" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စာပေဟောပြောပွဲ သုတ ရသ Myanmar Policy


ဦးဆောင်ဆွေးနွေးသည့် စာရေးဆရာများ
နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် ဆန္ဒပြင်းပြနေတဲ့ ဖူးငုံမဂ္ဂဇင်း – Teen Magazine မှ လူငယ်စာရေးဆရာများရဲ့အမြင်၊ ခံယူချက်၊ ယုံကြည်မှုများကို အခြေခံတဲ့ စာပေဆွေးနွေးပွဲ တစ်ခုကို ဇန်န၀ါရီလ (၁၅)ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခြံမှာ နေ့လည်(၂)နာရီမှာ ညနေ( ၅)နာရီအထိ အောင်မြင်စွာ ကျင်းပ တင်ဆက်သွားခဲ့ပါတယ်။
တက်ရောက်လာသော ဖူးငုံချစ်သူ လူငယ်များ
တိုင်းပြည်ရဲ့ ဒီမိုကရေစီစံနစ် အသွင်ကူးပြောင်းကာလဖြစ်သည့်အားလျှော်စွာ၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားများကို နိုင်ငံတော် အစိုးရကနေ ပြန်လွှတ်ပေးပြီးတဲ့ အချိန်ကာလနှင့် အမှတ်မထင် တိုက်ဆိုင်နေခဲ့တဲ့ သည်ပွဲမှာ စာရေးဆရာများ၊ စာပေ၀ါသနာရှင်များ၊ ဖူးငုံမဂ္ဂဇင်း ပရိသတ်များ၊ ဖူးငုံချစ်သူအဖွဲ့ဝင်များ၊ အခြား စိတ်ပါ ၀င်စားကြသူများသာမက မကြာသေးမီက နိုင်ငံရေးဖြင့် အကျဉ်းကျခံရခြင်းမှ လွတ်မြောက်လာတဲ့ ကိုဂျင်မီ၊ ဇော်သက်ထွေး၊ မနီလာသိန်းတို့နဲ့အတူ ဘလော့ဂါနေဘုန်းလတ်ပါ တက်ရောက်ပါဝင်ခဲ့ပါတယ်။
လွတ်မြောက်လာသူများနှင့်လွတ်လပ်မှုမြတ်နိုးသူများ
အစီအစဉ် စတင်ကာနီးမှာတော့ ခန်းမတစ်ခုလုံး ပရိသတ်များနဲ့ အပြည့် ဖြစ်နေပါပြီ။ လူငယ်အများစုဟာ စိတ်အားထက်သန်မှု ကိုယ်စီနဲ့ ဒီပွဲက ပေးမယ့် ရသတစ်ခုခုကို အမိအရ ဆုတ်ကိုင်နိုင်ဖို့၊ ဒီပွဲလေးကနေ တစ်ခုခု အရယူမယ်ဆိုတဲ့ ခံယူချက်၊ ဒီပွဲလေးကနေ တစ်ခုခု ပြန်ရစေရမယ် ဆိုတဲ့  ယုံကြည်ချက်များနဲ့ ကိုယ်စီတက်ရောက်လာကြတယ်ဆိုတာ သူတို့ရဲ့ မျက်နှာများပေါ်မှာ အတိုင်းသား မြင်နေရပါတယ်။ လူငယ်များအတွက် ဒီလို အခွင့်အရေးမျိုးတွေ ရှားပါးနေချိန်မှာ ဖူးငုံမဂ္ဂဇင်းကနေ လူငယ်တွေအတွက် တလေးတစား နေရာပေးဖို့ အခွင့်အလမ်းကို ခေတ်နဲ့ မျက်ခြေမပြတ်စေရပဲ ဖန်တီးပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။
တက်ရောက်လာသူ ပရိသတ်များ
ဖူးငုံမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်းက ဒီပွဲလေး စီစဉ်ဖြစ်ခဲ့ပုံနဲ့ ဒီပွဲဖြစ်မြောက်ဖို့ အစစ ၀ိုင်းဝန်းပံ့ပိုးပေးခဲ့ သူများကို ကျေးဇူးစကား ဦးစွာ ပြောကြားပြီးနောက် စာရေးဆရာများရဲ့ ဆွေးနွေးပွဲ အစီအစဉ် မစတင်ခင်မှာ၊ နိုင်ငံရေးပုဒ်မဖြင့် ထိမ်းသိမ်းထားခြင်းခံရမှ လွတ်ငြိမ်းခွင့်နဲ့ မကြာမီရက်ပိုင်းကမှ ပြန်လည် လွတ်မြောက်လာတဲ့ ကိုဂျင်မီကို “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတဲ့ ခေါင်းစဉ်အပေါ် ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
teen Magazine မှ ဆရာမျိုးမြင့်ညိမ်း

ကိုဂျင်မီမှ “ လွတ်မြောက်ပြီးချိန် ပထမဦးဆုံးရောက်ဖြစ်တဲ့ စကားပြော စင်မြင့်ဟာ ဒီစင်မြင့်ဖြစ်ပါတယ်၊ ပထမဦးဆုံး စပြောရမယ့် အကြောင်းအရာကလဲ လွတ်လပ်မှုဆိုတာကို ထိပ်ဆုံးမှာ ပါနေတဲ့အတွက် မကြာခင်မှ လွတ်လပ်လာသူ တစ်ယောက်အနေနဲ့ လွတ်လပ်မှုဆိုတာ အင်မတန်မှ သင့်လျော်တဲ့ စကားလုံးနဲ့ ခေါင်းစဉ်ဖြစ်ပါတယ်..” လို့ အစချီပြီးတော့ “ ငြိမ်းချမ်းရေးဆိုတာကလဲ လွတ်လပ်မှုနဲ့ ဆက်နွယ်နေပါတယ်၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားရင်း လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်၊ အဲ့ဒီနောက် လွတ်လပ်မှုတွေတစ်ခါ ပြန်ရလာပြန်တယ်၊ လွတ်လပ်မှု ပြန်ရလာပြန်တော့ ငြိမ်းချမ်းရေးတွေ ကြိုးစား၊ အဲ့ဒီလိုနဲ့ နှစ်ပေါင်း၂၀ကျော်ကြာခဲ့တယ်၊ ဒါပေမယ့် စိတ်မပျက်ပါဘူး၊ လွတ်လပ်မှုတစ်ကြိမ် ဆုံးရှုံးတိုင်းမှာ ခွန်အားတစ်ခါ   ပြန်ရလာပါတယ်၊  လွတ်လပ်မှုတစ်ခါ ပြန်ရလာတိုင်းမှာ အင်အားတစ်ခု   ဖြစ်လာရပါတယ်၊ ပြည်သူများ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေသစ်တွေကို ဖန်တီးပေးသွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

လွတ်လပ်မှုကို အရယူမယ်ဆိုတဲ့ ကိုဂျင်မီ
