" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."
စာပေဟောပြေပွဲ လွတ်လပ်မှု Myanmar Policy
­လွတ်မြောက်လာသူများနှင့်လွတ်လပ်မှုမြတ်နိုးသူများ
ဆရာမ မသီတာ(စမ်းချောင်း)ကပဲ ဆက်ပြီးတော့ “ အခု ဆွေးနွေးနေတဲ့ စာရေးဆရာများ ကိုယ်တိုင်က စာဖတ်သူများ ဖြစ်နေပါတယ်။ စာဖတ်သူနေရာက လွတ်လပ်မှုနဲ့ ဆက်နွယ်တဲ့ သူတို့ စိတ်ကြိုက်နှစ်သက်တဲ့ စာပေလက်ရာများ အပေါ် ဆက်လက် ဆွေးနွေးသွားပါမယ်” လို့ ပြောအပြီးမှာ ဆရာလင်းသိုက်ညွန့်က ၂၀၀၇ခုနှစ်၊ ဧပြီလ Experience Exchange ကဏ္ဍမှာ နာဂစ်မုန်တိုင်းအကြောင့် ဒုက္ခရောက်နေသူများအတွက် သွားရောက် ကူညီပေးခဲ့တဲ့ ရခိုင်က စာရေးသူ ဖူးငုံကလောင်ရှင် မိုးသဒ္ဒါမောင်ရဲ့ ပရဟိတစိတ်ဓာတ်အခြေခံပြီး စိတ်ထဲရှိတာကို လွတ်လပ်စွာ ရေးထားတဲ့   ဆောင်းပါးလေးကို ရွေးချယ် ဆွေးနွေးသွားပါတယ်။
ဆရာ လင်းသိုက်ညွန့်မှ ဆွေးနွေးနေစဉ်
“ သူတို့ဆီမှာ လူငယ်တွေ ပရဟိတလုပ်နေကြတာ အရမ်း အားကျဖို့ ကောင်းပါတယ်၊ ကျောင်းနေစဉ် လူငယ်အရွယ်ထဲက ပရဟိတလုပ်ငန်းတွေနဲ့ လုပ်နေကြပါပြီ၊ အဖွဲ့အစည်းတွေမှာ ခိုင်ခိုင်မာမာနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ခွင့်ရနေကြပါတယ်၊ ကျွန်မတို့ နိုင်ငံမှာလည်း ပရဟိတလုပ်ငန်းတွေကို တက်ကြွစွာ လုပ်ကိုင်နေကြသူတွေ ရှိနေပေမယ့် နည်းနေသေးတယ် ထင်မိပါတယ်၊ ကျွန်မတို့ဟာ အသက်ရှင်နေစဉ်ကာလမှာ မိမိအတွက်သာ ကုန်းရုန်းပြီး ရှာဖွေရင်း ဘ၀နိဂုံး အဆုံးသတ်ကြရတာ နည်းပါတယ်။ အများအကျိုးအတွက်၊ ပရဟိတအတွက် ကျွန်မတို့ မသေခင် ဘာများလုပ်ပေးနိုင်မလဲ စဉ်းစားကြည့်ဖို့လိုတယ်..” လို့ ဆောင်းပါးရှင်ရဲ့ ဖွင့်ဆိုချက်အပေါ် “ ကျွန်တော်တို့နိုင်ငံမှာ တကယ် ပရဟိတ လုပ်ချင်ကြတဲ့ ကျောင်းသားလူငယ်တွေကို ပံ့ပိုးပေးတာမျိုး အရမ်း အားနည်းပါတယ်။ ဥပမာ – အင်္ဂလိပ်လက်အောက်မှာ ရှိစဉ် မြန်မာနိုင်ငံလုံးဆိုင် ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းမျိုးက   နိုင်ငံရေးလုပ်ခဲ့ပေမယ့်၊ အခုအချိန်မှာဆိုရင် ကျောင်းသားသမဂ္ဂလို အဖွဲ့အစည်းတွေကနေ လူငယ်တွေ ပရဟိတလုပ်ဆောင်နိုင်အောင် ဖန်တီးပေးသင့်ပါတယ်” လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် Teen Magazine ရဲ့ Experience Exchange ကဏ္ဍ၊ Thought Exchange ကဏ္ဍတွေမှာ စာဖတ်သူ လူငယ်တွေ မိမိတို့ရဲ့ အတွေ့အကြုံတွေအပေါ် လွတ်လွတ်လပ်လပ်ရေးနိုင်ဖို့ ဖွင့်ထားတဲ့ ကဏ္ဍတွေမို့ ဒီကဏ္ဍတွေကနေ စာဖတ်သူတွေရဲ့ အမြင်၊ စာရေးသူတွေရဲ့ အမြင်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပေးနေတာမို့ လူငယ်များ လွတ်လပ်စွာ ပါဝင် ရေးသားနိုင်ကြောင်း ပြောပြခဲ့ပါတယ်။
