" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ သမိုင်း သီပေါမင်း ရဲ့ မြေးမလေး Myanmar Histor of Thipawmin

စာရေးသူနှင့် ဆွေမျိုး ရင်းချာသဖွယ် ဖြစ်သည့် နယ်မှ ရန်ကုန်တွင် စီးပွားရေး လာလုပ်နေသော မောင်နှမ တစ်စုသည် တစ်နေ့တွင် စာရေးသူအား-
“လေးလေးကို ကျွန်တော်တို့ အဲဒီအိမ်ကို ခေါ်သွားပြီး ပြချင်တယ်။ လေးလေးက သမိုင်းသမား ဆိုတော့ အမှန်ကို သိမှာပဲ”ဟု ပြောကြသည်။

“ဟဲ့...ရှင်းလည်း ပြကြပါဦး။ နင်တို့ဟာက အရင်းမရှိ၊ အဖျားမရှိနဲ့။ ငါ့ကို ဘယ်အိမ်ကို ခေါ်သွားပြီး ဘာပြချင် တာလဲ”
ဟူ၍ ပြန်မေးလိုက်ရပါသည်။

သည်တော့မှ သူတို့က-
“ကျွန်တော်တို့ ဘော့စ်နဲ့ ကျိုက္ကလို့နားက အိမ်တစ်ဆောင်ကို ရောက်သွားတယ်။ အဲဒီအိမ်က ဘွားတော်ကြီးကို သူက ယုံကြည်နေတော့ ကျွန်တော်တို့ ကလည်း သူ့အကြိုက် လိုက်နေရ တာပေါ့။ အဲဒီ ဘွားတော်ကြီးက သူ့ကို ဆရာလုပ်ပြီး ဟောပြော လမ်းညွှန်နေတာ”

“အဲဒီတော့ ဘာဖြစ်လဲ”

“အဲဒီဘွားတော်ကြီး အိမ်မှာ ထွက်ရပ်ပေါက် ပုဂိ္ဂုလ်တွေရဲ့ရုပ်တုတွေ၊ ပုံတွေရှိတယ်။ ထူးဆန်းတာက သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ ဧရာမ ဓာတ်ပုံကြီး ရှိတာပဲ။ ဒါပေမဲ့ ပါတော် မူသွားတာ သီပေါမင်း မဟုတ်ဘူးတဲ့”
“ဒါဖြင့် ဘယ်သူပါသွားတာလဲ”

“စုဖုရားလတ်ရဲ့ ငယ်ရည်းစား မောင်ညိုတဲ့”

စာရေးသူသည် သူတို့ မောင်နှမများ ပြောစကား အရပင် အလွန် စိတ်ဝင်စားသွားပါသည်။ ထို့ကြောင့် ထိုအိမ်သို့ တစ်နေ့တွင် လိုက်သွား၏။ အလုပ်နှင့် ပတ်သက်သည့် ဘော့စ်ခေါ်သော ပုဂိ္ဂုလ်ကြီးသည် ထိုဘွားတော် ဆိုသူကို အလေးထား နေ၍ သူတို့ကလည်း အလိုက်အထိုက် လုပ်နေကြပုံရသည်။ ကြည့်ရသည်မှာ ယုံကြည်လှ၍ မဟုတ်ပါ။

ကျိုက္ကလို့ ဘုရားရှေ့မှ ၀ိုင်ယာလက်စခန်း အိမ်တန်း များဆီသို့ ခေါ်သွားပါသည်။ ထိုနေရာသို့ စာရေးသူ တစ်ခါမျှ မရောက်ဖူးပါ။ ယခုထိလည်း တစ်ခါမျှ မရောက်တော့ချေ။ ရောက်သွားရသည့် အိမ်မှာရပ်ကွက် အတွင်းမှ နှစ်ထပ်သစ်သား အိမ်ဖြစ်သည်။ အပေါ်ထပ်သို့ ခေါ်သွားကြ၏။ သူတို့၏ ဘော့စ်ဆိုသူတော့ မပါပါ။ အိမ်ပေါ်ထပ်တွင် ဧရာမ ဓာတ်ခန်းကြီး ရှိ၏။ ဘုရား ရုပ်ပွားတော် ရှေ့တွင် ထွက်ရပ်ပေါက် ဘိုးတော်များ၏ ရုပ်တုနှင့် ဓာတ်ပုံ အမျိုးမျိုးကို တွေ့ရသည်။ သူတို့ပြောသည့် စုဖုရားလတ်နှင့် မောင်ညိုဟု ပြောသော သီပေါမင်း ပုံကိုကား မတွေ့ရပါ။ အိမ်ပေါ်တွင် ထိုင်နေသော အသက် ၆၀ ၀န်းကျင်ရှိ ယောဂီ ၀တ်ထားသော ဘွားတော်ကြီး ဆိုသူက-
“သြော်... ဘယ်သူများလဲလို့၊ မင်းတို့ကိုး၊ မင်းတို့ ဆရာကြီး မပါဘူးလား”

“မပါဘူး ဘွားတော်ရဲ့၊ ကျွန်တော်တို့ ဦးလေးကို ခေါ်လာတာ၊ သူက သမိုင်းစာရေးဆရာ၊ ဘွားတော်ပြောတဲ့ စုဖုရားလတ်နဲ့ သီပေါမင်း အတုပုံကို ပြချင်လို့”

