" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ သမိုင်း ကုန်းဘောင်ခေတ် သမ္မတဟောင်း တဦး Myanmar History Old President

၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာပြည် လွတ်လပ်ရေး ရသော အခါ သမ္မတ ဖြစ်သူမှာ ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်သည်။ သို့သော် စ၀်ရွှေသိုက်ကို ယာယီ သမ္မတ ဟုသာ ဆိုကြသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ ထားသဖြင့် ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပပြီးသော အခါ လွှတ်တော်ခေါ်သည်။ နိုင်ငံတော် သမ္မတ ရွေးချယ်ရန် ဖြစ်၏။ ဦးဘဦးကို မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။

သို့ကြောင့် သူ့ကို ပထမဆုံး ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဟု ဆိုကြပါသည်။ ဦးဘဦးသည် နှစ်စေ့၍ နိုင်ငံတော် သမ္မတ အဖြစ်မှ အငြိမ်းစား ယူသောအခါ ၁၉၅၉ ခုနှစ်တွင် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ အဖြစ် My Burma (ကျွန်ုပ်၏ဗမာပြည်) ဟူသော စာအုပ်ကို အင်္ဂလိပ် ဘာသာဖြင့် ရေးသား၍ Taplinger Publishing CO.INC.NEW YORK မှ ထုတ်ဝေခဲ့၏။ စာရေးသူ၌ ရှိသော ထိုစာအုပ်ကို ငှားရမ်းသူ တစ်ဦးက ပြန်မပေးသဖြင့် ဆုံးသွားပါသည်။ ငှားရမ်းသူကို သတိမရတော့သဖြင့် ပြန်မတောင်းနိုင်တော့ပါ။

၂၆.၆.၂၀၁၁ တနင်္ဂနွေ နေ့က စာရေးသူသည် ရန်ကုန်မြို့ တပ်မတော် ခန်းမတွင် ကျင်းပနေသော မြန်မာပုံနှိပ် ထုတ်ဝေရေးနှင့် မီဒီယာ ပြပွဲသို့ သွားရောက်ခဲ့ပါသည်။ စာအုပ်အဟောင်း ရောင်းသည့်ဆိုင်တွင် ဦးဘဦး၏ စာအုပ်ကို တွေ့သဖြင့် ၀ယ်ခဲ့ပါသည်။ ယင်းစာအုပ်တွင် ဦးဘဦးက သူ၏ မျိုးရိုးသည် ကုန်းဘောင်ဆက် မင်းသမီး တစ်ပါးမှ ဆင်းသက်သည်ဟု ရေးခဲ့ကြောင်း မှတ်မိနေသည်။ ယခု စာအုပ် ပြန်ဝယ်၍ရမှ သေသေချာချာ ဖတ်ကြည့်ရာ ဤဆောင်းပါး ရေးရန် အကြောင်း ပေါ်ပေါက်လာပါသည်။

ဦးဘဦးစာအုပ်၏ ပထမ အခန်းဖြစ်သော Parentage (မိဘမျိုးရိုး) အခန်း၌ သူ၏ မိဘမျိုးရိုးသည် ကုန်းဘောင်ဆက် ဟင်္သာတ မင်းသမီးမှ ဆင်းသက် လာသည်ဟု ဆိုထားသည်။ သူ ရေးထားသည်ကို အနီးစပ်ဆုံး ဘာသာ ပြန်ပြပါမည်။ မြန်မာတို့တွင် အနောက် နိုင်ငံသားများ ကဲ့သို့ မိသားစု အမည် မရှိချေ တစ်သီး ပုဂ္ဂလ၀ါဒ ဆန်သည်။ ထို့ကြောင့် တစ်ဦးတစ်ယောက် မိသားစု၏ အဆက်အနွယ်ကို အထက်သို့ သုံးဆက်လေးဆက် အထိသာ ဖော်ထုတ် နိုင်ပေသည်။

ကျွန်ုပ်၏ ဖခင်ဘက်မှ အဆက်အနွယ်ကို အဘိုး၏ ဖခင်ဖြစ်သော “ဦးစံမင်း အထိသာ ခြေရာခံ၍ ရသည်။ ဦးစံမင်းသည် ဟသာင်္တ မြို့စား ဖြစ်၏။ မြို့စား ဆိုသည်မှာ ထိုမြို့၏ အခွန်အတုတ်တို့ကို အကျိုး ခံစားရသူ ဖြစ်သည်။ မြန်မာ ဘုရင်များ လက်ထက်တွင် မင်းသားများ၊ မင်းသမီးများ၊ မှူးမတ်နှင့် အရာထမ်း၊

အမှုထမ်းတို့သည်သာ မြို့စား၊ ရွာစားများ ဖြစ်ခဲ့ရသည်။ ကျွန်ုပ်အဘိုး ဦးစံမင်း အကြောင်းကို မှတ်မိ နေသည်မှာ ကျွန်ုပ်၏ ဖခင်သည် သူ့အမည်ကို မကြာခဏ ထုတ်ဖော်တတ်၍ ဖြစ်ပါသည်။

