" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရန်ကုန် တက္ကသိုလ် မှတ်တမ်းများ-၂ Protocols of Yangon University

~~~
ပန်းတန်းနဲ့ ဆောင်းတန်း သွယ်ဆီ မရောက်ခင်...
ပန်းဝယ်မယ်ဆို...
ကံ့ကော်ကိုသာေ၇ွးချယ်နော်....
~~~
အဆောင်ရှေ့က..သီချင်းသံက...တကယ့် မွန်းအောင် အသံ အတိုင်း..။ အဆိုတော် မွန်းအောင် ကိုယ်တိုင် မဖြစ် နိုင် တာတော့..သေချာ လှသည်။

“ အသံကောင်းလိုက်တာ ဟယ်.. ”
သူ့အသံက..၀မ်းသာအားရ ဘယ်လောက် ကျယ်သွားတယ် မသိ..။ နံရံ ခြားနေတဲ့.. ရှေ့ခန်းက.. မနန္ဒာ တို့ က တောင်..

အေး.. တကယ့် အဆိုတော် တွေ လား မသိဘူး.. တခါတလေ..တူတူး တို့ အဆိုတော် အုပ်စု လာတတ်တယ်.. တနေ့ညက..ခိုင်ထူးတို့ လာတာလေ.. ပျော်စရာကြီးဟာ.. ကားမီး ထိုးပြီး..ဆိုကြတာ.. အပေါ်က..အကုန် မြင်နေရတယ်..”
“..ဟယ်.. မ တို့ကလဲ..မဖြူတို့တော့ လှမ်းမခေါ်ဘူး..” မဖြူက.. ကုတင်ပေါ် ထိုင်ပြီး..သူ့ခေါင်းက..ဆံပင်ရှည် တွေကို.. သေးသေးလေး တွေ ကျစ် ပေး နေရင်း.. ခိုင်ထူး မကြည့် လိုက်ရလို့..၀မ်းနည်း ပန်းနဲ ဖြစ် သွားသည်။

“ အမလေး..ညည်း တို့ ကြုံအုံးမှာ ပါအေ…တော်တော် ညည့်နက် တယ် ဟဲ့.. ”

သြော်..အဲဒါ ခိုင်ထူးတို့ ကိုယ်တိုင် ပဲ ကိုး..။

“ ဟုတ်တယ်.. တော်တော် နောက်ကျ နေပြီလေ.. ဟုတ်တယ် မလား..မ.. …. မနေ့ညက..ကျမလည်း.. ၀တ္တု ဖတ်နေတာ..မပြီးလို့..၃ နာရီ တောင် ထိုးသွားတာ.. ကြားတော့ ကြားတယ်.. ကောင်းလိုက်တာပေါ့..လို့ ထင်နေတာ..”

အဆောင်မှာ ..ကျောခြင်းကပ် နှစ်ယောက်ခန်း တွေ အားလုံး...နံရံ အပေါ်ဖက် မှာ..အပေါက် ဖွင့်ထားတာမို့.. အသံတွေက..အကုန် ကြားနေ ရတတ်ပြီး..ဟိုဖက် ခန်း ဒီဖက်.ခန်း ...အချီအချ စကားပြော တတ်ကြတာ ...ထုံးစံ။ တခါတလေဆို မိုးအလင်း။ ရှားရှားပါးပါး လာ တတ်တဲ့..အဆိုတော် ရင့်မ ကြီးတွေ ရဲ့.. အလကား မတ်တင်း အဆောင်ရှေ့ တီးဝိုင်း တွေ ကို.. ခုထိ မကြုံဖူးသေး တော့.. နှစ်ယောက် လုံး တော်တော် တော့.. မချင့်မရဲ ဖြစ်သွား ကြ သည်။
~~~~
တမ်းတတဲ့..လမ်းဆုံးခေမာကမ်းဆီ
ဆုပန်ရွယ်သူ ၂ ဦးပြိုင်တူသာ
ရောက်စေသော် ~~~~

“ မွန်းအောင် သီချင်း တွေ ကလည်း..ခုထိ ခေတ်စား တုန်း နော်..”

အကို တွေ အမ တွေရဲ့ သီချင်းတွေ နဲ့ သာ ယဉ်ပါး ခဲ့ ရသူ မို့..သူ ကြိုက်တာ တွေက ....မွန်းအောင်.. ခိုင်ထူး.. စိုင်းထီးဆိုင်..ခင်မောင်တိုး ထဲက..မထွက်နိုင်..။ ပြီးတော့.. တက္ကသိုလ် အငွေ့အသက်တွေ အများဆုံး ပါပြီး..ဒီ တက္ကသိုလ် ကြီးထဲ..အဆောင်တွေ ရှေ့ကပဲ.. အဆိုတော် တွေ ဖြစ်သွား တယ် ဆိုတဲ့.. သျှိုင်းအောင်.. အောင်နိုင်..တို့လို..ရှစ်ဆယ့်ရှစ် မတိုင်ခင်က တက္ကသိုလ် အဆိုတော် တွေ… ။ တလောက..ရေချိုးခန်းမှာ.. IC က..စန္ဒီ တို့..မျိုးကျော့မြိုင် အခွေ အသစ် အကြောင်း ပြောနေကြတာ..သူ ဖြင့် တခါမှ နားမထောင်ဖူးသေး ဘူး ..။

“ ဗဒင် အခွေ လဲ တော်တော် ပေါက်တယ်နော်.. ”

“ ဇော်ဝင်းထွတ် အသစ် ..ဆေးဆိုးပန်းရိုက် မျက်နှာ လည်း မိုက်တယ်ဟ .. မထိုက် ဆီမှာ ၀ယ်ထားတယ်...လိုချင် ယူ နားထောင်ကြလေ.. ”

မထိုက်က အပတ်တိုင်း အိမ်ြပန် အိပ်သူ မို့..အပြင်လောက နဲ့ ပို နီးစပ်ပုံ ရသည်။

~~~~ အာရုံခံ တန်ဆောင်းအောက် ဆိုရင်..
