
လိုအပ်သည်ထက်ပိုမိုတဲ့ အကာအကွယ်ရမှု၊ ပြည့်စုံလုံလောက်မှုတွေရဲ့
လွှမ်းခြုံမှုကို လောင်းရိပ်လို့ အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ အဲဒီ့
လောင်းရိပ်ရဲ့ လွှမ်းမိုးထားခြင်း ခံရမှုကိုတော့ လောင်းရိပ်မိတယ်လို့
ပြောကြပါတယ်။
အပင်တပင်ဟာ လောင်းရိပ်အောက်မှာနေရတာ အေးမြပါတယ်။ လုံခြုံမှုရှိပါတယ်။
ဒါပေမယ့် လောင်းရိပ်ကြောင့် နေ၊ရေ၊လေ စတဲ့ သဘာဝတရားတွေနဲ့
တိုက်ရိုက်ထိတွေ့မှုနည်းပြီး ဖွံ့ဖြိုးမှုတိုးတက်မှု အားနည်းတတ်တာ၊
နှောင့်နှေးတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မြို့ကြီးပြကြီးတခုခုရဲ့ ကပ်လျက်မှာ တည်နေရတဲ့ မြို့ငယ်လေးတွေဆိုလည်း
မြို့ကြီးရဲ့ လောင်းရိပ်ကိုမိပြီး တိုးတက်မှု နှောင့်နှေးတတ်တယ်။ ဥပမာ…
တွံတေး၊ သံလျင်၊ ဒလ၊ ကွန်းခြံကုန်း၊ မှော်ဘီ၊တိုက်ကြီး၊ ပဲခူး စတဲ့
မြို့ငယ်လေးတွေဟာ ရန်ကုန်နဲ့ နီးကပ်နေပါလျက် မန္တလေးလောက်၊
မော်လမြိုင်လောက်၊တောင်ကြီးတို့လောက် မစည်ကားတာဟာ
ရန်ကုန်လောင်းရိပ်မိနေလို့ပဲ။
လူသားတို့ရဲ့ ဘဝမှာလည်း မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့ လောင်းရိပ်မိနေရင်
အထက်ကဖေါ်ပြခဲ့တဲ့ အပင်ငယ်တွေ၊ မြို့ငယ်တွေလိုပဲ
ဖွံ့ဖြိုးတိုးတက်မှုအားနည်းတာတို့၊ လောင်းရိပ်ရဲ့ ကာဆီးအုပ်မိုးပေးမှုကြောင့်
ဘယ်အရာကိုမှ ခံနိုင်ရည်မရှိတာတို့ ဖြစ်တတ်ပါတယ်။
ယနေ့ခေတ် မြန်မာပြည်မှာ မပွားများသင့်ဘဲ ပွားများနေတဲ့ ကိစ္စတွေထဲက တခုဖြစ်တဲ့ ...
နာဂစ်မုန်တိုင်းဒဏ်ကြောင့်၊ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်၊
ဆင်းရဲမွဲတေလှခြင်းများကြောင့် မိခင်ဖခင်မဲ့ရသော၊ မိဘရှိပါလျက်
မိဘအရိပ်အောက်မှာ အေးချမ်းစွာ မနေနိုင်ဘဲ ဘဝမုန်တိုင်းထဲမှာ
လှုပ်ရှားရုန်းကန်နေကြရသော လောင်းရိပ်မဲ့ ကလေးသူငယ် လူငယ်များအတွက် ကျွန်ုပ်
ဒီစာကိုရေးပါသည်။
လောင်းရိပ်မဲ့ ကလေးသူငယ်တွေကို ကြည့်ပြီး လူတချို့က ကံကို
ယိုးမယ်ဖွဲ့ကြတယ်။ သူတို့လေးတွေဟာ ကံမကောင်းလို့ သနားစရာလေးတွေ
ဖြစ်နေပါလားဆိုတဲ့ ပြောဆိုပြုမူဆက်ဆံခြင်းကို သူတို့လေးတွေ
မြင်နိုင်သိနိုင်ကြားနိုင်လောက်တဲ့ အနေအထားတွေကနေ
