" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရန်ကုန် တက္ကသိုလ် မှတ်တမ်းများ Protocols of Yangon University

တက္ကသိုလ် အကြောင်း တွေ.. တွေးရင်း.. ရေးမိပြီ ဆိုမှတော့.. အသက်ဝင်အောင် ခံစား ချင်သည်။ သတိချပ် နိုင် စရာ.. အသိ တခုခု ဖြစ်ဖြစ်...သမိုင်း အချက်လေးတွေ လည်း ပါစေ ချင်သည် ။ လွမ်းလွမ်း ဆွတ်ဆွတ် လည်း..ဖွဲ့နွဲ့ သတိရချင်နေမိ သည်။ အဲဒါနဲ့..အင်းလျားရဲ့ ပုံရိပ်တွေ ကို.. ပြန်ရှာ ကြည့် သည်။ တက္ကသိုလ် အကြောင်း တွေ ပြန်ရှာ ဖတ်သည်။ မြကျွန်းညို ရဲ့ ဂီတသံ တွေ.. ရှာဖွေ နားထောင် မိသည်။
-
ဓါတ်ပုံ အဟောင်း တွေ ထဲက..ပုံရိပ်တွေ က လည်း ..အတိတ်ကို အမိအရ ဆုပ်ကိုင် နိုင်ခဲ့တယ် ဆိုပေလို့ .. တကယ် ပြန်ကြည့်တော့.. လူပုံတွေ.. ချည်း ဖြစ်နေ သည်။အင်းလျား ဆောင်ကြီး ရဲ့ အနေအထား အကျယ်အ၀န်းကို မြင်သာ တဲ့ ပုံ ဆိုလို့... ကိုယ့်ဆီမှာ..တပုံမှ မရှိပါလား...။ အင်တာနက် ထဲ ရှာကြည့်တော့လည်း.. နာဂစ် ပြီးမှ ရိုက်ထားပုံ ပေါ်တဲ့.. အပင်တွေ ကျိုးတိုး ကျဲတဲ ..ဆေးရောင် မွဲမွဲ..ပုံလေး တပုံသာ..လူတကာ ယူသုံး နေကြရ သည် ။ တခါ တုန်းက တော့..facebook ထဲမှာ.. (ဘိုဘို ရှဲတာ ထင်သည်) တွေ့မိလို့.. သိမ်းထား တဲ့ ရှေးဟောင်း ပုံလေး တပုံ တော့ ရှိသည်။ ပြန်ရှာ ကြည့် ဦးမည်။

---
ဟော... ဒီမှာ.



(ဒီက ယူပါသည်)


သြော်..ဒီပုံလေးက.. Kathleen ဆိုတဲ့.. မြန်မာပြည်ပေါက် အင်ဂလို ကပြား ကျောင်းသူ တယောက် ရဲ့ မှတ်တမ်း ထဲက.. ပါလာတာပဲ။ တိုက်တိုက် ဆိုင် ဆိုင်..သူကလည်း.. အတိုကောက် ခေါ်တော့...Kay ဆိုပါလား..။ အင်းလျားဆောင်မှာ နေရင်း.. ရန်ကုန်တက္ကသိုလ်မှာ ပထ၀ီ နဲ့ ဘူမိဗေဒ အထူးပြု ယူခဲ့တယ် တဲ့။ နောက်တော့ ..မြန်မာပြည်က..မိသားစု နဲ့ ခွဲပြီး အင်္ဂလန် အောက်စဖို့ဒ် မှာ မာစတာ သွားတက်ခဲ့ တယ်လို့ ရေးထား သည်။ ၁၉၃၀ ပြည့် လွန် နှစ်တွေ ဆီကပဲ..။ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ အဖြစ်ကနေ.. ခွဲထွက် လိုက်တာ ကမှ.. ၁၉၂၀ ဆိုတော့....ရန်ကုန် တက္ကသိုလ် ကြီး ရယ်လို့.. ၀ံ့ဝံ့ကြွားကြွား နဲ့ အင်တိုက် အားတိုက် အဖြစ်ဆုံး အချိန် တွေ ဖြစ် မည် ။

ပုံထဲမှာ လည်း..အင်းလျားဆောင်ကြီး ကြည့်ရတာ..အတော် ရှင်းလင်း သစ်လွင် နေသေးသည် ။ အဆောင်ကြီး ရဲ့ အလယ် ခေါင် ကွင်းပြင် ကြီး ထဲမှာ ရိုက်ထား တဲ့ ပုံလေး...လက်ဝဲဖက် နားက.. မိန်းဟောလ်.. အစည်းအဝေး ခန်းပေါ့.. ရိုးကောလ် ခန်း လို့ပဲ.. အလွယ် ခေါ်ကြတာပဲ။ အဆောင် ရဲ့ ရှေ့ပေါက် အင်းလျားလမ်း ဖက်က..၀င်တာနဲ့.. ဧည့်ခန်း ဆင်ဝင် ကြီးကို ကျော်လိုက်ရင်.. အဲဒီ အလယ် မြက်ခင်း ကြီးကို ရောက်ပြီး.. ရိုးကောလ် ခန်းကြီးကို တန်းနေ အောင် မြင်ရ ပြီ။ ဟိုးဖက်..လက်ယာဖက် ကျောင်းဆောင် က....ညာတောင်ပံ အဆောင်ကြီးပေါ့ ။ အဲဒီ အောက်ထောင့်က..အစွန်ဆုံး arc အခုံးလေးက...ကိုယ်တို့ ရောက်ခါစ နေခဲ့တဲ့.. 117 ရှေ့က..စင်္ကြန်ပေါ့ ။ အယ်.. သရဲ ခြောက်တဲ့.. မယ်ဇလီ ပင်ကြီး က..အဲဒီတုန်းက.. လူတရပ်လောက် လေး ရှိသေး ပါလား.....သောက်ရေကန် ကြီး တော့..မရှိသေးဘူး ။ အရောင်ဖျော့ နေတဲ့..ကပ်လျက် အဆောက်အဦ နဲ့ ပြတင်းပေါက်တွေက..လှေခါး ခန်း နဲ့ အပေါ်အောက်..အိမ်သာ ရေချိုးခန်း အတွဲကြီး တခုလုံး။ အဲဒီ နောက်ဖက် ကို ဆက်ပြီး .. extension ဆောင်တွေ သွားတဲ့ လမ်း.. ။ နောက်ကို ဆင်းလိုက်ရင်..ထမင်းစား ဆောင်..။ အင်းလျား ဆောင် ကြီး ကလည်း.. ရန်ကုန်တက္ကသိုလ် ကြီး နဲ့ အတူ ဆောက် ခဲ့တာမို့.. စိန်ရတု တိုင်လို့..ခုဆို ရာပြည့်တောင် နီးလာပြီပဲ။ အဲဒီ တုန်းက ခေါ်တာတော့..အင်းလျားဟောလ် ပေါ့ ။ ပြောရရင်.. အင်းလျား နဲ့ အင်းယားတောင် ဘယ်ဟာ အမှန် ယူရ မလဲ မသိ။ အဆောင်ရှေ့ မျက်နှာစာ မှာ အုတ်ကို ထွင်းရေး ထားတာတော့.. “ အင်းလျား” ပါပဲ။ ဘယ်လို ကြောင့် တချို့က.. ယပက်လက် နဲ့ ယား ကြ သလဲ မသိ။