မေရယ်..အနောက်ခြမ်းက နေစဉ်
မြင်သာမဲ့ အပိုင်း ထိုင်ကွယ်
~~ ~~~~
~~~~
ရိုးရိုး….လေး သာ..၀တ်ခဲ့ပါကွယ်..
အေး……မြ လို့…


သီချင်းသံ က.. ဂစ်တာ လက်သံ ရှင်းရှင်းလေး နဲ့မို့ ငြိမ့်ငြိမ့် လေး နဲ့ နားထောင် လို့ ကောင်းလိုက်တာ ..။

“ ရိုးရိုးလေး ကတော့..ဘယ်တာ့မှ မရိုးဘူးနော်..”
“ .. မမစိမ်း ထဲမှာ..ခင်မောင်တိုး ပြန်ဆို လိုက်တော့.. လူသိ ပိုများ သွားတာ....”

“ ဟင့် ….. ဒါမဲ့.. လွန်ခဲ့တဲ့ လေး..ငါး.. ခြောက် နှစ် လောက် ထဲက..ကျောင်းထဲမှာ..သိပ်ခေတ်စားခဲ့တာ..တဲ့..အခု ကြတော့.. သူတို့က.. မွန်းအောင် ရဲ့ ကံ့ကော် နေရာမှာ..နှင်းဆီ လို့ ပြောင်း ဆို ထားတာလေ.. ဒီသီချင်း ကို တကယ် ရူးသွပ် တဲ့ သူတွေက တော့.. ကံ့ကော်..ပဲ.... ”

“ အေးလေ..ဘာပဲ ပြောပြော.. ခါးတို ဗမာ အကျီ င်္ တွေ ..ချည်လုံချည် တွေ..ပုံတော် ဖိနပ်တွေ.. ပြန် ခေတ်စား လာတဲ့.. အချိန် နဲ့တော့.. ကွက်တိပဲဟ.. ကောင်လေး တွေ တော့..ဆိုလို့ကို ကောင်းနေ တော့ တာပဲ လေ…
…………
…ဒါနဲ့.. ကေ့ ခါးတို အကျီ င်္ လေး တွေ ပုံသိပ်ကျ တာပဲ..သိလား.. ကြယ်သီး လေးတွေ ရော..ဘယ်ကနေ.. ပေါက်ပေါက် ရှာရှာ - ရှာဝယ် သလဲ..ဟယ်..”

မနန္ဒာက မေး လိုက် တော့..ပြောချင်ရက် လက်တို့ ဖြစ်သွားသည်။ သူက လည်း..သူများတကာ.. ခါးတို ကြယ်သီး ပန်းထိုး လောက်သာ ပြန် ၀တ်နေကြတဲ့ အချိန်မှာ..ဟိုး.. အဘွားတို့..အမေ တို့ ခေတ်ကလို.. ပယင်းကြယ်သီး..ကျောက်ကြယ်သီး တွယ်ဝတ် တဲ့.. စတိုင် အထိ ကို ပြန် လှည့် ပြစ်တာ လေ .. ဘာရမ လဲ..။ အဒေါ်ကဆို..သူ ကြိုက်မှန်း သိလို့..ငွေ ကြယ်သီး အကောင်းစား လေး တခုတောင်.. သူ့အသိ ပန်းထိမ်မှာ အပ်ပေး သေး သည်။ မနက် ဆို..ကျောင်း သွားခါနီးမှ..ဗူးထဲက..ကြယ်သီးတွေ ထုတ်.. ရွေးလိုက် တပ်လိုက်နဲ့..အဲဒီမှာတင်..၁၀ မိနစ်လောက်။ မဖြူက ဆို.. တဖျစ် တောက်တောက် ..။

“ တော်တော် များများ ကတော့.. အဒေါ့်ဆီက ရတာ..သူငယ်ငယ်က..စု ထားတာတွေ လေ.. ဟိ.. အမ လိုချင်..ရွှေတိဂုံ ဆောင်းတန်း တွေမှာ..ရတတ်တယ်.. အကျီ င်္ တွေ ကတော့..မယုံ မရှိ နဲ့..မနန္ဒာရေး.. ကျမ ကိုယ်တိုင် လက်ဖြစ်.. ”

“ အမလေး.. ကြွားနေလိုက်တာ.. ငါ့ ဖို့ကျ.. တထည်လောက် ချုပ်ခဲ့ပါ ဆို..တခါ မှ..မ၀တ်ရဘူး..”
“ အဟဲ.. အချိန် မရ လို့ပါဟယ်.... ရှိသမျှ..ညီအမ တအုပ်လုံးကို..ငါပဲ ပုံထုတ် ဒီဇိုင်းဆွဲ ပြီး..အကုန် ချုပ်ပေးရတာ.. ကိုယ့်အတွက် တောင်..မနဲ လု ချုပ်ရတာ.. နောက်တခါ..နော်..နော်..”
