ယိုးဒယားနယ်စပ်ရှိ မြန်မာ့စစ်တပ် အခြေစိုက်စခန်းတစ်ခု (ဓာတ်ပုံ - mmmilitary.blogspot.com)
အယ်ဒီတာအဖွဲ့မေတ္တာရပ်ခံချက်။ ။ စည်းလုံးခြင်းရဲ့အင်အား
ဝက်ဘ်ဆိုဒ်ရဲ့ နှစ်သစ်ကူးအထူးအစီအစဉ်အဖြစ် လိုင်ဇာမြို့ သိမ်းရေး စစ်ဆင်ရေး
စီမံချက် ရေးဆွဲထားပြီးပြီ ဆိုတဲ့ သတင်းအား တင်ပြခဲ့ပါတယ်။ အဆိုပါ
သတင်းအပေါ် တိုင်းရင်းသားသတင်း ၀က်ဘ်ဆိုဒ်တခုရဲ့ ပေးစာကဏ္ဍမှာ စစ်ရေးအကဲခတ်
ဝေဖန်ချက် ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီ ဝေဖန်ချက်အပေါ် ပြည်တွင်းရှိ အရာရှိ
စစ်သည်တွေရဲ့ ကိုယ်စား ဗိုလ်မှူး မျိုးသူရက အိတ်ဖွင့်ပေးစာနဲ့
ဆက်သွယ်တုံ့ပြန်ပေးပို့လာနေလို့ သူတို့ရဲ့ ဆန္ဒအရ တင်ပြသွားမည် ဖြစ်ရာ
စာဖတ်ပရိသတ်များ ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဆိုပါသတင်းနှင့်
စပ်လျဉ်းပြီး မဟာဗျူဟာ ရည်ရွယ်ချက်အနေနဲ့ K.I.A ဟာ အစိုးရ စစ်တပ်ရဲ့
တိုက်ခိုက်လာမဲ့စစ်ဆင်ရေးကို ကြိုတင်သိရှိသွားခြင်းဖြင့် ကချင်ပြည်နယ်မှာ
ရှိတဲ့ ပြည်သူလူထုနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှုများ၊
ဆုံးရှုံးမှုများ လျော့နည်းသည်ထက် လျော့နည်းသွားစေရေးနဲ့ နိုင်ငံတကာ
ဖိအားပေးကန့်သတ် တားဆီးနိုင်ရေး ရည်ရွယ်ပါတယ်။ သတင်းကို အတည်ပြုခဲ့ရာမှာ
စီမံချက်အား မြင်တွေ့ခဲ့သူ အရာရှိနှင့် စီမံချက်ကို
အကောင်အထည်ဖေါ်ဆောင်ရွက်ရမည့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများကဲ့သို့
သတင်းအခြေအမြစ်များမှ ရရှိထားလို့ တင်ပြခဲ့တာဖြစ်ပါတယ်။
အိတ်ဖွင့်ပေးစာ
အယ်ဒီတာ ခင်ဗျား-
စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်
ဒီမိုကရေစီကို လိုလားတဲ့ ကျွန်တော်တို့
တပ်မတော်သားများအနေဖြင့် ပြည်သူလူထု အထူးသဖြင့် ကချင်တိုင်းရင်းသားများအား
ရိုးရိုးသားသား စိတ်ဓါတ်ဖြင့် အမှန်ကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း
သဘောပေါက်စေဖို့ ယခုလို အိတ်ဖွင့်ပေးစာတင်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
တိုင်းရင်းသား သတင်း ၀က်ဘ်ဆိုဒ် တခုရဲ့ ပေးစာကဏ္ဍတွင် စည်းလုံးခြင်းရဲ့အင်အား
ဝက်ဘ်ဆိုဒ်မှ တင်ပြခဲ့တဲ့ လိုင်ဇာမြို့သိမ်းရေး စီမံချက် အား
ရေးဆွဲထားရှိပြီးပြီ သတင်းအပေါ် စစ်ရေးအကဲခတ်များရဲ့ ဝေဖန်ချက်အား
တုံ့ပြန်သွားလိုပါတယ်။