မြေမှုန်လွင်မှစာဖတ်သူအားအမှတ်တရလက်မှတ်ရေးထိုးပေးစဉ်
အဲ့ဒီနောက် စာရေးဆရာမြေမှုန်လွင်မှ teen Magazine မှာဖော်ပြခဲ့တဲ့ ကဗျာဆရာလွန်းဆက်နိုးမြတ်ရဲ့ လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားတဲ့ “စာ” ဆိုတဲ့ ကဗျာလေးကို ရွေးချယ်ဆွေးနွေးခဲ့ပါတယ်။
ဆရာမြေမှုန်လွင်မှ ဆွေးနွေးနေစဉ်
“ ဒါကြောင့် စာတစ်ပုဒ်ကို ဖတ်ပြီး နားလည်ဖို့က အရေးမကြီးပါဘူး၊ အဲ့ဒီဘောင်တွေ လွှတ်ပြီးတော့ တစ်ခါတစ်လေလည်း လွတ်လွတ်လပ်လပ်လေး ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်က အဲ့လိုမျိုး လွတ်လွတ်လပ်လပ်လေးတွေ ကြိုက်တဲ့အခါကြတော့ လွတ်လွတ်လပ်လပ်လေးတွေ ရေးမိတယ်၊ အဲ့လို လွတ်လွတ်လပ်ရေးတဲ့အခါကြတော့ အယ်ဒီတာတွေက လွတ်လွတ်လပ်လပ် ပယ်ကြတယ်၊ အဲ့ဒီအချိန်မှာ ဆရာမင်းလူရဲ့ တိုက်တွန်းမှုနဲ့ ရေးခဲ့တဲ့  သရဲရထားဝတ္တုကို teen Magazineမှာ ဖော်ပြခံခဲ့ရတယ်။ ဒီအတွက် teen Magazineကို ဒီနေရာကနေ ကျွန်တော် ကျေးဇူးတင်စကား ပြောချင်ပါတယ်၊ teen Magazine ပွဲမို့ အခုလို ဖားပြီး ကျေးဇူးတင်ကြောင်း ပြောတာဟုတ်ပါဘူး၊ တကယ်ကျေးဇူးတင်တာပါ၊ ကျွန်တော်ရေးတာမှ မဟုတ်ပါဘူး teen Magazineရဲ့ ကြိုက်တဲ့ စာအုပ်ကို ယူဖတ်ကြည့်ကြပါ၊ လွတ်လပ်တဲ့ မတူညီတဲ့ ပုံသဏ္ဍာန်တွေနဲ့ ရေးဖွဲ့ထားတဲ့ လူငယ်တွေရဲ့ လွတ်လပ်တဲ့ စာတွေကို တွေ့ရပါလိမ့်မယ်လို့ အာမရဲရဲခံရဲပါတယ်၊ အဲ့ဒီလိုပြောလို့ တခြားမဂ္ဂဇင်းတွေက ပုံသဏ္ဍာန်တွေ တူနေတယ်၊ လွတ်လပ်မှုတွေ မရှိဘူးလို့ ပြောချင်တာလားလို့ မေးလာရင်၊ ဟုတ်ပါတယ်လို့ ဖြေပါမယ်၊ မဂ္ဂဇင်းတော်တော်များများမှာ ပုံစံခွက်ထဲကျနေတဲ့ အပြောင်းအလဲမရှိတဲ့ စာရေးသူများသာ ပါဝင်နေပါတယ်၊ ဒါကြောင့် မဂ္ဂဇင်းများက အယ်ဒီတာများကို တောင်းဆိုချင်ပါတယ်၊ အသစ်တွေကို သုံးပေးကြပါ၊ လူကြီးမင်းတို့  Massage – မာဆတ် သွားတဲ့အခါကြရင် အသစ်လေးများ မရောက်ဘူးလားလို့ မေးသလို၊ အသစ်တွေကို သုံးပေးကြပါ၊ ကျွန်တော်ဆိုလိုတာက ကလောင်သစ်ယုံတင်မကဘူး၊ အတွေးသစ် အမြင်သစ်တဲ့ စာမူတွေပါ သုံးပေးပါလို့ ဆိုလိုချင်ပါတယ်၊ အားလုံး လွတ်လွတ်လပ်လပ် ခံစားနိုင်ကြပါစေ” ဆိုပြီး အသောအထေ့များနဲ့ ဆွေးနွေးသွားတာကို ပရိသတ်များ နှစ်သက်စွာ အားပေးကြပါတယ်။