ပြောလည်း ပြောစရာ...။ မဖြူ ကတော့..သူ့ဆိုင်က.. လှတ ပတ ဗမာချည် လုံခြည်လေး တွေ..သူကြိုက် တတ် တယ် ဆိုပြီး..ယူ- ယူ လာပေး တတ် တာ.. ။ ဒီတခေါက် ကျောင်းပိတ်ရင် တော့..ဆင်တူလေး ချုပ်ခဲ့ ပါ အုံးမယ်လေ..။

“ အမရဲ့.. တကယ်က.. အဲဒီ စတိုင်တွေ ..ဒေါ်စု က စတာနော…..လက်ခေါင်းလောင်း တွေ.. ပြန်ခေတ်စား လာတာ ကြည့်...ပြီး..ကြယ်သီးတံ ပန်းထိုးလေးတွေ လေ..”

“ အေး..ဟုတ်တယ်..ပြီးတော့.. “မြစ်တို့၏မာယာ” ထဲမှာ လည်း ..မေသန်းနု က.. အဲလို ပုံစံ လိုက်ဝတ်တော့.. ပိုခေတ်စား သွားတာ..ဟ..”
“ ဒီကြားထဲ “ မရှိမဖြစ်မိုး” က.. ခင်မိုးမြင့် စတိုင်.. ရှပ်လက်ရှည် လက်ပင်းအစိ တွေလည်း ၀တ်ကြ တယ်နော် ..”

ရိုးရိုးလေး သီချင်းက..စ လိုက်တဲ့..သူတို့ ဖက်ရှင် သုံးသပ်ခန်းက..အရှိန် ရ နေ သည်။ ကျစ်ဆံမြီး ကို စိတ်ရှည် လက်ရှည် ကျစ်ပေး နေတဲ့ မဖြူကလည်း..သူ့နှုတ်ခမ်းမှာ ကိုက်ထားတဲ့..နောက်ဆုံး သားရေပင် နဲ့..နောက်ဆုံး ကျစ်ဆံမြည်းကို..လက်စသတ် လိုက်ရင်း ..အခုမှ.လူရော..ပါးစပ်ရော..အားသွား ဟန် နဲ့…
“ အတန်းထဲက..မြတ်တာရာဝင်း ဆို.. .အဲဒီ မြစ်တို့၏... ထဲက..ကေသီ.. စတိုင်.. နဲ့လေ.. သူနဲ့ တွဲတဲ့.. တယောက် က ပိုမိုက်တယ်.. ခါးတို လက်ပြတ် ၀မ်းဆက် ချည်း ၀တ်တာ..။ ခိုင်သင်းကြည် ကတောင်..သူ့စတိုင် ပြန်ယူ တာဆိုပဲ.. သူတို့ခြင်း က.. သူငယ်ချင်း တွေ လေ..

“ဟုတ်လား” သူတို့ ကျန်တဲ့ သုံးယောက်.. ပြိုင်တူ အာမေဍိတ် မိ ကြ ပြန်တယ်။

….. “ ကျမ တော့..ပါတိတ် နဲ့.. လီနင်သား ရယ်ဒီမိတ် တွေကို ပိုကြိုက်တယ်..” လို့.. မဖြူက…သူ့စကား သူ ပြန်ကောက်သည်။

“ အေး..မဖြူ လီနင်သားလေး တွေ..လှတယ်နော်.. ဈေးလဲ သိပ်ကြီးမှာပဲ…ပါတိတ် တွေကတော့..အရောင်ကျ လွယ်လို့ဟယ်..ပြီးတော့..အမ က..အတု အစစ် လဲ မခွဲ တတ် ဘူးဟ....”

သူက..ပါတိတ် မကြိုက်လှပေမဲ့.. ညီအမ များသူ..စက်ချုပ်တတ်သူ ဆိုတော့.. ပါတိတ် ဗဟုသုတ လည်း မသေးပေ..။

“ ဘူးပါတိတ်က..ပိတ်တွေ ပိုတော့..လူတွေက..သမြောပြီး.. ပိတ်ကုန် ချုပ်ဝတ်ကြတာ လေ ..တကယ်တော့..မလှဘူး..သိလား… ဓါးကြီး တွေကျ.. အနံတို ပေမဲ့.. ချုပ်လို့ လွယ်တယ်..ယဉ် တယ်..အစစ်က.. မွှေးတယ်လေ..အမရဲ့.. အနားချုပ်ရိုး ထဲမှာ..အမွှေးချောင်းလေး တွေ ထဲ့ထားတာ...”

ပြော နေတုန်း.. သူ့ ပါတိတ် ဋီကာ တောင် မဆုံးခြင် သေး….

“ အမလေး..စာရေးဆရာမ ဖြစ်ချင် တဲ့ လူ တဲ့.. မထင်ရဘူးတော်...အ၀တ်အစား အကြောင်း ပြောနေတာများ.. ”
--
-----
ဟော..လာပါပြီ..။ ဘယ်တုန်းက..အခန်းဝ ရောက်လာ ကြတယ်..မသိ။ သူတို့ရဲ့ ဖက်ရှင် ဆွေးနွေးပွဲ ကြီး ကို..ဖျက်စီးမည့်သူများ..ရောက်လာ ပေပြီ။ အခန်းဝမှာ..ခေါင်း တခါခါ လုပ်နေတဲ့.. မစု ခါးကို ဖက် ထားတာက.. ကလေး..။ လက်ထဲ မှာ လည်း.. ခေါက်ဆွဲခြောက် ထုတ်တွေ နဲ့..။ အခန်း ထဲ ၀င်လာပြီး.. တယောက် တလှည့် ကျစ် ထားတဲ့..သူတို့ နှစ်ယောက် ခေါင်းက..ကျစ်ဆံမြီး သေးသေးလေး တွေကို.. လက်နဲ့ ထိုးမွှေ့ရင်း..