ပြောဆိုပြုမူဆက်ဆံလိုက်တာကို ကျွန်ုပ်အနေနဲ့
လုံးဝကန့်ကွက်ပါတယ်။နဂိုကတည်းကမှ ခိုလှုံရာအရိပ်မဲ့နေလို့ အားငယ်စိတ်
အခံရှိနေသူများကို နင်တို့ဟာ သိပ်သနားစရာကောင်းတာပဲလို့ ပြောလိုက်ခြင်းဟာ
ကြင်နာရာမရောက်ပဲ သူ့တို့နှလုံးသားကို နာကျင်စေတယ်လို့ ကျွန်ုပ်ယူဆပါသည်။
တကယ်ပဲ သူတို့ကို စာနာရင် သူတို့စိတ်ဓါတ်တွေ တက်ကြွလာအောင် အားပေးရမယ်။
ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ နိမ့်ပါးသောဘဝတွင် ရုန်းကန်လှုပ်ရှားမှုကင်းစွာ
ရပ်တည်နေပြီး မိမိဘဝကိုမိမိ သနားဂရုဏာသက်နေမည်ဆိုပါက နိမ့်သောအခြေအနေက
ဘယ်တော့မှ တက်နိုင်လိမ့်မည်မဟုတ် ဆိုတာမျိုးကို သူတို့သိလာအောင်
လှုံ့ဆော်ပေးရမယ်။ မိမိကို အောက်ခြေတွင် ဆွဲချည်နေသော ညှိုးနွမ်းနိမ့်ကျတဲ့
စိတ်နှောင်ကြိုးတို့ကို ဖြတ်တောက်ပြီး ငါ့ဘဝ ငါဖန်တီးမယ်ဆိုတဲ့
ကိုယ့်ဒူးကိုယ်ချွန်စိတ်ဓါတ်မျိုး ဖြစ်လာအောင်
ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
အားကိုးမရှိခြင်းဟာ လွတ်လပ်ခြင်းတမျိုးလို့ ကျွန်ုပ်ယူဆပါတယ်။
လောင်းရိပ်မဲ့ကလေးတို့ဘဝမှာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသူတို့ရဲ့ ဘယ်သူ့
စကားကိုမှနားမယောင်၊ ဘယ်သူဖျက်လို့မှ မပျက်တဲ့ စိတ်ဓါတ်နဲ့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိစွာ၊ လွပ်လပ်စွာ အခိုင်အမာ ရပ်တည်နေနိုင်ဖို့ အရေးကြီးပါတယ်။
လောင်းရိပ်မရှိခြင်းကြောင့် ကျရောက်လာမယ့် အန္တရာယ်အမျိုးမျိုးကို
ကြံ့ကြံ့ခံနိုင်ပြီး ကိုယ်ကမမှုတဲ့အခါ သူတို့လျှောက်သောလမ်းမှာ
ခလုတ်တိုက်သောကျောက်တုံးတို့ဟာ ခြေနင်းကျောက်တုံးတို့
ဖြစ်သွားပါလိမ့်မယ်ဆိုတာကို သူတို့ကို ပြောပြစေချင်ပါတယ်။
ရှေးယခင်က ဥရောပတိုက်သား မြင်းလှည်းမြင်းရထား တည်ဆောက်သူများဟာ
လှည်းဘီးအဖြစ်သုံးဖို့ သစ်သားကိုရွေးချယ်ရင် ဝက်သစ်ချသားကိုပဲ
ရွေးချယ်လေ့ရှိတယ်လို့ သိရပါတယ်။ ဝက်သစ်ချသားရဲ့ အထင်ရှားဆုံး
အရည်အသွေးကတော့ ကြံ့ခိုင်မာကြောခြင်းပါပဲ။ ဒါတောင်မှ
ဝက်သစ်ချမျိုးနွယ်အများအပြားထဲက အမာကြောဆုံး ဝက်သစ်ချမျိုးနွယ်ထဲမှာပင်
တစ်ပင်နဲ့တပင် ကြံ့ခိုင်မှုခြင်း မတူကြဘူး။
