အချိန်က ၁၈၅၀-၁၉၀၀ ၀န်းကျင်လောက်က အမေရိကန်ပြည်ထောင်စု (ယခု) အိုက်ဒါဟို
(Idaho)၊ အော်ရီဂွန်(Oregon)နဲ့ ၀ါရှင်တန်(Washington) ဒေသတ၀ိုက်က
ရတ်အင်ဒီးယန်းလူမျိုးစုတစ်မျိုးဖြစ်တဲ့ Nez Perce (နာ့ဇ်ပိစ်) အင်ဒီယန်းတွေ
အခြေချနေတဲ့နေရာကို လူဖြူအမေရိကန်တွေ ကျူးကျော် ၀င်ရောက်တုန်းက
ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။
ကျွန်တော် အနီးစပ်ဆုံးဘာသာပြန်ဖို့ကြိုးစားလိုက်ပါတယ်..။
အဲဒီမှာ သူ့မြေ၊ သူ့လူမျိုးနဲ့
သူတို့ယဉ်ကျေးမှုကို အရမ်းစောင့်ရှောက်ထိမ်းသိမ်းတဲ့ တူးရာကတ်စ် လို့ခေါ်တဲ့
နာ့ဇ်ပိစ် အင်ဒီးယန်းလူမျိုးစု ခေါင်းဆောင်ကြီးတစ်ယောက်ရှိခဲ့တယ်။
အခြေချလာတဲ့ လူဖြူအမေရိကန်တွေနဲ့လည်း အဆင်ပြေပြီး သူ့နယ်မှာ သာသာနာပြုတွေ၊
လယ်ယာလုပ်ကိုင်စားသောက်သူတွေကိုတောင် ပေးနေခဲ့တဲ့အတွက် လူဖြူတွေက သူ့ကို
ဂျိုးဇက်လို့တောင် နာမည်ပေးခဲ့ကြတယ်။
ဒါပေမယ့် ကိုလိုနီခေတ်ဆိုတော့ နှစ်ကြာလာတဲ့အခါမှာ အစိုးရစနစ်၊
ပိုင်ဆိုင်ခွင့်စနစ်တွေ၊ ဥပဒေတွေနဲ့သွားတဲ့အခါမှာ ဓါးမ ဦးချယုံကြည်မှု၊
ခေါင်းဆောင်အကြီးအမှူး ဦးဆောင်မှုစနစ်နဲ့သွားတဲ့ နာ့ဇ်ပိစ်အင်ဒီးယန်းတွေနဲ့
လူဖြူအမေရိကန်တွေ အ ကြား ပိုင်ဆိုင်မှုကိစ္စတွေဖြစ်ပွားလာသလို၊
အင်ဒီယန်းတွေရဲ့ အတန်ဖိုးထားတဲ့ အပါယ်လူးစ (Appaloosas) လို့ခေါ်တဲ့
မြင်းမျိုးကောင်းတွေကို လူဖြူတွေဘက်က ခိုးယူတာမျိုးတွေ၊ လယ်မြေ၊
သီးနှံစိုက်ပျိုးမှုတွေမှာ အခြေချနေလာသူနဲ့ ဓါးမဦး ချနေလာ သူတွေအကြား
ပြဿနာတွေရှိလာခဲ့ပေမယ့် နာ့ဇ်ပိစ်အင်ဒီးယန်းတွေဘက်က
ခေါင်းဆောင်စကားမပယ်ရှားဘဲ အမြဲသီးခံ နေခဲ့တယ်။
အဲလိုနေလာရင်း ၁၈၇၁
ဝန်းကျင်လောက်မှာတော့ အဲဒီမြေမှာ ရွှေကျောတွေ့ရှိပြီးလူဖြူလယ်သမားတွေက
သူတို့လူဖြူ အမေရိကန် အစိုးရကို အဲဒီမြေကို
ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ တိုက်တွန်းတောင်းဆိုလာကြတယ်။
အဲဒီတော့ အမေရိ ကန်လူဖြူအစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှုနဲ့ လိုအပ်ချက်အရ
အင်ဒီးယန်းမျိုးနွယ်စုတွေဆီက မြေတွေကို ငွေပေး ၀ယ်၊ လက် ဆောင်ပေးဝယ်စတဲ့