သူတို့ မောင်နှမ တစ်စုနှင့် စာရေး သူတို့ ဘုရားကို ဦးချနေစဉ် ဘွားတော်ကြီး ဆိုသူသည် ထ၍ ဓာတ်ခန်းညာဘက် နံရံတွင် ကာထားသည့် လိုက်ကာကို ဆွဲဖွင့်လိုက်ပါသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ လူအရွယ် ဓာတ်ပုံကြီး ပေါ်လာသည်။ အရှင် နှစ်ပါးလည်း သလွန်တော်ပေါ်တွင် ထိုင်တော် မူနေကြသည်။ ဘွားတော်ကြီးက-
“ဆရာကတော့ ဒီပုံထဲက ဘုရင်ကို သီပေါမင်းလို့ ထင်မှာပဲ၊ ဒါပေမဲ့ မဟုတ်ဘူး။ ဒီပုံထဲကဟာက မိဖုရားကြီး စုဖုရားလတ်ရဲ့ ငယ်ရည်းစား မောင်ညိုပါ”
ဟု ပြောပါတော့သည်။ စာရေးသူ မြင်လိုက်သည်က မြင်ဖူးနေကျ အရှင် နှစ်ပါးပုံပင် ဖြစ်သည်။ စာရေးသူက ဘွားတော်ကြီး ဆိုသူကို-
“ကျွန်တော့်အမြင် ပြောရရင် သီပေါမင်းနဲ့ တထေရာတည်းပဲ”

“ချွတ်စွပ် တူလို့လည်း အင်္ဂလိပ်ကို လှည့်စားလို့ ရတာပေါ့။ မိဖုရားကြီးက ဥပါယ် တံမျဉ်နဲ့ သူ့ ငယ်ရည်းစား မောင်ညိုကို ခေါ်သွားတာ”

“ဒါဖြင့်ရင် သီပေါမင်းက ဘယ်ရောက်သွားလဲ”

“၀န်းသိုစော်ဘွားကြီးက ရွှေဘို ကိုဆင်နဲ့ တိတ်တဆိတ် ခေါ်သွားတယ်လေ။ အဲဒီကမှ မဟာမြိုင် တောကြီးထဲ ရောက်သွားတယ်”

“နောက် ဘာဖြစ်သွားလဲ”

“မဟာမြိုင်တောထဲမှာ ကျင့်ကြံ  အားထုတ်လို့ ထွက်ရပ် ပေါက်သွားတယ်။ အခုထိ အတွင်း စခန်းမှာ စကြာမင်းကလေးတို့နဲ့ အတူရှိတယ်”
စာရေးသူကလည်း ကြားရသည် များကို ဘာမှ မငြင်းတော့ပါ။ ငြင်းနေ၍လည်း ရမည်မဟုတ်။ သူတို့ ယုံကြည်ချက်နှင့် သူတို့ ရာဇ၀င် အူပေါက် ပြောနေခြင်းဖြစ်သည်။
ပြန်လာကြသောအခါ တူ၊ တူမ ကလေးများက-
“လေးလေး၊ ဘယ်လို  သဘောရ လဲ”

“သူပြောတိုင်းသာဆိုရင် သီပေါ မင်းဆက်တွေဟာ မောင်ညိုအဆက်တွေ ဖြစ်ရောပေါ့။ ဒါပေမဲ့ ဒီအကြောင်းကိုတော့ ဒီတစ်ခါပဲ ကြားရဖူးသေးတယ်”

စာရေးသူသည် တော်တော် (တော်ဘုရားကလေး) အိမ်သို့သွား၍ ဤအကြောင်းများကို ပြောပြရသည်။
“တော်တော်တို့တော့ ဒုက္ခပဲ။ သီပေါမင်း အနွယ်တော်များ မဟုတ်ဘဲ မောင်ညို အနွယ်တွေ ဖြစ်ကုန်ပြီ”

စာရေးသူ၏ စကားကို ကြားရသော အခါ တော်တော်သည် တခစ်ခစ် ရယ်ပါတော့သည်။ ပြီးမှ-
“ဒါမျိုးတွေက ကျွန်တော်တို့ အဖို့ ရိုးနေပြီ။ အမျိုးစုံ ကြုံရတယ်။ အပြောလည်း ခံရတယ်။ ဒီမောင်ညို ဇာတ်လမ်းကိုလည်း ကျွန်တော် ကြားဖူးပါတယ်။ သတင်းစာထဲမှာ ဟိုတုန်းက သီပေါမင်း မြေးဆိုတာတွေလည်း ခဏ ခဏ ပေါ်ဖူးတယ်”

“ဟုတ်လား၊ ဘယ်တုံးကလဲ”

“အဲဒီတုန်းက ဦးသန်းဆွေတောင် ဘယ်မွေးဦးမလဲ။ ကျွန်တော်တောင် ငယ်ငယ်ပဲရှိသေးတာ။ ဒီ အကြောင်းတွေ ဦးသန်းဆွေ ဖတ်ချင်ရင် စာရွက်စာတမ်းတွေ ကျွန်တော် ပေးလိုက်ပါ့မယ်”
ဟုပြောပြီး တော်တော်သည် သူ့ အိပ်ခန်း အတွင်းသို့ ၀င်သွားပါသည်။ ခဏကြာသောအခါ စာရွက်စာတမ်း များယူလာပြီး စာရေးသူကို ပေးလိုက်ပါသည်။

