Image Source: google
အဖြစ်က ကျွန်မက စတင်ခဲ့တာပါ။
အဲ့ဒီနေ့က overseas က ရောက်နေတယ်ဆိုတဲ့ ကျွန်မရဲ့ဧည့်သည်နဲ့ အတူ customer တစ်ဦးဆီ သွားတွေ့ပါတယ်။ ကျွန်မရဲ့ ရုံးက ညီမလေးက ကျွန်မအတွက် ဧည့်သည် ရောက်နေစဉ်၊ နေ့စဉ် သွားတွေ့ရမယ့် appointmentတွေကို ထောင့်စေ့ အကွက်စေ့ ကြိုတင် တောင်းယူ စီစဉ်ထားပြီးသားပါ။ အဲ့ဒီက အပြန်မှာ နောက် customerတစ်ဦးနဲ့ တွေ့ဖို့ appointment လုပ်ထားတဲ့ အချိန်က ၄၅မိနစ်လောက် ကြားမှာ ဟနေပါတယ်။ အမှန်က စောစောက တွေ့ခဲ့တဲ့ customerက အရေးပေါ် ကိစ္စနဲ့ အပြင် ထွက်စရာ ရှိလာတော့ ကျွန်မတို့ကို တောင်းပန်ပြီး စကား စောစောဖြတ် လိုက်လို့ အခုလို ကွက်တိ စီစဉ်ထားတဲ့ ကြားထဲက အချိန်တွေ ပိုလာရတာပါ။ ကြားထဲမှာ နောက်တစ်ယောက် အစားထိုး သွားတွေ့ဖို့ကလဲ လွယ်လွယ်ကူကူ မဖြစ်နိုင်၊ ထမင်း စားပြီးကာစလဲဖြစ်နေ၊ နောက် appointment တစ်ခု မတိုင်ခင် တခြား ဘယ်နေရာမှလဲ မသွားချင်တော့ ဧည့်သည်နဲ့ ကျွန်မ ကားပေါ်မတက်နိုင်သေးပဲ နာရီဝက်လောက် အချိန်ကို ဘယ်နားမှာ သွားဖြုန်းရင် ကောင်းမလဲ တိုင်ပင်ကြပါတယ်။ နောက်ဆုံး ကျွန်မကပဲ လွယ်လွယ်ကူကူနဲ့ မျက်စောင်းထိုး တဖက်လမ်းမှာရှိနေတဲ့ နာမည်ကြီး စူပါမားကက်မှာ တပေါင်းနွေရဲ့ အပူရှိန်ကို ခေတ္တခဏ ၀င်ခုခံဖို့ ဆုံးဖြတ်လိုက် ပါတယ်။ ဧည့်သည်ကလဲ လူငယ်တစ်ဦး ဖြစ်တာမို့ ကျွန်မ အစီအစဉ်ကို လက်ခံလိုက်ပါတယ်။
အခုလို စူပါမားကက်ထဲ Shopping ထွက်ဖို့ အစထဲက အစီအစဉ်မရှိလေတော့ ကျွန်မတို့ အပေါ်ထပ်တောင် မတက်တော့ပဲ အောက်ထပ်မှာပဲ စားသောက်ကုန်တွေနားမှာပဲ window shopping လုပ်နေမိပါတယ်။ ဧည့်သည်က အအေးဗူးတွေထားတဲ့ ကောင်တာနား ရောက်တော့ သူ့တို့ တိုင်းပြည်က ဈေးနှုန်းနဲ့ ကျွန်မတို့ဆီက ဈေးနှုန်း