“အနုပညာဆိုတာ ဘာလဲ၊ လွတ်လပ်မှု ကိုယ်တိုင်သည်ပင်လျှင် အနုပညာ ဖြစ်နေပြီ၊ ငြိမ်းချမ်းရေး ကိုယ်တိုင်သည်ပင်လျှင် အနုပညာ ဖြစ်နေပြီ၊ ငြိမ်းချမ်းမှုရှိမှသာ ပြောင်မြောက်တဲ့ အနုပညာကို ဖန်တီးနိုင်မယ်၊ လွတ်လပ်မှုသည် အချုပ်အနှောင်မရှိဘူး၊ လွတ်လပ်မှုကို ချူပ်နှောင်၊ လွတ်လပ်မှုကို ပိတ်ဆို့၊  လူ့အခွင့်အရေးတွေ ဆုံးရှုံးရတယ်၊ ဘာတွေနဲ့ ချုပ်နှောင်တာလဲဆိုတော့ သောက၊ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုဆိုတာကို သောကဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုတွေက ချုပ်နှောင်ထားတယ်၊ မွေးထဲက ဘ၀က ပေးထားပြီးသားဖြစ်တဲ့ ငြိမ်းချမ်းမှုတွေ၊ လွတ်လပ်မှုတွေကို ကျွန်တော်တို့ ဘာလို့များ ဆုံးရှုံးနေရတာလဲ၊ ဘာလို့များ ဘ၀နဲ့ရင်းပြီး ယူနေရတာလဲ၊ အဲ့ဒီနှစ်ခုမရှိပဲ အနုပညာ မဖန်တီးနိုင်ပါဘူး၊ လူ့ဘ၀ဆိုတာ လွတ်လပ်မှုရှိမှ ၊ ငြိမ်းချမ်းမှုရှိမှ လူ့ဘ၀ ပီသမယ်၊ အဲ့ဒါမှသာ အနုပညာဖြစ်တယ်၊ လွတ်လပ်မှုကို ဘယ်သူ ရုတ်သိမ်းမလဲ၊ ငြိမ်းချမ်းမှုတွေကို ကျွန်တော်ကိုယ်တိုင် အရပြန်ယူမယ်” လို့  လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အနုပညာအပေါ် သူ့ရဲ့ ခံယူချက်ကို ပြောသွားခဲ့တဲ့ ကိုဂျင်မီဟာ ဘုန်းသုခ၊ ဗဟု နာမည်များနဲ့ teen Magazine မှာ ပညာရေးဆောင်းပါးများ၊ အင်တာဗျူးများ ရေးခဲ့ပြီး၊ အခြားမဂ္ဂဇင်းများမှာလဲ ကဗျာများ၊ ဆောင်းပါးများ   ရေးသားခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဆရာ ဘုန်းသုခ ဆွေးနွေးအပြီးမှာ လက်ခုပ်သံများ ခန်းလုံးပြည့်လျှံ ညံသွားပြီး တဖြည်းဖြည်း ပြန်စဲသွားချိန်မှာတော့ ဘလော့ဂါ နေဘုန်းလတ်ကို “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” အပေါ် ဆွေးနွေးဖို့ စင်ပေါ် ဖိတ်ခဲ့ပါတယ်။ စာတွေကို ရင်ထဲရှိသမျှ၊ အမြင်မတော်သမျှ လွတ်လွတ်လပ်လပ်၊ ထိထိမိမိ ရေးတတ်တဲ့ ဘလော့ဂါနေဘုန်းလတ်က သူဘလော့ဂ်ရေးဖြစ်ခဲ့ပုံကို အခုလို ပါဝင် ဆွေးနွေးသွားခဲ့ပါတယ်။
ရပ်တန့်မနေဘူးဆိုတဲ့ ဘလော့ဂါ နေဘုန်းလတ်@ ဘုန်းဦးမော်
“  ကျွန်တော် ဘလော့ဂါဖြစ်လာရတာက နည်းနည်းဆန်းတယ်၊ မဂ္ဂဇင်း အယ်ဒီတာတွေဆီက ကျွန်တော် စာတွေ ကံအားလျော်စွာ   ဖြန်သန်းလာခဲ့ပြီးတော့၊ စီစစ်ရေးက သွေးသံတရဲရဲနဲ့ ခုတ်ထစ်တာ ခံရပြန်တယ်၊ ကျွန်တော် ရေးထားတဲ့ စာတွေဟာ ကျွန်တော်ရဲ့ ရင်ထဲ အသည်းနှလုံးထဲက ရင်သွေးတွေ၊ ကျွန်တော့်ရဲ့ သားသမီးတွေပါ၊ ခုတ်ထစ်တယ်ဆိုတာ ဓားနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ.. မှင်နီတွေနဲ့ ခုတ်ထစ်တာပေါ့၊ ကျွန်တော့် သားသမီးတွေဟာ သွေးသံတရဲရဲနဲ့၊ ဘယ်မိဘက ကြည့်ရက်မလဲ၊ အဲ့ဒီလို ခုတ်ထစ်ဖြတ်တောက်တာ မခံနိုင်တော့ ကျွန်တော် အွန်လိုင်းပေါ် တက်ရေးတယ်၊ ဘယ်သူ ဖြတ်တောက်ဦးမလဲ၊ လွတ်လပ်မှုဆိုတာ ဘယ်သူကမှ မပေးပါဘူး၊ ကျွန်တော့်ဟာ ကျွန်တော် ဖန်တီးရယူရတာ၊ လွတ်လပ်ခြင်းက သူများဆီက တောင်းယူရတာ မဟုတ်ပါဘူး၊ သူများ မပေးလည်း ကိုယ့်ဖာသာကိုယ် ရအောင် ယူနိုင်ရမယ်၊ အဲ့ဒီစိတ်မျိုး မွေးခဲ့လို့ ကျွန်တော် ဘလော့ဂ်ဂါဖြစ်လာရတာပါ၊   နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” ဆိုပြီး ကျွန်တော် ဘလော့ဂ်ရေးပါတယ် ”
အဲ့ဒီနောက် နေဘုန်းလတ်က  “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” နဲ့ နေဘုန်းလတ် တဖြစ်လဲ “ဘုန်းဦးမော်”  ဖြစ်လာခဲ့ပုံကို အခုလို ဆက်ပြီး ပြောပြခဲ့ပါတယ်။
“ ကျွန်တော့်ရဲ့ စာရေးဆရာဖြစ်ချင်တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရတဲ့ အတွက် ကျွန်တော့်ဘလော့ဂ်ကို ဒီနာမည်ပေးဖြစ်ခဲ့တာပါ၊ ကံဆိုးတာလား ကံကောင်းတာလားမသိ၊ ကျွန်တော် ထောင်ကျတယ်၊ အဆိုးထဲမှာ ကျွန်တော်ကောင်းတာတွေ ရှာနိုင်ခဲ့တယ်၊ ကျွန်တော့်ကို ထောင် အနှစ်(၂၀)နဲ့(၆)လ အချခံရတယ်၊ ကျွန်တော် ထိုင်ငိုနေရမှာလား၊ ကျွန်တော် ဒေါသ ထွက်နေရမှာလား၊ အဲ့ဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး၊ ဆိုးဝါးလှတဲ့ အကန့်အသတ်တွေနဲ့ အခြေအနေ တစ်ခုမှာပဲ ဘာလုပ်နိုင်မလဲဆိုတာကို နည်းလမ်းရှာရင်းနဲ့ ဘုန်းဦးမော်ဖြစ်လာခဲ့ပြန်တယ်၊ နေဘုန်းလတ်ကို အထဲထည့်တော့ ဘုန်းဦးမော် ထပ်ဖြစ်လာရတာပေါ့၊ လူကိုပဲ အကျဉ်းချလို့ရမယ်၊ အနုပညာရှင်တစ်ယောက်ရဲ့ နှလုံးသား၊ သူ့ခေါင်းထဲက အတွေး၊ သူ့ရင်ထဲက ခံစားမှုတွေကို ဘာနဲ့လာပြီး တားရမှာလဲ၊ ကျွန်တော့်ကို