မသီတာ(စမ်းချောင်း)မှစာဖတ်သူအားအမှတ်တရလက်မှတ်ရေးထိုးပေးစဉ်
အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)က “ ဆရာမြေမှုန်လွင် ဆွေးနွေးသွားတာ အင်မတန်မှ လွတ်လပ်မှုရှိပါတယ်၊ ကျွန်မတို့ teen Magazineရဲ့ စာမူတွေ ရွေးချယ်တဲ့အခါမှာ မူတစ်ခုပဲ ရှိပါတယ်၊ အဲ့ဒါက အနုပညာလက်ရာမြောက်ရင် မည်သည့်စာမူကို မဆို ရွေးချယ်ပါတယ် ”လို့ ပြောပြပေးသွားပါတယ်။
ဆရာမလင်းစက်နွယ်မှ ဆွေးနွေးနေစဉ်
အဲ့ဒီနောက် ဆရာမလင်းစက်နွယ်က ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ teen Magazine မှာပါဝင်တဲ့ ဆရာမတင့်တင့်စန္ဒီရဲ့ ၀တ္တုတစ်ပုဒ်ဖြစ်တဲ့ “ နှစ်ဆယ့်တစ်ရာစုတမ်းချင်း  ” ဆိုတဲ့ ၀တ္တုထဲက နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ သမီးက စိတ်ဖိစီးမှုတွေနဲ့အတူ အမေဆီကို လွတ်လွတ်လပ်လပ် တိုင်တည်ရင်ဖွင့်ထားတဲ့ သမီးတစ်ယောက်ရဲ့ရင်ထဲက အသံတွေကို နှစ်သက်တဲ့အတွက် အဲ့ဒီဝတ္တုထဲက စာပိုဒ်တချို့နဲ့ ပထမဦးစွာ ဖတ်ပြဆွေးနွေးပေးသွားပါတယ်။ ဒုတိယအနေနဲ့ ဆရာမခြူးလဲ့လဲ့နွယ်ရဲ့ “ကဗျာဆရာအပါအ၀င်လူဟုခေါ်သောသတ္တ၀ါ” လို့ အမည်ရတဲ့ ကဗျာဆရာတွေအကြောင်း လွတ်လပ်စွာ၊ ပေါ်လွင်စွာ ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ကို နှစ်သက်စွာ ရွေးချယ် ဆွေးနွေးခဲ့ပြန်ပါတယ်။ တတိယအနေနဲ့ ဆရာမစပယ်ဖြူနုရဲ့ (၉)နှစ်မြောက် teen Magazine မှာ ရေးသားခဲ့တဲ့ “ မြို့ကလေးနေမကောင်းပါ ” ဆိုတဲ့ ဧရာဝတီမြစ် နဘေးမှာ နေထိုင်ခဲ့သူ မိန်းမပျိုတစ်ယောက်ရဲ့ ဧရာဝတီမြစ်ဆုံအပေါ်ထားတဲ့ သံယောဇဉ်နဲ့ စိုးရိမ်ပူပန်မှုတွေကို ဗမာအမျိုးသမီးတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ခံစားခြယ်မှုန်းထားတာကို ပရိသတ်ကို ပြန်လည် တင်ပြဆွေးနွေး သွားခဲ့ပါတယ်။
လင်းသိုက်ညွန့်(မြန်မာ့မြေ)မှ စာဖတ်သူအား အမှတ်တရလက်မှတ်ရေးထိုးပေးစဉ်
အဲ့ဒီနောက် ဆရာမယုယမှ “ ဆရာ ဘုန်းဦးမော် ခုနက ပြောသွားတာလေးကို ဆွေးနွေးချင်ပါတယ်၊ စာရေးသူက စာတွေ ရေးနေရင်းနဲ့ ကိုယ့်စာထဲမှာ ပြန်ချောင်ပိတ်မိနေတတ်ပါတယ်၊ တစ်ခါတစ်ခါ စာထဲမှာ ကိုယ့်ဟာကိုယ် မသိလိုက်ပဲ စေတနာလွန်ကဲသွားတဲ့ အခါမျိုးမှာ ဆရာကြီး လုပ်မိလျှက်သား ဖြစ်နေတာမျိုးလဲ ရှိနေခဲ့ပါတယ်၊ teen မှာ အရင်တုန်းက ခံစားချက် စာမျက်နှာလေးတွေ ရေးခဲ့ပါတယ်၊ ဒါပေမယ့် ဒါတွေပြင်ဦးဆိုတဲ့ ခေါင်းစဉ်နဲ့လဲ ရေးမိရော ဆရာကြီးလုပ်မိသလို ဖြစ်နေသလား တွေးမိတယ်၊ စာတွေကို ရေးသူက လွတ်လပ်စွာရေးမယ်၊ ဖတ်သူကလည်း လွတ်လပ်စွာ ဖတ်ပါ၊ မနှစ်သက်ရင် ကျော်သွားပေးပါ ” လို့ ၀င်ရောက် ဆွေးနွေးခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ဆရာမက teen Magazineရဲ့ အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍမှာ တာဝန်ယူရေးသားနေတဲ့ ဆရာမ ခင်ဆုမြတ်ထွန်းရဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းမှာ ပညာသင်ကြားနေရတဲ့ ကလေးများနဲ့ အလှူရှင်တွေရဲ့အလှူအပေါ် ကလေးမိဘတွေရဲ့ အပြုအမူ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ ဆက်နွယ်တဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့ အကြောင်း၊ မေတ္တာလူငယ် ပရဟိတသွေးလှူအဖွဲ့မှ သူငယ်ချင်းတစ်ယောက်ရဲ့ မွန်မြတ်တဲ့ ဆောင်ရွက်မှု အပေါ်မှာ ရေးသားထားတဲ့   ဆောင်းပါးတွေကို ရွေးချယ်ကောက်နှုတ် ဆွေးနွေးသွားခဲ့ပါတယ်။
ဆရာမင်းလူနဲ့ သမီး စာရေးဆရာမ ယုယ
အဲ့ဒီနောက် ဆရာမခင်သန္တာက ၂၀၁၁ခုနှစ်၊ ဇွန်လ teen Magazineမှာ ပါဝင်ခဲ့တဲ့ ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ ခေတ်လူငယ်တွေအပေါ် ရည်ရွယ်ပြီး ရေးသားခဲ့တဲ့ “အလိုမလိုက်ပါရစေနဲ့တော့” ဆိုတဲ့ ဆောင်းပါးကို ရွေးချယ်ခဲ့ပြီး၊ ဆောင်းပါးမှာ လွတ်လပ်ခြင်းကို အကျိုးရှိရှိ အသုံးချစေချင်တဲ့၊ ပညာကို အခြေခံတဲ့ ဘ၀တည်ဆောက်ဖို့ ခောတ်လူငယ်တွေ အပေါ် ဂရုဏာဒေါသောနဲ့ စေတနာကဲထားပြီး ခပ်ဆတ်ဆတ် ပြောထားတဲ့အပေါ် စာဖတ်သူတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး ဆန့်ထုတ် ဆွေးနွေးသွားခဲ့ပါတယ်။
ဆရာဟန်ဆန်းမှ ဆွေးနွေးနေစဉ်
ဆရာဟန်ဇော်ကလဲ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ teen Magazineမှာ ပါဝင်ခဲ့တဲ့ ဆရာမ မခိုင်ရဲ့ “ တစ်နေ့တော့ ဒီအကြောင်းတွေ ပြောပြလိမ့်မယ် ” ဆိုတဲ့ စာရေးသူတစ်ယောက်အနေ လွတ်လွတ်လပ်လပ် ရေးထားတဲ့ ၀တ္တုလေးအပေါ်၊  “ စာဖတ်သူ ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော် လွတ်လွတ်လပ်လပ် ခံစားလိုက်လို့ရတယ်၊ စာထဲမှာ စည်းတွေ၊ ဘောင်တွေ ထည့်ရေးမထားပေမယ့် ဖတ်ပြီးချိန်မှာ စည်းတွေ၊ ဘောင်တွေထဲက လွတ်လပ်သွားတယ်လို့ ကျွန်တော် ခံစားလိုက်ရပါတယ်၊ ကျွန်တော် ခံစားမှုအပေါ် လွတ်လပ်စွာ ကွဲလွဲလို့ရပါတယ်၊ အဲ့ဒါ စာဖတ်သူရဲ့ အခွင့်အရေးပါ ” လို့ ဆွေးနွေးသွားပါတယ်။