သိပ်ကွာခြားမှု ရှိမရှိ တွက်ပြပါတယ်။ နောက် အသီးအနှံတွေ၊ ကြက်ဥတွေ ထားတဲ့ ကောင်တာနား ရောက်တော့ သူတို့ဆီက ကြက်ဥအခွံတွေက ဒီမှာလို မဟုတ်ပဲ အရောင်က ဖြူဖွေးနေတယ်လို့ ပြောပြပါတယ်။ တကယ်တော့ ကျွန်မတို့ဟာ ရည်ရွယ်ချက် မရှိပဲ အချိန်ခဏ ဖြုန်းယုံအတွက် ဒီကိုရောက် လာလေတော့ ဟိုကြည့်သည်ကြည့်နဲ့ စိတ်ထဲ မြင်ရာ၊ တွေ့ရာတွေကို ပြောနေမိကြတာပါ။
အဲ့ဒီအချိန်မှာ ကျွန်မက Name Card ထည့်ဖို့ Card Holder တစ်ခုဝယ်ဖို့ သတိရလိုက်မိပါတယ်။ ဒါနဲ့ပဲ စာရေးကရိယာ ရောင်းတဲ့ ကောင်တာဘက်ကို ဧည့်သည်နဲ့အတူ ဦးတည်လာခဲ့မိပါတယ်။ အဲ့ဒီမှာ ပြဿနာက စတော့တာပါဘဲ။ ပစ္စည်းတင်တဲ့ ဆင့်တွေတစ်ခုနဲ့ နောက်ဆင့်တစ်ခုကြား လူသွားလမ်းလေးတွေက ကျဉ်းမြောင်းလွန်းလှပါတယ်။ ပုခုံးလေးကျုံ့ ကိုယ်လေးကို ယို့လို့ တစ်ဦးနဲ့တစ်ဦး ပွတ်ကာသီကာ ရှောင်သွားရပါတယ်။ အဲ့ဒီမှာ တဖက်က စာရေးကရိယာ ပစ္စည်းတွေထားတဲ့ အခြမ်းဖက်ကို အကူး၊ မျက်နှာချင်းဆိုင်ကလာတဲ့ အဖွားကို လမ်းဖယ်အပေးမှာ ကျွန်မလွယ်ထားတဲ့ ဆလင်းဘက်ဂ်အိတ်က စင်အစွန်းမှာ တင်ထားတဲ့ ဖန်ထည် တီးဆက်တစ်စုံနဲ့ ငြိမိပြီး ခွပ်ခနဲ ကျကွဲပါတော့တယ်။ အနောက်က ကပ်ပါလာတဲ့ ကျွန်မရဲ့ ဧည့်သည်လဲ ” အိုးမိုင်ဂေါ့ဒ် ” အော်ပြီး ကျွန်မကို ပြူးကြည့်ပါတယ်။ ကျွန်မက “ငါတော့ ထီပေါက်ပြီဟေ့ ” လို့ ပြော လိုက်မိတယ်။
ဧည့်သည်ရှေ့မှာမှ ဒီလိုဖြစ်ရလို့ ကျွန်မ ရုတ်တရက် ထူပူသွားမိပါတယ်။ ရှက်လဲ ရှက်သွားမိပါတယ်။ ဒါနဲ့ ခပ်သွက်သွက်လေး တီးဆက်အကွဲကို လက်က ကိုင်လို့ ငွေရှင်းကောင်တာကို ထွက်လာခဲ့ပါတယ်။ ဧည့်သည်က “ သူတို့ နေရာထားတာ လွဲမှားနေတယ်၊ ဒီလို ကွဲရှတတ်တဲ့ ပစ္စည်းမျိုးဆိုတာ အစွန်အဖျား နေရာတွေမှာ မထားသင့်ဘူး၊ အတွင်းဖက်မှာ၊ အလယ်နေရာမှာ ထားသင့်တယ်၊ မင်း ၀င်မတိုက်မိလဲ တခြား တစ်ယောက်က ၀င်တိုက်မိမှာဘဲ၊ ငါပြောရဲတယ်၊ ဟိုမှာ ကျန်ခဲ့တဲ့ ဖန်ထည်ငန်းရုပ်၂ကောင်လဲ သိပ်မကြာခင် ကျကွဲလိမ့်မယ်” လို့ ကျွန်မ အနောက်က လိုက်ပါ လာရင်းနဲ့ ပြောနေပါတယ်။ ကျွန်မက “ မဟုတ်ဘူး၊ ငါကိုယ်တိုင်ကိုက အမှုမဲ့ အမှတ်မဲ့မို့ ဖြစ်ရတာပါ” လို့ ခပ်ရှက်ရှက်နဲ့ ပြောနေမိတာ။ အဲ့ဒီ ကောင်တာရဲ့ တာဝန်ကျ အရောင်း မိန်းကလေးကတော့ ကျွန်မတို့ အနောက်က ထပ်ချပ်မကွာ လိုက်လာတယ်။
အမှန်က ကျွန်မက ဒီ တီးဆက်တစ်စုံရဲ့ ကျသင့် တန်ဖိုးကို ပေးချေဖို့ ငွေရှင်းကောင်တာကို ထွက်လာခဲ့တာပါ။ ဒါပေမယ့် ဖြစ်ချင်တော့ ကောင်တာပေါ်မှာ တီးဆက်အကွဲကို တင်လဲ တင်လိုက်ရော ငွေကိုင် မိန်းကလေးဆီက “ဟင်… ထပ်ဖြစ်ပြန်ပြီလား ” ဆိုပြီး အရောင်းတာဝန်ခံ မိန်းကလေးကို လှမ်းမေးလိုက်တာကို မထင်မှတ်ပဲ ကျွန်မ ကြားလိုက်ရပါတယ်။ ဒါနဲ့ ကျွန်မလည်း “ ဒီလိုကွဲဘူးတယ်ပေါ့.. ဒါဆို ” လို့ မေးခွန်း ချက်ချင်း ထုတ်လိုက်မိပါတယ်။ တာဝန်ခံ မိန်းကလေးရော၊ ငွေကိုင် မိန်းကလေးပါ မျက်နှာမကောင်းလျှက်က ကျွန်မရဲ့မေးခွန်း အပေါ်မှာ နှုတ်ဆိတ်နေ ကြပါတယ်။
ဒါနဲ့ ကျွန်မက မန်နေဂျာကို ဆက်သွယ်လို့ ရမယ့် ဖုန်းရှိလားလို့ မေးလိုက်တော့ ငွေကိုင် မိန်းကလေးက “ အစ်မက မန်နေဂျာကို ဖုန်းဆက်ပြီး ငွေမရှင်းနိုင်ဘူး ပြောရင် မန်နေဂျာက အစ်မတို့ကိုတော့ ဘာမှ ပြောမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကွဲသွားတဲ့ ပစ္စည်းတန်ဖိုးကို လိုင်းတာဝန်ခံက ဆိုက်လျော်ရမှာ” လို့ တာဝန်ခံ ကောင်မလေးကို မေးကလေး ထိုးလို့ မျက်နှာငယ်ငယ်လေးနဲ့ ပြောလာပါတယ်။ တာဝန်ခံ ကလေးမကလဲ ခေါင်းပင်မဖော်၊ ကြွေပြားခင်းကြမ်းပြင်ကိုသာ သည်းသည်းမည်းမည်း ကြည့်လို့။
ဒါနဲ့ ကျွန်မလဲ မသက်မသာ ပြုံးမိလျှက်က ..
