" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်း လက်ရာများ General Aung San Written Letter

ဒီနေ့၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့။
ဒီနေ့ဟာ ကျွန်မတို့နိုင်ငံရဲ့ သောက်ရှူးကြယ်လို့ တင်စားလို့ရတဲ့ ကျွန်မတို့ရဲ့ အသွေးထဲ အသားထဲကနေ လေးစားကြည်ညိုရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါဘဲရှင်။ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ့် မောင်ထိန်လင်းကို မကွေးခရိုင်၊ နတ်မောက် မြို့မှာ အမိန့်တော်ရ ရှေ့နေ ဦးဖာ-ဒေါ်စုတို့ကနေ ၁၉၁၅ ခုနှစ်၊   ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ စနေနေ့မှာ မွေးဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ဟာ ဗိုလ်ချုပ်အသက် ၉၇နှစ်ပြည့်မြောက်တဲ့ နေ့ပါပဲ။ အိန္ဒိယမှာ ဂန္ဒီ၊ တရုပ်မှာ မော်စီတုန်း၊ ဗီယက်နမ်မှာ ဟိုချီမင်း၊ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း။ ဒါကို ဘယ်လိုမှ မေ့ဖျောက်လို၊့ မရကြပါဘူး။ သူတို့ အားလုံးဟာ ကောင်းမွန်တဲ့ သမိုင်းကိုယ်စီနဲ့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ သူများပါဘဲ။
ဒီနေ့လို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ရက်မြတ်မှာ အမှတ်တရ ပို့စ်လေးတစ်ခု တင်ချင်လာမိပါတယ်။ ဒီတော့ ကျွန်မစဉ်းစား တယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ဘာအကြောင်းကို ရေးရင်ကောင်းမလဲ။ ဟုတ်ပြီ။ ကျွန်မရဲ့ စာအုပ်စင်လေးကို ပြန်မွှေလိုက်တော့ ကျွန်မအသက် ၁၄နှစ်ပြည့် မွေးနေ့မှာ ကျွန်မမေမေ လက်ဆောင် ပေးခဲ့တဲ့ “စာရေးဆရာ တက္ကသိုလ်နေ၀င်းရဲ့   ပြည်ထောင်စု ပိသုကာ ဗိုလ်ချုပ်အောင်ဆန်း ” ဆိုတဲ့ စာအုပ်လေးကို ရလိုက်တယ်။ (စာရေးဆရာ တက္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ်သက်ရှိ ထင်ရှား ရှိစဉ်အခါက ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူ ခဲ့ရသူ တစ်ယောက်ပါ။) ဒီစာအုပ်လေးထဲက လူတွေ သိပ်မသိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာရေးဝါသနာပါပုံကို မူရင်းအတိုင်း အမှတ်တရ   ပြန်လည် တင်ပြချင်လာပါတယ်။
ကဲ.. ဖတ်ကြည့်ကြရအောင်လားရှင်။

“ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ ”

“ငါလဲ မင်းတို့လို စာရေးဆရာဖြစ်ချင်တယ်ကွာ”