ခု ပုံထဲက .. ကျောင်းသူ တသိုက် ကြည့် ရတာတော့..အားလုံး..ဘိုကပြား တွေ ချည်း ဖြစ်ပုံပေါ်သည် ။ စာထဲက... သူငယ်ချင်း အမည်တွေ ထဲမှာ တော့.. အခု UNICEF မှာ ရောက်နေတဲ့.. ဘူမိ ဗေဒမှာ..ဆရာမ တယောက် အဖြစ် လူသိများ ခဲ့တဲ့.. ဒေါက်တာ ရင်ရင်နွယ် ရဲ့ အမေ.. တောင်ကြီး ကမ္ဘောဇ ကျောင်းအုပ်ကြီး..ဒေါ်မီမီခိုင် ကို တော့.. တွေ့လိုက် မိသည်။ အဲဒီ ကာလ တွေ ကဆို... အင်းလျားမှာ...လူထု ဒေါ်အမာ တို့ ပညာရေး တက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြ တို့ အပါအ၀င်.. သပိတ်မှောက် ကျောင်းသူ တွေ လည်း အတူ ရှိနေ လောက် ပြီ ပေါ့..။ ဒေါ်ခင်မျိုးချစ် (မခင်မြ) ကတော့...၁၉၃၈ ကျောင်းသား သပိတ်မှာ ပါခဲ့တယ် ဆိုတော့ .. နဲနဲ နောက်ကျ မည် ထင်သည်။ အင်းလျားမှာ နေခဲ့တယ် လို့ အတိအကျ ဖော်ပြထားတာ မတွေ့ ရပေ လို့..သူရိယ သတင်းစာ မှာ..အခန်းဆက် အဖြစ် ရေးခဲ့တဲ့.. “ကောလိပ်ကျောင်းသူ” ဆိုတဲ့ ၀တ္တုလေး က တော့ အင်းလျားဆောင်သူ တွေ ရဲ့ ပျော်စရာ အတွေ့အကြုံ လေးတွေ ကို.. ဇ၀န ရဲ့ “ကောလိပ်ကျောင်းသား” နဲ့ အပြိုင် ရေးခဲ့ တယ်လို့ ဆိုထား ဘူး သည်။ အဲဒီ စာအုပ်လေး ပြန်ထုတ်တော့ တောင်... ဆရာမကြီး ဒေါ်ခင်မျိုးချစ် က.. ငယ်စဉ် အတွေး အရေး တွေ မို့ ....ခပ် ရှက် ရှက် ဖြစ် ရ တယ် လို့.. အမှာစာ မှာ ဖတ် ဘူး လိုက်သည်။
( courtesy of Bo Bo )
တက္ကသိုလ် အကြောင်းလေး တွေ ပြန်တွေး..ပြန်ရေး ရင်း..လက်တလော ဖတ် ဖြစ် နေတဲ့..မန္တလေး တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဟောင်း ဆရာကြီး ဦးချမ်းမြ ( မြကေတု )ရဲ့ “နှောင်းခေတ် တက္ကသိုလ် ဘ၀ မှတ်တမ်းများ” စာအုပ် ထဲမှာ ဆိုလည်း.. တက္ကသိုလ်ကြီးက... သူတို့ ခေတ် အခါက.. ခမ်းနား ခဲ့လိုက်တာ..ဆိုတာ....။ ပြောတော့...ကိုလိုနီ ခေတ် ဆိုတော့ လည်း..ကြီးကျယ် ခဲ့လိုက်တာလို့ပဲ ပြောရမလား...။ ဆရာကြီး အခေါ် နဲ့ ဆို..ဗြူရိုကရက် ကျောင်းသား ပုံစံ.. ၀င်အောင်..ထမင်းစားဆောင်..ဒိုင်းနင်းဟောလ် ဆင်းရင်တောင်..၀တ်စုံ ပြည့် နဲ့ ဆင်း ကြ ရတာ ... ။ ဘေးမှာ လည်း.. တိုက်ပုံ ခေါင်းပေါင်း..တူညီ ၀တ်စုံ နဲ့..စားပွဲထိုး ၀န်ထမ်း တွေက.. အဆင်သင့် စောင့် ပေး နေကြ သည်တဲ့..။ ဘတ်တလာ တို့ ဗာဆာ တို့ အခေါ်အဝေါ်တွေက အစ...ဘို လို။ သိရိ ဆောင်က..ဘင်တန်..ဒဂုန်ဆောင်က..၀ယ်လင်တန် ..ရွှေဘိုဆောင်က.. နော့သ် ဟောလ် .. အဓိပတိ လမ်းကြီးက..ချန်စလာ..။ ခေါ်တော့..အိုင်အေ ဂျူနီယာ.. ဘီအေ စီနီယာ တဲ့...။ ဆရာ တွေ ကလည်း.. အင်္ဂလိပ် နဲ့ အိန္ဒိယန်း တွေသာ အများစု။ မြန်မာပြည်က..တက္ကသိုလ်ကြီး ဆိုပေမယ် လို့.. မြန်မာ လို မခေါ် မပြောတာ တာ ထားဦး.. သင် ကြား စရာ မြန်မာစာ နဲ့.. မြန်မာစာ ဌါန ဆိုတာတောင် မရှိခဲ့ လို့.. ဆရာကြီး ဦးဖေမောင်တင် … ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့... မြန်မာစာ တည်တံ့ ပြန့်ပွားရေး အားထုတ်ကြိုးပမ်း မူတွေ အကြောင်း ပြန်ဖတ် ရ တော့... ကြက်သီး ထမိ လောက် အောင် ထိ။