“ အေးလေ..ဆရာမကြီးတွေ.. ကြည့်အုံး.. ဆံပင်တွေ ကို.. စိတ်ရှည် လက်ရှည် ကျစ်နေတာများ..တော်တော်အလှကြိုက်ကြ.. ”

“ အာ.. ဘာဆိုင် လဲဟ.. မိန်းမတိုင်း အလှ ကြိုက်တာပဲ.. ငါက..စာဖတ်ရတာလဲ ကြိုက်တယ်..အလှပြင်..ဖက်ရှင် ထွင်ရတာလဲ ပျော်တယ်.. ဘာဖြစ်လဲ.. ဒေါ်စု ဆို ကြည့်.. နှုတ်ခမ်းနီ လေး ဆိုးတာက အစ..သိပ်ကြည့်ကောင်းတာ.. မိန်းမ ဆိုတာ..ကိုယ့်ကို ကိုယ် ကြည့်ကောင်းအောင် ဆင်တတ် ပြင်တတ်တာ လည်း.. ပညာပဲ….”

ရှေ့ခန်းက..အမ နှစ်ယောက် ကတော့.. ရီလေ ပြီ။
ကဲ..ကဲ..ညည်း တို့..လေးယောက်..ဆက်ငြင်းတော့.. ကျုပ်တို့.. စာဖတ်ပြီ..”

သူတို့ နှစ်ယောက်ကလည်း.. အမြင်ကပ် နေတဲ့..ကလေး တို့ ရှေ့မှာ..တမင်တကာ ပိုကဲ ပြပြီး.. သနပ်ခါး ရေဗူးထဲက..ရေ နဲ့..ကျစ်ဆံမြီးတွေကို..တယောက် တလှည့်..ရေ စွတ် လိုက်သေးတယ်။
အဲဒီလို ရေလေး နဲနဲ စွတ် ထား.. နောက်တနေ့ မနက် မိုးလင်းတော့.. ကျေပြီး ဖွားနေတဲ့..ဆံပင် အရှည် ကြီးတွေ ရ ပြီ လေ.. ။ တရက် နှစ်ရက်လောက် ထားရင်..ပိုတောင် လှသေး.. အကျေတွေ ပြေပြီး.. ပွရုံလေးပဲ။

ကလေးက.. မဖြူ စားပွဲ ပေါ်ကို…ခေါက်ဆွဲထုပ် တွေ တင်လိုက်ပြီး..

“ အေးပါ..အေးပါ..မလှချင် တို့ရယ် .. လှခြင်သလောက် လှကြ.. ငါတို့တော့ ဗိုက်ဆာ ပြီ..၁၁ နာရီ ခွဲပြီ.. ခေါက်ဆွဲပြုတ်ကျွေး.. နင်ပြုတ် တာ..စားလို့ကောင်းတယ်..”

မဖြူက.. ကလေး ထိပ်ကို ခေါက်ဟန် ရွယ်လိုက် ပေမဲ့..သူ့ လျှပ်စစ် ထမင်းအိုး သေးသေးလေး ကို လှမ်းယူ ပြီးနေပြီ။

“ ငါ့ကိုပဲ..ညာခိုင်းနေတယ်.. ရယ်ဒီမိတ် ထုပ်ကို..ငါက..ဘာပိုကောင်းအောင် ပြုတ်ရမလဲ.. ငါးပိကြော် လေး ထပ်ထဲ့ လိုက်တာ ပဲဟာ .. ”

မစု ကတော့..သူ့စားပွဲ မှာ…ကျကျ နန ၀င်ထိုင်ရင်း.. စားပွဲပေါ်မှာ တင်ထားတဲ့....သူ့ ၀တ္တု စာအုပ် အဖုံး တွေ ကို.. တခု ခြင်း အော်ဖတ် စ ပြု နေ သည် ။

“ ဒိဗျာ..
---
ကေဖွဲ့ဆိုသီ..
လူနာဆောင် အမှတ်(၆)…
သုခ မြို့တော်…
---
---
လွမ်းမောခဲ့ရသော တက္ကသိုလ် နွေဦးညများ..
---
မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမူအခင်းများ.. မောရစ်ကောလစ် ..လူထု ဒေါ်အမာ ..”

ပြီးတော့ လည်း .. စာအုပ်ပုံ ပေါ်က....မနေ့က မှ..ရွေးလာတဲ့..သူတို့အုပ်စု ဂရုပုံ တွေကို ပဲ..ကြည့်မ၀ ရှုမ၀ သလို.. ထပ်ကြည့် နေပြန် တယ်။

“ ဘယ်နှယ်ခါ ရှိပြီလဲ.. ” လို့..သူ နောက်တော့..သွားလေးဖြဲပြပြီး..“ ပျော်စရာကြီးနော်.. ငါတို့ ကြီးသွားရင်..ဒီပုံလေး တွေ..တကယ် အမှတ်တရ ဖြစ်မှာ..”
မစု ကြည့်ပီး..ချ လိုက်တဲ့..ပုံလေး တပုံ ကို ကောက်ယူ ပြန် ကြည့် မိရင်း.. အင်းလေ.. အခု မကြီးခင်တောင်.. အမှတ် တရ ဖြစ်နေပါပြီ.. ။ အဲနေ့က.. ဘယ်သူက..ဘယ်လို စိတ်ကူး ပေါက်သွားတယ် မသိ..။ ကျောင်းထဲက.. အထင်ကရ နေရာ တွေ ..တော် တော့်ကို စုံသွားတာ..။ ဓါတ်ပုံ ဆရာ ကလည်း.. ဈေးဦး မပေါက် သေးလို့ လား မသိ..စိတ်ရှည် လက်ရှည် ကို.. တနေရာခြင်း.. အတင်း ကာရော ကို.. လိုက်ပို့ ပြီး..ရိုက်ပေး တော့တာ.. သစ်ပုတ်ပင်.. ကွန်ဗို့.. ၀ိဇ္ဖာခန်းမ..