တားလို့ မရဘူး၊ ရပ်တန့်လို့မရဘူး၊ ကျွန်တော့်ကို တံခါးပိတ်ထားရင် အဲ့ဒီတံခါးကို ကျွန်တော် တနည်းနည်းနဲ့ ဖောက်ထွက်မှာပဲ၊ ကျွန်တော် မရပ်ခဲ့ဘူး၊ ကျွန်တော် ဆက်သွားနေမှာပဲ ကျွန်တော် IT သမား၊ Speed နဲ့သွားနေတာ။ ကျွန်တော်ရပ်နေရင် အနှစ်၂၀ပြည့်လို့ ပြန်ထွက်လာရင် ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့မှာ။ အခုခေတ် လူငယ်တွေကို ပြောချင်ပါတယ်၊ ဘယ်တော့မှ ရပ်တန့်မနေပါနဲ့။ ကျွန်တော်လဲ ရပ်တန့်မနေဘူး။ ကျွန်တော် ကဗျာရေးထားတယ်၊ ဒုတိယလူရဲ့ ပထမမြို့တော်လို့၊ နေဘုန်းလတ်က ပထမလူပေါ့၊ နေဘုန်းလတ်ကို   ထောင်ထဲထည့်တော့ နည်းလမ်းရှာရင်း ဘုန်းဦးမော်အနေနဲ့ ဒုတိယလူ ဖြစ်လာရတာပေါ့၊ ဒုတိယလူအနေနဲ့ ပထမမြို့တော်လေးကို ဆက်ပြီး တည်ဆောက်နေတဲ့ သဘောပေါ့” လို့ ပြောပြခဲ့ပါတယ်။
teen – ဖူးငုံပရိသတ်များ
teen Magazine အပေါ် သူ့ရဲ့ အမြင်နဲ့အတူ၊ လူငယ်တွေ မတုံးဘူး၊ လူငယ်တွေအတွက် အခွင့်အရေးပေးဖို့ကို ဘလော့ဂါနေဘုန်းလတ်က အခုလို ဆက်ပြောခဲ့ပါတယ်။
“ teen Magazine က ကျွန်တော့်အပေါ်မှာ ကျေးဇူးအများကြီး ရှိပါတယ်၊လူငယ်တွေအတွက် ကွင်းမရှိဘူး၊ လူငယ်ခြေတက်တွေ အများကြီးပဲ၊ ဘယ်နား သွားကစားရမလဲမသိဘူး၊ teen လို မဂ္ဂဇင်းမျိုးပေါ်လာတာ အရမ်းလည်း ကျေနပ်တယ်၊ အရမ်းလည်း ၀မ်းသာတယ်၊ လူငယ်တွေ ကစားဖို့ ကွင်းဖန်တီးပေးထားတာပဲ၊ ကျွန်တော်တို့ ကစားစရာ ကွင်းမရှိပဲ ဘယ်လို ခြေစွမ်းသွားပြရမလဲ၊ လူငယ်တွေမှာ talent ရှိသူတွေ အများကြီး ရှိတယ်၊ ဗမာတွေ ထက်မြက်တယ်၊ ငတုံးတစ်ယောက်မှ မပါဘူး၊ ကန်ဖို့ ကွင်းမရှိတော့ မကန်ရဘူး၊ အဲ့ဒါကို ဗမာတွေ တုံးတယ် ပြောချင်ကြတယ်၊ တုံးတယ်လိုပြောရင် ကျွန်တော်က ပြန်ပြောမှာပဲ၊ ခင်ဗျားတို့ အခွင့်အရေးမှ မပေးကြတာလို့၊ အခု teen Magazine က လူငယ်ခြေတက်တွေအတွက် ကစားကွင်းပဲ၊ ဒီလို ကစားရင်းမှ ခြေတက်လာမှာ၊ အရည်အချင်း ရှိသူတွေ ပေါ်ပေါက်လာမယ်။ teen Magazine လိုပဲ တခြားမဂ္ဂဇင်းတွေကလဲ လူငယ်တွေအတွက် အခွင့်အရေးပေးပါ၊ ကစားကွင်းတွေ ဖန်တီးပေးတဲ့ မဂ္ဂဇင်းမျိုး၊ ဒီထက်များများ ပေါ်ပေါက်လာပါစေလို့ ကျွန်တော် ဆုတောင်းပေးချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဘလော့ဂါနေဘုန်းလတ် ဆက်ပြောခဲ့တာကတော့ “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” အတွက် ကျွန်တော် ဘယ်သူဆီကမှ တောင်းမယူဘူး၊ ကိုယ့်ဟာကိုယ် ရအောင်ယူမယ်၊ လွတ်လပ်ခြင်း ဆိုတာကလဲ ဘယ်သူတွေ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား၊ ကိုယ့်စိတ်က လွတ်လပ်နေရင် လွတ်လပ်နေတာပဲ၊ ငြိမ်းချမ်းရေးဆိုတာကလဲ သူများပေးတာကို စောင့်နေစရာမလိုဘူး၊ ကိုယ့်ဟာကို ရအောင်ယူနိုင်ရမယ်၊ အနုပညာ.. အနုပညာကလဲ ရှင်းတယ်၊ ဘာတွေ ဘယ်လို အခက်အခဲတွေ တားဆီးထားပါစေ၊ သူက ရင်ဘတ်ထဲက ကိစ္စ၊ ဒီရင်ဘတ်ထဲက နှလုံးသား ခုန်နေသ၍ ဖန်တီးလို့ရတယ်၊ အဲ့ဒီနှလုံးသားကို ဓါးနဲ့လာထိုးဖောက်သွားလို့ ကျွန်တော် သေသွားရင်တော့ တစ်မျိုးပေါ့နော်၊ မဟုတ်ပဲ ကျွန်တော့်ကို နံရံလေးဘက်ထဲ ထည့်ထားလဲ ရင်ခုန်သံ ရပ်မသွားဘူး၊ အနုပညာသွေးတွေ စီးဆင်းနေသ၍ ဖန်တီးရယူသွားမယ်၊ ဒါကြောင့် “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတာ သူများပေးမှ ရမှာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင် အရယူ ဖန်တီးနိုင်ရမယ့်အရာလို့ ကျွန်တော်မြင်တယ်”
တက်ရောက်လာသူဧည့်သည်များ
teen Magazineမှာ ဘုန်းဦးမော်အမည်နဲ့ ကဗျာ၊ ၀တ္တုများစွာ ရေးသားခဲ့တဲ့ ဘလော့ဂါနေဘုန်းလတ်ရဲ့ ဆွေးနွေးမှု အပြီးမှာတော့ ခန်းမတစ်ခုလုံး လက်ခုပ်သံများ ပဲ့တင်ထပ်သွားပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေရဲ့ မျက်ဝန်းမှာ တောက်ပတဲ့ ရောင်ခြည်တွေ လင်းလက်လာကြတယ်။ ခန္ဓာကိုယ်က သွေးတွေ ပူနွေးလာကြတယ်။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ အနုပညာကို ဖန်တီးဖို့ စိတ်ခွန်အားတွေ ပိုမို တိုးပွားလာကြတယ်။ ဒီသုံးခုကနေ ရရှိလာမယ့် အနှစ်သာရတွေကို မြည်းစမ်းချင်လာကြတယ်။ တစ်ချိန်ထဲမှာပဲ ယုံကြည်ချက်တွေလည်း ကိုယ်စီရှိလာကြတယ်။
