" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်၏ အမှတ်တရများ ( One of the Memorial of General Aung San )

မောင်လူဝေး၊ ဇူလိုင် ၁၇၊ ၂၀၁၂

 ရှေ့အပတ်ထဲတွင်ပင် ကျနော်တို့ မြန်မာနိုင်ငံ၏ သွေးစွန်းခဲ့သည့် သမိုင်းဝင်နေ့ရက်ကြီးဖြစ်သော ( ၆၅ ) နှစ်မြောက် အာဇာနည်နေ့သို့ရောက်တော့မည်။ အာဏာကို ယစ်မူးတပ်မက်သော၊ အာဏာသည် သေနတ်ပြောင်းဝ တွင် ရှိသည်ဟုယုံကြည်သော မသမာသူ အာဏာရူးတို့ကြောင့် တန်ဖိုးအနဂ္ဂ ကြီးမားလွန်းလှသော တိုင်းပြည်လူထုခေါင်းဆောင် ဗိုလ်ချုပ်နှင့် အပေါင်းပါတို့ကိုဆုံးရှုံးခဲ့ရသည်။
ထိုအကြောင်းရင်းခံများကြောင့် ယနေ့ မြန်မာနိုင်ငံသည် ဆင်းရဲတွင်းနက်သော ၊ အကျင့်ပျက်ခြစားမှု့များဖြင့် ပြည့်နေသောတိုင်းပြည်အဖြစ် ကမ္ဘာ့ နိုင်ငံများအလယ်တွင် မျက်နှာငယ်စွာဖြင့် ယနေ့တိုင်အောင်ရပ်တည်နေလျှက်ရှိနေလေတော့သည်။
ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက်မေ့မိ၏။ တမ်းတ၏။ ယနေ့လို မြန်မာနိုင်ငံ အာဏာရှင် အကျင့်ပျက် စစ်အစိုးရခေတ်တွင် ..ပို၍ပင် ဗိုလ်ချုပ်တို့ကို တမ်းတမိ၏။ အောက်မေ့မိ၏။
ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏ သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား" ဗိုလ်ချုပ်၏ အမှတ်တရ" များ ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ်တင်ပြလိုက်ပါတယ်။
အောင်ဆန်းဦး+ အောင်ဆန်းစုကြည် တို့ အဖေ...
၁၉၄၆.ခု စက်တင်ဘာလ၊ ၂၉ ရက်နေ့ ဖြစ်လေသည်။ ရန်ကုန်မြို့၏ကောင်းကင်သည် မိုးရိပ်တိမ်လိပ်များကင်းစင်လျှက် ကြည်လင်တောက်ပနေလေသည်။ ဗဟန်းလမ်းအတိုင်း တိရစ္ဆာန်ရုံဘေးမှ အလံပြဘုရားလမ်းအတိုင်း တအားပြေးနေသော ဂျစ်ကားတစ်စင်း၏နောက်ပိုင်းတွင်
ကာကီစိမ်းရောင်စစ်ယူနီဖေါင်း ဖိုသီဖတ်သီဝတ်လျှက်၊ ခေါင်းတုံးဆံတောက်နှင့် လူရွယ်တယောက်၊ ဘေးတွင် မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့်လုံးကြီးပေါက်လှ မိန်းမတယောက်တို့ကို မြင်ရသည်။ ထိုစစ်ယူနီဖေါင်းဝတ်လူရွယ်သည် တခြားသူတော့မဟုတ်၊ ဖဆပလအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ယမန်နေ့ကပင်ဘုရင်ခံ၏အမှုဆောင်ဝန်ကြီးအဖြစ် ရောက်ရှိသွားလျှက် ပူပူနွေးနွေး ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးအောင်ဆန်းအဖြစ် သူ၏ချစ်ဇနီး ဒေါ်ခင်ကြည်နှင့်အတူ မြို့ထဲဖက်သို့ထွက်လာခြင်း ဖြစ်လေသည်။
