အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတစ်ခုမှ လုံခြုံရေးတာဝန်ကျ တပ်ကြပ်ကြီးတစ်ဦး
မြန်မာ့တပ်မတော်တွင်းကဆရာများရဲ့ အခန်းကဏ္ဍ အပိုင်း - (၁)
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (မဇ္ဈိမ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
ဒီဆောင်းပါးမှာတော့ တပ်တွင်းအောက်ခြေက
ဆရာလို့ အခေါ်ခံရတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးတွေ အကြောင်းကို
စုံစုံလင်လင် တင်ပြသွားပါမယ်။ ရဲဘော်တွေအထက် တဆင့်မြင့်သူတွေဟာ
ဒုတပ်ကြပ်နဲ့ တပ်ကြပ်တွေ ဖြစ်ကြပြီး သူတို့ကို တပ်မတော်ရဲ့ အငယ်ဆုံး
တပ်မှူးငယ်တွေ၊ တပ်စိတ်မှူးတွေလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့ဟာ
ထမင်းဟင်းချက်ရတဲ့ ဘဝက ကင်းလွတ်သွားပြီး ဆရာလို့ အခေါ်ခံရတဲ့ ဝိသေသ
ဂုဏ်ထူးနဲ့အတူ တန်းစီနေရာပေးရင် တောင်မှ ရဲဘော်တွေထက် အခွင့်အရေး အနည်းငယ်
ပိုရလာပြီ ဖြစ်ပါတယ်။
ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာကအစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက်ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေ ဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြ ပါတယ်။
ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာကအစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက်ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေ ဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြ ပါတယ်။
တပ်စိတ်မှူး ဆရာတွေဟာ
ရိက္ခာဝေငှရင်ဖြစ်ဖြစ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ခွဲဝေရင်ဖြစ်ဖြစ်၊
ကင်းပုန်းဝပ်ရင် ဖြစ်ဖြစ်၊ လှည့်ကင်းထွက်ရင်ဖြစ်ဖြစ်၊ လူနာနဲ့ရိက္ခာ
ပို့ကြိုလုပ်ရင်ဖြစ်ဖြစ်၊ လမ်းကြောင်း လုံခြုံရေး ယူတဲ့အခါ ဖြစ်ဖြစ်၊
အခြေခံ အကျဆုံးဖြစ်လို့ အရေးပါတဲ့ ကဏ္ဍတရပ်မှာ ပါဝင်ပါတယ်။ တချို့
တပ်ရင်းမှူးတွေဟာ စစ်ဆင်ရေး အရေးကြီးလာရင် အရာရှိတွေနဲ့ ဆရာကြီးတွေကိုသာမက
တပ်စိတ်မှူးဆရာတွေ အဆင့်ထိ ခေါ်ယူကာ Briefing လုပ်တာ တွေ့ရပါတယ်။
ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်လာပြီဆိုရင် တပ်စိတ်မှူးသာမက လစာကြပ်တာဝန်၊ ဆက်သွယ်ရေးတာဝန်၊ လက်ဖြောင့် တပ်စိတ်မှူးတာဝန်၊ တပ်ရင်းမှူးရဲ့ အနီးကပ် လူယုံတော်တာဝန်၊ စိုက်ပျိုးရေး မွေးမြူရေးတာဝန်၊ မော်တော်ယာဉ် ယာဉ်မောင်းတာဝန်၊ စရဖ အကြပ်တာဝန် စသဖြင့် လိုင်းများစွာ၊ ရာထူးဌာနများစွာ ပွင့်သွားပြီး မိမိရဲ့ ကြိုးစားအားထုတ်မှု၊ အထက်လူကြီးတွေရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုအပေါ် မူတည်ကာ တက်လမ်းများစွာလည်း ရှိနေပါတယ်။