ဒါကိုကောင်းကောင်းသိနေတဲ့ မြင်းလှည်းတည်ဆောက်သူ လက်သမားဆရာများက
မြင်းလှည်းဘီးအတွက် ဝက်သစ်ချသားရွေးတဲ့အခါ ဝက်သစ်ချပင်တွေထဲကပဲ
အမာကြောဆုံး၊ အကြံ့ခိုင်ဆုံးဖြစ်နိုင်တဲ့ အပင်မျိုးကို ရွေးလေ့ရှိကြတယ်။
ရွေးနည်းကတော့ ထူးထူးထွေထွေ မဟုတ်ဘူး။ သူတို့ရွေးလိုက်တာကတော့ တပင်တည်း
ထီးထီးကြီး ပေါက်နေတဲ့ ဝက်သစ်ချပင်မျိုးပဲ။
နှစ်ပေါင်းများစွာ နေဒဏ်၊လေဒဏ်၊မိုးဒဏ်၊ဆီးနှင်းမုန်တိုင်းဒဏ်စတဲ့
ရာသီဥတုဒဏ်တွေကို တပင်တည်း ထီးထီးမားမားရပ်တည်ကာ ကြံ့ကြံ့ခံပေါက်ရောက်ပြီး
အရွယ်ရောက်လာတဲ့ ဝက်သစ်ချပင်ဟာ အခြားအပင်တွေနဲ့ ရောနှောပေါက်တဲ့
ဝက်သစ်ချပင်ထက် ပိုပြီးကြံ့ခိုင်သတဲ့၊ ပိုပြီးမာကျောသတဲ့။တစ်သက်တာပတ်လုံး
မပြတ်တိမ်းညွှတ်လှုပ်ရှားခဲ့တဲ့ အနှီဝက်သစ်ချပင်ကရတဲ့ သစ်သားဟာ
အလွန်မာကြောတဲ့အပြင် ဝန်တွေတင်ကာ မညီညာသောလမ်းမှာ
တရကြမ်းဆောင့်ပြေးသော်လည်း တခြားလှည်းဘီးတွေလို
ကွဲထွက်သွားခြင်းမရှိခြင်းကို မြင်းလှည်းဆရာတို့ဟာ သူတို့သစ်သားအတွက်
လွန်စွာဂုဏ်ယူလေ့ရှိကြတယ်လို့ သိရပါတယ်။
လူသားတို့ရဲ့ဘဝမှာလည်း သဘာဝရဲ့ စမ်းသပ်မှုအမျိုးမျိုး၊ ဘဝရဲ့ အလှည့်အပြောင်း
အခက်အခဲပေါင်းများစွာကို အားကိုးအားထားမရှိဘဲ လောင်းရိပ်မဲ့စွာ
ရင်ဆိုင်ကျော်လွှားကာ အောင်မြင်မှုရသူများဟာ၊ အသိုင်းအဝိုင်းရဲ့
ကူညီထောက်ပံ့ပေးမှုကြောင့် အောင်မြင်မှုရသူများထက် နေရာတိုင်းလိုလိုမှာ
သာလွန်သော အတွေ့အကြုံ၊ အရည်အချင်းကောင်းများရှိနေတတ်ကြပါတယ်။ ခံခဲ့ရတဲ့
ခံနိုင်ရည်ခြင်းက မတူခဲ့ဘူးလေ။ လောကမှာ ခံနိုင်ရည်မရှိတဲ့
သက်ရှိသက်မဲ့အရာအားလုံးဟာ ခံနိုင်ရည်ရှိတဲ့ သက်ရှိသက်မဲ့အားလုံးထက်
တန်ဖိုးနိမ့်ပါတယ်။ ခံနိုင်ရည်ရှိလေ အဖိုးတန်လေပါပဲ။
အကျပ်အတည်းမှ လွတ်မြောက်အောင် ရုန်းထွက်ကာ၊ လောင်းရိပ်မဲ့ခြင်းကြောင့်
မိမိအပေါ်တိုက်ရိုက် ကျရောက်လာသောအန္တရာယ်ကို တွန်းလှန်ဖယ်ရှားကာ၊ အခက်အခဲ
အတားအဆီးကို ကျော်လွှားနိုင်အောင် အကျိတ်အနှယ်အားထုတ် ကြိုးပမ်းကာ ဘဝကို
အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ကြသူတချို့ကို ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ
အကြောင်းအမျိုးမျိုးကြောင့် လောင်းရိပ်မဲ့နေရတဲ့ ကလေးသူငယ်များအားအတွက်