“သား၊ ငါတို့ မျိုးရိုးဟာ ဆွေကြီးမျိုးကြီး ဆိုတာ သိလား။ သူတို့က အထက် မြန်မာနိုင်ငံက ပြေးလာကြတယ်။ မင်းရဲ့အဘိုးနဲ့ သူ့ညီတို့က အခြေအနေ မကောင်းလို့ အောက်မြန်မာပြည်ကို ပြေးလာကြတာ”ဟု ပြောတတ်သည်။ ကျွန်ုပ် ဖခင်က ဘာကြောင့် ပြေးလာသည်ဟု မပြောပါ။ ကျွန်ုပ်ကလည်း ပြန်မမေးမိပါ။ ကျွန်ုပ်တို့ မျိုးရိုး အကြောင်းကိုလည်း မမေးမိပါ။ ကျွန်ုပ် နိုင်ငံတော် သမ္မတ ဖြစ်လာမှ  ကျွန်ုပ်ဘ၀ ဖြစ်စဉ်ကို မြန်မာလူထု သိသင့်သည်ဟု တွေးမိသဖြင့် ကျွန်ုပ်မိသားစု အကြောင်းကို စုံစမ်း ရှာဖွေရတော့သည်။ ကျွန်ုပ်၏ဖခင် ဦးဖိုးလှ၊ ကျွန်ုပ်၏ဦးလေး ဦးဖိုးမြ(ရွှေတိဂုံ ဘုရားဂေါပက)နှင့် ကျွန်ုပ်၏ အဒေါ် ဒေါ်ဒေါ်ရှင်တို့က မြင်းခြံတွင် ကျွန်ုပ်တို့၏ ဆွေမျိုးများ ရှိသည်ဟု ပြောဖူးသဖြင့် ကျွန်ုပ် နိုင်ငံတော် သမ္မတ ဖြစ်မှ အငြိမ်းစား ရဲချုပ် သရေစည်သူ ဦးဘမောင် (K.S.M.T.D.M)ကို စုံစမ်း ခိုင်းရသည်။

မကြာမီပင် မြင်းခြံမှ အောင်တော်မူ ပုံနှိပ်တိုက် ပိုင်ရှင် ဦးဘကျော် (T.P.S) နှင့် အဆက်အသွယ် ရသည်။ သူမှ တစ်ဆင့် မြင်းခြံမြို့၊ ဇေယျသိန် ရပ်မှ ဒေါ်ဂျမ်းနှင့် တွေ့ဆုံရ၏။ ယခင်က ဒေါ်ဂျမ်းကို မတွေ့ဆုံဖူးပါ။ သို့သော် သူ့အကြောင်းကို ကြားဖူးနေပါသည်။ သူက ကျွန်တော်တို့ ဆွေစုမျိုးစု အားလုံး အကြောင်းကို သိသည်။ စစ်မဖြစ်မီက သူ ရန်ကုန်သို့ လာသည့် အခါ ကျွန်ုပ်၏ ဦးလေး ဦးဖိုးမြ အိမ်တွင် တည်းခိုတတ်သည်။ သူက ကျွန်ုပ်၏ အဘိုး ဦးရပို၏ ညီမ ဒေါ်သီ၏ မြေးဟု ဆိုသည်။ ဒေါ်ဂျမ်းက သူ၏ အဘိုးအဘွားများ လက်ထက်မှ အမှတ်အသား စာရွက်စာတမ်းများသည် စစ်အတွင်း ပျောက်ဆုံး ကုန်သဖြင့် ကျွန်ုပ် ရေးသားထားသည့် ဒေါ်ဂျမ်း ပြောသမျှကို ချမပြရဲပါ။

အဘယ်ကြောင့် ဆိုသော် ဒေါ်ဂျမ်း၏ နှုတ်ပြောမျှသာဖြစ်၍ ကျွန်ုပ် ကိုယ်တိုင်က အားလုံး မှန်သည်ဟု အာမ မခံရဲသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်ုပ်၏ မိတ်ဆွေများနှင့် တိုင်ပင်ကြည့် သောအခါ ဒေါ်ဂျမ်း ပြောသမျှ သည် အရေးပါ၍ တစ်ခုနှင့် တစ်ခု ဆက်စပ်မှု ရှိခြင်း၊ အကျိုးသက် ရောက်မှုရှိခြင်း၊ ယုတ္တိရှိခြင်း တို့ကြောင့် ရေးသားပုံနှိပ် ဖော်ပြ သင့်သည်ဟု တိုက်တွန်းကြသည်။ ကျွန်ုပ်ကိုယ်တိုင်ကလည်း ကျွန်ုပ်၏ သားစဉ် မြေးဆက်အား ဒေါ်ဂျမ်း ပြောသမျှ ကျွန်ုပ်၏ မျိုးရိုးကို သိစေ သင့်သည်ဟု ထင်ပါသည်။