အကြပ်တွေအတွက် သင်တန်းများစွာ ခေါ်ယူလို့ တက်ရောက်သင်ကြားခွင့်ရှိပြီး
သင်တန်းမှာ ထူးချွန်ပါက ပညာသည် တပ်ဖွဲ့တွေဖြစ်ကြတဲ့ ဆက်သွယ်ရေးတပ်ဖွဲ့၊
စစ်မြေပြင် အင်ဂျင်နီယာတပ်ခွဲ၊ အမြောက်နဲ့ သံချပ်ကာ တပ်ဖွဲ့တွေအပြင်
စစ်ဖက်လုံခြုံရေးရာ တပ်ဖွဲ့တွေကလည်း ခေါ်ယူလေ့ ရှိပါတယ်။ ဒါ့အပြင်
တပ်ကြပ်အဆင့်ကို ရောက်ရင် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ခွင့်
လိုင်းကိုလည်း ဖွင့်ထားတာမို့ မျှော်လင့်ချက် ရောင်ခြည်လည်း ရှိလာပါတယ်။ ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်လာပြီဆိုရင် တပ်စိတ်မှူးသာမက လစာကြပ်တာဝန်၊ ဆက်သွယ်ရေးတာဝန်၊ လက်ဖြောင့် တပ်စိတ်မှူးတာဝန်၊ တပ်ရင်းမှူးရဲ့ အနီးကပ် လူယုံတော်တာဝန်၊ စိုက်ပျိုးရေး မွေးမြူရေးတာဝန်၊ မော်တော်ယာဉ် ယာဉ်မောင်းတာဝန်၊ စရဖ အကြပ်တာဝန် စသဖြင့် လိုင်းများစွာ၊ ရာထူးဌာနများစွာ ပွင့်သွားပြီး မိမိရဲ့ ကြိုးစားအားထုတ်မှု၊ အထက်လူကြီးတွေရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှုအပေါ် မူတည်ကာ တက်လမ်းများစွာလည်း ရှိနေပါတယ်။
တချို့ အကြပ်တွေဟာ မိမိတို့ရဲ့ မူရင်း ရဲဘော်ဘဝကို မေ့ပြီး ဘဝင်မြင့်ကာ ဆရာကြီးတွေရဲ့ စည်းစိမ်ဥစ္စာကို အားကျနေတာလည်း တွေ့ရပါတယ်။ တချို့အကြပ်တွေကျတော့ ကံကောင်းပြီး အမြန်ဖြစ်လာရာ အောက်သက် မကျေကြတာမျိုးလည်း တွေ့ရှိရပါတယ်။ အကြပ်ထဲမှာ ရေပန်းစားတာကတော့ လစာကြပ်ဖြစ်ပြီး စစ်သည်တွေရဲ့ လစာငွေနဲ့ ရိက္ခာစိုငွေတို့ကို ကိုင်တွယ်ရတာမို့ တပ်ခွဲမှူးရဲ့ ယုံကြည်စိတ်ချရမှုနဲ့ အားအထားရဆုံးသူ ဖြစ်ပါတယ်။ ဖျတ်လတ်မှု၊ ပညာအရည်အချင်း အနည်းဆုံး ၈ တန်း ရှိမှု၊ ရိုးသားမှု၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု စတာတွေနဲ့ ပြည့်စုံရပါမယ်။
တပ်ရင်းတွေ ရှေ့တန်းထွက်ပြီဆိုရင် လစာကြပ်ဟာ သက်ဆိုင်ရာ မိမိတပ်ခွဲက အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး ကိစ္စတွေကို အကုန်လုံး သိမ်းကျုံးလုပ်ပေးရတဲ့အပြင် အိမ်ထောင်သည်လိုင်းကိုလည်း ကြီးကြပ်ရသူ ဖြစ်ပါတယ်။ လုပ်ငန်းဆက်စပ်မှုအနေနဲ့ တပ်ရေးဗိုလ်ကြီးဆိုသူကို ခစား နှစ်ပါးသွားရပါတယ်။ လစာကြပ်ဟာ မကြာခဏ ခွင့်မဲ့ ပျက်ကွက်ဖြစ်နေတဲ့ စစ်သည်တွေရဲ့ လစာ၊ ရိက္ခာ၊ စစ်ဝတ်ပစ္စည်းတွေကို အပြန်အလှန် “ဗုန်း” ကြတဲ့ C.Q လို့ ခေါ်တဲ့ တပ်ခွဲတပ်ကြပ်ကြီး၊ တပ်ခွဲမှူးနဲ့ တပ်ရေးဗိုလ်ကြီးတို့ အကြားမှာ ကြားညှပ်ရတဲ့ တရားခံလည်း ဖြစ်ပါတယ်။ လစာတွေကို ထုတ်ယူပေးတဲ့ တပ်ရေးဗိုလ်ကြီးက မသမာမှု လုပ်လို့ ငွေလိုရင်လည်း လစာကြပ်အနေနဲ့ စိုက်လျော်ရသလို C.Q နဲ့ တပ်ခွဲမှူးတို့အကြား ကြားညှပ်ရတဲ့ အဖြစ်မျိုးတွေကိုလည်း သူတို့ ကြုံတွေ့ရတတ်ပါတယ်။ သူတို့ကို ကြည့်လိုက်ရင် ဗလာစာအုပ်၊ ဘောပင်နဲ့ အလုပ်ရှုပ်နေတတ်သလို ကပျာကယာ သွားလာရင်း ပါးစပ်က ပွစိပွစိနဲ့ ရေရွတ်ကာ ခေါင်းရှုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။
