" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

နိုင်ငံရေး သတင်းများ Policy News of Myanmar


နိုင်ငံရေးပါတီများ မကြာမီ စည်းရုံးရေး စကြတော့မည်ဟု ယူဆရပါသည်။ တစ်ချို့လည်း မသိမသာ စည်းရုံးလှုပ်ရှား မဲဆွယ်မှုများ အစပြုနေကြကြောင်းလည်း သိရှိရပါသည်။ မည်သည့်ပါတီက မည်သို့မည်ပုံ လက်သည်းဝှက်ကာ ပြင်ဆင် စည်းရုံးနေမည် ဆိုခြင်းကို မပြောတတ်သော်ငြားလည်း တကယ်တမ်း အခြေခံပြည်သူတို့၏ လတ်တလော ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာဖြစ်သော လျှပ်စစ်မီး (၂၄)နာရီ စွမ်းအားပြည့် ရရှိစေအောင် ချက်ခြင်းလက်ငင်း အခမဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့် မဲပုံးထဲသို့ မဲတွေတရဝေါ လှိမ့်ဝင်သွားနိုင်မည် ဆိုခြင်းက သေချာလိမ့်မည်ဟု စဉ်းစား ကြည့်နေမိခဲ့ပါသည်။
       ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုမောင်ကွယ်လွန် သွားသည်ဟု သတင်းကြားသောအခါ ရန်ကုန်၊ ပြည်လမ်းရှိ သုခကမ္ဘာသို့ ညတွင်းချင်း ရောက်သွားခဲ့ပါသည်။ သားဖြစ်သူ ဖိုးသောကြာ၊ ညီဖြစ်သူ ကိုရူပ၊ ကိုမင်းလူ၊ ကိုအာယု၊ တူဖြစ်သူ မောင်မောင်တို့ကိုလည်း တွေ့ရပါသည်။ ကိုမင်းလူအား Body ဘယ်မှာထား သလဲ၊ ဘယ်တော့ရေဝေးပို့မလဲဟု မေးရာ.. Body က သုခကမ္ဘာမှာပဲထားကြောင်း၊ ရေဝေးမှာလည်း Body တွေများနေ၍ ပို့၍မရသေးကြောင်း၊ ရေဝေးမှာ အဆင်ပြေသည့် အချိန်တွင် နာရေးကူညီမှုအသင်းမှ လာသယ်လိမ့်မည် ဖြစ်ကြောင်း ကြားသိရသောအခါ နောင်တစ်နေ့တွင် ရေဝေးတိုးချဲ့၊ ရေဝေးမြို့သစ်များ တည်နေရလေမလားဟု စိုးရိမ်ပူပန် ကြောင့်ကျခဲ့ရပါသည်။
       လောကကြီးတွင်အရေးကြီးဆုံးအရာဟာ ဘာလဲဟုမေးမြန်းလာခဲ့လျှင် အမျိုးမျိုးသော အဖြေများ ပလူပျံအောင် ဖြေဆိုကြလိမ့်မည် ထင်ပါသည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံးဟာ အချစ်ပေါ့ဟု ဖြေဆိုကောင်း ဖြေဆိုပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံးဟာ အမှန်တရားပဲပေါ့ဟု ဆိုကောင်းဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံးဟာ သစ္စာဟုဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် အာဏာဟုဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် ငွေဟုဆိုကြပါလိမ့်မည်။ တစ်ချို့ ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် အောင်မြင်ကျော်ကြားမှုဟု ဆိုကြပါလိမ့် မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံးအရာသည် မကြောက်တရားဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် ငြိမ်းချမ်းရေးဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် မာနဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် သြဇာဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် ဓနဥစ္စာဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် မေတ္တာတရားဟု ဆိုကြပါလိမ့်မည်။ တစ်ချို့ ကလည်း လောကကြီးမှာ အရေးကြီးဆုံး အရာသည် သည်းခံခွင့်လွှတ်ခြင်းဟု ဆိုကြပါလိမ့်မည်။
