" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အတွေးအခေါ် ပရိုင်းမိတ် Phlosophy Primate

၁။   ဒဿနိကဗေဒ ဆိုတာ ကိုယ်မသိတဲ့အရာကို - တကယ်လည်း မသိဘဲ - "အဲ့ဒီ အရာ" ရဲ့  “အကြောင်း” တွေကိုသာ သိနေတဲ့ ပညာရပ် ဖြစ်ပါတယ်။ သူ့မှာ ကြိုတင် တွေးဆချက်၊ ထင်မြင်ယူဆချက် တွေပဲ ရှိတယ်။ “အဲ့ဒီအရာ” တော့ မရှိဘူး။ လူသားတွေ ဖန်တီး တည်ဆောက် တဲ့ စိတ်ကူးစံသတ်မှတ်ချက်၊ ပြယုဂ် တွေကလွဲရင် ကျန်တာ ဘာမှ မရှိပါဘူး။

၂။   ဒဿနိကဗေဒ ဟာ အရာရာကို ဖွင့်ဆို ရှင်းပြ နိုင်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ဘယ်တော့မှ မအောင်မြင် ဘူး။ အလွန်ဆုံး သူ လုပ်နိုင်ခဲ့ တာဟာ အရာရာကို ရှင်းပြမယ့် “နည်းနာတွေ” မှာသာ အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့မယ် ။ “ အဲ့ဒီ အရာ”တွေ ကို ဘယ်လို သိနိုင်မလဲ ဆိုတဲ့ နည်းစနစ်၊ လမ်းကြောင်း  အမျိုးမျိုး ကို ခင်းပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် “အဲ့ဒီ အရာ” ဟာ ဘာလဲလို့ ရှင်းပြရာ မှာတော့ မအောင်မြင်ဘူး။ ဒီလိုနဲ့ ဒဿနိက ဆိုတာ ဘဝကို နေထိုင်ရခက်ခဲ အောင် ဖန်တီးပေးတဲ့ ဘာသာရပ် သက်သက် ဖြစ်လာခဲ့တယ်။
၃။    ဒဿနိကဗေဒ ဟာ ဘာသာတရား ကို အစားထိုး ထားတဲ့ အခြားနာမည် တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒဿနိက လိုက်စားသူ တွေမှာ  ဘာသာတရား ပျောက်သွား တတ်ကြတယ်။ အလားတူ ပဲ အပြန်အလှန်။ - ဘာသာတရား နောက် လိုက်စားသူ တွေ ဟာလည်း တွေးခေါ်မှု ဒဿန အားလုံး စွန့်ပယ် ထားခဲ့တတ် ကြတယ်။
၎။    ဒဿနိက ဗေဒ ဟာ စိတ်ကူးဥာဏ်စွမ်းတွေ အပြည့် ပုံဖော်ထားတဲ့ ပန်းချီကား တစ်ချပ်နဲ့ တူပါတယ်။ ဒါပေမယ့် ပုံရိပ်ဟာ ပုံရိပ်ပဲ။ တကယ့် အစစ်အမှန်တော့ မဟုတ်ဘူး။ သူက ခင်ဗျားကို စကားတွေ ပြောမယ်။ ခင်ဗျားနဲ့ ဆွေးနွေးမယ်။ ခင်ဗျား အတွက် အလှပဆုံး ပုံရိပ်တွေ ဖန်တီးပေးမယ်။ စိတ်ကူးထည် စနစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက် ပေးလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီနည်းတွေနဲ့ ခင်ဗျားဟာ ခင်ဗျား အစစ်အမှန် ကို သိလိုက်ရမှာ မဟုတ်ပါဘူး။ သူ ဖန်တီး ပေးခဲ့တဲ့ အဲ့ဒီ စိတ်ကူးထည်၊ စကားလုံးတွေ နဲ့ ခင်ဗျား ဘာသာ ခင်ဗျား ရှုပ်ထွေး နောက်ကျိပြီး ကျန်ရစ်ခဲ့မယ်။