လက်နက်တိုက်တာဝန် ယူရတဲ့ အကြပ်ကတော့ လက်နက်၊ ခဲယမ်းပစ္စည်းတွေကို ထိန်းသိမ်းရပြီး စစ်ခုံရုံးက သူ့ကို အမြဲတမ်း ကြိုဆိုရလောက်အောင် အန္တရာယ်များလှပါတယ်။ သူဟာ စစ်သည်တွေ ရှေ့တန်းက ပြန်လာရင် ပျောက်ရှတဲ့ လက်နက်ခဲယမ်း မှန်သမျှကို C.Q နဲ့ တပ်ခွဲမှူးထံ အမြဲတမ်း တင်ပြရပြီး တာဝန်ယူကာ ဖြေရှင်းပေးနေရပါတယ်။ လက်နက်တိုက် တာဝန်ခံဟာ ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတို့ ရှောင်တခင် ဝင်စစ်လိုက်လို့ စာအုပ်စာတမ်းပါ အချက်အလက်တွေနဲ့ မြေပြင်စာရင်းဇယား မကိုက်ညီရင် အချုပ်ခန်းထဲသို့ ဈေးဦးပေါက် ဝင်ရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို အမြဲတမ်း သောကတောင်တန်း ဗျာပါလွှမ်းနေတာ တွေ့ရပါတယ်။
ဒုတိယ ဆဲဆိုအခံရဆုံး သူကတော့ ဗဟိုကင်း ကင်းမှူးတာဝန်ယူရတဲ့ အကြပ်ဖြစ်ပြီး လူကြီးတွေလာတိုင်း အမြဲတမ်း အပြစ်မရှိ အပြစ်ရှာ ငေါက်ငမ်းဆဲဆိုသွားတာ အခံရဆုံးသူ ဖြစ်ပါတယ်။ ကျည်လွတ်မြေမှာ နေရပေမယ့် အမြဲတမ်း လေ့ကျင့်ပြင်ဆင်နေရပြီး စိတ်သောက ဖိစီးစွာနဲ့ နေရသူ ဖြစ်ပါတယ်။ အချုပ်သားတွေကို လုပ်အားပေး လုပ်ခိုင်းရင်ဖြစ်စေ၊ အိမ်သာ သွားခိုင်းရင်ဖြစ်စေ၊ ထွက်ပြေးမှု မကြာခဏ ရှိတာကြောင့် အရင်ဆုံး ဈေးဦးပေါက် အချုပ်ခန်းဝင်ရတဲ့ ဗဟိုကင်း ကင်းမှူးဘဝဟာလည်း သနားစရာ ဖြစ်ပါတယ်။
အကြပ်ထဲမှာ အရေးပါဆုံး နောက်အမျိုးအစား တခုကတော့ စရဖ အကြပ်ဖြစ်ပြီး တပ်ရင်းရုံးရဲ့ စစ်ဦးစီးပိုင်းဆိုင်ရာ အမြင့်ဆုံးနေရာကို ရထားသူပီပီ ဘဝင်လေဟပ်ကာ ဘဝတူ ရဲဘော်တွေနဲ့ ဆရာအချင်းချင်းကို ကြည့်ရင်တောင် အပေါ်စီးမှ ကြည့်တတ်သူ ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေ၊ မြေပုံ အတိုဝှက်၊ ကြေးနန်းစာတွေ ကိုင်ရသူပီပီ အရာရှိတွေရဲ့ မျက်နှာသာပေးခြင်း ခံရလို့ အထူးအခွင့်အရေး ရကာ တန်းစီခြင်း၊ လုပ်အားပေးခြင်းတို့မှ ကင်းလွတ်ခွင့် စတဲ့ အခွင့်အရေးတွေကို ရရှိသူတွေ ဖြစ်ကြပါတယ်။
မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၂)