အင်ဒီယန်းမျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အကြိုက်ပေါ်လိုက်ပြီး မြေတွေလိုက်ဝယ်
ကြသ လို အင်ဒီယန်းတွေကိုလည်း သူတို့ယဉ်ကျေးမှုပုံစံထဲကို တဖြေးဖြေးနဲ့
သွတ်သွင်းနိုင်ခဲ့ကြတယ်။
အချို့သော် အင်ဒီးယန်းနွယ်တွေဟာ ဆံပင်အတိုညှပ်၊ မျိုးနွယ်နာမည်တွေအစား
ခရစ်ယာန်နာမည်တွေကို ပြောင်းလဲခေါ် ဆိုလာခဲ့ကြသတဲ့။ ဒါပေမယ့် အဲလိုအခြားသော
နာ့ဇ်ပိစ်အင်ဒီယန်းနွယ်တွေဟာ ငွေနောက်လိုက်၊ လက်ဆောင်နောက် လိုက်ပြီး
ပြောင်းလဲသွားပေမယ့် တူးရာကတ်စ် ခေါ် ဂျို့ခ်ျကတော့ သူမြေတွေကို
ဘာနဲ့မှရောင်းဖို့၊ ငှားဖို့ စိတ်မကူးခဲ့သလို လူဖြူတွေနဲ့လည်း
မိတ်ဖက်မပြတ်နေခဲ့တယ်။ တစ်ခါတော့ လူဖြူမြို့တော်ဝန်က လူမျိုး ၂
မျိုးငြိမ်းချမ်းစွာနေထိုင်ကြဖို့ဆိုရင် သူသပ်သပ်၊ ကိုယ်သတ်သတ်နေမှဖြစ်မယ်။
သူတို့လူဖြူတွေဥပဒေနဲ့ ပြဌာန်းထားတဲ့ ပိုင်နက်နဲ့
ဂျို့ခ်ျပိုင်တဲ့ပိုင်နက်ကို သီး ခြား ခွဲထားမှဖြစ်မယ်လို့
စာပို့လာတဲ့အထိဖြစ်လာခဲ့ပါတယ်။
ခေါင်းဆောင်ကြီးဟာ လူဖြူအုပ်ချုပ်ရေးမှူးပေးပို့တဲ့စာရွက်
လက်မခံတဲ့အပြင်ကိုင်တောင်မကြည့်ဘဲ ပြန်ယူသွားခိုင်းခဲ့ တယ်။ ဒါပေမယ့်
သူလူမျိုးအနွယ်တွေနဲ့ တိုးတက်နေတဲ့
လူဖြူတွေအကြားပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင် သူတို့တွေနစ် နာမှာကို
သိတဲ့အတွက် သူ့နယ်ပိုင်ထဲကမြေနေရာတစ်ချို့ကို လူဖြူတွေကိုပေးခဲ့တယ်။
တနေ့တော့ သေကောင်ပေါင်း လဲဖြစ်နေတဲ့ ခေါင်းဆောင်ကြီးဂျိုးဇက်ဟာ သူ့သား
ဂျိုးဇက်(၁၈၄၀-၁၉၀၄)ကိုခေါ်ပြီး အခုလို ပြောတယ်။ (ဒီအောက်က အပိုဒ်ကိုတော့
ပေါ်လိုကိုဟိုးရဲ့စာအုပ်ကို ဘာသာပြန်ထားတဲ့ ဆရာသစ္စာရဲ့ ဘာသာပြန်ချက်အပြည့်
အစုံကို ထည့်လိုက်ပါတယ်။ လိုင်းသားထားသမျှအားလုံးပါ။)
“ငါ့သား၊
ငါ့ရဲ့ ခန္ဓာကိုယ်ဟာ အမိမြေကြီးဆီကို မကြာခင်ပြန်သွားရတော့မယ်။
ငါမရှိတဲ့အခါ ဒီနယ်မြေကို မင်းဆက်လက် အမွေခံရမှာဖြစ်တယ်။ မင်းကို
စည်းစိမ်ချမ်းသာတွေ ငါမပေးခဲ့နိုင်ဘူး၊ ငါ့ရာထူးကို မင်းလက်ခံရတဲ့အတွက်
ဂုဏ်ယူပီတိဖြစ် စရာလို့ ထင်မနေနဲ့..။ အဲဒါဟာ ကျေပွန်အောင် ထမ်းဆောင်ရမယ့်