အဲ့ဒီနောက် ဆရာမျိုးမြင့်ညိမ်းက “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” ဆွေးနွေးပွဲမှာ ဆရာမ မသီတာ (စမ်းချောင်း)နဲ့အတူ ပါဝင်ဆွေးနွေးမယ့် teen Magazineမှ စာရေးဆရာ (၆)ယောက်ဖြစ်တဲ့   မြေမှုန်လွင်၊ လင်းသိုက်ညွန့် (မြန်မာမြေ)၊ ဟန်ဆန်း၊ ခင်သန္တာ၊ လင်းစက်နွယ်နဲ့ ယုယတို့ကို စင်မြင့်ထက်ကို ဖိတ်ခေါ်ပါတယ်။ ဆွေးနွေးမယ့်သူ အားလုံးနေရာယူ အပြီးမှာတော့ လုပ်နေကျ ဆွေးနွေးပွဲတွေလို တစ်ဦး တစ်ယောက်ထဲက တင်ပြတဲ့ ဆွေးနွေးပွဲ ပုံစံမျိုးကနေ အများ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲပုံစံမျိုးကို ဦးတည်သွားချင်တဲ့၊ ဆရာမ မသီတာ(စမ်းချောင်း)က ဒီနေ့ ဆွေးနွေးပွဲ လုပ်ဖြစ်ရတဲ့ အကြောင်းကို အခုလို ပြောပြပေးခဲ့ပါတယ်။
လွပ်လပ်ပွဲလေး ဖန်တီးသူ စာရေးဆရာမ မသီတာ (စမ်းချောင်း)
“ ဒီဆွေးနွေးပွဲလုပ်ရတဲ့ အဓိက အကြောင်းရင်းက မှန်တာပြောရင်၊ တစ်ဖက်သတ်ပြောနေတဲ့ မိုနိုတော့ခ်တွေကို ခံစားလို့ မရတော့တာ၊ နောက်ပြီး ဆွေးနွေးပွဲတွေကို ဒိုင်ရာလော့ခ်ကနေ မာလ်တီလော့ခ် ဖြစ်စေချင်တာ၊ နောက်.. နိုင်ငံတကာမှာ ဟောပြောပွဲတွေကို တစ်ဦးတစ်ယောက်ထဲကနေ အချိန် အကန့်အသတ်မရှိ ပြောတယ်ဆိုတာမျိုး မရှိခဲ့ပါဘူး၊ အဲ့ဒီ စာရေးဆရာကို အခြား တစ်ယောက်ကနေ မိတ်ဆက်ပေးပြီးမှ တက်ရောက်လာသူများမှ ၀င်ရောက်ဆွေးနွေးကြရတယ်၊ ပြောသူကပြောမယ် နားထောင်သူကလည်း ၀င်ဆွေးနွေးမယ်ဆိုတဲ့ ပြောသူကိုယ်တိုင် ပြန်နားထောင်ရတဲ့ ပွဲမျိုးလေး ဖြစ်စေချင်ပါတယ်၊ အဲ့ဒီ သဘောတရားလေးကို သဘောကျလို့ အခု ဆွေးနွေးပွဲလေးကို ဖန်တီးဖြစ်ခဲ့တာပါ၊ အခု ဆွေးနွေးပွဲမှာ ဘယ်သူမှ စတင် မဆွေးနွေးခင်မှာ ပထမဦးစွာ စာရေးဆရာ(၆)ယောက်နဲ့ ပထမဆုံး မေးခွန်းသဘောမျိုးလေးနဲ့ ကျွန်မက ဦးဆောင် ဆွေးနွေးသွားမယ့် အချိန်တိုင်းမှာ ပရိတ်သတ်ကလည်း ၀င်ရောက် ဆွေးနွေးပေးစေချင်ပါတယ်၊ ပရိသတ်သာ ၀င်ရောက် မဆွေးနွေးဘူးဆိုရင် ဒီနေ့ ဆွေးနွေးပွဲရဲ့ နာမည်ဟာ အထမြောက်မှာ မဟုတ်ပါဘူး၊ အဲ့ဒါကြောင့် ကိုယ့်ရင်ထဲမှာ အဆင်ပြေတာ ဖြစ်ဖြစ်၊ အဆင်မပြေတာဖြစ်ဖြစ် အပြုသဘောဆောင်ပြီး ပါဝင် ဆွေးနွေးစေချင်ပါတယ်၊ ပရိသတ်က လွတ်လွတ်လပ်လပ် ၀င်ဆွေးနွေးတဲ့အခါ၊ ဒီတိုင်း အလွတ်သဘော ပြောတာမျိုးထက်၊ အခုပြောသွားမယ့် အကြောင်းအရာပေါ်မှာ အခြေခံပြီး ဆွေးနွေးတာမျိုး၊ ဒါမှမဟုတ် မေးခွန်းမျိုး၊ ဒါမှမဟုတ် ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ကိုယ့်မှာ ဖန်တီးထားတဲ့ အနုပညာရှိလို့ တင်ပြချင်တယ်ဆိုရင်လဲ အဲ့ဒီအပေါ်မှာ   ပြန်လည် ဆွေးနွေးကြပါမယ်”
ဆွေးနွေးပွဲပုံစံနဲ့ ပရိသတ်ကို မိတ်ဆက်ပေးအပြီးမှာ ဆရာမ မသီတာ(စမ်းချောင်း)က ဆွေးနွေးမယ့် teen Magazineမှ စာရေးဆရာများ အားလုံးကို သူတို့ရဲ့ စာပေလက်ရာများနဲ့တကွ တက်ရောက်လာတဲ့ ပရိသတ်များနဲ့ တစ်ဦးချင်းစီ မိတ်ဆက်ပေးပါတယ်။
လူငယ်စာရေးဆရာ မြေမှုန်လွင်
ပထမဆုံး ၂၀၁၀ခုနှစ်ထဲက ဖူးငုံမဂ္ဂဇင်းမှာ ပထမဆုံးပါခဲ့တဲ့ စာရေးဆရာမြေမှုန်လွင်ရဲ့  “ ဒါကြောင့် ကျုပ် ညတွေကို ကြိုက်တယ် ” ဆိုတဲ့ ကဗျာတစ်ပုဒ်ထဲက စာပိုဒ်အချို့နဲ့ မိတ်ဆက်ပေးပါတယ်။ ဆရာမြေမှုန်လွင်ဟာ အသက်(၁၇)နှစ်အရွယ်ထဲကစပြီး “ငါတို့စာပေ” ဆိုတဲ့ ကိုယ်ပိုင် စာအုပ်တိုက်ကို ထူထောင်ခဲ့ပြီး စာအုပ်ပေါင်း (၁၀၀)ကျော် ထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူ၊ ကဗျာများ၊ မဂ္ဂဇင်းဝတ္တုတိုများ၊ လုံးခြင်းဝတ္တုများ ရေးသားခဲ့သူ လူငယ်စာရေးဆရာတစ်ဦး ဖြစ်တဲ့အကြောင်း မိတ်ဆက်ပေးပါတယ်။ teen Magazine မှာ ကဗျာ၊ ၀တ္တုများ အများဆုံးပါဝင်ခဲ့ပြီး နောက်ဆုံး ရေးသားခဲ့တဲ့ “ခူး” ၀တ္တုမှာ ဗီဒီယိုရိုက်ကူးရန် ၀ယ်ယူထားခြင်းခံထားရပါတယ်။
လူငယ်စာရေးဆရာမ ယုယ
အဲ့ဒီနောက် သောကြာမဂ္ဂဇင်း၊ ဧကရီမဂ္ဂဇင်းတို့မှာ ကဗျာတွေရေးခဲ့ပြီး၊ teen Magazine ရဲ့ ရေးကြည့်ပါ ကဏ္ဍကနေ စာပေလမ်းကြောင်းပေါ် အခိုင်အမာ ရောက်ရှိလာသူ ဆရာမယုယရေးခဲ့တဲ့ teen Magazine ရဲ့ “ ဒါတွေပြင် ” ဆိုတဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးထဲက စာပိုဒ်တစ်ပိုဒ်ကို ဆရာမ မသီတာ (စမ်းချောင်း)က ပရိသတ်သို့ ဖတ်ပြပြီး၊  မိတ်ဆက်ပေးပါတယ်။
လူငယ်စာရေးဆရာဟန်ဆန်း