ဒုတိယ အခွင့်အရေး ရသူတွေကတော့ လေလှိုင်း စစ်သည်တွေလို့ ကြံဖန် ဂုဏ်ယူတတ်ကြတဲ့ ဆက်သွယ်ရေး အကြပ်တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အကြပ်တွေ စက်ထိန်းသိမ်းမှု ညံ့ဖျင်းရင် အရေးပေါ် ကိစ္စတွေမှာ စက်ခေါ်လို့ မရလောက်အောင် ဒုက္ခရောက်တာ တွေ့ရပါတယ်။ ရှေ့တန်းမှ အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး အုပ်ချုပ်မှုကိစ္စ စတာတွေကို နောက်တန်းကို အဝင်အထွက်လုပ်ရတဲ့ တခုထဲသော ထွက်ပေါက် ဖြစ်တာမို့ ဆက်သွယ်ရေးစက်ကို မှီခိုအားထားနေကြရလို့ ဆက်သွယ်ရေး အကြပ်တွေဟာ အရေးပါလှသူတွေ ဖြစ်ကြပါတယ်။
တပ်မတော်မှာ တပ်ကြပ်ကြီးတွေနဲ့အထက် အရာခံဗိုလ်အထိ အဆင့်တွေကို ဆရာကြီးတွေလို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ Sergeant လို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေဟာ တပ်စုတစုရဲ့ တခြားအဆင့်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အထက်မှာ အရာရှိသာ ရှိပါတယ်။ သူ့ရဲ့ လက်အောက်မှာ တပ်စိတ် နှစ်စိတ်ကနေ သုံးစိတ်အထိကို ကိုင်တွယ်ခွင့်ရပြီး အတွေ့အကြုံ ရင့်ကျက်လို့ သူတို့ကို နေရာပေးထားခြင်း ဖြစ်ပါတယ်။ အရာရှိတွေကတောင် ဆရာကြီးတွေရဲ့ အကြံဥာဏ်ကို အလေးထားရပြီး တခြားရဲဘော်တွေ၊ ဆရာတွေရဲ့ အကျင့်သီလ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းရည်တွေကိုသိဖို့ သူတို့ကို မေးမြန်းအားကိုးနေရပါတယ်။
အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီးတွေက တပ်စုမှူး အရာရှိတွေထက်တောင် ရဲဘော်တွေအပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက်ရိုသေကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ တပ်ကြပ်ကြီး ဖြစ်လာရင် တိုက်ခိုက်ရေး တပ်တွေသာမက တပ်ရင်းမှူးရဲ့ အနီးကပ် လက်ဖြောင့်တပ်စိတ် တပ်ကြပ်ကြီးအဖြစ် အရွေးချယ်ခံနိုင်ပြီး ရဲဘော်တွေကတော့ ကွယ်ရာမှာ အဲဒီ “လက်ဖြောင့်တပ်ကြပ်ကြီး” ဟာ တပ်ရင်းမှူးကို “ဖား” ရလွန်းလို့ “လက်ကောက်တပ်ကြပ်ကြီး” လို့ နောက်ပြောင်ခေါ်လေ့ရှိပါတယ်။
အလားတူ ဆက်သွယ်ရေး တပ်ကြပ်ကြီး၊ စရဖ တပ်ကြပ်ကြီး၊ ဆေးဘက်ဆိုင်ရာ တပ်ကြပ်ကြီး၊ မော်တော်ယာဉ် တပ်ကြပ်ကြီး၊ ရိပ်သာတာဝန်ခံ တပ်ကြပ်ကြီး၊ တပ်ရဲ တပ်ကြပ်ကြီး စတဲ့ နေရာကောင်းများစွာရှိပြီး သူတို့ဟာ အစုအဖွဲ့တခုကို အုပ်ချုပ်ရတဲ့ လုပ်ပိုင်ခွင့်အာဏာ အတော်အတန် ရရှိလာပြီး ဖြစ်ပါတယ်။
ဒီထက်မြင့်တဲ့ နောက်ရာထူး တခုကတော့ တပ်ခွဲတပ်ကြပ်ကြီး (C.Q) ဖြစ်ပါတယ်။ (C.Q) ဟာ တပ်ခွဲတခွဲရဲ့ ရိက္ခာမျိုးစုံ၊ ခဲယမ်း၊ စစ်ဝတ်၊ ဝန်ထမ်း စတာတွေကို ကိုင်တွယ်ရတာမို့ တပ်ခွဲ ထမင်းအိုးကြီးကို “ခွ” ထိုင်ရတဲ့ သူလို့ ရဲဘော်တွေက သတ်မှတ်ကြပါတယ်။ တချို့ (C.Q) တွေဟာ လက်အောက် ရဲဘော်တွေကိုတော့ ရိက္ခာစကေး အပြည့်မပေးလို့ မကြာခဏ ပြဿနာတက်လေ့ရှိတာ တွေ့ရပါတယ်။ ဝက်သားနဲ့ အမဲသား ပေါ်ပြီဆိုရင်လည်း “အသည်းအမြစ် အကောင်းဆုံး အရာရှိစားသုံး၊ ခေါင်းနဲ့ အသား အလွန်များ (C.Q) တွေကဝါး၊ အရိုးအရင်း ကိုက်စရာ ရဲဘော်ပါးစပ်မှာပါ ” ဆိုပြီး ပြောစမှတ် ပြုကြရပါတယ်။