တာဝန်ဝထ္တရားပဲ ဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူ တွေ နဲ့ မင်းလျှောက်နေတဲ့
မြေကြီးကို ပေးခဲ့တယ်။ မကြာခင် လူဖြူတွေ ပတ်လည်ဝိုင်းလာပြီးမင်းမြေကို
ဝယ်ဖို့ကြိုးစားလိမ့် မယ်။ မင်း အမြဲသတိရနေသင့်တာက ငါ့ရဲ့ခန္ဓာကိုယ်ဟာ
ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ် ခုဖြစ်နေ တယ် ဆိုတာကို
အမြဲသတိရပါ…” ဂျိုးဇက်က သူ့အဖေတောင်းတဲ့ကတိကို ပေးခဲ့တယ်။ သူတို့နယ်မြေကို
လူဖြူတွေက အမျိုးမျိုးဝယ်ဖို့ကြိုးစားပေမဲ့ သူကအမြဲ ငြင်းခဲ့တယ်။
အသက် ၃၁ နှစ်မှာ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ခေါင်းဆောင်ဂျိုးဇက်ဟာ
သူ့အဖေသွေးပါပြီး အေးဆေးတည်ငြိမ်သလို၊ ငြိမ်းချမ်း ရေးကို အထူးလိုလားပြီး
သူ့လူမျိုးရဲ့လုံခြုံအေးချမ်းရေးကို အမြဲစဉ်းစားတတ်တယ်။ နောက်ဆုံး
စစ်ကိုရှောင်ဖို့အတွက် သူ တို့ ရွာတွေကနေပါ
သူတို့ပိုင်ဆိုင်သမျှယူတွေပြီးရှောင်ထွက်ပေးခဲ့ပေမယ့်
သူတို့သွားတဲ့ခရီးတစ်လျောက်မှာ မြင်းလိုက်ခိုးခဲ့ တဲ့ လူဖြူတွေကြောင့်
မခံနိုင်တဲ့ လူငယ်တွေက ညဘက်မှာ လူဖြူ ၁၃ ယောက်ကိုသွားသတ်မိ လိုက်ရာကစပြီး
လူဖြူနဲ့ နာ့ဇ်ပိစ် အင်ဒီယန်းတွေအကြားစစ်ဖြစ်ပွားခဲ့တယ်။ ဒါပေမယ့်
ဓားမဦးချကိုယ့်ဘ၀နဲ့ကိုယ်ရေကိုယ့်မြေပေါ်မှာ ရိုးရိုးသားသား နေလာခဲ့တဲ့
အင်ဒီယန်းတွေဘက်မှာ စစ်တိုက်နိုင် သူယောက်ျားသား စစ်သားဆိုလို့ မျိုးနွယ်စု
ခေါင်းဆောင်သစ် ဂျိုးဇက်အ ပါအ၀င်မှ ၉၀ လောက်သာရှိခဲ့တယ်။
သို့ပေမယ့် လူငယ်တွေကြောင့် ဖြစ်လာတဲ့ စစ်ပွဲမှာ မလွှဲမရှောင်သာ
ဝင်တိုက်တဲ့အခါမှာလည်း လက်နက်လူသူ သာလွန်တဲ့ လူဖြူတွေကို အောင်မြင်အောင်
တိုက်နိုင်လို့ လူဖြူအမေရိကအစိုးရက သူတို့ဘက်က နာမည်ကြီးဗိုလ်ချုပ်ကြီးတစ်
ယောက်ကို တာဝန်ပေးပြီး တိုက်ခိုင်းရတဲ့ အထိဖြစ်လာခဲ့တယ်။
အဲလိုတိုက်တိုင်းအောင်နေသည့်တိုင်အောင် နာ့ဇ်ပိစ်အင်ဒီးယန်းခေါင်းဆောင်
ဂျိုးဇက်ဟာ ညှိနှိုင်းပြီးရှောင်လို့ရတဲ့နေရာ တွေမှာ
စစ်မတိုက်ဘဲညှိနှိုင်းပြီးရှောင်ထွက်ခဲ့သလို သူလူမျိုးတွေကို လူဖြူတွေနဲ့