အဲဒီ စစ်ရေးအကဲခတ်များရဲ့ ဝေဖန်ချက်ထဲမှ ပထမ
အချက်ဖြစ်တဲ့ “အစိုးရစစ်တပ်ရဲ့ ထိပ်တန်း လျှို့ဝှက် စီမံချက် ပေါက်ကြားမှု
ဆိုတဲ့ အချက်က ဖြစ်နိုင်ချေ လုံးဝမရှိပါဆိုတဲ့ အချက်ပါဘဲ။
ဘာဖြစ်လို့လဲဆိုတော့ အစိုးရ စစ်တပ်အနေနဲ့
ဒီလိုစစ်ဆင်ရေးကြီးတွေလုပ်ဆောင်ရာမှာ စီမံချက် ရေးဆွဲလေ့မရှိသလို
ရေးဆွဲတဲ့စီမံချက် ပေါက်ကြားမှုဖြစ်စဉ် မြန်မာ့တပ်မတော် သမိုင်းမှာ
အထောက်အထား လုံးဝ မရှိခဲ့ပါဘူး” လို့ ဆိုပါတယ်။ သူဆိုလိုတာကို
နှစ်ပိုင်းခွဲပြီး တုံ့ပြန်လိုပါတယ်။
ပထမအပိုင်းအနေနဲ့ စစ်တပ်မှာ
စစ်ဆင်ရေးစီမံချက် ဆိုတာဟာ တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ
စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်း (Procedure) အရ လုပ်ငန်းတာဝန်အားလုံးကို Plan
နှင့် ဒေါင့်စေ့အောင်ရေးခိုင်းပြီး လက်အောက်က ပြဿနာဖြစ်ရင်တောင်
တရားခံရှာလို့ရအောင် လုပ်ကိုင်သွားတဲ့ သဘာဝရှိပါတယ်။ စစ်ရေးအကဲခတ်သူတွေဟာ
စစ်တပ်ရဲ့ ဓလေ့စရိုက်အထာကို နားမလည်လို့ဘဲ ယူဆပါတယ်။ Plan ဆိုရာမှာ
စိုက်ပျိုး/မွေးမြူရေး Plan၊ မီးဘေးကင်းရှင်းရေး Plan၊ လုံခြုံရေးခေါင်းစဉ်
အမျိုးမျိုးနဲ့ Plan တွေကအစ လုပ်အားပေး Plan တွေအဆုံး ရေးဆွဲခိုင်းပါတယ်။
ကြက်ဆူပင် Plan ရေးဆွဲရတုန်းက စိတ်ကုန်နေကြတဲ့ စစ်သားတွေ ရှိနေကြပါတယ်။
ဒါကြောင့် ရိုးရိုးသာမန်ကိစ္စကိုတောင် Plan ရှိကြတာမို့
အရေးကြီးဆုံးထိပ်ဆုံးက ရှိနေတဲ့ စစ်ဆင်ရေး စီမံချက် ဦး (၁) အဆင့်ဆိုရင်
မဖြစ်မနေ ရေးဆွဲခိုင်းမှာ မြေကြီးလက်ခတ်မလွဲ ကြိမ်းသေရှိပါတယ်။ စစ်ဆင်ရေး
စီမံချက်ဆိုတာကတော့ မာနယ်ပလောစခန်း ဌာနချုပ်နှင့် ဟိုမိန်း ဌာနချုပ်တွေကို
မသိမ်းခင်ကတည်းက Plan ဆိုတာ ရှိခဲ့ပါတယ်။
ဒုတိယပိုင်းအနေနဲ့ ဒီလိုထိပ်တန်းလျှို့ဝှက်
စီမံချက်ပေါက်ကြားမှုဆိုတာ မဖြစ်နိုင်ဘူးဆိုရင် မဆလခေတ် အင်တာနက် ကွန်ပျူတာ
မတိုးတက် မထွန်းကားတဲ့အချိန်ကာလဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။
ယနေ့ခေတ်မှာတော့ အဲဒီလိုမဖြစ်နိုင်ဘူးဆိုရင် ဗိုလ်ချုပ်ကြီးဟောင်း
သူရရွှေမန်းရဲ့ မြောက်ကိုးရီးယား နိုင်ငံကို သွားတဲ့ လျှို့ဝှက်ခရီုးစဉ်
ပေါက်ကြားမှုကိုတော့ အဲဒီ စစ်ရေးအကဲခတ်က ရွှေမန်းအပန်းဖြေခရီးထွက်တာမို့
ပေါက်ကြားတယ်လို့ ဆိုဦးမလားမသိပါ။ ယနေ့တိုးတက်နေတဲ့ အင်တာနက် ကွန်ပျူတာ IT
