
ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးကို ပထမဆုံး ဖော်ပြခွင့်ရရှိသည့် ပြည်သူ့ခေတ်နှင့် အင်တာဗျူးကို ပထမဆုံး ဖော်ပြခွင့်ရသည့် Messenger
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းက နေအိမ်အကျယ်ချုပ်မှ ပြန် လည်လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပထမ ဆုံးပုံနှိပ်ဖော်ပြခွင့် ရရှိခဲ့သည့်ဆောင်းပါး နှင့် ဂျာနယ်များတွင် ဖော်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများ ကို ၂၀၁၁ ခုနှစ်အတွင်း စာပေနယ်မှ ထင်ရှားမှုအဖြစ် Weekly Eleven News ဂျာနယ်မှ ရွေးချယ်ဖော်ပြအပ်ပါသည်။
ပြည်တွင်း၌ ပထမဆုံး ပုံနှိပ်ဖော်ပြခွင့်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးမှာ ‘မြန်မာပြည်ကရေးတဲ့ စာ အပန်းဖြေနားရက်များ -၁’ ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်အတွဲ -၂၊ အမှတ် ၅၉ တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုဆောင်းပါးသည် ယခုနှစ်အတွင်း ပုဂံသို့ အပန်းဖြေခရီးထွက်ခဲ့သည့် အတွေ့အကြုံများကို ဒေါ်အောင်ဆန်းစုကြည် က ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းအရာကိုပင် ဇူလိုင်လ ၁၉ ရက် နေ့တွင် Mainichi ဂျပန်သတင်းစာ၌ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာတို့ဖြင့် ပထမဆုံးဖော်ပြခဲ့ပြီး စက်တင်ဘာလ တွင် မြန်မာဘာသာဖြင့် ပြည်သူ့ခေတ် ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆောင်းပါး၏ အပိုင်း-၂ ကို ပြည်သူ့ခေတ်ဂျာနယ် အတွဲ-၂၊ အ မှတ် ၆၀ တွင်ဖော်ပြခဲ့ပြီးနောက် အ ပိုင်း-၃ကိုမူ ပြည်သူ့ခေတ်ဂျာနယ် အ တွဲ-၂၊ အမှတ်၇၄၊ ဒီဇင်ဘာလသို့ ရောက်ရှိမှသာ ဖော်ပြခွင့်ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပုံနှိပ်ဖော်ပြခွင့်ရရှိသည့် ဆောင်းပါး နှင့်အတူ ဂျာနယ်အသီးသီး၌ ဖော်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးဖြင့် သတင်းများမှာလည်း ထင်ရှားသော အကြောင်းအရာများ ဖြစ်ခဲ့သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်အချိန်က ထိုသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့်ရရှိခဲ့သော်လည်း သတင်းဓာတ်ပုံသုံးစွဲရာတွင် ခွင့်ပြုချက် ပမာဏအတိုင်းသာ ဖော်ပြခွင့်ရရှိခဲ့ပြီး မျက်နှာဖုံး၌ဖော်ပြခြင်းနှင့် မျက်နှာဖုံး အပြည့်ဖော်ပြခြင်းတို့ကို ကန့်သတ် ထားခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်အတွင်းသို့ ရောက်ရှိချိန်တွင် နေပြည်တော်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပထမဆုံး တွေ့ဆုံခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အစရှိသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း အစရှိသည့် ကိစ္စရပ်များမှစတင်ပြီး ပြည်တွင်းထုတ် ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြလာခြင်း၊ အင်တာဗျူးများနှင့်အတူ မျက်နှာဖုံးပြည့် ဖော်ပြလာကြခြင်း အစရှိသည် တို့ကို လုပ်ဆောင်ခွင့် ရရှိလာခဲ့သည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည် နှင့်သီးခြားတွေ့ဆုံပြီး အင်တာဗျူးဖော် ပြခြင်းကို ဂျာနယ်အများစုက လုပ်ကိုင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နောက်ဆက်တွဲ လှုပ်ရှားမှုများကို မျက်နှာဖုံး သတင်းများအဖြစ် ဂျာနယ် အများအပြားက ဖော်ပြခဲ့ကြသည်။ ထိုသို့ ဖော်ပြမှုများအနက် ထူးခြားချက် အနေဖြင့် ဦးကိုကို(ကိုကို- စက်မှုတက္ကသိုလ်) က မေးမြန်းခဲ့ပြီး ရန်ကုန်တိုင်း(မ်) ဂျာနယ်၌ ဖော်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံမှု အင်တာဗျူး အပြည့်အစုံကို စာအုပ်ငယ်အဖြစ် ပထမဆုံး ထုတ်ဝေဖြန့်ချိခဲ့သည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com