--
--
--
ဒါက..လိုင်ဘရီ.. ။ လိုင်ဘရီ များ.. စာအုပ်သာ..ဟုတ်တိပတ်တိ သွားမဖတ်ဖူးတာ.. ဓါတ်ပုံ ရိုက်လို့ လှမှန်းတော့..ကောင်းကောင်း သိပြီး ပြီ..
-

---
----
ဂျပ်ဆင် ရှေ့လဲ ရောက်ခဲ့ တာပဲ…
-




---
------
အဲ------ ဒီပုံ ကို အရမ်း ကြိုက်တာ..
-


-
“ ဟဲ့..အာစီ ရှေ့က..သစ်ကိုင်း ကြီး နဲ့ ပုံ အမိုက်ဆုံးနော်.. အမယ်..အဲဒီ နေ့က.. သာခွေယိုင် လဲ ပါလာတာပဲ..ပုံထဲမလဲ..ခွေယိုင်နေတာပဲ .. ကြည့်စမ်း..ငါ့ပုံလေးက..ချစ်ရှာလေး..”

“ အမ်မလေး.. ပေါရဲလိုက်တာ..”

“ အမ်မယ်..နင်ကရော..သူ့ပုံသူ တစိမ့်စိမ့် ကြည့်နေတာ.. မပြီးတော့ဘူး..”

“ မဟုတ်ပါဘူးဟ.. ငါတို့ သူငယ်ချင်းတွေ.. ဘယ်သူ နဲ့ ဘယ်သူ အတွဲ ဖြစ်မလဲ လို့..မှန်းကြည့်နေတာ..ဖိုးကျော် နဲ့ ကလေး နဲ့ဆို လိုက်မယ်နော်..ဟီး ”

မဖြူ ကို ခေါက်ဆွဲ မျှင်တွေ..ကူဖြတ်ပေး နေတဲ့ ကလေးက.. ကျီကျီလောင်လောင် ထ အော်တယ်။
“ အမလေး..မဖြစ်ဘူးဟေ့..စိတ်ချ... သူငယ်ချင်းက..သူငယ်ချင်းပဲ.. ”

မစုက..တွေးတွေး ဆဆ ဆိုပြန်တယ်။

“ ..ဖက်တီးကလဲ..လူကသာ..၀တုတ် ပုတ်ပြဲ ...ကားတစီး နဲ့.. ပွေတော့ ပွေသား.. မှုံကြီးကလဲ..စာဂျပိုးလိုလို အူကြောင်ကြား..ခရစ်စတိုဖာ လည်း မဖြစ်ဘူး..ဘာသာ မတူဘူး.. ကိုတိုး က တော့..မဆိုးဘူးဟ.. ဒါပေမဲ့.. သူက.. အရာရှိ ရူး-- ရူးနေတာ..Geology က..ပါမောက္ခ တွေ အကုန်..သူဌေးသမီး တွေ ယူပြီး..အစိုးရ အလုပ်ကို မတောင့်မတ လုပ် နိုင်တာ လို့..သူ.. ခဏခဏ ပြောတယ်ရော.. အင်း.. ..ငါတို့ အထဲမှာ.. အထောဆုံး ကတော့..မဖြူ ..နင်ပဲ ရှိတယ်..ဟား..ဟား..”

“အမလေး..နင့် ကိုတိုးက လား ..မေမိုးကို စာပေး တာ တဲ့ ဟေ့.. ကဲ..သိပလား.. မေမိုးက.. ဘယ်သူ့မှ မပြောနဲ့ ဆိုလို့ နင်တို့ မပြောတာ.. ”

မဖြူ ပြော လိုက် တော့.. မစု နဲ့ ကလေး .. “ဟင်” ကနဲ .. မျက်လုံး ပြူး သွား သလို..သူ လည်း..အတော့်ကို အံ့သြ သွားမိ သည်။
ကိုတိုး နဲ့ မေမိုး ............။
သူတို့ နှစ်ယောက် သွားသွားလာလာ ပြောပြောဆိုဆို တောင် ..သိပ်ရှိလှ လို့လား........
အေးလေ.. မိန်းကလေး တယောက်ကို .. ချစ်ခင် သဘောကျ ဖို့ အရေး.. လူခြင်း ခင် မှ ရယ် လို့တော့.. ဘယ်ဟုတ် ပါ့ မလဲ..နော် ..........
ပုံ တွေ ကို .. ပြန် ပြီး စိုက် ကြည့် နေမိသည်။ ပုံ ထဲမှာတော့..အားလုံးက..ပျော်ပျော်ရွှင်ရွှင် ဖြူဖြူ စင်စင် လိုပါပဲ လေ..

မစု က ..သူ့ရဲ့ စိတ်ကူးယဉ် လေးတင်ပွဲ ကြီး ကို.. လေးလေးနက်နက် ဆက်ပြော ပြန်တယ် ။
“ အေးလေ.. လူ တကိုယ် အကြိုက် တမျိုးပေါ့ဟာ.. လိုက်ဖက် ညီ တိုင်း လည်း.. အတွဲ ဖြစ်တာ မှ..မဟုတ်တာ.. ငါ ကတော့ဟာ .. ဘာသာတရား ကိုင်းရှိုင်းပြီး.. ဟော့ဟော့ရမ်းရမ်း မရှိ ရဘူးဟာ.. စာတော် ရင်တော့..အကောင်းဆုံး ပေါ့.. ပြီးတော့.. ရှပ်အကျီ င်္ လက်ရှည် အဖြူ လေး နဲ့.. ယောပုဆိုး လေး ၀တ် ပြီး..ယဉ်ယဉ်ကျေးကျေး ..ချစ်သူ မျိုး လိုချင်တယ်..”