နည်းပညာတွေကြောင့် စစ်အာဏာရှင်တွေရဲ့ နျူကလီးယားလုပ်ဖို့
ကြံစည်ချက်သတင်းတွေ၊ ဓါတုနှင့် ဒုံးပျံလက်နက်တွေ စမ်းသပ်ဝယ်ယူ အသုံးပြုတဲ့
သတင်းတွေပေါက်ကြားတာမျိုးကိုတော့ မဖြစ်နိုင်ဘူးလို့ အဲဒီ စစ်ရေးအကဲခတ်က
ဆိုဦးမယ်ထင်ပါတယ်။ အမျိုးအစားမတူဘူးလို့ ကပ်ပြီးငြင်းနိုင်ပါသေးတယ်။
အဲဒီလုပ်ငန်းတာဝန်အားလုံးဟာ စစ်တပ်ရဲ့
စစ်ဦးစီးဆိုင်ရာ (ဦး/၁/၂/၃/၄/၅/၆) ဖြစ်နေလို့ အားလုံး လုံခြုံမှုအဆင့်
တန်းတူသတ်မှတ်ထားပြီး (ဦး/ရေး/ထောက်) ထဲက စစ်ဦးစီးဆိုင်ရာ ကဏ္ဍတွေဟာ
ထိပ်ဆုံးကပါဝင် နေပါတယ်။ ဒီမိုကရေစီလိုလားတဲ့ မျိုးချစ်တပ်မတော်သားများ
ရှိခဲ့လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ပြီး ပြည်တွင်းရှိ
အဲဒီတပ်မတော်သားများရဲ့ အင်အားနဲ့ နိုင်ငံတကာပြည်ပသို့ ထွက်လာတဲ့ တပ်မတော်
အရာရှိတွေရဲ့ အင်အား အပြန်အလှန် ဆက်သွယ် ပေါင်းစည်းမှုကြောင့် ခိုင်မာတဲ့
သတင်းတွေကို ရယူနိုင်ခဲ့လို့ ပေါက်ကြားမှု ဖြစ်နိုင်ချေ လုံးဝ
မရှိပါဘူးဆိုတဲ့ အချက်ကို ဖြေပြီးသား ဖြစ်တယ်။
စစ်သားဆိုတာ ရှေ့တန်းစစ်မြေပြင်မှာ ငတ်အတူတူ
ဒုက္ခဆင်းရဲ ကြုံတွေ့ခဲ့ရတဲ့ သံယောဇဉ်များလွန်စွာ ကြီးမားခဲ့ရတာကြောင့်
ရဲဘော်ရဲဘက်စိတ်ဖြင့် ပြည်တွင်းက မျိုးချစ်စစ်သည်များက နိုင်ငံတကာရှိ
မျိုးချစ်စစ်သည်များကို ကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုနဲ့
တိုင်းရင်းသား လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှုများ၊ ဆုံးရှုံးမှုများ
လျော့နည်းသည်ထက် လျော့နည်းသွားစေရေးနဲ့ နိုင်ငံတကာ ဖိအားပေးကန့်သတ်
တားဆီးနိုင်ရန် အားလုံး သိရှိသွားစေရေးအတွက် သတင်းများ ပေးပို့လာခြင်းပင်
ဖြစ်ပါတယ်။ ဥပမာ - လွှတ်တော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်၊
ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ပြန်လွှတ်ရန် တပ်မတော်သား
ကိုယ်စားလှယ်တွေကိုယ်တိုင် ထောက်ခံခဲ့ကြတာဟာ တပ်ရဲ့ အစဉ်အလာမဟုတ်ပဲ
သတ္တိရှိရှိ တင်ပြလာရဲတဲ့ မျိုးချစ်တပ်မတော်သားများရှိနေကြောင်း
သက်သေပြခဲ့တယ်။
ယိုးဒယားနယ်စပ်ရှိ မြန်မာ့စစ်တပ် အခြေစိုက်စခန်းတစ်ခု (ဓာတ်ပုံ - mmmilitary.blogspot.com)
တိုင်းရင်းသား ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာထဲမှာ “MIG