ကျွန်ုပ်အဘိုး၏ ဖခင် ဦးစံမင်း(ဟင်္သာတမြို့စား)သည် ဟင်္သာတ မင်းသမီး၏ သားတော် နှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ ဟင်္သာတ မင်းသမီးနှင့် အစ်မတော် ပန်းတောင်း မင်းသမီးတို့သည် ဘုရင့်မြေးတော် မင်းသမီးများ ဖြစ်သည်။ ဘိုးတော်ဘုရား နတ်ရွာ မစံမီ သူ၏မြေးတော် အိမ်ရှေ့မင်းသားကို ပန်းတောင်းမင်း သမီးနှင့် လက်ဆက်ပေးပြီး ဘုရင် ဖြစ်သည့်အခါ မိဖုရားခေါင်ကြီး အရာ မြှောက်ရမည်ဟု ဆိုခဲ့သည်။ သို့သော် မြေးတော် အိမ်ရှေ့မင်းသည် ဘုရင်ဖြစ်သော အခါ အရပ်သူ မယ်နုကို လက်ထပ်ခဲ့သည်။ နောင်အခါ နန်းမတော် မယ်နုဟု တွင်သည်။ ဘကြီးတော်မင်း၏ အချစ်ဆုံး မိဖုရား ဖြစ်သည်။ မယ်နုသည် သူ၏နောင်တော် မင်းသားကြီး အကူအညီဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့လေသည်။ ဘိုးတော် ဘုရား၏ အစီအမံကြောင့် မယ်နု သည် ပန်းတောင်း မင်းသမီးနှင့် ပတ်သက်သမျှကို ကြောက်သည့် အပြင် မင်းသမီးကိုလည်း မုန်းတီးသည်။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် မယ်နုသည် ပန်းတောင်း မင်းသမီးကို သတ်လေသည်။ မကြာမီပင် ဟင်္သာတ မင်းသမီးကိုလည်း သတ်၏။ ဟင်္သာတ မင်းသမီး၏ သားတော်နှစ်ပါး ဖြစ်သော မောင်စံမင်းနှင့် မောင် ရွှေဝတို့ကို မြင်းခြံမှ ဆရာတော် ဦးမာလာက ၀င်ရောက်၍ အသက် ကယ်လိုက်ရသည်။ ဆရာတော်၏ ကျောင်းသို့ ခေါ်ထားပြီး စာသင် ပေးသည်။ ထိုစဉ်က သူတို့သည် ငယ်ရွယ်သည့် ကလေးများသာ ဖြစ်၏။ သူတို့၏ ဖခင်တောင် ထားဝယ်ဗိုလ် မောင်မောင်ဖြူမှာ မည်သို့ ဖြစ်ပွားသည်ဟု မသိရပါ။

သာယာဝတီမင်းသည် သူ၏နောင်တော် (ဘကြီးတော်မင်း) အား နန်းမှ ချသောအခါ နန်းမ တော် မယ်နုနှင့် နောင်တော်မင်း သားကြီးတို့ကို သတ်လေသည်။ မောင်စံမင်းနှင့် မောင်ရွှေဝတို့ ညီ နောင်ကိုလည်း မွေးစားလိုက် သည်။ သူတို့ညီနောင်ကို အခြား ကလေး ၁၀၀ နှင့်အတူ သင်္ကန်း ဆီးပေးလိုက်သည်။ ကြီးပြင်း လာ၍ ရဟန်းဘောင် ကူးပြီးသော အခါမှ လူထွက်စေကာ မောင် စံမင်းကို ဟင်္သာတ မြို့စား အဖြစ် လည်းကောင်း၊ မောင်ရွှေဝကို ပဇာဝမြို့စား အဖြစ် လည်းကောင်း နေမျိုးဇေယျ သီရိမင်္ဂလ ဟူသော ဘွဲ့ဆင်တူနှင့် ချီးမြှင့် မြှောက်စားခဲ့သည်။ သာယာဝတီမင်း လက်ထက်တော်၌ လည်းကောင်း၊ သူ၏ သားတော် ပုဂံမင်း လက်ထက်တော်၌ လည်းကောင်း ဦးစံမင်းနှင့် ဦးရွှေသိ မြို့စား ညီနောင်သည် အေးချမ်း သာယာစွာ နေခဲ့ရသည်။

ဦးစံမင်း မည်သည့် အရွယ်တွင် ကွယ်လွန်သည် ဟူသော မှတ်တမ်းမှတ်ရာ မရှိပါ။ သို့သော် သူသည် မင်းတုန်းမင်း နန်းတက် သည့်အချိန်တွင် သက်ရှိထင်ရှား မရှိတော့ချေ။ မင်းတုန်းမင်းသည် နန်းမတော် မယ်နု၏သမီး(ဆင်ဖြူမရှင် ဖြစ်လာသူ)ကို မိဖုရား မြှောက်သည်။ ထိုမိဖုရား ဓားထက် လာသည်နှင့် ပန်းတောင်း မင်းသမီးနှင့် ဟင်္သာတ မင်းသမီးတို့၏ အဆက် အနွယ်များကို ဒုက္ခ ပေးတော့သည်။ ထို့ကြောင့် ကျွန်ုပ်၏ အဘိုး ဦးရပိုနှင့် သူ၏အစ်ကို ဦးရိုး တို့သည် ကိုရင်ဝတ်ကာ အောက်မြန်မာပြည်သို့ ထွက်ပြေးကြရသည်။