သို့လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ နှလုံးသားအတွင်း ကိန်းအောင်း တည်ရှိနေသော တောင့်တချက်ဆန္ဒကို ကျွန်တော့်အား ဖွင့်ပြောခဲ့သည်မှာ   နှစ်ကြိမ်တိုင်တိုင် ဖြစ်ပါသည်။
ပထမအကြိမ်က ၁၉၄၅-ခု၊ ဒီဇင်ဘာလ။
၁၉၄၆–ခု၊ ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသော ရွှေတိဂုံအလယ်ပစ္စယံ   ပြည်လုံးကျွတ်ညီလာခံကြီးတွင် သူပြောရမည့် သဘာပတိ မိန့်ခွန်း ရှည်ကြီးကို ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ကြိုးစားရေးသားနေချိန်က   ဖြစ်ပါသည်။ တစ်နေ့တွင် ဗိုလ်ချုပ်သည် မိန့်ခွန်းရေးသားခြင်းကို ခေတ္တရပ် နား လက်ဖက်ရည်သောက်ရင်း မန္တလေးမှ လူထုဦးလှနှင့် ဒေါ်အမာတို့ ထုတ်ဝေသော “လူထု” ဂျာနယ်မှ ကျွန်တော့်ဝတ္ထုတို တစ်ပုဒ်ကို ဖတ်မိပြီး အားကျမိဟန်ဖြင့် စာရေးဆရာ ဖြစ်ချင်ကြောင်းကို ဖွင့်ပြောလိုက်ခြင်းပင်   ဖြစ်ပါသည်။
နောက်တစ်ကြိမ် အလားတူ သူပြောခဲ့သည်မှာ ၁၉၄၇–ခုနှစ် ဧပြီလက   ဖြစ်ပါသည်။
မြန်မာ့လွတ်လပ်ရေး အကြိုကာလ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံအနှံ့ အပြားသို့ ခရီးလှည့်လည် စည်းရုံး ဟောပြောရင်း ဧပြီလဆန်းသော် သူ၏ဇနီး သားသမီးများနှင့်အတူ မေမြို့ (ပြင်ဦးလွင်)သို့ ရောက်နေခိုက် ခေတ္တ အ ပန်းဖြေ အနားယူနေခဲ့ပါသည်။ ခါတိုင်းဆိုလျှင် လုပ်ငန်းတာဝန်ဖြင့် ခရီးထွက်ရာတွင် သူ၏ မိသားစုကို ခေါ်လေ့မရှိသော်လည်း ယခု တစ်ကြိမ် တွင်မူ အပြန်ခရီးကို မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ပြည်မြို့မှ တစ်ဆင့် ရန်ကုန်သို့ ဆင်းရန်ဖြစ်ရာ ဗိုလ်ချုပ်က မတွေ့ရတာ ကြာပြီဖြစ်သော မိခင် ကြီးဒေါ်စုအား နတ်မောက်မြို့သို့ ၀င်ကန်တော့ရင်း ချစ်ဇနီး ဒေါ်ခင်ကြည်နှင့် တကွ မိခင်ကြီးဒေါ်စု၏ မြေးများကိုပါ   ပြလိုသောကြောင့် ရန်ကုန်မှ အထွက် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ တစ်ညနေတွင် မေမြို့ရှိ တည်းခိုရာ အိမ်ဝင်းအတွင်း မြက်ခင်းပြင်တွင် သူ၏ကလေးများ ဆော့ကစားနေပုံကို ကြည့်ပြီး ကြည်နှုးပီတိဖြစ်နေရာမှ တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ကျွန်တော်အား ရင်ဖွင့်သလို ပြောပါသည်။
“ဟေ့ကောင်၊ ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော် ကိုင် ဖက် လူကောင်းတွေလွှဲပေးပြီ ငါကတော့ အနား ယူရင်း စာရေးဆရာ လုပ်ချင်တယ်။ မင်းကလဲ စာရေးဆရာ ဖြစ်နေပြီဆိုတော့ ငါအဖို့ အဖော်လဲရတာပေါ့။ ငါတို့နှစ်ယောက်စလုံး ဗမာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေရေးကြမယ်။ ဒါမှလဲ ငါ့မိသားစုအတွက် လောက်မယ်။ တကယ်ပါကွ ငါက တက္ကသိုလ် ကျောင်းသားဘ၀ထဲက စာရေးဆရာဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်”