ဒီတခါ တော့.. ရှေ့ခန်းက..မနန္ဒာတို့ တောင်..မနေနိုင်တော့..
“ မစုရယ်.. ယောပုဆိုး ကြီး --- ချည်း တော့..မ၀တ်ခိုင်းပါ နဲ့..ကြည့် လည်း လုပ်ပါအုန်း.. ”

သူတို့..အားလုံး..၀ိုင်းရီ ကြတော့.. မနန္ဒာက.. ပလေကပ် လေး..ဘာလေး လည်း ဆင်ပါအုံး လို့ ပြောတာပါ ဟယ်...တခြား မတွေးပါနဲ့.. ဟား..ဟား.. ကဲ.. ကဲ..ကျန်တဲ့ သုံးယောက်က ရော..

“ အမ တို့ ရေ.. မဖြူက တော့.. ဘာမှ သိပ် စိတ်ကူး မယဉ် ချင်ပါဘူး.. ကျောင်းပြီးရင်..အိမ်ပြန်ပြီး..စီးပွားရေးပဲ ၀ိုင်းလုပ်ရမှာ.. ကျိကျိ တို့က.. တက္ကသိုလ် ထားတာတောင်..ဘွဲ့ရဖို့ပဲ..မာစတာတွေ ဘာတွေ လဲ ဆက်တက်ခိုင်း မှာ မဟုတ်ဘူး.. သူတို့က..လူမျိုးလည်း တူစေချင်တာလေ.. မထိုက် သိပါတယ်.. နော..”

ဒဂုန်ဆောင်က..အကိုကြီးကို.. လောလောလတ်လတ် အဖြေပေး လိုက်တဲ့..မထိုက် က.. မဖြူ လှမ်း အဖော်စပ် တာ ကို..စကား လမ်းကြောင်း လွှဲ တာလား မသိ…

“ ကဲ..ဒါဆို.. ကလေးရော..မစု ရော..မဖြူရော သုံးယောက်လုံး ရဲ့.. အိုင်ဒီးလ် တွေ ကို..နဲနဲ တော့ မှန်းမိ ပြီ.. ကေ ကရော….”

“ အင်း.. ကျမ လား.. မသိသေးပါဘူး..မထိုက် ရယ်..ခုတော့..ခေါက်ဆွဲ စားလိုက် အုံးမယ်…” လို့..သာ ရူးချင်ယောင် ဆောင် လိုက် မိသည် ..။

မပြောတတ်ပါဘူးလေ..ဘယ်လို ဘယ်ပုံ မျိုးမှ.. လိုချင်တယ်..ချစ်ချင်တယ် ဆိုတာကြီးက..ဟုတ် မှ မဟုတ်ပဲ…။ ချစ်သူ တယောက် ကို..တကယ်ပဲ..အဲဒီလို.. ပုံစံ ခွက်ကလေး နဲ့ လိုက်တိုင်း ပြီး ရှာ ဖို့ လို သလား.. ရ ဖို့ရော လွယ်ပါ့မလား..

ညလယ်စာ ခေါက်ဆွဲပြုတ် ပူပူနွေးနွေးကို.. တယောက် တလှည့် ခပ်စား ကြ ရင်း..တရှူးရှူး နဲ့ စကားသံ တွေ ခဏ တိတ် သွားပြန်တယ်။ ဇလုံ တလုံး ထဲ.. အကုန် စု ထည့် ပြီး.. တယောက် တလှည့် ..အလု အယက် ခပ်စား နေ ကြတာများ.. ယိုးဒယား ခြောက်ဆွဲ ထုပ် မှ မကယ်ရင်.. ငတ်သေ တော့မဲ့ အတိုင်း…

ဟဲ့… အရည်တွေ ဖိတ်ကုန် တော့မယ်.. ဖြေးဖြေး လုပ်ပါဟဲ့.. ဒီစာအုပ်လေးက..ရှားရှားပါးပါး.. အဟောင်းလေး…”

ခေါက်ဆွဲ ဇလုံ နဲ့ မလွတ်မကင်း ဖြစ်နေတဲ့.. စားပွဲ ထောင့် က.. လူထု ဒေါ်အမာ ဘာသာပြန် စာအုပ် အဟောင်းလေး ကို.. ဒီဖက် ကို အမြန် ဆွဲယူ ထား လိုက် ရ သေး တယ် ။
အခုနက တော့..ခေါင်းစဉ် တွေပဲ လျှောက်ရွတ် ပြီး.. စိတ်မ၀င်စား ပဲ နေ တဲ့.. စာအုပ် ကို.. .သူ အသဲအသန် ဆွဲယူ ကာမှ.. မစုက .. အထူးအဆန်း လုပ်ပြီး..
“ အဲဒါ..ဘာတွေ ရေးထားတာလဲ ဟေ.. အမူအခင်း တွေ ဆိုတာ..”

