" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရသစာစု အဆိပ်သင့် ပန်းလေး

       
အဲဒီညက ဖေကြီးဝင်လာတာ အိလေးသိသားပဲ။ အိလေးက ဖေကြီးကို စောင့်နေတာပဲလေ။ အမေနဲ့ အငယ်ကောင်တို့ အငယ်မတို့ကတော့ အိပ်နေတာ သိုးလို့။ အိလေးလည်း အိပ်ချင်တာပဲ။ တနေကုန် ဈေးရောင်းထားရတာ မဟုတ်လား။ အင်း ဈေးရောင်းတယ်လို့လည်း ပြောလို့မရပါဘူးလေ။ ဈေးဗန်းရှေ့မှာချပြီး ထိုင်နေတာဆိုရင် ပိုမှန်မှာ။ တကယ်ဆို နေ့ခင်းဘက်တွေက ရောင်းရတာမှ မဟုတ်ဘဲ အိမ်ပြန်လို့ ရတာပဲဟာ။ မပြန်ချင်ပါဘူး။ အိမ်မှာက သိပ်စိတ်ညစ်ဖို့ ကောင်းတာ။

အမေက အိလေးကို မမြင်လိုက်နဲ့ .. မြင်လိုက်တာနဲ့ တခုခု ခိုင်းလိုက်ရမှ .. အိလေးက မလုပ်ပေးချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေက လွန်လွန်းတယ်။ အငယ်မတို့ အငယ်ကောင်တို့ကျတော့ ကျောင်းတက်ရလို့ဆိုပြီး ဖူးဖူး မှုတ်ထားတာ။ အိလေးလည်း သူတို့လို ကျော့ကျော့လေး ဝတ်ပြီး ကျောင်းတက်ချင်တာပေါ့။ အိလေး ဥာဏ်မကောင်းလို့ စာမေးပွဲ ခဏခဏကျတာတော့ မတတ်နိုင်ဘူးလေ။ အမေက အဲဒါနဲ့ အိလေးကို ၇ တန်းမှာ ကျောင်းထုတ်လိုက်ရော။ အိလေးအတန်းထဲက မိုးကျော်တို့၊ သက်မာတို့တောင် ၁၀ တန်း ရောက်နေကြပြီ။ အမေက အိလေးကို ကျောင်းထုတ်ပြီး ဈေးပဲ ရောင်းတော့တဲ့။

အိလေးက ဈေးရောင်းရတာတော့ ပျော်ပါတယ်။ ဈေးဆိုင်တန်းမှာ အိလေးက အငယ်ဆုံး ဆိုတော့ ဘေးက မတရုတ်မတို့ ကြီးငွေတို့က အိလေးကို ချစ်ကြတယ်။ နေ့ခင်းဘက် ဆိုင်မှာ ငုတ်တုတ်ထိုင်ပြီး ငိုက်ရတာလည်း အရသာသိပ်ရှိတာ။ အဲလိုငိုက်နေတာ အမေသိလို့ကတော့ အိလေးကို ပေါင်တွင်းကျော ဆွဲလိမ်ပြီသာမှတ်။ အိလေး အိမ်မပြန်ချင်တာ အဲဒါကြောင့်လည်း ပါတယ်။