ထိုအချိန်က အောက်မြန်မာ ပြည်သည် ဗြိတိသျှ လက်အောက်တွင် ဖြစ်သည်။ ထို့ကြောင့် ဦးရပို

နှင့် ဦးရိုးတို့ ညီအစ်ကိုသည် ပုသိမ်တွင် ဆန်ကုန်သည် အဖြစ်နှင့် အခြေတကျ နေထိုင်ကြရသည်။ ထိုအချိန်က ပုသိမ်တွင် ရှိသော Merssrs. Bulloh Brothers and Company Limited တွင် ဦးရပို က ပွဲစားကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ ဆန်းစက်ဝင်း အတွင်း အိမ်ရသည်။ သူ၏ အစ်ကို ဦးရိုးကမူ အခြား ဆန် ကုမ္ပဏီ လီမိတက်တွင် ပွဲစားကြီး လုပ်သည်။ ဦးရပိုက ဦးယောက်နှင့် ဒေါ်ကီးတို့၏သမီး ဒေါ်လေးနှင့် လက်ဆက်သည်။ ဦးယောက် သည် ဘကြီးတော်ဘုရား လက်ထက်က အင်းဝတွင် ရေတွင်းဝန် ဖြစ်၏။ သို့သော် သူသည် နန်းမ တော်မယ်နုနှင့် မသင့်မြတ်သဖြင့် မိသားစုနှင့် အတူ ပန်းတနော်သို့ ပြေးလာရသည်။ ပန်းတနော်တွင် တစ်သက်တာ နေထိုင်သွားသည်။ သူ့သမီး ဒေါ်လေးနှင့် ဦးရပိုတို့တွင် သားသမီးများ ထွန်းကား သည်။ အကြီးဆုံးမှာ ကျွန်ုပ်၏ အဒေါ် ဒေါ်ဒေါ်ရှင် ဖြစ်၏။ ဒုတိယ သားမှာ ကျွန်ုပ်၏ ဖခင် ဦးဖိုးလှ ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် ဦးဆိတ်နှင့် ဒေါ်ရိပ်တို့၏ သမီး ဒေါ်ဒေါ်ညွန့်နှင့် လက်ဆက်ခဲ့သည်။ မိခင်ဒေါ်ဒေါ် ညွန့်ဘက်မှ အဘိုး ဦးဆိတ်သည် အထက်တန်း ရှေ့နေ ဖြစ်၏။ သမာဓိ မြို့ဝန်လည်းဖြစ်ကာ မြူနီစီပယ် ကော်မတီ မင်ဘာနှင့် ရွှေမော်ဓော စေတီတော် ဂေါပက ဖြစ်သဖြင့် သူ့ခေတ် သူ့အခါက ပုသိမ်တွင် လူကြီးလူကောင်း တစ်ဦး ဖြစ် သည်။ ဦးဆိတ်သည် ဦးရွှေကူနှင့် ဒေါ်ဦးတို့၏သားဖြစ်ကာ ဒေါ်ဦး၏ ဖခင် ဦးမြတ်ဖုန်းသည် ပုသိမ် မြို့ဝန်ဖြစ်၏။ ဦးမြတ်ဖုန်း၏ ဇနီး အမည်မှာ ဒေါ်ထွန်းလှ ဖြစ်သည်။ ဦးဆိတ်၏ ဇနီး ဒေါ်ရိပ်သည် ဦးရွှေအို၊ ဒေါ်ဝိုင်းတို့၏ သမီး ဖြစ်ပါသည်။ ပုသိမ်မြို့ဝန် ဦးမြတ် ဖုန်းနှင့် မောင်နှမ ၀မ်းကွဲတော်သည်။ ဒေါ်ဝိုင်း၏ မိခင် ဒေါ်ချော မှာလည်း ပုသိမ်မြို့ဝန်၏ နှမဖြစ်ကာ ဒေါ်ချော၏ ဖခင် ဦးရွှေတိုးသည် ပုသိမ်မှ ဆရာကြီး ဖြစ်သည်။ (ပုသိမ်မြို့ဝန်၏ လက်ထောက်လည်း ဖြစ်ပါသည်)”

သမ္မတဟောင်း ဦးဘဦးသည် သူ၏ အဘိုး ဦးရပိုနှင့် အစ်ကို ဦးရိုးတို့လည်း ပုသိမ်မှ လူကြီး လူကောင်းများ ဖြစ်ကြောင်း ဆက်လက် ဖော်ပြသွားပါ သေးသည်။ သို့သော် စာရေးသူ ရေးမည့် အကြောင်းအရာနှင့် မသက်ဆိုင်သဖြင့် ဘာသာပြန် မပြတော့ပါ။ ဦးဘဦးက သူ၏မိဘ အကြောင်းကို ဆက်လက် ဖော်ပြထားပါသည်။

“ကျွန်ုပ်၏ ဖခင်သည် ကျောင်းမှ ထွက်ပြီးသောအခါ ပုသိမ်မှ အရေးပိုင် ရုံးတွင် အမှုထမ်းသည်။ နှစ်အနည်းငယ် ကြာသော အခါ မြို့အုပ်ဖြစ်လာသည်။ ကြိုးစား ရိုးသားသဖြင့် မကြာမီပင် ၁၉၁၈ ခုနှစ်လောက်တွင် အရေးပိုင် ဖြစ်လာသည်။ ထိုအချိန်က အရေးပိုင် ၄၀ ဦးခန့်တွင် ကျွန်ုပ်ဖခင် အပါ အ၀င် မြန်မာ အရေးပိုင်နှစ်ဦး၊ သုံးဦးသာ ရှိသည်။ အခြားအရေး ပိုင်များမှာ အင်္ဂလိပ် လူမျိုးများ ဖြစ်သည်။ ကျွန်ုပ်၏ ဖခင်သည် C.I.E ဘွဲ့၊ K.S.M ဘွဲ့နှင့် A.T.Mဘွဲ့ များကို ရရှိခဲ့သည်။ အသက် ၅၇ နှစ်တွင် အလုပ်မှ ပင်စင်ယူပြီး ပုသိမ်မှ ပါလီမန် အမတ်အဖြစ် အရွေးခံသည်။ ထိုအချိန်က ၁၉၂၁ ခုနှစ် ဖြစ်သည်။ ပါလီမန်လွှတ် တော်သက်တမ်း ကုန်သောအခါ ထပ်မံ အရွေး မခံတော့ချေ။ ၁၉၃၆ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယ မှ ခွဲထုတ်လိုက်သည်။ ကျွန်ုပ်၏ ဖခင်ကို ဘုရင်ခံက အထက် လွှတ်တော်တွင် ခန့်အပ်၍ အထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်စေသည်။ စစ်ဖြစ်သည် အထိ ဖြစ်၏။ ကျွန်ုပ် ဖခင်သည် ၁၉၅၀ ခုနှစ်၊ အသက် ၈၆ နှစ်တွင် ကွယ်လွန်ပါသည်။