ဆရာမ မသီတာ(စမ်းချောင်း) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများထဲမှ ပြန်လည် လွတ်မြောက်လာတဲ့ ဆရာဇော်သက်ထွေးက လွတ်လပ်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ အနုပညာအပေါ် အမှတ်တရ မှတ်ချက်ပေးပြန်ပါတယ်။ ( ဆရာ့ရဲ့အသံဖိုင်က အသံ ပြတ်သားမှုမရှိ ဖြစ်သွားတဲ့အတွက် ဆရာပြောခဲ့သည်များကို ပြန်လည် မဖော်ပြပေးနိုင်တာ ခွင့်လွှတ်ပေးစေ ချင်ပါတယ်။ အတိအကျ ပြန်လည် ဖော်ပြပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ )
ဆရာဇော်သက်ထွေးမှ လွတ်လပ်မှုအဓိပ္ပါယ်ကိုဖွင့်ဆိုစဉ်
အဲ့ဒီနောက် ပရိသတ်ကို ၀င်ရောက်ဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်တဲ့အခါ စာဖတ်ပရိသတ်ထဲမှ တစ်ယောက်က ဆရာမလင်းစက်နွယ် ပြောသွားတဲ့ ကော်ပီဆိုတဲ့ စကားလုံးအပေါ်မှာ မိသားစု၊ ပတ်ဝန်းကျင်မှ ကောင်းမွန်တဲ့ အပြုအမူတွေအပေါ် ကော်ပီကူးယူနေသူ တစ်ယောက်အနေနဲ့ ပါဝင် ဆွေးနွေးခဲ့ပြီး၊ အဲ့ဒီအပေါ် ကွဲလွဲတဲ့ အမြင်တွေကို ဆရာမခင်သန္တာ၊ ဆရာမြေမှုန်လွင်နဲ့ ဆရာလင်းသိုက်ညွန့်တို့မှ ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
ပရိသတ်တစ်ဦးမှ ကော်ပီလုပ်ခြင်းအပေါ် သူ့၏အမြင်ကို ဆွေးနွေးစဉ်
အဲ့ဒီနောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရခြင်းမှ လွတ်မြောက်လာတဲ့ မနီလာသိန်းမှ လူငယ်တွေအပေါ် လွန်စွာ  ကျေနပ်အားရမိကြောင်းနဲ့ လူငယ်များနဲ့အတူ ပါဝင်ဆောင်ရွက်သွားဖို့ အသင့်ရှိနေတဲ့ အကြောင်းကို   ပြောကြားသွားပါတယ်။
လွတ်လပ်လာသူ မနီလာသိန်းမှစကားပြောကြား။
တက်ရောက်လာသူများထဲမှ စာရေးဆရာမ ဧကရီဘိုကလည်း ပရိသတ်တစ်ယောက် အနေနဲ့ “ စာဖတ်သူအခွင့်အရေးအပေါ် Messageတွေ ပေးတဲ့ စာတွေ ရှိသင့်သလို၊ စာဖတ်သူ တွေးယူရတဲ့ စာမျိုးလဲ ရှိသင့်ကြောင်း” ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ဓာတ်ပုံကို  အလင်းတန်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
တက်ရောက်လာသူများထဲမှ လူငယ်ဂျာနယ်လစ်တစ်ဦးမှ ခံယူထားတဲ့ လွတ်လပ်မှု၊ ကိုယ်တိုင် လက်တွေ့ ရင်ဆိုင်နေရတဲ့ မလွတ်လပ်မှုအခြေအနေများအပေါ်  အမြင်ကိုလည်း ရင်ဖွင့် ဆွေးနွေးသွားခဲ့ပါတယ်။ အဲ့ဒီအပေါ် ဆရာမခင်သန္တာက ပြန်လည် ဆွေးနွေးပေးပြန်ပါတယ်။
ပါဝင်ဆွေးနွေးတဲ့ လူငယ်ဂျာနယ်လစ်တစ်ဦး
တက်ရောက်လာသူများထဲမှ လူငယ်အမျိုးသားတစ်ဦးမှ ၀တ္တုတစ်ပုဒ်ကပေးတဲ့ Message အပေါ်မှာ စာဖတ်သူ တွေးယူစေချင်တဲ့ ဘလော့ဂါနေဘုန်းလတ်ပြောသွားတဲ့ အပေါ်မှာ ၄င်းကျောင်းသားဘ၀က စာရေးဆရာသစ္စာနီရဲ့ ၀တ္တုတစ်ပုဒ်ဖတ်ပြီးတဲ့အခါ အဲ့ဒီဝတ္တုက ပေးတဲ့ မတူကွဲပြားတဲ့ ရသနှစ်မျိုး ရရှိခဲ့တဲ့ အကြောင်းကို ပါဝင်ဆွေးနွေးသွားခဲ့ပါတယ်။