နေ့လယ်ကလည်း မပြန်ချင်ပါဘူးဆို အိလေးတို့ဒေါ်လေး ဆိုင်ကို ရောက်လာတယ်လေ။ ဒေါ်လေးက သူတို့ရပ်ကွက်ဈေးမှာ ဓညင်းသီးရောင်းတာ။ အမေ့ဆီက ယူရောင်းတာပါ။ အဲဒါ ဓညင်းသီး အလုံး ၅၀၀ လောက် ယူချင်လို့တဲ့ .. အိလေးက အိမ်ကိုသွားလိုက်ပါဆိုတာ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်တယ်။ သူက ဖေကြီး ညီမလေ။ အမေ့ကို သူ အကြွေးပေးစရာရှိလို့ မသွားချင်ဘူးဆိုပြီး အိလေးကို အတင်းလွှတ်လို့ သွားလိုက်ရတယ်။ အိမ်လည်း ရောက်ရော အမေက အိလေးကိုတွေ့တာနဲ့ “ဟဲ့အိလေး ထမင်းအိုး တလုံးချက် သွားစမ်း” တဲ့ .. ကြည့်ဦး။ အိလေး မျက်နှာက ပုပ်သွားတော့ “ကောင်မလာခဲ့စမ်း မျက်နှာကို ချက်ချင်းပြင်” ဆိုပြီး ဒေါင်ကနဲ ခေါင်းကို ခေါက်လိုက်တာ အိလေးဖြင့် ပူထူသွားတာပဲ။

ပြီးတော့လည်း ဒေါ်လေးက ဓညင်းသီး ယူခိုင်းလိုက်လို့ဆိုတော့ ဒေါ်လေးကို ဆဲလိုက်တာ မိုးကို မွှန်သွားတာပဲ။ ဟုတ်တာလည်း မဟုတ်ဘူး ပြီးရင် သူပေးမှာပဲ။ အဲလိုပဲ အမေက ..။ အဲလို ဆဲတာကို အိလေး လုံးဝမကြိုက်ဘူး။ တခါတလေ ဆိုင်မှာ သူ့ဆီက နေ့ပြန်တိုးယူထားတဲ့ သူတွေကို အော်ဟစ်ဆဲဆိုနေတာ အိလေးသိပ်ရှက်တာပဲ။ အမေက အိလေး အပျိုဖြစ်ပြီဆိုတာ မသိဘူးလား မသိဘူး။ တခါတလေ သူဆဲနေတုန်း ဆိုင်နားကနေ မိုးကျော်တို့၊ ရဲသူ တို့ ဖြတ်သွားတာနဲ့ ကြုံရင် အိလေး မျက်နှာ ဘယ်ထားရမှန်းတောင်မသိဘူး။ အိလေးက အမေရယ် အဲလိုမဆဲပါနဲ့လို့ ပြောမိရင် ရွဲ့ပြီး ပိုဆဲရောပဲ။

အဲဒါကြောင့် အိလေးလည်း အမေနဲ့ ဝေးရင်ပြီးရောဆိုပြီး ဆိုင်မှာပဲ နေလိုက်တယ်။ နေ့ခင်း သူများတွေ အိမ်ပြန်နားချိန်လည်း အိလေး ဆိုင်မှာပဲ ငုတ်တုတ် ထိုင်နေတယ်။ အဲဒီမှာ အိလေး ဘာလုပ်လည်း သိလား .. သီချင်းဆိုတာပေါ့။ အိလေးက သီချင်းဆိုရတာ သိပ်ကြိုက်။ ပြီးတော့ အိလေးအသံ အရမ်းကောင်းတယ်လို့ ပြောကြတယ်။ အိလေးဆိုင်နားက လူတွေက ပျင်းရင် အိလေးကို သီချင်းဆိုခိုင်းနေကျ။

အိလေးဆီမှာ ဗလာစာအုပ်နဲ့ ကူးရေးထားတဲ့ သီချင်းတွေမှ အများကြီး .. အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သီချင်းတွေလေ။ အိလေးက အယ်ဆိုင်းဇီ သီချင်းတွေ အရမ်းကြိုက်တယ်။

