာက အလုပ်တွေ သိပ်လုပ်တယ်။ အလုပ်လုပ်သလောက် ဆရာ တိုးတက်မြင့်မားခဲ့တယ်။ တိုးတက်မြင့်မားလေလေ၊ တစ်သီးတစ်သန့် ဖြစ်လာလေ၊ ခြားနားကွဲပြားလာလေ၊ ဆရာ့အရိပ်အေးအောက်မှာ ကျွန်တော်တို့ အမြဲနေချင်ပါတယ် ဆရာ၊ ဆရာ ကဗျာဆရာများထောင့်မှာ ထာဝရ နားနေလဲလျောင်းပါ။ ဆရာ့ကို ကဗျာဆရာများချည်း သီးသန့်မြှုပ်နှံမယ့် သင်္ချိုင်းထောင့်မှာ မြှုပ်နှံချင်တယ်။ ဘာကြောင့်လဲ။ ဆရာဟာ ကဗျာကို ချစ်လို့ပဲ။ ပြည်သူကို ချစ်လို့ပဲ။ ကျေးတောနေ ကဗျာတွေကို ဆရာ စုစည်းခဲ့တယ်။ “စက္ကူမြင်း တောတွင်းရထား” ကဗျာရှည်ကို ဆရာရေးဖွဲ့ခဲ့တယ်။ 
အမင်္ဂလာလှည်းတွန်းသံ တဂျိမ်းဂျိမ်း ကြားနေရတယ်။ ဆရာ့ဆီ လာနေပြီ။ သူတို့ ဆရာ့ကို တစ်နေရာ ခေါ်သွားကြတော့မယ်။ မဟုတ်သေးဘူး။ အသံက ဝေးသွားပြန်ပြီ။ ကိုချစ်ဦးညို၊ ကိုမြတ်ခိုင်တို့ ဆရာ့မိသားစုနဲ့ ခေါင်းချင်းဆိုင် တိုင်ပင်နေကြတယ်။ ကိုသွေးသစ်လည်း ပါတယ်။ သတင်းစာ နာရေးကြော်ငြာအတွက် စီစဉ်နေကြတာပါ။ ဓာတ်ပုံ တီထူးတစ်ယောက်တည်း ဝင်လိုက် ထွက်လိုက်နဲ့။ ကျွန်တော် ဆရာ့ဘေးနားက ခုံပေါ်မှာ နှင်းကျသံထက် ညင်သာတဲ့ နူးညံ့တဲ့ ရိုသေလေးမြတ်တဲ့ ငြိမ်သက်မှုနဲ့ ထိုင်နေမိတယ်။
“သေခြင်းသည်ပင် အိပ်ခြင်းပင်တည့်။ ထို့ထက် ဘာမျှရှာမရတည့်။ သေခြင်း၏ အိပ်ခြင်းထဲ၌ မည်သည့်အိပ်မက်တို့ မက်မည်နည်း” လို့ ဟင်းမလက်က ကြောက်စရာမေးခွန်းကို မေးခဲ့တဲ့အကြောင်း ဆရာရေးဖွဲ့ခဲ့တယ်။ ဆရာတစ်သက်လုံး ဇောကြီးကြီး၊ အမောကြီး မောသမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေတာ ဖြစ်မယ်။ အိပ်လို့ဝရင် ပြန်နိုးလာမယ်။ စာတွေ ဆက်ရေးမယ်။ ဒီလိုဆို ကောင်းမယ်။ ဆရာမကြည်အေးကတော့ လူဟာ သေပြီးရင် နောက်ဆုံးတော့ နိုက်ထရစ်အက်ဆစ် တစ်စက်၊ နှစ်စက်မျှသာ တဲ့။ သေခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဆရာ့ကို မေးချင်တာတွေ အများကြီးပဲ။ ရင်ထဲမှာ တိုးပွားလာနေတယ်။ အပ်ကျသံလောက်တောင် အသံမပြုတော့ဘူးလား ဆရာ။