ကျွန်ုပ်၏ မိခင်မှာ ထိုအချိန်က ၈၂ နှစ်ရှိပြီ။ ကျွန်ုပ်၏ မိဘတွင် သား ၈ ယောက်နှင့် သမီး တစ်ယောက် ထွန်းကားသည်။ သမီးနှင့် သားအချို့ အရွယ် မရောက်မီကပင် သေဆုံးကုန်သည်။ သားများ ကြီးပြင်းလာ သည့်အနက် သားလေးယောက် ကွယ်လွန်ပြန်သည်။ ကျန်သားများမှာ ကပ္ပတိန် ဘဖူး၊ ဦမြဘူးနှင့် ကျွန်ုပ်တို့ ဖြစ်သည်။ ကပ္ပတိန် ဘဖူးသည် ပထမ ကမ္ဘာစစ်ကြီး ဖြစ်စဉ်က ဘုရင့် ကော်မရှင် အဖြစ် ခန့်အပ် ခံရသော မြန်မာလေးဦး အနက် တစ်ဦး ဖြစ်သည်။ သူ သည် တပ်မတော် အတွင်း အငြိမ်း စားယူသည် အထိ တာဝန် ထမ်းဆောင်သွားသည်။ ဦးမြဘူးမှာ ပုသိမ်တွင် အမှု လိုက်နေသော ရှေ့နေတစ်ဦး ဖြစ်၏”ဟု ရေးထားပါသည်။

သမ္မတဟောင်း ဦးဘဦး၏ ရေးသားချက်များ အပေါ် စာရေးသူ အတွေး နယ်ချဲ့တော့သည်။ သူ့အဆိုအရ-

“သူ့အဘိုး၏ ဖခင် ဦးစံမင်း (ဟင်္သာတမြို့စား)သည် ဟင်္သာ တမင်းသမီး၏ သားတော်နှစ်ပါး အနက် တစ်ပါးဖြစ်သည်။ ဟင်္သာတ မင်းသမီးသည် ပန်းတောင်း မင်းသမီး၏ ညီမတော်”

ဟု ဆိုထားသည်။ ပန်းတောင်းမင်း သမီး ဆိုသူမှာ နန်းမတော် မယ်နု၏ ရန်ဘက်ဖြစ်သည်။ ဘကြီးတော် စစ်ကိုင်းမင်းနှင့် လက်ထပ် ထားသူဟု ဆိုသဖြင့် ပန်းတောင်း မင်းသမီးကိုပင် ပင်တိုင်ထား ၍ စဉ်းစား ရတော့သည်။

ပန်းတောင်း မင်းသမီး ဆိုသူမှာ ဗဒုံ မင်းတရားကြီး (ဘိုးတော်ဘုရား)နှင့် စမ္ပယ်နဂိုရ်မြို့စား၊ ဒုတိယ မြောက်နန်း မိဖုရားကြီး သီရိမဟာ ရတနာ ဒေ၀ီတို့၏ သားတော်၊ မဟာသီရိ သုဓမ္မရာဇာ ဘွဲ့ခံ မက္ခရာ မြို့စား မင်းသားကြီး (ငယ်မည် မောင်ဖြိုး)နှင့် ဗဒုံ မင်းတရားကြီး (ဘိုးတော်ဘုရား)နှင့် ဟန်လင်းကြီး၊ စကုနှစ် မြို့စား မိဖုရား သီရိတိ လောကဒေ၀ီတို့၏ သမီးတော် ကြံညှပ်မြို့စား မင်းသမီး သီရိမလ္လာဝတီ (ငယ်မည် မင်းရွှေရုပ်) တို့ကို စုံဖက်ပေးရာမှ ဖွားတော်မူသော သမီးတော်ကြီး ဖြစ်သည်။ ပန်းတောင်း မင်းသမီး၏ ခမည်းတော် မက္ခရာမြို့စား မင်းသားကြီး ဆိုသူမှာ ထိုခေတ် ထိုအခါက ထိပ်တန်း သုတေသီ ပညာရှင်များ သာ ပါဝင်ခွင့် ရသော အိန္ဒိယနိုင်ငံ ဘင်္ဂလား ပြည်နယ် အာရှတိုက် ဆိုင်ရာ ၀ိဇ္ဇာသိပ္ပံ သုတေသန အသင်းကြီး၏ ဂုဏ်ထူးဆောင် အသင်းသား ဖြစ်သူ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကျမ်းပြု ပညာရှင်ဖြစ်၏။ ပန်းတောင်းမင်းသမီး ၏ မယ်တော် ကြံညှပ်မြို့စား မင်းသမီး ဆိုသူမှာလည်း ခေသူ မဟုတ်ချေ။ ကြံညှပ်မြို့ အပြင် ညောင်ရမ်း မြို့နှင့် မေဃ၀တီ မြို့များကို အဆင့်ဆင့် ပွားစား ရသူ ဖြစ်သည်။ ကျေးစေ ရတုများကို စပ်ဆိုသော စာဆိုတော် မင်းသမီး တစ်ပါး ဖြစ်၏။