၅။    တကယ်တော့ ဒဿနိက မှာ အခြေခံ ၊ အခြေအမြစ် ဆိုတာ မရှိဘူး။ လေထဲ တိုက်အိမ် ဆောက်နေတာ သက်သက်ရယ်။ ဒဿနိကက ပေးတဲ့ စိတ်ကူးတွေဟာ စိတ်ကူးတွေ သက်သက် ပဲ ဖြစ်ပါတယ်။ ခင်ဗျား က အဲ့ဒီ စိတ်ကူးတွေကို ပုံဖော်ဖို့ ကြိုးစားရင် ဘဝကို စက်ယန္တရား ဖြစ်အောင် တည်ဆောက် သလို ဖြစ်သွားတတ်တယ်။ ခင်ဗျား မှာ တကယ် စင်စစ် လှပတဲ့ ဘဝ ပျောက်ဆုံး သွားပါတယ်။ ခံစားမှု မဲ့ရင် မဲ့သွား၊ ဒီလိုမှ မဟုတ်ရင် ခင်ဗျားဟာ ဖန်တီးမှု မဲ့သွားရတယ်။ ခင်ဗျား ဘဝဟာ ဒဿနိက နယ်ပယ် ထဲမှာ လောင်စာထိုးပြီး လည်ပတ်နေတဲ့ အကြောင်းအကျိုးဆက် ယန္တရား အဖြစ် သက်သက်သာ ကျန်ရစ်ခဲ့တော့တယ်။
၆။    သိပ္ပံပညာဟာ “သံသယ” တွေက စတင် ပေါက်ဖွားလာတာ ဖြစ်သလို၊ ဘာသာတရား ဟာလည်း “အံ့ဩစိတ်၊ သိလိုစိတ်” ကနေ ပေါက်ဖွား လာတာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ဒဿန ဟာ သိပ္ပံနဲ့ ဘာသာရေး - အဲ့နှစ်ခု ကြားမှာ တည်ရှိတယ်။ ဒီ့အတွက် ဒီ ဒဿန  ဘယ်က ပေါက်ဖွားလာတာလဲ ဆိုတာ ဆုံးဖြတ်ရ ခက်တတ်ပါ တယ်။ တစ်ခါတစ်လေ “သံသယ” က ပေါက်ဖွား လာတာမျိုးလည်း တွေ့ရတယ်။ တစ်ခါတစ်လေ “အံ့ဩစိတ်၊ သိလိုစိတ်” က ပေါက်ဖွားလာတာလည်း ရှိပါတယ်။ ဒါ့ကြောင့် အချို့ ဒဿနဆရာ တွေဟာ သံသယ များနေတတ်ပြီး၊ တစ်ခါတစ်လေ အံ့ဩစိတ်နဲ့ မေးခွန်းတွေ ထုတ်နေ တတ်ကြတယ်။ သံသယ များလွန်း လာတဲ့ ဒဿန ဆရာဟာ တစ်ဖြည်းဖြည်း သိပ္ပံသမား ဖြစ်သွား ပါတယ်။ အံ့အားသင့်တဲ့ စိတ် များလွန်းတဲ့သူ ကတော့ ဘာသာရေး ဘက်ကို ကူးပြောင်း သွားတတ်ကြတယ်။ လက်တွေ့မှာ ဒဿန ဆရာ ကိုးဆယ့်ကိုး ရာခိုင်နှုန်း ဟာ သိပ္ပံသမားတွေ ဖြစ်သွားကြတာ များတယ်။ အကြောင်းက သံသယ တွေ များလွန်း တတ်ကြလို့ပဲ ။ ဒီအချက်ဟာ ကမ္ဘာမှာ  သိပ္ပံပညာ နဲ့ ဘာသာတရား ကိုပဲ အလေးအမြတ် ထားရှိလျက် ရှိကြတဲ့ အကြောင်း ၊ ဒဿနိက ဗေဒ ဘေးပို့ ခံလာရတဲ့ အဓိက အကြောင်းရင်း အချက်တွေ ထဲက တစ်ချက် ဖြစ်ပါတယ်။ ဘာသာတရား ဘက်ကို ကူးပြောင်းလာဟန် ရှိတဲ့ ဒဿနဆရာတွေ ဆိုလို့ - တစ်ဦးကောင်း တစ်ယောက်ကောင်းတွေသာ ရှိတယ်။ ဥပမာ ဗူဗာ၊ ခရှစ်ရှနမူးရတိ၊ ဆူဇူကီး စသဖြင့်။
