" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သံတိုင်ကြားက မိန်းကလေးများ The Girls that from Jail

အကြောင်း အမျိုးမျိုးတို့ကို ငဲ့ညှာပြီး  တစ်ဖက်မှလည်း ကြောက်ရွံ့ရသည့်အတွက် မိမိခံစားချက်၊ မိမိသိရှိထင်မြင်ချက်၊ မိမိ တွေ့ကြုံချက်တို့ကို မပြောရဲ၊ မဖော်ထုတ်ရဲသည့် မိန်းမသားတို့ ဘ၀မှာ မချင့်မရဲ ဖြစ်စရာ ကောင်းလှပေသည်။

ကွယ်လွန်သူ နိုင်ငံကျော် စာရေးဆရာမ မိုးမိုး (အင်းလျား)၏ မ၀ံ့မရဲစိတ်ကြောင့် မချင့်မရဲ ဖြစ်ရပုံကို သတိရမိပါသည်။ ၁၉၈၆-၈၇၊ ၈၈ မတိုင်မီကာလများက ဖြစ်ပါသည်။ မိုးမိုး (အင်းလျား) ဘ၀မုန်တိုင်း ထန်နေချိန်လည်း ဖြစ်ပါသည်။  သူစံထားထိုက်သူ၊ သူမြတ်နိုးသူ၊ သူယုံကြည်အားကိုးသူ၊ တစ်ဘ၀လုံး ပုံ၍ သူချစ်ရသူ၊ သူလေးစားသူက ဖောက်လွဲဖောက်ပြန် လုပ်သည့်အတွက် ရှက်လည်းရှက်၊ အမျက်လည်းကြီး၊ ရင်လည်းနာ၊ ၀မ်းလည်းနည်း၊ ကြေလည်းကြေကွဲ၊ အသည်းလည်း ကွဲနေချိန် ဖြစ်ပါသည်။

ခင်ပွန်းသည်က တပါးသောသူ တစ်ဦးထံ စိတ်ညွှတ်ရုံသာမက၊ မနောကံသာမက၊ ၀စီကံသာမက၊ ကာယကံနှင့်ပါ ပြစ်မှား ကျူးလွန်သည့်အခါ မိုးမိုး (အင်းလျား)က ခွင့်လွှတ်ချင်လည်း ခွင့်မလွှတ်နိုင်၊ နားလည်နိုင်သော်လည်း ဒါမျိုး ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်သည်ဟု သိသော်လည်း သူ့ခင်ပွန်းမို့ ဒါမျိုး အဖြစ်မခံနိုင်၊ သို့တစေ ဖြစ်သည်ကဖြစ်၍ ပြီးနေပြီ၊ သူမတတ်နိုင်။

စင်စစ်တော့ ဇနီးက စာရေးဆရာ၊ ခင်ပွန်းက ထုတ်ဝေသူ၊ အနုပညာအရရော၊ ဈေးကွက်အရရော ခင်ပွန်းနှင့် ဇနီး တွဲဘက်ညီသည်။ ရောင်းအကောင်းဆုံး စာရင်းဝင် စာရေးဆရာပေမယ့် ခင်ပွန်းနှင့် တစီးပွားတည်းလိုလို ဖြစ်နေသည်မို့ စာမူခက တသီးတခြား ရှိမနေလျှင် မိုးမိုး (အင်းလျား က အရေးမဆို။ ခင်ပွန်းနှင့်၊ သားနှင့် သမီးနှင့်၊ သူ့အနုပညာနှင့် စာအုပ်များနှင့် သေတပန် သက်တဆုံး နေနိုင်ရေးသည်သာ သူ့ဘ၀၏ ရည်မှန်းချက်။