ကိုလိုနီ ခေတ် ..ပထမဦးဆုံးသော မြန်မာလူမျိုး ကျောင်းအုပ် ဆရာကြီး အဖြစ် နဲ့ ဆရာကြီး ဦးဖေမောင်တင် ဆောင်ရွက် ခဲ့တဲ့.. ပြုပြင်ပြောင်းလဲ ခဲ့တဲ့.. ရန်ကုန် တက္ကသိုလ်ကြီး မှာ.. “တက္ကသိုလ်” ဆိုတဲ့

အခေါ်အဝေါ် ကိုယ်တိုင် က..စလို့ ... ဆရာကြီး သညာပေး ခဲ့တဲ့.. မြန်မာ စာလုံး တွေ နဲ့ပဲ.. မြန်မာပြည်က.. ရန်ကုန် တက္ကသိုလ် ကြီး ဆိုပြီး ခမ်းနားလာ ခဲ့တာ မဟုတ်လား။ိဇ္ဖာ..သိပံ္ပ.. ဓါတု..ရူပ..ဇီဝ.. ဘာသာရပ် အမည်တွေ.. ဥပစာတန်း...ဂုဏ်ထူးတန်း ဆိုတဲ့ စာသင်နှစ် တွေ ..နည်းပြ..ကထိက..ပါမောက္ခ ဆိုတဲ့ ရာထူး အဆင့်တွေ အဆုံး...မြန်မာပြည်မှာ..မြန်မာလို ပဲ ရေးသား ပြောဆို နိုင်အောင်.. မြန်မာစာ ဆိုတဲ့ ဘာသာရပ်ကို ခန့်ခန့်ညားညား ဖြစ်အောင်..လေ့လာသင်ယူ သင့်တဲ့ ဘာသာရပ်တခု ဖြစ်လာအောင်.. ဒီ တက္ကသိုလ်ကြီးမှာ အားသွန် ခွန်စိုက် ထူထောင် ခဲ့ကြ တဲ့ အချိန်တွေ ...။ ခေတ်စမ်း စာပေ..မြန်မာစာသစ် ဆိုတာကို ဖော်ထုတ် ပြ ခဲ့တဲ့ ကာလတွေ။

ပြန်ကြည့်တော့...မြန်မာ့ သမိုင်း.. မြန်မာ့ စာပေ မှာ အမွန်အမြတ်ထား.. ကျော်ကြား ထင်ရှား ခဲ့တဲ့ လူတွေ အတော်များများ ကို လည်း .. အဲဒီ တက္ကသိုလ်ကြီး ကပဲ..မျိုးစေ့ ချ ပေး ခဲ့ တာပင်.. ။ အဲဒီ တုန်းက.. တက္ကသိုလ် တကျောင်းလုံးမှ ကျောင်းသား ထောင်ဂဏန်း လောက်သာ ရှိတယ် လို့ဆိုတော့.. ဘိုကပြားတွေ... နိုင်ငံခြားကျောင်းသား တွေ ဖယ် လိုက် ရင်... ဗမာ ကျောင်းသား အုပ်စု ဆိုတာ.. ရှိလှမှ.. အခုခေတ်..မေဂျာ တန်း တခု စာ လောက် သာ ရှိပေ လိမ့်မည်.. ။ သင်ယူ တဲ့ ဘာသာ ရပ် တွေ တူတာ မတူတာ အပထား.. တယောက် နဲ့ တယောက် မျက်မှန်းတန်း မိကြ... ကျောင်းဆောင် တွေ တူကြ.. လှုပ်ရှား မူတွေ မှာ..စု မိ ကြ နဲ့...ဘယ်လောက် အားရ စရာ ကောင်း ခဲ့ မလဲ နော်။ ဆရာကြီး မြကေတု စာ အုပ်ထဲ မှာ ဆို..သမဂ္ဂ မဂ္ဂဇင်း (အိုးဝေ) အယ်ဒီတာ သခင် အောင်ဆန်းက..စလို့...ငရဲခွေးကြီး လွတ်နေတဲ့ ညိုမြ.. သိန်းဖေမြင့်…ဒဂုန်တာရာ..မင်းသုဝဏ်.. သိပ္ပံ မောင်ဝ.. ဇော်ဂျီ... မောင်ထင်.. မန်းတင်.. ထင်ကြီး.. တို့ အလယ်...ကျောင်းသုံး မြန်မာစာ ဖတ်စာအုပ်တွေမှာ..သင်ယူ ခဲ့ ရဖူးတဲ့.. ကဗျာ..စကားပြေ တွေ ရဲ့ စာဆိုတွေ ဖြစ်တဲ့..ကုသ ..မောင်အာယု.. ခင်လေးမောင်.. ခင်စောမူ တို့ အဆုံး... အားလုံး က.. အဲဒီ တ ခေတ် တချိန် ထဲမှာ.. ခင်မင် သိကျွမ်း ပတ်သတ် နေကြတဲ့ .. တရွာတည်း ပေါက် မြကျွန်းညို သားတွေ...။ သူရေး တဲ့ အထဲမှာ...အင်းလျားသူ...မြမဉ္ဇူ ( လူထု ဒေါ်အမာ) မအုန်း (M.A ဒေါ်အုန်း) .. ဒေါ်ရီကြိန် ...တို့ နာမည် တွေကို ...ရင်းရင်းနှီးနှီး ထဲ့သွင်း ရေးသား ထား သေးသည်။ အဲဒီ တုန်းကတော့... ရတနာ တို့ ဘာတို့ မပေါ်သေးတော့... အင်းလျား သည်သာ... တပင်တိုင် မြနန်း ဖြစ် နေ ခဲ့လိမ့် မည် ထင်သည်။