တစ်လမ်းလုံး စကားတခွန်းမှ မပြောဘဲ ငေးလာခဲ့သော ဗိုလ်ချုပ်သည် အလံပြဘုရားလမ်း (အော်တိုကား ) တိုက်ရှေ့သို့ ရောက်လာသောအခါ ကျွန်ုပ်အားလှမ်း၍ အင်္ဂလိပ်လိုပြောလိုက်လေသည်။
“ ( I am not happy in office ) အစိုးရထဲဝင်ပြီး ရာထူးယူရတာ ငါတော့ မပျော်ဘူးကွာ။”
“ဘာဖြစ်လို့လဲ ဗိုလ်ချုပ် ... ”
ဒေါ်ခင်ကြည်က ဘာမှမပြော..။ ကျနော်က လှမ်းမေးလိုက်ခြင်းဖြစ်လေသည်။
“ဘာကြောင့်မှန်းမသိဘူး၊ ငါတို့နိုင်ငံရေးလုပ်လာတာ ဗြုန်းကနဲ ဒီလိုအစိုးရအဖွဲ့ထဲ ရောက်လိမ့်မယ်လို့ တခါမှ စိတ်မကူးခဲ့ဘူး၊ ခုတော့မမျှော်လင့်ဘဲ အစိုးရအဖွဲ့ဝင် ရာထူးယူလိုက်
ရတော့  ငါ့စိတ်ထဲမှာ ဘာကြောင့်မှန်းမသိရ ၊ ပျော်ကို မပျော်ပါဘူးကွာ”
ကျနော်လည်းဘာမှပြန်မပြောတော့ဘဲ ကားကိုသာ ဆက်မောင်းနေတော့သည်။  အမှန်မှာ … ဘာကြောင့်မပျော်သလဲ .. ဟူသော မေးခွန်းကို ဗိုလ်ချုပ်နှင့် သူ့ဘေးတွင် ထိုင်လျှက်ရှိသောဒေါ်ခင်ကြည်သည်လည်း ၄င်းအဖြေကို စိတ်တွင်းမှ လှိုက်လှဲစွာ သိကြသည်။ ထုတ်ဖေါ်မပြောကြ၍သာ။
၁၉၄၆ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို အမှတ်၂၅ တာဝါလိန်းရှိ အိမ်သူအိမ်သားတွေ စိတ်ထဲမှာထာဝစဉ် သတိရနေကြပေလိမ့်မည်။ ဖ.ဆ.ပ.လ.အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီးဒေါ်ခင်ကြည်တွင် စတုတ္တမြောက် ရင်နှစ်သည်းချာ သမီးရတနာလေး
တစ်ဦး မီးရှုးဖွားမြင်လေသောကြောင့်တည်း။ ဖ.ဆ.ပ.လ ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသည် ၄င်း တော်သလင်းလဆုပ်( ၁၂ ) ရက် တနင်္ဂနွေနေ့က သူ့တွင်  သမီးရတနာတဦး တိုးပြန်ပြီဟူသော မင်္ဂလာသတင်းကောင်းကိုကြားရသောအခါ မည်မျှ ၀မ်းမြောက်ပီတိဖြစ်ရှာလေမည်နည်း။
သူ၏ အကြီးဆုံးကလေးနှစ်ယောက်မှာ ယောင်္ကျားလေးချည်းဖြစ်ကြလျှက်  တတိယကလေး မှာ မိန်းကလေးဖြစ်သည်။ ပြေးလွှား ဆော့ကစားတတ်သည့်အရွယ်ဖြစ်သော သားနှစ်ယောက်ကို ကြည့်ရင်း တခါတခါ မျက်စိနောက်သော ဗိုလ်ချုပ်သည် သူ၏သမီးကလေးအပေါ် အချစ်တွေ
ပို မိလေသည်။
 ယခုတဖန် သမီးရတနာတဦး ထွန်းကားပြန်ပြီ။ များမကြာမီ သူက ရုံးကပင်ပန်းပြီး ပြန်လာတိုင်း လှေခါးထိပ် မော်တော်ကားဆိုက်ရာသို
" ဖေဖေ ပြန်လာပြီ " 