-29 လေယာဉ် (၄) စင်း မြစ်ကြီးနားရောက်နေတယ်ဆိုတာလဲ
ခြောက်လှန့်တာပဲဖြစ်နိုင်တယ်။ လိုင်ဇာကို တိုက်ဖို့ MIG လေယာဉ်တွေဟာ
မြစ်ကြီးနားကိုလာစရာမလိုဘဲ ရန်ကုန်-မိတ္ထီလာတို့ကနေ
မိနစ်ပိုင်းအတွင်းလာလို့ရတယ်” လို့ဆိုပါတယ်။ အဲဒီလိုရေးတဲ့အတွေးအခေါ်ဟာ
လူပိန်း တွေးတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ လေတပ်ရဲ့ စစ်နည်းဗျူဟာအရ
လေယာဉ်ကွင်းမှန်သမျှ ဆင်းသက်နိုင်အောင် ကြိုးစားလေ့ကျင့်ထားရမယ်။
လေယာဉ်ကွင်းမရှိက ကားလမ်းနှင့်လယ်ကွင်းတွေမှာ အရေးပေါ် ဆင်းသက်နိုင်အောင်
ကြိုးစားလေ့ကျင့်ထားရမယ်ဆိုတာ ကြားဖူးပါတယ်။ ကျွန်တော်တို့ဟာ
ကြည်းတပ်ကဖြစ်တာမို့ စစ်နည်းဗျူဟာအရပြောရရင် K.I.A ကို တိုက်ခဲ့ရင်တောင်
တိုက်ခိုက်နေတုံး ကျည်ဆံကုန်တာမျိုး၊ ရာသီဥတုမကောင်းတာမို့
ပစ်မှတ်မရှင်းဖြစ်နေတာမို့လို့ လေယာဉ်ကို သတ်မှတ်ချိန်ထက်
ပိုမိုမောင်းနှင်ရတဲ့အတွက် လေယာဉ်တွေဆီကုန်လို့ မြစ်ကြီးနားမှာဝင်ပြီး
ဆီဖြည့်ရတာမျိုး၊ ရာသီဥတု ရုတ်တရက် ဆိုးဝါးလာလို့ဖြစ်ဖြစ် ရန်သူပစ်လိုက်တဲ့
ကျည်ချက်ဟာ လေယာဉ်ကို ထိမှန်လို့ဖြစ်ဖြစ်၊ လူနာအရေးပေါ်
သယ်ဆောင်ရန်ဖြစ်ဖြစ် မြစ်ကြီးနားလေဆိပ်ဆိုတာ သုံးကို သုံးရမယ်လို့
ယုံကြည်ပါတယ်။ ဤဝက်ဘ်ဆိုဒ်ရဲ့ သတင်းထဲမှာ “MIG-29 တွေရောက်နေတယ်” ဆိုတာဟာ
အချိန်မရွေး တခြားလေတပ်စခန်း ဌာနချုပ်တွေကို ပြန်သွားနိုင်ပါတယ်။
အခြေပြုတပ်စွဲ ဆိုတဲ့ စစ်သုံးဝေါဟာရနဲ့ မတူတာမို့ အဲဒီစစ်ရေးအကဲခတ်များ
လေ့လာမှတ်သားသင့်တယ်လို့ ထင်ပါတယ်။
အဲဒီ စစ်ရေးအကဲခတ်တွေရဲ့ ဝေဖန်ချက်ထဲတွင်
နောက်တခုကတော့ K.I.A ခေါင်းဆောင်တွေကို အစိုးရက ကွန်မန်ဒို
စစ်ဆင်ရေးနဲ့ဖမ်းဆီးနိုင်တယ်ဆိုတာကို သရော်ထားတာတွေ့ရပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးခေတ်ကာလ တပ်သမိုင်းကိုပြရရင်
ဘိန်းဘုရင်ခေါင်းဆောင် ခွန်ဆာကို အမေရိကန်က ဆုငွေထုတ်
ဖမ်းဝရမ်းထုတ်ချိန်မှာ UWSA လက်နက်ကိုင် တိုင်းရင်းသားတစ်ဖွဲ့နဲ့
စစ်တပ်အတွင်း ဗိုလ်ချုပ်တချို့ (ဥပမာ - ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း) က
ဆက်တိုက်နေရင် ရဲဘော်တွေ ထိခိုက်ကျဆုံးမှာစိုးရိမ်လို့ ကွန်မန်ဒိုနဲ့
ခွန်ဆာအား ဝင်ဖမ်းဘို့တောင် စိတ်ကူးခဲ့ပါသေးတယ်။
K.I.A အား နိုင်ငံတကာနဲ့ ပြည်သူလူထုက