အဲဒီသီချင်းတွေကို ဘယ်လိုကူးလဲသိလား။ အဲဒါက လျှို့ဝှက်ချက် ..။ အမေသိရင် ပေါင်တွင်းကျော ဆွဲလိမ်ခံရမှာ ..။ အိမ်မှာ ဒီဗီဒီရှိတယ်လေ။ အိလေးဆိုင်နားက အခွေရောင်းတဲ့ ဦးကုလားက အိလေးကို အခွေပေးငှားတယ်။ ဒီညယူပြီးရင် နောက်နေ့မနက် ပြန်ပေးရတယ်။ အဲဒီအခွေကို ညကျရင် အမေတို့အိပ်မှ တိတ်တိတ်လေး စက်ကိုဖွင့် .. အသံလုံးဝမထုတ်ဘဲ စာတန်းတွေ ကြည့်ကူးတာပေါ့။

တရက်တော့ အဲလိုကူးနေတုန်း ဖေကြီးမိသွားသေးတယ်။ ဖေကြီးတော့ အိလေး မကြောက်ပေါင်။ ဖေကြီးကို အိလေးက သိပ်ချစ်တာ။ အမေက ကြမ်းသလောက် ဖေကြီးက သိပ်နုတာပဲ။ ချောလည်းချောတယ်။ ဒါပေမဲ့ ဖေကြီးက အိလေးတို့ကို သိပ်မချစ်ပါဘူး။ ဖေကြီးလည်း အမေ့ကို စိတ်ညစ်လို့ ထင်တယ်။ အားလုံးအိပ်မှ ပြန်လာတတ်တယ်။

အိလေး သီချင်းကူးနေတာ တွေ့တော့ ဖေကြီးက “ဘာလုပ်နေတာလဲ” တဲ့။ “သီချင်းတွေကူး နေတာ” လို့ ပြန်ပြောတော့ ဖေကြီး အံ့သြသွားတယ်။ အိလေး အဲလိုသီချင်းတွေ ကူးပြီးဆိုနေတာ ဖေကြီးမသိဘူးလေ။ အိလေးက ဖေကြီးကို ပြောပြလိုက်တာပေါ့။ အမေ မသိဘူး ဆိုတဲ့အကြောင်းပါ ပြောရတယ်။ အမေက ရစရာမရှိအောင် ပြောမှာလေ။ ဖေကြီးလည်း သိပါတယ်။

အဲဒါနဲ့ အိလေးလည်း ဖေကြီးကို သီချင်းနားထောင်လို့ရတဲ့ အမ်ပီသရီးလေး လိုချင်တယ်လို့ ပူဆာလိုက်တယ်။ ဖေကြီးက ဝယ်ပေးမယ်တဲ့။ အမေမသိအောင် တိတ်တိတ်ဝယ်ပေးလို့ .. အဲဒါဆိုပြီးပြီ။ အေးဆေးပဲ .. ဆိုင်မှာ နေ့ခင်းဘက်တွေ နားထောင်လို့ ရတာပေါ့။ ခုက သီချင်းနားထောင်ချင်ရင် အိလေးတို့ ဈေးတန်းရဲ့ မျက်စောင်းထိုး လက်ဘက်ရည်ဆိုင်က ဖွင့်တာကို လိုက်နားထောင်ရတယ်။ ကိုယ်နားထောင်ချင်တာလည်း ထောင်လို့မရဘူး။ သူဖွင့်တာကို နားထောင်ရတာ။

ပြီးတော့ ဖေကြီးက အိလေးကို သေချာကြည့်ပြီး ပြောသေးတယ် “နင့်အမေကို အင်္ကျီအဝတ်အစား ကောင်းကောင်းလေး ဝယ်ခိုင်းဦး” တဲ့။ အဲလိုပြောတော့ အိလေး ဝမ်းနည်းသလိုကြီးပဲ။ ဟုတ်တော့ဟုတ်တယ် အိလေးခု ဝတ်တဲ့ အဝတ်အစားတွေက စုတ်ပြတ်နေတာပဲ။ အင်္ကျီကလည်း အရောင်မပေါ်တော့ဘူး၊ ဘောင်းဘီကလည်း ကြိုးရှုံ့ဘောင်းဘီပွ အတို ..။ တလောက အိလေး ရာသီတွေလာတုန်းကဆို ဘောင်းဘီမှာ စွန်းကုန်လို့ ထိုင်ရာက မထရဲဘူး။ အဲဒီနေ့က မှောင်ပြီး ဈေးတန်းမှာ ဘယ်သူမှ မရှိတော့မှ ပြန်ရဲတယ်။