အိုးဝေ ဦးညိုမြ စပ်ခဲ့တဲ့... ရှားရှားပါးပါး..အပျော် ကဗျာ လေး တပုဒ်ကို ပဲ..ကြည့်အုံး..။

အင်းလျား

အင်းလျားကပြန်၊
မြားမှန်သူ မောင်ညိုမြကိုလ၊ကယ်ကြပါဦး။
သည်ဘဝကိုဖြင့် သည်မျှ တန်ပါပြီလို့၊
မာန်ဖီကာ အားကုန်တင်းသော်လည်း၊
(ကိုကြီးဇော်ရေ) ငြင်းလျက်နဲ့ရှုံး။

မောင်ညိုမြ (အိုးဝေညိုမြ)
၁၉၃၆ ဒီဇင်ဘာလ၊ စာဆိုတော်မဂ္ဂဇင်း
( ရွှေဝါမြေ ဘလော့က..တွေ့ပါသည်)

ဆရာကြီး မြကေတု တောင်..အသက် ၇၀ ဆယ်ကျော် ရောက်မှ .. ရေးခဲ့တာ ဆို ပေမဲ့ လို့.. အကြောင်းအရာ အရေးအသားတွေက..နူပျို လတ်ဆတ် နေသည်။ ကိုယ်တိုင် တောင်..စာအုပ် အဖုံးပေါ်က.. ဒေါက်ရှာ ဆံထုံး..ပိတ်ရင်ဖုံး နဲ့ ကိုလိုနီ ခေတ် တကသိုလ် ကျောင်းသူ ပြန်ဖြစ်သွား မိသေးသည်။ တကယ်တော့..တက္ကသိုလ် နေ့ရက်တွေ ဆိုတာမျိုးက.. ငယ်ရွယ် နုပျိုမူ တွေ နဲ့..ထွေးဖက် ခဲ့ကြတာမို့...ဘယ်အချိန် ပြန်ဖတ်ဖတ်.. ဘယ်သူ့အတွက် မဆို..ဘယ်အရွယ် အတွက် မဆို..အမြဲ နုပျို လန်းဆတ် လို့ နေတာပါပဲလေ။ ပျော်ရွှင် ရယ်မြူးဖွယ်ရာ.. တက္ကသိုလ် ကျောင်းသား ဘ၀ ကမောက်ကမ တွေ နောက်မှာတော့... ၀ံသာနု အရေး.. လွတ်လပ်ရေး ကြိုးပမ်းမူ တွေ..။ ၁၉ ၃၆ နဲ့ ၁၉ ၃၈ ကျောင်းသား သပိတ် တွေ...။ နောက်တော့... ဒုတိယ ကမ္ဘာစစ်ကြီး.. ရောက်လာ ခဲ့သည် ။

လွတ်လပ်ရေး ရပြီးစ... ရန်ကုန် တက္ကသိုလ်ကြီး...ရဲ့ အကြောင်း တွေ ကို လည်း.. သူ့ခေတ် သူ့အခါ အလိုက်.. အမျိုးမျိုး ရေးသား ဖွဲ့နွဲ့ လွမ်းဆွတ် ခဲ့ ကြတာ တွေ ဖတ် ဘူး ခဲ့ပြီ ။ ဆယ်စု နှစ်တွေ.. တထစ် ပြီး တထစ် ကျော် ဖြတ် ရင်း…လွတ်လပ် ပွင့်လင်း လာတဲ့.. ပါလီမန် ဒီမိုကရေစီ ခေတ် ရန်ကုန် တက္ကသိုလ်ကြီး... ။ ကိုလိုနီ လက် အောက်က..ရုန်းထွက် လွတ်မြောက် နိုင် ခဲ့ ပြီးမှ... အာဏာရှင် သေနတ် ပြောင်းဝ အောက် ပြန်ရောက်ခဲ့ ရတဲ့... ၆၂ ဆဲဗင်း ဇူလိုင် အလွန်... ရန်ကုန် တက္ကသိုလ်ကြီး...။ ဇူလိုင် ၀ိညဉ် တွေ... အဖန် ဖန် ပြန် နိုးထ ခဲ့တဲ့... ဦးသန့် လှုပ်ရှားမူ တက္ကသိုလ်ကြီး... မှိုင်းရာပြည့်.. တက္ကသိုလ်ကြီး... ရှစ်လေးလုံး တက္ကသိုလ်ကြီး... ။