အားကျအတုယူဖွယ်ဖြစ်စေရန် ဖေါ်ပြလိုက်ပါတယ်။
(၁)အလှသခင်အဖြစ် ကမ္ဘာကျော်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး Marilyn Monroe
မာရီလင်မွန်ရိုးရဲ့ မိခင်ဖြစ်သူရော၊ မိခင်ရဲ့အမေဖြစ်သူ သူမရဲ့
အဖွားဖြစ်သူရောဟာ Manic Depresionဆိုတဲ့ စိတ်ဝေဒနာသည်တွေပါ။ မွန်ရိုးဟာ
ကလေးဘဝမှာ အဖွားဖြစ်သူရဲ့ ခေါင်းအုံးနဲ့ဖိသတ်ခြင်းကို မမေ့နိုင်စရာ
ကြုံခဲ့ရတယ်။ မိခင်ဘက်က အဖိုးဖြစ်သူဟာလည်း ကာလသားရောဂါနဲ့
ဆုံးပါးသွားခဲ့တယ်။ ဖခင်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း သူမ မသိခဲ့ရဘူး။
သူမ အသက်၇နှစ်အရွယ်မှာ အခြားသူများထံမှာ တနေ့၂၅ဒေါ်လာနဲ့ စောင့်ရှောက်ဖို့
မိခင်ဖြစ်သူက အပ်ခဲ့ရတယ်။ မိခင်ဖြစ်သူ လုံးဝလုံးဝ စိတ်ဝေဒနာသည်ဖြစ်သွားတဲ့
အချိန်မှာတော့ သူမဟာ မိဘမဲ့ဂေဟာကို အပြီးတိုင်ရောက်သွားခဲ့ရတယ်။
သူမကိုယ်တိုင်ပြောပြချက်အရဆို သူမဟာ အသက်(၁၁)နှစ်သမီးမှာပဲ
မတော်မတရားပြုကျင့်ခြင်း ခံခဲ့ရတယ်။ သူမအနေနဲ့ အဲသည်လို လောင်းရိပ်မဲ့
ဘဝကနေပြီး ကမ္ဘာကျော်မင်းသမီးဖြစ်လာအောင် ဘယ်လောက်များ
ကြိုးစားရုန်းကန်လိုက်ရမလဲ။ သူမဘဝမှာ မကောင်းမှုများရှိခဲ့ပေမယ့် သူမရဲ့
ကြိုးစားရုန်းကန်ခြင်း၊ စိတ်ဓါတ်မကျခြင်း၊လောကဓံခံနိုင်ခြင်းတို့ကို
အတုယူသင့်ပါတယ်။
(၂) အမေရိကန်နိုင်ငံရဲ့ သတ္တမမြောက် သမ္မတလည်းဖြစ်၊
စစ်ဗိုလ်ချုပ်တဦးလည်းဖြစ်သူ အင်ဒရူဒဂျက်ဆန်(Andrew Jackson) ဟာ
အသက်၁၄နှစ်အရွယ်မှာ မိဘမဲ့ဖြစ်ခဲ့ပါတယ်။
(၃) အာဖရိကနိုင်ငံရဲ့ ပထမဆုံးသမ္မတလည်းဖြစ်၊ ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုအပါအဝင် ဆယ်စုနှစ်(၄)စုကျော်အတွင်းမှာ ဆုအရေအတွက်ပေါင်း
(၂၅၀)ကျော်လည်း လက်ခံရရှိခဲ့သူလည်းဖြစ်တဲ့ Nelson Rolihlahla Mandela
(နယ်လ်ဆင် ရော်လီလှာလှာ မန်ဒဲလား)ဟာလည်း လောင်းရိပ်မဲ့စွာ
ကြီးပြင်းခဲ့ရသူအဖြစ် မှတ်တမ်းတင်ခြင်းခံထားရပါတယ်။
(၅) ကျွန်ုပ်တို့မြန်မာနိုင်ငံမှ ကမ္ဘာကျော် ငြိမ်းချမ်းရေးဆုရှင်၊
ဆုပေါင်းများစွာတို့ရဲ့ ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဖခင်ရဲ့ အရိပ်၊