သို့လျှင် ဗိုလ်ချုပ်သည် သူ၏ ရင်ထဲရှိသည့်အတိုင်း ပွင့်လင်းစွာ ဖွင့်ပြောခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သူ နှစ်ကြိမ်တိုင်တိုင် ဖွင့်ပြောခဲ့သလို စာရေးဆရာ ဖြစ်ချင်သည်ဆိုသည့်အတိုင်း တကယ်လည်း စာရေး ဆရာ ဖြစ်နိုင်သော အရည်အချင်း အပြည့်အ၀ရှိကြောင်းကို ကျွန်တော့် အနေဖြင့် စောစောပိုင်းကပင် ကြိုတင်သိရှိနေခဲ့ပါသည်။
တက္ကသိုလ် သမဂ္ဂခါင်းဆောင်အဖြစ်မှ နှုတ်ထွက် အချိန်ပြည့် နိုင်ငံရေးလုပ်ရန် တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်း ရေးမှူး “သခင်အောင် ဆန်း” ဘ၀ကတည်းက သူသည် စာရေးဆရာ ဖြစ်နေပြီဟု ဆိုနိုင်ပါသည်။ သူ့အား ဗမာ့လွတ်လပ်ရေး တပ်မတော်၏ သေနာပတိ ဗိုလ်တေဇ သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမှ စတင်သိကျွမ်းခဲ့သူများဆိုလျှင် စစ်ကြိုခေတ် (၁၉၄၁ – ခုနှစ်မတိုင်မီ) ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းနှင့် တို့ဗမာ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး “သခင်အောင်ဆန်း” ဘ၀က စာပေအရေးအသား ကျွမ်းကျင်မှုနှင့် စာပေစွမ်းရည် အကြောင်းသိကြမည် မဟုတ်ပါချေ။ အထူးသဖြင့် ဗိုလ်ချုပ်နှင့် ပတ်သက် အောက်ပါအချက်များကို သိရှိခဲ့သူ နည်းပါးကြပါသည်။
သူသည် ပင်ကိုယ်သဘာဝစရိုက်အားဖြင့် စိတ်ဓါတ်ခိုင်မာ ပြင်းထန်သူဖြစ်သည့် အတွက် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူးအဖြစ် အချိန်ပြည့် နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်လိုက်ချိန်မှ စပြီး နတ်မောက်မြို့ရှိ မိခင်ထံမှ ငွေကြေးထောက်ပံ့မှု အကူအညီမယူဘဲ မိမိကိုယ်တိုင် ရန်ကုန်မြို့တွင် ဖြစ်သလို ရပ်တည်နေထိုင်ရင်း နိုင်ငံရေးလုပ်ခဲ့ပါသည်။ သို့သော် ရေကျော်လမ်းရှိ ဒို့ဗမာအစည်းအရုံးမှာပင် နေထိုင်ပြီး ခြိုးခြုံချွေတာ စွာ သုံးစွဲရန် လိုအပ်သော ငွေကိုမူ သူသည် စာရေးခြင်း ပညာဖြင့် ကြိုးစားရှာ ဖွေခဲ့ပါသည်။