အဲ့ဒီနောက် အလင်းတန်းဂျာနယ်မှာ အင်တာနက်ဗဟုသုတ   ဆောင်းပါးများ ရေးရင်းမှ စာပေနယ်ထဲ ရောက်လာတဲ့၊ ဟန်ဇော်ကလောင်နာမည်နဲ့လည်း teen Magazineမှာ လူငယ်များအတွက် “ အင်တာနက်သုတ” ကဏ္ဍကို လစဉ် ရေးသားတဲ့ ဆရာဟန်ဆန်းနဲ့ မိတ်ဆက်ပေးပါတယ်။ ရသ၀တ္တုများကို ဟန်ဆန်းဆိုတဲ့ ကလောင်နာမည်နဲ့ teen Magazine ရဲ့ ကောလိပ်ဂျင်ကဏ္ဍကနေ စတင်ရေးသားခဲ့တဲ့ ဆရာဟန်ဆန်းရဲ့ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ teen Magazine မှ “ ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက်နေပါစေ” ၀တ္တုတိုမှ စာပိုဒ်တစ်ပိုဒ်ကို ဆရာမ မသီတာ (စမ်းချောင်း)က ဖတ်ပြရင်း ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါတယ်။
စာရေးဆရာမခင်သန္တာ
လက်ရှိ ဆောင်းပါး (၅၀)ကျော်နဲ့ မဂ္ဂဇင်းများမှာ ရသ၀တ္တုတိုများ   ရေးသားနေတဲ့  ဆရာမခင်သန္တာရဲ့  ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလမှာ   ဖော်ပြခံခဲ့ရတဲ့ “သက်ရှိမန်ကျည်းပင်လေး အကြောင်း” ဆောင်းပါးမှ စာပိုဒ်အချို့ကို ဆရာမ မသီတာ (စမ်းချောင်း)မှ ရွတ်ဖတ်ပြီး၊ ပရိသတ်နဲ့ ဆရာမခင်သန္တာကို မိတ်ဆက်ပေးပါတယ်။
လူငယ်စာရေးဆရာ လင်းသိုက်ညွန့် ( မြန်မာ့မြေ)
အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)မှ အသက်၁၄နှစ်ထဲက စာရေးခဲ့သူ၊ လက်ရှိ လူငယ်အကျိုးပြု ကိုယ်တိုင်ရေး စာအုပ်(၁၀)အုပ်၊ ကိုယ်တိုင် ထုတ်ဝေခဲ့သူ၊ စာပေ Talk Showတွေ မကြာခဏ ကျင်းပတတ်သူ၊ လူငယ် စာဖတ်ပရိသတ် အခိုင်အမာရထားတဲ့ လူငယ်စာရေးဆရာလင်းသိုက်ညွန့် (မြန်မာမြေ)ရဲ့ ၂၀၀၇ခုနှစ်၊ သြဂုတ်လ teen Magazine မှာ ပထမဦးဆုံး   ဖော်ပြခဲ့တဲ့ ဆောင်းပါးမှ ကောက်နှုတ်ချက်ကို ဖတ်ပြပေးပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါတယ်။  ဆရာလင်းသိုက်ညွန့်ဟာ teen Magazineမှာ   ဆောင်းပါးတွေ အများဆုံး ရေးခဲ့ပြီး၊ လက်ရှိ အခြားမဂ္ဂဇင်းများ၊ ဂျာနယ်များမှာလည်း လူငယ်များအတွက် အကျိုးပြု ဆောင်းပါးများ   ရေးသားနေသူ လူငယ်စာရေးဆရာ တစ်ယောက် ဖြစ်ပါတယ်။
လူငယ်စာရေးဆရာမ လင်းစက်နွယ်
ဆရာမသီတာ (စမ်းချောင်း) မှ စာရေးဆရာမ လင်းစက်နွယ်ရဲ့ ကဗျာထဲက စာပိုဒ်တစ်ပိုဒ်ရွတ်ဆိုလို့ ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါတယ်။ ဆရာမ လင်းစက်နွယ်ဟာ ဆရာဝန်စာရေးဆရာမတစ်ဦးဖြစ်ပြီး၊ ၂၀၀၉ခုနှစ် ဇူလိုင်လ၊ teen Magazineမှာ “ခါးတဲ့တမာ” ၀တ္တုနဲ့ စာပေနယ်ထဲ ခြေချခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိ teen Magazine အပြင်  အခြား မဂ္ဂဇင်းများမှာလည်း ပါဝင်ရေးသားနေပါတယ်။ ဒါ့အပြင် ဒီနှစ်အတွက်  ရွှေအမြုတေမဂ္ဂဇင်းရဲ့ ပရိသတ် အကြိုက်ဆုံး   ရွှေအသစ်ဝတ္တုတိုဆုကို ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။
ပရိသတ်နဲ့ စာရေးဆရာများကို မိတ်ဆက်ပေးပြီးချိန်မှာတော့ “လွတ်လပ်မှု ” ဆိုတဲ့ စကားလုံးအပေါ် စာရေးဆရာတစ်ဦးချင်းစီရဲ့ ခံယူချက်များနဲ့ လွတ်လပ်မှုအပေါ် ကွဲပြားတဲ့ အမြင်များကို အဓိပ္ပါယ် ဖွင့်ပြပြီး  စာရေးဆရာများမှ တစ်ဦးချင်းစီ ဆွေးနွေးသွားခဲ့ပါတယ်။

ဆရာဟန်ဆန်းမှ ဆွေးနွေးနေစဉ်
ဆောင်းပါးနဲ့ ၀တ္တုကို ကလောင်နှစ်ခုခွဲပြီး ရေးနေတဲ့ ဆရာဟန်ဆန်းက စတင် ဆွေးနွေးရာမှာ “ teen Magazine ရဲ့ ကောလိပ်ဂျင်ကဏ္ဍမှာ ပထမဆုံး ဖော်ပြခံခဲ့တဲ့ စာမူလေးက တက္ကသိုလ်တက်ဖို့ မျှော်လင့်တကြီး စောင့်နေတဲ့ ဆယ်တန်းအောင် ကျောင်းသားတစ်ယောက်ရဲ့ တက္ကသိုလ်တွေ ပိတ်သွားတဲ့အချိန်၊ တက္ကသိုလ် တက်ခွင့်မရခဲ့တဲ့ ကာလတစ်ခုနဲ့ တက္ကသိုလ်ပြန်လည် တက်ရောက်ခွင့် ရခဲ့ချိန်တွေကို ရေးခဲ့တာပါ၊ အဲ့ဒီမှာ ဖော်ပြခံခဲ့ရတယ်၊ လွတ်လွတ်လပ်လပ်ရေးလိုက်တဲ့ ကျွန်တော့်စာမူ ဖော်ပြခံရချိန်မှာ ရလိုက်တဲ့ ခံစားမှုကို ကျွန်တော်တန်ဖိုးထားတယ်၊ စာရေးသားရာမှာ စည်း၊ဘောင်မထားပဲ ကိုယ်ရေးချင်တဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ် ခံစားပြီး ရေးတယ်၊ အဲ့ဒီလို ရေးလိုက်ခြင်းက ရရှိတဲ့ ရွေးချယ်မှု၊ ရလဒ်ကို ကျေနပ် နှစ်ခြိုက်မိတယ်၊ ရသစာပေကို ရေးချင်တဲ့စိတ် ဖြစ်ပေါ်လာချိန်တိုင်းမှာ လွတ်လွတ်လပ်လပ် ရေးတယ်၊ ရေးပြီး ပါလာချိန်မှာ ကျေနပ်တယ်၊ ရေးထားတာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျေနပ်တယ်၊ အဲ့ဒီ လွတ်လပ်မှုအပေါ်လည်း ကျွန်တော် သာယာတယ်” ဆိုပြီး လွတ်လပ်မှုရဲ့ အနုပညာအပေါ် သူခံစားရသမျှ လွတ်လွတ်လပ်လပ် ပြောပြခဲ့ပါတယ်။