မိခင်တိုင်းပြည်ရဲ့ အရိပ်ကို ခိုလှုံခွင့်မရခဲ့ပါဘူး။
(၆) ကမ္ဘာကျော် ငြိမ်းချမ်းရေးတေးသီချင်းပိုင်ရှင် အဆိုတော်ကြီး John Lennon
(ဂျွန်လီနွန်)ဟာလည်း အဖေအမေနဲ့ မကြီးပြင်းခဲ့ရဘဲ ဦးလေးအဒေါ်တို့နဲ့သာ
ကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။
(၇)အမေရိကန် သမ္မတများဖြစ်ကြသော စီအိုးဒို ရုစဗဲ့၊ ကယ်ဗင်ကူးလစ်ခ်ျ၊
ဖရန်ကလင်ဒီလာ ရုစဗဲ့တို့နှင့် များစွာ ရင်းနှီးသော၊ ကမ္ဘာတလွှားမှ
ရှင်ဘုရင်များ၊ မင်းညီမင်းသားများပါ သူ့ထံတကူးတက လာရောက်တွေ့ဆုံရသော၊
မဟတ္တမဂန္ဓီအတွက် အာဟာရပြည့် သက်သတ်လွတ် ဟင်းလျာအညွှန်းများနှင့်
အိန္ဒိယပြည်သူများအတွက် စိုက်ပျိုးရေးနည်းနာများကို ရေးသားပေးပို့ရသော၊
သူဌေးကြီး ဟင်နရီဖို့ဒ် (Ford မော်တော်ကား တီထွင်ထုတ်လုပ်သူ)က
စာသင်ကျောင်းတကျောင်း တည်ထောင်ပေးခဲ့ရသော၊ ကမ္ဘာကျော်ပန်းချီဆရာကြီး
တစ်ဦးလည်း ဖြစ်သူ ဂျော့ဝါရှင်တန်ကာဗာ (George Washinton Carver)ဟာ
မွေးကင်းစကလေးအရွယ်ကပင် မိခင်နှင့်အတူ လူဆိုးများက လုယူပြီး
ကျွန်အဖြစ်ရောင်းစားခံခဲ့ရတဲ့ မြေရှင်ပဒေသရာဇ်စနစ်အခေါ်အရ ကျွန်တဦးသာ
ဖြစ်ခဲ့ရသူပါ။
(၈) ၁၉၅၅ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှာ ဖခင်အမည်မဖေါ်နိုင်၊
တကိုယ်တည်းမိခင် (Single mother) က မွေးဖွားခဲ့ပြီး (၇)ရက်သားအရွယ်မှာပင်
စုံတွဲတတွဲရဲ့ မွေးစားခြင်းကို ခံလိုက်ရကာ သူစိမ်းလက်ထဲမှာ
ကြီးပြင်းလာရသူကတော့ ယနေ့ခေတ်ရဲ့ လူကြီးလူငယ်တို့အသဲစွဲ Apple Computerကို
တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ Steve Jobs ပဲဖြစ်ပါတယ်။ စကားချပ် Steve Jobsဟာ
ဗုဒ္ဓဘာသာဝင်တဦးလည်း ဖြစ်ပါတယ်။

အထက်ဖေါ်ပြပါ ပုဂ္ဂိုလ်များအပြင် ခေတ်အဆက်ဆက် လောင်းရိပ်မဲ့ခဲ့သော်လည်း
စွမ်းခဲ့သော၊ ခေတ်ကိုဦးဆောင်နိုင်ခဲ့သော စာပေ၊ဂီတ၊အနုပညာ၊အားကစား၊သိပ္ပလောက
စတဲ့ နေရာပေါင်းစုံမှ ပုဂ္ဂိုလ်များ ရှိနေပါသေးတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ
လောင်းရိပ်မဲ့ကလေးသူငယ်များကိုလည်း သနားစရာကောင်းသူလေးများအဖြစ်သာ
မမြင်ကြဘဲ၊ သဘောမထားကြဘဲ ကိုယ့်ဒူးကိုယ်ချွန်သမားများ ဖြစ်လာအောင်၊