-
အဲဒီလို သမိုင်းတွေ ဒင်းကြမ်း အပြည့် သယ်ဆောင်လာတဲ့ .. ရန်ကုန် တက္ကသိုလ် ကြီးရဲ့ စိန်ရတု ခရီးရှည် ကြီး ကို.. ဘယ်လို များ ဖော်ကျူး ကျင်းပ လေ မလဲ ဆိုတာကို.. လူတော်တော်များများ က .. စိတ်ဝင် စား နေ ခဲ့ ကြသည်။ အဲဒီ အချိန် က.. ဘုန်းတန်းခိုး အာဏာ တောက်ပ နေ တဲ့.. ပညာ ကျန်းမာ ကို တာဝန်ယူ ထားတဲ့..ဗိုလ်ချုပ်ကြီး ခင်ညွန့်က..ရန်ကုန် တက္ကသိုလ် စိန်ရတု ကြီးကို.. အကြီးအကျယ် တာဝန်ယူ ဦးဆောင် ကျင်းပဖို့ ပြင်ဆင် နေပြီး စိန်ရတု ခန်းမ ကြီးကို လဲ.. တနှစ် အတွင်း..အပြီး ဆောက်ဖို့ လမ်းညွှန်ချက်တွေ ပေးနေတာ.. သတင်း တွေမှာ.. မြင် နေ ကြားနေ ရ ပြီ။ ဗိုလ်ချုပ် ခင်ညွန့် ကျောင်းမပြီးပဲ တနှစ် ကျော် လောက် နေသွား ခဲ့ ဘူးတဲ့..ပဲခူးဆောင် ကြီး လည်း.. နေ့ချင်း ညချင်း ကိုယ်ရောင် ကိုယ်ဝါ တွေ တောက်ပ လာ သည်။ လွတ်လပ်ရေး ဗိသုကာ ကြီး ဖြစ်လာမဲ့.. မောင်အောင်ဆန်း နေခဲ့တဲ့..ပဲခူး ဆောင် မဟုတ် တော့ပဲ… ပညာကျန်းမာ ဥက္ကဌ ကြီး ဖြစ်လာမဲ့..မောင်ခင်ညွန့် နေခဲ့တဲ့..ပဲခူးဆောင် ကြီး ဖြစ် သွား ခဲ့ သည်။
တချိန် ထဲမှာပဲ… သပိတ်မှောက် ကျောင်းသူ တွေ နေ ခဲ့တဲ့.. အင်းလျားဟောလ် ကြီး ကလည်း.. ဗိုလ်ချုပ် ခင်ညွန့် ကတော်..ဒေါက်တာ ခင်ဝင်းရွှေ နေခဲ့ဖူး တဲ့.. အင်းလျားဆောင် ကြီး ဖြစ်သွား သည်။

-

အဆောင် အသီးသီး က.. ကျောင်းသား ကျောင်းသူ ဟောင်း တွေ.. ပြန်လည် ချိတ်ဆက်ကြသည်..။ အာဏာ ရှိသူ.. ရာထူး ရှိသူ.. နာမည်ကျော်သူ.. ငွေကြေး တတ်နိုင်သူ များ..အပါအ၀င်.. တက္ကသိုလ်ကြီးမှာ ခိုလှုံခဲ့ ဖူး သူ အပေါင်း.. ပြန်လည် တွေ့ဆုံ ကြသည်။ စည်းဝေးကြသည်.. စိန်ရတု မဂ္ဂဇင်းတွေ ထုတ်ဖို့.. အမှတ်တရ သစ်ပင် တွေ စိုက်ဖို့.. မိတ်ဆုံစားပွဲ တွေ လုပ်ဖို့..ဓါတ်ပုံပြပွဲ တွေ လုပ်ဖို့.. မျိုးဆက်သစ် တွေကို သြ၀ါဒ ချွေဖို့… စုံလို့..စုံလို့..။
-

တရက် ..အိမ်မှာ.. ဖေဖေ့ ကို… ဒဂုန်ဆောင် သူငယ်ချင်းဟောင်း တွေ လာခေါ် တော့..“ သမိုင်း အမှန်တွေ ဖော်ထုတ် ခွင့် မရတဲ့.. စာစောင်တွေ ဘာလို့ ထုတ်မလဲ... ဟန်ဆောင် ပန်ဆောင် ပွဲ တွေ.. စိတ် မ၀င်စား ဘူးကွ… ငါ ကတော့..စိန်ရတု ကို သပိတ်မှောက် တယ်…” လို့ ခပ်ပြတ်ပြတ် ဂွကျကျ ပြော လွှတ် လိုက် သည်။
-

အဆောင် ပြန်ရောက် တော့.. မမမြက.. “ ဒီနှစ် ဒင်နာ ကို အကြီးအကျယ် လုပ်မယ်.. ကျောင်းသူ ဟောင်းကြီးတွေ အများကြီး လာကြမယ်…” လို့ ရိုးကောလ် မှာ ပြောသည်။ ရုံးခန်းထဲ သွားတော့ လည်း..

ညည်းတို့တော့.. တကယ့် စိန်ရတု ကြီး ကပ် လွတ်တော့မှာ ပေါ့…ဒါပေမဲ့..ခုကတည်းက.. အကြိုပြင်ဆင် မူ တွေ လုပ်ရမယ်..ဒီနှစ် အဆောင်မှာ…ပွဲတွေ လှုပ်ရှားမူ တွေ များများ လုပ်မယ်.. မမရွှေ လည်း..ခဏ ခဏ လာလိမ့်မယ်.. စည်းကမ်း ရှိရှိ နေကြ.. ” လို့ ဆို လေ သည်။
-

သူကတော့..ထုံးစံ အတိုင်း..ခေါင်းထဲ သိပ်မထဲ့.. ပြောင်ချော် ကပျက် လုပ်ချင် စိတ် သာ ရှိ သည်။ သပိတ် မှောက် ရအောင် လည်း.. သပိတ်က ဘယ်နေမှန်း မသိ။ စိန်ရတု..မတုချင်ကာ မှ နေရော.. နောက်ဆုံးနှစ် ဒင်နာ ကိုတော့.. ကောင်းကောင်း နွှဲရမယ် လို့သာ ခပ်ပေါ့ပေါ့ တွေးမိသည်။ တကယ်လည်း အဲဒီ နှစ်က.. မမမြ..ပွဲတွေ တအား လုပ်သည်။ အဆောင်ကို ဧည့်သည် တွေ ခဏ ခဏ လာသည်။