“ ဒီ စာရေး တဲ့ မောရစ် ကောလစ် က ...ဟိုး..အင်္ဂလိပ်ခေတ်က.. ဗမာပြည်မှာ တာဝန်ကျ တဲ့.. အရာရှိကြီး… သူ့အတွေ့အကြုံ တွေကို ပြန်ရေးထားတာ.. ငါက..ဒီ စာအုပ်လေး ကို.. တန်ဖိုးထားတာ..တခြားကြောင့် မဟုတ်ပါဘူး.. လူထု ဒေါ်အမာ ရဲ့ ပထမဆုံး..စာအုပ်လေး မို့.. အဲဒါ လေး ကို မြင်ရင်.. စာရေး ချင် စိတ်..စာဖတ် ချင် စိတ် တွေ..ပေါက်-- ပေါက် လာတယ်……..

လက် မလည် နိုင် ဖြစ် နေတဲ့..ခေါက်ဆွဲ ဇလုံ ကို.. ဆွဲယူ ပြီး.. မကုန်ခင်..အမှီ တဇွန်း ..ပါးစပ် ထဲ ထဲ့.. အမြန်.. မြိုချလိုက်ရင်း…

--- ပြီးတော့..လူထု ဒေါ်အမာက..အင်းလျားဆောင် မှာ နေသွားတာ.. ငါ အားအကျဆုံး..စာရေးဆရာမ ကြီး ပဲ.. ပြီးတော့.. ငါ အားကျ တာက.. သူ နဲ့ သူ့ယောက်ျား..လူထု ဦးလှ က.. အရမ်းကို လိုက်ဖက် ညီတာ..သူတို့ ဇာတ်လမ်းလေးက လဲ..တကယ့်ကို..ရိုမန်တစ် ဆန်တာ.. လူထု ဒေါ်အမာက..အင်းလျားဆောင်က နေပြီး.. လူထု ဦးလှ.. သြော်..အဲတုန်းကတော့..လူထု တွေ မပါသေး ဘူးပေါ့ဟာ.. မအမာ နဲ့ ကိုလှပေါ့.. အဲဒီ.. အမာက.. ကိုလှ လုပ်တဲ့..ကြီးပွားရေး ထင်တယ်.. အဲဒီကို.. ဆောင်းပါး တွေ ရေး - ရေး ပို့ တယ်.. ဦးလှ ကလည်း.. ဒီလိုပဲ..စာတွေ..ဆောင်းပါးတွေကို ဖတ်ပြီး.. လေးစား ရင်းနှီး နေတယ်ပေါ့..ဟာ.. လူခြင်း တော့.. မသိကြ..မတွေ့ ကြဘူး တဲ့.. နောက် ကြ တော့မှ… ချစ်သူ တွေ ဖြစ်ပြီး.. မန္တလေး ကို လိုက်သွား..လူထု သတင်းစာ ကြီးကို နှစ်ယောက် အတူ ထောင်ပြီး..လူထု ဦးလှ နဲ့..လူထု ဒေါ်အမာ ဆိုတာ..ဖြစ်လာတာ..”
“ သြော.. ဒါဆို.. အဲဒါ..ကေ့ ရဲ့ အိုင်ဒီးလ် ပေါ့..ဟုတ်လား…”

ခုန အဖြေ မရ လိုက်တဲ့..ဟိုဖက် ခန်းက.. အမ နှစ်ယောက်က.. အခုမှ ပြိုင်တူ ထအော် ကြတယ်..။
ကိုယ့်စကား နဲ့ ကိုယ် မို့..မဖော်ရ ပါပဲ နဲ့ ပေါ်သွားတဲ့..စိတ်ကလေး ကို.. အသာ ရှက်နေ မိတော့သည်။ အို… မရှက် ပါဘူးလေ…
“ အဟဲ.. ဒီလို ယူဆ ရင်လည်း ရ ကောင်း ရနိုင် ပါတယ် လေ....”

မထူး တော့ ပါဘူး…
“ ဒေါ်ခင်မျိုးချစ် လည်း အင်းလျား မှာနေသွားတာပဲ လေ.. .. ဦးခင်မောင်လတ် နဲ့..ဒေါ်ခင်မျိုးချစ်.. သူတို့ အတွဲ ကို လည်း..အားကျ တယ်..”

ဟို သုံးယောက် ကတော့..ပြောင်တလင်း ခါသွားတဲ့.. ဇလုံ ကြီးကို ကိုင် ပြီး..သူ့ ကို ငေးကြည့် နေ ကြတယ်။ ဗိုက်တင်း ပြီး..အိပ်ငိုက် လာတာလား.. ဘာတွေ ပြောနေမှန်း မသိလို့..စိတ်ကုန် လေ သ လား မသိ။ ဒါပေမဲ့.. မစု မျက်လုံး ၀ိုင်းဝိုင်း လေးတွေ အရောင်ပြောင်းပြီး..ငေးကြောင် လာတာကို လည်း.. .သူ သတိ ထားမိ သွား သည်..။ မစု..တခုခု ကို.. အလေး အနက် တွေးပြီ ဆို..သိပ် သိသာ တာလေ..

“ ငါလေ.. နင့်ကို..အကိုကြီး တို့ သူငယ်ချင်း တွေ နဲ့.. တွေ့ပေးချင်လိုက်တာ..သူတို့..မဂ္ဂဇင်း တစောင် ထုတ်ဖို့..လုပ်ခဲ့ ကြသေးတယ်…. ” လို့ပြောပြီး..မစု အသံ တွေ တိမ်ဝင် သွား သည် ။

ကလေး က..အခုမှ.. လှုပ်လှုပ် ရှားရှား ဖြစ်သွား ပြီး.. မစု လက်ကို သူ့လက် နဲ့.. အသာ အုပ် ကိုင် လိုက်ရင်း..