ဆရာမ မသီတာ(စမ်းချောင်း)မှ ဆွေးနွေးနေစဉ်
ဆရာမ မသီတာ(စမ်းချောင်း)ကလည်း “ စာရေးဆရာကြီးတစ်ယောက်က ပြောခဲ့ဖူးပါတယ်၊ အနုပညာသမားတစ်ယောက်ဟာ အနုပညာဖန်တီးနေတဲ့ အခိုက်အတန့်က သူအတွက် အလွတ်လပ်ဆုံး အခိုက်အတန့်ပါပဲ၊ ဒါကိုလည်း ကျွန်မ သဘောတူပါတယ် ” လို့ ဖြည့်စွက် ဆွေးနွေးသွားခဲ့ပါတယ်။

ဆရာမ ခင်သန္တာမှ ဆွေးနွေးနေစဉ်
အဲ့ဒီနောက် ဆရာမခင်သန္တာက ဆက်လက် ဆွေးနွေးရာမှာ  “ လွတ်လပ်ခြင်းဆိုတာ ကိုယ်စိတ်နှစ်ပါး အနှောင်အဖွဲ့ ကင်းစွာရှိခြင်းဖြစ်ပြီး၊ လွတ်လပ်တယ်ဆိုတာ သူတစ်ပါးအပေါ် မှီခိုမှုလဲ ကင်းရမယ်၊ အထူးသဖြင့် အသိဥာဏ်ပညာနဲ့ ကိုယ့်ကိုယ်ကို အားကိုးတာကို ခေါ်တယ်၊ စည်းကမ်းရှိစွာနဲ့ လွတ်လပ်ဖို့လဲလိုတယ်၊ လွတ်လပ်မှုရှိမှ ငြိမ်းချမ်းမှုရမယ်၊ လွတ်လပ်စွာ   တွေးရဲ ရေးရဲဖို့လိုတယ်၊ ပြုမူပြောဆိုသမျှ အပြစ်ကင်းနေရမယ်၊ အတွေးအခေါ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ဖို့လိုတယ်၊ မတွေးရဲ မလုပ်ရဲဖူးဆိုရင် ဘာမှ တိုးတက်မှာ မဟုတ်ပါဘူး၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းတွေက တစ်ခုနဲ့ တစ်ခု အချိတ်အဆက် ရှိတယ်၊ ခွဲခြားလို့ မရဘူး၊ ငြိမ်းချမ်းခြင်းဆိုတာကို လိုချင်ရင် မေတ္တာစိတ်၊ ကိုယ်ချင်းစာနာစိတ် ထားတတ်ဖို့ လိုတယ်၊ လူအချင်းချင်း သဘောထားကိုလည်း ငြိမ်းချမ်းစွာ ကွဲလွဲသင့်ပါတယ် ” ဆိုပြီး လွတ်လပ်မှုကို အဓိပ္ပါယ်ဖွင့် ဆွေးနွေးသွားအပြီးမှာ ဆရာမြေမှုန်လွင်က ဆက်လက်ပါဝင် ဆွေးနွေးခဲ့ပါတယ်။
ဆရာမြေမှုန်လွင်မှဆွေးနွေးနေစဉ်
ဆရာမြေမှုန်လွင်က “   လွတ်လပ်ခြင်းဆိုတာ ဒီလိုမျိုး စင်ပေါ်ကနေပြီးတော့ လွတ်လပ်ခွင့် ပေးပါတော့လို့ တောင်းဆိုရမယ့် အယူအဆမျိုး၊ တိုက်ပွဲဝင် ရယူရမယ့် ကိစ္စမျိုးမဟုတ်ပါဘူး လွတ်လပ်ခြငးဆိုတာ မွေးလာထဲက ကိုယ်နဲ့အတူ ပါလာပြီးသားပါ၊၊ အသက်တွေ၊ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ၊ ဘာသာရေးတွေ ကွဲခြားပြီး၊ မင်းတို့ တိုင်းပြည် လွတ်လပ်တယ်… ငါတို့ တိုင်းပြည် မလွတ်လပ်ဘူးလို့လဲ ငြင်းနေစရာမလိုပါဘူး၊ တစ်စုံတစ်ရာသော   ကြောက်ရွံ့မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ မျှော်ကိုးမှုကြောင့် မဟုတ်ပဲ လွတ်လပ်စွာ နေရဲ ပြောရဲရမယ်၊ အဲ့ဒါ လွတ်လပ်မှု အစစ်ပဲ” လို့ သူ့ အမြင်ကို တင်ပြသွားခဲ့ပါတယ်။
ဆရာမ မသီတာ(စမ်းချောင်း)က တဖန် ၀င်ရောက် ဆွေးနွေးရာမှာ “ တကယ်တမ်း လွတ်လပ်မှုဆိုတာဟာ တစ်စုံတစ်ယောက်ရဲ့ ထိမ်းချုပ်မှုအောက်က လွတ်လပ်တာမျိုးမဟုတ်ပဲ၊ ကိုယ်ကိုတိုင် ရယူလိုတဲ့ မျှော်ကိုးချက်ပါတဲ့ ဆန္ဒကတိ၊ နောက်.. ဒီလိုလုပ်လိုက်ရင် ဒီလိုအန္တရာယ်များ ဖြစ်သွားမလားဆိုတဲ့ ကြောင့်ကျနေရတဲ့ ဘယာကတိ ၊ နောက်တစ်ခုကတော့ ဒါ.. ဒီလိုမျိုး ပေါက်ကွဲလိုက်တော့မှ၊ အားအင်သုံးပြီး ကျော်ကြားအောင် လုပ်လိုက်တော့မှ ဆိုတဲ့ ဒေါသကတိ၊ နောက်ပြီး တကယ့် လွတ်လပ်မှု အစစ်အမှန်ဆိုတာ ဘယ်သူ့ ထိမ်းချုပ်မှုကိုမှ တွန်းလှန်တာမဟုတ်ပဲ ကိုယ့်အတွေးဟောင်းထဲမှာ ကိုယ်ပိတ်မိနေတာကိုပဲ မခံမှ ဖြစ်မယ်ဆိုတဲ့ မသိတဲ့ မောဟကတိ၊ အဲ့ဒီ့ အကတိတွေအားလုံး ကင်းမှသာ လွတ်လပ်မှု အစစ်အမှန်ဖြစ်မယ်ဆိုတာ အားလုံးသိကြမှာပါ ” လို့  ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
ဆရာလင်းသိုက်ညွန့်မှ ဆွေးနွေးနေစဉ်
အဲ့ဒီနောက် ဆရာလင်းသိုက်ညွန့်မှ “ လွတ်လပ်မှုကို တည်ဆောက်နေတဲ့ အဆင့်တစ်ခုမှာ လွတ်လပ်မှုကို မတည်ဆောက်ခင် အရင်ဆုံး အဲ့ဒီနိုင်ငံရဲ့ Man Power နဲ့ Education System ကို အရင် တည်ဆောက်ရပါတယ်၊ လွတ်လပ်မှုက တောင်းဆိုရမယ့် အရာမဟုတ်ဘူး၊ လွတ်လပ်မှုက ကိုယ်တိုင် တည်ဆောက်ယူမှ ရမယ့် အရာဖြစ်တယ်၊ တည်ဆောက်တဲ့အခါမှာလည်း Raw-Material ဖြစ်တဲ့ ပညာအခြေခံတွေ လိုအပ်ပါတယ်၊ ပညာရေးအခြေခံမရှိတဲ့ တိုင်းပြည်ဟာ လွတ်လပ်မှု အစစ်အမှန်ကို မရရှိနိုင်ပါဘူး၊ ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ ဒီမိုကရက်တစ်စံနစ်ကို သွားနေတဲ့ ကမ္ဘာပေါ်က  ထွန်းသစ်စ ဒီမိုကရေစီနိုင်ငံ တစ်ခု ဖြစ်ပါတယ်၊ ပြည်သူလူထုက လွတ်လပ်မှုကို အခု ချက်ချင်းရချင်တယ်၊ အစိုးရက လွတ်လပ်မှုကို တစ်ဆင့်ပြီးတစ်ဆင့် ချပြသွားချင်တယ်၊ အဲ့ဒါ လက်ရှိ ပြည်သူနဲ့ အစိုးရကြားက ဖြစ်နေတဲ့ အဖြစ်အပျက်ပါ၊ ဘယ်လိုပဲ တည်ဆောက်စေဦးတော့ စစ်မှန်တဲ့ လွတ်လပ်မှုတွေနဲ့ ပြည့်စုံတဲ့ ပညာအခြေခံတွေနဲ့ ဆောက်တည်ထားတဲ့ အခြေခံအုတ်မြစ်တော့ ရှိမှ ဖြစ်ပါမယ်၊ ဒါမှ အောင်မြင်ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်မယ် ” ပညာရေး ရှုထောင့်အမြင်ကနေ ၀င်ရောက်လို့   ဆွေးနွေးပေးသွားပါတဲ့အခါမှာ လက်ခုပ်သံများ ညံခဲ့ပြန်ပါတယ်။