-
မမမြ ပြောတဲ့.. “မမရွှေ” တော့.. မသိ..အဲဒီ နှစ်က..အဆောင်မှာ... စိုစိုပြေပြေ.. ခန့်ခန့်ညားညား အမျိုးသမီး ကြီးတွေ.. အ၀င်အထွက် အတော် များ ခဲ့သည်။ ဓါတ်ပုံ ပြပွဲ အတွက်.. ဓါတ်ပုံတွေ ကြိုတင် စုဆောင်း တာ လို့ တော့ ပြောသည်။ အဲဒီ အချိန် ကျတော့.. စာမေးပွဲ လည်း နီးပြီ မို့.. သူတို့လည်း..ကိုယ့် အာရုံ နဲ့ကိုယ် စိတ်မ၀င် စား နိုင်တော့…။

-
ဘာပဲပြောပြော...မမမြ ကျေးဇူးတွေ ကတော့.. မနည်း ပါ.. ။ သူပဲ မို့..လုပ်လည်း လုပ်နိုင်သည်။ ဂုဏ်လည်း ယူ တတ်သည်။ မင်းကွန်း ဆရာတော်ကြီး..ပျံလွန်တော် မမူခင်လေးတင် ပဲ.. အဆောင်ကို မရမက ဖိတ် ပြီး ဆွမ်းကပ် လို့.. ရှားရှားပါးပါး သူတို့ ဖူး လိုက်ရသည်။ ဝေးဝေးလံလံ ရှမ်းပြည်က ...ကုံလုံ ဆရာတော်ကြီး ကိုလည်း..မမမြ ကျေးဇူးနဲ့..ဖူးခဲ့ ရသည်။ မမမြ ကိုးကွယ် တဲ့… ချောင်းဝ ဆရာ တော် ကြီး လည်း..အဆောင်ကို ခဏခဏ လာသည်။ တည ဆို.. သူတို့လည်း ပျင်းပျင်း နဲ့ ရှိနေတုန်း... “ချောင်းဝ ကျောင်းကို သွားမယ်.. ဘယ်သူ တွေ လိုက်မလဲ ”..လို့ အောက်ထပ် ရုံးခန်းရှေ့က.. အတွင်းရေးမှူး မမိုးဝါ အော်သံ ကြားတာနဲ့ .. ရုံးခန်း နဲ့ နီးတဲ့..သူတို့ တသိုက်..“ ပျင်းတယ်ဟာ..ညဖက် ကား လိုက် စီး ကြမယ်” ဆိုပြီး..တပျော် တပါး လိုက်သွား ဘူးသည်။ ဆရာတော် ဖူး ရတာ..ကုသိုလ် ရမရ တော့..မသိ.. အတော် ထူးထူးဆန်းဆန်း တွေ တော့ မြင်ခဲ့ ရသည်။ မင်းသား မင်းသမီး တွေ ကိုးကွယ်ကြတဲ့..ဘုန်းကြီး ကျောင်းမို့ ထင်သည်။ မင်းသား မင်းသမီး ပုံတွေ ချိတ်ထားတာ လည်း တွေ့ခဲ့ ရသည်။ ဆရာတော်ကြီး ပြတဲ့ .. သူ့မွေးနေ့ အတွက်.. ယိုးဒယားက.. ဒကာမ တယောက်.. ထိုင်း အဲဝေး နဲ့ ပို့ပေးလိုက်တာ ဆိုတဲ့ .. တခန်းလုံးပြည့် နေတဲ့.. သစ်ခွ ပန်းတွေ လည်း မြင်ခဲ့ ရသည်။ အဆောင် ဒင်နာ မှာ ပြမဲ့..အငြိမ့် ကိုတောင်.. ချောင်းဝ ဆရာတော်ကြီး ကြည့်ဖို့..ဘုရားခန်းထဲမှာ.. သီးသန့် ဖျော်ဖြေ ကြ ရသေးသည်။
-

အင်းလျား အကြောင်းတွေ သူရေး နေတယ် ဆိုတော့.. သူ့အမ ( မယု) က တောင်.. မမမြ အကြောင်း.. စာတပုဒ်မှာ..လွမ်းဆွတ် သတိရ ရင်း.. မှတ်ချက် ပေးလာ လေ သည်။

-
“နင့်စာတွေ ဖတ်ရင်း မမမြရဲ့ ကျေးဇူးတွေကို လွမ်းမိ ပါရဲ့။ အင်းလျားက မမမြရဲ့ ဦးဆောင်မှုနဲ့ လှုပ် ရှား တက်ကြွမှု တွေ အပြည့် ရှိနေချိန်မှာ တို့ ရတနာကြီး ကတော့ အပျိုကြီး တကိုယ်တည်း။ ရတနာ ရောက်စက နေတောင် မနေတတ်။ အင်ကြင်း တုန်းက မမမြ လက်အောက်မှာ မောင်နှမဆောင် ခပေါင်းနဲ့ တတွဲတွဲ ဒင်နာတွေ ဘုရားကိုးဆူ အပြန်အလှန် သွားကြ ကဲကြ။ ပင်းယဆောင်နဲ့ တောင် မောင်နှမ ၀မ်းကွဲဆောင် လှမ်းတော်ပြီး ကို++++ တို့တွေ ညနေတိုင်း အင်ကြင်းမှာ လာပြီး ဘက်စကတ် ဘော ဆော့ကြ ကစားကြ။ မမမြရဲ့ ကွန်ထရိုး အောက်မှာ ငှက်ပျောသီး ဆနွင်းမကင်း တဗန်းနဲ့ ပွဲလယ် တင့်ခဲ့တာတွေ လွမ်းမိပါရဲ့..။ IR က မိန်းမတွေ နိုင်ငံတကာ နဲ့ မဆက်ဆံ တတ်ခင် ကျောင်းသား ရေးရာ သွားပြီး အဆောင်ဆန် ကောင်းကောင်း ပေးဖို့ နိုဆီခွဲတမ်း ပိုရအောင် ပြောတတ်ဖို့ သင်ပေးခဲ့ တာတွေ … နံရံကပ် စာစောင် လုပ်ဖို့ ဆရာ ဦးခင်မောင်ညို(ဘောဂ)ကို ဘယ်လို အပူကပ်ဖို့ သင်တာတွေက ခုတော့ လူ့ဘ၀ကြီး ထဲမှာ ပေါင်းတတ် သင်းတတ် နေတတ်အောင် ကျင့်ပေး ခဲ့တာပဲ။ မမမြကို ကျေးဇူး အပြည့်နဲ့ လွမ်းမိပါရဲ့…” တဲ့။