အိမ်ရောက်သည်နှင့် တော်တော် ပေးလိုက်သော စာရွက်စာတမ်းများကို အစဉ်တိုင်း ဖတ်ကြည့်ပါသည်။ ပထမဆုံး တွေ့ရသည်က ၁၉၃၉ ခု၊ သြဂုတ်လ ၄ ရက်စွဲပါ ဗန္ဓုလ သတင်းစာ ဖြစ်သည်။ ထိုသတင်းစာ ခေါင်းကြီးပိုင်းတွင် သီပေါမင်း မြေးတော် ကွယ်လွန်ခြင်း ဟူသော သတင်းကို တွေ့ရသည်။ ဖတ်လိုက် သောအခါ အောက်ပါအတိုင်း ရေးထားသည်။ (မူရင်းသတ်ပုံ အတိုင်း)
“နတ်ရွာစံ သီပေါဘုရင်၏ မြေးတော်၊ ယူပီအဆင် ဘလီလွှတ်တော်၏ ဆော်သြသူ၊ ကွန်ဝါအနန်းဆင်း၏ ကြင်ယာတော်၊ ရာနီဗိမ္မာကုမ္မာရီသည် သြဂုတ်လ ၂ ရက်နေ့ နံနက်က ကွယ်လွန် အနိစ္စ ရောက်သည်”

ထိုသတင်းကို ဖတ်ပြီး ဘယ်က သီပေါမင်း မြေးတော်လဲ၊ ရတနာဂီရိတွင် ပထမ သမီးတော်ကြီးက ဂိုပယ်ဆ၀န့် ဆိုသူနှင့် အိမ်ထောင်ကျသည်။  ထိုသူတို့မှ မွေးသည့် တုတု ဆိုသူမှာ သီပေါမင်းမြေး ဖြစ်သည်။ တုတုသည် အရှင် နှစ်ပါးရှိစဉ်က စံအိမ်တော်မှ ဒရိုင်ဘာ ရှန်ကာပိုဝါဆိုသူနှင့် နောက်ပိုင်း လက် ထပ်လိုက်သည်။ ယခု သတင်းတွင် ရေးထားသည့် သီပေါမင်း မြေးတော်၊ ကွယ်လွန်သူက ကွန်ဝါအနန်းဆင်း၏ ကြင်ရာတော် ရာနီဗိမ္မာကုမ္မာရီဟု ဖြစ်နေသည်။ မည်သို့မှ မဖြစ်နိုင်ပါ။

စာရေးသူတွင် အတွေးတစ်မျိုး ပေါ်ခဲ့သည်။ အိနိ္ဒယရောက် လင်းပင် မင်းသားကြီး၏ သမီးတော် အငယ်ဆုံး လင်းပင်ထိပ်တင် မထွေးသည် အိနိ္ဒယမှ ကာရှီပေါမဟာရာဇာ ဒေါက်တာအာ နန်းဆင်း(ဆရာဝန်ကြီး) နှင့် လက်ဆက်ခဲ့သည်။ ယခု သတင်းပါ မဟာရာဇာမှာ ကွန်ဝါ အနန်းဆင်းမှ ဖြစ်နေပြီး ယူပီ အဆင်ဘလီ လွှတ်တော်၏ ဆော်သြသူ ဖြစ်နေသည်။ မဟာရာဇာ၏ အမည်မှာ အာနန်းဆင်းနှင့် အနန်းဆင်းဟူ၍ ခပ်ဆင်ဆင် တူနေသည်။ တစ်ဦးတည်းပေလား။

လင်းပင်ထိပ်တင်မထွေး ကွယ်လွန်ခဲ့သည့် နေ့စွဲသည် ၁၉၃၉ ခု သြ ဂုတ် ၂ ရက်နေ့ ဟုတ်၊ မဟုတ် ပြန်စစ် ဆေးကြည့်ရမည်။ လင်းပင်ထိပ်တင် မထွေးသည် အိမ်ရှေ့စံ ကနောင်မင်း၏ မြေးတော် ဖြစ်လေရာ သီပေါမင်း မြေးတော်နှင့် ကနောင်မင်း မြေးတော် အမှတ် မှားလေသည်လားဟုလည်း စစ်ဆေး ကြည့်ရန် လိုသည်။

တော်တော် (တော်ဘုရားက လေး) ပေးလိုက်သည့်  စာရွက်စာတမ်း များထဲတွင် ၁၉၃၅ ခုနှစ်ကလည်း အိုင်ယာလန် ပြည်တွင် သီပေါမင်း မြေးတော်ဟု ပေါ်ဖူးသည်။ သူမ၏ အမည်မှာ မေရီ ဖြစ်သည်။ သူမ၏ဘ၀ကို ကိုယ်တိုင် ပြန်ရေးထားသော ဇာတ်လမ်းရှိသည်။ တော်တော် သိမ်းထားသည်က “သည် ပါစင်းရှိုး”ခေါ် အင်္ဂလိပ် ဂျာနယ်မှ ဖြစ်၏။

