ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၆) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်....
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနေနဲ့ ယခု အရပ်သား အစိုးရသစ်ရဲ့ ခေါင်းဆောင်များအပေါ်မှာ လွှမ်းမိုးမှု ရှိ/မရှိ၊ သူရဦးရွှေမန်းရဲ့ နောက်ကြောင်း ရာဇ၀င်အကျဉ်း၊ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များအကြား အားပြိုင်မှုများ၊ ထိပ်ပိုင်း ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့အပေါ် နှိုင်းယှဉ်ချက်များ စတာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အရပ်သားအစိုးရ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စတွေကို ဦးသန်းရွှေက ၀င်ရောက်စွက်ဖက်ခြင်း မရှိတော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဦးသန်းရွှေအနေနဲ့ သူ့ရဲ့လုံခြုံရေးကို အဓိကထားပြီး ဆက်နွယ်လာတဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်၊ မူဝါဒအချို့ကို ရံဖန်ရံခါ အမိန့်ပေးနေတယ်လို့ လက်တွေ့နယ်ပယ်ဖြစ်စဉ်များအရ စစ်ဖက်နီးစပ်သူတွေက ထောက်ပြ ပြောဆိုပါတယ်။ ဦးသန်းရွှေရဲ့ အမိန့်ပေးခံရသူတွေကတော့ သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ဖြစ်ကြပြီး ကျန်တဲ့ ဥပဒေပြုရေး၊ လုပ်ငန်းစဉ်/ မူဝါဒများကိုတော့ ၀င်ရောက်စွက်ဖက်မှု မရှိဘူးလို့ ဆိုပါတယ်။
ဦးသန်းရွှေဟာ အခုလက်ရှိ တာဝန်ယူနေတဲ့ အရပ်သားအစိုးရ အဖွဲ့ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ နေရာမှာလည်း သူ့ရဲ့လုံခြုံရေးကို အပြည့်အ၀ အကာအကွယ်ပေးနိုင်တဲ့ သစ္စာရှိသူများကိုသာ ရွေးချယ်ပြီး တင်မြှောက်ခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးမြင့်ဆွေကို ဒုသမ္မတ တိုးပေးဖို့ ကိစ္စတွေဖြစ်လာသလို ယခင် ရန်ကုန်တိုင်း ဒုတိုင်းမှူးဖြစ်ခဲ့တဲ့ ဒုဗိုလ်ချူပ်ကြီး ဝေလွင်ကိုလည်း ရန်ကုန်တိုင်း ၀န်ကြီးချူပ်အဖြစ် လျာထားတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။
ဒါပေမယ့် သူလုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီကြောင်း သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့က တင်ပြခဲ့ဟန်တူပြီး လက်လျှော့သွားတဲ့သဘော ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တဲ့ ကိစ္စမှာလည်း ၀င်ရောက်စွက်ဖက်တဲ့ အသွင်လက္ခဏာမျိုး တွေ့ရပါတယ်။ တဆက်တည်း ဒုတိယဗိုလ်ချူပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ကြံကြံဖန်ဖန် နေရာပေးရတဲ့ တပ်ချူပ်ဒုဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဒုက္ခကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ဦးသန်းရွှေရဲ့အရှိန်အ၀ါကို မလွန်ဆန်နိုင်သေးတဲ့ လက္ခဏာတွေပါ။
အခုလက်ရှိ အရပ်သားအစိုးရထဲက နေရာအတော်များများမှာ ဦးသိန်းစိန်၊ သူရဦးရွှေမန်းအပြင် အခြားစစ်ဗိုလ်ချုပ်တွေလည်း တာဝန်အသီးသီး ခန့်အပ် ခံထားရတာကို တွေ့ရပါတယ်။ သူရဦးရွှေမန်းရဲ့ တခြားဗိုလ်ချူပ်တွေနဲ့မတူ ခြားနားချက် အချို့ကို တင်ပြရရင် စကားလုံးထွားတာပဲ ဖြစ်ပါတယ်။ သူရဦးရွှေမန်းနဲ့ တွေ့ဆုံဖူးတဲ့ အရာရှိတစ်ဦးရဲ့ပြောကြားချက်အရ ဦးရွှေမန်းဟာ တပ်မ (၆၆) မှာ နည်းဗျူဟာမှူးနဲ့ နေခဲ့စဉ်က မာနယ်ပလော ကေအင်န်ယူ ဧရိယာနယ်မြေတွေကို တိုက်ခဲ့ရာမှာ ရှေ့ကတပ်တွေ အသေအကြေတိုက်ခဲ့လို့ ရန်သူစစ်ပန်းပြီး ဆုတ်ခွါချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူ့တပ်တွေက အလွယ်တကူတက်သိမ်းလို့ နာမည်ရသွားခဲ့တာလို့ ဆိုပါတယ်။ မာနယ်ပလောစခန်းကို သိမ်းနိုင်တာတော့ မဟုတ်သေးပါဘူး။ စစ်ပွဲရဲ့အကျိုးအမြတ်ဟာ ရန်သူ့မြေကို ပိုင်တဲ့သူက အောင်နိုင်သူဖြစ်တာမို့ ရှေ့ကတပ်တွေ ဘယ်လောက်ပဲလုပ်လုပ် နောက်ကတပ်တွေက မြေပိုင်သွားတဲ့အတွက် ဦးရွှေမန်း နာမည်ကြီးသွားရတာ ဖြစ်ပါတယ်။ တကယ်တော့ သူ့အနေနဲ့ တိုက်ရည်ခိုက်ရည် ရှိလှသူတော့ မဟုတ်ပဲ ကံတရားက မျက်နှာသာ ပေးလို့သာဖြစ်တယ်လို့ ဆိုပါတယ်။ နတခတိုင်းမှူး ဖြစ်တုန်းက ပုသိမ် - ရန်ကုန် လမ်းမကြီးက ကားလမ်းတွေ ပျက်စီးနေတာကို ၀န်ကြီးတစ်ယောက်က ငြီးငြူပြောဆိုလို့ ဦးရွှေမန်းကတော်က ဒါနိုင်ငံတော်ရဲ့တာဝန် ဖြစ်တယ်၊ တိုင်းမှူးနဲ့မဆိုင်ဘူးလို့ ဆင်ခြေ ပေးခဲ့ဖူးပါတယ်။ တဖန် ရှေ့တန်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ဟစ်ကြွေးခဲ့လို့ လူရယ်စရာ ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့သား၊ ဆွေမျိုးတွေကိုတော့ ဥပဒေအတွင်းမှာ နေထိုင်ဖို့ ဆုံးမထိန်းကျောင်းမှု မရှိခဲ့တာမို့ ဥပဒေအထက်မှာနေလို့ လူရယ်စရာ ဖြစ်ခဲ့တာပါ။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com