သမ္မတဟောင်း ဦးဘဦးက သူ့ အဘိုး၏ ဖခင် ဦးစံမင်းသည် ဟင်္သာတ မင်းသမီး၏ သားတော်နှစ်ပါး အနက် တစ်ပါး ဖြစ်သည်။ ဟင်္သာတ မင်းသမီးသည် ပန်းတောင်း မင်းသမီး၏ ညီမတော် ဟု ဆိုထားပေရာ ဟင်္သာတ မင်းသမီးသည် မက္ခရာ မြို့စား မင်းသားကြီးနှင့် ကြံညှပ်မြို့စား မင်းသမီးတို့၏ သမီးတော် ဖြစ်ရပေမည်။ မက္ခရာ မြို့စား မင်းသားကြီး၏ မြောက်သားတော် ကြံညှပ် မင်းသမီးတွင် အစ်မတော် မကွေးမြို့စား မင်းသမီး၊ ညီမတော် ဓနုဖြူမြို့စား မင်းသမီး ဟူ၍ ရှိရာ ထိုမင်းသမီး နှစ်ပါး မုဆိုးမ ဘ၀ရောက်ကြ သောအခါ မက္ခရာမြို့စား မင်းသားကြီးနှင့် ပြန်လက်ဆက်၍ ညီအစ်မတော် သုံးပါးလုံးသည် မက္ခရာမင်းသား ကြီး၏ မြောက်သားတော် (မယား)များ ဖြစ်ကြသည်။ ထိုမင်းသမီး သုံးပါးအပြင် အခြား ကိုယ်လုပ်တော်များလည်း ရှိပါသေးသည်။

မက္ခရာ မင်းသားကြီး၏ မြောက် သားတော်များ အနက် မကွေးမြို့စား မင်းသမီးသည် ခရစ်နှစ် ၁၈၁၅ ခုနှစ်တွင် လည်းကောင်း၊ ဓနုဖြူမြို့စား မင်းသမီးသည် ၁၈၂၇ ခုနှစ်တွင် လည်းကောင်း၊ ကြံညှပ်မြို့စား မင်းသမီးသည် ၁၈၄၁ ခုနှစ်တွင်လည်းကောင်း အသီးသီး ကံတော် ကုန်ကြသည်။ (ကြံညှပ် မြို့စား မင်းသမီးသည် ပန်းတောင်း မင်းသမီး ကလေး ငယ်စဉ်ကပင် မက္ခရာ မြို့စား မင်းသားနှင့် ကွာရှင်းခဲ့သူ ဖြစ်   သည်။) မက္ခရာ မင်းသားကြီးသည် ပုဂံ မင်းတရားကြီး လက်ထက်တော် ၁၈၄၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကံတော် ကုန်သောအခါ အတွင်းအပြင် ပစ္စည်းများစွာ ကျန်ရစ်ခဲ့သည်။ ပုဂံ မင်းတရားကြီး၏ မိဖုရားခေါင်ကြီး (ငယ်မည် မင်းရွှေကျူ) မှာလည်း မက္ခရာ မင်းသားကြီး၏ သမီးတော် တစ်ပါးဖြစ်ရာ၊ သူ ကောင်းစား နေစဉ် ဖြစ်သဖြင့် ကျန်ရစ်သည့် အမွေပုံကို လက်ဝါးကြီး အုပ်ထားလိုက်သည်။ သို့ဖြစ်၍ ပုဂံ မင်းတရားကြီး နန်းကျပြီး မင်းတုန်းမင်း တရားကြီး နန်းတက်သည့် လက်ထက်ရောက်မှ မက္ခရာ မင်းသားကြီး၏ အမွေပုံကို ခွဲဝေ ကြရသည်။ ၁၈၅၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် နေ့စွဲဖြင့် ၀န်မင်းဦးပဲ စီကုံး ရေးသားသော အမွေခွဲ စာတမ်းအရ မက္ခရာ မြို့စား မင်းသားကြီးနှင့် မြောက်သားတော်များ၊ ကိုယ်လုပ်တော်များမှ ဖွားမြင်ခဲ့သော သားတော်၊ သမီးတော်များ အမည် စာရင်းကို သိရသည်။ အားလုံး ၁၂ ပါး ရှိ၏။

၁။       ပန်းတောင်းမြို့စားမင်းသမီး

၂။       အင်းခရုရွာစားမင်းသမီး (ထိုမင်း သမီး နှစ်ပါးမှာ ခမည်းတော်ထက် အရင်စော၍ ကံတော်ကုန်ကြသဖြင့် အမွေ မမီပါ)

၃။       ထီးလင်းမြို့စားမင်းသား

၎။       ပုဂံမင်း မိဖုရားခေါင်ကြီး

(မင်းရွှေကျူ)

၅။       တပယ်မြို့စား မင်းသမီး

၆။       ကြံညှပ်မြို့စားမင်းသမီး

၇။       ရွာလင်းတိုက်စား မင်းသမီး

၈။       မင်းလှမြို့စား မင်းသား

၉။       ထိပ်တင်ကလေး

၁၀။     မင်းသားမောင်ယုန်ဖြူ

၁၁။     မင်းသားမောင်ဖိုးသက်

၁၂။     မင်းသားမောင်ဘအို

အထက်ပါ စာရင်းတွင် သမ္မတဟောင်း ဦးဘဦး ပြောသည့် ဟင်္သာတ မြို့စား မင်းသမီး ဆိုသည့်အမည် မပါပါ။ ထိုခေတ် ထိုအခါက ဟင်္သာတမင်း သမီး ဆိုသူကား ရှိ၏။ ထိုမင်းသမီးမှာ ဗဒုံမင်းတရား (ဘိုးတော်ဘုရား)နှင့် အလယ်နန်း မိဖုရား သီရိမဟာနန္ဒာဘိ ရတနာဒေ၀ီ(မယ်လွန်းပု)တို့၏ သမီးတော် ဖြစ်သည်။ သီရိ ရတနာပဘာ ဒေ၀ီ(ငယ်နာမည် မမင်းတုတ်) ဖြစ် သည်။ ၁၁၈၈ ခုနှစ် အ၀တွင် ကံတော် ကုန်သည်။ သူနှင့် မွေးချင်းသုံးပါးရှိရာ ငယ်ကလွန် နှစ်ပါးနှင့် မောင်တော် ပုသိမ်မြို့စား မင်းသား ဖြစ်သည်။ ဤဟင်္သာတ မြို့စား မင်းသမီးနှင့် ပန်းတောင်း မြို့စား မင်းသမီးတို့သည် တူဝရီး တော်ပါသည်။ ဦးဘဦးက ဟင်္သာတ မြို့စား မင်းသမီးမှာ ပန်းတောင်း မင်းသမီး၏ ညီမတော် ဆိုသဖြင့် တွေးရခက် သွားပါသည်။ ဦးဘဦးက-