ထိုဂျာနယ်တွင် မေရီက သူမဘ၀ ဇာတ်ကြောင်းကို ရေးထားသည်။
“ကျွန်မမှာ မြန်မာဘုရင့်သွေး မင်းသမီး တစ်ပါးဖြစ်လျက် ကျွန်မ၏ တစ်သက်တာတွင် ကံကြမ္မာ၏ စေစားရာ စီမံရာသို့ လိုက်ပါခဲ့ပါသည်။ ကျွန်မသည် အဖိုးအနဂ္ဃ ထိုက်တန်သော ကျောက်မျက်ရတနာတို့ကိုလည်း ဆင်မြန်းခဲ့ဖူးပါ၏။ ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် မလုပ်မကိုင်ဘဲ လောက စည်းစိမ်ကိုလည်း ခံစား၊ စံစား ခဲ့ရပါ၏။ သိန်း၊ သန်း၊ ကုဋေမရေ မတွက်နိုင်လောက်သည့် ပစ္စည်းရှင်ကြီး တစ်ဦး၏ သားကလည်း ၎င်းနှင့် လက်ထပ်ခြင်း ပြုရန် အတန်တန် တောင်းပန် ကြောင်း လမ်းခြင်းကိုလည်း ခံခဲ့ရပါ၏။ သို့သော် ကျွန်မ၏ အပြုံးသည် နက်ရှိုင်းလှသော ကျွန်မ၏ ဆင်းရဲတွင်းကို မဖုံး နိုင်ခဲ့ပါ”
မေရီ၏ ဘ၀ဇာတ်လမ်းကို ဖတ်ရှု ရသူမှန်သမျှ မေရီ့အပေါ် အသနား ပိုမိခဲ့ကြပေမည်။ ကာယကံရှင် ကိုယ်တိုင်က ပြန်လည် ရေးသားချက်ဖြစ်ခြင်း၊ မြန်မာဘုရင်၏ မြေးတော် အရင်းတစ်ဦး ဖြစ်ခြင်းဟူသော အချက်များမှာ မေရီ၏ ဇာတ်လမ်းကို ပို၍ အသက် ၀င်လာအောင် ဖန်တီးလျက် ရှိပေသည်။ မေရီ၏ ဘ၀မှာ ကရုဏာ ဖြစ်စရာ ကောင်းနေသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်တော်မူသော သီပေါမင်း၏ မြေးတော်အရင်း တစ်ဦးဖြစ်ပါလျက်နှင့် အိုင်ယာလန်ပြည် ဒပ်ဗလင်မြို့တော်တွင် အနာဂတ်ကို လှမ်းမျှော်ကြည့်၍ မမြင်နိုင်အောင် ဒုက္ခ အမှောင်ထုကြီးနှင့် ရင်ဆိုင် နေရသော မေရီ၏ ဘ၀ ဇာတ်လမ်းမှာ ထိုအချိန်က ကမ္ဘာ အရပ်ရပ်မှပင် စိတ်ဝင် စားခဲ့ကြပေမည်။

ထို့ကြောင့်လည်း တကယ့် အဖြစ်မှန် ဇာတ်လမ်းကို စိတ်ဝင်စားသော ရုပ်ရှင် ကုမ္ပဏီကြီး တစ်ခုက မေရီ၏ အကြောင်း ရုပ်ရှင် ရိုက်ကူးရန်ပင် စီစဉ်ခဲ့ သေးသည်ဟု သိရသည်။ မေရီမှာ ဤကဲ့သို့ အတိဒုက္ခ ရောက်နေသော်လည်း တကယ်ဆိုသော် မြန်မာ ဘုရင်၏ မြေးတော် အရင်းတစ်ပါး ဖြစ်ရုံသာမကသေး သူမ၏ ဖခင်မှာ အိနိ္ဒယ ပဋိညာဉ်ခံ ၀န်ထမ်း (I.C.S)  အထက်တန်း အရာရှိကြီး တစ်ဦး ဖြစ်သေးသည်။ သူမ၏ ဖခင်မှာ စစ်ဘက်၌လည်း ဗိုလ်မှူးအဆင့် ထိအောင် အမှုထမ်းခဲ့ပြီးနောက် အုပ်ချုပ်ရေး ဘက်၌ တရားသူကြီး တစ်ဦးဖြစ်နေသည် ဆို၏။ သို့သော် မေရီ၏ ဖခင်သည် မြန်မာလူမျိုး မဟုတ်ချေ။ အိုင်ယာလန် ပြည်သား အိုင်းရစ်လူမျိုး ဖြစ်သည်။

ထို့ကြောင့် မေရီသည် အိုင်ယာ လန်ပြည် ဒပ်ဗလင်မြို့သို့ ပညာ သင်ကြားရန် ရောက်နေခြင်းဖြစ်သည်။ မေရီ၏မယ်တော်မှာ “မစော” ဖြစ်၍ မြန်မာနိုင်ငံမှ နောက်ဆုံးဘုရင် သီပေါမင်း တရားကြီး၏ သမီးတော် အကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။ ၁၄ နှစ် သမီး အရွယ်တွင် မစောသည် အိုင်းရစ် အမျိုးသား တစ်ဦးနှင့် အထက် မြန်မာနိုင်ငံတွင် လက်ထပ်ခဲ့သည်။ သို့ဖြင့်ပင် မေရီကို ဖွားမြင်ခဲ့ရခြင်း ဖြစ်သည်။

မေရီ ၇ နှစ် အရွယ်တွင် မိဘ နှစ်ပါးသည် သူမ ပညာရေး အတွက် ဆွေးနွေးကြရသည်။ မယ်တော်က သူမ၏ ပညာရေး အတွက် ဥရောပ ဆန်နေ၍ သူမကို မျက်နှာဖြူ လူမျိုးများ သင်ကြား တတ်မြောက်အပ်သော ပညာ အရပ်ရပ်တို့ကို သင်ကြား တတ်မြောက်စေလိုသည်။ ဖခင်မှာမူ အိုင်းရစ်လူမျိုး တစ်ဦးဖြစ်လျက် ဥရောပ မဆန်ပေ။ မေရီအား မြန်မာဆန်ဆန် ပညာ သင်ကြားစေလိုသည်။ မြန်မာ ပီသစွာ နေထိုင် စေလိုသည်။