ပါဝင်ဆွေးနွေးတဲ့ လူငယ်တစ်ဦး
Voice Journal မှ အယ်ဒီတာ အမျိုးသမီးတစ်ဦးမှလည်း၊ လူကြီးနဲ့ လူငယ်အကြား နားလည်မှု၊ လွတ်လပ်စွာ ရေးပိုင်ခွင့်၊ လွတ်လပ်စွာ တင်ပြခွင့်၊ လွတ်လပ်စွာ ကွဲလွဲခွင့်အပေါ် ကိုယ်တွေ့ကြုံခဲ့ရသည်များနှင့် ၀င်ရောက် နှိုင်းယှဉ် ဆွေးနွေးခဲ့ပြန်ပါတယ်။
Voice Journal မှ အယ်ဒီတာတစ်ဦးမှ ၀င်ရောက်ဆွေးနွေးစဉ်
အဲ့ဒီနောက် စာရေးဆရာတစ်ဦးစီမှ နောက်ဆုံးနှုတ်ဆက်စကားပြောကြပါတယ်။ အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ ဆရာမ ရာသက်ပန်(တောင်ငူဆောင်)မှ “လူတိုင်းက လွတ်လပ်မှုကို လိုချင်ကြတယ်၊ ထန်းပင်ရဲ့ လွတ်လပ်မှုနဲ့ မြက်ပင်ရဲ့ လွတ်လပ်မှုမတူပါဘူး၊ မိမိနဲ့ လျော်ညီတဲ့ လွတ်လပ်မှုကို ရွေးချယ်ပြီး ငြိမ်းချမ်းမှုကို တည်ဆောက်ပြီး အနုပညာတွေ ဖန်တီးနိုင်စေချင်ပါတယ်”လို့ ပါဝင် ဆွေးနွေးခဲ့ပြီး စာရေးဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့)ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလို့ ပါဝင် အားဖြည့်ပေးသွားပါတယ်။
စာရေးရာသက်ပန်(တောင်ငူဆောင်)မှ ဆွေးနွေးစဉ်
အဲ့ဒီနောက် ပရိသတ်ထဲမှ ဆရာမင်းလူကို အပြီးသတ် အမှတ်တရစကားပြောဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ “ လွတ်လပ်မှုဆိုတာမရှိဘူး၊ ကျွန်တော်တို့ အမေ့ဝမ်းထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ကွေးကွေးလေးနေခဲ့ရပြီး လွတ်လပ်ပြီဆိုပြီး ထွက်လာခဲ့တာ၊ အပြင်လည်း ရောက်ရော မလွတ်လပ်တော့ဘူး” ဆိုပြီး လွတ်လပ်မှုအပေါ် လွတ်လပ်စွာ ဝေဖန်သုံးသပ်ပြသွားခဲ့တာဖြင့် ပရိသတ်များ သဘောတွေ့ခဲ့ရပါတယ်။
စာရေးဆရာမင်းလူမှ အမှတ်တရစကားပြောကြားစဉ်
တက်ရောက်သူ တစ်ဦးမှ ပွဲစီစဉ်ပုံနဲ့ ပတ်သက်ပြီး သိလိုသည်များ မေးသည်ကို ဆရာမ မသီတာ(စမ်းချောင်း)မှ “ နိုင်ငံတကာ စာပေဆွေးနွေးပွဲတွေမှာ စာရေးဆရာနဲ့ တက်ရောက် ဆွေးနွေးသူကို အချိန်ဆတူ မပေးပါဘူး၊ စာရေးဆရာတွေရဲ့ အနုပညာတွေအပေါ် ဦးတည်ပြီး ဆွေးနွေးသွားတာမို့ စာရေးဆရာတွေရဲ့ ဆွေးနွေးမှုတွေက ပိုများတတ်ပါတယ်၊ အလုပ်ရုံ ဆွေးနွေးပွဲမျိုးဆိုရင်တော့  တပြေးညီ အပြန်အလှန် မျှတစွာ ဆွေးနွေးနိုင်ပါတယ်၊ ပွဲစချိန်ကတော့ နေ့လည် ၂နာရီ စမယ်ဆိုပေမယ့် အချိန်မှီ မရောက်လာသေးတဲ့  ပရိသတ်ကို ငဲ့ရတာမို့ ခန့်မှန်းတာထက် ၁၅မိနစ် နောက်ကျမှ စတင်နိုင်ခဲ့ရတာပါ၊ ပထမဦးဆုံး ဆွေးနွေးပွဲ ဖြစ်တာမို့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်၊ နောက်တစ်ကြိမ်မှာ ဒီ လိုအပ်ချက်တွေကို ပြန်လည်  ဖြည့်ဆည်းသွားပါမယ် ” လို့ ရှင်းပြပေးခဲ့ပါတယ်။