-
ဟုတ်တော့ ဟုတ်တယ်။ လူမှန် နေရာမှန် လို့ပဲ ပြောရမလား..ဘာပဲ ပြောပြော.. မမမြ က... cheer leader ကောင်း တယောက်.. အဆောင်မှူး ကောင်း တယောက်ပါပဲ။ အခမ်းအနား တွေ ရှိတိုင်း..ကျောင်းသူ တွေကို.. သင့်တော်သလို.. နေရာထား သင်ကြားပေး တတ်တာ။

-
ကိုယ်တိုင် တောင်.. စာအုပ်တွေ ထဲက လို.. ကြီးကြီးကျယ်ကျယ် သာ.. လျှောက် တွေး နေ တတ် တာ.. လက်တွေ့ကျတော့.. မယု တို့လို လည်း..သွက်သွက် လက်လက် မရှိ... မမိုးဝါ တို့လို လူအမြင်ကပ် ခံပြီး.. ရှေ့ထွက် ရဲ တာ လဲ မဟုတ်... မမမြ လို.. အဆောင်မှူးကြီး အဖြစ် နဲ့.. ပွဲတွေ လမ်း တွေ တာဝန် ခံ လုပ်ဖို့ များ ဆို...ဝေး..ဝေး..ဝေးပါ့။


အေးလေ...လူတိုင်း က..နေရာတိုင်း အတွက် တော့...မသင့်တော် နိုင်ဘူးလေ.. ဟုတ်တယ် မဟုတ်လား...။
နေပါအုံး.. အင်းလျားဆောင် ပုံ တွေ ရှာ ရင်း..သူ့အတွေး တွေ ဘယ် ရောက်ကုန် မှန်း တောင် မသိ...။

ဟောဒီ က ပုံတပုံ က တော့.. အင်းလျား ရဲ့ အလယ် ကွင်းပြင် ကြီး ကို နဲနဲ မြင်သာ မယ် ထင်သည်။





ညဖက် ဆိုတော့.. မှောင်နေပြန် သည်။ အဲဒါ ..ဒင်နာ ည ကြီးလေ...။ ဒါတောင်..ဒီလိုပုံလေး တွေ ရဖို့.. သူတို့ တွေ.. မနဲ စိတ်ရှည် သီးခံ ပြီး စောင့် ရိုက်ရတာ။ . ခုလို.. ဒစ်ဂျစ်တယ် ကင်မရာ တွေ.. ဟန်းဖုံး ကင်မရာ တွေ ပေါလို့ ကတော့..ဘာပြော မလဲ..။ အဲဒီ တုန်းက.. တကျောင်းလုံးမှာ.. မိန်းမ ဆောင်တွေ ထဲ ၀င်ပြီး.. ဓါတ်ပုံ ရိုက် တဲ့.. ဓါတ်ပုံဆရာမ .. ဆိုလို့.. တက္ကသိုလ် ဟန်စုယဉ် ဆိုတဲ့.. အမ ကြီး တယောက်ပဲ ရှိ တယ်။ သူ့ပုံက.. ဆံပင်တိုတို.. ရှုတည်တည်.. ယောက်ကျား ဆန်ဆန် နဲ့....အပြောက သိပ်ချိုတာ မဟုတ်။ သူ့ခေတ် ကိုး။ သူ မို့.. အဆောင်မှာ ပွဲ တခုခု ရှိ လို့..ည လာအိပ်ပြီ ဆို.. အစောကြီး ထဲက.. သွား မှာ ထား ရတယ်..ဘယ်အခန်းမှာ..အုပ်စုပုံ အလှပုံ ရိုက်ချင်ပါ တယ်ပေါ့..။ သူ မလာ မချင်း.. သူငယ်ချင်းတွေ.. နှုတ်ခမ်းနီ တွေ ဆိုးလိုက်..ဖျက်လိုက်.. ဆံပင်တွေ ဖြီးလိုက်.. အကျီ င်္ တွေ တထည်ပြီး တထည် လဲ လိုက် နဲ့.. ထိုင် စောင့် ရတာ။ အခု ဒီပုံလေး တောင်.. မှတ်မှတ် ရရ.. ဒင်နာ ကြီး တခုလုံး ပြီးမှ..လူတွေ တော်တော်များများ..ရှင်းကုန် တော့မှ .. ညဖက် ၂ နာရီ လောက် ကြီး ဆင်းရိုက် ရတာ ။
-