ရန်ကုန်အရှေ့ပိုင်း မောင်ဂိုမာရီလမ်း(ယခု ဗိုလ်ချူပ်လမ်း)   ရေကျော်ရှိ   မြန်မာပိုင်တစ်ခု တည်းသော “နယူးဘားမား” (အင်္ဂလိပ်) သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံရေး ဆောင်းပါးများ ရေးသားခြင်း၊ ထိုခေတ်က နာမည် အကျော်ကြားဆုံး မဂ္ဂဇင်းဖြစ်သော “ဒဂုန်မဂ္ဂဇင်း”တွင်   မြန်မာဘာသာဖြင့် ဆောင်းပါးများ ရေးသားခြင်း၊ မြန်မာ့အလင်း နေ့စဉ် သတင်းစာကြီး အတွက် (နာမည် မဖော်ဘဲ) အယ်ဒီတာအာဘော် သို့မဟုတ် “ခေါင်းကြီး”များ ရေးသားခဲ့ခြင်း စသည်ဖြင့် နိုင်ငံရေးတာဝန်တွေ များပြားသည့် ကြားမှပင် ကြိုးစားလို့ စာပေများ ရေးသားခဲ့ပါသည်။
သတင်းစာ ခေါင်းကြီးပိုင်း တစ်ပိုဒ်လျှင် မြန်မာ့အလင်းသတင်းစာ တိုက်အုပ်ဦးတင်က စာမူခ တစ်ဆယ်ကျပ် ပေးခဲ့ပါသည်။ ဒဂုန်မဂ္ဂဇင်း၊ တာဝန်ခံ အယ်ဒီတာ ဦးချင်းစိန် (ရွှေညာမောင်) ဆိုလျှင်လည်း ၁၉၆၃ ခုနှစ် တက္ကသိုလ် သပိတ်အတွင်းကပင် ကိုအောင်ဆန်းအား လေးစား ကြည်ညိုခဲ့သဖြင့် ဒဂုန်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်လျှင် စာမူခ   ငွေသုံးဆယ် ပေးခဲ့ပါသည်။ အခြား စာရေးဆရာများ စာမူခ ဆယ်ငါးကျပ် နှစ်ဆယ်ခန့်သာ ရရှိချိန်တွင် စာရေးဆရာ သခင်အောင်ဆန်း ရခဲ့သော စာမူခငွေသုံး ဆယ်မှာ ထိုခေတ်က အတော်များသည် ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းတွင် စာရေးဆရာဖြစ်နိုင်သော အရည်အချင်းရှိသည်ကို   စောစောကပင် ကျွန်တော်သိရှိခဲ့ကြောင်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သူ၏ စာရေးသားမှု အရည်အသွေးကို ခန့်မှန်း အကဲခတ်နိုင်ရန် အောက်ပါ သူ၏ စစ်ကြိုခေတ်လက်ရာ အချို့ကို အထောက်အထားအဖြစ်   ကောက်နှုတ် တင်ပြလိုက်ရပါသည်။ တက္ကသိုလ်သမဂ္ဂ၏ ကြွေးကြော်သံ “အိုးဝေ” မဂ္ဂဇင်း တာဝန်ခံ ကိုအောင်ဆန်းသည် သူ၏ ယုံကြည်ချက်နှင့် အတွေးအခေါ်ကို   အောက်ပါတိုင်း ရေးသားခဲ့ဖူးပါသည်။
“ ငါအား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ၊ ယင်းမှောင်မိုက် အတွင်းမှနေလို့ အနိုင်မခံ၊ အရှုံးမပေးလိုသော ငါစိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားတို့အား ငါသည် ကျေးဇူးစကား ဆိုပါ၏။”
” လောကဓံတရား၏ လက်ခုပ်တွင်းသို့ ဘယ်လိုပင် ကျရောက်စေကာမူ ငါအား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။ သို့သော် ညွှတ်ကား၊ မညွှတ်။ ”
” လောဘ၊ ဒေါသတို့၏ ကြီးစိုးရာဌာန၏ အခြားမဲ့ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အား မတုန်မလှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို   တွေ့ရပေအံ့။ ”