” ဒီမှာညီမ… အစ်မက ကျသင့်တဲ့ တန်ဖိုးငွေ အားလုံးကို အခုပဲပေးမှာပါ၊ ဒါပေမယ့် မန်နေဂျာကိုတော့ ပြောချင်တာလေးရှိ နေမိလို့ပါ၊ ဒါပေမယ့် အစ်မမှာ ဧည့်သည်လဲ ပါနေတော့ အချိန်လဲမရတော့လို့ အစ်မ မပြောတော့ပါဘူး၊ ညီမတို့ကိုပဲ တစ်ခုတော့ ပြောခဲ့ချင်တယ်၊ ဒီကြွေထည် ဖန်ထည် ပစ္စည်းတွေဟာ ညီမတို့ အခု ထားထားတဲ့ ထောင့်စွန်းနေရာနဲ့ လုံးဝမှ မသင့်တော်လို့ နေရာရွှေ့ထားစေချင်တယ်၊ မဟုတ်ရင် နောက်လူတွေလဲ အစ်မလိုပဲ အလားတူ ကြုံနေရမှာမို့လို့ပါ “
ဒီတော့မှ ကောင်မလေးနှစ်ယောက်လုံး စိတ်သက်သာရာ ရသွားပုံနဲ့ ” ဟုတ်ကဲ့.. စိတ်ချပါ အစ်မ ” လို့ ပြိုင်တူပြောပါတယ်။ ကျသင့်ငွေရှင်းပြီး ကျွန်မ တို့ ထွက်လာတော့ လမ်းမှာ ဧည့်သည်က “ သူတို့ကို ဘာတွေပြောခဲ့တာလဲ ” လို့ မေးလာပါတယ်။ ကျွန်မက “မန်နေဂျာနဲ့ ဖုန်းပြောခွင့်တောင်းတာပါ၊ ဒါပေမယ့် အချိန်လဲမရလို့၊ နောက်ပြီး ကျွန်မတို့ သွားစရာလဲ ရှိနေသေးတယ်၊ ရှင်လဲပါနေလို့ မပြောချင်တော့ပါဘူး” လို့ ပြောလိုက်တော့ ဧည့်သည်က သိချင်စိတ် မကုန်သေးပုံနဲ့ “ မန်နေဂျာကိုသာ ပြောခွင့်ရရင် မင်း ဘာပြောမလဲလို့ သိချင်တယ်” ဆို မေးလာပါတယ်။
ကျွန်မ မန်နေဂျာကို ပြောမယ့်စကား သူ့ကို ပြောပြလိုက်တော့ သူက သိပ်မှန်တာပေါ့လို့ ပြောရင်း ပြုံးလျှက်က ကျွန်မကို လက်မနှစ်ချောင်း ထောင်ပြ လိုက်ပါတယ်။ ကျွန်မပြောလိုက်တာကတော့ ..
“လူကြီးမင်းရဲ့ Super Marketမှာ ပစ္စည်းတွေရော ၀န်ထမ်းတွေပါ နေရာလွဲနေတယ်၊ သူတို့ကို သူတို့နဲ့ လိုက်လျှောညီထွေ ရှိမယ့် နေရာတွေမှာ မှန်မှန်ကန်ကန် နေရာချပေးဖို့ စီစဉ်သင့်တယ် ”
ဒါလေးက နမူနာလေး တစ်ခုပါဘဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလဲ အခုလို နေရာလွဲမှားနေတဲ့ အရာတွေ တပုံကြီးပါဘဲ။ နေရာတွေ လွဲမှားနေတော့ အံဝင်ခွင်ကျမဖြစ်၊ အံဝင်ခွင်ကျ မဖြစ်တော့ ဘယ်လောက်ပဲ ကောင်းတာတွေ လုပ်ပြလုပ်ပြ အရာမထင်တော့ပါဘူး။ အရည်အသွေးတွေကလဲ လက်ရှိထက် ပိုထူးပြီး ထွက်မလာတော့ပါဘူး။ ဒီတော့ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ် အံဝင်ခွင်ကြ လူမှန်နေရာမှန် ရှိနေကြရင် မကောင်းပါလားရှင်။
ကျွန်မကတော့ အခါအခွင့်သင့်ရင် နောက်ထပ်တစ်ကြိမ် ဒီ Super Marketရဲ့ ကြွေထည်၊ ဖန်ထည်ပစ္စည်း အရောင်းကောင်တာကို ဘာတွေများ အပြောင်းအလဲလေးတွေ လုပ်ထားပြီလဲလို့ သွားရောက် ကြည့်ရှုချင်မိပါရဲ့။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com