နိဒါန်း
နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသား အကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အလွန်အရေး ကြီးလှပါတယ်။ ဒီသ ဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲ ခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ် စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အဝှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသ ဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက် စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။ Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံ တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုး စီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ ပါတယ်။ ၁၈၄၈ ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ် ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူ ဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အ ကျိုးစီးပွားတွေကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အ တွက် ဒီအကျိုးစီးပွားတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ် တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။
တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်း ဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာ အ ပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံးရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေး အင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင်မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း သဏ္ဌာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အနက်အ ဓိပ္ပာယ်တွေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား ကွဲပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအချက် တွေကို ကွဲကွဲပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ဒီသဘောတရားကို ကောင်းမွန်ထိရောက်စွာ အ သုံးချနိုင်မှာ ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားဆိုရာဝယ်
စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ် တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းခဲ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွား အ တွက် ပြုလုပ်တာလို့ ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတွေကို ပိုလန်နဲ့ ဥရောပ အရှေ့ပိုင်း နိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာလို့ ဆို ပြန်ပါတယ်။ အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ စီနီယာ ဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်ပွဲဆင်နွှဲခဲ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားအကျိုးစီးပွားလို့ ယူဆတယ် လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ် တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။
တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို ဓားတချောင်းဘဝကို ရောက်နေတာနဲ့ တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲ့အခါကျတော့ အရသာရှိတဲ့ ဟင်းကောင်းတခွက်အတွက် အထောက်အကူပြုပါတယ်။ ထင်း ခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေကို အနွေးဓာတ်ပေး မယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ်ဥစ္စာကို ခြိမ်းချောက်တဲ့ လက် နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။
ဒါကြောင့် အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရား တခုတည်းနဲ့ ကောင်းမွန်တဲ့ သဘောတရားလား၊ ဆိုးရွားတဲ့ သဘောတရား လားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကိုင်စွဲအသုံးပြုသူရယ်၊ အသုံးပြုခံရတဲ့ ပစ္စည်းရယ်၊ အသုံးပြုလိုက်တဲ့ အချိန်၊ နေရာနဲ့ အခြေ အနေတွေရယ်၊ အသုံးပြုပုံနည်းလမ်းရယ်၊ နောက်ဆက်တွဲ သက်ရောက်စေမှုရယ်ကသာ ကောင်းခြင်း၊ ဆိုးခြင်းကို ဖော်ကျူးပေးနိုင် တာ ဖြစ်ပါတယ်။ ဘယ်အရာကိုမှ တရားသေသတ်မှတ်ထားလို့ မရပါ။ အပြည့်အဝ မှန်ကန်တဲ့ အမှန်တရားလို့ သတ်မှတ်လို့ မရပါ။ တိ ကျတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖော်ဆောင်လို့မရပါ။ အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ်များစွာကို လူပေါင်း များ စွာက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊ ဒီဖွင့်ဆိုခဲ့မှု ဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး ပြောဆိုတတ်တာတွေ ရှိပါတယ်။ ဒါ တွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ့ အတွေးအခေါ် နည်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ်များပါတယ်။ အဲဒီက နေ အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေကြတဲ့ တောင်စဉ်ရေမရ အရက်သမား စ ကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ရေးသားခဲ့တဲ့ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရဲ့ အဆိုအမိန့် စ ကားလုံးတွေကို ကိုးကားတဲ့အခါမှာ သူပြောခဲ့တဲ့ ဆိုတာထက် သူပြောခဲ့တဲ့ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦး တောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ့ ရွှေဇီးကွက်က ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ ပါလာပြီဆိုရင်တော့ အဲလိုလူမျိုးဟာ အဝေးဆုံးကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တွေကို တိုးတက်မှု မရှိ စေတော့ပဲ သင်းကွပ်ခံရနိုင်လို့ပဲ ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင်ပေါင်းများစွာက အနက်အ ဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေ ထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင်ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အ မျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆို ခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး identity နဲ့ ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။
ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ် အခြာအာဏာ၊ political identity cultural identity စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ် မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေ ရှည်အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုး စီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြလိုပါတယ်။
ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း
အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီးအရေးကြီးတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေး ခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ဝိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အ တွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ဝိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင် ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကိုမဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ခရစ်ယာန်ဘာ သာရေးခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီသဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ဝါဒရဲ့ အ ခြေခံတွေ ဖြစ်လာခဲ့ပါတယ်။
စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိ နိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြားဘယ် အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေ တဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။
(၂ဝ) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံ တွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တ ခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော် တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူ လုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင် တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတွေအတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိုယ် ပိုင်အမျိုးသား အကျိုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချဲ့စနစ်ကို ကျင့်သုံးလာတဲ့အခါ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအ နေနဲ့ တကမ္ဘာလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာမှန်ပေမယ့် ပါဝါပေါ်အခြေ တည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက အကြံပြုထားခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး မူဝါဒတရပ်မချ မှတ်ခင်မှာ ဒီမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ National Power ကို တိုးမြင့်စေတာလား၊ အားလျော့ စေတာလားဆိုတာကို ထည့်သွင်းမှုတွေ ပြုလုပ်လို့ရှိရင် နိုင်ငံတော်အနာဂတ်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွက်လာနိုင် တယ်လို့ ဆိုထားခဲ့ပါတယ်။
သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊ ဒီအယူအဆတွေထဲမှာ rational ဖြစ်တဲ့ အချက်အ လက်တွေလဲ အများအပြား ပါဝင်နေပါတယ်။ တိုင်းပြည်တပြည်ရဲ့ National Power ဆိုတာက လူဦးရေ၊ တည်နေရာ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝသယံဇာတ၊ ထုတ်လုပ်မှုစွမ်းအား၊ စီးပွားရေးအင်အား၊ စစ်အင်အားစတဲ့ tangible elements တွေသာ မက ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရအမျိုးအစား၊ လူ့အဖွဲ့အစည်း ညီညွတ်မှုစတဲ့ intangible elements တွေနဲ့ပါ တိုင်း တာရတာဖြစ်ပါတယ်။ တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အသုံးပြုပြီး စစ်အင်အားကြီးထွားလာ အောင် ဦးစားပေးဆောင်ရွက်တတ်ကြပါတယ်။ အဲဒီအခါမှာ စစ်အသုံးစရိတ် ကြီးမားတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက် မှုကို ထိခိုက်စေပါတော့တယ်။ စီးပွားရေးအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့ သလိုပဲ နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းတွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။
စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင် ပြုလုပ်တာတွေဟာ စီးပွား ရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရဲ့ ဂျီဒီပီများလာမှ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။ အိမ်တအိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ဝင်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ဝင်ငွေ နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ် ဆိုရင်တော့ အိမ်ကလူတွေ အစာရေစာ မဝပဲ ငတ်ဖို့ များပါတယ်။ ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရဲ့ အကျိုးစီးပွားအတွက် ဒီဓားကို ဝယ်ရတာပါလို့ ဘယ်လောက်ပဲ လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး ဆိုး တာက အဲဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အိမ်တအိမ်မှာ အဲလိုအရူးက အိမ် ထောင်ဦးစီး လုပ်နေလို့ မရတာကတော့ အသေအချာပါပဲ။ အရူးကို မဖယ်ရှားနိုင်ရင်တော့ အဲဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရ မှာပါ။
နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။ ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းပြည်စီးပွားရေးကလဲ ဆုတ် ယုတ်၊ စစ်အသုံးစရိတ်ကလဲ ကြီး၊ စစ်အသုံးစရိတ်ကြီးလာလို့ စီးပွားရေးက ပိုဆုတ်ယုတ်နဲ့ သံသရာလည်နေတဲ့ နိုင်ငံတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့်လဲ နိုင်ငံတကာ စစ်အင်အား အဆင့်အတန်းကလဲ မမှီနိုင်၊ စီးပွားရေးအင်အား အဆင့်အတန်းကလဲ ဆုတ်ယုတ်ပျက်စီး၊ အုပ်ချုပ်သူတွေကို အဖိနှိပ်ခံပြည်သူတွေက တော်လှန်လာကြတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကလဲ မရ၊ နိုင်ငံ တော်အုပ်ချုပ်သူများ အတွက်ကလဲ ဘယ်အရာကို ဘယ်အချိန်မှာ ဦးစားပေးရမှန်း မသိပဲ ဝမရှိပဲ ဝိလုပ်ချင်တဲ့ မိုက်မဲရူးသွပ်နေသူ များအဖြစ်သာ ကမ္ဘာက သတ်မှတ်ခံရနဲ့ national power လဲ မရ၊ တိုင်းပြည်သိက္ခာကျတာပဲ အဖတ်တင်ကျန်ရစ်တတ်ပါတယ်။ ရေမ မြင့်တဲ့အတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး ဘဝလို မျက်နှာငယ်ကြရပါတော့ တယ်။
အမျိုးအစားကွဲပြားမှုများ
Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမ အမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည် ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေ ရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။
တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ် မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အ ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ compatibility ပေါ်မှာ အ ခြေခံပြီး complementary interests နဲ့ conflicting interests ဆိုပြီး ခွဲခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ ကိုဆိုဗိုအရေးမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက ကူညီမှုကကျတော့ conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား ကွဲပြားမှုတွေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရဲ့ လူ့အ ခွင့်အရေးကိစ္စတွေဆိုတာက Permanent, general, secondary interests ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အ ခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ်ထားရှိတဲ့ နိုင် ငံခြားရေး မူဝါဒတွေမှာကျတော့ ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ အမေ ရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့် သွင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ့ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်း ချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက ရေးသား တင်ပြထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ န ယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးးဖောက်မှုကကျ တော့ general interestsပဲ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင် ပါတယ်။ ဒီလို competing interests တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။
အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက် က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသားအကျိုး စီးပွားသတ်မှတ်ချက် ကကျတော့ specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိ ကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့ အတွက် general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆိုင်တာ ဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာက တ ကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်း ချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေတဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေတဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလား အလာ ရှိနေတာ၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိ ကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အ ကြောင်း မရှိပါ။ အမျိုးသားအကျိုးစီးပွားနှစ်ခု ထပ်တူ မကျနေတဲ့အတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ နယ်မြေဒေသကို secondary interests အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်က စစ်အင်အားသုံးပြီး ဝင်လာနိုင်စရာ အကြောင်း မရှိ ရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို သတိမမူတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြ ဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ဝင်သလို မြန်မာပြည်ကို ဝင်လာလေမလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန်အတွက် vital interests ဆိုတာ ကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ့အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။
နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ဝင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ ဆွဲယူအသုံးပြုမှသာ အကျုံး ဝင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွဲယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။ လုံခြုံရေးကောင် စီဆိုတာကလဲ log-rolling problem ရှိတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မကျလာပါဘူး။ အဲဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂ က authorised လုပ်တဲ့ multilateral intervention မဟုတ်တဲ့ coalition အသွင်သဏ္ဍာန်နဲ့ multilateral intervention တွေ၊ unilateral intervention စတာတွေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ဝင်ရောက်ခြင်း မပြုခဲ့ကြပါဘူး။ အဓိကကတော့ ဖြစ် တဲ့ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုးရရဲ့ လျစ်လျူရှုမှုဖြစ်တဲ့အတွက် တခြားနိုင်ငံတွေ အတွက် general, temporary, secondary interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention မဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ့ အတိုက်အခံတွေက ဒါကို နိုင်ငံတကာက ပါးစပ်နဲ့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါ တယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ အမေရိကန်နဲ့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မဝင်ရဲသလိုလို ဆိုကြပြန်ပါတယ်။ ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ ရှိပြန်ပါသေး တယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက်ကို ခုမှ စမြင်သူအချင်းချင်း တယောက်က အေ အရွက်လို့ပြော၊ နောက်တယောက်က ဘီ အရွက်လို့ ပြောပြီး ငြင်းနေကြတာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ လူပမ်းပြီး ဘာမှလဲ အကျိုးရှိတာ မဟုတ်ပါ။
ဒီကြားထဲ ကိုးကိုးကျွန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စွဲခွင့်ပေးပြီး၊ မြန်မာကို အမေရိကန် ဝင်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ့ စာတွေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင် တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်က ဝင်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံ တော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရဲ့ permanent and vital interests နဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဘူးပါ တယ်။ နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ဖြစ် ပါတယ်။
အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ့ အဓိက အချက်ကတော့ စစ်အာဏာ ရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို မဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေနိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လို အပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကနေ မြန်မာတမျိုးသားလုံးကို တောင်း ဆိုလာတဲ့ temporary interests ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် permanent and vital interests ဖြစ်တဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ စတာတွေကို ဘယ်သူကမှ ဘာအကြောင်းကြောင့်မှ compromise လုပ်လို့ မရပါဘူး။
ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွဲ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူသတ်မှတ်လို့ မရပါဘူး။ အမျိုးသား အ ကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ်စပယ် လုပ်ကိုင်ဆုံးဖြတ် လို့ မရပါဘူး။ ဒီလိုပါပဲ။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန် လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ၊ ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျိုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက် ခွဲဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်ဖြစ်စေ၊ ဘယ် လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမဝင်ပါဘူး။
ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာတမျိုး သားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှု တွေ၊ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး ခွပ်ခိုင်းမှုတွေ ရှိနေသမျှကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေတာက စစ်အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့အတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။ ရဲတပ်ဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ့ ဥပဒေတွေကို ရဲတပ်ဖွဲ့က အ သုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို ထောက်မထားသလို ဖြစ်နေတယ်။ ဒါ ကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ၊ ကြံ့ဖွံ့ထဲ ဝင်ရောက်ခဲ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အာဏာရှင်စနစ် ဆိုး အောက်ကနေ လွတ်မြောက်ရေးအတွက် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအဝင် မြန်မာ တမျိုးသားလုံး လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ဖို့က လက်တွေ့ကျသော လုပ်ငန်းစဉ် တိုက်ပွဲဝင်လမ်းကြောင်း တရပ်အဖြစ် လိုအပ် နေပြီ ဖြစ်ပါတယ်။
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ strategy framework သဘောတရားအပေါ်မှာ ကွဲလွဲစွာ နားလည်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းဆောင်တာမှာမဆို ends (အဆုံးသတ် ပန်းတိုင်)၊ ways (သွားမယ်လမ်းကြောင်း) နဲ့ means (resources) သုံးမျိုး ဟန်ချက်ညီမှ အောင်မြင်နိုင်တာ ဖြစ်တယ်။ ကျောင်းသားတယောက်က ဘဝမှာ ဘွဲ့တခုရဖို့ လိုအပ် တယ်လို့ ယူဆတယ်။ အဲဒီအခါမှာ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထားတယ်။ ဘွဲ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်း အဝိုင်းကို ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွဲ့ရဖို့အတွက် ဆယ်တန်းအောင် ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပွဲတွေ အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလို ရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန် ကုန်မယ်၊ ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိမယ်။ ဒါတွေက means တွေပဲ ဖြစ်တယ်။
မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ် အတွက်လိုအပ်တဲ့ အမျိုးသားအကျိုးစီးပွားတွေ ဖြစ်တယ်။ တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့် တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်မှုတွေမှာ strategic picture တခုလုံးကို ခြုံငုံကြည့်ပြီးမှ complementary interests လား၊ competing interests လားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေလို့ကတော့ ဟင်္သာကိုးသိန်း ပျက်ကိန်း ကြုံပါလိမ့်မယ်။ ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အ သက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။ သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော့ ရေရှည်အတွက် ဆောက်ဖို့လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော့ မရပါ ဘူး။ ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရှည်ပဲ အာရုံစိုက်နေရင် နောက်တွန့်ပါတယ်။ ရေတိုပဲ အာရုံစိုက်နေရင် ရှေ့ကျွံပါတယ်။ ဟန်ချက်မညီရင် အောင်မြင်မှုရမှာလဲ မဟုတ်ပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတွေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ အမျိုး သားအကျိုးစီးပွားရဲ့ အမျိုးအစားကွဲပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အ လားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အတိုချုပ်အနေနဲ့ ရေးသားတင်ပြပြီး မြန်မာပြည် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့ ထည့်သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုး သားအကျိုးစီးပွားကို သီးသန့်ရေးသားထားတဲ့ ဆောင်းပါးမဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ မဟုတ်သေး ပါ။ ကုလားစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲတောင် ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်း တယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကိုလဲ စိတ်ပါဝင်စားမှု မရှိလှပါ။ ကုလားစာ ချက်လိုသူက တကယ်ချက်ရမယ့် အချိန်မှာ မှန်မှန်ကန်ကန် ချက်တတ်အောင် ပြင်ဆင်လေ့လာထားဖို့၊ ဘိုစာ ချက်လိုသူက မီးဖိုထဲရောက်မှ ဟိုဟာမသိ၊ ဒီဟာမသိနဲ့ အင်္ဂလန်မှ စားဖိုမှူးများ ပြန်ပင့်နေရတဲ့ ဘဝ မရောက်ဖို့၊ တရုတ်စာ ချက်လိုသူကလဲ မီးဖိုထဲရောက်မှ ရွာရိုးကိုးပေါက် ပြန်ထွက် လျှောက်ပြီး သားလှီးဓား လိုက်ရှာနေရတဲ့ ဘဝမရောက်ဖို့ကိုသာ ကိုယ့်အသိနှင့်ကိုယ် ဝိုင်းဝန်းကြိုးပမ်း ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
နည်းပညာတက္ကသိုလ် ဘားအံကနေ ကြိုဆိုပါတယ်ဗျား..။ ဒီwebsite လေးထောင်ကိုရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသူ-ကျောင်းသားတိုင်း အတွက် Engineer ပညာရပ်ကို အတိုင်းအတာတစ်ခုအထိ လေ့လာနိုင်စေဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့  ထောင်ရခြင်း ဖြစ်ပါတယ်။ညီလေး-ညီမလေးတို့  ပညာတတ်တွေဖြစ်ပြီး လူတော်-လူကောင်းလေးတွေ ဖြစ်ရင် ထောင်ရကျိုးနပ်ပါပြီ။(ကျော်ထက်ဝင်း-နည်းပညာ တက္ကသိုလ် ဘားအံ နှင့် ဇွဲကပင်မြေ) email: sawya.xx@gmail.com မှတ်ချက်။ ။ ဒီ website သည် ကျော်ထက်ဝင်း၏ တစ်ဦးတည်း မူပိုင် Website ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com