မေရီ၏ မယ်တော်နှင့် ဖခင်တို့မှာ သမီးပညာရေး အတွက် အရှေ့နှင့် အနောက်လောက် သဘော အယူအဆ ကွာခြား နေသော်လည်း နောက်ဆုံး မေရီကို အိုင်ယာလန်ပြည်သို့ ပညာ သင်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မျက်နှာဖြူသွေး တစ်ဝက်ပါနေသော မေရီ အတွက် အိုင်ယာလန်တွင် အံဝင်ခွင်ကျ မဖြစ်စရာ မရှိပေ။

မယ်တော်သည် တကယ်တမ်း သမီးတော်ကလေးနှင့် မခွဲခွာလိုပေ။ သို့သော်လည်း သူမဆန္ဒ အတိုင်း ဒပ်ဗလင်မြို့ရှိ ကွန်ဗင့်ကျောင်း တစ်ကျောင်းတွင်  နေရလေတော့သည်။ ထိုကျောင်းတွင် အစစအရာရာ အဆင်ပြေသည်။ ဆရာမများ၏ ချစ်ခင်ခြင်းကိုလည်း ခံရသည်။ စာလည်း ကြိုးစားသည်။ သို့ကြောင့် မေရီသည် ပျော်ပျော်ရွှင်ရွှင်ပင် ပညာသင်လျက် ရှိသည်။ သို့သော် မေရီ၏ ပျော်ရွှင်မှုမှာ နှစ်နှစ်ခန့်သာ ကြာလိုက်၏။ မြန်မာပြည်မှ မယ်တော် မစောသည် မီးရထား တိမ်းမှောက်ရာတွင် ပါဝင်၍ ကံကုန် သွားလေသည်။ ထိုအချိန်က မေရီ၏ အသက်မှာ ၉ နှစ်သာ ရှိသေးသည်။ သူ အလွန် ချစ်လှစွာသော မယ်တော် မရှိတော့၍ မေရီ၏ ပျော်ရွှင်မှု အားလုံးသည် ဆိတ်သုဉ်း သွားရလေတော့သည်။

မေရီအတွက် သောက မငြိမ်းသေးမီ သူမ၏ ဖခင်က နောက်အိမ်ထောင် ပြုလိုက်ပြန်သည်။ ပို၍ ဆိုးသည်ကား မေရီ တော်ရမည့် မိထွေး ဆိုသူမှာ အခြား သူမဟုတ်ဘဲ သူတို့အိမ်မှ အိမ်ဖော် အမျိုးသမီး ဖြစ်နေခြင်းပင်တည်း။ မေရီမှာ တစ်ချိန်က ခိုင်းခဲ့သည့် အစေခံမကို မည်သို့ မိထွေးတော်ရမည် မသိဖြစ်ရ လေသည်။ တစ်ပူပေါ် နှစ်ပူဆင့်ဆို သည့် စကားကဲ့သို့ ဖြစ်နေရ၏။

ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာသော အခါ ဖခင်က မေရီအား မြန်မာပြည်သို့ ပြန်ခေါ်လိုက်သည်။ မေရီသည် သင်္ဘောဖြင့် ပြန်လာခဲ့ရလေသည်။ မပြန်လာ၍လည်း မရပါ။ သူမမှာ အရွယ် မရောက်သေး၍ ဖခင်ကိုသာ အားကိုး နေရသည်။ မယ်တော် ကလည်း မရှိတော့ပြီ။

ဖခင်ကြီးက မေရီကို ရန်ကုန် ဆိပ်ကမ်းတွင် လာကြိုသည်။ မေရီသည် ဖခင်ကို တွေ့မြင် လိုက်ရသည့်အခါ ၀မ်းလည်းသာ၊ ၀မ်းလည်းနည်းတည်း ဟူသော နှစ်ခု ရောနေသည့် စိတ်ကို ခံစား လိုက်ရသည်။ မေရီသည် မျက်ရည် ၀ိုင်းလျက်နှင့် ဖခင်ကြီး နောက်လိုက် ပါခဲ့ရပေသည်။ သူမ ဖခင်နေသည့် အိမ်သည် ရန်ကုန်မြို့မှ ဆိတ်ငြိမ် ရပ်ကွက် တစ်ခုတွင် ရှိသော နှစ်ထပ်အိမ်ကြီး ဖြစ်သည်။

အိမ်သို့ ရောက်သည်နှင့် မိထွေးကို စတွေ့ရသည်။ သူက မေရီအား ဖော်ဖော်ရွေရွေပင် နှုတ်ဆက်ခဲ့သည်။ မေရီ အဖို့ မြန်မာပြည်နှင့် ဝေးကွာခဲ့သဖြင့် မြန်မာ စကားကို စဉ်းစား ပြောနေရသော ကြောင့် ဆွံ့အသကဲ့သို့ ဖြစ်နေသည်။ ဤသည်ကိုပင် မိထွေးက သူ့အား ဖော်ရွေစွာ စကားပြောချင်နေပုံ မရဟု ထင်ကောင်း ထင်ပေလိမ့်မည်။ မေရီ၏ မိထွေးသည် ပျူပျူငှာငှာ၊ ဖော်ဖော်ရွေ ရွေပင် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ နှစ်ဦး အဆင် မပြေနိုင်စရာ အကြောင်း ဟူ၍ ဘာမှ မရှိပါ။