       ဒါကတော့ ကိုယ့်ဖြတ်သန်းမှုနှင့်ကိုယ်၊ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် ထင်မြင်ယူဆနိုင်ခြင်း ရှိပြီးဖြစ်ပါသည်။ အကယ်တန္တု မိမိကိုယ်သာ တစ်စုံတစ်ယောက်က ''ဟေ့ကောင်၊ လောကကြီးမှာ ဘာအရေးကြီးဆုံးလဲကွဟေ့''ဟု မေးမြန်း လာသည် ဆိုငြားအံ့။ မိမိအနေဖြင့် မဆိုင်းမတွ ချက်ခြင်းလက်ငင်း ဖြေကြားလိုသည်မှာ''(၂၄)နာရီ မီးလင်းရေးပေါ့ခညာ''ဟု ဖြေဆိုမိမှာသေချာပါသည်။ သည့်အတွက် မိမိအား တော်တော် ကြောင်တဲ့ကောင်ဟု လက်ညှိုးထိုးလာကြမည်ဆိုလျှင်လည်း ပြုံး၍ငြိမ်ခံနေလိုက်ရုံမှတစ်ပါး အခြားမရှိပါ။
       မြန်မာလူမျိုးတို့သည် စာနာစိတ်ရှိသူများ ဖြစ်ပါသည်။ လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလက နာဂစ်မုန်တိုင်း တိုက်ခတ်သောအခါ နာဂစ်ဒဏ်သင့် ပြည်သူများ အတွက် သက်ဆိုင်ရာ နှင့်အတူ ဝိုင်းဝန်း၍၊ ကူ၍ လှူကြ၊ ထူကြ၊ ပူခဲ့ကြသူများ ဖြစ်ပါသည်။ လတ်တလော ရေပြဿနာ ပေါ်လာသော အခါ၌လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ရေရှားပါး ရာနေရာများသို့ အရောက်သွားကာ ကိုယ်တိုင်ကိုယ်ကျ လှူ၍ ထူကြ၊ ကူကြ၊ ပူခဲ့ကြ နေသည်များကို မြင်တွေ့ရပေရာ ဒါကြောင့်လည်း မြန်မာဆိုတာ အရေးကြီးရင် သွေးနီး ကြစမြဲပေမို့ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မိန့်ခဲ့လေလျော့သလားဟု စဉ်းစား နေမိပါတော့သည်။
       ရန်ကုန်၊ ပုစွန်တောင် ကြက်တန်းသည် တစ်ခေတ်တစ်ခါက သံတိုသံစမှသည် လေယာဉ်ပျံ တစ်စင်းလုံးအထိ ချက်ခြင်းလက်ငင်း ရှာဖွေနိုင်သော နေရာဟု ဆိုရိုးရှိပါသည်။ ခေတ်ပြောင်းသွားသောအခါ အဆိုပါ ပုစွန်တောင်ကြက်တန်းသည် ကာလရွေ့လျားလာကာ မီးစက်တန်း ဖြစ်လာခဲ့ပါသည်။ မီးစက်အကြီးကြီးများမှ မီးစက်သေးသေးလေးအထိ ရောင်းချသောနေရာ ဖြစ်လာခဲ့ပါသည်။ သက်ဆိုင်ရာမှ လျှပ်စစ်မီးများကို လုပ်ငန်းသုံး များအတွက် အလှည့်ပေးရန် အခက်အခဲ ရှိလာသည် ဆိုသောအခါ အဆိုပါ မီးစက်တန်းတွင် ကားကြီးကားငယ် အသွယ်သွယ် တို့ဖြင့် ကားလမ်း ပိတ်ဆို့သွားသည်အထိ ရောင်းဝယ် ဖောက်ကား စည်ကားနေသည်ကို မြင်သောအခါ နောက်ကာလ တစ်ခုတွင် ပုစွန်တောင် ကြက်တန်း(ယခုမီးစက်တန်း) နေရာတွင် မည်သို့သော ကုန်ပစ္စည်းများ စန်းထလာချေဦး မည်လဲဟု စဉ်းစားနေမိပါတော့သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...