ဝေးတဲ့ကနေဒါဘက်ကို ဦးဆောင်ပြီးရှောင် ထွက်ခဲ့တယ်။ သူတို့တွေ
ကနေဒါဘက်ကိုသွားနေတာကို သိတဲ့ လူဖြူဗိုလ်ချုပ်ကြီးဟာ သူတို့ဖြတ်သန်းရမယ့်
နောက်ဆုံး တောင်တန်းတစ်ခုကနေ စစ်သည်အင်အား ခြောက်ထောင်လောက်နဲ့
နောက်ဆုံးပိတ်ဆို့ တိုက်တဲ့အခါကျတော့မှသာ ဂျိုးဇက်ကိုဖမ်းမိတော့တယ်။
ဒါတောင် တိုက်ပွဲထဲမှာ တိုက်ရင်းအရှင်ဖမ်းမိလိုက်တာပါ။
နောက်ဆုံး
သူ့ကိုဖမ်းမိတဲ့အခါ ဘာကို ခုခံကာကွယ်ဖို့အတွက် ရွပ်ရွပ်ချွံချွံ
တိုက်ခိုက်နေတာလဲလို့ မေးကြတယ်။ ဒီတော့ သူကပြန်ပြောတယ်။ “ဘယ်သူမှ
ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းဘူး”တဲ့…။ သူဟာသေတဲ့အထိ
အမေရိကန်ပြည် နယ်ထဲမှာ နေသွားပေမယ့် သူ့ မြေသူ့နယ်နဲ့ပါတ်သတ် ရင်ဘယ်တော့မှ
ရောင်းမယ်ဆိုတာ မပြောခဲ့သလို၊ သူသေတဲ့အထိ လူဖြူတွေထင်တိုင်း ကျဲနေတဲ့
သူ့ဇာတိမြေကိုမပြန် တော့ဘဲ လူဖြူအစိုးရတွေခွင့်ပြုထားတဲ့နေရာတစ်ခုမှာ
သေဆုံးသွားခဲ့ ရှာတယ်။
ကျွန်တော် ဂျိုးဇက်တို့သားအဖအကြောင်းဖတ်ရင်း ခေတ်ကာလပြောင်းလာလို့
နည်းစနစ်တွေပြောင်းလာပေမယ့် ကမ္ဘာပေါ် မှာရှိတဲ့ ဆင်းရဲနိမ့်ကျတဲ့
နိုင်ငံတွေတိုင်းဟာလည်း အသွင်ပြောင်းကိုလိုနီစနစ်တွေကို
ရင်ဆိုင်နေစဲပါလားဆိုတာကိုလည်း တဆက်တည်းတွေးမိလိုက်တယ်။ ကျွန်တော်တို့တွေ
အရင်စစ်အစိုးရလက်ထပ်တုန်းက ပြည်သူတွေသိခွင့်မရှိဘဲ ချုပ်ခဲ့တဲ့
စာချုပ်တွေအရ ခုနှစ်တွေအတွင်းမှာ ဧရာဝတီကိုလည်း ပြည်သူအားနဲ့
မသေယုံတမည်ပြန်လုခဲ့ရ၊ ကြေးနီတောင်လို တောင် အလုံးလိုက်
ပျောက်လောင်အောင်မြေတူးနေတာကို မျက်ရည်လည်ရွဲ တောက်တခတ်ထိုင်ကြည့်နေရ၊
စတီဗင်ဆီးဂဲလ် လူဆိုးတွေကို လက်မောင်းတွေရိုက်ချိုးနေသလို
တဖြောင်းဖြောင်းအချိုးအခုတ်ခံနေရတဲ့ သစ်တောတွေကိုလည်း သက်ပြင်းတဖွားဖွားနဲ့
ထိုင်ကြည့်နေရ၊ မနေနိုင်လို့ ထကန့်ကွက်သူ အချို့ဆို
ဖမ်းဆီးတောင်ခံလိုက်ရသေးဆိုတာ
ထပ်စားမြုံ့ပြန်နေပြစရာလိုမယ်တောင်မထင်တော့ဘူးနော်။
စနစ်ဆိုးအကျိုးဆက်ကြောင့် မြေမဲ့အိမ်မဲ့ဖြစ်နေရသူတွေ၊
ဥပဒေမခိုင်မာမှုကြောင့် လယ်ပိုင်မဲ့ယာပိုင်မဲ့ဖြစ်ခဲ့ရသူတွေကို ဘယ်ကဘယ်လို
