" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကိုဗဟိန်း (သို့ မဟုတ်) ညီညွတ်ရေး ဗိသုကာ

ဖက်ဆစ်ဂျပန်တ်ာလှန်ရေးကာလ ဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသောပြည်သူများ အခွင့်အခါကာင်းယူနိုင်ရန် လက်မတင်အချိန်မီရုံလေး ဖြစ်နေသည်။ ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများအဖြစ် နာဇီဂျာမဏီက ဥရောပတွင်မွှေနေပြီ ဖြစ်သည်။အင်္ဂလိပ်အခက်-ဗမာ့အချက်ကာလ ကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူ ဘဲ ဖြစ်လာ ကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်--ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည်လွတ်လပ်ရေးရဖို့ မည်သူနှင့်မဆိုပေါင်းမည်ဟု   ပြောကြ၏။

(နောက်တော့ ဂျပန်နှင့်ပေါင်းဖြစ်သွားကြသည်။) ဒုတိယလမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှမယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ်ပါ စစ်မျက်နှာနှစ်ဖက်ဖွင့်ရမည် ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက်ပည်ထောင်စုကို ဂျာမန်ဖက်ဆစ်များဝင်ရောက်တိုက်ခိုက်သည့်အချိန်မှစ၍ ကမ္ဘာစစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ်နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ်ထားနိုင်သည်ဟု ယူဆကြ၏။ ထိုအစုတွင် သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီးတို့ ပါဝင်၏။ ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမားဖြစ်၏။ သူတို့ကဆိုဗီယက်ယူနီယံလုပ်တာ မှန်တယ်။
ဒါပေမဲ့ ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့်မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကိုသိမ်းကြုံးဖမ်းပြီး ထောင်ချထားတယ်။ ဒါကြောင့် သူတို့ကိုမထောက်ခံရုံမက ပြည်တွင်းစစ်လုပ်ရမယ်။ စစ်မျက်နှာနှစ်ဖက်ဖွင့်ကြစို့ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ်ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သောအင်အားမရှိသည်ကို သူတို့ သတိမထားကြ။ သူတို့ပြောကြသည့်အချက်အချို့မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော်တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ်အစိုးရမင်းများပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူဖြစ်၏။
ဂျပန်များ မြန်မာပြည်အတွင်းဝင်လာ၍မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှဓားပြမှန်း သိကုန်ကြ၏။ ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ်သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ်မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိကြတော့၏။
ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လျှို့ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် ()ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေးအခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကိုပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ပင် အောင်မြင်စွာတာဝန်ယူ လုပ်ဆောင်ခဲ့၏။ ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက်ပြင်ဆင်မှုများ အနှံ့အပြားလုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေထဲတွင် ကွန်မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့်လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများလုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီးဘဝနှင့် ရန်ကုန်တွင် ဗဟိုဌာနချုပ်ပြုလုပ်၍ တပြည်လုံး ဆက်သွယ်ရှေ့ဆောင်သည်။
အိန္ဒိယရှိ မဟာမိတ်စစ်ဌာနချုပ်နှင့် လျှို့ဝှက်စွာဆက်သွယ်၍ နိုင်ငံခြားဆက်သွယ်ရေးလုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။ ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာနအိမ်ဖြူတွင်၊ စည်းစိမ်ရှိရှိနှပ်မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်တက်သူ...သန့်ရှင်းစွာနေတက်သူ... ဘန်ကောက်လုံချည်အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...စာပေ၌ မွေ့လျော်သူ...ယဉ်ကျေးသိမ်မွေ့သူ... တဖက်နှင့်တဖက် အပြန်အလှန်ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆိုစွပ်စွဲနေသော အစည်းအဝေးများ၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ... ထို သူ” ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများကို ဦးစီးလုပ်ကိုင်နေပေပြီ။
ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့်ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ်ရှေ့ဆောင်နေသူမှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံလည်း ဖြစ်သည်။ ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညည ခြင်ထောင်မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူတနယ်လုံး ပြောက်ကျားတပ်များကိုဦးစီး၍ ဂျပန်ကိုတိုက်ခိုက်နေသော ကိုဗဟိန်း၏စခန်း ဖြစ်ပေသည်။
ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကိုစီးကာ လေထီးဖြင့်ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏အနှစ်နှစ်ဆယ်စာအုပ်တွင် ဤသို့ဖော်ပြထား၏။ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့်သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန်အလုပ်ကို ပင်ပန်းစွာလုပ်နေသည်ကို တွေ့ရသည်...” ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသောရဲခေါင်ပြောက်ကျားများသည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ်ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏
၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေးအင်အားများကိုကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလအတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။
ကွန်မြူနစ်ပါတီမှတိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။   မောင့်ဘက်တန်အစီရင်ခံစာအရဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ရာခိုင်နှုန်းသည်ဗမာမျိုးချစ်ပြောက်ကျားများ၏ လက်ချက်ကြောင့်ဖြစ်သည်...” ဟု ဖော်ပြထားသည်။ဗမာမျိုးချစ်ပြောက်ကျားများဟုဆိုရာတွင် ကိုဗဟိန်းတို့၏ရဲခေါင်ပြောက်ကျားများသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်းဆိုသော လူစားတည်း။
  နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်းခေတ် ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ်ဝန်ကြီးလုပ်စဉ်ကနေခဲ့သောအိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့်အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များလည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်းထွန်းနှင့် အတူလာနေ၏။
နောက်ဒေါ်ခင်ကြည်ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။ လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကိုဆန်းနှင့်သန်းခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံသတင်းစာကြီးများက ဗမာပြည်တွင်ဆန်းနှင့်သန်းဟု ရေးကြ၏။ ၁၉၄၅ ခု၊ စက်တင်ဘာလတွင်ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်းလိုက်သောအခါ တပ်ထဲမှကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင်ဆက်လက်အမှုမထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့်ဝင်လုပ်ကြသည်။ ထိုစဉ်က ကိုဗဟိန်းနှင့်ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။
ပထမဆုံးပြည်သူ့အာဏာဂျယ်နယ်ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။   ဆောင်းပါးများကို သူတို့ပင်ရေးကြ၏။ စာပုံနှိပ်ပြီးစာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည်ပြည်သူ့အာဏာဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင်ပြည်သူ့အာဏာစ၍ ထွက်ခဲ့၏။ 'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြ သည်မှာ အားရစရာကြီးဖြစ်၏ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကိုဘေးဖယ်ထားကြပြီး လွတ်လပ်ရေးအတွက်သာ အားသွန်၍ ကြိုးပမ်းကြ၏ ကိုယ်ကျိုးစွန့်ကြ၏ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။
ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ်အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလညီလာခံကြီးပြုလုပ်သောအခါ၌ တခဲနက်သောလူထုကြီးမှာ သိန်းချီ၍တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကိုချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။  
ဤသို့ တပြည်လုံး ညီညီညွတ်ညွတ်စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက်ကြိုးပမ်းနေကြစဉ် ကိုဗဟိန်းနှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသောအခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကိုတက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။ သူသည် ကွန်မြူနစ်ပါတီသဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းခဲ့လေသည်။
သူ့ကို ကွန်မြူနစ်ပါတီဝင်များကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများ ကပင် ချစ်ခင်လေးစားကြ၏။ ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည်ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကိုတောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။
ဂျပန်ကိုတော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်းပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။ ထို့နောက် နှစ် ဖွဲ့ပြန်ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်းပြန်လည်ဖြစ်မြောက်ရေးအတွက် ကိုဗဟိန်းသည် တတ်နိုင်ဆုံး ကြိုးစားလေသည်။
ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့်ဆိုရှယ်လစ်ခေါင်းဆောင်များ စေ့စပ်ရာဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ --- ဤအထဲ ကွန်မြူနစ်ပါတီတွင်းကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံးပါတီ ကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့်အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့်အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏အိမ်သို့ မရမကခေါ်လာ၏။
သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင်တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော်ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင်မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကိုပြန်ပို့သည်အထိ အဆင်ပြေနေ၏။ သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့်သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။  
အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ဆိုးလာခဲ့၏။ သူ့ကို ပါတီမှ၎င်း၊ သူ ဥက္ကဋ္ဌလုပ်နေသော အလုပ်သမားသမဂ္ဂမှ၎င်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂန၀ါဒကိုတိုက်ဖျက်သောစာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပိုပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူဆေးကုနေရ၏။
