" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ အမျိုးသမီး အလုပ်သမားများ Myanmar Female Labour

အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန် အလုပ်သမားညွှန်ကြားမှုဦး စီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်ထားသော်လည်း တရားမ၀င်သော လမ်းကြောင်းမှ ထွက်ခွာသူများ ရှိနေ ကြဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နိုင်ငံ၌ အမျိုးသမီးအများစု၏ အလုပ်လုပ်နိုင်စွမ်းနှင့် အလုပ်လုပ်ကိုင်ခွင့် အကန့်အသတ်များ ရှိနေကြ ခြင်းကြောင့် အချို့မှာ ပြည်ပထွက်ခွာလိုကြပြီး ပြည်ပထွက်ခွာရန် အများစု ရွေးချယ်ကြသည့် နိုင်ငံမှာ မလေးရှား၊ စင်ကာပူနှင့် ဒူဘိုင်းတို့ ဖြစ်ကာ အောက်ခြေလူတန်းစား အများစုထွက်ခွာကြသည့်နိုင်ငံမှာ မ လေးရှားဖြစ်သည်။ ငွေကြေးသက် သာပြီး အလုပ်အကိုင်ကောင်းများ အလွယ်တကူ ရမည်ဟုဆိုကာ မက်လုံးပေး ပြောဆိုသူများမှာ တရားဝင် လိုင်စင်များဖြင့် လုပ်သားပို့ဆောင် ပေးနေသော အေးဂျင့်များမှမဟုတ် ဘဲ နီးစပ်ရာ၊ ခင်ရာမင်ကြောင်းများ ဖြင့် ဆက်သွယ်ပေးနေကြသူများဖြစ် ကြကြောင်း သိရသည်။
“နှစ်ဆန်းလောက်ကတည်းက မလေးရှားကိုသွားဖို့ စီစဉ်ထားတာ ပါ။ အမျိုးသမီးတွေ နိုင်ငံခြားထွက် ဖို့ ပိတ်ပင်ထားတာရယ်၊ ငွေပေးရ တာ သက်သာတာကြောင့် တရားမ၀င် လမ်းကြောင်း(အောက်လမ်း)က နေ သူငယ်ချင်းတွေ စုပြီးသွားဖို့ စီစဉ် ထားပါတယ်။ အခု မလေးရှားက စက်ရုံတစ်ရုံမှာ အလုပ်ခေါ်ထားတာ ရှိတယ်လို့ သိရတယ်။ အန္တရာယ် များပေမယ့် တစ်ယောက်ကို ၀န်ဆောင်ခ ကျပ်လေးသိန်းပဲ ပေးရမယ်ဆိုလို့ အရဲစွန့်ပြီးသွားမှာပါ”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီး တစ်ဦးက ပြောပြခဲ့သည်။
မလေးရှားနိုင်ငံသည် မြန်မာအမျိုးသမီးများ အလုပ်လုပ်ကိုင်ရန် သင့်လျော်မှုနှင့် လုံခြုံမှုအားနည်းသည့် နိုင်ငံပင်ဖြစ်ရာ ရောက်ရှိနေကြသည့် အမျိုးသမီးအများစုမှာ အဆင်မပြေမှုများ ယနေ့ထိ ရှိနေဆဲဖြစ်ကြသည် ဟု မလေးရှားဂျိုဟိုးပြည်နယ်ရှိ စက်ရုံဝင်းအတွင်း နေထိုင်သူ မြန်မာလူငယ်က ပြောပြခဲ့သည်။
“အမျိုးသမီးတွေ ဒီကို တရားဝင် လာကြတာရှိသလို တရားမ၀င် အသက်စွန့်ပြီး လာကြတာလည်း အများကြီးပဲ။ ကျွန်တော့်အနေနဲ့တော့ မြန်မာ အမျိုးသမီးတွေကို မလာစေချင်ဘူး။ ကျွန်တော်တို့လည်း ပျော်လို့ လုပ်နေကြတာတော့ မဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ထိုက်သင့်သလောက် ငွေလေးရနေလို့သာ လုပ်ရတာပါ။ အမျိုးသမီးတွေအနေနဲ့ကတော့ မလေးရှားမှမဟုတ်ဘူး။ ဘယ်နိုင်ငံကိုမှ မသွားတာ အကောင်းဆုံးပါပဲ။ ကိုယ် က ပညာတွေ အရမ်းတတ်လို့ ဟိုမှာ နေရာတစ်ခုရမယ်ဆိုရင်တော့ ကောင်း တာပေါ့။ အောက်ခြေအလုပ်လုပ်ဖို့ အမျိုးသမီးတစ်ယောက် အနေနဲ့ ရေမြေခြားမှာရပ်တည်ဖို့ လုံးဝမလွယ်ပါဘူး”ဟု မလေးရှား၌ ငါးနှစ်ကျော် ကြာ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာအမျိုးသားတစ်ဦးက ဆိုပါသည်။
တရားမ၀င်လမ်းကြောင်းမှ သွားသည့်အခါ အမျိုးသားအချို့၌ပင် အဆင်မပြေမှုများနှင့် ကြုံတွေ့ကြရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောပြခဲ့ သည်။ “တရားဝင်သွားတာတောင် အေးဂျင့်ပြောတဲ့လစာနဲ့ ဟိုမှာရောက်တော့ ရတဲ့လစာကကွာတာတို့၊ ပြောတဲ့အလုပ်နဲ့ ရတဲ့အလုပ်တွေကွာတာ တို့ ရှိနေတုန်းပဲ။ တရားမ၀င်သာ သွားရင် လူကုန်ကူးမှုမြောက်တဲ့ဖြစ်ရပ်တွေ အများကြီးရှိလာနိုင်တယ်။ အမျိုးသမီးတွေ လုံးဝမသွားသင့်ပါ ဘူး”ဟု ၁၀နှစ်ကျော်ကြာ မလေးရှား နိုင်ငံအလုပ်အကိုင် ရှာဖွေရေးအေးဂျင့် အဖြစ်လုပ်ကိုင်ခဲ့သူက အကြံပြုပြောဆိုခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအများစု ရ ရှိသည့်လစာမှာ ကျပ်တစ်သိန်းနှင့် နှစ်သိန်းကြား သာဖြစ်ပြီး နှစ်ရှည် နေထိုင်သောသူများနှင့် လုပ်သက် ရင့်သောသူများသာ ကျပ် နှစ်သိန်းမှ ငါးသိန်းကြား ရရှိကြသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...