အမေ့ကိုပြောလည်း အမေက ဝယ်ပေးမှာ မဟုတ်ဘူး။ အိလေးသိသားပဲ။ အမေက အငယ် နှစ်ကောင်ကိုပဲ ချစ်တာ။ အဲဒီနှစ်ယောက်အတွက်ဆို ဘယ်လောက်ကုန်ကုန်။ အိလေးကို ကျတော့ အမြဲပြောတယ် .. “နင်က ဖအေ့သမီး .. ကြည့်လို့ကိုမရဘူး၊ အမြင်ကတ်တယ်” တဲ့။ အဖေ့သမီးသာဆိုတယ် .. အဖေ့ကိုလည်း အိလေး သိပ်တွေ့ရတာ မဟုတ်ပါဘူး။

အမေပြောတာတော့ ဖေကြီးက နောက်မိန်းမရနေပြီတဲ့။ ခုတလောမှာ အမေနဲ့က တကျက်ကျက်။ ဟုတ်လားမသိပါဘူး။ အိလေး မေးတော့မမေးရဲဘူး။ ဖေကြီး အိမ်ပြန်မအိပ်တာတော့ အိလေးသိတယ်။ ၃ ရက်လောက်နေမှ တရက်လောက် ပြန်အိပ်တာ။ အမေနဲ့လည်း မျက်နှာချင်း မဆိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အိလေးကတော့ အမ်ပီသရီးလေး လိုချင်တာပဲ။ သီတင်းကျွတ်ရင် ရပ်ကွက်ထဲမှာ ကာရာအိုကေ ပြိုင်ပွဲရှိတယ်တဲ့။ အိလေး ဝင်ပြိုင်မလို့။ အိလေးအသံက ကောင်းပြီးသားဆိုတော့ သီချင်းကောင်းကောင်း ကျင့်လိုက်ရင် ဆုရမှာသေချာတယ်။

ဆိုင်ကို နေ့ခင်းဘက် မတရုတ်မနဲ့ ခဏအပ်ထားခဲ့ပြီး ဖေကြီးထိုင်နေကျ လက်ဖက်ရည်ဆိုင် လိုက်သွားတော့ ဖေကြီးကို မိန်းမတယောက်နဲ့ ထိုင်နေတာ တွေ့တယ်။ ဘာတွေ သဘောကျနေတာလဲ မသိဘူး ဖေကြီး ရီနေလိုက်တာ .. ။ ဖေကြီးက သိပ်ချောတာပဲ။ အိလေးကိုတွေ့တော့ အပြင်ထွက်လာတယ်။ “ဖေကြီး အိလေးကို အမ်ပီသရီး ဝယ်ပေးမယ်ဆို” ဆိုတော့ .. “အေး ဒီတခါ အချီကြီးပေါက်ရင် ဝယ်ပေးမယ်၊ စိတ်ချ၊ ဘာမှမပူနဲ့။ ဒီတခါ ဖေကြီး အိမ်ပြန် လာရင် နင့်ဖို့ အမ်ပီသရီး ပါလာပြီသာမှတ်” တဲ့။ အိလေး ပျော်လိုက်တာ ပြောမနေနဲ့။ အချီကြီး ပေါက်ရင်ဆိုတာ နှစ်လုံးထီကိုပြောတာ။ ဖေကြီး ပေါက်ပါစေ။