ဟုဆိုကာ ဘ၀င်အေးစရာ အပြုံးကလေးများဖြင့်ဆီးကြိုတတ်သော သမီးကလေးနှင့်အတူ၊ အဖေါ်ရမည့် သမီးထွေးကလေးကို စိတ်ကူးယဉ်ကြည့်ရင်း ဗိုလ်ချုပ်( ၀ါ ) အောင်ဆန်းဦးတို့အဖေ၊ အောင်ဆန်းစုကြည်တို့အဖေ၊ ဦးအောင်ဆန်း၏စိတ်တွင် နှစ်သိမ့်ကြည်နူးသွားလေသည်။ 
သို့သော်.. ကံကြမ္မာက သူ၏မျှော်လင့်ချက်အဆောက်အအုံကို တစ်ဟုန်ထိုး မုန်တိုင်းဆင်၍ ချေမှုန်း ဖျက်ဆီးပစ်လိုက်လေသည်။
 စက်တင်ဘာလ ၂၆ ရက်နေ့ ( ဗိုလ်ချုပ်တို့ဝန်ကြီးအဖြစ် ကျမ်းကျိန်သောနေ့ )တွင် ဗိုလ်ချုပ်၏သမီးထွေးကလေးသည် သူ့ဖခင်၏ ဂုဏ်ရှိန်သမ္ဘာကို လူ့ပြည်တွင်
 ၅ ရက် မျှ ခံစားကာ အနိစ္စရောက်သွားရှာလေတော့သတည်း။ ထို သတင်းကိုကြားကြားချင်း ဗိုလ်ချုပ်တယောက် တချက်မျှ ငိုင်သွားကာ
“အင်း ...အိမ်ထောင်ကျတဲ့ ၅ နှစ်ရာသီအတွင်း ကလေး လေးယောက် ရလို့ များလှတယ် ဆိုပြီး စိတ်တော့ညစ်မိပါတယ်။ ဒါပေမဲ့ ရပြီးမှတော့ ကလေးကို မသေစေချင်ဘူး။ ... သိပ်နှမြောတာပဲဗျာ" 
ဟု  ညည်းရှာလေသည်။
နိုင်ငံရေးကိစ္စ အ၀၀တွေကြောင့် အလွန်အလုပ်များလျှက် ရှိသော သူ၏ခန္ဒာကိုယ်အတွင်းရှိ နှလုံးသားထဲမှ ဖခင်တို့၏ချစ်ခြင်းမေတ္တာအဟုန်လည်းပေါက်ကွဲထွက်လာလေသည်။ ကြည့်စမ်းပါအုန်း. ... တနင်္ဂနွေနေ့ကပဲ သမီးရတနာ ရခဲ့ပြီး ကြာသပတေးနေ့ကျသောအခါ အစိုးရအဖွဲ့ထဲဝင်ပြီး
ဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။ ၄င်းကြာသပတေး နေ့မှာပင် ချစ်သမီးလေးဆုံးရပြန်သည့် ကံကြမ္မာက သူ့အား လှောင်ပြောင်ကာ ပျက်ရယ်ပြုခြင်းပင်မဟုတ်ပါလော။ အစိုးရအဖွဲ့ဝင်ဝန်ကြီးရာထူးက စည်းစိမ်ဥစ္စာရှိသည် ဆိုဆို ဘယ်လိုပင်မော်တော်ကား၊ ရေဒီယို၊ တယ်လီဖုန်းအစရှိသည့်
အဆောင်အယောင်တွေ များများ အဖိုးမဖြတ်နိုင်သည့် ရတနာ (သမီးထွေးကလေး ) ဆုံးရှုံးရသည့် ဗိုလ်ချုပ်ခမျာမှာ အဘယ်မှာလျှင်ပျော်နိုင်ရှာမည်နည်း။
ထို့ကြောင့်ပင် “အစိုးရအဖွဲ့ထဲဝင်ပြီး ရာထူးယူရတာ ဘာကြောင့်မှန်းမသိ၊ ငါတော့ မပျော်ဘူးကွာ "  ဟုပြောသောအကြောင်းသည် အထက်ဖေါ်ပြပါ အရေးပါသော အကြောင်းအချက် တချက်ဖြစ်ရမည်ဟု ကျွန်ုပ် တထစ်ချထင်လိုက်မိသည်။
ဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး၊ တိုင်းပြုပြည်ပြုလွှတ်တော် ကော်မတီအစည်းအဝေးများ ကျင်းပစဉ် ဗိုလ်ချုပ်အား အမှတ်တမဲ့ချောင်းကြည့်ဖူးသူတို့သည် သူ၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေသော ပြသာနာအကြောင်းအရာအပေါ်အာရုံစူးစိုက်နေပုံ ( Power of Concentration )ကို သတိမပြုဘဲ မနေနိုင်ကြချေ။  အစည်းအဝေးများဆက်၍ နေသလောက် ဆိုင်ရာပြသာနာတွေမှာ တခြားစီဖြစ်နေသည်ကို တချိန်လုံး အာရုံစူးစိုက်လျှက်၊တခုပြီးတခု ပြသာနာတွေကိုအောင်မြင်စွာဖြေရှင်းသွားနိုင်ခဲ့ခြင်းမှာ ချီးမွန်းအံ့သြဘွယ်ရာပင်တည်း။ 
ဗိုလ်ချုပ် အဲသလို အစည်းအဝေးတွေတခုပြီးတခုတက်ပြီး၊ စိတ်အာရုံ ( Concentrate ) စူးစိုက်နိုင်တာ တော်သကွာ ။ ငါတော့တခါတလေ အစည်းအဝေးလုပ်နေရင်း စိတ်ကတခြားကို လွင့်သွားတတ်လွန်းအားကြီးလို့ မနည်းကိုအားခဲပြီး အစည်းအဝေးထဲ စိတ်ရောက်အောင် ကြိုးစားရတယ်ဟု အစိုးရအဖွဲ့ထဲ ၀င်ခါက ကိုကြီးနု က ကျနော့်အားပြောဖူးလေသည်။
၁၉၄၅ခုနှစ် စစ်ကြီးပြီးသောအခါသမယတွင်၊ တော်လှန်ရေးမျိုးချစ်ဗမာ့တပ်မတော်ကြီး၏ သေနာပတိကြီး ဂျင်နရယ်အောင်ဆန်းဆိုသူအား နိုင်ငံခြားသတင်းစာဆရာများ၊ သတင်းထောက်များသည် အထူးစိတ်ဝင်စားလျှက်ရှိရာ၊ မကြာခဏ တာဝါလိန်း ဗိုလ်ချုပ်အိမ်သို့ လာရောက်တွေ့ဆုံ စကားပြောရင်း မဟာမိတ်စစ်ဖက်အရာရှိကြီးများရပ်ကွက်တွင် ထင်ရှားလှသော ဗိုလ်ချုပ်အောင်ဆန်းကို စုံစမ်းအကဲခတ်လေ့ရှိကြ၏။ 
“ခင်ဗျား... ရှေ့ကို စစ်တပ်ကို ဆက်လက်ဦးစီးအုန်းမလား..?  သို့မဟုတ် နိုင်ငံရေးကိုပဲ တရှိန်ထဲ လုပ်သွားမလား ..? ” ဟူသောမေးခွန်းကို ခဏခဏ မေးတတ်ကြသည်။ 
“ကျုပ်တော့ ...အခုစစ်လည်းပြီးပြီမို့ စစ်တပ်ကိုဆက်လက် ဦးစီး ရှေ့ဆောင် မလုပ်တော့ပါဘူး၊ ကျုပ်ကိုယ်စား အခု ဒုတိယစစ်သေနာပတိ ဗိုလ်လင်္ကျာကပဲ ဦးစီးပါလိမ့်မယ်၊ ကျုပ်အဖို့တော့ နိုင်ငံရေးကို ထိထိရောက်ရောက် ၀င်လုပ်လိုက်အုန်းမယ်၊ ဒါလည်းဗမာပြည်လွတ်လပ်ရေးရတဲ့အထိပဲ။
လွပ်လပ်ရေးရပြီးရင် နိုင်ငံရေးကထွက်ပြီး အေးအေးဆေးဆေး စာအုပ်ကလေး ဘာလေး ရေးမယ်ကြံတာပဲဗျာ။ ကျုပ်ရဲ့အိမ်ထောင်( Family ) အတွက် ဂရုစိုက်ပြီး စီစဉ်စရာတွေ အများကြီးရှိသေးတယ်။ ကလေးတွေ ပြုစုစောင့်ရှောက်ရေး၊ ပညာသင်ကြားရေးကိစ္စတွေလည်း ကျုပ်ကိုယ်တိုင် ကြီးကြပ် စီမံချင်သေးတယ်။  …”
ဗိုလ်ချုပ် ၏ အဖြေက ဤသို့ချည်းသာတည်း ။
တခါတရံ ကလေးတွေ ဆော့ကစားရင်း လုကြ ငိုကြလုပ်သောအခါ သားနှစ်ယောက်အား တခါတလေ စိတ်မရှည်သော ဒေါ်ခင်ကြည်က မိခင်တို့ဘ၀ …
" တယ်ဆိုးတဲ့ကောင်လေးတွေပဲ "
ဟု ညည်းမိရာ၊ ကုတင်ပေါ်လှဲနေရင်းစာဖတ်နေသော ဗိုလ်ချုပ်က ...