သို့ရာတွင် မိထွေးက သူ့ကို “မေမေ”ဟု ခေါ်စေချင်သည်။ မေရီ အနေဖြင့် သူမ၏ မယ်တော်အရင်းမှ တစ်ပါး မည်သူ့ကိုမှ မေမေဟု ခေါ်လည်း မခေါ်ချင်၊ ခေါ်ဝေါ်လိုစိတ်လည်း မရှိဟု ဆိုသည်။ မယ်တော် မစောကိုပင် “မယ်မယ်”ဟု ခေါ်ခဲ့သည်။
မေရီသည် မဟာမျိုး၊ မဟာနွယ် ဖြစ်သဖြင့် မဟာသွေး ပါလာသော ကြောင့်ပေလား မသိ။ အိမ်စေမကို မည်သို့မျှ “မေမေ” မခေါ်နိုင်ချေ။ ဤအသေးအမွှား ကိစ္စကလေးနှင့်ပင် မေရီနှင့် မိထွေးတို့ အဆင်မပြေ ဖြစ်ခဲ့ရလေသည်။ နောက်ဆုံး၌ မေရီသည် အိမ်မှာ ဆက်လက် နေထိုင်၍ မဖြစ်တော့သဖြင့် သူမ၏ လက်စွပ် တစ်ကွင်းကို အခိုင်းအစေ ကုလား တစ်ဦးအား ရောင်းချခိုင်းပြီး ထိုငွေဖြင့် ဖခင်အိမ်မှ ထွက်ပြေးခဲ့လေသည်။

မေရီသည် ကံအားလျော်စွာ ရန်ကုန် ဆေးရုံကြီး၌ သူနာပြု ဆရာမ အလုပ်ခန့်ထားခြင်း ခံရပေသည်။
(မှတ်ချက်။ ။ ထိုခေတ်က သူနာပြု အတတ် မသင်ရဘဲနှင့် ဆေးရုံကြီး၌ သူနာပြုဆရာမ ခန့်မည် မဟုတ်ချေ။ ဆရာမ အကူလောက်သာ ဖြစ်ပုံရသည်ဟု စာရေးသူ ထင်ပါသည်။ သူ့စာထဲတွင် Nurse ဟု ဖော်ပြထားသဖြင့်သာ သူနာပြု ဆရာမဟု ဘာသာ ပြန်လိုက်ရခြင်း ဖြစ်ပါသည်။)

မေရီ၏ ဖခင်ကလည်း မေရီအား မစုံစမ်း၊ မမေးမြန်းခဲ့သဖြင့် အတော် စိမ်းကားသည့် ဖခင်ကြီး ဖြစ်ပုံရသည်။ မေရီသည် မြန်မာပြည်၏ ရာသီဥတု ပူပြင်း လှသဖြင့်လည်းကောင်း၊ အလုပ်ပင်ပန်း ၍လည်းကောင်း ကျန်းမာရေး ထိခိုက်လာသည်။ သိသူတိုင်းက သူ့ ဖခင်၏ လျစ်လျူရှုမှုကို မကျေနပ်ကြချေ။ မေရီအား ထိုက်သင့် အားလျော်စွာ ထောက်ပံ့သင့်ကြောင်း ပြောကြသည်။ မိတ်ဆွေ တစ်ဦးကမူ မေရီဖခင်၏ ရှေ့နေကြီးထံ ခေါ်ဆောင်သွားပြီး အကျိုးအကြောင်း ပြောစေသည်။

“မေရီ၏ မယ်တော်မှာ ဘုရင် တစ်ပါး၏ သမီးတော်ဖြစ်သည့် အတိုင်း အလွန့်အလွန် ချမ်းသာ ကြွယ်ဝသူ ဖြစ်ကြောင်း၊ မယ်တော်ဖြစ်သူ ကံတော် မကုန်မီကပင် မေရီအတွက် ရွှေဒင်္ဂါး နှစ်သောင်းတန် အမွေ ပေးခဲ့ကြောင်း၊ ယင်းအမွေမှာ ငွေများမဟုတ် စိန်၊ ကျောက်၊ ပတ္တမြား စသည့် အဖိုးတန် ရတနာများသာဖြစ်ကြောင်း၊ ရတနာများကို ထည့်ထားသော ငွေသေတ္တာ သည် ဖခင်ဖြစ်သူထံ၌ ရှိကြောင်း”
စသည်ဖြင့် ရှေ့နေကြီးအား ပြောပြသည်။ တစ်ဆက်တည်းပင် ထိုအမွေ ရတနာများကို ဖခင်ကြီးထံမှ တောင်း ပေးရန် အရေးဆိုခိုင်းသည်။

ရှေ့နေကြီးသည် ၀တ္တရားအတိုင်း မေရီ၏ ဖခင်ထံ အကြောင်းကြားပေးခဲ့ သည်။ သို့ရာတွင် ဖခင်ဖြစ်သူက ဤ ပစ္စည်းများသည် မေရီနှင့် မဆိုင်ကြောင်း၊ မယားသေ၍ လင်နှင့်သာ ဆိုင်ကြောင်း ခပ်ပြတ်ပြတ်ပင် ပြန်ကြားခဲ့သည်။