ကိုယ်တိုင်က မသတ်မှတ်ဘဲ ဝေဖန်ရေးဆရာများနှင့် စာဖတ် ပရိတ်သတ်တို့က သူ့အား ဘ၀သရုပ်ဖော် စာရေးဆရာဟူ၍ ပညတ်လိုက်ကြ၍ သူ့ပတ်လည်တွင် ထိုဘ၀သရုပ်ဖော်ဟူသော တိုင်များ ၀န်းရံ စိုက်ထူလိုက်သည်ကို ခံစားရသည်ဟု မိုးမိုး(အင်းလျား)က ရင်ဖွင့်ဖူးသည်။ ဘ၀သရုပ်ဖော်သူဖြစ်၍ ခေတ်ပြိုင်ဘ၀များကို လက်တွေ့ လေ့လာရသည်။ ဘ၀အကြောင်း၊ လူများအကြောင်း၊ လူတန်းစား အလွှာစုံအကြောင်း၊ အိမ်ထဲနေ၍ သူရေးဖွဲ့မရ။ လက်တွေ့နယ်ပယ်ထဲ ဆင်းရသည်။ လူထုကြား တိုးဝှေ့ရသည်။ ညအိပ်ညနေ ခရီးထွက်ရသည်။ ရေးမည့်အကြောင်းကို သုတေသန ပြုရသည်။ ဂီတအကြောင်း ရေးမည် စိတ်ကူးလျှင် မိုးမိုး(အင်းလျား)သည် ကိုယ်တိုင် ဂီတာတီးသင်သည်။ သူ့စာမှာ မှန်းဆချက်၊ ရမ်းရေးချက်တို့ တတ်နိုင်သမျှ မပါစေရ။

သူကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ ၀တ္ထုရေးသည်။ သူ့ထံ ရင်ဖွင့်လာသူတို့၏ ဘ၀အဖြစ်အပျက်များကိုလည်း အခြေခံ၍ ၀တ္ထုများ ရေးဖွဲ့ခဲ့သည်။ "မေတ္တာကမ်းနား အချစ်သစ်ပင်"ဆိုလျှင် ကိုယ်ကာယ အလှ သင်တန်းဆရာမ မာလာတင်၏ ဘ၀ဇာတ်ကြောင်း ဖြစ်လေသည်။ ကုန်ကြမ်းလည်း ရှာရင်း ဖိုင့်ဖိုင့်အိုင့်အိုင့် ဖြစ်နေသော ခန္ဓာကိုယ်မှ အဆီများချရင်း သူကိုယ်တိုင် မာလာတင်၏ သင်တန်းတက်ခဲ့သည်။ သင်တန်း ဆရာမနှင့် သင်တန်းသူတို့ အင်မတန် ချစ်သော သူငယ်ချင်းများ ဖြစ်သွားကြသည်။ မာလာတင့် သင်တန်းမှ "မေတ္တာကမ်းနား အချစ်သစ်ပင်" လို ၀တ္ထုလုံးချင်း ထွက်လာသလို "ပိန်ချင်လွန်းလို့တော်ရေ့" ဆိုသည့် ၀တ္ထုတိုလည်း ရေးဖြစ်ခဲ့သည်။ စံပယ်ဖြူ အမျိုးသမီး မဂ္ဂဇင်း ပထမဆုံး စာအုပ်၊ အတွဲ (၁)၊ အမှတ် (၁)တွင် ထိုဝတ္ထုတို ပါခဲ့သည်။ ကိုယ်လက်လှုပ်ရှားမှုရရန်၊ အဆီကျရန်၊ ကိုယ်ကာယလှရန် မာလာတင့် သင်တန်းကို ငွေကုန်ခံ၊ အချိန်ကုန်ခံ လာတက်ကြကုန်သူတို့ကို အာရုဏ်မတက်မီ အချိန်ကတည်းက လမ်းပေါ်ရောက်ပြီး ၀မ်းစာ ရှာရသည့် ပဲပြုတ်သည်က အံ့သြဟန်နှင့်ဆိုသည့် စကားကို ဖွဲ့သီသည့် ဇာတ်လမ်းသာ ဖြစ်သည်။