လက်ဝါးချင်းရိုက်လိုက်မှန်းမသိတဲ့ ဥပဒေတွေနဲ့ ကုမ္ပဏီပိုင်မြေဖြစ်လိုက်၊
တရုတ်ပိုင်မြေဖြစ်လိုက်၊ ကျူး ကျော်မြေဖြစ်လိုက်၊
အစိုးရပိုင်လယ်ဖြစ်လိုက်နဲ့ ဒီမိုကရေစီရပါပြီဆိုတည်းက ဆုတ်ရာကနေ
နစ်နစ်လာရရှာတဲ့ မြေမဲ့၊ လယ်မဲ့တွေဟာ တိုင်းပြည်ရဲ့နေရာအနှံ့အပြားမှာပွက်
လောကိုရိုက်နေတော့တာဘဲ..။
ငါမရှိတဲ့အခါ
ဒီနယ်မြေကို မင်းဆက်လက် အမွေခံရမှာဖြစ်တယ်။ မင်းကိုစည်းစိမ်ချမ်းသာတွေ
ငါမပေးခဲ့နိုင်ဘူး၊ ငါ့ရာထူးကို မင်းလက်ခံရတဲ့အတွက် ဂုဏ်ယူပီတိဖြစ်စရာလို့
ထင်မနေနဲ့..။ အဲဒါဟာ ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်ဝထ္တရား ပဲ ဖြစ်တယ်။
မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။
မကြာခင် လူဖြူတွေ ပတ်လည် ၀ိုင်းလာပြီးမင်းမြေကို ၀ယ်ဖို့ကြိုးစားလိမ့်မယ်။
မင်း အမြဲသတိရနေသင့်တာက ငါ့ရဲ့ခန္ဓာကိုယ်ဟာ ဒီမှာလဲလျောင်းနေပြီး ငါ ဟာ
သူမရဲ့ အစိတ်အပိုင်းတစ် ခုဖြစ်နေတယ် ဆိုတာကို အမြဲသတိရပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဖခင်ခေါင်းဆောင်က
ခေါင်းဆောင်သစ်သားကိုမှာခဲ့တဲ့စကား။ တကယ်တော့ အစိုးရ၀န် ထမ်းအဖြစ်
ကတိသစ္စာခံယူတဲ့နေ့တဲ့ တိုင်းပြည်နဲ့လူမျိုးအကျိုး
သစ္စာရှိရှိထမ်းရွက်ပါမယ်လို့ လူသိရှင်ကြားကတိသစ္စာခံယူ ခဲ့တဲ့ လူတွေဟာ
အာဏာလက်ရောက်လာတဲ့အခါမှာတော့ ပြည်သူ့လည်မြိုကို ပြည်သူအများရဲ့ အကျိုးကို
ကိုယ်စားမပြု နိုင်တဲ့ ဥပဒေဆိုတာတွေနဲ့ထောက်ပြီး လက်ရောက်စော်ကားလာတာဟာ
တော်တော်ဝမ်းနည်းခံပြင်းစရာကောင်းပါတယ်။ ပါးစပ်ကတော့
ပြည်သူကတင်မြှောက်ထားတာပါဆိုတဲ့ ဂါထာကိုရွတ်နေပေမယ့် လက်ကမြေသိမ်း အိမ်ဖယ်
အမိန့်တွေ၊ တောရောင်း၊ တောင်ရောင်း စာချုပ်တွေကို လက်မှတ်ထိုးနေတဲ့
အစိုးရကိုဆိုတာမြင်ရတော့ နောင်အနာဂတ်ကျွန်တော်တို့ မျိုးဆက်တွေအတွက်
ငါတို့မြေ၊ ငါတို့ရေ ဆိုတာကို အနာဂတ်သွေးလန့်ရောဂါရချင်လာတယ်။
အစိုးရသစ်အနေနဲ့ လုပ်စရာတွေ အများကြီးဆိုတာကို
ပြည်သူတစ်ယောက်အနေနဲ့နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူ
တင်မျြောက်ထားတဲ့အစိုးရလို့တွင်တွင်အော်နေပြီး ပြည်သူအတွက်