မိုးတွေ အရမ်းရွာတဲ့နေ့က ဖေကြီးနဲ့ အမေ အကြီးအကျယ် ရန်ဖြစ်ကြတာပေါ့။ အိလေး ဆိုင်ရှေ့မှာ ဖြစ်ကြတာလေ။ မိုးတွေက အရမ်းရွာနေတော့ ပတ်ဝန်းကျင်က သိပ်မကြားဘူး ဆိုပေမယ့် အိလေး ဆိုင်နားကတော့ အားလုံးကြားကြတာပဲ။ အိလေးက တော်ပါတော့ ဆိုပြီး ပြောလည်း မရဘူး။ နောက်ဆုံး အမေက ဖေကြီးပါးကို လှမ်းရိုက်တယ် .. ဖေကြီးက အမေ့ကို ပြန်တွန်းတော့ အမေ ဖင်ထိုင်ရက် လဲကျသွားတာ။ အိလေးလည်း တကိုယ်လုံး စိုရွှဲနေတာပဲ။ အဲလို စိုတဲ့အတိုင်းပဲ ဈေးဆိုင်မှာ ငုတ်တုတ် ဆက်ထိုင်နေလိုက်တယ်။ စိတ်အရမ်းညစ်တာပဲ။ အဲဒီနေ့က အိလေး ရာသီတွေလည်း လာနေတာ။

ဖေကြီးက အမေ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး မပြောစဖူး ပြောဆိုပြီး လှည့်ထွက်သွားရော အမေလည်း မိုးမွှန်အောင်ဆဲပြီး အိမ်ဘက်ကို ပြန်သွားတယ်။ အိလေးတယောက်တည်း ဆိုင်မှာ စိုရွှဲပြီးကျန်ခဲ့တယ်။ မတရုတ်မက အဝတ်အစား ပြန်လဲခိုင်းပါတယ်။ အိလေး မလဲချင်ဘူး .. အမေ့ကို မတွေ့ချင်ဘူး။ ဒီတိုင်းပဲ ထိုင်နေလိုက်တယ်။

အဲဒီညက ဖေကြီးဝင်လာတာ အိလေး သိသားပဲ။ အိလေးက ဖေကြီးကို မအိပ်ဘဲ စောင့်နေတာလေ။ မှောင်ထဲမှာ ဒီတိုင်း ငုတ်တုတ် ထိုင်စောင့်နေတာ။ သီချင်းကူးနေတာ မဟုတ်ဘူး။ “ဖေကြီး” လို့ အိလေးခေါ်လိုက်တော့ ဖေကြီး လန့်သွားတယ်။ ပြီးမှ “မအိပ်သေးဘူးလား .. အိပ်တော့လေ” တဲ့။ ဟင့်အင်း အိလေး မအိပ်ချင်ဘူး။ အိလေး အာခေါင်တွေ ပူကြွပ်နေတာပဲ။ နေမကောင်းဖြစ်နေလား မသိဘူး။ ဖေကြီးက အိလေးကို လှည့်တောင်မကြည့်ဘူး မီးမှိန်မှိန် လေး ထွန်းပြီး ဘီရိုကို အသံမကြားအောင် ဖွင့်နေတယ်။

အိလေးခေါင်းတွေ မူးလိုက်တာ။ ဖေကြီးက အမ်ပီသရီး ဝယ်ပေးမယ်ပြောထားတယ်။ သီတင်းကျွတ်ကျရင် ကာရာအိုကေ အဆိုဝင်ပြိုင်မှာ။ ဖေကြီးဘာလုပ်နေတာလဲ။ အဝတ်အစားတွေ အိတ်တလုံးနဲ့ ထည့်နေတာပဲ။ ဖေကြီးက ဒီတခါလာရင် အမ်ပီသရီး ဝယ်လာမှာဆို။ အမေ့ ဟောက်သံက ကျယ်လိုက်တာ။ အိလေးမျက်လုံးကို အတင်းဖွင့်ထားမယ် ...။ ဖေကြီး ပြန်ထွက်သွားပြီလား။ ဘယ်သွားမှာလဲ ဖေကြီး .. အိလေး အော်လိုက်တယ် ... အော်လို့လည်း မရဘူး။ အိလေး လည်ချောင်းက အသံမထွက်ဘူး။ ဒါဆိုသီချင်း ဘယ်လို ဆိုရတော့မလဲ။