မှတ်မိပါသေးသည်။ မိုးမိုး (အင်းလျား) သည် စာမူ အတောင်းခံရဆုံးသော စာရေးဆရာများထဲမှ တစ်ဦးဖြစ်သည်။ သူ့ထံ စာမူတောင်းလာလျှင် ကြိုးစားပမ်းစားနဲ့ ရေးတတ်ပါသည်။ မဂ္ဂဇင်းများတွင် ပါသော စာမူများအတွက် သူစာမူခရသည်။ စာမူခကြောင့် သက်သက်ရယ်မဟုတ်ပဲ အခြားအခြားသော စာရေးဆရာများနည်းတူ စာပေချစ်စိတ်ဖြင့် စာမူရေး၊ စာမူပေးခြင်းဖြစ်သည်။ မိုးမိုးသည် စာမူလာတောင်းသူတို့ကို ဘယ်နေ့ ဘယ်အချိန်မှာ စာမူလာယူပါဟု ရက်ချိန်းပေးလျှင် ပေးတတ်သည်။ "ပိန်ချင်လွန်းလို့တော်ရေ့" စာမူပေးသည့်နေ့က သူ့ခင်ပွန်းသည်ပါ သူနှင့်အတူ ရှိနေသည်။ မိုးက သူရေးသည့် စာမူကို စာမူလာယူသူထံ ချက်ချင်းမပေး။ ခင်ပွန်းသည်ကို သူ့စာမူ အရင်ပြသည်။ ခေါင်းညိတ်လိုက်မှ စာမူကို ခေါင်းစဉ်တပ်၍ စာမူလာယူသူထံ အပ်လိုက်သည်။ နာမည်ကြီး စာရေးဆရာမတစ်ဦး၏ ခင်ပွန်းသည်အပေါ် လေးစားသော ပုံရိပ်၊ ခင်ပွန်းသည်ကို အရေးတယူလုပ်သော စိတ်ထားတို့ကို လှစ်ဟပြခြင်းပင် ဖြစ်သည်။ အများအမြင်တွင် အပေးအယူမျှသော၊ ရှေ့သွားနောက်လိုက် ညီသော၊ မောင်တထမ်း မယ်တရွက် စာပေတာဝန်ကို ကျေပွန်သော မိုးမိုးတို့ ဇနီးမောင်နှံကြား သစ္စာပျက်ယွင်းမှုက ၀င်နှောက်တော့သည်။

မောင့်မျက်နှာ တစ်ကမ္ဘာထင်သော မိုးမိုး၏ ကမ္ဘာပျက်သည့် ရက်စွဲများတွင် လင်မယား ရန်တကျက်ကျက် ဖြစ်တော့သည်။ တစ်ဦးနှင့်တစ်ဦး စကားလည်း အမှားမခံတော့၊ နောက်... ခင်ပွန်းသည်က မိုးမိုးနှင့် တလောကသားထဲက လူ၊ မိုးမိုး စကားဟလျှင် "ဘာ" ဆိုသည်ကို ဒက်ခနဲ သိသည်။ မိုးမိုး အစစ အရာရာ ဆင်ခြင်ရသည်။ နောက်... စာရေးမမှားဖို့။

မိုးမိုး၏ လောကကတွင် စာပေ စိစစ်ရေး တံတိုင်းကြီး နှစ်ခု ကာဆီးလျက် ရှိလာတော့သည်။ တံတိုင်းတစ်ခုက ပြည်ထံရေး ၀န်ကြီးဌာန လက်အောက်က စာပေစိစစ်ရေး၊ သူ့စောင်းမြောင်းရေးသည်ဟု ထင်မှာစိုး၍ ရေးချင်လျက် လက်ရှောင်ရသည့်အတွက် ခင်ပွန်းသည်က နောက် စာပေစိစစ်ရေး တံတိုင်း တစ်ခု ဖြစ်လာသည်။ စာပေစိစစ်ရေး ရုံးက စာစစ်မှူးတစ်ဦးက မိုးမိုး မျက်ရည်ကျလောက်အောင် အစစ်ကြမ်းသည်။ လယ်သမားများ ဘ၀ကို ဖော်ကျူးသော လုံးချင်းဝတ္ထုတွင် စာပေစိစစရေးမှူးက မျဉ်းနီများ ဒရစပ်တားသည်။ ဟိုစာလုံးက ဒီအဓိပ္ပါယ်၊ ဒီဝါကျက ဒီသဘော ပြင်ရန်၊ ဖြုတ်ရန် အရေးဆိုသည်။ စာအုပ်အမည်က "သုံးလွန်းတင်မှ ကြိုး" ဟု ထင်ပါသည်။ မိုးမိုးသည် သူတပါးအား ထိခိုက် နစ်နာမည့် အရေးအသားမျိုးကို အထူးရှောင်သည့် စာရေးဆရာမ ဖြစ်သည်။ စိစစ်ရေး မတင်ခင်ကတည်းက လွှတ်လောက်မည့် စာမျိုးကို ကြိုတင် ချင့်ချိန်ရေးသားပါလျက် တကယ်တမ်း စာမူတင်တော့ စိစစ်ရေးက ချက်ချင်း ချမပေး။ ဟိုစာပိုဒ်ဖြုတ်၊ ဒီစာပိုဒ်ပြင် ညွှန်ကြားသည်။ တစ်ခါပြင်သည်၊ စာပေစိစစ်ရေးက မလွှတ်။ နောက်တစ်ခါပြင်သည်။ မျှော်လင့်သလို ဖြစ်မလာ။ အထပ်ထပ် အခါခါ ပြင်လိုက်၊ ဖြုတ်လိုက်၊ ဖြည့်လိုက် လုပ်ပြီး နောက်ဆုံး စာလုံးတစ်လုံးတည်းနှင့် ထစ်ပြန်သည်။ မိုးမိုးကို စာပေစိစစ်ရေးမှူးက "ရ" တစ်လုံးတည်းနှင့် ဒုက္ခပေးပြန်သည်။ .... ရောင်းရသည်ဟု မိုးမိုးက ရေးသည်၊ ဟုတ်သည်လေ၊ တောင်သူလယ်သမားတို့က ကိုယ်စိုက်သည့် စပါး၊ ကိုယ့်သဘောနှင့်ကိုယ် စီမံခန့်ခွဲပိုင်ခွင့်မရှိ၊ သတ်မှတ်စပါးကို သတ်မှတ်ဈေးနှင့် ရောင်းကြရသည် မဟုတ်ပါလား။ "ရ" တစ်လုံးထောက်သည့်အခါ မိုးမိုး မျက်ရည်ကျရသည်။