“မယ်နုသည် ပန်းတောင်း မင်းသမီးနှင့် ပတ်သက်သမျှကို ကြောက်သည့်အပြင် မင်းသမီးကိုလည်း မုန်းတီးသည်။ အခွင့်အရေး ရသည်နှင့် တစ်ပြိုင်နက် မယ်နုသည် ပန်းတောင်း မင်းသမီးကို သတ်လေသည်။ မကြာမီပင် ဟင်္သာတ မင်းသမီးကိုလည်း သတ်၏”ဟု ဆိုထားပြန်သည်။

ကုန်းဘောင် သမိုင်းတွင် ပန်းတောင်း မင်းသမီးသည် မယ်နုသတ်၍ မသေပါ။ သတ်ရန်ကြိုးစားသည်ဟု အထောက်အထားများ ရှိပါသည်။ စစ်ကိုင်းမင်းတရား (ဘကြီးတော်ဘုရား) နန်းသက် တစ်လျှောက်လုံး ပန်းတောင်း မင်းသမီးကလေးသည် မယ်တော် ကြံညှပ်မြို့စား မင်းသမီးနှင့် အတူ အနိမ့် ကျ စံတော် မူရရှာသည်။ သာယာဝတီ မင်းတရား အထွတ်အမြတ် ရောက်တော် မူသော အခါမှ သီရိမဟာ ရတနာဒေ၀ီ ဘွဲ့မည်နှင့် မိဖုရားလတ် အရာမြှောက်ခြင်း ခံရသည်။ ယင်းပန်းတောင်း မင်းသမီးသည် သာယာဝတီ မင်းတရား ဒဂုံသို့ ထွက်စံတော်မူသော မြန်မာနှစ် ၁၂၀၃ ခု၊ တပို့တွဲ လဆန်း ၅ ရက် စနေနေ့ ၁၅.၁.၁၈၄၂ တွင် ကံကုန် တော်မူပါသည်။ ထိုအချိန်က ခမည်းတော် မက္ခရာ မြို့စား မင်းသားကြီး သက်တော်ထင်ရှား ရှိသေးသည်ဟု ဆိုသည်။ ပန်းတောင်း မင်းသမီး၏ ညီမတော်ရင်းမှာ ပုဂံ မင်းတရား၏ မိဖုရားခေါင်ကြီး ဖြစ်လာသော မင်းရွှေကျူသာ ဖြစ်၏။

သမ္မတဟောင်း ဦးဘဦးက ဟင်္သာတ မင်းသမီး၏ မြောက်သားတော် (ခင်ပွန်း)မှာ တောင်ထားဝယ် ဗိုလ်မောင်မောင်ဖြူဟု ဆိုထားပေရာ ဘုရင့် သမီးတော် သို့မဟုတ် မြေးတော်တစ်ပါး အနေဖြင့် ထိုခေတ် ထိုအခါက မင်းမှုထမ်း တစ်ဦးနှင့် လက်ဆက်ဖို့ ခဲယဉ်းပါသည်။ သို့သော် မြတောင် မြို့စားမင်း သမီးသည် ညောင်ရမ်းမင်းသား(စကြာမင်း)ဖွားဖက်တော် ဗိုလ်ဆံရှည်နှင့် လက်ဆက်သည်ဟု ဆိုပေရာ ဟင်္သာတ မင်းသမီး၏ မြောက်သားတော်(ခင်ပွန်း)မှာ တောင်ထားဝယ်ဗိုလ်မောင် မောင်ဖြူ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။

ဦးဘဦးက သူ့အဘိုး၏ဖခင် ဦးစံမင်းကို ဟင်္သာတ မြို့စားဟု လည်းကောင်း၊ ဦးစံမင်း၏ညီ ဦးရွှေဝကို ပဇာဝမြို့စား (Myosa of Pazawa) ဟု ဆိုထားပေရာ ပဇာဝ ခေါ်သည့် မြို့လည်း မြန်မာပြည်တွင် မကြားဖူးပါ။ ပဉ္စာလ မြို့များ ဖြစ်လေမည်လားဟုသာ ထင်ရပါသည်။ နန်းမတော်မယ်နု၏ သမီး ဆင်ဖြူမရှင်ကြောင့် ပန်းတောင်း မင်းသမီးနှင့် ဟင်္သာတ မင်းသမီးတို့၏ အဆက်အနွယ်များ ဖြစ်သော ဦးရပိုနှင့် ဦးရိုးတို့ ကိုရင်ဝတ်ကာ အောက်မြန်မာ ပြည်သို့ ထွက်ပြေးရသည် ဆိုသည်မှာ သဘာဝ ကျပါသည်။ သို့ရာတွင် ဦးရပို၏ ယောက္ခမ ဦးယောက်ကို ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း) လက်ထက်က အင်းဝတွင် ရေတွင်းဝန်(Ye.Twin.Wun) ဟု ဆိုထားပေသည်။ အင်္ဂလိပ်လို Admiral of the Fleet ဟု ဖော်ပြထား သဖြင့် လှေသင်းဝန် ဖြစ်ဖို့များ၏။