” သုဂတိသွားရာ၊ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်တွင် ငါ၏ အပြစ်တို့ကို မည်မျှပင် ရေးမှတ် ထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။ ငါသာလျှင် ကံ၏ အရှင်သခင်ဖြစ်လို့ ငါသင်လျှင် စိတ်၏ အကြီးအကဲဖြစ်တော့၏။ ”
( စကားချပ်း ဒီစာစုလေးဟာ  ကဗျာဆရာ William Errnest Henley(1849-1903) ရဲ့ “Invictus” ဆိုတဲ့ နာမည်ကြီး ကဗျာတစ်ပုဒ်လို့ ဖေ့စ်ဘုတ် စာဖတ်သူတစ်ဦးထံမှ သိရပါတယ်။ ဒီကဗျာလေးကို ဗိုလ်ချုပ်က နှစ်သက်စွာ ပြန်ဆိုခဲ့တယ်လို့ ယူဆရပါတယ် – မြသွေးနီ)
Artist Nyein Chan Su၏ Facebook မှ ယူသုံးပါသည်။
၁၉၄၀ပြည့်နှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်းတွင် “သခင်အောင်ဆန်း” ကလောင်အမည်ဖြင့် ရေးသားခဲ့သော “နိုင်ငံရေးအမျိုးမျိုး” ဆောင်ပါးမှ   အောက်ပါ ကောက်နှုတ်ချက်များသည်လည်း စိတ်ဝင်စားဖွယ်   ကောင်းသည်နှင့် အမျှ ဗိုလ်ချုပ်၏ စာပေရေးသား ဖွဲ့ဆိုပုံ၊   ရေးနည်းရေးဟန်တို့ကို   လေ့လာအကဲခတ် နိုင်ပါသည်။ ထိုဆောင်းပါး   ရေးရာတွင်…
နိုင်ငံရေးဆိုသော စကားကို ရှေးဦးစွာ သုံးသပ်ရန်လိုသည်။ “ တိုင်းရေး ပြည်ရေး ပေါက်နှင့်ကြေး” “ကြက်ဥအရောင် တိမ်တောင် သဖွယ် မင်ရေးချယ်” စသည်ဖြင့် ရှေးမြန်မာစာများတွင် ဖတ်ရမှတ်ရပါ၏။ ယင်းစကားများသည် ကောင်းလည်း ကောင်း၏။ ဆိုးလည်း ဆိုး၏။   ကောင်းပုံကား နိုင်ငံရေး၏ ခက်ခဲနက်နဲသော အဓိပ္ပာယ် ကျယ်ဝန်းသော အဓိပ္ပာယ်။ သိပ်မွေ့ သော အဓိပ္ပာယ် တို့ကို ဆောင်၏။ ဆိုးပုံကား ကြားရသူများ လမ်းစ ရှာမတွေ့စေဘဲ၊ ဆိုင်းဝိုင်းတွင် တီးလိုက်တိုင်း မြည်သည့် စည်ကဲ့သို့ ပညာရှိကြီးသဖွယ် လူများ အထင်ကြီးအောင် ပြောအောင်၊ ပြောလို့သည့် စကားလည်းဖြစ်၏။ ထိုကြောင့် ကျွန်တော်တို့အဖို့မှာ နိုင်ငံရေးဆိုသည့် အဓိပ္ပာယ် အကျယ်အ၀န်း အတိုင်းအထွာကို စဉ်းစားမိ၏။ “မြန်မာပြည်၏ နိုင်ငံရေးသမိုင်းကို   ပြန်ပြောင်းလို့ ကြည့်လျှင်   နိုင်ငံရေး ဆိုသည်မှာ ဘယ်လိုဟာမျိုးပါဟု တပ်တပ်အပ်အပ် မရှိသည်ကို   တွေ့ရ၏။ မြန်မာများအဖို့ ဟုမ်မရူး၊ အမ်ဒီပင်းဒင့်၊ ဘုံဝါဒ၊ ဆင်းရဲသားဝါဒ၊ ၀ံသာနု စသည်ဖြင့် မီးခိုးမဆုံးမိုးမဆုံး ဖြစ်နေခဲ့သည်။”
အင်္ဂလိပ်လို “ပေါ်လစ်တစ်” POLITICS ဆိုသော စကားသည် အင်္ဂလိပ်စကား မဟုတ်။ “ပေါ်လစ်တစ်” ဟူသော ခေါမတိုင်းခေါ် ဂရိတ်နိုင်ငံမှ စတင် ပေါ်ပေါက်လာ၏။ ခေါမဘာသာဖြင့် “ပေါ်လစ်တစ်” ဆိုသောစကားမှ ဆင်းသက်လာ၏။ အဓိပ္ပာယ်ကား လူအများ စုပေါင်း အုပ်ချုပ်မှုဟု ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးကို ဆိုရှယ်ဆိုင်းယင့်စ် SOCIAL SCIENCE ခေါ်   ပေါင်းသင်းဆက်ဆံမှု သိပ္ပံပညာဟု ယူဆရမည် ဖြစ်၏။