အကျိုးမဲ့တဲ့အလုပ်တွေကို ဥပဒေအသေဆုပ်ပြီး မညှာမတာလုပ်ကြမယ်ဆိုရင်
ဒီမိုကရေစီလသားလေးမှာ ဒီမိုကရေစီအစိုးရကို ယခင်အစိုးရတွေလိုဘဲဆိုတဲ့
အယုံအကြည် မဲ့ သူငယ်နာရောဂါဝင်သွားမှာစိုးရိမ်ရတယ်လို့ လည်းတွေးမိလိုက်တယ်။
ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပြည်သူအများစုအရေးကို
ဦးစားပေးအလေးထားပြီးဆောင်ရွက်တဲ့အစိုးရကို လူတွေချစ်ခင်ယုံကြည် ကြသလို
ပြည်သူတွေဘက်ကလည် သူ့အလိုလိုတာဝန်ပြန်ကျေကြပါတယ်။ ကျွန်တော်တို့ရဲ့
လေးဘက်ပြေးစဒီမိုကရေစီ နိုင်ငံလေးကို ကောက်ယူမွေးစားဖို့
မျက်မှေးအာရှသားတွေ၊ နှာချွန်လူဖြူတွေ၊ နီစပ်စပ်တွေ၊ ညိုညက်ညက်တွေဟာ
ငွေလုံး ငွေရင်းနဲ့ ပြေးခုန်ပြစ်သေနတ်သံစောင့်နေတဲ့ အပြေးသမားတွေလို
အဆင်သင့်ဖြစ်နေချိန်မှာ ကိုယ့်ပြည်ထဲက ပြည်သူတွေ က ဂျိုးဇက်တို့ နာ့ဇ်ပိစ်
အင်ဒီယန်းတွေလို ဆုတ်ပြီးရင်းဆုတ်၊ သီးခံပြီးရင်း သီးခံ၊ အနာခံပြီးရင်း
အနာခံနေရရင် တချိန်မှာ တော် လှန်ရေးမီးပွားပြန်မပေါက်ပါဘူးလို့
ဘယ်သူရင်ကော့ခေါင်းမော့တာဝန်ယူနိုင်မလဲဆိုတာလည်း စဉ်းစားစရာပါ။
ပြည်သူ့အကျိုးအတွက်အလေးထားရိုးမှန်ရင် ပြည်သူနဲ့စကားပွင့်လင်းပြောဆိုဖို့၊
ပြည်သူ့ရင်ခုန်သံနားထောင်ဖို့၊ အသိ ပေးတန်ပေး၊ ကူရပ်ပေးတန်
ကူရပ်ပေးမှုတွေအထူးလိုအပ်နေသေးတယ်လို့ သိပြီးသူတွေကို ထပ်အသိပေး တောင်းဆို
ချင်ပါတယ်။ လောကနီတိမှာတော့ ဒီလိုဆိုထားပါတယ်။
“ဗဟူန မပ္ပသာရာနံ၊ သာမဂ္ဂီယာ ဇယံ ဇယေ။
တိဏေန ၀ဋ္ဋတေ ယောတ္တံ၊ တေန နာဂေါတိ ဗန္ဓတိ။” တဲ့
အဓိပ္ပာယ်ကတော့ “အစွမ်းအစမရှိသော သူတို့ပင်ဖြစ်စေကာမူ သူတို့တစ်တွေ
စည်းလုံးညီညွတ်လာကြသောအခါ အားကြီး သောရန်ကို အောင်နိုင်၏။
ဘာမျှမဖြစ်လောက်သော မြက်ပင်ကလေးများကို စု၍ ကျစ်ထားသောကြိုးသည်
ဆင်ပြောင်ကြီး သော်လည်း တုပ်နှောင်နိုင်၏။”တဲ့..။ ကျွန်တော်တို့ချင်း
တတ်နိုင်သမျှ အကူအပံ့ညီညီနဲ့ စည်းလုံးမှသာ ကျွန်တော်တို့လိုချင်
ရာကိုရောက်နိုင်မှာပါ။ တိုင်းပြည်တစ်ပြည် အောင်ကြောင်းဖြာဖို့ဆိုတာ
ကိုယ်ကျိုးကြည့်စီးပွားရေးသမားတွေကိုချည်း ကာ ကွယ်ပေးထားလို့မရပါဘူး။