အထင်မြင်လွဲမှားလာအောင် အစိုးရရဲ့ စိတ်ဓါတ်စစ်ဆင်ရေး တိုက်ကွက်တွေ
ဖန်တီးနိုင်ပါတယ်။ အစိုးရ သတင်းစာ ရှင်းလင်းပွဲတခုမှာ တံတားများ
မိုင်းခွဲဖျက်ဆီးခြင်းနဲ့ ပြည်သူလူထုအချို့ သတ်ပစ်ခဲ့တယ်လို့
စွပ်စွဲခဲ့ပါတယ်။ ယနေ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသွားရောက်ခဲ့စဉ်က လေ့လာခဲ့တာ
တစ်ခုကတော့ ထိုင်းစစ်တပ်ရဲ့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ရဲ့
လက်နက်တပ်ဆင်ဖွဲ့စည်းပုံကို ကြည့်သွားတာ သတိပြုရပါမယ်။
အဲဒီစစ်ရေးအကဲခတ်တွေရဲ့
ဝေဖန်ချက်တွင်နောက်တခုကတော့ တကယ်တမ်း “K.I.A ကို အပြုတ်တိုက်မယ်ဆိုရင်
သောင်းကျန်းသူနှိမ်းနင်းရေးမှာ အတွေ့အကြုံရှိတဲ့ မြန်မာ့တပ်မတော်ဟာ
သောင်းကျန်းသူအဖွဲ့အစည်းတွေကို အပြုတ်တိုက်ရာမှာ လေကြောင်းကို
အသုံးပြုစရာမလိုတဲ့ နည်းလမ်းတွေရှိပြီး ဖြစ်မှာပါ။” ဆိုတာကို
တုံ့ပြန်ချင်ပါတယ်၊ တပ်ရဲ့ တိုက်ပွဲသမိုင်းကြောင်းတွေကို
အဲဒီစစ်ရေးအကဲခတ်များက ဂဃဏန မလေ့လာခဲ့တာ ထင်ရှားပါတယ်။ တပ်က
ဗိုလ်ချုပ်တွေဟာ နိုင်ထက်စီးနင်းလုပ်တတ်ကြတာမို့ စစ်တိုက်လို့ မနိုင်ရင်
လေယာဉ်အကူအမြဲတမ်းခေါ်ပါတယ်။ မိုင်းယောင်း တိုက်ပွဲ၊ ဗကပနှင့် ဖြစ်စဉ်၊
မဆလခေတ်လက်ထက်ကစပြီး MTA ၊ KNU လို ဖြစ်စဉ်တိုက်ပွဲတွေအပါအဝင် ယခုနောက်ဆုံး
SSA အဆုံး လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့
ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလော နဲ့ ဟိုမိန်း ဌာနချုပ်တွေကို
သိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ရေးအကဲခတ်တွေရဲ့ ဝေဖန်ချက်တွင်
နောက်တခုဖြစ်တဲ့ “သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်ထုတ်ပြန်ပြီးနောက်မှာ
တပ်မတော်အနေနဲ့ စခန်းသိမ်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်တော့ပဲ
ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ K.I.A ကလာရောက်တိုက်ခိုက်လို့ ခုခံပစ်ခတ်တဲ့
အနေနဲ့ တန်ပြန်တိုက်ခိုက်မှုများသာ ရှိနေကြောင်း စစ်ရေးအကဲခတ်များက
ထောက်ပြကြပါတယ်။” ဆိုတာကို တုံ့ပြန်လိုပါတယ်။ ဖြစ်စဉ်အမှန်မှာ
တရုတ်ကိုရောင်းချတဲ့ သဘာဝ ပိုက်လိုင်းလမ်းကြောင်းဟာ ရှမ်းပြည်မြောက်ပိုင်း
K.I.A တပ်မဟာ (၄) နယ်မြေအတွင်းရောက်နေတဲ့အတွက် ကိုယ်ကျိုးစီးပွားအရ
လမ်းကြောင်းလုံခြုံရေး ဧရိယာချဲထွင်ရှင်းလင်းဘို့ စစ်တပ်ကဘဲ