ဓာတ်ပုံကို  အလင်းတန်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)က အဆုံးသတ်စကား ပြောကြားရာမှာ “ ဘာပဲဖြစ်ဖြစ် ဒီလို ဆွေးနွေးပွဲမျိုးကို ဒီလောက် လူအင်အားနဲ့၊ ဒီအချိန်ထိ တက်ရောက်ပေးခဲ့တာ ကျေးဇူးတင် အံ့သြလို့ မဆုံးပါဘူး၊ ဒီပွဲကို ပထမဆုံး မြေစမ်းခရမ်းပျိုး စလိုက်တာပါ၊ ကျွန်မ ယုံကြည်ထားတဲ့ ငြိမ်းချမ်းရေးဆိုတာက အခွင့်ရေး တမ်းတူညီတူရှိမှ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါတယ်၊ လွတ်လပ်မှု အခွင့်အရေး တန်းတူရှိရင် ငြိမ်းချမ်းရေးရှိမယ်လို့ ယူဆတယ်၊ အဲ့ဒီအတွက်ကြောင့် စာရေးဆရာ(၆)ယောက်ကို ဂရုတစိုက်ရွေးခဲ့တာပါ၊ မြင်မှာပါ တစ်ယောက်မှ ဘာမှ မတူပါဘူး၊ အဲ့ဒီလို မတူညီတဲ့ (၆)ယောက်က တူညီစွာနဲ့ အခွင့်အရေးတန်းတူနဲ့ အလှည့်ကျ ပြောနိုင်ပြီး၊ အခွင့်အရေး တန်းတူမှုအရ၊ လွတ်လပ်စွာ ကွဲလွဲနိုင်မှုအရ၊ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယုံကြည်လို့ ဒီပွဲလေးကို စီစဉ်တာပါ၊  ပရိသတ်ကဏ္ဍကို အထူးအလေးထားတာမို့ တက်ရောက်ကြတဲ့ ပရိသတ်များကိုလည်း အထူးလေးစားမိပါတယ်။ စာဖတ်ပရိသတ်များ ပူးပေါင်းပါဝင်မှုပေါ် မူတည်ပြီး ဒီလို ပွဲမျိုး ထပ်မံ ကြိုးစားသွားပါ့မယ်၊ ပါဝင်ဆွေးနွေးလိုတဲ့ စာရေးဆရာများရှိရင်လည်း လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်၊ စာရေးသူ အများစုရဲ့အသံကို အနည်းစုက နားထောင်ရတာမို့ အများစုရဲ့အသံကို လေးစားပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဆရာဦးဝင်းငြိမ်းမှ အမှတ်တရစကားပြောကြားစဉ်
အဲ့ဒီနောက် ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ်၊ teen Magazine တို့ရဲ့ ပဲ့ကိုင်ရှင် ဆရာဦးဝင်းငြိမ်းမှ ဒီနေ့ပွဲလေးအပေါ်မှာ အမှတ်တရစကား ပြောကြားခဲ့ပါတယ်။
ဖူးငုံမဂ္ဂဇင်း၏ပဲ့ကိုင်ရှင်များ – ဆရာမျိုးမြင့်ညိမ်း၊ ဆရာဦးဝင်းငြိမ်း၊ ဆရာမ မသီတာ(စမ်းချောင်း)
ဆွေးနွေးပွဲ ပြီးဆုံးသွားချိန်မှာတော့ ပါဝင် ဆွေးနွေးကြတဲ့ စာရေးဆရာများ၊ တက်ရောက်လာကြတဲ့ ပရိသတ်များ အားလုံးဟာ၊ သူတို့ရဲ့ စိတ်ထဲက အချိန်ကာလတစ်ခုထဲက တောင့်တနေတဲ့ ချဉ်ချင်းတစ်ခု ပြေပျောက်သွားသလို၊ အားလုံးရဲ့ မျက်နှာတွေမှာ ကျေနပ်ခြင်း၊ နှစ်သိမ့်ခြင်းများနဲ့ ပကတိရှိနေကြပါတယ်။ ဆွေးနွေးပွဲက အချိန်(၂)နာရီ သတ်မှတ်ထားပေမယ့် တကယ်တမ်းကျတော့ (၃)နာရီ နီးပါးကြာမြင့်ခဲ့ပါတယ်။