ထိုခေတ် ထိုအခါများက မြန်မာ ဘုရင်များ လက်ထက်တွင် ပြဿနာရှိ သူများသည် လွတ်ရာလွတ်ကြောင်း အင်္ဂလိပ်ပိုင် အောက်မြန်မာပြည်သို့ ထွက်ပြေး ကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ ပုဂံမင်းကို နန်းချ၍ မင်းတုန်း၊ ကနောင်ညီနောင် နန်းလုသည့် အရေးတွင် မြတောင် မင်းသမီး၏ သမီးနှစ်ပါးကို နောင်စကြာဒေ၀ီ မိဖုရားကြီး ဖြစ်လာမည့် သူက ကယ်ထား လိုက်ရပြီး သားတော်နှစ်ပါး ဖြစ်သော မင်းမျိုး ထွန်းနှင့် မင်းမျိုးညွန့်တို့မှာလည်း အောက်ပြည်အောက်ရွာသို့ ပြေးလာကြရသည်။ ထိုအရေးတွင်ပင် ပုဂံမင်း၏ မိဖုရား ခေါင်ကြီးနှင့် ပတ်သက်သော မင်းမျိုးနွယ်များလည်း အောက်ပြည် အောက်ရွာသို့ ပြေးလာသဖြင့် ၄င်းတို့မှ ဆင်းသက် လာသူများတွင် အရေပြား အထူးကု ဆရာဝန်ကြီး ၀ဏ္ဏကျော်ထင် ဒေါက်တာသာလှတို့ ဆွေမျိုးစု ဖြစ်လာ၏။

ပတိမ်းမင်းသား အရေးတော်ပုံနှင့် ပတ်သက်ပြီး အိမ်ရှေ့တော်ဆက်များလည်း ရှောင်ရှားကြရသည်။ အိမ်ရှေ့စံ ကနောင်မင်း၏ ကိုယ်လုပ်တော် သခင်ကြီး ခင်ဖော့ (လင်းပင်မင်းသား မယ်တော်)၏ အစ်မနှစ်ယောက် ဖြစ်သော အိမ်ရှေ့အတွင်းဝန် ဦးသင်ကတော် ခင်သော့၊ အခွန်တော်ဝန် ဦးစစ်ခါးကတော် ခင်ကျော့တို့ မိသားစု များသည်လည်း အောက်ပြည်အောက်ရွာသို့ ပြေးကြရာမှ အင်္ဂလိပ် အစိုးရက အခွန်တော်ဝန် ဦးစစ် ခါးနှင့် ဇနီးခင်ကျော့တို့ကို ထားဝယ်သို့ ပို့လိုက်ခြင်းဖြင့် စာရေးသူ၏ ဖခင်ဘက်မှ မိခင်ဒေါ်မြှင်တို့ ဆင်းသက်လာရ သည်။ သီပေါမင်း နန်းတက်သည့် အရေးတွင်လည်း မင်းတုန်းမင်း တရားကြီး၏ စိန်တုံး မိဖုရားကြီးသည် အောက်ပြည် အောက်ရွာသို့ ပြေးလာရာမှ မော်လမြိုင်သို့ ရောက်သည်။ စိန်တုံး မိဖုရားကြီးနှင့် ပတ်သက်သော တစ်နွယ်ငင် တစ်စင်ပါ သူများအားလုံး လိုက်ပါလာကြသည်။ ဤသည့် သာဓကများကို ထောက်၍ သမ္မတဟောင်း ဦးဘဦး၏ ဖခင်ဘက်မှ ဟင်္သာတ မင်းသမီး အဆက်အနွယ် ဦးရပိုနှင့် ဦးရိုးတို့ ညီအစ်ကိုသည် လည်းကောင်း၊ ဦးယောက်သည် လည်းကောင်း အောက်ပြည်အောက်ရွာသို့ ပြေးလာရာမှ မြစ်ဝကျွန်းပေါ် ဖြစ်သော ပုသိမ်နှင့် ပန်းတနော်ဘက်သို့ ရောက် ကြရသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။

ပန်းတောင်း မင်းသမီး၏ ညီမတော် ဟင်္သာတ မင်းသမီး ဆိုသည့် အချက်ကသာ ခြေရာခံ၍ မရဘဲ ဖြစ် နေသည်။ အမည်ပင် လွဲနေ၍လော၊ အခြား အနွယ်တော်များ ဖြစ်နေ၍လော ဟူ၍သာ ထင်ရပေသည်။ သမ္မတ ဟောင်း ဦးဘဦး၏ အဆိုအရ သူသိရ သည့် ဤအဆက်အနွယ်များ ကိစ္စသည် ဒေါ်ဂျမ်း တစ်ဦးတည်း၏ နှုတ်ထွက် စကားပေါ်သာ မူတည်နေသဖြင့် စာရွက် စာတမ်း အထောက်အထားများလည်း ပျောက်ဆုံး ကုန်သည် ဆိုသောကြောင့် ဦးဘဦး၏ ကုန်းဘောင်ဆက်မှ ဆင်းသက် လာသည်ဆိုသော အဆိုသည် ဂဃနဏ မဖော်ပြနိုင်စေကာမူ ယုတ္တိရှိ ပါသည်။ သံသယဖြစ်ရန် မရှိပါ။ တစ်ခုခု လွဲမှားနေခြင်းသာ ဖြစ်လိမ့်မည်ဟု မှတ်ချက် ပြုရပေမည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...