အထက်တွင် တင်ပြခဲ့သော နိုင်ငံရေး၏ သဘောကို အကျယ် ကာဖွင့်ရလျှင် ကုန်နိုင်ဖွယ်ရာမရှိ။ သို့သော် ပိုမို သဘောပေါက်စေခြင်းငှာ ထပ်မံ သရုပ်ဆောင်ပြရဦးအံ့။ နိုင်ငံရေးသည် လူမှုရေးကိစ္စ အားလုံးပင်   ဖြစ်၏။ နောက်တစ်နည်းကား လူသားတို့သည် လူရိုင်းဘ၀မှ လူယဉ်ခေတ်   ရောက်လာသည့်အခါ နိုင်ငံရေးပ်ါလာသည်ဟု ဆိုကြ၏။ ကျွန်တော်၏ အယူအဆတွင်မူ နိုင်ငံရေးကို သိပ္ပံပညာအရ ထင်မြင် သုံးသပ်မှသာ မှန်ကန်သည်ဟု ထင်မိပါ၏။ ”
အသစ်ဖွဲ့စည်းလိုက်သော စစ်ဝန်ကြီးရုံး အခြေကျလာသောအခါ အချိန်အနည်း ငယ်ရသဖြင့် ဗိုလ်ချုပ်သည် သူစောစောကပင် ရေးသားရန် ရည်ရွယ် ထားခဲ့သော စာရေးခြင်း အလုပ်ကို စတင် လုပ်ကိုင်ခဲ့ပါသည်။ သူရေးသည့် စာကတော့ အင်္ဂလိပ်ဘာသာဖြင့် AUTO BIOGRAPHY ခေါ် ကိုယ်ရေး အတ္ထုပ္ပထ္ထိပင် ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ်သည် သူအလွန် စိတ်ဝင်စားစွာဖြင့် ရေးနေသော ကိုယ်ရေးအတ္ထုပ္ပထ္ထိကို ပြီးအောင် အဆုံးမသတ်နိုင်ခဲ့ရှာပါ။ ၁၉၄၄တွင် ဖက်ဆစ်တော်လှန်မှု ရေးတော်ပုံအတွက် လျှို့ဝှက် ပြင်ဆင်မှုများဖြင့် အလွန်အလုပ်များလာသောကြောင့် ဗိုလ်ချုပ်၏   ရေးလက်စ ကိုယ်ရေး အတ္ထုပ္ပထ္ထိကို တစ်ပိုင်းတစ်စနှင့်ပင် ရပ်ထားခဲ့ရသည်မှာ ၁၉၄၇ ခုနှစ် သူ ကွယ်လွန်သွားချိန် အထိပင် ဖြစ်ပါသည်။
ယင်းဗိုလ်ချုပ်၏ ကိုယ်ရေးအတ္ထုပ္ပထ္ထိမှ အောက်ပါ ကောက်နှုတ်ချက်ကို   လေ့လာကြည့်ကြပါစို့။
“ကျွန်တော်သည် လူရိုင်းဘ၀က လာလေသလား မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိနေသည်။ ရံဖန်ရံခါ လူယဉ်ကျေး ဆိုသူများနှင့် အသားမကျခဲ့။ မျက်စိနောက်   မြင်ပြင်းကပ်လာသည်။ ထိုအခါ ငါသည် လူရိုးဟု ဇာတိစွဲဖြစ်ချင်သည့်စိတ်   ပေါ်လာတက်သည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွပ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏၊ ကျွန်တော်၏စိတ်ဝယ် အင်မတန် စိုပြေလတ်ဆတ်သော ဘ၀ဟု ယူဆမိသည်။ မြန်မာပြည်ရှိ လူအားလုံး လူရိုင်းဘ၀သို့ ရောက်ချင်   ရောက်သွားပါစေ။ လွတ်လပ် ချမ်းသာစွာ ခေါင်းထောင်နေနိုင် မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေး ဘ၀ထက် ကျွန်တော် အဆတစ်ရာ   နေပျော်ပေမည် ။
“ကျွန်တော် စိမ်းလန်းစိုပြေ ကျယ်ပြန်သော လွင်ပြင်ရိုင်းတွင် လက်ပန်းပေါက် ခတ်လို့ လွတ်လွတ် လပ်လပ် မြူတူးအော်ဟစ် နေလိုသည်”