“ နင်ပြောတာ..အကိုကြီး တို့ လွတ်ခါနီး ပြီ နော် … ”

“ အေး..ဖေကြီး ကတော့ ပြောတယ်.. အဖွဲ့ချုပ်..ညီလာခံ က..ထွက်မယ် ဆိုရင်.. အခြေအနေ တွေ ပြန်တင်းမာ လာနိုင် တယ်တဲ့.. ငါလဲ..သေချာ နားမလည်ပါဘူး ဟာ..လွတ်ရက် တော့..နီးပြီ ထင်တာပဲ.. ”

သူတို့ အားလုံး.. ဘာစကား မှ ရှာ မရ သလို.. ငြိမ်သက် နေ ကြပြန် တယ်။ သူတို့.. ပထမနှစ် စတက်တော့.. မစု ကို..အမြဲ လာလာ ကြည့် တတ်တဲ့.. သူ့အကိုကြီး ရဲ့.. ကြည်ကြည် လင်လင် အပြုံး နဲ့ ..စူးရှ ထက်မြက် တဲ့..မျက်လုံး တွေ ကို.. မြင်ယောင် လာ မိ သည် ။ အဲဒီ နှစ် ဒီဇင်ဘာ ထဲမှာပဲ.. ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ဆု ရလို့..ဂုဏ်ပြု တဲ့ လှုပ်ရှား မူတွေ ဖြစ် တော့.. အကိုကြီး ဒုတိယ အကြိမ် ထောင်ကျ သွားခဲ့တာ..သူတို့ သိခဲ့ ကြ တာပဲ..မေ့နေတာ မှ မဟုတ်တာ..။ ဒါဆို.. မေ့ထား မိ ခဲ့ ကြ တာပေါ့..။

အခန်းလေး ထဲမှာ ..ရုတ်ချည်း ဆိုသလို..တိမ်ညိုတွေ ပြို ကျ လာသလို..ခံစား လိုက် ကြ ရ သည်။
++++++

သူတို့ ကျောင်းတက် ခဲ့တဲ့.. အချိန်တွေ တလျှောက်လုံး…နိုင်ငံရေး အခြေအနေ တွေက.. တက်လိုက် ကျလိုက်.. တည်ငြိမ် တယ်ရယ် လို့မှ..မဟုတ်ခဲ့တာ။ ကျောင်းတွေ ကလည်း..မဖွင့် မဖြစ် မို့.. မဖွင့်ရဲ ဖွင့် ရဲ ဖွင့်ခဲ့ ကြတာလေ.. ၆လ ပိတ်.. ၆ လ တက် ဆိုတာ မျိုးတွေ။ အဲဒီ ၉၁ ဒီဇင်ဘာ လှုပ်ရှားမူ ကြောင့်..ကျောင်းတွေ အတော်ကြာ ကြာ ကို ပြန်ပိတ် သွားခဲ့သေးတာ..မဟုတ်လား..။ အဲဒီ တုန်းက..သူ ဘယ်ချောင် ရောက်နေပါလိမ့်..။ မပျော်မရွှင် ကျောင်းတက်ရင်း.. သူငယ်ချင်း မရှိ ဘာ မရှိ နဲ့..အားလုံး နဲ့ အဆက်ပြတ် နေခဲ့တာ ဖြစ်မည်..။
ကျောင်းပိတ် လို့ အိမ်ပြန်ရောက် တော့လည်း.. ညဖက်..ဖေဖေ တို့ ရေဒီယို နားထောင် ချိန်လောက် သာ..လိုက်နားထောင်ရင်း.. ဖေဖေ့ အလုပ်တွေ နဲ့လည်း..ဖာသိ ဖာသာ ။ ဖေဖေ ကလည်း..မမကြီး ..တက္ကသိုလ် တက်တုန်းက သာ.. ပူပူ ပန်ပန် အရေးတကြီး ဖြစ်ခဲ့တာ..။ သူ တို့ တွေ ကြတော့.. မအား တော့ လို့ပဲ လား.. အကြီးတွေ ရှိလို့..စိတ်ချ သွားလို့ပဲ လား တော့..မသိ.. ။ အရင်.. မမကြီး တက္ကသိုလ် ကျောင်းသူ ဘ၀..ကျောင်းပိတ် လို့ အိမ်ပြန် လာရင်.. အငယ်တွေ နဲ့..စကား စု ပြောမယ် ရှိသေး.. “ ညည်းတို့..မိန်းမ ဆောင် မှာ..မိန်းမ ခြင်း..ပြောတဲ့..ပေါက်ကရတွေ.. အငယ်တွေ ကို..လျှောက် ပြောပြ မနေနဲ့..နော်..” ဆိုပြီး.. ကြို ပြီး ဆူ တော့ တာပါ ပဲ..။ တကယ်တော့.. သူတို့ တွေ လည်း.. အဲဒီ တုန်းက.. အဆောင်မှာ နေခဲ့တာ.. ပေါက်ကရ ဆိုလို့.. အဲဒီ လို.. အ၀တ်အစား..အလှအပ.. နဲ့.. စိတ်ကူး ထဲက.. ချစ်သူ ရည်းစား ဆိုတဲ့ ခေါင်းစဉ် တွေ လောက် ထက် ဘာမှ ပို ပြီး..တတ် ခဲ့တာ မှ မဟုတ်တာ.. ။

မေ့ခြင် တာတွေ - မေ့..လျော့ခြင် တာတွေ ကို ..လျော့ ရင်း..အချိန်တန်ရင်..ကံ့ကော် တွေ ကြွေ တတ်တဲ့..တက္ကသိုလ် ကျောင်းဝန်း ကြီးထဲက..အချစ် ဇာတ်လမ်း ဆိုတာတွေ ဆီ မှာ သာ..တွေးတော အချိန်ကုန် နေခဲ့ ကြလေ သလား…။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...