ရဲဘော်တွေရဲ့ စားဝတ်နေရေး ချောင်လည်မှု ရှိ/မရှိ ဆိုတာဟာ တပ်ခွဲမှူးနဲ့ (C.Q) အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ရဲဘော်တွေ ထွက်ပြေးရင်ဖြစ်ဖြစ်၊ ခွင့်ပြန်ရင်ဖြစ်ဖြစ်၊ သင်တန်းတက်ရင်ဖြစ်ဖြစ် သူတို့ရဲ့ရိက္ခာ၊ ရိက္ခာစိုငွေနဲ့ စစ်ဝတ်တွေကို “ဗုန်း” ဖို့ ချောင်းနေတဲ့ သူတွေကတော့ (C.Q)၊ တပ်ခွဲမှူးနဲ့ လစာကြပ်တို့သာ ဖြစ်ကြပါတယ်။ ရိက္ခာစားအင်အား ဇယားချုပ်ကို နေ့စဉ်ကိုင်တွယ် ရေးဆွဲနေပြီး လိုတိုးပိုလျော့ကာ ဂဏန်းပေါင်းစက်နဲ့ နပမ်းလုံး နေသူမှာ (C.Q) တွေသာ ဖြစ်ပါတယ်။
တချို့တပ်ကြပ်ကြီးတွေကတော့ ပြဿနာဖြစ်မှာ စိုးရိမ်လို့ (C.Q) တာဝန်ကို မယူချင်တော့ဘဲ ဒုအရာခံဗိုလ် တန်းဖြစ်ချင်သူတွေလည်း ရှိကြပါတယ်။ ဆက်သွယ်ရေး၊ စရဖ၊ အနီးကပ် လုံခြုံရေး လက်ဖြောင့်ဆိုင်ရာ တပ်ကြပ်ကြီးတွေဟာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေနဲ့ တိုက်ရိုက်လုပ်ကိုင်နေရသလို အထက်ဌာနတွေနဲ့လည်း ဆက်သွယ်လုပ်ကိုင်ပေးနေရလို့ အာဏာလက်စောင်းထက်သူတွေ ဖြစ်ကြပါတယ်။
တပ်ရင်းမှူးတွေဟာ တပ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို သိရှိဖို့ လူယုံတွေကို ဆရာကြီးတွေကို မွေးထားတတ်ကြသလို နေရာကောင်းပေးကာ သူကောင်းပြုထားတတ်ကြပါတယ်။ အဲဒီဆရာကြီးတွေရဲ့ ဇနီးမယားတွေကလည်း တပ်ရင်းမှူးကတော်နဲ့ ပနာသင့်ရတဲ့အပြင် အချိန်ပြည့် သွားရောက်ကာ ဝေယျာဝစ္စ လုပ်ပေးကြရပါတယ်။ ဇနီးမယားတွေဟာ တပ်တွင်းအောက်ခြေက သတင်းတွေကိုလည်း တင်ပြကြရပါတယ်။ အခုဆိုရင် တချို့တပ်တွေမှာ တပ်ရင်းမှူးကတော်တွေတောင် ရုံးခန်းသီးသန့်ဖွင့်ကာ နေ့စဉ် ဓာတ်ဆီ သုံးစွဲမှု၊ ရိက္ခာအနေအထား၊ တပ်တွင်းသာရေး နာရေးကိစ္စတွေ၊ တပ်တွင်း စီးပွားရေး လုပ်ငန်းတွေကို စီစဉ်ညွှန်ကြားနေတာကို အံ့သြစဖွယ် တွေ့မြင်နေရပါတယ်။
ဒါတွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တပ်တွင်းအောက်ခြေမှာ တပ်ရင်းမှူး ဇနီးမောင်နှံနဲ့ အဆင်ပြေမှသာ နေရာကောင်း ရရှိကာ အဆင်ပြေနိုင်ပါတယ်။ အဆင်ပြေတဲ့သူဆိုတာလည်း လက်ချိုးရေတွက်လို့ ရသလို စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ဘဝကို မနည်းရုန်းကန် လှုပ်ရှားးနေကြရပါတယ်။ မွန်းကျပ်မှုနဲ့ အမိန့်၊ အာဏာအောက်မှာ ထွက်ပေါက်ပိတ်ရင်း နား၊ မျက်စိလည်း အပိတ်ခံထားကြရပါတယ်။ ဒ့ါကြောင့် တပ်တွင်းအောက်ခြေမှာ အရေးပါလှတဲ့ ဆရာတွေကို စည်းရုံးရင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ကြဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com