အထက်ပါ ကောက်နှုတ်ချက်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏   မြန်မာစကားပြေ ရေးသားဟန်ကို ပေါ်လွင်ထင်ရှားသည်ဟု ဆိုရပါမည်။ ၀ါကျ တည်ဆောက်ပုံက တိုတိုတုတ်တုတ်နှင့် လိုရင်းကို ထိထိမိမိ ရေးဖွဲ့ထားသည်။ သုံးသည့်ဝေါဟာရ စကားလုံးများကလည်း တိကျပြတ်သားသည်။ ဟန်ဆောင်မှုကင်းသော သူ၏ ပင်ကိုယ် သဘောဝစရိုက်ကိုပါ ပေါ်လွင်စေသည့်အပြင် သူ၏ နှလုံးသားအတွင်း ကိန်းအောင်း တည်ရှိနေသော ဖြစ်ပေါ် ခံစားချက်ကိုပါ ပွင့်လင်းစွာ ဖော်ထုတ် ရေးဖွဲ့ထားသည်ဟု ဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအရေးအသားအကြောင်း ပြောရလျှင် သူ၏ အင်္ဂလိပ်စာ ရေးသားမှု ကျွမ်းကျင်ပုံကိုပါ ဖော်ထုတ် တင်ပြရပါမည်။ ၁၉၆၅ ခုနှစ်က ကျွန်တော်သည် လုပ်သား (အင်္ဂလိပ်) သတင်းစာအတွက် “တပ်မတော်နေ့” ဆောင်းပါးတစ်ပုဒ်ကို အင်္ဂလိပ်ဘာသာမူရင်းမှ ကောက်နှုတ် ချက်အချို့ကို ကိုးကားခဲ့ပါသည်။ ယင်းဆောင်းပါးကို သတင်းစာတွင် မထည့်မီ တစ်ရက်က လုပ်သား(အင်္ဂလိပ်စာ)သတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်လတ် (ဒေါ်ခင်မျိုးချစ်၏ ခင်ပွန်း)က ကျွန်တော့်ကို တယ်လီဖုန်း ဆက်မေးပါသည်။
“ကိုနေ၀င်း၊ ခင်ဗျားဆောင်းပါးက ကောင်းပါတယ်။ ကျွန်တော်တို့ သုံးမှာပါ။ ဒါထက် အဲ့ဒီ ဆောင်းပါးမှာ ခင်ဗျား ကောက်နှုတ် ကိုးကားထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်္ဂလိပ်လို “ဖက်ဆစ်တော်လှန်ရေး စစ်တမ်း” ကို ဗိုလ်ချုပ်ကိုယ်တိုင် ရေးခဲ့တာလား၊ ဒါမှမဟုတ် တစ်ယောက် ယောက်က များ ရေးပေးထားလား”
“ဗိုလ်ချုပ်ကိုယ်တိုင် ရေးတာပါ၊ အဲဒါတော့ ကျွန်တော် ကောင်းကောင်း သိပါတယ်၊ ဘာဖြစ်လို့လဲ ဆရာခင်မောင်လတ်”
“ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စာ အရေးအသား ကောင်းလွန်းလို့ပါဘဲ။   ဝေါဟာရ ကြွယ်ပုံ၊ ၀ါကျတည်ဆောက်ပုံ၊ စကားလုံးတွေ သုံးထားပုံက ဗိုလ်ချုပ်လို မြန်မာစာ ဦးစားပေးသင်တဲ့ ရေနံ ချောင်း နေရှင်နယ်ကျောင်းက ထွက်လာသူတစ်ဦးရဲ့ လက်ရာနဲ့ လုံးဝ မတူဘူးဗျ။ ရှင်းရှင်းပြောရရင် ခရစ်ယာန် သာသနာပြုကျောင်း (ယူရိုပီယမ်ကျောင်း) ထွက်တွေထက်တောင် သာနေလို့ အံ့သြစရာ ကောင်းလို့ပါ။ တကယ်ပါဗျာ။ ဗိုလ်ချုပ်လို အင်္ဂလိပ်စာ ရေးသားမှု ပိုင်နိုင်ကျွမ်းကျင်သူမျိုးဟာ အလွန်ရှားပါတယ် ”