စတင်တိုက်ခိုက်စစ်ဆင်ကာ K.I.A ကတော့ မိမိနယ်မြေအတွင်း
ခုခံပစ်ခတ်ကာကွယ်တာဖြစ်လို့ ပြောင်းပြန်ဖြစ်နေတာ အံ့သြဘွယ်ရာ တွေ့ရပြီး
အဲဒီစစ်ရေးအကဲခတ်များက အစိုးရရဲ့ အာဘော်ကို ဖေါ်ကျူးနေသလားလို့တောင်
မြင်မိတယ်။
အဲဒီစစ်ရေးအကဲခတ် ဝေဖန်တွေ့ရှိချက်ထဲမှ မမှန်မကန် စွပ်စွဲရေးသားထားတဲ့ အပိုဒ်တွေကတော့ -
- အစိုးရစစ်တပ်နဲ့ K.I.A တို့ ငြိမ်းချမ်းရေးတွေ့ဆုံမှုများ ပျက်ပြားအောင် မလိုလားတဲ့ အဖွဲ့အစည်းများက လုပ်ကြံဖန်တီးထားတဲ့သတင်း အမှား
- အစိုးရစစ်တပ်က စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာအရ ထုတ်လွှင့်ခဲ့တဲ့ သတင်း အတုအယောင်
- စစ်ပွဲတွေကို မရပ်ချင်တဲ့ K.I.A ခေါင်းဆောင်ကြီးများရဲ့ အစိုးရစစ်တပ်ကို တိုက်ခိုက်ရခြင်း ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်အောင် ဖန်တီးထားတဲ့ စီမံချက်အတု
- လိုင်ဇာမြို့သိမ်းရေး စီမံချက်ဆိုတာ အစိုးရတပ်က ခြိမ်းခြောက်တာလား၊ လှန့်တာလား
- ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးတွေ့ဆုံမှုတွေကို ရှုတ်ထွေးအောင် လုပ်တာလား
- စစ်ပွဲတွေ မရပ်ချင်လို့ K.I.A အဖွဲ့အစည်းကပဲ ပြန်လည်ဖန်တီးလား
- လိုင်ဇာမြို့သိမ်းရေး စီမံချက်ဆိုတာ အတုအယောင်ခြောက်လှန့်မှု တစ်ခုသာ ဖြစ်နိုင်ပြီး တပ်မတော်နဲ့ K.I.A တို့ရဲ့ လမ်းကြောင်းပေါ်က တိုက်ပွဲကို ရပ်တန့်သွားအောင် အစိုးရသစ်အနေနဲ့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ ဆိုတာတွေကို တပေါင်းတည်းတုံ့ပြန်သွားပါ့မယ်။
စစ်ရေးအကဲခတ်ဆိုသူကို ပြောချင်တာက စစ်တပ်ကို
အကဲခတ်ယုံနှင့် ရပ်မနေပါနဲ့.... အထဲသို့ ထိုးဖေါက်ဝင်ရောက်ဖို့
ကြိုးစားစေချင်တယ်။ တပ်မှာ Doubt ဖြစ်တယ်ဆိုတာကိုဘဲ သိအောင်ကြိုးစားပါ။
စစ်တပ်အကြောင်းကို စစ်သားကပိုသိပါတယ်။ စစ်သားထက်ပြန်တမ်းဝင်အရာရှိက
ပိုသိပါတယ်။ သူတို့နဲ့ လက်တွဲခဲ့တဲ့ အထက်အောက်လုပ်ကိုင်နေတဲ့
ဗိုလ်ချုပ်တွေဘယ်လေသံ၊ ဘယ်ခြေလှမ်း လိုက်ရင် ဘယ်အချိုးချိုးမယ်ဆိုတာ
တချို့ကိစ္စတွေမှာတောင် စီမံချက်သက်သေပြစရာမလိုပဲ ‘ဒဲ့ဒိုး’ ပြောနိုင်ပါတယ်။
ဒီကနေ့ စစ်တပ်ဟာ နေ့စဉ်နှင့်အမျှ
အင်အားကြီးမားတောင့်တင်းအောင် အချိန်နှင့် တပြေးညီပြောင်းလဲပြင်ဆင်နေပါတယ်။
ဒါကြောင့် စစ်တပ်အကြောင်း ဂဃဏန သိဖို့ဆိုတာက ပြင်ပကနေ အကဲခတ်တာမျိုး
လုပ်နေရင် အတွေးလွယ်သလောက် အရေးခက်သွားမယ်ဆိုတာ သတိပေးလိုပါတယ်။
အဲဒီစစ်ရေးအကဲခတ်ရဲ့ စာပိုဒ်တွေနဲ့ အဓိပ္ပာယ်တွေဟာ ဦးသိန်းစိန်အစိုးရရဲ့
အာဘော် ရှေ့နေလိုက်နေသလို ဖြစ်တယ်။ ကာကွယ်ပြောဆိုနေတဲ့
ပုံစံမျိုးဖြစ်နေပါတယ်။ အဲဒီစီမံချက် မဖြစ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေ
ပြောတာကို ပြန်လည် ထောက်ပြလိုပါတယ်။ အဲဒီလို စီမံချက် မဖြစ်နိုင်ဘူး ဆိုရင်
အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးကိုယ်တိုင် K.I.A ကို
အချိန်မရွေးတိုက်လို့ရကြောင်း ပြောခဲ့သေးတာကို ချိန်ကြည့်ရင်
စီမံချက်ရှိလို့ ဒီစကားပြောရဲတာ သိသာပါတယ်။ စစ်ရေးအကဲခတ်သူ မိုးမင်းသားကြီး
အနေနဲ့ အဲဒီ အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦး ပြောခဲ့တဲ့ စကားကို မေ့သွားတာ
ထင်တယ်။
ယခုနောက်ဆုံး ရွှေလီမှာ တွေ့ဆုံဆွေးနွေးပွဲမှာ
K.I.A က အဲဒီစီမံချက်ကို အသိအမှတ်ပြုပြီး အပြုတ်တိုက်/မတိုက်ဆိုတဲ့
စကားကို ထောက်ပြနေတယ်ဆိုတာ သက်သေပြနေပြီ ဖြစ်ပါတယ်။ ယခုဆိုရင် K.I.A
နယ်မြေမှာ တပ်တွေလှုပ်ရှားမှု များစွာနဲ့ ချဉ်းကပ်နေတယ်ဆိုတဲ့ ဖြစ်စဉ်တွေဟာ
အဲဒီစီမံချက်မှန်/ မမှန် အနီးစပ်ဆုံးသက်သေပြနေပါတယ်။
အဆိုးဆုံးက အဲဒီ စစ်ရေးအကဲခတ် ကိုယ်တိုင်
တိုင်းရင်းသားလက်နက်ကိုင်တွေကို “သောင်းကျန်းသူ” လို့ သုံးတဲ့
ဝေါဟာရစကားလုံးပါ။ တိုင်းရင်းသား သတင်းဝက်ဘ်ဆိုဒ်ရဲ့ အယ်ဒီတာအနေနဲ့
အလုပ်များနေလို့ မှားသုံးထားတဲ့ ဝေါဟာရကို တည်းဖြတ်ဖို့ မေ့သွားတယ်လို့ဘဲ
အကောင်းမြင်ပေးလိုက်ရတော့မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မျိုးချစ်တပ်မတော်သားတွေက
ဒီကနေ့ တိုင်းရင်းသားလက်နက်ကိုင်လိုဘဲ တစိုက်မတ်မတ် သတိထားသုံးခဲ့ပြီ
ဖြစ်တာကြောင့် သောင်းကျန်းသူလို့ သုံးရဲတဲ့ အဲဒီစစ်ရေးအကဲခတ်ဟာ
အစိုးရလူလား၊ ဒါမှမဟုတ် အစိုးရ အလိုကျ မီဒီယာသတင်းသမားတစ်ဦး သို့မဟုတ်
စစ်သားအတုအယောင် တဦးပင်ဖြစ်နေသလားဆိုတာကိုတော့ သက်ဆိုင်ရာ တိုင်းရင်းသား
ဝက်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့ကသာလျှင် အသိဆုံးဖြစ်လိမ့်မှာ ဖြစ်ကြောင်း
တင်ပြလိုက်ရပါတယ်။
ဗိုလ်မှူး မျိုးသူရ
(တပ်မတော် အရာရှိ စစ်သည်တွေရဲ့ ကိုယ်စား)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com