"ရွှေတိဂုံကိုမြင်လျှင်" လုံးချင်း စာအုပ် ထုတ်စဉ်ကလည်း စာအုပ်အဖုံးကို စိစစ်ရေးက ထုတ်ဝေစေဟု ခွင့်မပြုမချင်း ဗဟန်းက စာပေစိစစ်ရေးရုံးကို ခြေတိုအောင် သွားခဲ့ရသည်ဆိုသည်။ ပန်းချီဖေညွန့်ဝေက မျက်နှာဖုံးဆွဲသူမို့ ပန်းချီဆရာကလည်း သူနှင့်အတူ ပါရသည်။ စာမေးပွဲအောင်စာရင်း စောင့်သလို စိစစ်ရေးအဖြေစောင့်ရန် လမ်းဘေး ထမင်းဆိုင်မှာ ၀င်စားရသည်။ ပြေးရလွှားရမို့ တက္ကစီငှားခ ကုန်သည်။ စိစစ်ရေးက ခွင့်ပြုမှ "ဟင်း" ချရသည် ဆိုသည်။

ဤအဖြစ်အပျက်များက မိုးမိုး(အင်းလျား) သာမက မြန်မာစာနယ်ဇင်း လောကသား အားလုံးလိုလို ရင်ဆိုင်ရသည့် စာပေ အမှုများ ဖြစ်ပါသည်။ မိုးမိုး၏ နောက် စိစစ်ရေးက ခင်ပွန်းသည်၊ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်လာပြီးနောက် ဘာပဲရေးရေး မိုးမိုး ပို သတိထားရသည်။ စိစစ်ရေး နှစ်ခုစလုံးကို ခေါင်းထဲ ထည့်ထားရသည်။ သူ့ထံ ရင်ဖွင့်လာသူတို့အကြောင်း သူ့ဝတ္ထုများတွင် တစေ့တစောင့် ထည့်ရေးရသည်။ သို့တစေ အိမ်ထောင်ရေး ဖောက်ပြန်မှုအကြောင်း သူ မရေးရဲ။ တခါတော့ သူ့ခံစားချက်ကို ချမရေးရလျှင် မနေနိုင်၍ ချရေးသည်။ ထိုဝတ္ထုသာ ပါလာလျှင် မဂ္ဂဇင်း တစ်စောင်စောင်မှာ ထည့်ပါဟု မှာကြားခဲ့သည်။ အောက်တိုဘာ ၂၄ ရက်၊ ကုလသမဂ္ဂနေ့ဖွား မိုးမိုး(အင်းလျား) သည် ၁၉၉၀ ပြည့်၊ မတ်လ ၁၃ ရက်၊ ဖုန်းမော် နှစ်ပတ်လည်နေ့တွင် နှလုံးရောဂါနှင့် ကွယ်လွန်သည်။ "အဆိပ်" ကို တလွှာမဂ္ဂဇင်းတွင် ထည့်ရန် အခွင့်သာခဲ့သည်။ ပုံနှိပ်ပြီးပါမှ၊ ထုတ်ဝေခါနီးပါမှ ခင်ပွန်းသည်၏ တားမြစ်ချက်အရ "အဆိပ်"သည် အဆုတ်ခံရသည်။