၇။    ခင်ဗျား ဒဿနိက ကို ဘာလို့ လေ့လာ လိုက်စားသလဲ။ အဲ့ဒီမေးခွန်း ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ခင်ဗျား- ဒဿနိက လိုက်စားတာဟာ - စကားလုံး တွေကို သိချင်နေတာလား။ ဝါဒတွေ ဝါဒီတွေ ကို သိချင်နေတာလား။ ဒါမှ မဟုတ် ခင်ဗျား ဘဝကို သိချင် နေတာလား။ ကိုယ့်ကိုယ်ကိုယ် စိစစ် ထားရပါလိမ့်မယ်။သစ္စာတရားကို ရှာတွေ့ဖို့ ၊ အမှန်ကို မြင်ဖို့ပါ ဆိုရင်တော့ တစ်ခု - ကောင်းကောင်း သတိပေးချင်ပါတယ်။ “ဒဿန” ဆိုတဲ့ အထဲ၊ “ဘာသာတရား” ဆိုတဲ့ အထဲကို ဘယ်တော့မှ မ နစ်မြုပ် သွားပါစေနဲ့။  Christian, Hindu, Mohammeden, Buddhist စတဲ့ အမည် နာမည် တွေရဲ့ အောက်ကို ပြားပြားမှောက် ရောက်မသွားပါစေနဲ့။ စကားလုံးတွေဟာ ခင်ဗျားနားကို ပင်း သွားစေတတ် တယ်။ ဒဿနိက ရဲ့ အရောင် တွေဟာ ခင်ဗျား မျက်လုံးကို ကန်းသွားအောင် လုပ်တတ်ပါတယ်။ ဒဿနိက၊ ဝါဒ၊ ဝါဒီတွေရဲ့ အမည်ကြောင့် ခင်ဗျားဟာ သစ္စာ ရဲ့ အရသာ ကနေ အလှမ်းဝေးသွား ရပါလိမ့်မယ်။
၈။   အမှန်စစ်စစ် “သစ္စာတရား” ဟာ ဒဿန နဲ့ မဆိုင်ပါဘူး။ ဒဿနိက ဗေဒ ဆီက ခင်ဗျား ရမယ့် ရလာဒ် ဟာ မေးခွန်းတွေနဲ့ အဖြေတွေပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေ အဖြေတွေ ကနေ ခင်ဗျားက သစ္စာတရားကို ရှာဖွေ မှာပါ ဆိုရင် -- ခင်ဗျားဟာ တကယ့်ကို ရူးနေလို့ပဲ ဖြစ်မယ်။ ခင်ဗျား ဘဝမှာ တန်ဖိုးရှိရှိ ရထားတဲ့ ရှားရှားပါးပါး အချိန်တွေ၊ ခင်ဗျားရဲ့ စွမ်းအားတွေ၊ ခင်ဗျားရဲ့ အသိဥာဏ်တွေ ကို ဖြုန်းတီး ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒဿနိက ကို စွဲစွဲမြဲမြဲ ယုံကြည်တဲ့ အတွက် ခင်ဗျား လုပ်တတ် လာမှာက - မေးခွန်းတွေ မေးတတ်လာမယ်။ ဘယ်မေးခွန်း မှာ မဆို အဖြေက ရှိနေတတ် ပါတယ်။ အဲ့ဒီ အဖြေက တကယ် ဟုတ်ချင်ဟုတ်မယ်၊ တကယ် ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမယ့် ရလာတဲ့ အဖြေတွေ ကနေ နောက်ထပ် ဆင့်ပွား မေးခွန်းတွေ ထွက်ပေါ် လာဦးမယ်။ အဲ့ဒီ မေးခွန်းတွေကနေ နောက် အဖြေတွေ ထပ်ပေါ်မယ်- အဲ့ဒီ အဖြေတွေရဲ့ နောက် - မေးခွန်းတွေ ထပ်ဖြစ်မယ်- ခင်ဗျား ဘယ်တော့ ပြီးမလဲ။