မန္တလေးတွင်မူ ရောဂါသက်သာလာသေး၏။ ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကို ဘာ သတင်းစာမှပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်းထုပ်လာသောသတင်းစာစက္ကူစကလေးကို သူကိုင်ကြည့်မိရာက ဖဆပလထဲမှ ကွန်မြူနစ်ပါတီကိုထုတ်ပစ်ကြောင်းသတင်းကို သွားတွေ့၏။ ထိုအခါမှစ၍ သူ၏ရောဂါမှာ အတက်ဖက်သို့သာသွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်ထိ ဖြစ်တော့၏။
သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေးအတွက် စဉ်းစားတွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း၊ ကြေကွဲ ရင်နင့်စရာများဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။ ၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။
သူကား တကယ့်ညီညွတ်ရေးဗိသုကာပင် ဖြစ်လေသည်ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။ 

နိဂုံး” 
သမိုင်းတွင်နိုင်လျှင်အာဇာနည်၊ ရှုံးလျှင်သစ္စာဖေါက်အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလတွင် ဆိုရှယ်လစ်များအာဏာရလာချိန်မှစ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူတပ်မတော်နှင့်အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ်နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည်ဆိုရာမှာ မိမိအာဏာရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကိုအသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စမဟုတ်ချေ။ ယာယီ အချင်းအရာသာဖြစ်သည်ကို သူတို့ မသိ။ ခေတ်သစ်မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည်   ဖျောက်ဖျက်၍မရသောကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကိုရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။ ဗမာပြည်ကွန်မြူနစ်ပါတီ  ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင်ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ်ပြုဖို့ဆိုသည်..ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာတခုထဲ နာမည်ပါသွားလျှင်ပင် လွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။
ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။ ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကိုသိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။ သို့သော် 'ဗဟိန်း' ဆိုသောနံမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူလူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နံမည် မှည့်ခေါ်ခြင်းသည် လူငယ်များကြား   ခေတ်စား ၏။ သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ဆန့်ကျင်ရေးသပိတ်မှောက်ရာတွင်ပါဝင်ရန် မန္တလေးမှဆင်း၍စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန်အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့်ဝိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦးဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။ ပင်ကိုယ်သဘာဝအရ အနုအလှကိုသဘောကျပြီး မေတ္တာဓါတ်ကြီးမားသူ၊ ကလေးငယ်များကိုချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ်ပည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။
တိုင်းပြည်လူဦးရေ၏အများစုကြီးဖြစ်သောဆင်းရဲသားပြည်သူတို့ကိုချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သောလူများကို လမ်းကြောင်းပြောင်းပေးကြသည်မှာ ဓမ္မတာပင်ဖြစ်ချေသည်။ လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ညတညတွင် တောတောင်သဘာဝရှုခင်းတွေကိုကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီးအကြောင်း ကရားရေလွှတ်တတွတ်တွတ် ပြောပြပေလိမ့်မည်။
ခုတော့ သူကဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့်တော်လှန်ရေးအကြောင်းကို ဆွေးနွေးရအောင်ဟူ၍ ပြောခဲ့လေသည်။ အမှန်ပင် ထိုအချိန်က သူသွားမည့်ခရီးမှာ ဒုတိယကမ္ဘာစစ် ဥရောပတွင်စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန်ထွက်လာသည့် ခရီး ..... ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီတဦးလည်း ဖြစ်ပေသည်။ တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသောလုပ်ငန်းဖြစ်၏။ စကားမှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်တ်ာလှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများသဘောပေါက်ကြသည်။
အမျိုးသား ဂုဏ်သိက္ခာအတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြဖြစ်နေရသော ယနေ့ ပြည်သူများက ပိုသဘောပေါက်ကြပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်းအဆက်ဆက် အထူးသဖြင့် -၄ လုံး အရေးအခင်းတွင် မိမိ၏မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်းရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်းကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့   နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။
( ၁၉၉၄ )
မှတ်ချက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။ 
                                           http://1.bp.blogspot.com/-foz0B_n616o/UD5SFpHotNI/AAAAAAAAB08/pI66YyrwS7E/s1600/BHbh.jpg

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...