ပြည်သူ့အတွက် မပါဘဲ ဘယ်အရေးအရာမှာ မပြီးစီးပါဘူး။
စားဝတ်နေရေးဆိုတာ လူတစ်ယောက်၊ ပြည်သူတစ်ဦးရဲ့ အခြေခံမရှိမဖြစ်မက်မောမှုပါ။
စားရေးအတွက်ရုန်းနေရရှာတဲ့သူ တွေဆီက လယ်သိမ်းပြီး
နေရေးအကာကွယ်ပေးမခံရခင်မှာ ကျူးကျော်ဆိုဖျက်နေလို့ကတော့ ကျွန်တော်တို့ဟာ
လူအခွင့် အရေး၊ ဒီမိုကရေစီအရေးတွေကို မည်မျှပင်မြတ်နိုးအကောင်အထည်ဖော်ဖို့
ကြိုးစားနေကြပါသည်ဆိုစေ ဒီမိုကရေစီနဲ့ လူ့အ ခွင့်အရေးလမ်းကြောင်းကနေ
သွေဖီနေဦးမှာပါ။ ရိုးရိုးသားသား ၃ မိနစ်တာလောက်ဘဲစဉ်းစားပါ။ သူတို့
လယ်တွေကို သူ တို့ ဘာလို့မပိုင်ခဲ့ရတာလဲ။ သူတို့နေရာမှာ သူတို့ဘာကြောင့်
ကျူးကျော်ဖြစ်နေရတာလဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က သူ
တို့ဘယ်လိုရပ်တည်ခဲ့ရသလဲ။ တကယ်ကို ၃ မိနစ်လောက်ပဲ စဉ်းစားပေးပါ။
ကျွန်တော်တို့မှာ ကိုယ့်ရေကိုယ့်မြေကို ချစ်ခင်တန်ဖိုးထားစိတ်တွေပျောက်၊
တွေ့သမျှလက်ညှိုးထိုး စာချုပ်ချုပ်ထုတ် ရောင်း ပြီး ပြည်သူတွေအကျိုးကျတော့
မသိကျိုးကျွံပစ်ပယ်ဖိနှိပ်ထားနေလို့ကတော့ အထက်က အဖြစ်အပျက်ထဲက ခေါင်းဆောင်
ကြီး ဂျိုးဇက်လို ငြိမ်းချမ်းရေးလိုလားသော်လည်း၊
အခြေခံလူ့အခွင့်အရေးလိုလားသော်လည်း ရေရှည်မှာ အရှုံးနဲ့၊ ကျဆုံးမှု တွေနဲ့၊
မလွှဲမသွေရင်ဆိုင်ရမှာပါ။ ပြည်သူတွေရဲ့ ပြူးနေတဲ့ မျက်လုံးနဲ့
ကားနေတဲ့နားတွေဟာ အစိုးရသစ်ရဲ့ သူတို့တွေအ တွက် အကောင်အထည်ဖော်တဲ့
လုပ်ရပ်ကောင်းတွေအတွက် အံ့သြ၀မ်းသာလွန်းလို့ ပြူးကားပျော်မြူးနေတာတွေသာဖြစ်
မယ်ဆို လွှတ်လှနေပါလိမ့်မယ်။
နာ့ဇ်ပိစ် အင်းဒီယန်း လူမျိုးစုခေါင်းဆောင်ကြီး ဂျိုးဇက်ရဲ့စကားနဲ့
လူကြီးမင်းတို့ကိုမေးရရင် “ကိုယ့်အဖေရဲ့အရိုးတွေ၊ ကိုယ့်
အမေရဲ့ရင်သားတွေ”ကို လှီးထုတ်၊ ဖြတ်ရောင်းကြပြီး
ကိုယ့်ရင်နှစ်သီးချာတွေကိုမှ အညွန့်ချိုးနှိမ်ထားချင်စိတ်တွေ ဘယ်သူ
တွေမှာများ ကျန်နေပါသေးသလဲဗျာလို့သာ …..…။
ချစ်ခင်လေးစားစွာဖြင့်
စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့) အောက်တိုဘာ ၀၃၊ ၂၀၁၂
ည - ၀၇း ၅၈ နာရီ
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com