သီချင်းဆိုရင် အင်္ကျီကောင်းကောင်းလေး ဝတ်ရမှာတဲ့။ သက်မာ ဝတ်တဲ့ ဂျင်းစကတ်ကလေး ဝတ်ရရင်ကောင်းမှာပဲနော်။ အမေကဝယ်ပေးပါ့မလား။ ဖေကြီးရေ .. ဖေကြီး ... ။

အယ်ဆိုင်းဇီတို့ ရှင်ဖုန်းတို့ ကြိုးကြာတို့ သိတယ်မဟုတ်လား အိလေး သူငယ်ချင်းတွေလေ။ အိလေးက သူတို့နဲ့အတူ စင်ပေါ်မှာ သီချင်းတူတူ ဆိုနေကျ။ ဒါပေမဲ့ သူတို့ အိလေး အသံကို မမှီပါဘူး။ အိလေးက အသံအကောင်းဆုံး။ ဒီတခါ စတိတ်ရှိုးဆိုရင် ဂါဝန်အဖြူလေး ဝတ်မှာ ..။ ဂါဝန်အဖြူလေးဝတ် .. အဖေဝယ်ပေးတဲ့ အမ်ပီသရီးကို ဟောဒီလို နားမှာတပ်ပြီး ခေါင်းလေး မော့မော့ မော့မော့နဲ့ လျှောက်သွားတဲ့ အိလေးကို မိုးကျော်တို့ ငေးနေတာ တွေ့ကြတယ် မဟုတ်လား။ အဲဒီကောင်တွေများတော့ အိလေးက စာရင်းထဲတောင် မထည့်ဘူး ...။ အိလေးကိုတွေ့ရင် စဖို့ပဲတတ်တယ်။

ဖေကြီးက ဒီတခါ အမ်ပီသရီးတင်မကဘူး အမ်ပီဖိုးတွေ အမ်ပီဖိုက်တွေ ဝယ်ပေးဦးမှာတဲ့ သိလား။ ဖေကြီးက အိလေးကိုသိပ်ချစ်တာ။ အမေလည်း ချစ်တာပဲ .. အိလေးဝတ်ဖို့ အင်္ကျီ လှလှလေးတွေ ဝယ်ပေးထားတယ် တွေ့တယ်မဟုတ်လား ...။ ဟင် ကြီးငွေက ဘာလို့ ငိုနေတာလဲ .. မငိုပါနဲ့ ကြီးငွေရဲ့ .. ကာရာအိုကေပြိုင်ပွဲမှာ ဆုရရင် ကြီးငွေကို လက်ဘက်ရည် ဝယ်တိုက်မယ် သိလား တိတ်တော့နော် ... ဟာ မတရုတ်မလည်း ငိုနေပြန်ပြီ .. ဘာဖြစ်နေ ကြတာလဲ။ ဦးကုလား မျက်နှာကြီးကလည်း တမျိုးကြီးပဲ .. အိလေးလည်း ငိုချင်လာပြီ .. အခွေတွေ ငှားပြီးရင် ပြန်ပေးမှာပါ ဦးကုလားရဲ့ .. မပျက်စီးစေရဘူး စိတ်ချ .. မငိုနဲ့နော် .. မတရုတ်မ .. ဟာ .. မငိုပါနဲ့ဆို .. အိလေး သီချင်းဆိုပြမယ်လေ .. အယ်လ်ဆိုင်းဇီ သီချင်း ဆိုပြမယ် .. သူ့ထက်ကောင်းအောင် ဆိုပြမယ် .. နားထောင်ကြ .. ကမ္ဘာပေါ်မှာ အကောင်းဆုံး အသံနဲ့ ဆိုပြမယ် .. သိလား။          ။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...