“ကျွန်တော်တို့တွေ အသက်ရှင်တုန်းမှာ သေခြင်းမရှိဘူး။ သေပြီးနောက်မှာလည်း ကျွန်တော်တို့ ဆက်လက် အသက်မရှင်တော့ဘူး” တဲ့။ အက်ပီကျူးရက်စ်က ရေးခဲ့တယ်တဲ့။ ဆရာ့နှလုံးသားနဲ့ ဆရာ့လက်ဖျားတွေက ချိုမြိန်တဲ့စာတွေ စမ်းရေလို တသွင်သွင် ဆက်လက် စီးဆင်းပေးပါဦး ဆရာ။ ကျွန်တော်တို့တွေ ဖတ်ဖို့ အက်ဆေးတွေ ရွေးပြီး ဘာသာပြန်ပေးပါဦး။ အာရင်ဘတ်ရဲ့ စာတွေ အများကြီး ရှိသေးတယ်လို့ ဆရာပြောခဲ့တယ်။
တဂျိမ်းဂျိမ်းနဲ့ အမင်္ဂလာသံ လာနေပြန်ပြီ။ တီတူးတို့အပြင် ထွက်ကြည့်ကြတယ်။ အသံက ဝေးသွားပြန်တယ်။ ဆယ်နာရီတောင်ခွဲတော့မယ်။ ဆရာ့ငယ်ဘဝ။ တေးချိုတဲ့။ အမောက်ကလေး ရဲရဲနီတဲ့ ဗွက်ကလုံငှက်ကလေးကို လှောင်အိမ်ထဲ ထည့်ထားတော့ တေးမဆိုတော့ရုံမက မကြာခင်မှာ သေဆုံးသွားပါရော။ သစ်သီးဝလံတွေ ကျွေးလည်း မစားဘူး။ ဆရာ စိတ်မကောင်း အကြီးအကျယ် ဖြစ်ခဲ့ရတဲ့အကြောင်း ဖတ်ဖူးတယ်။
တစ်ခါတော့ ဆရာရယ် လီဒိုလမ်းမပေါ် ရောက်နေပြန်ရော။ လမ်းဘေး တောင်ယာထဲက သစ်ငုတ်တစ်ခုကို လေသေနတ်ပစ် လက်တည့်စမ်းကြတယ်။ ဆရာ့အလှည့်မှာ ပထမတစ်ချက် ကျည်မထွက်။ ဂျမ်း ဖြစ်နေတယ်။ နောက်တစ်ချက် ထပ်ပစ်တယ်။ မထွက်။ နောက်တစ်ချက်၊ ထိုနည်းလည်းကောင်း။
“ကျွန်တော် လက်လျော့ပြီ။ ကျွန်တော့်လက်သည် လေသေနတ် ကိုင်၍ မရဟန်တကား” တဲ့။ ဆရာ့ခံစားမှု နောက်မှာ ဆရာ့အရေးအသားတွေက ဖဝါးထပ်ချပ်ကပ်လျက် လိုက်ပါလို့။
ဆရာအသက်ငယ်ငယ် အရွယ်မှာပဲ နိုင်ငံအရေးက ဆရာ့ရင်ဘတ်ထဲ ဝင်ရောက်လာတယ်။ အာရှလူငယ်၊ ဂျပန်တော်လှန်ရေး၊ အထက်ဗမာပြည် ဖဆပလအဖွဲ့ချုပ်၊ လယ်သမားများ လယ်သီးစားခ မပေးရေး တိုက်ပွဲ၊ ဒီအတွက် ဆုလာဘ်တွေကတော့ အဲဒီခေတ်က ရုံးမင်းတစ်ထိုင် အပြစ်ဒဏ်ကနေ မြေရှင်တွေက ဆရာ့ဦးခေါင်းကို ဆုငွေထုတ်တာ ခံရတဲ့အထိ။ တစ်သက်တာ ဆရာ့ဘဝဟာ နိုင်ငံရေးနဲ့ စာပေဘဝပဲ ဖြစ်ပါတယ်။