သို့သော် အသိ မိတ်ဆွေများက ဖခင်ကြီးကို တရား စွဲဆိုရန် တိုက်တွန်း ကြသည်။ မေရီ အနေဖြင့် ဖခင်ကြီးအား တရား စွဲလိုစိတ် လုံးဝ မရှိပေ။  သို့ရာတွင် သူမ မယ်တော်၏ အဖိုးတန် အမွေအနှစ်များကို  မိထွေး လက်ထဲသို့ ရောက်ရမည့် အတွက် မခံမရပ်နိုင် လောက်အောင် ဖြစ်နေသောကြောင့် နောက်ဆုံးတွင် ဖခင်ကြီးအား တရား စွဲဆိုခဲ့ရပေသည်။ သို့ရာတွင် တရားရုံး တွင် အရှုံးနှင့်သာ ရင်ဆိုင်ရပြီး ဖခင်ကြီး၏ အမုန်းနှင့်သာ အဆုံးသတ်ခဲ့ရ လေတော့သည်။ တရားရှုံးသည့် နောက်ပိုင်း မေရီသည် မြန်မာနိုင်ငံ၌ နေလိုစိတ် မရှိတော့ပေ။

ထို့ကြောင့် အိုင်ယာလန် ပြန်ရန် စီစဉ်ခဲ့သည်။ ဖခင်ကြီးမှာ မေရီအား လျစ်လျူရှုထားသော်လည်း အိုင်ယာလန် ပြန်မည်ဆိုက သင်္ဘော လက်မှတ်ခံပေးမည် ဆိုလာသည်။ မေရီအား ပထုတ်လိုက်ချင်ပုံရသည်။ မေရီသည် မတတ်သာတော့သည့် အဆုံး၌ ထိုမျှလောက် အကူအညီကလေး ကိုပင် လက်ခံ လိုက်ရပေသည်။  အိုင်ယာလန် ပြန်ရောက်သွားသော မေရီတွင် လက်ထဲ၌ ငွေတစ်ပြားမှ မရှိချေ။

သို့သော် ကံကောင်းသဖြင့် ကျောင်းနေဖက် သူငယ်ချင်း “ဘရင်ဒါ” ဆိုသူနှင့် တွေ့ရသည်။ မေရီ၏ အဖြစ်များကို ကြားရသော အခါ ဘရင်ဒါပင် စိတ် ထိခိုက်ရသည်။ ဘရင်ဒါက သနား လှသဖြင့် သူ့အိမ်သို့ ခေါ်သွားခဲ့သည်။  ဘရင်ဒါ၏ အကူအညီဖြင့်ပင် စားသောက်ဆိုင် တစ်ဆိုင်၌ စားပွဲထိုး အလုပ်ကို ရခဲ့သည်။ ဘရင်ဒါ မိဘများက ဖခင် လုပ်သူ၏ ရက်ရက်စက်စက် ပြုမူလိုက်ပုံကို မခံမရပ်နိုင် သဖြင့် ဆက်သွယ်ပြီး မေရီကို သူတို့ အုပ်ထိန်း ထားကြောင်း ၊ ဖခင်တစ်ယောက် အနေဖြင့် ထောက်ပံ့သင့်ကြောင်း စာရေး သားပေးပို့ လိုက်ကြသည်။

မကြာမီပင် လန်ဒန်မှ ရှေ့နေ တစ်ဦးက တစ်ဆင့် တစ်လလျှင် ရွှေဒင်္ဂါး နှစ်ဆယ်ပြား ထောက်ပံ့မည်ဖြစ် ကြောင်း ဖော်ပြထားသည့်စာ ရရှိခဲ့သည်။ အချိန် အတော်ကြာမှ ထိုထောက်ပံ့မှုကို ရသဖြင့် မေရီအဖို့ စား ၀တ်နေရေး ပြေပြေလည်လည် ဖြစ်ခဲ့ရသည်။ သို့သော် မကြာလိုက်ပါ။ လန်ဒန်ရှိ ရှေ့နေထံမှ မေရီ၏ ဖခင်အလုပ်မှ အငြိမ်းစား ယူလိုက်သဖြင့် မေရီအား ထောက်ပံ့ခြင်း မပြုနိုင်တော့ကြောင်း အကြောင်းကြားသည့် စာတစ်စောင် ရောက်လာသည်။

မေရီ၏ ဖခင်မှာ ဗိုလ်မှူးကြီး အဆင့်မှ အငြိမ်းစား ယူလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်၌ (O.B.E) ဆိုသည့် သူကောင်းပြု ဘွဲ့ကိုလည်း ရရှိနေပြီး ဖြစ်ပါသည်။ မေရီ၏ ဘ၀သည် အကျပ်အတည်းနှင့် ရင်ဆိုင်ရပြန်သည်။

တစ်နေ့တွင် ဖခင်ဘက်မှ ဆွေမျိုး တော်စပ်သူ “ဆာ”ဘွဲ့ရတစ်ဦးက-
“မင်းရဲ့ဖခင်က လန်ဒန်က၀င် ဗလီပြပွဲကြီးကို လာလိမ့်မယ်။ တွေ့လိုပါက လာတွေ့ပါ”
ဟု အကြောင်းကြားပြီး ခရီး စရိတ်ပင် ပို့ပေးလိုက်သည်။ မေရီသည် ဖခင်ကြီး စီးနင်း လိုက်ပါလာမည့် မီးရထားကို ၀ါတာလူး ဘူတာမှ သွားရောက် စောင့်ဆိုင်း ကြိုနေမိသည်။

ဖခင်ကြီးသည် မေရီကို တွေ့ဆုံ ရသောအခါ ဖက်လဲတကင်း မရှိလှချေ။ သို့သော် သူနေထိုင်သည့် ဟိုတယ်မှာပင် မေရီကိုလည်း နေထိုင်စေသည် ဆို၏။ တော်တော်ပေးလိုက်သော စာရွက် စာတမ်းများသည် ဤနေရာတွင် ဆုံးခန်းတိုင် ရောက်သွားသည်။ စာရေးသူသည် မချင့်မရဲဖြင့် တော်တော့်ထံ လှမ်း၍ ဖုန်းဆက်လိုက်သည်။

“တော်တော်၊ မေရီ အကြောင်းစာ တွေက သူ့အဖေနဲ့ လန်ဒန် ဟိုတယ်မှာ ပြန်နေခန်း အရောက် ဆုံးသွားတယ်။ နောက်စာရွက် စာတမ်းတွေရော...”