ထိုသို့လျှင် သူကိုယ်တိုင်က မဟာဝိဇ္ဖာ(အင်္ဂလိပ်)ဘွဲ့ရ အင်္ဂလိပ်စာပြ ဆရာကြီးတစ်ဦး လုပ်ခဲ့သူ ဦးခင်မောင်လတ်ကိုယ်တိုင် ဖွင့်ဟ ချီးကြူး ခဲ့ရ လောက်အောင် ဗိုလ်ချုပ်အောင်ဆန်း၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည် အံ့သြဖွယ်ရာ ကောင်းလှပါသည်။ ထိုကြောင့် “လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူုပြီး စာရေးဆရာလုပ်မယ် စိတ်ကူးတယ်” ဟု ၁၉၄၇ ခုနှစ် ဧပြီလတွင် ပြင်ဦးလွင် (မေမြို့)တွင် ပြောခဲ့သူ ဗိုလ်ချုပ်သည် တကယ်ပင် စာရေးဆရာ (အင်္ဂလိပ်-မြန်မာနှစ်ဘာသာ) ကျွမ်းကျင်သူတစ်ဦး   ဖြစ်နိုင်သည်မှာ လုံးဝ ယုံမှားဖွယ် မရှိကြောင်း တင်ပြလိုက်ရပါသည်။
ကျွန်မနဲ့ ရင်းနှီးသူ မောင်လေး၊ ညီမလေးများက ပြောပါတယ်။ အစ်မရယ်.. ဖေဖော်ဝါရီ ၁၄ရက်ပဲ သတိရကြတယ်။ ဖေဖော်ဝါရီ ၁၃ရက်က ဘာနေ့လဲဆိုတာ မေ့မနေကြပါနဲ့ ..ဆိုပြောနေကြတာတွေ အွန်လိုင်းမှာ ပလူပျံ နေတာဘဲ။ ကျွန်တော် ကျွန်မတို့လဲ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို သိပါတယ်။ အဲလိုကြီး ရေးနေကြတာကို မခံချင်ဘူး.. လို့ ပြောလာ ကြပါတယ်။ ဒါကြောင့် သူတို့ကို ” ဒီစာတွေက သိပြီးသူတွေ ပိုသိဖို့၊ မသိသေးသူတွေ အသိစိတ်ဝင်လာဖို့အတွက် ရေးတယ်လို့ပဲ မှတ်ထားပေးကြပါ” လို့   ချွေးသိပ်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ငယ်ငယ်က တေဇလူငယ်လေးတွေ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ တံဆိပ် ရင်ထိုးလေးတွေ ရင်ဘတ်မှာ တတ်လို့။ ဒီလို ဗိုလ်ချုပ်   မွေးနေ့မျိုး   ရောက်ပြီဆိုရင် တာဝါလိန်းလမ်း၊ ဗဟန်းမှာရှိတဲ့ ဗိုလ်ချုပ်နေအိမ်(ယခုဗိုလ်ချုပ်အာင်ဆန်းပြတိုက်)နဲ့ ဗိုလ်ချုပ်အောင်ဆန်း   ကြေးရုပ်ရှိရာ ဗိုလ်ချုပ်ပန်းခြံထဲကို လေ့လာရေးခရီး ထွက်ရတာကို လွမ်းမောစဖွယ်   ပြန်သတိရမိပါတယ်။
ကျွန်မ အိမ်မက်တစ်ခုတော့ မက်နေမိတယ်။ ဒီနေ့လို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မျိုးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အမှတ်တရ စာအုပ်လေးတွေ၊ အမှတ်တရ ဓာတ်ပုံလေးတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်ဘ၀လေးတွေကို နောင်ကလေးတွေ ကွင်းဆက် မပြတ်စေဖို့  ပြပွဲလေး တစ်ခုလိုများ လုပ်ခွင့်ရချင်မိပါရဲ့လို့။
ဖေဖော်ဝါရီလ၊ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၇နှစ်ပြည့်မြောက် မွေးနေ့ရက်မြတ်သို့ လေးစားစွာ ဂုဏ်ပြုလျှက်…။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...