ဆရာဒဂုန်တာရာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးခရီး၊ ကိုင်ရိုလေဆိပ်မှာ ပစ္စည်းတွေ အများကြီးထဲက ကုလားအုတ်ရေ လက်ကိုင်အိတ်ကလေးကို ဆရာ တယုတယ ကိုင်ကြည့်နေတယ်။ ဒီလို ဆရာဒဂုန်တာရာက ရေးဖွဲ့ပြဖူးတာကို အခု ကျွန်တော်အမှတ်ရနေတယ်။
“လိုက်ခဲ့တော့ မြနန္ဒာ” တဲ့။ ခေါ်သံမှာ စိုးရိမ်ထိတ်လန့်သံတွေ ပါနေတယ်။ စော်ဘွားရဲ့ သမီးတော်တစ်ပါးနဲ့ ကိုဥက္ကာတို့ရဲ့ နှလုံးသားရင်ခုန်သံ ကိစ္စကိုသာ ရေးဖွဲ့ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ရှမ်းလူထုရဲ့ ဘဝကို ထင်ဟပ်ပြခဲ့တယ်။ ဒီတုန်းက ရှမ်းပြည်နယ်ကို ဆရာ မရောက်ဖူးသေး။ လူကိုယ်တိုင် မရောက်ဖူးသေးပေမယ့် ဆရာ့နှလုံးသားနဲ့ စေတနာက ရှမ်းပြည်သူတွေဆီ အရင်ဦးအောင် သွားနှင့်တယ်။
ဆရာ့ “တမာနုချိန် စစ်တမ်း” ရဲ့ အဆုံးပိုဒ်။ “တမာနုချိန်သည် ကျွန်တော့် နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာ ဖြစ်ပါသည်။ ကျွန်တော့် နွေလွမ်းဝေဒနာ၏ ပြဒါးတိုင်လည်း ဖြစ်ပါသည်။”
“တမာပင်က ဝတ်လစ်စလစ် ချွတ်ချလိုက်ပြီး မလုံ့တလုံ ရွက်နုကို ခြုံနေဆဲ”။ ဒီစာသားတွေအတိုင်း ဟုတ်ချင်မှ ဟုတ်မယ်၊ ရှေ့နောက်လွဲချင် လွဲမယ်၊ တစ်သဝေမတိမ်း မတူပေမယ့်လည်း ဆရာ့နွေလွမ်းဝေဒနာရဲ့ ရောဂါလက္ခဏာကိုတော့ ကျွန်တော်မှတ်မိသလောက် ပေါ်ပါတယ်။ ဆရာက တမာနုချိန်ကို လွမ်းတယ်။ အခု တမာနုချိန်လေ ဆရာ။ လှည်းသံ တဂျိမ်းဂျိမ်းဟာ တကယ့်ကို ငှက်ဆိုးထိုးသံပဲ။ သံထည် သံဘီးတွေက ချောက်ချားအောင် ညှစ်အော်တတ်ကြသလား။ သံဘီးတွေထဲ ချောဆီ ထည့်ကြပါဦးဗျာ။ တော်တော်နဲ့ အသံက မရပ်ဘူး။ ဟိုးအစွန်းဘက်အကျဆုံး အခန်းတစ်ခန်းကို ဦးတည်နေတာ ဖြစ်မယ်။ လူနာဆောင် (၆) ကို ကျွန်တော် သတိရနေတယ်။ လူတွေ သေလိုက်ကြတာ။
မနှစ်က ဆရာ့ကို ကျွန်တော်တို့ ဗီဒီယို ရိုက်တယ်။ တွေ့ဆုံသူအဖြစ် ခက်မာက ကူညီတယ်။ ကျွန်တော်ကတော့ မြင်ကွင်းအပြင်ဘက်ကနေ ဆရာ့စကားတွေကို နားထောင်နေခဲ့တယ်။ (၁၉၆၀) လောက်အထိ ဆရာ စာရေးချိန် မရခဲ့ဘူး။ အသင်းအဖွဲ့ လုပ်ငန်းတွေမှာ ပါဝင်နေရလို့။ (၁၉၆၄) က (၁၉၇၂) အထိ (၁၀) နှစ်လောက်မှာလည်း မရေးဖြစ်တဲ့ အကြောင်းတွေ ကြုံခဲ့တယ်။ ဒီဘက်နှစ်များမှာတော့ “ကျန်းမာတုန်း ရေးမယ်။ ရေးချင်တာ ရေးသင့်တာတွေ ရေးမယ်။ ကျွန်တော် စာရေးဆရာပဲ ဖြစ်ချင်တယ်။ တခြား ဘာမှ မဖြစ်ချင်ဘူး။ တခြား အလုပ်မရှိတော့ ရုံးတက်သလို နေ့တိုင်း တစ်နေကုန် ရေးတယ်။ နေ့အလင်းရောင် ရှိသမျှနှင့် အလုပ်လုပ်တယ်။ မွန်းတည့် (၁၂) နာရီ ထမင်းစား၊ ခဏနား၊ မွန်းလွဲ (၁) နာရီက (၅) နာရီ အထိ ဆက်ရေး၊ ညကျ စာဖတ်တယ်၊ မရေးတော့ဘူး။ ဗီဒီယိုလေး ဘာလေး ကြည့်တယ်”
“အာရင်ဘတ်၊ ဆမ်းမားဆက်မွန်တို့ ဆိုရင် မရေးချင်လည်း ရေးတယ်။ ကျွန်တော် type-writer မဖွင့်ရရင် မနေနိုင်ဘူး။ ကျွန်တော်ရေးပြီးသား မထုတ်ရသေးတာကို တော်တော်များတယ်”
“စာတစ်အုပ်ကို ကျွန်တော်ဖတ်မိလို့ သဘောကျရင် ကျွန်တော်ခံစားပီတိဖြစ်ရသလို မျှဝေပေးချင်တဲ့စိတ် ဖြစ်ရတယ်။ မဖတ်နို်င်၊ မဖတ်ဖြစ်တဲ့ လူငယ်တွေကို ဒါနပြုချင်တယ်။ ကျွန်တော် ကဗျာတွေ ဘာသာပြန်တာ လူငယ်တွေ အတွက်ပါ။ ချိုမြိန်သောအိမ်၊ အညတရရုပ်ပုံလွှာ တွေဟာ ကျွန်တော့် original တွေပဲ။ ဘာသာပြန်တာက အတု။ အတုဆိုပေမယ့် ခံစားမှုကို အကောင်းဆုံး ကူးယူပေးရတာပဲလေ။ Creative work တွေ ပြန်ရင် မိအောင်ပြန်နိုင်မှ။ စစ်နှင့် ငြိမ်းချမ်းရေး ထဲမှာ ပီယာရယ်၊ နာတာရှာ့အချစ်ကို ရလိုက်လို့ အပြင်လည်း ထွက်လိုက်ရော ကောင်းကင်မှာ ကြယ်တံခွန်ကြီး လင်းနေလိုက်တာ၊ တော်လ်စတွိုင်းက အချစ်ကို ဒီလို တန်ဖိုးမြှင့်တင်ခဲ့တယ်”။ ဆရာပြောခဲ့တဲ့ စကားတွေ။
ဒီတစ်ခါတော့ ဒီဘက်ကို လှည်းတကယ်လာနေပြီ။ နီးသထက် နီးလာနေပြီ။ ကိုသွေးသစ်က ကျွန်တော့်အနားကပ်ပြီး ဝိုင်းတွန်းကြမယ်တဲ့။ သူတို့ ရောက်လာတဲ့ အချိန်မှာတော့ အစီအစဉ် ပြောင်းသွားတယ်။ ကျွန်တော်တို့ သူသေဆောင် (Mortuary) ကို သွားနှင့်ပြီး သူတို့တွန်းအလာကို စောင့်ကြတယ်။ သူသေဆောင် ဝန်းကျင်မှာ ဟိုးအဝေးကလာတဲ့ အလင်းရောင် ပျပျသာ ရှိလို့ မှုန်ဝါးနေတယ်။ ခဏနေတော့ လှည်းသံ တဂျိမ်းဂျိမ်း တဂျုံးဂျုံးနဲ့ ဆရာ ရောက်လာတယ်။ ဆရာ့ရှေ့မှာ စာရေးဆရာ တင်သိန်းမောင်။ ဆရာတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်။ ကြယ်တွေ မကြွေပါနဲ့။ ကြယ်တွေ မကြွေပါစေနဲ့တော့။ ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ကောင်းကင် နက်ပုပ်ပုပ်ကြီးထဲမှာ ကြယ်တွေ ကျိုးတိုးကျဲတဲ တွေ့ရတယ်။
(၂၀၊ ၂၊ ၁၉၉၈)
မွန်းလွဲ (၁) နာရီ၊ ရွှေတကော။
စမ်းချောင်း ဆရာ့အိမ်က ထွက်မယ့်အချိန်မှန်းပြီး ကျွန်တော်နဲ့ ကိုစိုး ကားနဲ့ ထွက်ခဲ့ကြတယ်။ ဆရာ့ ဈာပနကို ဗီဒီယို ရိုက်ဖို့ ကင်မရာနဲ့ ကင်မရာအကူ ကိုအောင်ကိုပါ ခေါ်လာခဲ့တယ်။ ဆရာ့အိမ်ရှေ့ရောက်တော့ လူရှင်းနေပြီ။ ကျွန်တော်တို့ နည်းနည်းနောက်ကျသွားတယ်။ အခုလေးတင် ပစ်ခွဲသွားတဲ့ ရေအိုး အစအနတွေတောင် မသွေ့ခြောက်သေးဘူး။ ကိုစိုးကားကို အရှိန်မြှင့်မောင်းပြီး
မနှစ်တုန်းက ဆရာ ဒီအိမ်ကြီး အပေါ်ထပ်မှာ ကျွန်တော်တို့ကို တယောထိုးပြတာ ပြန်ကြားယောင် မြင်ယောင်မိပြန်တယ်။ “ဆရာမြသန်းတင့် (သို့မဟုတ်) လူသားပေါင်းကူးတံတား” လို့ ကျွန်တော်ခံစားရသလို ခေါင်းစီးတပ်ပြီးပြီ၊ တည်းဖြတ်ပြီးပြီ၊ တခြားအကြောင်းတွေကြောင့် အခွေထွက်ဖို့ ကြန့်ကြာခဲ့ရတယ်။ ဆရာ့ ဈာပနကိုလာတဲ့ ပရိသတ်က အဆောင်တစ်ခုလုံး ပြည့်ကျပ်ပြီး ဘေးဘီလျှံထွက်နေတယ်။ စာပေအနုပညာ အဝန်းအဝိုင်းသာမက နယ်ပယ်စုံက လူပုဂ္ဂိုလ် အစုံအလင် တွေ့ရတယ်။ ဆရာဒဂုန်တာရာနဲ့အတူ ဆရာတော် ကိုပညာ (အမရပူရ)၊ ခရစ်ယာန် ဂိုဏ်းချုပ်ကြီးတစ်ပါးဖြစ်တဲ့၊ အခုစာတွေ ပြန်ရေးနေတဲ့ ဆရာမောင်ပေါက်စည် “ဘာသာနှစ်ခုပေါင်းစုံခြင်း” လို့ ဆရာဗန်းမော်တင်အောင် ကွယ်လွန်တုန်းက ရေးဖွဲ့ခဲ့တဲ့ ဆရာပါရဂူကိုလည်း တွေ့ရတယ်။ အခုတော့ မုန်တိုင်းထဲက လူသားပေါင်းကူးတံတားကြီး။
“ဆရာမြသန်းတင့် (သို့မဟုတ်) လူသားပေါင်းကူးတံတားကြီး ကျိုးပြီ”

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...