ဝတ္ထုက အတို၊ အင်မတန် ချစ်ပြီးမှ ဖောက်လွှဲဖောက်ပြန် ဖြစ်သည့် နှလုံးရောဂါသည် ယောက်ျားကို အမုန်းကြီးမုန်းနေသည့် မိန်းမတစ်ဦး၏ ခံစားမှုကို ဖွဲ့သည်။ နှလုံးရောဂါထလာတိုင်း ခင်ပွန်းသည်သောက်သည့် ဆေးကို ဇနီးက နေရာရွှေ့လိုက်သည်။ ခင်ပွန်းသည်က သူ့အတွက် အသက်ဆက်သည့် ဆေးကို နှလုံးရောဂါ ထလာချိန်တွင် ရှာသည်၊ ရှာမရ၊ လဲကျသွားသည်။ ၀တ္ထုကျောရိုးက ဤသို့။ "အဆိပ်"ကို စာဖတ်သူတို့ ဖတ်ခွင့်မရ၊ ဒါက မိုးမိုးသေလွန်ပြီးမှ ဖြစ်သည့်ကိစ္စ၊ မိုးမိုးရေးဖြစ်သည့် ၀တ္ထု။

မိုးမိုးရေးချင်လျက် မရေးရသည့် ၀တ္ထု တစ်ပုဒ် ရှိသေးသည်။ တနေ့ မိုးမိုးထံ အမျိုးသမီးကြီး တစ်ဦးက ရင်ဖွင့်လာသည်။ အန်တီ့အကြောင်း ရေးစမ်းပါဟု ဆိုသည်။ အမျိုးသမီးကြီးက အရာရှိကြီး တစ်ဦး၏ ဇနီးဖြစ်သည်။ အိမ်ထောင်သက်တစ်လျှောက်လုံး ခင်ပွန်းသည်က အငယ်အနှောင်း တစ်ယောက်ပြီး တစ်ယောက်  ပြောင်းထားသည်။ အမျိုးသမီးခမျာ ဘ၀တလျှောက်လုံး စိတ်ညစ်ရသည်။ သားများ၊ သမီးများ မျက်နှာထောက်၍ လင်မယား ကွာရှင်းလိုလျက် မကွာရှင်းခဲ့ရ။ တသက်လုံး စိတ်ဆင်းရဲသမျှ ခင်ပွန်းသည် ကွယ်လွန်သည့်ရက်မှ စ၍ ၀ဋ်ကျွတ်သည်။ ခင်ပွန်းသည် အသုဘချသည့်နေ့က တကိုယ်လုံး အလှအပဆင်၊ နှုတ်ခမ်းနီ ရဲတောက်နေအောင် ဆိုးပြီး အသုဘပို့ကြောင်း...။

"ဒါမျိုး ၀တ္ထုလုပ်ရေးရင် ဘယ်လောက်ကောင်းလိမ့်မလဲ၊ သူ့ကြောက်လို့ မရေးရဘူး" ဟူ၍ မိုးမိုး(အင်းလျား)က မချင့်မရဲ ပြောဖူးပါသည်။

သည်ထက်မကသော အကြောင်းအရာများ ရှိပါလျက် လက်တွန့်နေရ၍ သူ့ကလောင်  ကွန့်မြူးမလာသော မိုးမိုး(အင်းလျား) ၀တ္ထုများစွာ ရှိနိုင်ပါသေးသည်။ မိုးမိုးခံစားရချက်များမှ ဥပမာအချို့သာလျှင် ဖြစ်ပါသည်။ နိုင်ငံကျော်သော၊ အမျိုးသား စာပေဆုများ အကြိမ်ကြိမ်ရသော၊ စာပေသမားများသာမက စာဖတ်ပရိတ်သတ်များကပါ လေးစားသော မိုးမိုး၏ အပြင်ဘန်း အဆောင်အယောင်များ၏ နောက်ကွယ်တွင် စာပေစိစစ်ရေးအဖြစ် မိန်းမသားဘ၀ အရိပ်က ကပ်ပါလာ၍ သူ့အနုပညာပါ ထိခိုက်ရသည်မှာ ၀မ်းနည်းစရာ ကောင်းလှပါသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...