စင်စစ် ဒဿနိက ဗေဒဟာ ခင်ဗျား အတွက် ဘာကိုမှ ဖြေရှင်း မပေးဘူး။ ခင်ဗျား တစ်ယောက်တည်းကို မဟုတ်ဘူး - အခြား ဘယ်အရာ ကိုမှ လည်း ဖြေရှင်းမပေးဘူး။ သူက ခင်ဗျား အတွက် မေးခွန်းတွေပဲ ဖန်တီးပေးပါ တယ်။ အဖြေတွေကို ဟိုကောင်း နိုးနိုး၊ ဒီကောင်းနိုးနိုး တွဲစပ် စီစဉ် ပေးလိမ့်မယ်။ “အရက်စပ်”သမား တစ်ယောက်လိုပဲ။ ခင်ဗျား က ခင်ဗျား ရောဂါ အတွက် ဆေးလိုချင်တယ်။ သူ့ဆီသွားပြီး ကျနော့ကို ဆေးပေးပါလို့ ပြောမယ်။ - သူက ဆေးမပေးဘူး- အရက်တွေပဲ  စပ် ပေးလိုက်တယ်။ ခင်ဗျား မူးသွားတယ်။ ဒါပေမယ့် အဲ့ဒီလူကပဲ ခင်ဗျားကို ပြောမယ် --“မပူပါနဲ့ဗျာ။ ကျနော့ဆေးက စွမ်းပါတယ်။ ခင်ဗျား တကယ် ကောင်းသွားမှာပါ-- တစ်အောင့်တော့ စောင့်လိုက်ပါ” အဲ့လို ဂတိတွေ ပေးမယ်၊ လှည့်စားမယ်။ ခင်ဗျားကို မူးရစ်သွားအောင် လုပ်ပစ်မယ်။
ဗုဒ္ဓ ဟာ အဲ့ဒီလို ဒဿနိက အတွင်း မူးရစ်နေမှု ကို လုံးဝ ဆန့်ကျင်ပါတယ်။ ကမ္ဘာမှာ ဗုဒ္ဓ လို ဒဿနိက ကို ဆန့်ကျင်ခဲ့တဲ့သူ မတွေ့ခဲ့ဖူးဘူး။ သူ့ရဲ့ ခါးခါးသီးသီး ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ပိုင် အတွေ့အကြုံအရ “ဒဿနိက စနစ်၊ ဝါဒ ၊ အယူအဆ ဆိုတာတွေ အားလုံးဟာ အပေါ်ယံကြော၊ ဘော်ကြော့တွေ ချည်းပဲ” ဖြစ်ပါတယ်။ ဒဿန ဆရာကြီး တွေ ဘယ်လောက် ကြီးကျယ် မြင့်မြတ် နေပါစေ - ဘဝရဲ့ တကယ့် ပြဿနာ ဆိုတာ ဘာလဲ လို့ သူတို့ ကိုယ်တိုင်လည်း မသိသလို၊ အချို့ဆို တွေးတောင် မတွေးမိကြ တော့ပါဘူး ။ ဒဿန ဆရာတွေ ဆိုတာ အသိအမြင်၊ ဝါဒတွေ အများကြီး သိနေမယ် ရှိနေမယ်။ မေးခွန်းတိုင်း အတွက် အဖြေတွေ လည်း အဆင်သင့် ရှိနေမယ်။ ဒါပေမယ့် သူ့ဘဝ က ဘာလဲ လို့ သူ ကိုယ်တိုင်လည်း မသိဘဲ၊ သူ့ ပညာတွေ ကြားမှာတင် သူ့ဟာသူ လှောင်ပိတ်နေမယ်။ အခြားလူတွေ ကို မေးခွန်းတွေ ထုတ်ပြီး၊ အဖြေတွေ ပြန်ရှင်းပြဖို့ ကြိုးစားနေမယ်။
တကယ် ဖြစ်သင့်တာ က “ခင်ဗျား” သာ မေးခွန်းထုတ်တဲ့သူ ဖြစ်ရင် “ခင်ဗျား” ကိုယ်တိုင်ကသာ အဲ့မေးခွန်းကို ပြန်ရှင်းရမယ့်သူ ၊ “ခင်ဗျား” တစ်ဦးတည်း ဖြစ်ပါတယ်။ ဒဿနိက ကလည်း မရှင်းနိုင်ဘူး၊ သိပ္ပံကလည်း မရှင်းနိုင်ဘူး။ ဘာသာတရား ကလည်း မရှင်းနိုင်ပါဘူး။ “ခင်ဗျား” အတွက် “ ခင်ဗျား” ကိုယ်တိုင်ကသာ ဖြေရှင်းရဖို့ ရှိပါတယ်။
3:30 PM
22.11.2011
..............................

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...