လူငယ်စာဖတ်ပရိသတ်မှ ဆရာမ မသီတာ(စမ်းချောင်း)နှင့် ဆရာမ ခင်သန္တာတို့အား အမှတ်တရ ပန်းစည်းများ ပေးအပ်စဉ်။
မညောင်းမညာ၊ မညည်းငြူစတမ်း အစမှ အဆုံးထိတိုင် အားပေးခဲ့သူများဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အနုပညာကို အမှန်တကယ် ချစ်မြတ်နိုးသူ teen Magazine ရဲ့ ပရိသတ်အစစ်အမှန်များလို့ ယုံကြည်မိပါတယ်။  ဒီလို ဆွေးနွေးပွဲလေးတွေကို သုံးလတစ်ကြိမ် ကျင်းပပေးသွားဖို့ အယ်ဒီတာအဖွဲ့မှ စီစဉ်ထားပါတယ်။ အချိန်အတိုင်းအတာအရ ပါဝင် ဆွေးနွေးခွင့် မရရှိခဲ့တဲ့ teen Magazine – ဖူးငုံချစ်သူများအနေနဲ့လဲ နောက်တစ်ကြိမ် ဆွေးနွေးပွဲတွေမှာ ထပ်မံပါဝင်ပေးပါလို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။
အဲ့ဒီနေ့က ထက်သန်တဲ့ ယုံကြည်ချက်တွေ ကိုယ်စီကိုယ်ငှနဲ့၊ မတူညီကွဲပြားတဲ့ ပုံသဏ္ဍာန် အရောင်အသွေးများ အားလုံး “ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်သားထဲ ပျော်ဝင်၊   ပေါင်းစည်းမိခဲ့ကြတယ်။
လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရခြင်းဟာ လွတ်လပ်မှု တစ်မျိုးပါ။ လက်သီးဆုတ်ထားတဲ့သူကို လက်ဆွဲနှုတ်ဆက်လို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာဟာ လွပ်လပ်မှုရဲ့ အထွဋ်အထိပ်ပါ။ လွတ်လပ်မှုကို ငြိမ်းချမ်းစွာ ရယူနိုင်မှ ပြောင်မြောက်တဲ့ အနုပညာတွေကို ဖန်တီး မွေးထုတ်နိုင်မှာပါ။
လွတ်လပ်တဲ့ အနုပညာဟာ ကောင်းကင်ယံကနေလဲ ပေါ်ထွက်လာနိုင်တယ်။ မြေကြီးထဲကနေလဲ   ပေါက်ဖွားလာနိုင်တယ်။ စက္ကူစလေးတစ်စ၊ ပင့်ကူမျှင်လေးတစ်မျှင်ကနေလဲ ဖြစ်တည်လာနိုင်ပါတယ်။
Teen Magazineရဲ့ လွတ်လပ်စွာဖြင့်၊ ငြိမ်းချမ်းစွာဖြင့် အနုပညာသစ်များကို ဖန်တီးတည်ဆောက်ခွင့် ရရှိခဲ့တဲ့ နေ့တစ်နေ့….။
—————————————-
( အပိုင်း(၁)ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ teenဖူးငုံ Magazine ဖေဖော်ဝါရီလနှင့် မတ်လထုတ်များမှာလည်း ပုံများနှင့်တကွ ဒီထက် ဝေေ၀ဆာဆာဖြင့် နှစ်လခွဲ   ဖော်ပြပေးသွားမယ်လို့ အယ်ဒီတာအဖွဲ့မှ သိရတဲ့အတွက် အမှတ်တရ သိမ်းထားလိုသူများအား သတင်းကောင်း ပါးအပ်ပါတယ် )
—————————————–
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com
Related Posts Plugin for WordPress, Blogger...