အဲဒီ အလယ်ကွင်းပြင် ကြီးက တော်တော် လေး ကျယ် သည်။ လူပေါင်း သုံး လေး ရာ ကို ဒင်နာ ခင်း နိုင် တယ် ဆိုတော့.. မှန်းသာ ကြည့်တော့..။ ဒင်နာ အတွက် စင်ထိုးရင် အမြဲလို..လက်ယာဖက် တောင်ပံ မှာ နောက်ခံ ပြီး ထိုးလေ့ ရှိ သည်။ အဲဒီ လို ရက်မျိုးတွေ ဆို.. အဆောင်မှာ.. သီချင်း တိုက်ပေးတဲ့.. ဂစ်တာ သမားတွေ.. အငြိမ့် ဆရာတွေ.. နောက်ခံ စာလုံး ကပ်ပေး တဲ့ လူတွေ.. တီးဝိုင်း ဆရာ တွေ... နဲ့ စည်ကား နေတတ် သည်။ တခြား အချိန် တွေ မှာတော့.. မမမြ အဖေကြီး ရယ်.. မာလီ ဦးအေးကို ရယ်...အဆောင်စောင့် ခြေမြန်တော် ကုလားလေး ဦးတင်ရွှေ ရယ်..တခါတလေ.. ထမင်းစားဆောင်က..ဘဦးမောင်လေး ရယ်က လွဲလို့.... အဘယ် ပုရိသ မှ ၀င်ခွင့် ရှိတာ မဟုတ်။

ဟောဒီ ပုံ ကတော့..သူ့အတွက် အမှတ်တရ အဖြစ်ဆုံး.. ဘူမိ နက်သန် အခန်း ၄၆ က..ပုံလေးပေါ့။





ဓါတ်ပုံ ရိုက် ဖို့..ရှင်းလင်း ထားလို့ လားတော့ မသိ.. စားပွဲ ပေါ်မှာ..စာအုပ် တွေ သိပ်မရှိ။ ရှေ့မှာ ချပြီး..ဖတ်ချင် ဟန် ဆောင် နေတဲ့..စာအုပ် က ခရစ်စတိုဖာ လက်ဆောင် ပေးတဲ့.. The Practical Geologist ဆိုတဲ့.. အရောင်စုံ စုံ.. အရုပ်များများ နဲ့ နိုင်ငံခြား ဖြစ် မူရင်း စာအုပ် တအုပ်။ အင်းဝ စာအုပ်ဆိုင် က..၀ယ်တယ် လို့ ပြောတာတော့.. မှတ်မိ နေသည်။ ယွန်းပန်းချီ ကားချပ်လေး နဲ့.. ယွန်းဆွမ်းအုပ်...ယွန်းဇီးကွက်ကလေး တွေ ရှိ နေပြီ ဆိုတော့... ပုဂံ ပစ်ကနစ် ခရီးက.. ပြန်ရောက် ပြီး ဖြစ်မည်.။ အဲဒီ ယွန်းပန်းချီ ကားချပ် လေးက.. ဟသာင်္တ အသင်း က လုပ်တဲ့.. ပုဂံ ခရီးစဉ် ကို လိုက်သွားရင်း.. လက်ဆောင်လဲ ခဲ့ တာ..။ ပြောရရင် တော့..ပုဂံ ခရီး ကလဲ..အမှတ် ရ စရာ ပါပဲလေ...။

ပန်းအိုးလေး ထဲက ..နှင်းပန်းလေး တွေ ကတော့..အင်းလျားသူ တွေ အတွက် သိပ်မဆန်းလှ..။ ရိုးကောလ် ပြီးလို့.. အခန်းပေါ် ပြန်တက် ရင်း ... အင်းလျားဆောင် အလယ် လမ်းမ ကြီး ရဲ့ တဖက် တချက် မှာ..ရှိတဲ့.. နှင်းပန်း အဖြူလေး တွေ ကို ခူး တတ်ကြတာ..သူ တယောက်ထဲ မဟုတ်..အဆောင်သူတိုင်း လိုလို.. ။ စားပွဲ တင် နာရီ ပေါ်က.. ဆံပင် ရွှေ ရောင် နဲ့ ကော်ပတ် ရုပ်ကလေး က..ဖတ်တီး ပေး တဲ့ လက်ဆောင်..။

နံရံမှာ ကပ်ထား တာက..“အကယ်၍” ဆိုတဲ့ ကဗျာ စာရွက် ကလေး..။
“သမီး ကေ ...ရှေ့ဆက်ရမဲ့..ဘ၀ မှာ..အားယူ နိုင်ဖို့..” လို့ သမီး တယောက်စီ ကို နာမည်တပ်ပြီး.. လက်ရေး နဲ့ ဆိုင်းထိုး ပေးထား တဲ့ ဖေဖေ့ ရဲ့လက်ဆောင်...။ Kipling ရဲ့ IF ကဗျာ..ကို ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန် ထား ပြီး.. အဖွဲ့ချုပ်က ထုတ်တဲ့.. စာမူခွင့်ပြုချက်ပါ.. ပုံနှိပ် ကဗျာ စာအုပ် ပါးပါးလေး ကို တရွက်ချင်း ဖြုတ်ပြီး ကပ် ထားတာ ။ အခုတော့...အဲဒီ အခန်းလေး ထဲက..အရိပ်တွေ အားလုံး.. အတိတ်မှာ ကျန်ခဲ့သလို.. တိုတောင်းလှ တဲ့.. လွတ်လပ် အပျံသင် ချိန် တွေ.. ပြီးဆုံး ခဲ့ပြီ...။ လက်ဆောင် ပစ္စည်း တွေ လည်း..တခု မှ သူ့ဆီမှာ ရှိ မနေတော့...။

သူ့ဆီ မှာ ကျန်နေ သေးတာ ဆိုလို့... ဒီ ဓါတ်ပုံ လေး ထဲက..ပုံရိပ် ငယ် ရယ်..။

“အကယ်၍....
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် ....”

လို့.. တခါ တခါ ရွတ်ဆို ကြည့် ဖြစ် နေသေး တဲ့.. “ အကယ်၍” ကဗျာ ထဲက.. ကဗျာ ပိုဒ် တချို့ ရယ် ..။
တက္ကသိုလ်ကြီး ရဲ့ ရင်ခွင်ထဲက..ထွက်ကျ လာတဲ့..ဟိုတုန်းက..သီချင်းလေး တွေ ရယ်..။
ပြီးတော့... သတိရလွမ်းဆွတ်ဘွယ်… အတိတ် ငယ်လေး တွေ များစွာရယ် ပေါ့..။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...