ဆရာမယုယမှ ပါဝင်ဆွေးနွေးစဉ်
ဆရာမယုယ အလှည့်မှာတော့ လူငယ်ပီပီ  “ ဒီစင်ပေါ် တက်ထိုင်နေရထဲက စိတ်က မလွတ်လပ်တော့ဘူး၊ အခု တိုင်းပြည်အခြေအနေအရ နိုင်ငံခြားပဲ သွားရင် ကောင်းမလား၊ နိုင်ငံရေးပဲ လုပ်ရင် ကောင်းမလား၊ ဒီမှာပဲ ရှာဖွေရင် ကောင်းမလားနဲ့ လွတ်လပ်လာတဲ့အပေါ်မှာ ရွေးချယ်ရ ခက်နေတယ်၊ လွတ်လပ်မှုတွေ ရပြီဆိုပေမယ့် လွတ်လပ်မှုအပေါ်မှာ မှန်ကန်တဲ့ တောင်းဆိုမှုပဲ ဖြစ်သင့်တယ်၊ လူကြီးတွေဘက်ကလဲ ပြန်ပေးတဲ့အခါ ဘယ်လိုပေးမှာလဲ၊ တကယ့် လွတ်လပ်မှုကို ပေးမှာလား၊ လူငယ်တွေ အကုန်လုံးက မျှော်လင့်နေကြပါတယ်၊ စာပေနဲ့ ပတ်သက်ပြီး ပြောချင်သေးတယ်၊ အခုခေတ်က ၀တ္တုရယ်၊ ကဗျာရယ်၊ အက်ဆေးရယ်၊ ဆောင်းပါးရယ်၊ စာညွန့်ရယ်ဆို မခွဲခြားတော့ဘူး၊ အက်ဆေးဆန်တဲ့ ၀တ္တုလဲဖြစ်မယ်၊ အက်ဆေးဆန်တဲ့ ကဗျာလဲဖြစ်ချင်ဖြစ်မယ်၊ တဖြည်းဖြည်းနဲ့ ကြားမှာ တားထားတဲ့ စည်းတွေ မှိန်လာတယ်၊  ခွဲခြားမနေတော့ဘူး၊ ဥပမာ – တစ်နေ့က ဆရာမြေမှုန်လွင်က ဖုန်းဆက်တယ်၊ သူ့ဖုန်းက ဂွီဂွီဂွမ်ဂွမ်နဲ့၊ လွတ်ပြီ..လွတ်ပြီဆိုတော့.. ပြောတာကို သိလိုက်ချိန်မှာ အရမ်းပျော်သွားတယ်၊ ဒါ တကယ်တော့ သတင်းပဲ၊ ဒါပေမယ့် သတင်းကနေ ပျော်ရွှင်ကြည်နူးစေတဲ့ ရသကို ရလိုက်တယ်၊ ဒါကြောင့် သုတမှာ ရသမပါဘူး ပြောလို့မရဘူး၊ သုတဆိုတဲ့ သတင်းတွေမှာလဲ ရသပါနေတယ်၊ ဒါကြောင့် ရသ၊ သုတဆိုပြီးတော့ စည်းတွေ မခြားသင့်တော့ပါဘူး၊  သတင်းတွေမှာလည်း ရသတွေ ပါပါတယ်၊ ဒါဟာ ရသ၊ သုတ၊ အက်ဆေးနဲ့ ကဗျာတို့ကြားက စည်းလုံးညီညွတ်မှုပါဘဲ။ ရတုပဲရေးနေခဲ့ရင် ရကန်လည်း ပေါ်လာမှာ မဟုတ်ပါဘူး၊ ဒီတော့ လူငယ်တွေ မိမိရင်ထဲက ခံစားချက် အစစ်အမှန်တစ်ခုကိုသာ ချရေးလိုက်ကြပါ၊ စာဖတ်သူက လက်ခံမယ်ဆိုရင် ဖန်တီးထားသမျှ အနုပညာ ပစ္စည်းမြောက်ပါတယ်…” လို့ စိတ်ထဲက စကားလုံးတွေကို လွတ်လွတ်လပ်လပ် ကျဲချပြသွားခဲ့ လူငယ်ပရိသတ်ရဲ့ လက်ခုပ်သံတွေ ရရှိခဲ့ပါတယ်။
“ ကျွန်မ နိုင်ငံတကာ စာပေဆွေးနွေးပွဲတွေ သွားတက်တုန်းက အဲ့ဒါ ကဗျာလား၊ ၀တ္တုလား၊ စာတမ်းလားဆို ပရိသတ်က မေးတာခံခဲ့ရပါတယ်၊ It’s my writing ဆိုတဲ့ အဖြေက လွဲလို့ ကျွန်မမှာ အဖြေမရှိခဲ့ပါဘူး၊ အနုပညာလွတ်လပ်မှုမှာ ပုံသဏ္ဍန်တောင် သတ်မှတ်လို့ မရလောက်အောင် လွတ်လပ်စွာ  ဖန်တီးနိုင်တယ်ဆိုတာ အလေးအနက် ထောက်ခံပါတယ်…” လို့  ဆရာမ မသီတာ(စမ်းချောင်း)က ဆရာမယုယရဲ့ ဆွေးနွေးချက်အပေါ် ဖြည့်စွက် ဆွေးနွေး ပြန်ပါတယ်။
ဆရာမ လင်းစက်နွယ်မှ ဆွေးနွေးနေစဉ်
အဲ့ဒီနောက် ဆရာမ လင်းစက်နွယ်က “ လွတ်လပ်မှုမှာကိုက အတိအကျ အဓိပ္ပါယ် ဖွင့်ဆိုလို့ မရပါဘူး၊ ပြောရမယ်ဆိုရင်တော့ လွတ်လပ်မှုက အချုပ်အနှောင်ကင်းခြင်းပါ၊ ခုန ကိုဘုန်းဦးမော် ပြောသွားခဲ့သလို လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာပဲ ချုပ်နှောင်လို့ရပါမယ်၊ သူ့စိတ်တွေကိုတော့ ဘာနဲ့မှ ထိမ်းချုပ်လို့ မရပါဘူး၊ အတားအဆီး အပိတ်အပင်ကြားထဲမှာ အနုပညာ မရှင်သန်နိုင်ဘူး၊ လူတိုင်း လူတိုင်းဟာ မွေးရာပါ အခွင့်အရေးအရ နိုင်ငံရေး လုပ်နိုင်ခွင့်ရှိတယ်၊ နောက်… ကျွန်မသီချင်းဆိုတာ ၀ါသနာပါတယ်၊ ဒါပေမယ့် ကော်ပီသီချင်းတွေ ကျွန်မ အားမပေးဘူး၊ မူရင်း အနုပညာရှင် ဖန်တီးထားတာကို အခုလို ကော်ပီလုပ်နေတာ ကာယကံရှင်တွေ သိမှသိရဲ့လား၊ အဲ့ဒီတော့ ကျွန်မ ကော်ပီအားမပေးဘူး၊ ရှက်စရာလို့ မြင်တယ်၊ ကိုယ်ပိုင်အနုပညာ ဖန်တီးခြင်းသည်သာ လွတ်လပ်မှု အစစ်အမှန်ဖြစ်တယ်၊ အနုပညာရှင်တွေ အားလုံး လွတ်လပ်မှုရဲ့ ဘောင်ထဲမှာ၊ ကိုယ်ပြောတဲ့ ၊ ကိုယ်ဖန်တီးတဲ့အရာတွေအတွက် တာဝန်ယူရဲတဲ့ စိတ်ရှိစေချင်ပါတယ် “ လို့ ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