“ငါ့ကလေးတွေ ..ဆိုးချင်ဆိုးပါစေကွာ ... အရေးကြီးတာက ကလေးဆိုတာ ( Character ) စိတ်ဓါတ်ကောင်းဖို့ရယ်...( Love Truth ) တည်ကြည်ဖြောင့်မတ်ခြင်း လိုလားတဲ့စိတ်ရှိဖို့ရယ်၊ ဒါပဲ အရေးကြီးတယ် ”
ဟု သူ့ကိုယ်နှင့်လည်းနှိုင်းလျှက် သူ့၏စိတ်ထဲတွင်ထင်မြင်မိသော ( Idea ) စံပြ
ယောင်္ကျားကောင်းကို မျှော်မှန်းရင်း ပြောလိုက်လေသည်။ 
ဟုတ်ပါသည်၊ သူ၏သားများကို တည်ကြည်ဖြောင့်မတ်သောစိတ်ဓါတ်ကောင်းနှင့် တိုင်းပြည်သားကောင်းရတနာများ ဖြစ်စေချင်သည့် စေတနာတွေ.မေတ္တာတွေ ဗိုလ်ချုပ်တွင် အခြားအခြားသောဖခင်နည်းတူရှိခဲ့လေသည်။ 
သားနှစ်ယောက်အနက်အကြီး(  အောင်ဆန်းဦး ) မှာ  သေးသေးသွယ်သွယ် အသားအနည်းငယ်ညို၏။ မှတ်ဥာဏ်ကောင်း၏။ လူကြီးများကဲ့သို့ အရွယ်နှင့်မလိုက်အောင် စကားကြီး စကားကျယ်တွေလည်း ပြောတတ်၏။ သားအငယ် (အောင်ဆန်းလင်း ) မှာမူ ကိုယ်လုံးကိုယ်ပေါက် ထွားထွားကြိုင်းကြိုင်းနှင့် အသားအရေဖြူဖွေးပြီး၊ ရယ်စရာမောစရာ
အလွန် လုပ်တတ်ပြောတတ်၏။ ရဲဘော်တွေက သူ့ကိုတခါတခါ ( ကိုလင်း ဘတ်ဖလိုး- ကျွဲကြီး) ဟုချစ်စနိုးခေါ်တတ်၏။ သူ၏ ၀ိုင်းစက်ပြူးကျယ်သောမျက်လုံးကြီးများမှာမိခင်ထံမှ ရရှိသော အလှများတည်း။ 
တညနေ တွင် မိသားစု စုံညီစွာရှိစဉ် ဗိုလ်ချုပ်သည်သူ၏ကလေးများကို ကြည့်ရင်းပီတိဖြစ်ရာမှ သူ့စိတ်ထဲမှ ထင်မြင်ဝေဖန်ချက်များကိုထုတ်ပြောလေသည်။ 
“အကြီးကောင် ငဦး.. ကတော့ ( Very Serious ) အရွယ်နှင့်မလိုက်အောင်တည်တာရယ်၊ မှတ်ဥာဏ်ကောင်းတာရယ်ကို ထောက်တော့ သူ့အဖေလို လာမယ်ထင်တာပဲ၊  အငယ် ငလင်းကြီးကတော့ သူ့ကြည့်ရတာ ရူးပေါပေါကြီးပဲ၊ ပေါ့ပေါ့စားပေါ့ပေါ့နေရင်း ကြီးလာမဲ့အကောင်ကြီးပဲကွ။ ကြီးလာရင် တေ များ တေအုန်းမလားမသိဘူး။ ဘာပဲပြောပြော ငါ့သမီးလေး (အောင်ဆန်းစုကြည် ) ကတော့ အားလုံးထဲမှာ အလိမ္မာဆုံး၊ ချစ်စရာအကောင်းဆုံး ဖြစ်မှာပဲ..ဟု မှတ်ချက်ပေးလေသည်။
(အညွန်း -  ..ဆရာချိန် ( ပဲခူး ) ၏ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးတိုက်ပွဲသမိုင်းရုပ်ပုံလွှာ (သို့).နှစ်ယောက်မရှိသည့် တယောက်တည်းသောလူထုခေါင်းဆောင်)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...