“တော်တော့်မှာလည်း ဒီလောက်ပဲ ရှိတယ်၊ ကြာလှပြီလေ”

“သားအဖ ဘယ်လို ဖြစ်သွားကြတယ် ဆိုတာ သိချင်လိုက်တာ”

“သိလို့လည်း သိပ်ထူးမှာ မဟုတ်ပါဘူး။ ဒါတွေက အမှန်တွေမှ မဟုတ်ဘဲ ။ ဖတ်ကောင်းအောင်၊ လူတွေ စိတ်ဝင်စားအောင် လုပ်ကြံ ရေးထားတာလေ။ အဲဒီတုန်းက ကမ္ဘာ အရပ်ရပ်က ဒီအကြောင်းကို စိတ်ဝင်စားကြတယ်။ မြန်မာနိုင်ငံက မင်းဆွေ မင်းမျိုးများ၊ အထူးတော့ တော်တော်တို့ သီပေါမင်း အနွယ်တော်များ အတွင်းမှာ အတော် ဂယက် ရိုက်သွားခဲ့တယ်။ ပြည်တွင်း ကရော ပြည်ပကပါ အနွယ်တော်တွေ ဆီကို မေးမြန်းတဲ့ စာတွေ ရောက်လာကြတယ်။ တစ်နေ့တစ်နေ့ ဆယ်စောင် လောက်တောင် ရတယ်”

“တော်တော်တို့က ဘယ်လို ပြန်ဖြေသလဲ”

“ဘာမှ မဖြေလိုက်ပါဘူး။ ဖြေစရာလည်း မရှိဘူး။ ဖြေစရာလည်း မလိုဘူးလေ”


တော်တော် ပြောသည်မှာ မှန်လည်း မှန်နေသည်။ ဤသို့သော ဇာတ်လမ်းမျိုးသည် ကမ္ဘာနှင့် တစ်ဝန်း၊ လူသိသူသိ မိသားစုကြီးများ၊ ကမ္ဘာကျော် ပုဂိ္ဂုလ်ကြီးများနှင့် ပတ်သက်၍ အမျိုးမျိုး ပေါ်ထွက်ခဲ့သည် မဟုတ်ပါလော။ Impostor ခေါ်သည့် အယောင်ဆောင်သူ၊ ဟန်ဆောင် သူ၊ လူလိမ်၊ လူညာများ ပေါ်ပေါက် တတ်သကဲ့သို့ လုပ်ကြံထားသော ဇာတ် လမ်းများလည်း များစွာရှိသည် ဖြစ်၏။

စာရေးသူ ဘာသာပြန်ပြီး စောင့်ကြည့်ဂျာနယ်တွင် အပတ်စဉ် ဖော်ပြနေသည့် ဇာဘုရင်၏ ပျောက်ဆုံးနေသော သမီးတော် ဆိုလျှင် ဒုတိယမြောက် ဇာဘုရင်၏ အထွေးဆုံး သမီး တော်လေး အာနာစတားရှား အကြောင်း  ဖြစ်သည်။

သူ့အကြောင်း စာအုပ်၊ စာတမ်း များစွာ ပေါ်ထွက်ခဲ့သည်။ ရုပ်ရှင်လည်း နှစ်ကားရိုက်ပြီးပြီ။ ပြဇာတ်က၍လည်း ကျော်ကြားသည်။ ကမ္ဘာကျော် ဇာတ်လမ်း ဖြစ်၏။ တစ်သက်တာလုံး သူသည် အာနာစတားရှား မင်းသမီး ကလေး ဖြစ်ပါသည်ဟု ပြောနေသည့် မစ္စစ် အင်ဒါဆင် အမည်ခံသူ ပင်လျှင် လွန်ခဲ့သည့် ၄၊ ၅ နှစ်ကမှ အမေရိကားတွင် ကွယ်လွန် သွားခဲ့သည်။ သူ့ဇာတ်လမ်းမှာ ယုံချင်စရာပင်။

သို့သော် ဇာဘုရင်၏ ဆွေတော် မျိုးတော်များက သူမကို (Impostor) အယောင်ဆောင်သူဟု စွပ်စွဲကြသည်။ ဟစ်တလာနှင့် ပတ်သက်သော ဇာတ်လမ်း အမျိုးမျိုး သည်လည်း ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပြီး၍ နှစ် ၆၀ ကြာခဲ့သည့် ယခုအထိ ရေးမကုန်နိုင်ကြ သေးပေ။  စာရေးသူတို့ မြန်မာပြည်မှ နောက်ဆုံးဘုရင် သီပေါမင်း တရားနှင့် ပတ်သက်သော ပြောစရာ၊ ရေးစရာများမှာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ကမ္ဘာ တစ်ဝန်းမှ ဇာတ်လမ်းများနှင့် နှိုင်းစာလျှင် ပြောပလောက်အောင် မရှိသေးပါ။


မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...