လောကကြီးကပေးတဲ့ လောကဒဏ်ကို ခံနိုင်ရည်ရှိလာအောင် နီးစပ်ရာ အသိုင်းအဝိုင်းက
နည်းပေးလမ်းပြပေးကြစေလိုပါတယ်။
ကျွန်ုပ်အနေနဲ့ပြောရရင်တော့ အရွယ်မရောက်သေးသူ ကလေးသူငယ်အားလုံး
မိဘရင်ခွင်မှာ အေးချမ်းစွာနဲ့ ခိုလှုံပြီး ပညာသင်ကြားခွင့်ရခြင်းဟာ
အကောင်းဆုံးအနေအထားလို့ ယူဆပါတယ်။ ဘယ်သူ့ကိုမှလည်း လောင်းရိပ်မဲ့တဲ့ဘဝကို
မရောက်စေချင်ပါဘူး။ ဒါပေမယ့် ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ လောကသဘာဝအရ
ကျွန်ုပ်တို့ မြန်မာပြည်မှာ လောင်းရိပ်မဲ့လေးတွေ တပုံတပင်ကိုရှိနေပါပြီ။
ဒီကလေးတွေကို အပ်ချလောင်းဆိုပြီး နတ်ရေကန်ထဲတွန်းချသလို
ထွန်းထွန်းပေါက်ပေါက် ပြည့်ပြည့်စုံစုံဖြစ်သွားစေချင်တဲ့ စိတ်စေတနာလည်း
အားလုံးနီးပါးမှ ရှိကြမယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ လက်တွေ့မှာတော့
ကျွန်ုပ်တို့အနေနဲ့ အဲသည်လို မစွမ်းနိုင်ဘူး။
ဒါပေမယ့် ကျွန်ုပ်တို့အားလုံး လောင်းရိပ်မဲ့ ကလေးသူငယ်တွေအတွက်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးခြင်း
သူတို့ရဲ့ ဘဝလေးတွေကို ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ လောကမှာ လူတိုင်း
မ,မနိုင်တဲ့ လေးလံလွန်းတဲ့ အရာများကို မ နိုင်သူများဟာ သာမာန်လူများထက်
လေးလံသောအရာများကို ရက်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ မညည်းမငြူ
မခြင်းဖြင့် လေ့ကျင်ခဲ့ကြလို့သာဖြစ်တယ်။
အဲဒါကြောင့် သာမာန်လူတွေ ငြိုငြင်ကြတဲ့ သူတပါးရဲ့လှောင်ပြောင်ခြင်း၊
မေးငေါ့ခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခြင်းများကို သူတပါးထက် ပိုခံနိုင်ရည်ရှိသူ၊
သူတပါးထက် ပိုဦးနှောက်အခြောက်ခံနိုင်သူ၊ ပိုခေါင်းအကိုက်ခံနိုင်သူ၊
ပိုစိတ်ပင်ပန်းခံနိုင်သူ၊ ရိုက်ခတ်လာသမျှသော ကောင်းခြင်းဆိုးခြင်းများကို
အကာအကွယ်မဲ့နေတဲ့ အနေအထားကနေ ကြံ့ကြံ့ခံ ခုခံတွန်းလှန်နိုင်သူဟာ
လောင်းရိပ်အောက်ကသူများထက် ပိုမိုထူးချွန်ထက်မြက်သော
လောင်းရိပ်မဲ့လူသားများ ဖြစ်လာမှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။
အေးနန္ဒာအောင်(ဂျပန်)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com