အလွှာအသီးသီးမှ တက်ရောက်လာကြသူများ
ကြားဖြတ် အစီအစဉ်အနေနဲ့ Htoo Family International Trading Co., Ltdမှ Mr. Back Samနှင့် မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထူးမှ   HIV/AIDS ဝေဒနာရှင်များအတွက် အလှူငွေ အမေရိကန်   ဒေါ်လာနှစ်သောင်းကို HIV Sectionမှ ဒေါ်ဖြူဖြူသင်းသို့   ပေးလှူပါတယ်။ ဒေါ်ဖြူဖြူသင်းမှ ဂုဏ်ပြု မှတ်တမ်း ပြန်လည်   ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါတယ်။
အလှူရှင်များသို့ ဂုဏ်ပြုမှတ်တမ်းပေးအပ်စဉ်
အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)မှ ၀င်ရောက်ဆွေးနွေးလိုသူ၊ ဒါမှမဟုတ် မိမိဖန်တီးထားတဲ့ အနုပညာရပ်များကို ချပြလိုသူများကို ဖိတ်ခေါ်ပါတယ်လို့ ပြောချိန်မှာ၊ မြသွေးနီမှ ၁၉နှစ်အရွယ်၊ ၁၉၉၀ ခုနှစ်နောက်ပိုင်း စာပေလွတ်လပ်ခွင့်တွေ တင်းကြပ်ခဲ့စဉ် ကလောင်သစ် တစ်ချောင်းအနေနဲ့ မွန်းကြပ်ခဲ့စဉ် ကာလများက ပေဖူးလွှာမဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခြင်းခံခဲ့ရတဲ့ “ ကဗျာသည်မ၏သက်ပြင်း” ဆိုတဲ့ ကဗျာလေးကို အမှတ်တရ ရွတ်ဖတ်ပါတယ်။
ဓာတ်ပုံကို  အလင်းတန်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။

အဲ့ဒီနောက် ဘလော့ဂါနေဘုန်းလတ်က “ စင်ပေါ်မှာရှိတဲ့ ဆရာဆရာမ (၆)ယောက်လုံးကို မေးချင်တာရှိပါတယ်၊ အားလုံးက လွတ်လပ်မှုကို လိုချင်တယ်၊ လွတ်လပ်မှုကို ရအောင်ယူမယ်ပြောသွားကြတယ်၊ ကျွန်တော်   မေးချင်တာက စာရေးဆရာ၊ စာရေးဆရာမတွေက စာတွေထဲမှာ စာဖတ်သူတွေကို လွတ်လပ်မှု မပေးပဲ၊ သူတို့ ပြောချင်တာတွေပဲ နားထောင်သွားရတယ်၊ နောက်ဆုံး ဇာတ်သိမ်းခန်းမှာ သူတို့ ပြောချင်တာတွေနဲ့ပဲ ပြီးသွားရတယ်၊ ဒီတော့ ဒီ(၆)ယောက်လုံးက စာဖတ်သူတွေကိုရော ရေးထားတဲ့ စာတွေအပေါ် ဘယ်လို လွတ်လပ်ခွင့် ပေးထားခဲ့လဲဆိုတာ သိချင်ပါတယ် ”လို့ စင်ပေါ်က စာရေးဆရာများကို ပြန်လည် မေးခွန်းထုတ်ပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဘလော့ဂါ နေဘုန်းလတ်
ဆွေးနွေးပွဲက တကယ့်ကို မြိုင်ဆိုင်ပြီး အရှိန်ရလာပါပြီ။ ပရိသတ်တွေကလည်း ဆွေးနွေးမှုများအပေါ် စိတ်ဝင်တစား နားထောင်နေကြဆဲ။
ဆရာမ ခင်သန္တာက ပြန်လည် ဆွေးနွေးရာမှာ “ ဟုတ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်မ ဆောင်းပါးပဲ ရေးရေး၊ ၀တ္တုပဲရေးရေး အဆုံးသတ်မှာ စာဖတ်သူ လွတ်လပ်စွာ တွေးနိုင်ဖို့ ချန်ထားခဲ့ပါတယ်၊ ဥပမာ.. ဆားကို ကိုင်သူလို၊ ကျွန်မလက်မှာ ဒဏ်ရာရှိရင် စပ်မှာပေါ့၊ ဒဏ်ရာမရှိရင် မစပ်ဘူးပေါ့၊ စာဖတ်သူကို လွတ်လွတ် လပ်လပ် တွေးယူစေချင်ပါတယ်” လို့ ပြန်လည် ဆွေးနွေးသွားပါတယ်။
ပဲ့ကိုင်ရှင် ဦးဝင်းငြိမ်းနှင့် မသီတာ(စမ်းချောင်း)
ဆရာဟန်ဆန်းက သူ့အမြင်ကို ၀င်ရောက် ဆွေးနွေးရာမှာ “ ဆရာမင်းလူ ပြောခဲ့ဘူးတဲ့ စကားတစ်ခွန်းရှိပါတယ်၊ စာဖတ်သူဆိုတာ ကိုယ်ကရေးမှ ဖတ်ရတဲ့ သနားစရာ လူတန်းစား မဟုတ်ဘူးတဲ့၊ အဲ့ဒါကို အရမ်း သဘောတွေ့ပါတယ်၊ ကျွန်တော်ရေးသမျှ စာတွေထဲမှာ ကျွန်တော် ခံစားရသမျှ ရေးထားတာပါ၊ ပညာပေးတာတွေ မပါပါဘူး၊ စာဖတ်သူတွေက ကျွန်တော်တို့ကို အကဲဖြတ်ပေးနေသူ၊ စင်တင်ပေးနေသူတွေပါ၊ ဒါကြောင့် စာဖတ်သူတွေကို လေးစားပါတယ်၊ စာဖတ်သူတွေက ပြန်ပြီး မှတ်ချက်ပေးပါ၊ အကဲဖြတ်ပေးပါ ” လို့ ဆွေးနွေးသွားပါတယ်။
ဆရာမ မသီတာ(စမ်းချောင်း) က ၀င်ရောက်ဆွေးနွေးရာမှာ “ ကျွန်မတို့ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ မူချမှတ်ထားပါတယ်၊ စာဖတ်သူလူငယ်များ ကိုယ်တိုင်ပါဝင် ရေးသားနိုင်ခွင့်ဖြစ်ပါတယ်၊ မဂ္ဂဇင်းရဲ့ သုံးပုံတစ်ပုံဟာ သူတို့တွေအတွက် ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ စာဖတ်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ စာရေးသူတိုင်းမှာ တာဝန်ရှိပါတယ်၊  စာဖတ်သူများရဲ့ အခွင့်အရေးအတွက် ကျွန်မတို့ စာရေးကြရတာပါ ” လို့ စာရေးသူတစ်ယောက်အနေနဲ့ ခံယူချက်ကို ပြောပြသွားပါတယ်။
( လွတ်မြောက်လာသူများ၊ ပရိသတ်များနဲ့ စာရေးဆရာများမှ စိတ်ဝင်စားဖွယ်ရာ ဆက်လက် ဆွေးနွေးခဲ့တာများကို အပိုင်း-၂မှာ ဆက်လက် ဖတ်ရှုပေးစေချင်ပါတယ်)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...